" ညနေက ညီလေးနဲ့တွေ့ပေလို့နော်၊ မဟုတ်ရင် အစ်ကို သေမှာပဲ "
ထမင်းစားရင်း ကိုမျိုးခိုင်က ပြောလိုက်သည်။
" ကံအပ်စပ်လို့ ဆိုပါတော့ အစ်ကို၊ ကျွန်တော်ကလဲ ဒူးရင်းသီးယူမယ့် ဖောက်သည်ဆီကအပြန် ဆိုက်ဆိုက် မြိုက်မြိုက် တွေ့လိုက်ရတာပေါ့ "
" ညီလေးမှာ အမေ မရှိဘူးလား "
" မရှိဘူးအစ်ကို၊ ကျွန်တော် လေးနှစ်သားလောက်ကပဲ ဆုံးသွားတယ်လို့ အဖေပြောတယ် "
ကိုစောအောင်က ညိုးသောမျက်နှာဖြင့် ဖြေလိုက်ပြီး ထမင်းကိုသာ စားနေသည်။ စိတ်မကောင်းဟန်တူသော ကိုစောအောင်အား ကိုမျိုးခိုင်ကလည်း အလိုက်သိစွာ မေမေးတော့ဘဲ ထမင်းကို လက်စသပ်စားလိုက်၏။
" မြိန်ရဲ့လား အစ်ကို "
ကိုစောအောင်က လက်ဆေးခွက် လက်သုတ်ပ၀ါများကို အဆင်သင့်ပေးပြီး ထမင်းပွဲသိမ်းရင်း မေးလိုက် သည်။
" မြိန်ပါတယ် ညီလေးရယ် "
ညီအစ်ကိုရင်းပမာ ပြောဆိုနေရသော ကိုမျိုးခိုင်၏စိတ်ထဲတွင် များစွာနှစ်သိမ့်ကြည်နူးနေလေသည်။
ကိုစောအောင်သည် ထမင်းစားပွဲသိမ်းပြီး၍ နွားနို့ပူပူကလေးကို ပန်းကန်တစ်လုံးနှင့်ထည့်ကာ ဖခင်အား သွားပေးခြင်း ဒူရင်းသီးကိုခွဲကာ ကိုမျိုးခိုင်အား ပေးခြင်းတို့ကို အိမ်ထောင် ထိန်းသိမ်းမှု ကျွမ်းကျင်သော မိန်းကလေးတစ်ယောက်ပမာ ဖျတ်လတ်သွက်လက်စွာ လုပ်ကိုင်ပြီးစီးလျှင် သံဇလုံဟောင်းတစ်ခုတွင် ရေ နွေးထည့်ပြီး မျက်နှာသုတ်ပ၀ါ အစုတ်တစ်ပိုင်းကိုယူပြီး ကိုမျိုးခိုင်အနား ရောက်လာသည်။
" ကဲ ... အစ်ကို ခြေထောက်ဆန့် "
ကိုစောအောင်က ရေနွေးထဲမှာ မျက်နှာသုတ်ပ၀ါစုတ်ကို ထည့်နှစ်ရင်း ပြောလိုက်၏။
" နေပါစေ ညီလေး၊ အစ်ကို့ဘာသာ လုပ်ပါ့မယ် "
ကိုမျိုးခိုင်က အားနာလှသဖြင့် ခြေကို ဆန့်မပေးဘဲ ကိုစောအောင်လက်မှ မျက်နှာသုတ်ပ၀ါကို ဆွဲယူလိုက်၏။ ထိုအခိုက် ပုတီးစိပ်ပြီး ပြီဖြစ်သော ကိုစောအောင်၏ ဖခင်က အိပ်ခန်းအတွင်းမှ လှမ်းပြော လိုက်သည်။
" လူကလေးရယ် ဧည့်သည် မောင်ရင်ရဲ့အနာကို ကိုယ်တိုင် ပြုစုပေးလိုက်ပါကွယ်၊ သူ့ခမျာ နာကျင်လာတာ အနားမူပါစေ၊ ရေနွေးဖတ် အုပ်ပြီးရင် အဖေ့သေတ္တာထဲမှာ တောပိတ်လျှာ အခြောက်ရှိတယ်၊ သွေးလိမ်း ပေးလိုက်ပါ၊ အဆစ်လွဲတာတို့ အကြောတင်တာတို့ အင်မတန် ကောင်းတယ်၊ အားမနာနဲ့ မောင်ရင်၊ အနာတရဖြစ်လို့ ပြုစုရတာပဲကွယ့် "
ကိုမျိုးခိုင်က အားနာသောစိတ်နှင့်ပင် ခြေကိုဆန့်ပေးလိုက်သည်။
" အဖေက ဒီလိုပဲ အစ်ကို၊ ဒုက္ခရောက်လာတဲ့လူဆိုရင် သိပ်ကြင်နာတတ်တယ် "
ကိုစောအောင်က ရေနွေးဖတ်အုပ်ပေးရင်း ပြောလိုက်၏။
" ညီလေးအဖေက အသက် ဘယ်လောက်ရှိပြီလဲ "
ကိုမျိုးခိုင်က အခန်းတွင်းဝယ် မှုန်မှိုင်းမှိုင်း အလင်းရောင်အောက်မှ လဲလျောင်းနေသော ကိုစောအောင် အဖေကို ခေါင်းငဲ့ကြည့်ပြီး မေးလိုက်သည်။
