Saturday, May 28, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၅)

အခန်း(၅)

အလုပ်အကိုင် ရှာဖွေရေး၊ နေရာချထားရေး၊ ရုံးတကာ ကျွန်တော် နှံ့နေပြီ။ သတင်းစာတွင် ခေါ်သည့် နေရာများ လည်း တစ်ခုမကျန် ကျွန်တော် ရောက်ပြီးပြီ။ ကျွန်တော့်ကိုယ် ကျွန်တော်ပင် အလုပ် လုပ် လို ကြောင်း ကျွန်တော့် အသားရောင်နှင့် ကျွန်တော့် အရည်အချင်းကို ဖော်ပြလျက် ကြော်ငြာထည့်သေးသည်။
သို့သော် ကျွန်တော့်ကို လိုချင်သည့် အလုပ်ရှင် တစ်ဦးတလေမှ ပေါ်မလာခဲ့ပါ။ ကျွန်တော့်ကို အလုပ်ရှင်တွေ ငြင်းပယ်ကြသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ဖြစ်၏။ အသားမည်းလွန်းသောကြောင့် ဟူသတည်း။

ဥပမာ ဒက်ဂျီဟန် လျှပ်စစ်ကုမ္ပဏီဆိုပါစို့။ စက်မှုအင်ဂျင်နီယာများ လိုနေကြောင်း သတင်းစာတွင် ကြော်ငြာ ထည့်သည်။ လိုအပ်သည့် အရည်အချင်းကို အတိအကျ ဖော်ပြမထား။ သည်တော့ ကျွန်တော် လျှောက် လိုက်သည်။ သည်တစ်ခါ ကျွန်တော် လူမည်းဖြစ်ကြောင်း လျှောက်လွှာထဲတွင် ထည့်မရေးလိုက်ပါ။
နောက်တစ်နေ့တွင် လာတွေ့ဖို့ ပျာပျာသလဲ ခေါ်စာရောက်လာ၏။ ကိုးနာရီတိတိတွင် ကျွန်တော် ရောက် သွားသည်။ စာရေးမကလေး တစ်ယောက်က ပုံစံများ ဖြည့်ခိုင်းပြီး မန်နေဂျာအခန်းသို့ ခေါ်သွားသည်။

ကျွန်တော့်အရွယ် လူငယ်တွေ အများကြီး ထိုင်စောင့်နေသည်ကို တွေ့ရ၏။ အချို့မှာ စိတ်လှုပ်ရှားနေပုံ၊ အချို့က တုန်တုန်ယင်ယင်ဖြင့် ပုံစံဖြည့်နေကြ၏။ လူရွယ်တစ်ယောက်က စာလုံးပေါင်း မသေချာသဖြင့် ဘေး လူတွေကို အကူအညီတောင်းနေ၏။ နံဘေးမှ လူရွယ်တွေကလည်း တစ်ယောက်မှ အဆုံးအဖြတ် မပေးနိုင်ကြ။ ကျွန်တော် ၀င်ပြီး ပြင်ပေးလိုက်ရသည်။
မန်နေဂျာ အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ၀င်ကြရသည်။ နောက်ဆုံး ကျွန်တော့်အလှည့်ရောက် တော့၏။ ကျွန်တော် ဖြည့်ပေးထားသည့် ပုံစံကို ကိုင်ပြီး မန်နေဂျာ ထိုင်နေသည်။ ကုလားထိုင်တစ်လုံးကို ညွှန်ပြီး ကျွန်တော့်ကို ထိုင်ခိုင်းသည်။ ပုံစံကို သေသေချာချာ ငုံ့ဖတ်သည်။

