အခန်း(၅၇)
အဲလျော့
အဲလျော့
မင်ဟက်တန်ရပ်ကွကသည် အဲလျော့နှင့် အံဝင်ခွက်ကျ ရှိလှသည်။ သည်ကိုရောက်မှ လွတ်လပ် သည့် လေကို ရှူရသည်ဟု အဲလျော့ ထင်၏။ မင်ဟက်တန်တွင် အရာတိုင်းသည် ကြီးကျယ်ခမ်းနား သည်။ အထက်တန်း ကျသည်။ စိတ်ဝင်စားဖို့ ကောင်းသည်။
အလုပ်အကိုင်လည်း ကောင်း၏။ ရသည့်အခကြေးငွေကလည်း မြိုးမြိုးမြက်မြက် ရှိ၏။ ၁၉၆၃ ခုနှစ်တွင် အဲလျော့နှင့် အင်နာတို့အတွက် အနောက်ပိုင်းရိပ်သာတွင် အတော်အတန် အဆင့်မြင့် သည့် တိုက်ခန်း ကလေး တစ်ခန်း ငှားပြီး နေနိုင်ခဲ့သည်။
မင်ဟက်တန်တွင် ပွင့်နေသည့် အခွင့်အလမ်းမှန်သမျှကို အဲလျော့ အချိန်တိုအတွင်း စူးစမ်း ရှာဖွေ နိုင်ခဲ့၏။
"မင်ဟက်တန် စိတ်ပညာရှင်များ အစည်းအရုံးကို တစ်ချက်တည်းနဲ့ ကိုယ် ၀င်ခွင့်ရတယ်၊ ဒေါက်တာ ဆန်မြူရယ် ထောက်ခံပေးလို့လေ" ဟု ဇနီးဖြစ်သူအား သတင်းကောင်းပါးသည်။
"ဟေ့ ဒီအပတ် တွမ်ဂျုန်းကား ရုံတင်မယ်၊ စနေနေ့ သွားကြည့်ရအောင်"
အဲလျော့ တို့ လင်မယား၊ ပထမနေ့ ပထမပွဲကို ကြည့်နိုင်နေပြီ။
"ဒီအပတ် ဒေ့ဘရူးဘက် အလှည့်ကွ၊ အလွတ်ပေးလို့ မဖြစ်ဘူး"
ကျောင်းသားဘ၀ကတည်းက ဂျက်ဇ် တေးဂီတ၀ါသနာအိုး ဖြစ်သည့် အဲလျော့က ဇနီးလုပ်သူကို အဖော် ညှိသည်။ နယူးယောက်မြို့လယ်တွင် နေနိုင်ပြီမို့ ပွဲလမ်းသဘင်များကို ပျော်ပျော်ပါးပါး စိတ်ကြိုက် သွားနိုင်ပြီ။
အဲလျော့က မင်ဟက်တန် လူကုန်ထံ ရပ်ကွက်တွင် အားမာန်အပြည့်ဖြင့် ကြိုးစား တိုးတက်နေ သော်လည်း အင်နာက မင်ဟက်တန်နှင့် အထာမကျ ဖြစ်နေ၏။ ကုန်တိုက်ကြီးတွေ၊ စတိုးဆိုင်ကြီး တွေ ခေါ်သွားပြီး အထက်တန်းကျပေ့ဆိုသည့် အ၀တ်အစားတွေ အဲလျော့က ၀ယ်ပေးသော်လည်း အင်နာက ပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေ မ၀တ်တတ်၊ မစားတတ်။
အပေါင်းအသင်းများ၏ စကားဝိုင်းတွင် ၀င်နိုင်ဖို့ နယူးယော့ကာနှင့် တိုင်းမ်စ်တို့မှ စနေ စာပေနှင့် အနုပညာ ကဏ္ဍကို ဖတ်ဖို့ အဲလျော့က တိုက်တွန်းသည်။ အင်နာက ၀ါသနာမပါ။ အဲလျော့၏ အပေါင်းအသင်း ဆရာဝန် မိသားစု များ ကြားတွင် အင်နာသည် ကြာလေ ကြာလေ သိမ်ငယ်လေ ဖြစ်လာသည်။