" လေးဆယ်ကျော်ကျော်ပဲ ရှိသေးတယ် အစ်ကို၊ အဖေက သိပ်ကျန်းမာ သန်စွမ်းတာ၊ ဟိုတလောက တော်တော်ပဲ ဖျားလိုက်လို့ အခုမှ နာလန်ထပဲရှိသေးတာ၊ မဟုတ်ရင် အဖေက ကိုယ်တိုင် ပြုစုပေးမှာ "
" ညီလေးအသက်ကရော "
" ကျွန်တော့် အသက် နှစ်ဆယ်ပြည့်ပြီးလို့ တစ်လပဲစွန်းသေးတယ် အစ်ကို "
ကိုစောအောင်က ဖြေလိုက်သည်။ ကိုမျိုးခိုင်သည် သူမှန်းဆမိသည့်အတိုင်း ကိုစောအောင်က လေးနှစ်မျှ ငယ်နေသည်ကို သိရ၏။
ပြည့်ဖြိုးဖြူစင် ကြည်လင်၍ ကျက်သရေရှိလှသော ကိုစောအောင်အား စိုက်ကြည့်ရင်း ငါ့ညီလေးအရင်းပဲ ဖြစ်လိုက်ပါစေတော့ဟု စိတ်ထဲမှ လှိုက်လှဲစွာ တွေးလိုက်မိ၏။
-----------------------
ဒဏ်ရာက နာလှသဖြင့် ကိုမျိုးခိုင်သည် တစ်ညလုံး အိပ်မပျော်ချေ။ နံနက်စောစောကပင် နိုးနေသည်။
သူ့အတွက်နဲ့ ကိုစောအောင်တို့ သားအဖေ တာဝန်မများစေချင်သောကြောင့် တစ်ကြောင်း၊ ဆရာဝန်ထံ ဆောလျင်စွာ ပြ၍ ကုသလိုသည်တစ်ကြောင်းကြောင့် စောစောပင် ပြန်မည်ဟု စိတ်ကို ဆုံးဖြတ်ကာ အိပ်ရာ ကထပြီး ရေနွေးအိုးတည်နေပြီဖြစ်သော ကိုစောအောင်ထံ ခွင့်ပန်ပြီး တောင်ဝှေး တစ်ချောင်းပေးရန် တောင်းခံလိုက်၏။ ခြေထောက်မှာ သွေးအေးသည့်အချိန်မို့ ပိုပြီး နာနေသည်။
" ဟာ ... အစ်ကိုကလဲ တုတ်ကြီး ထောက်သွားနေလို့ ဘယ်ဖြစ်မလဲ၊ ဆိုက်ကားရဖို့အတွက် လမ်းမကြီး ပေါ်ရောက်အောင် သွားရမှာ၊ ခရီးက နီးတာမဟုတ်ဘူး၊ ကျွန်တော် လိုက်ပို့ပါ့မယ် "
ကိုစောအောင်က ပြောလိုက်သည်။
" နေပါစေ ညီလေးရာ၊ အစ်ကို့ကို လိုက်ပို့နေရင် တော်တော်ကြာ အဘနိုးလာလို့ ပြုစုလုပ်ကိုင်ပေးမယ့်လူ မရှိဘဲ ဖြစ်နေပါ့မယ်၊ အစ်ကို့ဘာသာ ကြိုးစားသွားပါ့မယ် "
" အဖေ ဒီအချိန် မနိုးတတ်သေးပါဘူး၊ အစ်ကို့ကို တာဝန်မယူချင်လို့ မြန်မြန်တွန်းပို့တယ်တော့ မထင်နဲ့နော်၊ အနာက ဆရာဝန် မြန်မြန်တွေ့မှဖြစ်မှာမို့ ကျွန်တော် လိုက်ပို့မယ် "
" အေးပါ ညီလေးရာ၊ အစ်ကို ဒိလို မအောက်မေ့ပါဘူး၊ ညီလေးတို့သားအဖေ ကျေးဇူးကို အစ်ကို ဘယ်တော့မှ မမေ့ပါဘူး ညီလေးရယ် "
ကိုမျိုးခိုင် စကားဆုံးလျှင် ကိုစောအောင်သည် တစ်စုံတစ်ရာမှ မပြောတော့ဘဲ ကိုမျိုးခိုင်အား ပခုံးပေါ်သို့ အလွယ်တကူ ချီယူမတင်ညပီး ထမ်းလာခဲ့သည်။
မြိုကထဲသို့သွားသော လမ်းမကြီးသို့ ရောက်လျှင် အဆင်သင့်ပင် ဆိုက်ကားတစ်စိးကို တွေ့ရသဖြင့် ကိုစော အောင်က ခေါ်ယူကာ ကိုမျိုးခိုင်အား ဆိုက်ကားပေါ်သို့ သက်သက်သာသာ တင်ပေးလိုက်သည်။
ကိုမျိုးခိုင်က နှုတ်ဆက်လိုက်သည်။
" ညီလေး ... အစ်ကိုနေတဲ့အိမ်ကို ဆက်ဆက်လာပါဦး၊ အစ်ကိုကျေးဇူးဆပ်ပါရစေ ညီလေးရယ်၊ အစ်ကို နေတာက ... " စကားမဆုံးမီ ကိုစောအောင်က ...
