Thursday, May 5, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၁၈)

လူစကား ကို မပြောတတ် နားမလည်ဘဲ တောရိုင်း တိရစ္ဆာန်တကောင်လိုသာလျှင် ကျင့်ကြံနေထိုင်သည့် လူစိတ်ပျောက် နေသည့် လူရိုင်း၊ ယဉ်ကျေးသော လူကိုမြင်လျှင် သတ်ချင်စိတ်ရှိနေသည့် ကြမ်းကြုပ် ရက်စက် သော စိတ်ရှိသည့် လူရိုင်းတယောက်သာ ဖြစ်မည်ဟု ကျော်ကျော်တို့သားအဖ နှစ်ယောက်လုံး ချွင်းချက် မရှိ ယုံကြည်လိုက်ကြသည်။

'ဒီသတ္တ၀ါရဲ့ ဗလမျိုးနဲ့ဆိုရင် ဖေဖေတို့သားတို့လို မှန်တန်းလူတယောက်ကို အသာလေး လည်မြို ညှစ်သတ် နိုင်တာပေါ့၊ အားရှိအောင် ကောင်းကောင်းကြွေးပြီး  ကောင်းကောင်း မွေးထားရမယ်၊ ဒါမှ ဖေဖေ တို့လုပ်ငန်းမှာ သိပ်အသုံးဝင်မှာ'
'လွတ်သွားရင်'
ကျော်ကျော် က ဘခင်စကားကို နားထောင်နေရာမှ အဓိပ္ပာယ်ကျယ်ဝန်းသော စကားတလုံးကို ပြော လိုက်သည်။

ဦးအေးထွန်းက ရယ်လိုက်၏။
'ဖေဖေ သတိရှိပါတယ်သားရယ်၊ သူ့ကိုယ်ပေါ်မှာ ယောဂီရောင် အ၀တ်တခု ပတ်ပေးထားပြီး ခြေနဲ့ လက် ကို ကြိုးတုပ်ရက်နဲ့ မော်တော်ကားပေါ် တင်သွားတာပေါ့၊ စစ်ဆေးမေးမြန်းရင်လဲ တရားကျင့်နေတဲ့ ဖက်ကီးယောဂီ တယောက်ကို ပင့်ဆောင်လာတယ်ပေါ့၊ သူ့အဓိဌာန်ကြော်င့စကားမပြောဘူးပေါ့၊ ဖေဖေ တို့ မော်တော်ကားက ဒေါ့ဂျစ်ဘဲ၊ ဒီသတ္တ၀ါကို ယူသွားဘို့ ကောင်းကောင်း အဆင်ပြေတယ်'
'ဒီသတ္တ၀ါ က ရုန်းကန်အော်ဟစ်လုပ်ရင်ကော ဖေဖေ'

'လွယ်ပါတယ် သားရယ်၊ သူ့ကို ကျွေးတဲ့ အစာထဲမှာ မူးဝေစေတဲ့ ဆေးထည့်ကျွေးလိုက်ရင် ဒါမှမဟုတ် အိပ်ဆေး ထည့်ကျွေး လိုက်ရင် ပြီးနေတာပါ'
'ဖေဖေစီစဉ်တာကောင်းပါတယ်၊ ကျွန်တော်တို့အိမ်ကလဲ မြို့အစွန် ခြံဝင်းကလဲကျယ်၊ အိမ်အောက်ထပ်မှာ မြေတိုက်ခန်း ကလဲရှိနေတော့ အဆင်တော့အပြေသားဖေဖေ'
ကျော်ကျော် သည် ဖခင်၏ အစီအစဉ်ကို အားပါးတရ ထောက်ခံလိုက်သည်။