"သူတို့က အင်နာ့ကို အဖက်မလုပ်ကြပါဘူး" ဟု ထုတ်ပြီး ညည်းသည်။
"မင်း ဒါထက်ပိုပြီး လူဝင်ဆံ့အောင် လုပ်ရမယ်လေ"
တစ်နေကုန် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်ချင် ထိုင်နေတတ်သည့် ဇနီးကို အဲလျော့ ဖျောင်းဖျ သည်။
ဟိုတစ်ချိန်က ကျောင်းတွင် အပယ်ခံ အဲလျော့က လူဝင်ဆန့်နေပြီး ကျောင်းသူဘ၀တွင် ရေပန်းစား ခဲ့သည့် အင်နာက ယခု စည်းပြင်က မိန်းကလေး လုပ်နေ၏။ ဘ၀ အထွေထွေသည် အပြောင်းလဲ ကြီး ပြောင်းလဲခဲ့ချေပြီ။
၁၉၆၄ ခုနှစ်ဦးပိုင်း အဲလျော့၏ ရုံးခန်းသို့ လင်ကီ ဒက်စမွန် ရောက်လာချိန်သည် အင်နာ အိမ်က ဆင်းလိုကု၊ ပြန် ရောက်လာလိုက် ကွာမည် လုပ်လိုက်၊ ပြန်သွားလိုက် ဖြစ်နေချိန် ဖြစ်သည်။ သည်အဖြစ်များသည် နောက်ဆုံး လင်မယား ကွဲရခြင်း၏ အကြောင်းရင်း ဖြစ်လာလေ၏။
အသက်မွေးဝမ်းကျောင်းပညာအရ အဲလျော့လန်ဒေါ၏ အလုပ်သည် လူတွေကို လေ့လာရသည်။ အထူးသဖြင့် အမျိုးသမီးလူနာက ပိုများသဖြင့် ဣတ္ထိယခေါ် မိန်းမတို့အကြောင်းကို ပို၍ လေ့လာ ဖြစ်သည်။ မိန်းမသားတို့၏ သဘာဝကို ချေးခါးအူမသိနေပြီဟုပင် ကိုယ့်ကိုယ်ကိုယ် ထင်သည်။
အဲလျော့က အမျိုးသမီးတွေကို ပိုသဘောကျသည်။ အမျိုးသား လူနာများထက် ပို၍ သနားစရာ ကောင်း သည် ထင်သည်။ အမျိုးသမီးများက ပိုပြီး ပွင့်လင်းသည်။ ပို၍ လက်တွေ့ကျသည်။ အပြောင်းအလဲ လုပ်ပေးဖို့ ပို၍ လွယ်ကူသည်။
မိမိ အိမ်ထောင်ရေး မအောင်မြင်သော်လည်း အဲလျော့သည် သာယာသော အိမ်ထောင်ရေးကို ယုံကြည်သည်။ အချစ်ကို ကိုးကွယ်ချင်သည်။ အင်နာနှင့် မဖြစ်နိုင်ခဲ့တာတွေသည် အခြား တစ်ယောက် ယောက် နှင့် ဖြစ်နိုင်ရမည်ဟု ယုံကြည်လေသည်။
အိမ်ထောင်ရေးတွင် ကျဆုံးခဲ့သူပေါင်းများစွာ အောင်မြင်ခဲ့သူပေါင်းများစွာကို အသေးစိတ် လေ့လာ ထားပြီမို့ ၀ါသနာတူ၊ နွေးထွေးသူ၊ ဥာဏ်ရည်အဆင့်တူသူ၊ အချစ်ကို ရယူပေးစွမ်းနိုင်သူနှင့်များ ဆုံစည်းရလျှင် ပျော်စရာ အိမ်ထောင်တစ်ခုတော့ ထူထောင်နိုင်လိမ့်မည်ဟု ယုံကြည်ထား၏။