" ကျေးဇူးစကား မပြောပါနဲ့ အစ်ကို၊ ကျွန်တော်တို့ သားအဖေက ဘာမှမမျှော်ကိုးပါဘူး၊ ဘုရားကြိုက်တဲ့ အလုပ်မျိုးကို လုပ်လိုတဲ့ စေတနာသက်သက်ပါ "
" သွားမယ် ... အစ်ကို "
ဟု နှုတ်ဆက်ကာ လျင်မြန်စွာ ထွက်ခွာသွားသည်ကို ကိုမျိုးခိုင်သည် အငေးသား ကြည့်နေမိသည်။
----------------------------
ဖြစ်မှဖြစ်ရလေ ကိုမျိုးခိုင်ရယ် ...၊ မသေကောင်း မပျောက်ကောင်း၊ ဒီမနက်မှ ပြန်မလာရင် ကျွန်တော် ဂါတ်တိုင်တော့မလို့ဗျ၊ ညက တစ်ညလုံး စိတ်ပူလိုက်ရတာ "
ကိုသန်းနိုင်က ကိုမျိုးခိုင်အား ဆိုက်ကားပေါ်မှ တွဲယူလာကာ အိမ်ပေါ်ရှိ ပက်လက်ကုလားထိုင် တစ်လုံးပေါ် မှာ တင်ပေးပြီး ကိုမျိုးခိုင်၏ ဖြစ်ကြောင်းကုန်စင်ကို ကြားရသောအခါ ရင်ဘတ်စည်တီး ပြောလိုက်သည်။
" ကဲ ... ဖြစ်ပြီးတာတွေ ထားလိုက်ပါတော့ဗျာ၊ ဘယ်သူ့ကို မှလဲ ပြောဆိုတိုင်တန်းမနေချင်တော့ပါဘူး၊ ဆရာဝန်ကောင်းကောင်းတစ်ယောက်သာ ခေါ်ပေးပါ "
ကိုမျိုးခိုင်က ဝေဒနာ ပျောက်ချင်ဇောနှင့် ပြောသည့်အတိုင်း ကိုသန်းနိုင်က ဆရာဝန် ခေါ်ပေးသည်။
ရက်သတ္တ တစ်ပတ်ခန့်မျှ အိပ်ရာထဲတွင် ငြိမ်ငြိမ် ကလေးနေကာ ဆရာဝန်နျင့် ကြပ်မတ်ကုသလိုက်ရာ ကိုမျိုးခိုင်၏ အခြေအနေမှာ ကောင်းစွာ ပျောက်ကင်းသွားလေသည်။
အကောင်းပကတိ လမ်းလျှောက်နိုင်သော တစ်နေ့၌ ကိုသန်းနိုင်အား ပြောလေ၏။
" ကျွန်တော့်ကို ကယ်ဆယ် ကူညီတဲ့ ကိုစောအောင်ရဲ့ စိတ်ဓာတ်ဟာ ထူးဆန်းတယ်လို့ ကျွန်တော် ထင် တယ် ကိုသန်းနိုင် "
" ဘာကြောင့်လဲ ကိုမျိုးခိုင် "
ကိုသန်းနိုင်က နားမလည်သဖြင့် မေးလိုက်သည်။
" ခင်ဗျား စဉ်းစားကြည့်လေ၊ လူတိုင်းလူတိုင်း စိတ်ဟာ ကိုယ်ပြုထားတဲ့ ကျေးဇူးကို မဆုံးနိုင်အောင် ဖော်ပြီး တန်ရာ တန်ဖိုးမက အခွင့်အရေး လိုချင်ကြတဲ့ လူချည်းပဲဗျ၊ မဟုတ်ဘူးလား "
"ူလ့သဘာဝကိုး ကိုမျိုးခိုင်ရဲ့ "
" ဒီကိုစောအောင်က အဲဒီသဘာဝ မဟုတ်လို့ ထူးဆန်းတယ် ပြောတာပေါ့ ကိုသန်းနိုင် "
" အင်း ...ဆိုစမ်းပါဦး "
ကိုသန်းနိုင်က စိတ်ဝင်စားသော အသံဖြင့် မေးလိုက်သည်။
" ကျွန်တော်က ကျေးဇူးဆပ်ပါရစေဆိုတာ လက်မခံဘူး။ ကျွန်တော့ကိုလဲ ဘယ်နေလဲလို့ တစ်ခွန်းမှ မမေး ဘူး၊ အဲ ---- ပုံကတော့ ကိုယ့်သွေးသားရင်းတောင် ဒါလောက် ---- မခံဘူးထင်တယ်၊ ကျေးဇူးကို မျှော်ကိုးလို့ မဟုတ်ဘူး၊ ဘုရားကြိုက်တဲ့ အလုပ်ကိုသာ လုပ်တာတဲ့ဗျ၊ ကဲ ... ပြောပုံက မရှင်းဘူးလား "
ကိုသန်းနိုင်ကမူ အံ့သြလှုပ်ရှားဟန်မပြဘဲ ငြိမ်သက်သေအပြုံးကိုသာ ပြုံးနေသည်။
" ကျွန်တော် ပြောတာ မယုံလို့လား "
ကိုမျိုးခိုင်က မေးလိုက်သည်။