'နိုင်လွန်ကြိုးတွေနဲ့ သေသေချာချာတုပ်ထားတာ ဒီသတ္တ၀ါ လွတ်မထွက်နိုင်ပါဘူး၊ ကဲ...ဖေဖေတို့ ညစာ သွားစား လိုက်ကြရအောင်၊ ဒီသတ္တ၀ါသတိရလာရင် အစာလေး ကျွေးလိုက်ကြတာပေါ့'
ဦးအေးထွန်း ပြောသောအခါ....
'သူ့ကို ယူသွားကာနီးမှ ဆေးခပ်ကျွေးမှာလား ဖေဖေ'
ဟု ကျော်ကျော်က မေးသည်။

'အေးပေါ့သားရဲ့၊ နက်ဖန်မနက်စောစော ထွက်ကြမယ်လေ၊ အဲဒီတော့ မနက်သွားကာနီးမှာမှ သူ့အစာ ထဲ မှာ ခပ်ပြင်းပြင်းလေး အိပ်ဆေးထည့်ကျွေးလိုက်တာပေါ့၊ အခုကျွေးထားလို့ မဖြစ်သေးဘူး'
သားအဖ နှစ်ယောက် အချီအချပြောပြီး မြေပြင်ပေါ်မှာ ကြိုးတုပ်ထားလျက် တုံးလုံးလဲနေသော ခင်မောင်အေး အနားက ထွက်သွားကြသည်။
ခင်မောင်အေးသည် သတိရနေသည်၊ အားခွန်ဗလပြည့်ဝပြီး ကျန်းမာသန်စွမ်းသူ ဖြစ်သည့်အတွက် ရရှိသည့် ဒဏ်ရာ ကြောင့် သတိမေ့သါားသည်မှာ အချိန်မကြာချေ၊ သူ့ကို တဲအိမ်ထဲ ယူလာပြီး ကြိုးဖြင့်တုပ်ပြီးသည့် အချိန် ကပင် ခင်မောင်အေး သတိရနေသည်။

သို့သော် ခင်မောင်အေးသည် မဆင်မခြင် စိတ်စောစွာ ပြုမူလိုက်မိသည့်အတွက် ရန်သူ့လက်ထဲသို့ ကျရောက် ရကာ ယခုလို အတုပ်အနှောင်ခံနေရသည်ကို စဉ်းစားလိုက်မိသောကြောင့် သတိမေ့လက်စနှင့် ဆက်လက်ပြီး မေ့ဟန်ဆောင်ကာ ငြိမ်သက်စွာ မျက်စေ့မှိတ်နေလိုက်ခြင်းဖြစ်သည်။

မျက်စေ့မှိတ်နေရာမှ ဦးအေးထွန်းတို့ သားအဖပြော နေကြသည့် စကားတွေကို ကြားနေသည်၊ ဦးအေးထွန်း တို့ သားအဖပြောနေသည့် စကားတွေထဲမှာ သူနားမလည်သည့် စကားတွေပါသော်လဲ သူ့ကို ထွက်ပြေး၍ မဖြစ်အောင် အစာထဲမှာ ဆေးခပ်ကျွေးပြီး ခေါ်သွားမည်ဆိုသည်ကိုမူ ခင်မောင်အေး သဘောပေါက်သည်၊ ထိုကြောင့် ခင်ောမင်အေးသည် ရန်သူတွေထင်နေကြသည့်အတိုင်း လူစကားမပြောတတ်သည့် ဟန်ဆောင် နေခြင်း သည် သူ့အဖို့ ကောင်းည်ဟု ဆုံးဖြတ်လိုက်သည်။

ဤနည်းဖြင့် သူ့ရန်သူတွေ ဘာလုပ်သည်၊ ဘာပြောသည်ကို သိရပေမည်၊ ညာမေတင်ကိုလဲ သူတို့ပင် ဖမ်းသွားခြင်း ဖြစ်ပေမည်၊ လူစကားကို နားမလည်မပြောတတ်ဟန် ဆောင်နေပါမှ သူ့အဖို့ အကြံအစည် ဖြောင့်မည် ကိုလဲ ခင်မောင်အေး တွေးမိသည်။
'ငါ့ကိုခေါ်သွားပြီး ထားတဲ့နေရာမှာ မခင်မေရှိမယ်ထင်တယ်၊ သူတို့ ဒီလိုဘဲ တောထဲမှာ တို့လို နေတဲ့အကောင်တွေကို ဖမ်းပြီး ဘာလုပ်ကြတာလဲမသိဘူး၊ မခင်မေကိုတွေ့မှ တို့နှစ်ယောက်ပေါင်းပြီး ဒီ အကောင် တွေကို သတ်ကြမယ်၊ မခင်မေကို မတွေ့ခင်မှာ သူတို့ကို ကြောက်ချင်ယောင် ဆောင်နေအုံးမှ'
ခင်မောင်အေး အစီအစဉ်မှန်သည်။