သူနှင့် ကျွန်တော် ထုံးစံအတိုင်း အမေးအဖြေလုပ်တမ်း ကစားကြသည်။ သူ့မေးခွန်းများတွင် လျှပ်စစ်စက်မှု နှင့် ပတ်သက်သည့် ပညာရပ်များသိပ်မပါ။ စိတ်လည်း ၀င်စားဟန်မတူ။ နောက်ဆုံး သူက ဖွင့်မေးသည်။
" မောင်ရင် ဘာလို့ ဒီအလုပ်ကို လုပ်ချင်ရတာလဲ "
လုံးဝ မဆီလျော်သည့် မေးခွန်း။ ကျွန်တော် ထောင်းခနဲ ဖြစ်သွားသည်။

" ကျုပ် တစ်နေ့နှစ်နှပ် စားနေတဲ့ ထမင်းဖိုး၊ နေ့တိုင်းဝတ်နေတဲ့ အ၀တ်ဖိုးနဲ့ အိပ်ဖို့ ကျောတစ်နေရာစာ အတွက်ပေါ့ဗျ"
" မောင်ရင် ၀တ်လာတဲ့ ၀တ်စုံမျိုး ကျုပ်တိုဆီက ရမယ့်လခနဲ့ ဘယ်ဝယ်နိုင်မလဲကွ၊ အဲဒီ လောက် ကျုပ်တို့ မတတ် နိုင်ပါဘူး မောင်ရာ "
ကျွန်တော် သူ့ကိုငေးကြည့်နေမိသည်။ မဆိုင်တဲ့အပေါက်ကလိုင်နှင့် ခေါက်ခြင်း။ သူ ကြော်ငြာတဲ့အလုပ်နဲ့ ကျွန်တော့်ဝတ်စုံနဲ့ ဘာမှမဆိုင်။ သူက ဆက်ပြီး -
" ကျုပ် အလယ်တန်းတောင် မအောင်ဘူး၊ ကျုပ်တို့ စက်ရုံက လူကြီးတွေလည်း တစ်ယောက်မှ မောင်ရင့် လောက် ပညာတတ်ကြဘူး၊ ဒီတော့ မောင်ရင်နဲ့ ဒီအလုပ်နဲ့ မသင့်လျော်ပါဘူး၊ ဆင်တော် နဲ့ ခလောက် ဖြစ် နေမှာပေါ့၊ မောင်ရင်ရဲ့ ပညာတတ် ... "

ကျွန်တော် ဆက်သည်းမခံနိုင်တော့ပါ။ သူ့လက်ထဲမှ ကျွန်တော့် လျှောက်လွှာပုံစံကို ဆတ်ခနဲ ဆွဲယူပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဆွဲဆုတ်ပစ်လိုက်သည်။ သို့သော် စက္ကူစုတ်များကိုတော့ အမှိုက် ခြင်းတောင်း ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်ပါ၏။ ပြီးတော့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက် ခဲ့ ပါသေးသည်။

အလုပ်လက်မဲ့ ဘ၀ဖြင့် ဆယ့်ရှစ်လနီးပါး ရှိခဲ့ပြီ။ ဆူးတွေလည်း တစ်ချောင်းပြီးတစ်ချောင်း ပေါက်ခဲ့ပြီ။ လွတ် လပ်စွာ အလုပ်လုပ်ပိုင်ခွင့်ကို ပေါ့ပေါ့တန်တန် ကာဆီးနေကြသူတွေ၊ စာနာမှုကင်းစွာ နင်းခြေနေကြသူတွေ ကို ကျွန်တော် စက်ဆုပ်ရွံရှာစ ပြုလာပြီ။ ကျွန်တော့် ရင်ထဲတွင် အမုန်းခွန်အားတွေ ပေါက်ကွဲမတတ် တင်း ကျပ်လာပြီ။
ကျွန်တော့် အရည်အချင်းကို အသိအမှုတ် ပြုကြပါသည်တဲ့။ အောက်တန်းစားအလုပ်နဲ့ ကျွန်တော် မတန်ပါ တဲ့။ အထက်တန်း ရာထူးများကျတော့ အသားမည်းလို့တဲ့။ ပြီးတော့ ကျွန်တော် အထက်တန်းကျကျ သပ် သပ်ခပ်ခပ် ၀တ်စားတာကို မလိုတမာ "ရိ"ကြသေး၏။

တပ်က ထွက်ခွင့်ရဖို့ သေချာသလောက်ရှိချိန်တွင် အင်္ဂလန်၏ အ၀တ်အထည် ရှားပါးမှု ပြဿနာအကြောင်း ကျွန်တော့် ဦးလေးထံ စာတစ်စောင် ရေးလိုက်၏။ တစ်လခန့်အကြာတွင် အတွင်းခံများ၊ လည်စည်းများမှ အစ အကောင်းဆုံး ၀တ်စုံတွေ ဦးလေးလုပ်သူက ပို့ပေးလာသည်။ ထို့ကြောင့် ကျွန်တော် တစ်ယောက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေခြင်းဖြစ်ပါ၏။
ဇာဂနာထိပ်ဖျားတွင် အညှပ်ခံထားရသည့် ပိုးမွှားတစ်ကောင်လို မီရာကို ဖမ်းကိုက်ချင်စိတ် ပေါက်လာသည်။ ဘာကိုမှ ကျွန်တော် မယုံတော့။ ဘယ်သူ့ကိုမှ မယုံချင်တော့။ ငယ်ငယ်ကတည်းက ကျိုးကျနေခဲ့သည့် လောက၀တ် တွေကိုလည်း မကျင့်သုံးချင်တော့။

သက်ကြီးရွယ်အိုတွေနှင့် အားနွဲ့သည့် အမျိုးသမီးများကို လူစီးယာဉ်များပေါ်တွင် ဦးစားပေးခြင်းမျိုး မလုပ် ချင်တော့။ အသားဖြူမှန်လျှင် ကျွန်တော့်မျက်လုံးများက မလိုတမာ ကြည့်တတ်လာသည်။
ကံကောင်းသည်မှာ သည်မစ္ဆေရစိတ်တို့သည် ကျွန်တော့်ရင်ထဲတွင် ကင်ဆာရောဂါလို အမြစ်တွယ် နေခြင်း မရှိဘဲ ရံခါတွင် ပျောက်ကွယ်နေတတ်သည်။ လူသားဆန်သည့် လူအချို့နှင့်တွေ့လျှင် ကျွန်တော့် သူပုန် စိတ်တွေ လျော့ကျသွားတတ်သည်။ မမျှော်လင့်သည့် ထောင့်တစ်ထောင့်မှ သည်လို လူသားဆန်မှုနှင့် ကြုံရပြီး ကျွန်တော့် ဘ၀လမ်းကြောင်းကို တစ်ဆစ်ချိုး ပြောင်းလဲစေမည့် အကြံဥာဏ်များ ရခဲ့ခြင်းပင် ဖြစ် ပါ၏။

တစ်နေ့ စိန့်ဂျိမ်းပန်းခြံထဲမှ ကန်ရေပြင်ကို ကျွန်တော် ငေးကြည့်နေစဉ်ဖြစ်သည်။ ဘဲတစ်အုပ်သည် လူတွေ ပစ်ချပေးသည့် အစားအစာများကို လုယက် စားသောက်နေကြ၏။ ကျွန်တော့် နံဘေးတွင် မျက်မှန်နှင့် ပိန်ပိန် ပါးပါး အဘိုးကြီးတစ်ယောက် ထိုင်နေသည်။ ဘဲများသည် အရောင်အသွေးလိုက်၍ အမူအကျင့်ချင်း မတူကြကြောင်း ပြတ်တောင်း ပြတ်တောင်း ပြောနေ၏။
ဗဟုသုတ ကြွယ်ပုံရ၏။ သို့သော် ကျွန်တော်က စိတ်မ၀င်စားသဖြင့် သူ့ကို မသိကျိုးကမံပဲ နေလိုက်သည်။ ခပ်ကြောင်ကြောင် အဘိုးကြီးပဲဟု သဘောထားလိုက်သည်။ ကျွန်တော်၏ မထီမဲ့မြင် အမူအရာကို ထိုလူကြီး က လုံးဝ မမှုသည့်ပုံဖြင့် ကျွန်တော့်ကို တိုက်ရိုက် စကားပြောလာသည်။

" မောင်ရင် အင်္ဂလန်ကို ရောက်တာ ကြာပြီလား "
အသံက ဘာထရန်ရပ်ဆဲ၏ အသံလို အောင်မြင်သည်။ ကြည်လင်သည်။ ကျွန်တော်က ဖျတ်ခနဲ သူ့ကို လှမ်း ကြည့်လိုက်သည်။ မနှစ်မြို့စွာဖြင့် အင်္ဂလန်ကို ရောက်နေရခြင်းအတွက် ကြုံတွေ့နေရသည့် ပြဿနာ တွေ၊ ခံစားနေရသည့် သောကတွေ၊ ဒေါသတွေက ဇယ်စက်သလို။ အင်္ဂလန်ဆိုသည့် စကားလုံးကို ကြားပင် မကြားချင်။
" မြို့ကြီးပြကြီးတိုင်းဟာ ငြီးငွေကစရာချည်းပဲ၊ လန်ဒန်လည်း အတူတူပဲကွယ့်"

သက်ကြီးရွယ်အိုတို့ ထုံးစံအတိုင်း စကားပြောချင်နေဟန်တူရဲ့။ နံဘေးကလူ ဖြူဖြူ မည်းမည်း အကြောင်း မဟုတ်။ ပြောရဖို့သာ အဓိကထင်ပါရဲ့။ ကျွန်တော် ပြန်ပြောချင်စိတ်လည်း မရှိပါ။ နားထောင်ချင်စိတ်လည်း မရှိပါ။ ကျွန်တော် ထသွားလျှင် အဘိုးကြီး ဘဲတွေနှင့် စကားပြော ကျန်ရစ်မည်လား မသိ။
သို့သော် ကျွန်တော် ထမသွားပါ။ နေရာရွှေ့ထိုင်ဖို့လည်း စိတ်မကူးမိပါ။ မောလျှင် သူ့ဘာသာ ရပ်သွား လိမ့်မယ် ဟု သဘောထားပြီး ဆက်ထိုင်နေသည်။

 ဒါက ဘယ်သူ့အပြစ်မှ မဟုတ်ဘူးလေ၊ မြို့ကြီးကကြီးတော့ ဧရာမကိစ္စကြီးတွေပဲ အာရုံစိုက်နေရတာပေါ့၊ မောင်ရင်တို့ ကျုပ်တို့ရဲ့ ပျော်ရွှင်မှုဟာ သူ့အတွက် အသေးအဖွဲ့ပဲ၊ ဘယ်ဂရုစိုက်နိုင်တော့မလဲ"
သူက အေးအေးလူလူ အမှတ်မထင် ပြောနေခြင်းဖြစ်၏။ ရုတ်ခြည်း ကျွန်တော် စိတ်ဝင်စားသွားသည်။ ထို လူကြီးကို သေသေချာချာ တစ်ချက်ပြန်ကြည့်လိုက်၏။ လေးနက်ခြင်းကို တွေ့ရသည်။ အလှတရားကို ရှာ ဖွေနေသည့် ပညာရှင်တစ်ဦး၏ မျက်နှာမျိုး။ ကျွန်တော် စိတ်ဝင်စားလာပြီဖြစ်ကြောင်း သူ ရိပ်မိသွားပုံရ၏။ ကြင်နာ တတ်ပုံရသည့် မီးခိုးရောင် မျက်လုံးများက ခင်မင်နှစ်လိုဖွယ်ရှိသည်။ သူက ဆက်ပြီး -

