Wednesday, June 1, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၂၅)

အခန်း(၃၁)
ဂျိန်း

လုပ်ကြံမှုဖြစ်သည့် တစ်ပတ်လုံး ဂျိန်း နှင့် အိုဝင် အတူနေကြသည်။ စနေနေ့တွင် သတင်းမဂ္ဂဇင်း ဓာတ်ပုံဆရာ နှင့် အတူ တရားခံဟု ယူဆရသည့် လီးဟာဝေး အော့ဇွဲလ် ၏ ဇနီး ရုရှားမ နှင့် သူတို့ သွား တွေ့ သည်။
တနင်္ဂနွေနေ့ ၁၂နာရီ ၂၁မိနစ်တွင် ဒါးလက်စ် ရဲဌာန၏ မြေအောက် အချုပ်ကို သွားပြီး အော့ဇွဲလ်အား ရုပ်/သံ ကင်မရာရှေ့တွင် ပစ်သတ်သွားသည့် ညကလပ် ပိုင်ရှင် ဂျက်ရူဘီနှင့် သွား တွေ့သည်။
သတင်းလိုက်ရာ တွင် ဆဋ္ဌမအာရုံရှိရသည့် အိုဝင်သည် မီးခိုးကြွက်လျှောက် အနံ့ခံပြီး နှစ်ဆယ့်လေးနာရီ မအိပ်မနေ လိုက်သည်။ သက်သေပေါင်းများစွာနှင့် ရဲဌာနတစ်ခုလုံးကို ကိုယ်တိုင် တွေ့ဆုံမေးမြန်းသည်။

နယူးယောက်ရှိ မဂ္ဂဇင်းတိုက်နှင့် အချိန်ပြည့် ဆက်သွယ်ပြီး အသေးစိတ် သတင်းပို့သည်။ ၀ီစကီ တမြမြနှင့် အချက်အလက်များ၊ မှတ်တမ်းများကို ဂျိန်း အကူအညီဖြင့် စုစည်းသည်။ စီစဉ်သည်။
"အော့ဇွဲလ် မိန်းမာ မာရီယာ ဘာဝတ်ထားသလဲ၊ စကတ်နဲ့ ဘလောက်စ်လား"
"အော့ဇွဲလ် စာအုပ်စင်က စာအုပ်တွေကို မင်း သတိထားမိလား"
"သူတို့ လင်မယားနေတဲ့ ရပ်ကွက်က လူလတ်တန်းစား ရပ်ကွက်လို့ ပြောမလား၊ ဆင်းရဲသား ရပ်ကွက်လို့ ပြောမလား"

"ဂျက်ရူဘီဆောင်းထားတဲ့ ဦးထုပ်က ရှေ့ငိုက်သလား၊ နောက်လန်လား၊ သူ့မျက်နှာကို မင်း မြင်လိုက် သလား၊ ဒါမှမဟုတ် ဦးထုပ်နဲ့ ကွယ်နေသလား"
"အော့ဇွဲလ်က ဂျက်ရူဘီရဲ့ သေနတ်ကို လှမ်းမြင်လိုက်သလား၊ သူ တစ်ခုခု လှမ်းပြောသေးလား"
အိုဝင့် မေးခွန်းပေါင်းစုံကို ဂျိန်း ဖြေရသည်။

အိုဝင်ကို သတင်းထောက် အပေါင်းအသင်းများက ၀ိုင်းဝန်း ဂုဏ်ပြုကြသည်။ သူရေးသလို ရေးတတ် ချင်ကြသည်။ သည်လောက် အုန်းအုန်းကျွတ်ကျွတ် ဖြစ်နေသည့်ကြားမှ သတင်းကို စုံအောင် စေ့အောင် အသေးစိပ် ယူနိုင်ရေးနိုင်ခြင်းမှာ အိုဝင့် အရည်အချင်းဖြစ်သည်ဟု အယ်ဒီတာ များ ချီးကျူးကြသည်။ သမ္မတ ကနေဒီ လုပ်ကြံခဲ့ရမှု သတင်းကို အိုဝင် ရေးသွားပုံမှာ ရသ မြောက်လှသည့် စံပြသတင်းရေးနည်းအဖြစ် အားလုံး အသိအမှတ် ပြုကြရသည်။
"မောင်ရင် မို့ ဒါလောက် ကောင်းအောင် ပြည့်စုံအောင် ရေးနိုင်တာ" ဟု သူ့ဆရာ ရေးဂျေးဆပ်က ဆိုသည်။