ခင်မောင်အေးသည် သူ့ကိုကျွေးသည့် အစာများအနက် ခရီးမထွက်မှီ ညဘက်မှာ ကျွေးသည့် အစာကို မစား တတ်အောင်ဖြစ်နေသည်၊ တောထဲတောင်ထဲမှာ သူစားလာခဲ့သည့် အစာက ထမင်းမဟုတ်ချေ၊ သစ်သီး သစ်ရွက် သစ်ဥများနှင့် ကျား ကျားသစ်တို့ စားသောက်ပြီး ကျန်နေသည့် အမဲကောင် အသား များကို ညာမေတင်နှင့်အတူ မီးကင်စားလာခဲ့ခြင်းဖြစ်သည်။ ယခု ထမင်းပေါ်မှာ ဟင်းရည်မျှသာ ဆမ်းပြီး ကျွေးသော အစာ ကို မစားတတ်အောင်ဖြစ်ရသည်။

ထိုော့င့် ခင်ောမင်အေးက မစားဘဲ လာကျွေးသူ၏ မျက်နှာကိုသာ ကြည့်နေသည်၊ တဲတိုင်တခုမှာ ခြေနှစ်ဘက်ကိုရော ခါးကိုရော လက်နှစ်ဘက်ကိုရော ကြိုးတုပ်ထားခြင်းခံရသော ခင်မောင်အေးကို ထမင်းကျွေးတော့မ်ည့ အခါမှ လက်တဘက်ကို ကြိုးဖြေပေးလိုက်ခြင်းဖြစ်သည်။

ထိုကြောင့် ခင်မောင်အေး တကိုယ်လုံးမှာ လက်တဘက်သာလျှင် အနှောင်အဖွဲ့မှ လွတ်နေသည်၊ ထို လက်တဘက် ကိုလဲ ဦးအေးထွန်းတို့က သတိမလစ်စေဘဲ စောင့်ကြည့်နေကြသည်။
ခင်မောင်အေးက ထမင်းမစားဘဲနေသောအခါ သူတို့လူစုသည် ခင်မောင်အေးကို ဘာမှန်းမသိသည့် အသားစိမ်း အနည်းငယ် ကို ဖက်စိမ်းတခုငြဖ့် ထည့်ကာ ခင်မောင်အေး ရှေ့သို့ ပြစ်ပေးလိုက်သည်။
ခင်မောင်အေး သည် ထိုအသားစိမ်းကို စားလိုက်လျှင် နောင်ကို အစိမ်းတွေချည်း ကျွေးနေမည်ကို စဉ်းစားကာ မစားဘဲနေလိုက်သည်၊ ထိုအခါ ဦးအေးထွန်းက သူအရက်ဖြင့်မြည်း နေသော အသားကြော် တတုံး ကို ပြစ်ပေးလိုက်၏ ထိုအခါမှ ခင်ောမင်အေးက ကောက်စားလိုက်သည်။

'ဟား...ဟား...ဟား..ဟား..အာဂ လူရိုင်းကောင်ဘဲ၊ လူစကားကို မပြောတတ် နားမလည်ပေမဲ့ အသားစိမ်း ကိုတော့ မစားဘူးကွ၊ တော်တော် အဆင့်အတန်းအမြင့်သားဟေ့'
ဦးအေးထွန်း က ရယ်ပြီးပြောလိုက်သည်။
    'သူတို့ တောထဲမှာ မီးဖုတ်စားနေကြ ဖြစ်ပါလိမ့်မယ် ဖေဖေ ဒါကြောင့် အစိမ်းမစားတတ်တာဖြစ်မှာပေါ့'
    ကျော်ကျော် က ပြောလိုက်သည်။