" မြို့ကြီးပြကြီးတွေဟာ စစ်မြေပြင် တစ်မျိုးပဲကွယ့်၊ သူတို့ဆီမှာ နေနိုင်အောင် တိုက်ပွဲဝင်ကြရတယ်။ " နေ" တယ်ဆိုတာ လူ့ရေစီးကြောင်းထဲမှာ အလိုက်သင့် မျောပါနေတာမျိုး မဟုတ်ဘူးနော်။ အဒါက "နေ"တာနဲ့ ခြားနား တယ်။ "နေ"ဖို့ဆိုရင် တိုက်ပွဲမ၀င်လို့ကို မရဘူး။ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ရမယ်။ ဒါပေမဲ့ အဲဒီလို ဘ၀မျိုးဟာ စိတ်ဝင်စားစရာကောင်းတယ်။ တန်ဖိုးရှိတယ်"
အဘိုးကြီး၏ ကြည်လင်သည့်အသံကို ကျွန်တော် သဘောကျမိသော်လည်း သူ့ဒဿနိကတွင် စိတ်ဝင်စား ခြင်းမရှိလှပါ။ သို့သော် -
"နီဂရိုးလူမျိုး တစ်ယောက်အဖို့ လူ့ရေစီးကြောင်းထဲမှာ မျောပါနေဖို့တောင် တိုက်ပွဲတွေ အများကြီး ၀င်ရဦး မယ်ခင်ဗျ" ဟု အလိုက်အထိုက် ပြောလိုက်မိသည်။

အဘိုးကြီး ရယ်သည်။ သူ့ရယ်ပုံက နံဘေးလူကို ကူးစက်စေသည့် ရယ်ခြင်းမျိုး။ ကျွန်တော် လိုက်ပြုံးမိသည်။ စင်စစ် ကျွန်တော့် မှတ်ချက်တွင် ရယ်စရာ လုံးဝ မပါပါ။
" ကျုပ်က မောင်ရင့်ကို ဘယ်လောက်ကြာကြာ ရေငုံနေနိုင်မလဲ စောင့်ကြည့်နေတာ "
ဆက် ရယ်နေပြန်သည်။ ပြီးမှ -
" စကားပြောတာဟာလည်း တစ်နည်းအားဖြင့် အထီးကျန် ဝေဒနာကို သက်သာစေတာပဲ မဟုတ်ဘူးလား "

ဒါကိုတော့ ကျွန်တော် မငြင်းနိုင်ပါ။ ဤသို့ဖြင့် ကျွန်တော်တို့ မိတ်ဟောင်းဆွေဟောင်းများလို စကားပြော ဖြစ်ကြသည်။ ကျွန်တော့်ရင်ထဲမှ ဝေဒနာတွေကို အိတ်သွန်ဖာမှောက် ကျွန်တော် ပြောချလိုက်မိ၏။
" မောင်ရင် ဘာပြုလို့ ကျောင်းဆရာ ၀င်မလုပ်သလဲ"
" မဖြစ်နိုင်ပါဘူး ခင်ဗျာ၊ ကျွန်တော်မှ ဆရာဖြစ်သင်ကျောင်းမှ မတက်ဖူးတာ "
" အို ... မလိုပါဘူးကွ၊ မောင်ရင့်ဘွဲ့တွေက နည်းတာမှ မဟုတ်တာ၊ မောင်ရင့် အရည်အချင်းနဲ့ ဘာလို့ ကျောင်းဆရာ မဖြစ်နိုင်ရမှာလဲ "

" ဒီမယ် ခင်ဗျ၊ သူတို့ လုပ်ငန်းတွေထဲမှာ မသုံးဘဲ ပထားတဲ့ ကျွန်တော်လိုကောင်မျိုးကို သူတို့ကလေးတွေရဲ့ ဆရာအဖြစ် ဘယ်လို လုပ်ပြီး လက်ခံကြမှာလဲ ခင်ဗျာ "
" ဘာပြုလို့ လက်မခံရမှာလဲ၊ သူတို့မှာ ကျောင်းဆရာတွေ အသေအလဲ လိုနေတာပဲဟာ "
" စက်မှု ပညာရှင်တွေလည်း အသေအလဲ လိုနေတယ်လို့ ပြောနေကြတာပါပဲ"