လောလောဆယ်တွင် အဲလျော့သည် အလုပ်ကို ဖိလုပ်သည်။ သူ့ လူနာများအတွက် အားကိုး လောက်သည့် ဆရာဝန်ကြီး ဖြစ်နေငြားလည်း အဲလျော့က ထပ်၍ ထပ်၍ ကြိုးစားရဦးမည်ဟု ခံယူ ထား၏။ သူ့လူနာများကို သည့် ထက်သည် အကူအညီပေးချင်၏။ ကုသပေးချင်၏။ မိမိအခြေခံပညာ မှာ လိုနေသေးသည်ဟုပင် စွဲမြဲယုံကြည်နေ၏။ သည်လို ယုံကြည်လေ၊ ထပ်၍ ထပ်၍ ကြိုးစား လေလေ ဖြစ်လာ၏။
သူ့ကိုယ်သူ မကျေနပ်ကြောင်း ဆရာဝန်မ မာသာရှနိုက်ဒါကို ဖွင့်ပြောတော့
"ကိုယ့်ကိုယ်ကိုယ် သိပ်နှိပ်စက်မနေနဲ့၊ ရှင်ဟာ ဘုရားသခင် မဟုတ်ဘူး၊ ဘယ်သူမှ ဘုရားသခင် မဖြစ်နိုင်ဘူး" ဟု တရားပြသည်။
ဒေါက်တာရှနိုင်ဒါ၏ အဆုံးအမကို အဲလျော့၏ ဦးနှောက်က လက်ခံသည်။ သို့သော် သူ့နှလုံးသား က ဆင်ခြေ တက် နေ၏။ ဘုရားသခင်လို လုပ်မပေးနိုင်လျှင် ကျဆုံးခြင်းပဲ ဟူ၍။
အဲလျော့သည် ဦးနှောက်ကို ထိန်းနိုင်သော်လည်း အသည်းနှလုံးကိုကား ထိန်းနိုင်စွမ်း မရှိပေ။
၁၉၆၅ ခုနှစ်တွင် ပါရဂူဘွဲ့ ထပ်ရသည်။ ဆယ်စုနှစ်တစ်ဝက်ကျော်မျှ အလုပ်ဆက်လုပ်ပြီးချိန်တွင် တွေ့ဆုံဖြတ်သန်း ကုသခဲ့ရသည့် အမျိုးသမီးဦးရေမှာ မနည်းတော့ပြီ။ သည်တော့မှ နောက်အိမ်ထောင် မပြုဖြစ်ခဲ့မိခြင်းအတွက် ၀မ်းသာရသည်။
အသိဥာဏ်မြင့်မားထက်မြက်သည့် မိန်းမများ တွေ့ပါ၏။ သို့သော် သူတို့တွင် စွဲကပ်နေသည့် စိတ်၏ ဝေဒနာ က ကုရာနတ္ထိဆေးမရှိအောင် ကျွမ်းလုနေပြီ။ ငေးကြည့်ရလောက်အောင် လှသည့် မိန်းကလေးများနှင့်လည်း ဆုံရကြံရပါ၏။ သို့သော် ဒေါသ သည်းထန်းလွန်းပြီး စိတ်ကျရောဂါဖြင့် မရူးရုံ တမယ် ဖြစ်နေသူတွေ။
တချို့မူ ဆွဲဆောင်မှု အပြည့်။ သို့သော် ဘ၀င်က နားထင်ရောက်နေကြပြန်၏။ အချို့က လုပ်ငန်း ခွင်တွင် အောင်မြင်နေကြသူများ ဖြစ်၏။ သို့သော် ငှက်ပျောတုံး လက်ပံတုံးလို အေးစက်စက်တွေ။ သူတို့အား ဂရုစိုက်မည့်သူကို ရှာနေကြသူတွေ။
