Thursday, May 12, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁၃)

"ဒီကောင် ဥပုသ်သည်ကို ပြစ်မှားတဲ့ကောင်၊ ငရဲကြီးမယ်ကွ"
ဝိုင်းဟားကြသည်။ ပေါ်ဋ္ဌေးလည်း အလိုက်သင့် ပါးစပ်ဖြဲနေလိုက်ရ၏။ သူ့ပုံစံမှာ အထက်လူကြီးက မရယ်ရသော ဟာသတစ်ခုကို ပြောပြီး တဟားဟားလုပ်နေသဖြင့် တာဝန်အရ လိုက်ရယ်ပေးရသလို ဖြစ်နေ၏။ ကောင်းထွန်းက-
"ရင်ရင်ငြိမ်း ဆိုလို့ ပြောရဦးမယ်၊ သူ ငါ့ဆီ လာတော့ သည်းခြေသွေးဆေးဆိုတာ ပေးသွားတယ်၊ တကယ် ကောင်းတယ်ကွ၊ လျှာပေါ် တင်လိုက်တာနဲ့ အေးစိမ့်ပြီး ချက်ချင်း လန်းဆန်းသွားတာပဲ"
"အဲဒါ ငါ ပေးလိုက်တဲ့ ဆေးကွ"

ရဲမော်က ၀င်ပြောသည်။ ထိုအခါက အောင်ချိုက မေးသည်။
"အခုကော မင်း ဘာဆေးတွေ စမ်းသပ်ဖော်စပ်နေသေးလဲ"
"ငါလည်း အဲဒါ ပြောမလို့ကွ၊ မင်းတို့ စိတ်ဝင်စားမှာပဲ"
"ဘာဆေးမို့လို့လဲ"
"ဆီးဆေးကွ"
"ဟာကွာ... မင်းဟာကလည်း"

"နေဦးလေ.. စကားဆုံးအောင် နားထောင်ပါဦး။ ဖော်တာကတော့ ဆီးဆေးအနေနဲ့ပဲ၊ နောက်မှ သူ့ရဲ့ ဘေးထွက် ကောင်းကျိုး တစ်ခုကိုသွားတော့တာ၊ ၀ါဇီကရဏ အာနိသင် ရှိနေတယ်"
"၀ါဇီကရဏ ဆိုတာ ဘာလဲ"
ရဲမော်က မြရီဝင်းရှိနေသော နောက်ဖေးဘက်ကို တစ်ချက်လှမ်းကြည့်သည်။ ပြီးမှ လေသံကို နှိမ့်၍ အဓိပ္ပာယ်ကို ရှင်းပြပြီး-
"အဲဒါ သိပ်စွမ်းတယ်ကွ"
"ဟင်... ဟုတ်လား၊ ဒါဆို မြန်မြန်ဖော်ကွာ၊ ငါ ဆယ်ပုလင်းဝယ်မယ်"

ကံညွန့်မောင်က အားတက်သရော ပြောသည်။ ရဲမော်က-
"မင်း အဲဒီအတိုင်းပဲ၊ ဒါမျိုးဆို သိပ်လောဘကြီးတယ်၊ ငါက ဒီဆေးကို ကိုပေါ်နဲ့ အရင်ဆုံး စမ်းသပ်မယ်လို့ စဉ်းစားထားတာကွ"
"ဟုတ်တယ်ကွ၊ ကောင်းတယ်၊ ကိုပေါ်က နည်းနည်းအားနည်းနေတယ်"

သူငယ်ချင်းတွေက ၀ိုင်းပြီး ချွန်တွန်းလုပ်ကြသည်။ ပေါ်ဋ္ဌေးကတော့ မချိုပြုံးသာ ပြုံးနေရ၏။ စိတ်ထဲမှာ တော့... မိန်းမတွေ သောက်ရတဲ့ ၀ါဇီကရဏဆေး ဖော်ရင် ကောင်းမယ်...ဟု တွေးနေမိ၏။
ပေါ်ဋ္ဌေးသည် သူငယ်ချင်းတွေကို အားကျမိ၏။ သူတို့အားလုံး၏အိမ်ထောင်ရေးအခြေအနေများသည် စင်းလုံးချော ဖြစ်နေကြတာတော့ မဟုတ်။ သူတို့မိန်းမတွေကလည်း အားလုံးတော်လေးဝတွေချည်း တော့ မဟုတ်။ သို့တိုင်အောင် ကိုယ့်အခြေအနေထက်တော့ တစ်ခုမဟုတ် တစ်ခု သာတာချည်းပဲဟု ထင်နေမိ၏။ လူပျိုကြီး လုပ်နေရတာကမှ စိုစိုပြည်ပြည်ရှိဦးမည်။ အေဘီကျော်လို ဘုန်းကြီးဘ၀နဲ့ မနေ နိုင်တော့လည်း ခက်သား ကလား။