အပြိုင်သတင်းစာများ မဂ္ဂဇင်းတိုက်များကပင် အိုဝင့်ကို ချီးကျူးဂုဏ်ပြုကြလေသည်။
"မင်း ၀မ်းမသာဘူးလားဟင်"
အိုဝင်က ဂျိန်းကို မေးသည်။ တနင်္ဂနွေနေ့ ညနေပိုင်း၊ နယူးယောက်မှ ဂုဏ်ပြုကြေးနန်းတွေ တစ်ထပ်ကြီး ရောက်လာချိန်တွင် အိုဝင် မေးခြင်း ဖြစ်၏။
ဂျိန်းက ကြေးနန်းတွေကို ဖတ်ပြီး သူ့ကို ပြန်ပေးရင်း ခပ်အေးအေး ပြန်ဖြေသည်။

"၀မ်းသာပါတယ်"
"မင်းပြောပုံက ၀တ်ကျေတန်းကျေ ပုံစံကြီး"
"အိုဝင် တစ်ယောက်တည်း ရေးတာမှ မဟုတ်ဘဲ၊ ဂျိန်းလည်း တစ်ချိန်လုံး ပါနေတာပဲ၊ ဂျိန်း ကူညီခဲ့ရတာပဲ"
"အဲဒီတော့"
"ဂျိန်းကျတော့ ဘယ်သူမှ မချီးကျူးကြပါလား၊ ဂျိန်းလည်း ကြိုးစားခဲ့ရတာပဲ"
"မင်းက မိန်းကလေးပဲ"
"ဘာလဲ၊ ကျွန်မက မီးဖိုချောင်ထဲမှာပဲ နေရမှာလား"

"မင်းက သတင်းထောက် မဟုတ်ဘူးလေ၊ ကိုယ်နဲ့ အလည်လိုက်တာပဲ"
"သြော် ရှင့်ခေါင်းစဉ်က သွေးနှင့် နှင်းဆီ"
ဂျိန်းက သတင်းမဂ္ဂဇင်းမှ သူ့သတင်းဆောင်းပါး ခေါင်းစဉ်ကို အစဖော်ပြီး ဆက်ပြောသည်။
"ကျွန်မ မပါရင် ရှင် အဲဒီခေါင်းစည်း ရမလား"
"သိပ်လှတဲ့ ခေါင်းစည်းပဲ"
ဂျိန်းခဏ ငြိမ်နေသည်။

"အဲဒီအတွက် မင်းကို ကိုယ် ကျေးဇူးမတင်ဘူးလား၊ တကယ် ကျေးဇူးတင်ပါတယ် ဂျိန်း"
"တစ်ခါမှ မပြောဖူးပါဘူး"
"ဟုတ်လား၊ မပြောမိဘးလား၊ ဆောရီးကွာ၊ ကိုယ် အရမ်း ကျေးဇူးတင်တာပါ"
ဂျိန်း ပုခုံးတွန့်သည်။

"ရှင်ဟာ ရှင့်အတွက်ကလွဲပြီး ဘာမှ မစဉ်းစားပါဘူး၊ ဘယ်သူအတွက်မှ မစဉ်းစားဘူး၊ ကော်လံ ဘယ်လောက် ရတယ်၊ စာမျက်နှာ ဘယ်လောက်ရတယ်။ ဘယ်နှစ်ပုဒ် ရေးခွင့်ရတယ်၊ ရှင့်ကို ဘယ်သူ တွေက ချီးကျူးကြတယ်၊ ဘယ်လွှတ်တော်အမတ်က ထောမနာပြုတယ်၊ ကျွန်မအတွက် ကျတော့ကော၊ ခု ကျွန်မ ရှင့်ကို ၀ိုင်းကူနေတယ်လေ၊ မဟုတ်ဘူးလား ပြော"
"ဟုတ်ပါတယ် ဂျိန်းရယ်၊ မင်း ၀ိုင်းကူပါတယ်၊ ဒါကြောင့် ကိုယ် ကျေးဇူးပဲလို့ ပြောပြီးပြီလေ"