    ထိုနောက်တွင် သူတို့သည် ပြုပ်ထားသော အသားအနည်းငယ်နှင့် ထမင်းအဖြူကို ဖက်ပေါ်မှာ ပုံပြီး ခင်ောမင်အေး ကို ကျွေးသည် ခင်ောမင်အေးသည် ထမင်းကို မသိတော့သောကြောင့် မ၀န့်မရဲစား ကြည့်သည်၊ စားနေကြမဟုတ်သောကြောင့် များများမစားနိုင်ချေ၊ အသားပြုပ်ကိုမူ ဆာဆာဖြင့် ကုန်အောင် ပင် စားလိုက်သည်။
    'အခု ထမင်းကို နဲနဲစားတယ်၊ နောက်ဆိုရင် စားတတ်သွားမှာပေါ့၊ ကျွေးမွေးရတာ သိပ်တာဝန်မကြီးပါဘူး၊ ရန်ကုန်ရောက်ရင် အသားဆိုင်က အရိုးအရင်းတွေ ၀ယ်ပြုပ်ပြီး ထမင်းနဲ့ ကျွေးထားရင် ဖြစ်ပါတယ်'

    ဦးအေးထွန်းတို့သည် ခင်မောင်အေးကို မည်သို့ မွေးမြူရမည်ကို စီမံကိန်း ဆွဲနေကြသည်၊ သူတို့လူစု အနား မှာ ရှိနေစဉ်မှာ ခင်ောမင်အေးသည် မည်သူ လူသတ်ကောင်ဖြစ်မည်ကို တွေးကာ သူတို့ လူစကို စေ့စေ့ ကြည့်လိုက်သည်၊ ညာမေတင်၏ ကျေးဇူးရှင် ဘခင်လူဝံကြီး ကိုက်ဖြတ်ထားလိုက်သော လက်ချောင်းလေး ကို ခင်မောင်အေးက မှတ်မိနေသည်၊ ထိုကြောင့် ပြတ်သွားသည့် လက်ချောင်းနေရာကို သေချာစွာ ကြည့်သည်၊ သို့သော် သူတို့လူစုသည် တယောက်မှ လက်ပြတ်သူမပါကြချေ။
    'လက်ပြတ်ကောင်တော့ မမြင်ဘူး၊ ဒါပေမဲ့ ဒီကောင်တွေထဲက အကောင်တွေဘဲဖြစ်မှာပါ'

    ခင်မောင်အေးက တွေးလိုက်သည်၊ ထိုအခိုက်မှာ သူ့ကို ခွက်တခုဖြင့် ရေတိုက်သောကြောင့် ခင်မောင်အေး က ရေကိုယူသောက်လိုက်သည်၊ ရေသောက်ပြီးသောအခါ သူတို့ ကြိုးဖြေ ပေးထားသောသော ခင်မောင်အေး၏ လက်ကို ပြန်လည် ချည်နှောင်လိုက်ကြသည်၊ ခင်မောင်အေး အနား မှာ မြက်ပင်များဖြင့် ယက်ထားသော ဖျာစုတ်တခုကို ချပေးထားခဲ့ပြီး တဲအိမ်ပေါ်သို့ ပြန်တက်သွားကြသည်။