" အဲ ... တူတော့ မတူဘူးကွယ့်၊ ပညာရေးလောက က လူတွေကတော့ ကျုပ်သိသလောက် အသားအရောင် ခွဲခြားမှု သိပ်မရှိတတ်ကြဘူး၊ လန်ဒန် ပညာရေးကောင်စီဟာ အဲဒီအစွဲ လုံးဝ မရှိဘူးလို့ ကျုပ် ယုံတယ်။ ဒီလို လုပ်ပါ။ လျှောက်လွှာထဲမှာ မောင်ရင့်အသားရောင်ကို ထည့်မရေးနဲ့ "
" ပညာရေးဌာနမှာ ထပ်စမ်းကြည့်ပါဦး၊ မောင်ရင့်မှာ အရှုံးမရှိနိုင်ပါဘူးလေ၊ လန်ဒန် အရှေ့ပိုင်းမှာ ဆရာ တွေ လိုနေတယ် ကြားတယ် "
" ဘာပြုလို့ လန်ဒန်အရှေ့ပိုင်းမှာမှ ကွက်ပြီး ဆရာတွေ လိုနေရပါသလဲ ခင်ဗျာ "

" အဲ ... နယ်ကြမ်းတယ် ဆိုပါတော့ကွာ၊ ဆရာ ဆရာမတွေ အဲဒီအပိုင်းကို ရှောင်ကြတယ် "
" သြ ... ဒါ့ကြောင့် နီဂရိုးတစ်ယောက်နဲ့ ကိုက်တယ်လို့ ဆိုလိုတာပေါ့ ဟုတ်လား "
ခါးသီးနာကြည်းမှုက ကျွန်တော့်ရင်ထဲတွင် လှိုင်းထလာပြန်သည်။ အားလုံးကို မယုံကြည်စိတ်က အနည်ထိုင် လှသည် မဟုတ်သေးပါ။
" အို ... နေပါဦး မောင်ရင်ရဲ့ "

ထိုလူကြီးသည် ကျွန်တော် ထင်သည်ထက်ပင် စိတ်ရှည်နေ၏။ ကျွန်တော့်ကို သည်းခံနေ၏။
" လန်ဒန် အရှေ့ပိုင်းရပ်ကွက်ကို သိပ်အထင်မသေးနဲ့ကွယ့်၊ ဆင်းရဲသားရပ်ကွက်ဖြစ်ပေမဲ့ ခေတ်ပညာတတ် တွေ အများကြီး ထွက်တာ။
အဲ ... နိုင်ငံရေးသမိားတော့ မထွက်ဘူး "
ကျွန်တော့်အပေါ် စေတနာနှင့် ပြောနေမှန်းသိ၍ ကျွန်တော် ဒေါပွမိသည့်အတွက် စိတ်မကောင်း ဖြစ်သွား သည်။

" စမ်းကြည့်စမ်းပါ မောင်ရင်ရဲ့ "
သည်အဘိုးကြီးနှင့် ကျွန်တော် စကားလက်ဆုံကျပြီး အကြောင်းအရာ ပေါင်းစုံ ဆက်ပြောဖြစ်ကြသည်။ လူချင်းခွဲပြီးကာမှ တစ်ယောက်နာမည်ကို တစ်ယောက် မမေးဖြစ်လိုက်ကြောင်းကို ကျွန်တော် သတိရသည်။ တစ်နေ့တွင်တော့ သူ သည်စာအုပ်ကို ဖတ်ဖြစ်ကောင်းရဲ့ဟု ကျွန်တော် မျှော်လင့်မိပါ၏။ ထိုအခါ သူနှင့် မတော်တဆ တွေ့ဆုံရသည့် တဒင်္ဂအတွက် ကျွန်တော် မည်မျှ ကျေးဇူးတင်လျက် ရှိကြောင်း သူ သိပါ လိမ့်မည်။