"တခြားလူတွေအတွက် ရှင် ဘာထည့်တွက်သလဲ၊ မစ္စက်ကနေဒီ အကြောင်း ရှင် ဘာစဉ်းစားသလဲ၊ သူ့ကလေး တွေအတွက် ရှင် ဘာတစ်ကြောင်းရေးသလဲ၊ တိုင်းပြည် ရှေ့ဘာဖြစ်မယ်ဆိုတဲ့ ကိစ္စ ရှင် ဘာ ဆွေးနွေး သလဲ"
"ဟေ့ ဟေ့ မင်းရဲ့ လောကနီတိတွေကိုတော့ ကိုယ့်ကို လက်ဆင့်မကမ်းနဲ့နော်"
"ဘာလို့ မကမ်းရမှာလဲ"
"ကိုယ်နဲ့ ခွင်မကျလို့လေ"
"ကျွန်မကျတော့၊ အသုံးချခံဘ၀၊ ကန့်လန့်ကာနောက်ကွယ်ဘ၀နဲ့ ခွင်ကျတယ်ပေါ့လေ၊ ရှင့် အဖြေဖျော်ခံ ဘ၀ နဲ့ပဲ တန်တယ်ပေါ့လေ"

"ဘယ်သူက မင်းကို အဲဒီလို သဘောထားနေလို့လဲ၊ ဘယ်သူက အသုံးချနေလို့လဲ"
"ဘယ်သူ ရှိမလဲ၊ ရှင်ပေါ့၊ ရှင်က ကျွန်မကို နောက်ကွယ်မှထားပြီး အချက်အလက်စုဆောင်းတဲ့ မှတ်စု စာအုပ် တစ်အုပ် လောက် သဘောထားတာပဲ၊ ရှင်လိုတဲ့အခါမှ ကျွန်မကို ထုတ်သုံးရုံလောက် သဘောထားတာပဲ"
"ဒါဆို မင်း အစကတည်းက လိုက်ခဲ့ဖို့ မကောင်းဘူး"
"ရှင် ဖိတ်တာ မဟုတ်ဘူးလား၊ ရှင် မေ့နေပြီလား"
"မမေ့ပါဘူး၊ ကိုယ် သတိရပါတယ်"
"ရှင်က ကျွန်မပါလာ တဲ့ အတွက် နောင်တရနေတဲ့ သဘောလား"
"မင်းက အဲဒီလိုဖြစ်အောင် လုပ်နေတာကိုး"

"ရှင့်အာရုံမှာ သတင်းဆောင်းပါးရေးဖို့ရယ်၊ လုပ်ကြံမှုအထူးထုတ်မှာ ရှင့်အတွက် ဘယ်နှကော်လံ ရမယ်ဆိုတာလောက်ပဲ ရှိတယ် မဟုတ်လား"
"ဟ အဲဒါ ဘာဖြစ်လဲကွ၊ ကိုယ်က ဒါနဲ့ အသက်ရှင်နေရတာပဲ"
"ရှင့်ဆောင်းပါးတွေ၊ ကော်လံတွေ ကျွန်မ တစ်ခုမှ ဂရုမစိုက်ဘူး"