" ယုံပါတယ် ကိုမျိုးခိုင်၊ ဒီသားအဖ စိတ်နေသဘောထား အပြောအဆို အနေအထိုင်၊ ထူးခြားတာ ခင်ဗျားက အခုမှ သိလို့ တအံ့တသြဖြစ်နေတာကို ပြုံးတာပါ၊ ကျွန်တော် အပါအ၀င်ပေါ့ဗျာ၊ သူတို့ ဒူးရင်းခြံရောက်ဖူး၊ ဒူးရင်းသီးဝယ်ဖူးတဲ့ လူတွေကတော့ သိပြီးဖြစ်နေပြီ "
" ဘယ်လိုလဲဗျ၊ ပြောစမ်းပါဦး ကိုသန်းနိုင် "
သူကြည်ညိုသော ကျေးဇူးရှင်များအကြောင်းဖြစ်၍ ကိုမျိုးခိုင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဒီမောင်စောအောင်ဆိုတဲ့လူက ဒူးရင်းခြံ အလုပ်ကြမ်း လုပ်နေပေမယ့် ခေတ်ပညာတတ်ဗျ၊ ဟိုက်စကူး ဖိုင်နယ်အောင်ပြီ၊ ကောလိပ်ကိုတောင် ရောက်ဖူးတယ်၊ အိုင်အေ အထက်တန်းအောင်မှ ပြန်ထွက်လာပြီး သူ့အဖေနဲ့ ဒိုးတူပေါင်ဖက် ဒူးရင်းခြံအလုပ် ပြန်လုပ်နေတာ "
" အို ... "
အရိုင်းအစိုင်း၊ တောသူတောင်သား၊ ခြံသမားတစ်ယောက်သာဖြစ်သည်ဟု ယူဆခဲ့သော ကျေးဇူးရှင် ကိုစောအောင်မှာ ခေတ်ပညာတတ် တက္ကသိုလ်ကျောင်းထွက် တစ်ယောက် ဖြစ်နေမှန်း သိရသောအခါ ကိုမျုးခိုင်များစွာ အံ့အားသင့်သွားသည်။
" သူတို့သားအဖေချင်း စကားပြောတာရော ခင်ဗျား နားလည်ရဲ့လား "
အံ့အားသင့်နေသော ကိုမျိုးခိုင်အား ကိုသန်းနိုင်က သဘောကျစွာ ကြည့်ပြီး မေးလိုက်သည်။
" မြန်မာလို ပီပီသသပြောနေတာ နားလည်တာပေါ့ဗျ "
ကိုမျိုးခိုင်က အံ့သြဟန် မပျောက်သေးဘဲ ဖြေလိုက်သည်။
" အဲဒါ ခင်ဗျား ဒုက္ခိမို့ အနှောင့်အယှက်ဖြစ်မျာစိုးပြီး မြန်မာလို ပြောနေတာနဲ့ တူပါတယ်၊ သူတို့သားအဖေ စကားပြောရင် မြန်မာလို ပြောခဲတယ် "
" ဘယ်လို ပြောလဲ၊ အင်္ဂလိပ်လိုလား "
" ဟာဗျာ၊ အင်္ဂလိပ်လိုပြောတာ အဆန်းမှတ်လို့၊ ဘာစကားမှန်း မသိဘူးဗျ၊ အဲဒီစကားမျိုးနဲ့ ပြောတတ်ကြ တယ် "
" သူတို့က ဘာလူမျိုးလဲ "
" မသိဘူးဗျ၊ ဒါပေမယ့် စိတ်နေသဘောထားတော့ အခု ခင်ဗျား ကိုယ်တွေ့ ကြုံခဲ့ပြီပဲ၊ သူတို့ခြံက ဒူးရင်းသီးက အရောင်းရသွက်တယ်၊ ဘယ်တော့မှ လက်ကျန် ဈေးပေါပေါ ချရတယ် မရှိဘူး၊ သဘော သကာယသိတော့ လူတွေက စေတနာမေတ္တာရှိပြီး သူတို့ဆီမှာချည်း ၀ယ်ကြတယ်၊ သူတို့ ရောင်းစရာမရှိမှ တခြားခြံက ၀ယ်ကြတယ်ဗျ၊ အဘိုးကြီးကတော့ ခြံထဲက သိပ်မထွက်ဘူး၊ အရောင်းအ၀ယ်ကိစ္စနဲ့ဆို ကိုစောအောင်ပဲ အပြင်ထွက်တယ်၊ ဈေးဝယ်သူတွေ ခြံထဲရောက်သွားရင်လဲ အဘိုးကြီးက အိမ်ထဲ ၀င်သွား ရောဗျ၊ သားအဖေချင်း အထဲနဲ့အပြင် လှမ်းပြီး ထူးဆန်းတဲ့ စကားသာ ပြောလေ့ရှိတယ်။ ကျွန်တော် ဒီမြို့ ရောက်မှ ဒီခြံကို ရောက်တာ နှစ်ခေါက်ရှိပြီ၊ အဘိုးကြီးကို တစ်ခါမှ သေသေချာချာ မမြင်ဖူးဘူး "
ကိုသန်းနိုင်က စိတ်ရှည်လက်ရှည် ပြောပြပြီး ...