လင်ကီဒက်စမွန်ကို ဘယ်အုပ်စုထဲ ထည့်ရမှန်း အဲလျော့ မသိဖြစ်နေ၏။ သူက အတော် ထူးခြား သည့် မိန်းကလေး ဟု ထင်၏။ မိမိ ရှာဖွေနေသည့် မိန်းကလေးမျိုးများ ဖြစ်နေမလားဟု ၀ိုးတိုး ၀ါးတား စဉ်းစားမိသေးသည်။
မိမိလူနာများနှင့် လူမှုရေးကိစ္စ မရောထွေးရန် အဲလျော့ လုံးဝ စည်းကမ်းထားသည်။ ကိုယ့်ကိုယ် ကိုယ် သိပ် မယုံကြည်သေးလို့ ဖြစ်။ ချစ်သူ ဖြစ်နိုင်မည့်သူ ဆေးခန်းထဲ ၀င်လာလျှင်တော့ တခြား ဆရာဝန်တစ်ယောက်ဆီ ပို့ပေးဖို့ ဆုံးဖြတ်ထား၏။ ပြီးမှ လူပျိုလှည့်မည်။ လင်ကီက အိမ်ထောင် သည် ဖြစ်နေသဖြင့် စိတ်ပျက်သွားသည်။
လင်ကီ့ကို မြင်မြင်းချင်း အဲလျော့ ရုတ်ခြည်း အကဲခတ်လိုက်သည်။ ဆွဲဆောင်မှု ရှိသည်၊ ထက်သည်၊ သွက်သည်၊ နုပျိုသည်။ စိတ်ပညာ အခြေခံ သဘောကိုလည်း နားလည်လွယ်သည်။ အလွန် ဆွေးနွေး လို့ကောင်းသည့် လူနာမျိုး ဖြစ်၏။ ချစ်ဖို့လည်း ကောင်း၏။ ထို့ကြောင့် အပတ်စဉ် သူနှင့် နာရီများစွာ စကားပြောဖြစ်ခြင်းလည်း ဖြစ်သည်။ ငိုကြွေးနေသည့် အချက်ကလွဲပြီး သူ့ကိုယ်သူ ထိန်းနိုင်စွမ်းရှိသော လူနာအမျိုးသမီး ဖြစ်၏။ တစ်ချိန်လုံး ဖုန်းတဂွမ်ဂွမ် ဆက်ပြီး ငိုလိုက်၊ မေးလိုက်၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမည် ခြိမ်းခြောက်လိုက် လုပ်တတ်သည့် လူနာမျိုး မဟုတ်။
လင်ကီကို အဲလျော့ သဘောကျသည့် အခြားတစ်ချက်မှာ ငွေတောင်းခံလွှာကို ချက်ချင်း ပေးချေ သည့် အတွက် ဖြစ်၏။ ဆရာဝန်ဆိုသူများတွင်လည်း အများနည်းတူ စားဖို့၊ ၀တ်ဖို့၊ အိမ်လခပေးဖို့ လိုသူများ မဟုတ်လား။ သို့သော် အဲလျော့က ငွေကြေးကိစ္စကို ရှေ့တန်းမတင်မိဖို့ အမြဲသတိထား သည်။
သူ့ဆေးခန်းကို လူတိုင်း လာနိုင်ရမည်။ မင်ဟက်တန်ကို ဒေသတွင် သူ ယူသည့် အခကြေးငွေမှာ အလွန့်အလွန် သက်သာပါသည်။
ငယ်ဘ၀တစ်လျှောက်လုံး ငွေကြေး မပြည့်စုံ၍ အဖေနှင့် အမေ ဖြစ်ခဲ့သည့် ပဋိပက္ခများသည် အဲလျော့ကို အမြဲ လွှမ်းမိုးလျက် ရှိသည်။ ငွေကြေးကိစ္စ ပြောရတိုင်း သူ နေမထိ ထိုင်မသာ ဖြစ်တတ် ၏။ မျက်နှာပူ တတ်၏။