တကယ်ပဲ သည်ဇာတ်လမ်းကို သည်မှာ ဆုံးစေလို၍ ဂျိန်း အပြတ်ဖြတ်လိုက်ခြင်း ဖြစ်၏။ အိုဝင် ဘာမှ ဆက်မပြော နိုင်ခင် အ၀တ်အစားတွေကို ခရီးဆောင်အိတ်ထဲသို့ ဂျိန်းက ပစ်ထည့်နေပြီ။
ပြီးသည် နှင့် တံခါးကို ၀ုန်းကနဲ ဆောင့်ကန်ပိတ်ခဲ့ပြီး အခန်းထဲမှ ထွက်လာခဲ့တော့၏။ ဟိုတယ်ရှေ့မှ တက်စီ တစ်စင်း ပေါ်သို့ အပြေးအလွှား ခုန်တတ်ပြီး လေယာဉ်ကွင်းသို့ တစ်ကျိုးတည်း ထွက်ခဲ့သည်။
သူနှင့် ဘယ်တော့မှ ပြန်မတွေ့ဖို့ ဂျိန်း ဆုံးဖြတ်လိုက်၏။ သည်အတွက် ဘာမှ ဂျိန်းဘက်မှ ထိခိုက် စရာ မရှိပါ။ အတ္တကြီးကြစတမ်းဆိုလျှင် မိမိဘက်ကလည်း ကြီးနိုင်သည်ပဲပေါ့။ မိမိကလည်း ကလောင်တစ်ချောင်း ပိုင်သူပဲ။ လုပ်ကြံမှု သတင်းအစအဆုံး မိမိလည်း ကိုယ်တိုင် မြင်ခဲ့ရသူပဲ။ တစ်ကမ္ဘာလုံး စိတ်ဝင်စား နေကြသည့် သည်သတင်းကြီး၏ မျက်မြင်သက်သေပဲ။
တနင်္ဂနွေနေ့ညတွင် အခန်းပြန်ရောက်ရောက်ချင်း ၀ီလ်မာ ကို ရင်ဖွင့်သည်။
"ငါက မိန်းကလေးမို့တဲ့၊ အဓိပ္ပာယ်မရှိ"
 
အခန်း (၃၂)
အယ်လီ

ဖုန်း ကောက်ကိုင်တော့ အိုဝင့်အသံကို ကြားရသည်။ ကြည့်စမ်း တစ်နိုင်ငံလုံး ဖုန်းလိုင်းတွေ ရှုပ်ပွေ ကျပ် ညပ်နေစဉ် သူရအောင် ခေါ်နိုင်သည်။ သိပ်ကို ထူးခြားသည့် အိုဝင်။ သူများတကာ မစွမ်းသည်ကို စွမ်းဆောင်နိုင်သည့် အိုဝင်။

" မင်း ဖုန်းနံပါတ်ကို အီသယ့်ဆီက ရတာ၊ တစ်ချိန်လုံး ကိုယ်အိမ်ထဲမှာ ရှိနေခဲ့တယ် အယ်လီ " ဟု အိုဝင် အစချီသည်။ ဂျိန်းက မိမိ ရင်ခွင်ထဲမှ ထွက်သွားလေပြီ။ မသွားလျှင်လည်း မိမိက ခွာတော့မှာပါဟု အိုဝင် တွေးမိသည်။ တော်တော် စိတ်အနှောင့်အယှက်ပေးသည့် မိန်းမ။ ဘယ်တော့မှ ထပ်မတွေ့ပါစေနဲ့ဟု အိုဝင် ဆုတောင်းလိုက်၏။
" ကိုယ် မင်းကိုခေါ်ဖို့ အကြိမ်တစ်ထောင်မက ကြိုးစားခဲ့တယ်၊ ဘာကြောင့် မဆက်ဖြစ်တာလဲ ဆိုတာ၊ ကိုယ့် ကိုယ်ကိုယ် နားမလည်နိုင်အောင်ပဲ။ ဒါပေမယ့် ခုလို အချိန်မျိုးမှာ မင်းနဲ့ စကားပြောချင်တယ် အယ်လီ"

" တစ်ချိန်လုံး အယ်လီ၊ မောင့် အကြောင်းပဲ စဉ်းစားနေတာပါ၊ မဂ္ဂဇင်းတိုက်ကို ဖုန်းဆက်နေတာ မရလို့၊ ခု ဘယ်ကဆက်နေတာလဲဟင် "
" ဒါလက်စ်က ဆက်နေတာ၊ ဖြစ်တုန်းက ကိုယ်အနားမှာ ရှိတယ် "
" မကြားဝံ့ မနာသာ ပဲနော် "
" ဟုတ်တယ် အယ်လီ၊ မင်း ဘာဆက်လုပ်မလဲ ဟင် "
" မသိသေးပါဘူး မောင်ရယ် "
" နယူးယောက် ကို လာခဲ့ပါလား အယ်လီ၊ ယိုးဒယားစားသောက်ဆိုင် ကောင်းကောင်းကလေးတစ်ခု တွေ့ ထားတယ် "

ဆက်ရန်
.

No comments: