Thursday, May 12, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၂၅)

ပန်းချီကားကြီးကို အပြာရောင် ပတ္တူစဖြင့် လုံခြုံစွာ ထုတ်ထားသည်ကြောင့် ဦးအုန်းဖေက မမြင်ရသေး ချေ။
ဦးအုန်းဖေ ကို ပန်းချီကားပြရန်အတွက် ကိုမြင့်ညိုက စာဖတ်ခန်းထဲသို့ ခေါ်သွားသည်၊ ကိုထွန်းအံ့နှင့် ကိုဘသော် တို့က ဦးအုန်းဖေကြည့်ပြီးလျှင် ပြန်လည်ထုပ်ပိုး သိမ်းဆည်းရန် စောင့်နေကြသည်။
ဦးအုန်းဖေ သည် ပန်းချီကားကို ကြည့်ကာ...

"အင်း... သားပြောသလို တကယ်ချီးကျူးစရာကောင်းပါတယ်၊ တောထဲကို သွားပြီး တကဲ့လူဝံမောင်နှံ ကို စိမ်ပြေနပြေပြောကြည့်ဆွဲထားသလား အောက်မေ့ရတယ်"
ဦးအုန်းဖေက ချီးကျူးပြီးသောအခါ ကိုထွန်းအံ့နှင့် ကိုဘသော်တို့က ပန်းချီကားကြီးကို လုံခြုံအောင် သိမ်းဆည်း နေကြသည်။ ပန်းချီကားကြီးကို သိမ်းနေသည့်အခိုက်မှာ ဦးအုန်းဖေနှင့် ကိုမြင့်ညိုတို့က အစီအစဉ် ကို တိုင်ပင်နေကြသည်။

ညာမေတင်၏မွေးနေ့မှာ ဦးအေးထွန်းနှင့် ကျော်ကျော်တို့ရောက်လာရန် အချိန်ကို ကြိုတင်ပြောထား မည်။ ပန်းချီကားကြီး ကို ကျော်ကျော် ယူလာသည့်အနေဖြင့် ညာမေတင်ကို ပြောမည်။ မည်သည့်နေရာ က ပန်းချီကား ယူလာကြောင်း ညာမေတင်က မေးလျှင် ကျော်ကျော်က ဖြေရမည်မှာ...
ပန်းချီပြပွဲ တွင် ဤပန်းချီကားကို တွေ့ကြောင်း၊ သဘာဝကျလွန်း လက်ရာမြောက်လွန်းသည့်အတွက် သဘောကျ၍ ၀ယ်ယူလာခဲ့ကြောင်း၊ လမ်းကြုံသည့်အတွက် ပန်းချီကားကို ပြရန် ၀င်လာခဲ့ကြောင်း မှင် သေသေ ဖြင့် ပြောရမည်။

ထိုအခါ ညာမေတင်သည် သူစိတ်ဆန္ဒရှိနေသည့် ပစ္စည်းတခုဖြစ်သောကြောင့် ပန်းချီကားကို အကြောင်း ပြုပြီး ခင်မင်ရင်းနှီးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ခင်မင်ရင်းနှီးသွားသည့်အခါမှ ကျော်ကျော် က သူ့မေတ္တာကို ဖွင့်ဟ ပြောကြား၍ သင့်မည်ထင်ကြောင်း၊ ထိုအခြေအနေမှာ ညာမေတင်ကလဲ ပြစ် ပြစ်ခါခါ ငြင်းမည် မထင်ကြောင်း စသည်တို့ကို သားအဖနှစ်ယောက် စီမံကိန်း ဆွဲနေကြရှာသည်။
ဤ အစီအစဉ် အတိုင်းပင် ကျော်ကျော်တို့ သားအဖကို ကြိုတင်ပြောကြားသောအခါ ဦးအေးထွန်းနှင့် ကျော်ကျော် တို့ သားအဖနှစ်ယောက်စလုံး နှစ်သက်သဘောတူကြသည်၊ ဘခင်နှင့် အစ်ကို ကိုယ်တိုင် က လိုလား ကြည်ဖြူစွာ စီစဉ်ပေးသောအခါ ဦးအေးထွန်း စိတ်ထဲမှာ သိုက်ကောင်းကြီးတခုပိုင်ပြီဟု ကြေနပ်စွာ တွေးလိုက်သည်။

ကျော်ကျော်၏စိတ်ထဲမှာကား သူသဘောကျ နှစ်ခြိုက်သည့်ရုပ်ရည်ပိုင်ရှင် သူချစ်နေသည့် ညာမေတင် ကို လက်ဝယ် ပိုင်ပိုင် သိမ်းပိုက်နိုင်တော့မည်ကို တွေးပြီး ကြည်နူးဝမ်းသာနေသည်။

ခင်မောင်အေးသည် ပန်းချီကားကြီးကို ပေးအပ်လိုက်ပြီးသည့်နောက် အခြားအလုပ်တွေကို မလုပ်နိုင် တော့အောင် ရှေးဖြစ်ဟောင်းကို ပြန်ပြောင်းတွေကာ အဆွေးကြီး ဆွေးနေမိရှာသည်။
ကူမွန်တောင်တန်း ထဲမှာနေစဉ် ညာမေတင် မိသားစုကို သူချောင်းကြည့်စဉ်က လူဝံကြီးမောင်နှံအစာရှာ ရာမှ ပြန်လာသည့်အခါ ညာမေတင်ကို မတွေ့လျှင် ပူဆွေးကြေကွဲစွာ ဟစ်အော်သံပေးသည့်အခါတွင် ညာမေတင် သည် သူပုန်းနေသည့် နေရာမှ ချစ်စရာကောင်းသည့်အမူအရာဖြင့် ပြေးထွက်လာကာ မိခင် လူဝံမကြီး လည်ပင်းကို ဟီးလေးခို ဘက်လိုက်သည့် ဟန်မူရာများကို မျက်လုံးထဲမှာ ပြန်လည်မြင်ယောင် လာသည်။

လူဝံကြီးမောင်နှံသေဆုံးသွားပြီးမှ သူနှင့်အတူ တောင်ကမ္ဘားယံက ဂူထဲဝယ် တယောက်ကို တယောက် အသက် ပေးပြီး ချစ်ခဲ့ကြစဉ်က ရွင်ကြည်ယုယစွာ နေခဲ့ထိုင်ခဲ့ပုံတွေကို မမေ့နိုင်အောင် ဖြစ်နေရာမှ ယခု ပန်းချီကား ကြောင့် ပိုပြီး လွမ်းဆွေးမိသည်။
ခင်မောင်အေး သည် ငေးငေးငိုင်ငိုင်ဖြင့် တွေးနေဆွေးနေရာမှ သူ သတိမပြုလိုက်မိသည့် အချက်တခု သည် သူ့ဦးခေါင်း ထဲမှာ လက်ခနဲဝင်လာသည်။

ကိုမြင့်ညိုကို စတင်တွေ့လိုက်သည့်အချိန်ကပင် ကိုမြင့်ညိုမျက်နှာကို သတိထားကြည့်လိုက်မိသည်။ ထိုသို့ သတိထား ကြည့်လိုက်မိသည်ကလဲ ကိုမြင့်ညို၏မျက်လုံး၊ မျက်ခုံး၊ နှာတံသည် သူ့မျက်လုံးထဲမှာ ရော၊ အသံနှလုံး ထဲမှာရော၊ ဦးနှောက်ထဲမှာရော မည်သည့်အခါမှ မမေ့နိုင်အောင် စွဲမြဲမှတ်မိနေသည့် မခင်မေဟု သူ အမှတ်သညာ ပြုထားသည့် ချစ်သူ ညာမေတင်နှင့် တူနေသည်ကို သတိထားမိသည်။
ထို့ကြောင့်ပင် ကိုမြင့်ညိုကို မြင်လျှင် မြင်မြင်ချင်း ခင်မင်သောစိတ်ပေါ်လာသည့်အတွက် အစ်ကိုဟု လှိုက်လှဲ စွာ ခေါ်လိုက်မိခြင်း ဖြစ်သည်။