" ကဲ ... ကျွန်တော်လဲ ရုံးတက်စရာ ရှိသေးတယ်ဗျာ၊ အ၀တ်အစား လဲလိုက်ဦးမယ် "
ဟု ပြောပြော ဆိုဆို ထသွားလေသည်။
ကိုမျိုးခိုင်သည် ကိုစောအောင်တို့ သားအဖေအကြောင်းကို စိတ်ဝင်စားစွာ တွေးနေရာမှ ခြေနာလည်း ကောင်းစွာပျောက်ကင်းပြီဖြစ်၍ ကိုစောအောင်ထံသွားရန် ဆုံးဖြတ်လိုက်၏။
--------------------
" ဟော ... အစ်ကိုပါလား၊ နေကောင်းသွားပြီနော် "
သားအနှေစ်ယောက် ထမင်းစားပွဲခုံဝိုင်းလေးမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ထမင်းစားနေရာမှ တိတ်တိတ် ဆိတ် ဆိတ်တက်လာသော ကိုမျိုးခိုင်အား ကိုစောအောင်က လှည့်ကြည့်ကာ ၀မ်းသာအားရ နှုတ်ဆက်လိုက်၏။
" ထိုင်ပါ အစ်ကို၊ ထမင်းစားပါဦး၊ ကျွန်တော် ပန်းကန် သွားယူလိုက်မယ် "
ကိုစောအောင်က ဖော်ရွှေစွာ ပြောလိုက်၏။
နေပါစေ ညီလေး၊ အစ်ကိုစားခဲ့ပြီးပါပြီ "
ကိုမျိုးခိုင်က ပြောကာ မနီးမဝေးတွင် ထိုင်လိုက်၏။
ကိုစောအောင်၏ အဖေနှင့် ဘေးတိုက်တည့်တည့် နေရာဖြစ်သဖြင့် ညက မသည်းမကွဲ မြင်ရသော ကိုစော အောင်အဖေကို ကိုမျိုးခိုင်က ကြည့်လိုက်၏။
ဘေးတိုက် တစ်ခြမ်းသာ မြင်နေရသော ကိုစောအောင်၏ အဖေမှာ ငယ်ရွယ်နုပျိုစဉ်က အတော်ပင် ချော မောမည့် ရုပ်ရည်မျိုးပင်ဟု ကိုမျိုးခိုင်က မှန်းဆမိ၏။
" စားလိုက်ပါ မောင်ရင်ရယ်၊ စားခဲ့ပြီးပေမယ့် လမ်းလျှောက်လာရတာ ဆာမှာပေါ့၊ ဟင်းရွက်စုံ ဟင်းချို ပူပူ ကလေးငါးကင်ခပ်ပြီး ချက်ထားတာ သိပ်ချိုတာပဲ၊ မရမ်းသီးထောင်း စပ်စပ်ကလေးနဲ့ ဆတ်သားခြောက် ဖုတ်ဆီဆမ်းထားတယ်၊ စားပါ မောင်ရင်၊ သားရေ ... ထမင်းပန်းကန်တစ်ချပ် သွားယူချေပါ "
ထမင်းငုံ့စားနေသော ကိုစောအောင်အဖေက နာလံထပီပီ မြိန်ရည်ယှက်ရည် စားနေရာမှ တိုက်တွန်းလိုက်၏။ စေတနာ ဖြူစင်စွာဖြင့် ပြောလိုက်သော အဘိုးကြီး စကားကြောင့်က ကိုမျိုးခိုင် ထမင်း ဆာလာသည်။
" အဘပြောပုံကလေးက ထမင်းဆာချင်လာပြီ "
ကိုမျိုးခိုင်က ရယ်သွမ်းသွေးကာ အမှန်အတိုင်း ၀န်ခံလိုက်၏။ ထိုအခိုက် ကိုစောအောင်က ထမင်းတစ်ပန်းကန် ယူလာသည်။
" အေး ... စားပါ မောင်ရင်ရဲ့၊ အဘတို့ တတ်အားသမျှ ကျွေးတာ နှစ်နှစ်ခြိုက်ခြိုက်စားရင် အဘ ၀မ်းသာ တာပဲကွယ့် "
" ဘာပါ ... အစ်ကို၊ စားပါ "
သားအနှေစ်ယောက်၏ စေတနာထင်သည်။ ကိုမျိုးခိုင်သည် ခေါင်းပင်မဖော်နိုင်ဘဲ ထမင်းကို အားပါးတရ ငုံ့လွေးလိုက်သည်။
ဆီတွေနစ်နေအောင် ချက်ထားသော မင်းစိုးရာဇာ သူဌေးထမင်းဟင်းကိုသာ စားခဲ့ရသော ကိုမျိုခိုင်အဖို့ သဘာဝကျလှသည့် တောထမင်း တောဟင်း၏ အရသာမှာ နတ်သုဒ္ဓါတမျှ ကောင်းမွန်လှပေသည်။