မငယ်သည် အစစအရာရာ ကောင်းထွန်းအပေါ်မှာသာ ပုံပြီးနှစ်ထားသည်။ ဆိုးဆိုး ကောင်းကောင်း ဖြစ် လာသမျှ အတူခွဲဝေ ခံစားမည်ဟု သဘောထားသည်။ ကောင်းထွန်း ဘာပဲလုပ်လုပ် အပြစ်မမြင်ဘဲ သည်းညည်းခံ သည်။ ကောင်းထွန်းအတွက် တာဝန်ကြီးသော်လည်း အားကိုးအားထားပြုစရာ ယောက်ျား တစ်ယောက် အဖြစ်တော့ ဂုဏ်ယူနိုင်သေးသည်။

အောင်ချို့မိန်းမ စီစီသည် စိတ်ကောက်တတ်၏။ ပူညံပူညံ မဟုတ်သော်လည်း တိုးတိုးတိတ်တိတ် ကျိတ်ပြီး ပြဿာနာရှာတတ်သည်။ ဒါကြောင့်ပဲ လင်မယား မကြာခဏ ရန်ဖြစ်ကြသည်။ တကယ်တော့ ဒါဟာလည်း အိမ်ထောင်ရေးမှာ လိုအပ်ချက်တစ်ခုပဲဟု သူ ထင်သည်။ အားလုံးအစစ အရာရာ အဆင် ပြေ ချောမွေ့ နေလျှင် ပျင်းစရာကြီးဖြစ်နေလိမ့်မည်။ တစ်ခုကောင်းတာက စီစီသည် အလွန်ချွဲတတ် နွဲ့ တတ်သည်။ ရန် ဖြစ်ပြီးလျှင် အောင်ချိုက ပြန်ချော့၊ စီစီက ပြန်ချွဲတတ် နွဲ့တတ်သည်။ ရန်ဖြစ်ပြီးလျှင် အောင်ချိုက ပြန်ချော့၊ စီစီက ပြန်ချွဲနဲ့ ဟုတ်နေကြာတာပဲ။

ကံညွန့်မောင်၏မိန်းမ နယ်လီသည် သူတို့ သူငယ်ချင်းအုပ်စုနှင့် သိပ်ရင်းရင်းနှီးနှီး မရှိလှ။ အရောတ၀င် သိပ်မနေဘဲ သီးခြားဆန်သည်။ အပေါင်းအသင်း ဆိုတာထက် သူ့စီးပွားရေးကိုသာ ပိုပြီးစိတ်ဝင်စား သည်။ လူမှုဆက်ဆံရေးကိစ္စတွေအတွက် အချိန်လည်း မပေးနိုင်။ သူ့အလုပ်နဲ့သူ ရှုပ်နေတတ်သည်။ ကံညွှန့်မောင်ကိုလည်း ဂရုတစိုက် ပြုစုမနေနိုင်။ ယောက်ျားအပေါ်လည်း သြဇာညောင်းသည်။
တချို့ယောက်ျားတွေဆိုလျှင် ဒါမျိုးကို ကျေနပ်နိုင်မှာမဟုတ်။ သိက္ခာကျတယ် ထင်ချင်ထင်မည်။ ကံညွှန့်မောင်ကတော့ ဒီအခြေအနေကိုပဲ အကြိုက်တွေ့နေပုံရသည်။ ဒီကောင်က နည်းနည်းပွေချင် ရှုပ်ချင်သည်။ မိန်းမက အလုပ်ထဲ အာရုံရောက်နေသဖြင့် သူလည်း အပြင်မှာ လွတ်လွတ်လပ်လပ် ကဲလို့ ရသည်။ သူပြောနေကျစကားကတော့-
"ငါဆိုတဲ့ကောင်က အိမ်ကွင်း၊ အဝေးကွင်း မရွေးဘူးကွ"