ပန်းချီကားကို အာရုံစိုက်ရေးဆွဲနေစဉ်က ထိုအချက်ကို သတိမပြုခဲ့မိချေ။ ယခုမှ ပန်းချီကားနှင့်ဆက်စပ် ပြီး လူဝံကြီး မောင်နှံ၊ ညာမေတင် စသည်ဖြင့် ဆက်စပ်တွေးနေရာမှ ကိုမြင့်ညိုမျက်နှာကို ပြန်လည် သတိရ လိုက်သည်။ ထိုအခါ ခင်မောင်အေး ဦးခေါင်းထဲမှာ သတိမပြုခဲ့မိသည့် အချက်က လက်ခနဲ ၀င် လာသည်။
ကူမွန်တောင်တန်း ကျောက်ကမ္ဘားယံအောက်မှာ ကိုမြင့်ညိုတို့ စခန်းချနေစဉ်က သွားရောက်ချောင်း ကြည့် ခဲ့သော ညာမေတင်က-
"ဘာကြီးမှန်းမသိတဲ့ မျက်လုံးလို ဟာကြီးမျိုးနဲ့ အကောင်ကို ငါချစ်တယ်" ဟူသော စကား။

"နင့်ကို ချစ်တာမျိုး ချစ်တာမဟုတ်ဘူး၊ ငါ့အဖေနဲ့ အမေကို ချစ်တာမျိုး ချစ်တာ"
ဟူသော စကားတွေ ညာမေတင် ပြောခဲ့သည်ကို ပြန်လည်အမှတ်ရလိုက်သည်။
ညာမေတင် ချစ်သော ထိုအကောင်သည် ညာမေတင်ကို တပင်တပန်းလာရောက် ချောင်းမြောင်းကြည့် ခဲ့သည်။ ထို့နောက် ညာမေတင်က ပျောက်ဆုံးသွားခဲ့သည်။
ခင်မောင်အေး သည် တွေးရင်း သူ့စိတ်ထဲမှာ ထင်မြင်ချက်တွေ ပေါ်လာသည်။

"ပန်းချီကား လာအပ်တဲ့အစ်ကိုကလဲ မခင်မေနဲ့ သိပ်တူတယ်၊ သူတို့မောင်နှမများ ဖြစ်နေမလား၊ တော ထဲ က မခင်မေကို ဒီအစ်ကိုဘဲ လာခိုးသွားတယ် ဖြစ်လေမလား၊ ပန်းချီကား ဆွဲခိုင်းပုံကလဲ ထူးတယ်၊ ငါ့ ဆီကို ပန်းချီကား လာအပ်ကြတာ များပါပြီ၊ ဒီလို လူဝံမောင်နှံပုံမျိုး ဘယ်သူမှ အပ်လေ့အပ်ထမရှိဘူး၊ မခင်မေက သူ့ကျေးဇူးရှင်လူဝံကြီးမောင်နှံကို လွှမ်းလို့ ပုံတူဆွဲခိုင်းတာများ ဖြစ်နေလေမလား"
ခင်မောင်အေး သည် ဉာဏ်မှီသလောက် တွေးနေမိသည်။ တွေးရင်းပင် သူ့သံသယသည် ပိုမိုကြီးထွား လာသည်။ ထို့ကြောင့် ကိုမြင့်ညိုပေးထားခဲ့သည့် လိပ်စာကပ်ပြားလေးကို ထုတ်ယူကြည့်လိုက်၏။
မည်သို့ပင်ဖြစ်စေ ကိုမြင့်ညိုပေးထားခဲ့သည့် လိပ်စာအတိုင်း အလည်အပတ်သဘောမျိုး သွားပြီး စုံစမ်း ထောက်လှမ်းရလျှင် မမှားနိုင်၊ အကယ်၍ သူတွေးသည့်အတိုင်း မဟုတ်သည့်တိုင်အောင် သူ့ဘ၀ ဇာတ်ကြောင်း ကို ပြန်ပြောပြလျှင် မခင်မေနှင့်ပတ်သက်ပြီး သတင်းအစအနသော်၎င်း၊ အသေအချာ သော်၎င်း သိရပေလိမ့်မည်ဟု မျှော်လင့်ချက်ကြီးစွာ တွေးလိုက်မိသည်။