    ခင်မောင်အေးသည် မြက်ဖျာပေါ်သို့ရောက်အောင် သူ့ကိုယ်ကို ရွှေ့လိုက်သည်၊ ထိုနောက် စိတ်ညစ်ခြင်း၊ အားလျှော့ခြင်းမပြုဘဲ သူ့ကိုယ်ကို အားပြည့်အောင် ဂရုစိုက်သော သဘောဖြင့် ခင်မောင်အေး သည် အိပ်ပျော်အောင် ကြိုးစားအိပ်လိုက်သည်။
    ခင်မောင်အေး ကလဲ သူ့စီမံကိန်းဖြင့် သူအိပ်ပျော်အောင်အိပ်သည်၊ ဦးအေးထွန်းတို့ကလဲ ခင်မောင်အေး အိပ်ပျော် သည် မပျော်သည်ကို သိလို၍ လာကြည့်သည်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ခင်မောင်အေး ကို မြင်ရသောအခါ များစွာ သဘောတွေ့သွားကြသည်။

    'ဒီသတ္တ၀ါက လူသာဖြစ်နေတာ တိရစ္ဆာန်ပါဘဲ၊ ကြည့်လေ သူဘယ်နေရာရောက်နေတယ်၊ ဘယ်ကို ခေါ်သွားမယ် ဆိုတာ မတွေးဘူး၊ မစိုးရိမ်ဘူး၊ ကျွေးတာစားပြီးကြောင့်ကျမဲ့ အိပ်နေလိုက်တာ'
    ဟူသော စိတ်ချယုံကြည်သည့် မှတ်ချက်ချလိုက်သည်။
    နောက်တနေ့ မနက်စောစောတွင် ဦးအေးထွန်းတို့ ခရီးထွက်ရန် ပြင်ကြသည်၊ ခရီးထွက်ရမည့်ကိစ္စ ပြည့်ပြည့် စုံစုံ ဖြစ်ကြစေရန် ဆောင်ရွက်နေကြသည် ဖြစ်နေကြသောကြောင့် ခင်မောင်အေးကို မနေ့ကလို ၀ိုင်းအုံ ကြည့်နေခြင်း မပြုတော့ချေ။

    ခင်မောင်အေးကို အသိဥာဏ်မရှိသည့် ထုံထိုင်းသော တိရစ္ဆာန်လိုသဘောထားနေကြပြီဖြစ်သည့်အတွက် မြေအိုးငယ် တလုံးဖြင့် ထည့်ထားသော ဆံပြုတ်ကို ခင်မောင်အေးရှေ့မှာ လာချထားခဲ့ကြပြီး သူတို့အတွက် ပြင် ထားသော အစားအစာတွေကိုသာ အဆာခံအောင် ဂရုစိုက်စားသောက်နေကြသည်။
    မနေ့ကပင် ခင်မောင်အေးက ကြားသိထားပြီး ဖြစ်သောကြောင့် လာပေးထားသော အစာကိုမစားဘဲ ကြိုးဖြေ ပေးထားသည့်လက်ဖြင့် အိုးလေးထဲက ဆံပြုတ်တွေကို လက်ဖြင့် ကော်ကာ သူအိပ်သည့် ဖျာအောက် သို့ ထိုးထည့်သည်၊ ဖျာပေါ်မျာပင် ခင်မောင်အေးက ကျင်ကြီးကျင်ငယ်တွေ စွန့်ထားသည်။

ခရီးထွက်ရန် အချိန်နီးသောအခါ သူတို့လူစုသည် ခင်မောင်အေးကို ပေးထားသည့် ဆံပြုတ်အိုးလေးကို ကြည့်လိုက်ကြ၏။ ဆံပြုတ်တွေကို မတွေ့သောအခါ များစွာ ကြေနပ်သွားကြသည်၊ ထိုနောက် ခင်မောင်အေး ကိုယ် မှာ ပေနေသည့် အညစ်အကြေးတွေကို ရေလောင်းပေးလိုက်သည်၊ ခင်မောင်အေး ကိုယ်ပေါ် မှာ ၀တ်ထားရင်းစွာ ရေစိုရွှဲနေသည့် တောကောင်သားရေကို ဆွဲချွတ်လိုက်ကြပြီး ညိုညစ်ညစ် အ၀တ်တခု ကို လွှမ်းခြုံပေးလိုက်ကြသည်။