ထမင်းစားသောက်ပြီးသောအခါ ကိုစောအောင်က ထမင်းစားပွဲကို သိမ်းသွားသည့်အခိုက် ကိုမျိုးခိုင်သည် အဘိုးကြီးအား ကြည်ညိုခင်မင်လှသဖြင့် မည်သည့်အကူအညီများ လိုပါသနည်းဟုမေးရန် စဉ်းစားကာ ကိုစောအောင်အဖေနှင့် ဘေးတိုက်ထိုင်နေရာမှ မျက်နှာချင်းဆိုင်ဖြစ်အောင် နေရာရွှေ့ထိုင်လိုက်သည်။
" အဘနဲ့ညီလေးက ကျွန်တော့် အသက်ကိုလဲ ကယ်ခဲ့ပါပြီ။ စေတနာနဲ့ကျွေးတဲ့ အဘထမင်းဟင်းကိုလဲ ကျွန်တော် စားခဲ့ရပြီ။ ဒါကြောင့် အဘတို့မှာ လိုတဲ့ အကူအညီများရှိရင် "
ကိုမျိုးခိုင်စကားစပြီး ကိုစောအောင်အဖေ၏ မျက်နှာကို ကြည့်လိုက်ရာ စကားဆက်မပြောနိုင်အောင် ပါးစပ် အဟောင်းသား ပွင့်သွားလေသည်။
မျက်နှာဝဲဘက် တစ်ခြမ်းလုံး နဖူးနှင့်ပါးပြင်မှာ ကြောက်ခမန်းလိလိ တွန့်လိမ်ရှုံ့တွနေသော အမာရွတ်ကြီးမှာ ယာဘက်မှ ချောမောလှပသော မျက်နှာတစ်ခြမ်းနှင့် မည်သို့မျှ ဆက်စပ်မရအောင် အမြင်ဆိုးစွာ တွေ့ရလေသည်။
နှုတ်ခမ်း အထက်တွင်ကား မှဲ့စက်ကလေးတစ်လုံးသည် ဖြူစင်သော အသားပေါ်တွင် ထင်ထင်ရှားရှားပေါ် လွင်နေသည်။ ကိုမျိုးခိုင်သည် မန္တလေးမှ အိမ်စောင့်အဘိုးကြီး ဦးဘိုးဦး ပြောလိုက်သော စကားများကိုတစ် လုံးချင်း ပြန်လည် ကြားယောင်လိုက်၏။
မိဘနှစ်ပါးအတွက် လက်စားချေရန် သဲသဲမဲမဲ လိုက်ရှာနေခဲ့ရသော ကိုစောခိုင်ဆိုသူကား အသက်သခင် ထမင်းရှင်ကို စောအောင်၏ ဖခင် ဖြစ်နေပေပြီ။
လူ့လောကရှိ မြောက်မြားစွာသော လူတွေထဲမှာ နာမည်တူမရှား၊ ပုံသဏ္ဍာန်တူမရှားမို့ ငါရှာနေတဲ့ ကိုစော ခိုင်တော့ဖြင့် မဟုတ်ပါစေနဲ့ဟု ကိုမျိုးခိုင်က စိတ်ထဲမှာ မသက်မသာ ဆုတောင်းလိုက်မိသည်။
" မလိုပါဘူး မောင်ရင်ရယ်၊ အဘကလဲ လူမသမာရဲ့ နှိပ်စက်မှု ခံခဲ့ရသူမို့ ကိုယ်ချင်းစာပြီး ဘယ်သူ့ကိုဖြစ် ဖြစ် တတ်နိုင်သရွေ့ ကိုယ်ချင်းစာပြီး ကူညီချင်တဲ့ စေတနာရှိပါတယ်၊ သားကိုလဲ ဘုရားကြိုက်တဲ့အလုပ်မို့ တစ်ဘက်သား ဒုက္ခရောက်နေတာတွေ့ရင် ကျေးဇူးအခွင့်အရေးကို မမျှော်ကိုးဘဲ ကူညီပါလို့ သွန်သင်ထား တယ် မောင်ရင်ရဲ့၊ မောင်ရင့်ဆီက ဘာမှ အဘတို့ မလိုပါဘူးကွယ် "
စကား တစ်ပိုင်းတစ်စနှင့်ရပ်ပြီး သူ့အား အငေးသား ကြည့်နေသော ကိုမျိုးခိုင်အား ကိုစောအောင် အဖေက ကြည်လင်အေးမြသောအသံဖြင့် ပြောလိုက်၏။ ကိုမျိုးခိုင်က တံတွေးတစ်ချက် မျိုလိုက်ပြီးမှ -
" အဘနာမည်ကို သိပါစေခင်ဗျာ "
ဟု မေးလိုက်၏။ စိတ်တွင်းမှာကား ကိုစောခိုင် မဟုတ်ပါစေနဲ့ဟု အပူတပြင်း ဆုတောင်းနေသည်။ သို့သော် ...