"အဲဒီလို ဖြစ်တာ ရှင့်အတွက် ငွေက သိပ်အရေးကြီးလို့ ဖြစ်မှာပေါ့"
ဆရာဝန်မ မာသာရှနိုင်ဒါက ထောက်ပြသည်။
"ဟုတ်တယ် ဒေါက်တာ၊ သိပ်အရေးကြီးပါတယ်၊ ဒါပေမယ့် ကျွန်တော် အဲဒီလို ဖြစ်နေတာကို မကြိုက်ဘူး"
"ဘာဖြစ်လို့"
"ပိုက်ဆံတွေ အများကြီး ရချင်နေတာကို အပြစ်တစ်ခုလို့ ကျွန်တော် မြင်နေတယ်"
"ဘာလို့ အပြစ် ဖြစ်ရမှာလဲ၊ ခိုးယူနေတာမှ မဟုတ်ဘဲ"
"ဟုတ်တော့ ဟုတ်ပါတယ်"
"ကိုယ့်ပညာ နဲ့ ကိုယ် တရားသဖြင့် ရတဲ့ ပိုက်ဆံလို့ ရှင်မထင်ဘူးလား"
"ဟုတ်ကဲ့ ကျွန်တော် ဒီလိုဖြစ်လာအောင် အများကြီး ကြိုးစားခဲ့ရတာပါ"
ဒေါက်တာ မာသာနှင့် ပိုက်ဆံအကြောင်း အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ပါသည်။ အလွန်မတန် အကျိုး ရှိပါသည်။ ယခုမှ သည်ငွေတွေသည် သမ္မာအာဇီဝဖြင့် တရားသဖြင့် ရရှိသည့် ငွေတွေဟု လိပ်ပြာသန့်သန့် သဘောထားနိုင်လာသည်။
"ကျေးဇူးပါပဲ ဒေါက်တာ၊ ပိုက်ဆံတွေ အများကြီး ရရင် ကျွန်တော် ပျော်နိုင်ပြီ ထင်ပါတယ်" ဟု ဒေါက်တာ မာသာကို ပြောခဲ့၏။
အခန်း(၅၈)
ဂျိန်း
ဂျိန်း
ဂျိန်းနှင့် ဆုံကြသည့် ၁၉၆၇ ခုနှစ်တွင် အင်နာနှင့် အဲလျော့ တရားဝင် ပြတ်စဲပြီး ဖြစ်သည်။ လွတ်လွတ် လပ်လပ်နှင့် အချစ်သစ်ရှာဖို့ အသင့်ဖြစ်နေချိန်။ နယူးယောက်တွင် ဆေးခန်းဖွင့်သည့် အချိန်မှစ၍ အဲလျော့ သည် အထက်တန်းလွှာထဲမှ စိတ်ဝင်စားစရာ အမျိုးသမီးအများအပြားနှင့် ဆုံစည်းခဲ့သည်။
အလုပ်အကိုင်နှင့် အတွေးအခေါ်နှင့် အင်နာထက် သာသူတွေချည်း။
"အဲဒီလို တွေးမိတိုင်း ကျွန်တော် စိတ်မကောင်း ဖြစ်ရတယ်။ ဒါပေမယ့် အင်နာနဲ့ ကျွန်တော်က ဘယ်လိုမှ ခရီးဆက်လို့ မရတော့ဘူး" ဟု မာသာကို ရင်ဖွင့်သည်။
"ဒီတစ်ခါ ကျွန်တော် မိန်းမယူဖြစ်ရင်တော့ ကိုယ့်ထက်သာတဲ့ မိန်းမကိုပဲ ရှာယူတော့မယ်၊ ကျွန်တော်က အောင်မြင်သူကိုမှ သဘောကျတာ"
လင်ကီ့ကို တွေ့စက အဲလျော့ ရင်ခုန်ခဲ့၏။ ရင်ထဲ နွေးကနဲ ဖြစ်သွား၏။ သို့သော် ဂျိန်းနှင့် တွေ့စဉ် ကတော့ ပြောင်းပြန်။
ဂလင်ဆင်ကလဲယား ၏ ခရစ္စမတ်ပွဲတွင် ဆုံတော့ အဲလျော့ကို ဂျိန်း လုံးဝ စိတ်မ၀င်းစား။ ဘယ်တော့မှလည်း စိတ်ဝင်စား ဖြစ်လိမ့်မည် မထင်ခဲ့။ အို စိတ်ကူးထဲထည့်မိဖို့ပင် အကြောင်းမရှိ။ လူပုံက ပုပု၀၀နှင့် လုံးဝ အချိုး မကျ။
ဂျိန်းက ငါးပေဆယ်လက်မ၊ သူနှင့် တွဲများ ကရလျှင် ငါ့ရင်ဘတ်နဲ့ပိပြီး သူမွန်းနေမှာပဲဟု ကက်သီး ကတ်သတ် တွေးမိသေး၏။ ပြီးတော့ ရယ်ချင်ပက်ကျိဖြင့် လျှောက်တွေးသေးသည်။ မင်းဟာ သူနဲ့ သာဆိုရင် အို မဖြစ်ရေးချ မဖြစ်။
သည်လို စိတ်နှလုံး တုံးတုံးချမိတော့မှ ရင်ထဲ ပေါ့သွားသည်။ နောက်ပိုင်းတွင်မှ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည်။ ဘာကို တွေးကြောက်နေခြင်းလဲ။ တစ်နေ့နေ့တွင် သူနှင့် ပတ်သက်လာမည်ကို ကြို သိနေခြင်း လား။
လင်ကီနှင့် အလုပ်ခွင်တွင် ပြန်လည် ဆုံစည်းကာ အတူတွဲရင်း အဲလျော့သည် လင်ကီ့ကို ကြာလေ သဘောကျလေ ဖြစ်လာသည်။ သို့သော် စွဲမက်စရာ ကောင်းသည်ကတခြား၊ မိမိနှင့် အဖော်ဖြစ်ပို့က တခြား ဖြစ်၏။ နောက်ဆုံးတွင်မှ လင်ကီသည် မိမိအတွက် မိန်းကလေးမဖြစ်နိုင် ကြောင်း စိတ်နှလုံး တုံးတုံးချ လိုက်သည်။
လင်ကီက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများလွန်းသည်။ အေးသည်။ အဲလျော့က ပူပူလောင်လောင် နှင့် ခပ်ရိုင်းရိုင်း ကို လိုချင်သည်။ ဥပမာ ဂျိန်းဂရက်ခ်ျလို မိန်းကလေးမျိုး။
ဂျိန်း၏ တလင်းလက်လက်တောက်ပနေသည့် ရွှေမျက်လုံး အစုံကို အဲလျော့သဘောကျသည်။ ပြည့်ပြည့် ဖြိုးဖြိုး ရှိလှသည့် ကိုယ်နေဟန်ကို စွဲလန်းသည်။ အသံအက်တက်တက်ကလေးကို ချစ်သည်။ ပွင့်ပွင့် လင်းလင်း ပြောတတ်ပုံကို ကြိုက်သည်။ နာမည်ကြီး စာရင်းဝင်နေခြင်းကြောင့် လည်း စိတ်ဝင်စားသည်။
ဂလင်ဆင်ကလဲယား၏ ပါတီပွဲတွင် တစ်ယောက်ယောက်က လက်ညှိုးထိုးပြလိုက်သည်နှင့် ကိုယ်တိုင် မိတ်ဆက် ဖို့ အဲလျော့ ဆုံးဖြတ်လိုက်၏။ ဂျိန်းဂရက်ခ်ျက သိသိသာသာ ဆွဲဆောင်မှု ရှိ သည်။ အဲလျော့က သူ့ ကို ဖြည့်ဆည်းနိုင်မည့် ခွန်အားမျိုး ရှိသည်။ ဘာလိုသေးသနည်း။