ရဲမော်နှင့် မြရီဝင်းတို့သည် ရုပ်ရှင်၊ ဗီဒီယိုထဲက လင်မယားတွေလို အိုဗာအိုက်တင်တွေ လုပ်တတ်သ ဖြင့် အမြင်ကတ်သော်လည်း ပေါ်ဋ္ဌေးစိတ်ထဲကတော့ ကျိတ်ပြီး အားကျနေမိ၏။
မြရီဝင်းသည် သူ့ကိုယ်သူ ရဲမော်ရဲ့ပါရမီဖြည့်ဖက်ဟု သတ်မှတ်ထားသည်။ ရဲမော် ဘာလုပ်မလဲ၊ လိုအပ်သမျှ လိုက်ပြီး ဖြည့်ဆည်းပေးမည်။ ရဲမော်က တောထွက်ပြီး ရသေ့ကြီးလုပ်မယ်ဆိုလျှင် သူက ယောဂီဝတ်ပြီး ရေပူ ရေချမ်းကမ်းလှမ်းမည်။ ရဲမော်က ဖဲသွားရိုက်မယ်ဆိုလျှင်လည်း သူက လက်ကိုင် အိတ်ထဲမှာ ပိုက်ဆံ အပြည့်ထည့်ပြီး နောက်က လိုက်မည်။ ဒီလိုမျိုးပဲ။
တစ်ခုရှိတာကတော့ မြရီဝင်းသည် သ၀န်တိုတတ်သည်။ ရဲမော်မှာ ငယ်ရည်းစားရှိသည်။ ဒါကို ခုထိ စိတ်မကုန်သေးဘူးဟု ထင်မှတ်ထားသည်။ ပြီးတော့ ရဲမော်က လောလောဆယ်မှာ ကောင်မလေးတစ် ယောက်နဲ့ ငြိနေသယောင်ယောင် လျှောက်ပြောသည်။

တကယ်တော့ ရဲမော်မှာ ငယ်ရည်းစားလည်း မရှိ၊ ဒီတစ်ယောက်ကိုတောင် ရအောင် မနည်းကြိုးစားခဲ့ရ တာ။ ဘယ်ကောင်မလေးနဲ့မှလည်း မငြိ။ ဒီကောင့်ပုံမျိုးကို ဘယ်သူကမှလည်း ကြိုက်မှာမဟုတ်ဘူး။ ရဲမော်ကတော့ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေလောက်အောင် သူ့ရုပ်က ဖြောင့်လို့ မြရီဝင်းက စိတ်မချ ဖြစ်နေတာဆိုပြီး သူ့ကိုယ်သူ အထင်ကြီးနေသေးသည်။
တကယ်တော့ မြရီဝင်းကလည်း ဒီကောင် အဖြစ်မရှိနိုင်မှန်း သိသိကြီးနဲ့ သ၀န်တိုပြရတာကို အရသာ တွေ့နေမိခြင်းဖြစ်၏။ သူ့ယောက်ျားက ပစ်သွားမှာစိုးလို့ အမျိုးမျိုး အလိုလိုက် အကြိုက်ဆောင်ပြီး ပြုစု ယုယ နေရ သလိုလို။

"ကိုပေါ်တို့သူငယ်ချင်းကိုလည်း ကြည့်ထိန်းပေးပါဦး၊ ခုတလော ခြေလှမ်းတွေ ပျက်ချင်နေတယ်"
ဆိုပြီး မျက်ရည်တွေ ဘာတွေဝဲပြသေးသည်။ ဒါကြောင့်လည်း သူငယ်ချင်းတွေက ငပေါလင်မယားလို့ ပြောကြတာ။ ဘာပဲဖြစ်ဖြစ် သူတို့ဘာသာတော့ စိတ်ချမ်းသာနေကြတာပဲလေ။
ရင်ရင်ငြိမ်းသည် သူ့ကို သိပ်အားကိုးတကြီး ရှိလှတာမဟုတ်။ ပေါ်ဋ္ဌေး ကျိကျိတက် ချမ်းသာလာရင် လည်း ၀မ်းမြောက်ဝမ်းသာရှိမှာမဟုတ်။ မွဲသွားလို့လည်း တုန်လှုပ်မှာမဟုတ်။ အထင်လည်း သိပ်ကြီးပုံ မရ။ လေးလေးနက်နက်မရှိလို့ဆိုပြီး နည်းနည်းတောင် လျှော့တွက်ချင်ပုံရသည်။

အိမ်ထောင်ဦးစီး ယောက်ျားတစ်ယောက်အနေဖြင့် ကိုယ့်မိန်းမက လေးစားရိုသေတာကိုတော့ အလိုရှိ စမြဲပဲ၊ ရင်ရင်ငြိမ်းက ဒီလိုမဟုတ်။ သူတို့နှစ်ယောက်သည် သူငယ်ချင်းအဖြစ်ကနေ လင်မယားဘသကို ကူးပြောင်း လာခဲ့ကြတာ။ ပေါ်ဋ္ဌေး ငယ်ငယ်က ဘယ်လိုကောင်လဲ ဆိုတာ ရင်ရင်ငြိမ်းက ကောင်းကောင်းသိနေသည်။

ဆက်ရန်
.

3 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ-
ဆက်ဆက်တင်ပေးပါအုံးနော်-
မအားမှန်းတော့သိပါတယ်ဗျာ-

အိန်ဂျယ် said...

မမရေဆက်ရန်လေးစောင့်မျှော်နေပါတယ်လို့..
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

Anonymous said...

Thanks Sis.

Ray