" အဘနာမည်က ကိုစောခိုင်လို့ခေါ်တယ် မောင်ရင် "
ဟု ပြတ်သားစွာ ပြောလိုက်သော ဦးစောခိုင်၏ အဖြေကြောင့် ကိုမျိုးခိုင်မှာ ငိုင်သွားရှာလေသည်။
ကံတရားက ဆန်းကြယ်လှပေသည်တကား။ မိဘနှစ်ပါးအား လူဖြစ်ရှုံးအညွန့်တုံးပြီး အသက်ပါဆုံးအောင် ဒုက္ခပေးခဲ့သည်ဟု ယူဆကာ လှလှကြီးလက်စားချေမည်ဟု ရှာဖွေခဲ့ရာ မမျှော်လင့်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရပြန်တော့လည်း အသက်သခင် ကျေးဇူးရှင်ဟူသော တံတိုင်းကြီးက ကာဆီး နေပေပြီ။
ငါ့အသက်ကယ်တာ သူ့သားက ကယ်တာပဲ၊ သူနဲ့ ဘာဆိုင်သလဲဟု ကိုမျိုးခိုင်သည် အငြိုးမပြေနိုင်သည့် အလျောက် တွေးမိပြန်၏။
" သားရေ ... ဒူးရင်းသီးရော မင်းဂွတ်သီးရော ယူခဲ့ပါကွယ့်၊ မင်း နောင်ကြီးကို ကျွေးပါဦး "
ဦးစောခိုင်က စေတနာ ထက်သန်စွာဖြင့် ပြောနေရာမှ ငိုင်နေသော ကိုမျိုးခိုင်ကို သတိထားမိသဖြင့် ...
" မောင်ရင် ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား "
ဟု ကြင်နာစွာ မေးလိုက်ပြန်သည်။
" နေကောင်းပါတယ်၊ ကျွန်တော် တစ်ခု စဉ်းစားနေမိလို့ပါ ... "
ကိုမျိုးခိုင်က ဟန်မပျက် ဖြေလိုက်၏။ ရေလည်အောင် မသိခဲ့ရသော မိဘနှစ်ပါးနှင့် ဦးစောခိုင်တို့ ဇာတ်လမ်း ကိုသိရအောင် လှည့်စားမေးမည်။
သေချာစွာသိရမှ ဦးစောခိုင်ဆိုးနေလျှင် စိတ်ဆုံးဖြတ်ခဲ့သည့်အတိုင်း မှတ်လောက်သားလောက်ဖြစ်အောင် လက်စားချေမည်ဟု စိတ်ထဲမှ တွေးတောစီစဉ်လိုက်၏။
ထိုအခိုက် ကိုစောအောင်က ဒူးရင်းသီး၊ မင်းဂွတ်သီးပင်မှည့်များကို အလုံးလိုက် လင်ပန်းကြီးတစ်ချပ်မျာ ထည့်ယူလာ၏။
" ကဲ ... ကြိုက်လုံး ခွဲစားပေတော့ အစ်ကို "
ဟု ပြောကာ ဖခင်အနားမှာ ထိုင်လိုက်၏။
" နေပါစေ ညီလေး၊ အစ်ကို ထမင်းစားများသွားလို့ မစားချင်တော့ပါဘူး "
ဟု ကိုမျိုးခိုင်က အကြောင်းပြလိုက်၏။ သူ့အား လက်စားချေမည်ဟု ဆုံးဖြတ်ပြီးမှ သူ့ပစ္စည်းစားရန် မသင့် တော့ဟု ကိုမျိုးခိုင် ယူဆလိုက်၏။
" နေပါဦး၊ အခုနက မောင်ရင် စဉ်းစားမိတယ် ဆိုတာ ဘာလဲ "
ဦးစောခိုင်က မေးလိုက်၏။
" သြော် ... ရန်ကုန်မှာ ကျွန်တော်တို့ အိမ်နားကပ်နေတဲ့ အိမ်က လင်မယား ရန်ခဏခဏဖြစ်တယ်၊ သူတို့ ရန်ဖြစ်တိုင်း ကိုစောခိုင်ဆိုတဲ့ နာမည်ပါလာတတ်လို့ အဘနာမည်နဲ့ တူနေတာ သတိရပြီး စဉ်းစားနေမိတာပါ"
ကိုမျိုးခိုင်က ဟန်မပျက်ပြောပြီး ဦးစောခိုင်အား အကဲခတ်လိုက်သည်။
ဥိးစောခိုင်သည် ခေတ္တမျှ တွေဝေနေပြီး ...
" သူတို့နာမည်က ဘယ်သူလဲကွယ့် ဟု မေးလိုက်သည်။
" ဦးဘဆွေနဲ့ ဒေါ်ခင်မျိုးလို့ ပြောတာဘဲအဘ "
ဦးစောခိုင်၏ မျက်နှာသည်သိသိသာသာ ညိုးသွားသည်။
" မောင်ရင်နဲ့ ခင်သလား "
" မခင်ပါဘူး အဘရယ်၊ ကျွန်တော်တို့က လူငယ်တွေပဲ၊ နောက်ပြီး အိမ်နားကပ်ရက် တကျက်ကျက် ရန်ဖြစ် နေတာ နားပူလွန်းလို့၊ အဘနဲ့ သိလို့လား "
ကိုမျိုးခိုင်က မှင်သေသေ မျက်နှာဖြင့် မေးလိုက်သည်။
ဦးစောခိုင်သည် အဖြေမပေးဘဲ အတန်ကြာ ငြိမ်နေပြီးမှ ...