ထို့ကြောင့် သွားရန် သင့်လျော်သည်ဟု ယူဆမိသော တနေ့ဝယ် ခင်မောင်အေးသည် ကောင်းမွန်သန့် ရှင်းစွာ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပြီး ကိုမြင့်ညို ပေးထားခဲ့သည့် လိပ်စာအတိုင်း လာခဲ့သည်။
ဖြူဝင်း ကြည်လင်သည့် အသား၊ ခန့်ငြား ချောမောသည့် ရုပ်ရည်၊ တောင့်တင်း သန်စွမ်းပြီး ယောက်ျား ပီသ သည့် အရပ်အမောင်းရှိသော ခင်မောင်အေးသည် သူ့အသားရောင်နှင့် လိုက်လျောသည့် အ၀တ် ကို ပုံကျ အချိုးကျစွာ ၀တ်စားထားသောအခါ ခင်မောင်အေး ရုပ်ရည်သည် မြင်ရသူစိတ်မှာ နှစ်ခြိုက် ဘွယ် ချစ်ခင်ဘွယ် လေးစားဖွယ်ဖြစ်နေသည်။ အထူးသဖြင့် အမျိုးသမီးတွေ နှစ်ခြိုက်စွဲလန်းရသည့် ရုပ်ရည်မျိုး ဖြစ်သည်။

ခင်မောင်အေးကို မြင်ရသော ကိုမြင့်ညိုသည် ကူမွန်တောင်တန်းဂူထဲမှာ သူမေ့ဆေးပေးထားရစ်ခဲ့သည့် အရိုင်းကောင် ဖြစ်နေသည်ဟု မည်သို့ ယုံကြည်နိုင်ပါမည်နည်း။
ခင်မောင်အေးသည် ကိုမြင့်ညိုတို့ မိသားစုနေထိုင်သည့်အိမ်ရှေ့သို့ ရောက်နေလေပြီ၊ သို့သော် လူတို့ စောင့်စည်း လိုက်နာရမည့် ၀တ္တရားများ၊ လူတို့လိုက်နာရမည့် ယဉ်ကျေးမှုစည်းကမ်းများကို ကောင်းစွာ နားလည် နေပြီဖြစ်သည့် ခင်မောင်အေးသည် အိမ်ပေါ်ကိုတက်သွားရန် သင့်မသင့် စဉ်းစားနေသည်။

ခင်မောင်အေး စဉ်းစားလောက်အောင်ပင် ထိုအချိန်မှာ ကိုမြင့်ညိုတို့အိမ်ပေါ်တွင် ဧည့်သည်တွေရောက် နေသည် ကို တွေ့ရသည်။ ဦးအေးထွန်းနှင့် သားဖြစ်သူ ကျော်ကျော်၊ ကိုထွန်းအံ့နှင့် ကိုဘသော်တို့ လူစု ကား ကြိုတင်စီစဉ် တိုင်ပင် ထားသဖြင့် ရောက်နေကြသော ဧည့်သည်တွေဖြစ်သည်။
ထိုအချိန်မှာ ခင်မောင်အေးက အိမ်ရှေ့ရောက်နေခြင်းဖြစ်သည်။

အိမ်ထဲဝင်ရကောင်းနိုး၊ ပြန်လှည့်ရကောင်းနိုးဖြင့် အိမ်ရှေ့သစ်ပင်ကြီးတပင်အောက်မှာ မယောင်မလည် ရပ်နေသော ခင်မောင်အေးကို ကျော်ကျော်က စတင်မြင်လိုက်သည်။ ကျော်ကျော်သည် သူ့ရုပ်ရည်ကို သူ သိပြီးဖြစ်သည်။ သူ့ရုပ်ရည်ချောသည်ကို သူဂုဏ်ယူနေသူဖြစ်သည်။ ထို့ကြောင့် ရွယ်တူလူပျို လူရွယ် အရွယ်တူ တွေကိုတွေ့လျှင် ငါ့ထက် ချောနေ လှနေမည်လားဟူသော စိတ်မျိုးဖြင့် သတိထား ကြည့်လေ့ ရှိသူ တယောက် ဖြစ်သည်။