ထိုနောက် ခင်မောင်အေးကို ကြိုးတုပ်ထားလျက်နှင့် ဘေးက လူသုံးယောက် ညှပ်ခါ ဆွဲခေါ်လာကြသည်၊ နေ့တ၀က် သာသာသွား၍ တောလမ်းခရီးလွန်လာပြီး ကျယ်သောလမ်းတခုသို့ ရောက်သောအခါ အဆင်သင့် စောင့်နေသော ဒေါ့ဂျစ်တစင်းပေါ်သို့ ခင်မောင်အေးကို ဆွဲတင်လိုက်ကြသည်၊ ခင်မောင်အေး သည် ရုန်းကန်ငြင်းဆန်ခြင်းမပြုဘဲ သူတို့ ပုံသွင်းသလို လိုက်လျောနေသည်၊ ဦးအေးထွန်း က လက်ထဲက ကြိမ်လုံး လေးကိုပြကာ ခင်မောင်အေးကို ထိုင်ခိုင်းသည်၊ ခင်မောင်အေးက ကြောက်ရွံ့ဟန်ပြကာ ထိုင်လိုက်သည်။

မော်တော်ကား ထွက်လာသောအခါ သူတို့ ဆေးခပ်ထားသည့် အစာကို ခင်မောင်အေးက မစားခဲ့သော်လဲ တကြိမ် တခါမှ မစီးခဲ့ဘူးသည့် မော်တော်ကားကို စီးရသောအခါ စိတ်ထဲမှာ ပြင်းရိငြီးငွေ့လာသည်၊ လမ်းက မပြေမချော သောကြောင့် တဂျုံးဂျုံး တဂျိုင်းဂျိုင်းဖြင့် ဆောင့်နေခုန်နေသော မော်တော်ကားပေါ်မှာ ငုတ်တုတ် ထိုင်လိုက်လာခဲ့ရသော ခင်မောင်အေး သည် ပြင်းရိငြီးငွေ့လာသောအခါ လူက အိပ်ချင် လာသည်၊ ထိုကြောင့် ငုတ်တုတ် အိပ်ငိုက်သောအခါ ဦးအေးထွန်းသည် ခင်မောင်အေး အိပ်သာအောင် နေရာ ပြင်ပေးလိုက်သည့် အတွက် ခင်ောမင်အေးသည် သူ့အလိုအလျောက် နှစ်ခြိုက်စွာ အိပ်ပျော် လိုက်လာ ခဲ့တော့သည်။

ထိုနောက်တွင်ကား ခင်မောင်အေးသည် မည်သည့်နေရာတွေကို ရောက်လာသည်ကို သူမသိနိုင်တော့ချေ၊ မော်တော်ကား က ဘေးအကာ နှစ်ဘက်လုံး ချထားသည့်အပြင် ခင်မောင်အေးကို ထားသည်မှာ အတွင်း ထဲမှာဖြစ်သည်၊ သူတို့လူစုအပြင်ဘက်ကို မြင်ရသည့်နေရာကို ပိတ်ဆို့ထိုင်ထားကြသည်၊ အထုပ်အပိုး တွေကလဲ ခင်မောင်အေး ကို ၀ိုင်းရံထားသည် ထိုကြောင့် ခင်မောင်အေးအနေဖြင့် သူတို့ မော်တော်ကား ရပ်ပေးပြီး အောက်သို့ ဆွဲချကာ အညစ်အကြေးစွန့်ရန် အမူအရာလုပ်ပြသည့်အခါ အညစ်အကြေး စွန့်လိုက်ကြသည် ထိုသို့သောအခါ ခင်မောင်အေး မျက်လုံးတွင် ဘေးပတ်ဝန်းကျင်က တောအုပ် သစ်ပင်ခြုံပုတ် တွေကိုသာ တွေ့ရသည်။