" သူတို့ ကျန်းကျန်းမာမာပဲလား မောင်ရင် "
ဟု မသမမသာ တုန်ယင်သော အသံဖြင့် မေးကာ သူ့မျက်နှာ တစ်ခြမ်းက အမာရွတ်ကြီးကို လက်ဖြင့် ပွတ် လိုက် ၏။
" မရှိတော့ဘူး အဘရဲ့၊ နှစ်ယောက်စလုံးရှေ့ဆင့် နောက်ဆင့် သေကုန်ကြပြီ "
" သြော် ... သွားရှာကြပြီလားကွယ် "
ဦးစောခိုင်သည် ကြေကွဲလှိုက်လှဲစွာ ပြောလိုက်ပြီး ...
သူတို့မရှိတာ ဘယ်လောက်ကြာပြီလဲ မောင်ရင်၊ သားသမီးရော ကျန်ရစ်သေးသလား "
ဟု မေးလိုက်၏။
" လေးငါးနှစ်လောက်ရှိရောပေါ့၊ ကျွန်တော်လဲ ကောင်းကောင်း မမှတ်မိတော့ပါဘူး၊ သားသမီးတော့ တစ်ယောက်မျ မရှိဘူး အဘ "
ဦးစောခိုင်သည် ခေါင်းကို ဖြည်းလေးစွာ ညိတ်ကာ ...
" သြော် ... ကိုဘဆွေ၊ ကိုဘဆွေ မင်း ပြစ်မှားခဲ့သမျှတွေ ငါအားလုံး ခွင့်လွှတ်ခဲ့ပြီးပါပြီ၊ အတုံ့အလှည့် မထား ပါဘူးသူငယ်ချင်းရယ်၊ အင်း ... သွားရှာကြမှကိုး၊ သြော် ... မခင်မျိုး အသက်တိုရှာလေခြင်း၊ စိတ်ဆင်းရဲတာနဲ့ မြန်မြန်သေသွားတာထင်ပါရဲ့ မခင်မျိုးရယ် "
ဦးစောခိုင်သည် တုန်ယင် လှိုက်လှဲသောအသံဖြင့် ပြောကာ ငေးနေရှာသည်။
ကိုစောအောင်သည် ဖခင်ကိုကြည့်ကာ အံ့အားသင့်နေသည်။
" သူတို့နဲ့ အဖေနဲ့ ဘယ်လိုသက်ဆိုင်နေလို့လဲ အဖေ "
ကိုစောအောင်၏ မေးဟန်ကြောင့် ဖခင်၏ နောက်ကြောင်း ရာဇ၀င်ကို ကိုစောအောင် လုံးဝမသိကြောင်း ကိုမျိုးခိုင်က အတတ်ပင် သိလိုက်သည်။
ဦးစောခိုင်ကပင် မတုန်မလှုပ် ငေးမြဲတိုင်း ငေးနေသည်။ ဤအတိုင်းနေ၍ မဖြစ်ချေ။
ဦးစောခိုင်ထံမှ စကားထွက်အောင် ကိုမျိုးခိုင်က ညှစ်ရပေမည်။
" သူတို့လင်မယားရန်ဖြစ်ရင် စကားအဆန်းတွေ ပါလာတတ်တယ် အဘ "
ကိုမျိုးခိုင်၏ စကားကြောင့် ဦးစောခိုင်က အသက်ဝင်လာသလို လှုပ်ရှားလာသည်။
" ဘာတွေများ ကြားလာသလဲ မောင်ရင်၊ ဒါထက် မောင်ရင့်နာမည်လဲ အခုထက်ထိ မသိရဘူး၊ မိဘဇာတိ ဘယ်သူလဲကွယ့်၊ အခု သထုံမှာပဲနေသလား "
ဦးစောခိုင်က စိတ်တစ်မျိုး ပြောင်းသွားဟန်ဖြင့် စကားလွှဲပြီး မေးလိုက်သည်။
" ကျွန်တော့် နာမည်က မောင်သက်ရှည်တဲ့ မိဘတွေက ရန်ကုန်မှာပဲရှိပါတယ်၊ ပင်စင်စားတွေပေါ့၊ ဒီသထုံမှာ ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ဆီ လာလည်နေတာ အဘ"
ကိုမျိုးခိုင်က လုပ်ဇာတ်ခင်းလိုက်၏။
" သြော် ... သြော် ၊ အလုပ်အကိုင်ကရော "
" ကျွန်တော် ဘီအေ အောင်ပြီးပြီအဘ၊ အလုပ်မလုပ်ဘဲ အနားယူပြီး လျှောက်လည်နေတာ၊ မိဘကလဲ ချမ်း သာတော့ အေးအေးဆေးဆေး နေနိုင်တာပေါ့ အဘရယ် "
ဦးစောခိုင်က ဘာမှ ထပ်မမေးဘဲ ဆိတ်ငြိမ်နေပြန်သည်။
ဆက်ရန်
.

1 comment:
ဖတ်သွားပြီ ညီမရေ။ လူ့လောကကြီးက အမှန်တကယ်ပဲ ဆန်းကြယ်တယ်။ အခုလို ကိုယ်လက်စားချေမဲ့သူက ကိုယ့်ရဲ့ ကျေးဇူးရှင်ဖြစ်နေတတ်တယ်။ ဖြစ်ဖြစ်သမျှ အကြောင်းအရာတွေကို သူသာတယ် ကိုယ်နာတယ် မတွေးပဲ ပြည်ဖုံးကားချနိုင်ရင်တော့ အကောင်းဆုံးပေါ့ကွယ်။
Post a Comment