နောက်တစ်နှစ်ကြတော့မှ အိမ်ထောင်ပြုခြင်းသည် ဘူဇွာဆန်ဆန် ကျွန်ပြုခံရခြင်း ဖြစ်သည်ဟု ဂျိန်းက ဖွင့်ဆို သည်။ အဲလျော့ ဒေါပွသွား၏။
"သူများ ပြောတာတွေ လိုက်မပြောနဲ့ကွာ၊ မင်းနဲ့ ကိုယ့်အတွက် စဉ်းစားပြီး ပြောစမ်းပါ"
"ဂျိန်း အမေတော့ တစ်သက်လုံး ပန်းကန်ဆေးနေတာပဲ တွေ့ရတယ်"
"မင်းက မင်းအမေ မဟုတ်ဘူးလေ၊ ကိုယ်ကလည်း မင်းအဖေ မဟုတ်ဘူး၊ ကိုယ်တို့ လက်ထပ် ပြီးရင် မင်းကို ကိုယ် က မီးဖိုထဲမှာ ထားမယ် ထင်နေလို့လား"
"မထင်ပါဘူး၊ ဂျိန်းက ထမင်းဟင်းမှ မချက်တတ်တာ၊ အဲလျော့က သိပ်အကောင်းကြိုက်တာ မဟုတ်လား"
"ကိုယ် အလေးအနက် ပြောနေတာ"
"ရှင် ဆိုလိုတာက ဂျိန်း စာဆက်ရေးလို့ ရမယ်ပေါ့"
"မင်း မရေးရင်တောင် ကိုယ်က ရေးအောင်လုပ်မှာ၊ မင်းမှာ ပါရမီရှိတယ်ဆိုတာ ကိုယ် သိတယ်၊ အဲဒီ အရည် အသွေးတွေကို ကိုယ်က ဘယ်အလကား အဖြစ်ခံမလဲ၊ ပြီးတော့ မင်းပြောပြောနေတဲ့ ၀တ္ထုရှည်က ခု အချိန်ရေးဖို့ တော်နေပြီ"
"ဟုတ်တယ်၊ ဂျိန်းက ပါးစပ်နဲ့ ရေးနေပြီး လက်က မပါ ဖြစ်နေတယ်"
ဂျိန်း ခပ်ရှက်ရှက်နှင့် ပြောလိုက်သည်။ ၀တ္ထုအကြောင်းကို အပ်ကြောင်းထပ်အောင် ပြောနေပြီး တစ်ကြောင်း မှ မရေးဖြစ်သေး။
"ကိုယ်တို့ လက်ထပ်ဖြစ်င်း မင်း အလုပ်က ထွက်လိုက်၊ ပြီးတော့ အချိန်ပြည့် စာရေး၊ နယူးယောက် မှာ မင်း နာမည်ကြီး နေပြီပဲ၊ အဲဒီဝတ္ထု ထွက်သွားရင်း မင်း ကမ္ဘာကျော်သွားမှာ"
"အင်း ဂျိန်း သဘောကျပါတယ်၊ ဒါထက် ဂျိန်း မကောင်းဆိုးပါးနဲ့ အပေးအယူ လုပ်နေတာတော့ မဟုတ် ပါဘူးနော်"
"ကိုယ်က မာနတ်နဲ့ တူနေလို့လား"
"ဟင့်အင်း၊ မတူပါဘူး"
"ဒါဆိုရင် ဘာကြောင့် လက်မထပ်ချင်ရတာလဲဆိုတာ ကိုယ့်ကို ခိုင်လုံတဲ့ အကြောင်းပြ"
ဂျိန်း ခဏ တွေစဉ်းစားသည်။
"ဂျိန်းဂရက်ခ်ျဆိုတဲ့ နာမည်တော့ စွန့်ရမှာပေါ့ ဟုတ်လား"
"ဘယ်သူက စွန်ဖို့ ပြောနေလို့လဲ"
"ဒါဆို လက်ထပ်ပြီးလည်း ဂျိန်းဂရက်ခ်ျပဲပေါ့၊ ဟုတ်လား"
"ဒါပေါ့"