ခင်မောင်အေးမြင်သည့်အတိုင်း ဦးအေးထွန်းတို့ကလဲ လူသူကင်းဝေးသည့် သစ်ပင်ခြုံပုတ်ရှိသည့် နေရာ မှာသာ မော်တော်ကားကို ရပ်ပေးကြခြင်းဖြစ်သည်၊ လူဟူ၍ သူတို့လူစုကိုသာ ခင်မောင်အေး မြင်တွေ့ ဘူးစေလိုသော စိတ်ဆန္ဒရှိနေကြသည်၊ သို့မှသာလျှင် ခင်မောင်အေးသည် တခြားလူကိုမြင်လျှင် ရန်သူလို သဘောထား ရန်မူနိုင်မည်ဖြစ်သည်။
    သို့နှင့်ပင် ခင်မောင်အေး လိုက်ပါလာခဲ့သည်မှာ မည်မျှ ကြာညောင်းခဲ့ပြီ၊ မည်သည့်နေရာကို ရောက်သည် မည်သည့် အချိန်ရှိနေပြီ စသည်တို့ကို ခင်ောမင်အေး မသိနိုင်ဘဲ ကြိုးတုတ်လျက်နှင့် ဆောင်ယူရာ ပါလာခဲ့ရာမှ တခုသော နေရာတွင် မော်တော်ကားရပ်လိုက်သည်၊ ခင်မောင်အေး မျက်နှာကို အ၀တ် ဖြင့် ပိတ်ဆီးလိုက်ကြသည်။

    တကိုယ်လုံးမလှုပ်နိုင်အောင် ကြိုးဖြင့် တုပ်ထားခြင်းခံရသော ခင်မောင်အေးကား မည်သို့မှ ခုခံရန် မတတ်နိုင်သည် တကြောင်း၊ ဤအကောင်တွေသည် သူ့ကို ဖမ်းလာသလို မခင်မေကိုလဲ ဖမ်းထား ပေလိမ့်မည်ဟူသော အတွေးကြောင့် တကြောင်း ငြိမ်သက်စွာပင် နေလိုက်သည်၊ ထိုအခိုက်မှာ စကား ပြောသံ ကို ကြားရသည်။
    'ဆရာ မြေတိုက်ထဲ ထည့်ဘို့တော့ မဖြစ်သေးဘူး၊ ပြင်လို့ မပြီးသေးဘူးဆရာ'
    'အို...ငါမသွားခင် ပြင်ခိုင်းထားခဲ့တာ ဘာလုပ်နေကြလို့ အခုထက်ထိ မပြီးသေးတာလဲ'

    သူကြားခဲ့ရသည့် ဦးအေးထွန်းအသံက ပေါ်လာသည်။
    'ပြင်တာဘဲဆရာ၊ အောက်က မြေကြီးအိပြီး ပြိုကျသွားတော့ ပြင်ရတာမလွယ်ဘူး၊ အိမ်ပေါ်ထပ်ပါ အိကျ လာမှာစိုးလို့ တော်တော် ဂရိုစုက် လုပ်နေရတယ်'
    'ဒါဖြင့်...'
    ဦးအေးထွန်းအသံက အတန်ကြာ တိတ်နေပြီးမှ ပြန်ပေါ်လာသည်။

    'ဟိုအခန်းထဲကိုဘဲ ခေါ်သွားပြီး ထားလိုက်ရမှာပေါ့၊ ပါးစပ်ကို လုံလုံစည်းစမ်းဟေ့၊ ဒီသတ္တ၀ါက တိရစ္ဆာန် အသံကြီး နဲ့ အော်ဟစ်နေရင် မတော်တဆ သူများကြားသွားမယ်'
    'စည်းပါ့မယ်ဆရဆရာ၊ စိုးရိမ်စရာတော့ မရှိပါဘူး၊ ခြံဝင်းက အကျယ်ကြီးပဲဟာ'
    'အော်...ဒါထက် ဟိုအကောင် ကြင်ဖေကို ရှာတွေ့လား၊ တို့ဟိုနေရာ ပြန်သွားပြီး ရှာတာတော့ မတွေ့ဘူးကွ'