သူ နိမိတ်ဖတ်သည့်အတိုင်းပင် ပညာရေးဝန်ကြီးဌာနက ကျွန်တော့်ကို ခေါ်တွေ့သည်။ မကြာမီ အလုပ်ခန့် မည့် အကြောင်းနှင့် ဆေးစစ်ဖို့ အကြောင်းကြားစာ ရောက်လာသည်။
သည်အဆင့်ကိုတော့ ကျွန်တော် အခက်အခဲမရှိ ကျော်လွှားနိုင်ခဲ့သည်။ သည်နောက်မှ ခန့်စာရောက်လာပြီး တိုင်းပညာဝန်ရုံးကို သတင်းပို့ရသည်။ တိုင်းပညာဝန်ရုံးမှ ကျွန်တော့်ကို နေရာချထားလိုက်သည့် ကျောင်းမှာ လန်ဒန်အရှေ့ပိုင်းရပ်ကွက် ဂရင်းစလိတ် စက်ကင်ဒရီကျောင်း။
--------------------
ဆက်ရန်
.

4 comments:

ahphyulay said...

မမရွှေစင်...
အခုမှ စက်ပြန်ကောင်းလို့  ပျော်ရ၊
လည်ရပါသည်။ ဖတ်လို့ ကောင်းသော
စာများကို ဖတ်ပါတော့ မည်။
ကျွန်တော်မလုပ်နိုင်သေးသောအလုပ်ကို
မမရွှေစင် လုပ်နိုင်ခဲ့ လို့  ဝမ်းသာကြည်နူး
မိပါသည်။
နောက်တစ်ခေါက် လို့  လဲ စိတ်ကူးမိအုံး
မည်ဟု ထင်ပါသည်။
နောက်မှ ထပ်လာပါအုံးမည်။
ကျေးဇူးတင်ပါသည်။

စံပယ်ချို said...

သူကျောင်းဆရာဖြစ်တော့မယ်ထင်တယ်...
ဒီတခါတော့အဆင်ပြေမယ်ထင်တာပဲနော်....

Anonymous said...

၁၉၆၂မှာ ဗမာကို မုန်းပြီး မြန်မာပြည်မှခွဲထွက်ရန် ကြိုးပမ်းမှုကြောင့် စစ်တပ်သည် အဏာသိမ်းခဲ့ရသည်။ ငါတို့အဏာရရှိရန် ဖန်တီးခဲ့သူ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပင်လုံစာချုပ်ကို ကျေးဇူးတင်သည်။ တရုတ်ကြီး သရဏံ ဂစ္ဆာမိ။ တိုင်းရင်းသား သရဏံဂစ္ဆာမိ။ ပင်လုံစာချုပ် သရဏံ ဂစ္ဆာမိ။


ပုံ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

Anonymous said...

အပေါ်မှာ လာရေးသွားတဲ့ စစ်ခွေးကောင်

နင်တို့သခင်တွေ အာဏာသိမ်းတာ အရှက်မရှိလို့ သိမ်းတာ။ ပင်လုံစာချုပ်နဲ့ ဘာမှ မဆိုင်ဘူး။ တိုင်းရင်းသားအချင်းချင်းနဲ့လဲ ဗမာတိုင်းရင်းသားကို လှည့်ရန်မတိုက်နဲ့။

နင်တို့ကို လာလာမရေးပါနဲ့လို့ ဘလော့ပေါင်းစုံက ကန်တော့ဆွမ်း လုပ်နေတဲ့ကြားထဲက အတင်းလိုက်ရေးနေတာ မရှက်ဘူးလား။ ပါးရိုက်ခံရပြီးမှ မှတ်မှာလား။

မရွှေစင်ရေ။ အဲဒီစစ်ခွေးကောင်ရဲ့ မဆီမဆိုင်တွေကို ဖျက်လိုက်ရင် ကောင်းပါမယ်။