မစ္စဂရက်ခ်ျပေါ့"
"ဟုတ်တယ်လေ၊ မစ္စဂရက်ခ်ျပဲပေါ့"
ချက်ချင်း ဆုံးဖြတ်ချက် ကျသွားသည်။ နှစ်ပေါင်းများစွာ လှုပ်လှုပ်ခါခါ ဖြစ်နေမည့် ဆုံးဖြတ်ချက်။
"ဟာ အဲဒါတွေ ခေါက်ထားစမ်းပါ၊ ဘယ်သူမှ မလုပ်ကြတော့ဘူး"
အဲလျော့က နာမည်ကျော် တစ်ဖင်နီရတနာဆိုင်သို့ လက်ထပ်လက်စွပ် ၀ယ်ဖို့ ခေါ်တော့ ဂျိန်းက ညင်းသည်။
"ဂျိန်းကလည်းကွာ၊ ဒါက သိပ်ချစ်စရာ ကောင်းတဲ့ ရိုးရာ ဓလေ့ပါကွာ"
အင်နာ နှင့် လက်ထပ်တုန်းက ဆင်းရဲသဖြင့် လက်ထပ်လက်စွပ် ၀ယ်မပေးနိုင်ခဲ့၊ သည်တစ်ခါတော့ မိသားဖသား ပီပီ ရိုးရာအတိုင်း တောင်းရမ်းချင်သည်။
"ဂျိန်း တစ်ခါတုန်းက အဲဒီ လက်စွပ်မျိုး ရဖူးတယ်၊ အလကား အဓိပ္ပာယ် မရှိပါဘူး"
"အဲဒီတုန်းက မင်းလူရွေးမှားတာလေ လက်စွပ်နဲ့ မဆိုင်ပါဘူး"
"လက်စွပ် မ၀တ်ချင်ပါဘူး၊ လက်စွပ်ဆိုတာ အနှောင်အဖွဲ့ တစ်မျိုးပဲ၊ ပရိသစိုးမိုးရေး"
"ကဲ ကဲ တော်ပါတော့ မမ၊ ဆက်မနာပါရစေနဲ့တော့"
၁၉၆၉ ခုနှစ် ဇွန်လထဲတွင် ဂျိန်းနှင့် အဲလျော့ လက်ထပ်လိုက်ကြသည်။ မင်္ဂလာ အခမ်းအနားကို ရိုးရာဓလေ့နှင့် ကာလပေါ် ပေါင်းစပ်ပြီး ကျင်းပသည်။ နှစ်ဖက်မိဘများနှင့် အပေါင်းအသင်းများ စုံညီစွာ တက်ရောက်ကြ၏။ ဂျိန်းက အဖြူဆွတ်ဆွတ် မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားသည်။
အခမ်းအနား အစီအစဉ်အရ အချိန်ကျတော့ အဲလျော့က ဂျိန်းကို မင်္ဂလာလက်စွပ် ၀တ်ပေးသည်။ ရွှေဖြူ ပေါ် တွင် စိန်မြရံခြယ် လက်စွပ်ကလေး။
"မင်းက ကိုယ့်ကို စေ့စပ်လက်စွပ် ၀တ်ခွင့်မပေးဘူးနော်၊ အဲဒီထက် ပိုပြီး လေးနက်တဲ့ ဟောဒီ လက်ထပ် လက်စွပ် ကလေးကိုတော့ ကိုယ် ၀တ်ပေးပါရစေ ဂျိန်း"
"အင်း လှလိုက်တာနော်။ ဂျိန်းတစ်သက်မှာ တစ်ခါမှ လက်ဝတ်ရတနာကောင်းကောင်း မ၀တ်ဖူးခဲ့ဘူး"
"မင်းရဲ့ ကိုယ်ပိုင်လောကနီတိနဲ့တော့ မဆင်္န့ကျင်ပါ ဘူးနော်"
ဂျိန်း က ဟန်ပါပါ သက်ပြင်းချပြီး
"အင်း ဂျိန်း အားလုံး ကို လျှော့လိုက်မိပြီ ထင်ပါရဲ့"
ဆက်ရန်
.
No comments:
Post a Comment