    'အဲဒီအခန်းထဲမှာဘဲ ကြိုးနဲ့ တုပ်ထားတယ်ဆရာ၊ ဆရာမသွားခင် တွေ့လိုတွေ့ငြား ဒီမှာလဲ ရှာကြဆိုလို့ ရှာတာတွေ့တယ်၊ သူသွားတာ လာတာကို ချောင်းပြီး လူအလစ်မှာ သတိလစ်အောင် ရိုက်ပြီးယူလာခဲ့တယ်'
    'အေးကောင်းတယ် ဒီလိုဆိုတော့ ငါ့တပည့်တွေက စိတ်ချရသား၊ ကဲဒီသတ္တ၀ါကိုပါ ကြင်ဖေထားတဲ့ အခန်းထဲမှာ ထည့်ထားလိုက် မလွတ်စေနဲ့နော်၊ ငါစားသောက်နားနေပြီးမှ အဲဒီအခန်းထဲကို လာခဲ့မယ်'
    ထိုနောက် ခင်မောင်အေးကို မော်တော်ကားပေါ်က ဆွဲချလိုက်ကြသည်။

    ခြေနှစ်ဘက်လုံးကို ကြိုးဖြင့် ပူးချည်ထားသောကြောင့် ခင်မောင်အေးသည် မလဲအောင် အတော်ကြိုးစား သွားနေရခြင်း သည် သူ့ဘေးမှာ လူနှစ်ယောက်က သူ့ကို ညှပ်ပြီး ခေါ်လာသည်ကို သူသိသည်။
    မည်သည့်နေရာကို ရောက်လာသည်ကို ခင်မောင်အေးမသိ၊ သူတခါမှ မနင်းဘူးသည့် မြေကြီး မဟုတ်သော အရာပေါ် နင်းပြီးလာခဲ့ရသည်ကို သူသိသည်၊ ထိုနောက် တခုသော နေရာမှာခင်မောင်အေး ကို ခပ်ကြမ်းကြမ်း တွန်းလှဲထားလိုက်ကြသည်၊ မျက်နှာကို စည်းထားသည့် အ၀တ်ကို ဖြေပေးလိုက်သည်။

ခင်မောင်အေးသည် သူမြင်ရသည့် အရာတွေကို တအံ့တသြ ကြည့်နေမိသည်။ ဤလိုအိမ်ခန်းမျိုး၊ ဤလို သမံတလင်း အခင်းမျိုး၊ ဤလိုပြတင်းပေါက်မျိုး ဤလို တခါးပေါက်ကြီးနှင့် တံခါးရွက်မျိုး၊ သူလူမှန်း သိသည့်အရွယ်၊ တောထဲတောင်ထဲမှာ သူကြီးပြင်းလာသည့်အရွယ်တွင် တကြိမ်မှ မမြင်ခဲ့ရဘူးချေ၊ ထိုကြောင့် တအံ့တသြကြည့်နေရာမှ သူ့နောက်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူအံ့သြော ရပြန်လေပြီ။

သူလိုပင် ခြေနှင့်လက်ကို ကြိုးတုပ်ထားသော သတ္တ၀ါတကောင်၊ သူလိုပင် ပါးစပ်မှာ  အ၀တ်စည်းထားသော သတ္တ၀ါ တကောင်...
သို့သော် ထိုသတ္တ၀ါမှာ ခင်မောင်အေးလို ဦးခေါင်းအမွေးတွေ နှုတ်ခမ်း၊ ပါးစပ်နှင့် ပါးတ၀ိုက်မှာ အမွေးတွေ မရှိဘဲ ဖုံးထားသည့် အရာတွေကလဲ သူနှင့်မတူကြောင်း ခြေနှင့်လက်တွေမှာလဲ သူလို ခြေသည်း လက်သည်း တွေ မရှည်ဘဲ တိုနေကြောင်းကို တွေ့ရသဖြင့် ခင်မောင်အေး အံ့သြသွားခြင်းဖြစ်သည်။

ဆက်ရန်
.

1 comment:

Ei said...

အပိုင်း 19 ကို မျှော်နေမယ်နော် အစ်မ..