ယခု အိမ်ရှေ့သစ်ပင်ကြီးအောက်မှာ ကြည်ပြာရင့်ရောင် ဘန်ကောက်လုံချည်အတွင်း ရှပ်အင်္ကျီအဖြူ အပြာနုရောင် တက်ထရက် တိုက်ပုံအင်္ကျီ နက်ပြာရောင်ကတ္တီပါ ခြေညှပ်ဘိနပ်ကို စီးထားသည် ခင်မောင်အေး ကို မြင်လိုက်သည်။ ဖြူဝင်း ကြည်လင်သည့် အသားနှင့် ခင်မောင်အေး ၀တ်ထားသည့် အဆင်အပြင် သည် များစွာလိုက်လျောတင့်တယ်ခါ ကြက်သရေရှိစွာ ချောမောလှပ ခန့်ငြားသည့် ခင်မောင်အေး ၏ ရုပ်ရည်ကို ကျော်ကျော်သည် စူးစူးစိုက်စိုက်ကြည့်နေမိသည်။ ထွားကျိုင်းသည့် ကိုယ် လုံး ကိုယ်ထည် အရပ်အမောင်းသည် ယောက်ျားပြီသသည့် အသွင်သဏ္ဍန်ကို ထင်ရှားစွာ ဖော်ပြနေ သည်။ ယောက်ျား ပြီပြီ ကြွားရွားခန့်ငြားသောအချော၊ ကျော်ကျော်၏အချောက မိန်းမဆန်သည့်အချော။

ခင်မောင်အေး၏ရုပ်ရည်ကို ကျော်ကျော်က အားကြသည့်စိတ်ဖြင့် ကြည့်နေဆဲမှာ ကျော်ကျော်၏အမူအ ရာ ကို သတိထားမိသော ကိုမြင့်ညိုက ကျော်ကျော် ဘာကို စိတ်ဝင်စားနေသနည်းဟု ကျော်ကျော် ကြည့်ရာကို ကြည့်လိုက်သည်။ ထိုအခါ ခင်မောင်အေးကို မြင်တွေ့သွားသည်။

"ဟော... ဖေဖေ ကျွန်တော်ပြောတဲ့ ပန်းချီဆရာလေး သူ အလည်လာတာ ထင်တယ်"
ကိုမြင့်ညို က ၀မ်းသာအားရပြောရင်း အိမ်ပြင်ထွက်သည့် တံခါးဝသို့ ခြေလှမ်းသွက်သွက်ဖြင့် ထွက် လိုက်သည်။
"ညီလေးရေ အလည်လာတာလား၊ လာ ညီလေး"
ဟု အိမ်ထဲကလဲထွက် နှုတ်ကလဲ အသံပြုခေါ်လိုက်သည်။

ကိုမြင့်ညိုတို့ ခြံဝင်းသည် ဘေးနှင့် နောက်ဘက်မှာ ကျယ်ဝန်းစွာထားပြီး အိမ်ရှေ့ဘက်တွင်မူ လှမ်းခေါ် လျှင် ကြားနိုင်လောက် သည့် အကွာအဝေး အကျယ်အ၀န်းသာ ထားသည့်အတွက် ၀င်းတံခါးရှေ့လမ်း ဘေး သစ်ပင်အောက် မှာ ရပ်နေသော ခင်မောင်အေးကို အိမ်ထဲက ကောင်းစွာမြင်နိုင်ပြီး လှမ်းခေါ်သည် ကို ကောင်းစွာ ကြားနိုင်ခြင်းဖြစ်သည်။
ခင်မောင်အေးက ချစ်ခင်နှစ်လိုဘွယ် ကောင်းသောအပြုံးဖြင့် ဖွင့်ထားသော ၀င်းတံခါးမှ ၀င်လာသည်။
"ဟုတ်ကဲ့ အစ်ကို၊ ကျွန်တော် အလည်လာတာပါ"
ဟု ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

"လာ ညီလေး လာ၊ ညီလေး ပညာစွမ်းကို ဂုဏ်ယူရအောင် ရောက်နေတဲ့ ဧည့်သည်တွေနဲ့ မိတ်ဆက် ပေးမယ်"
ကိုမြင့်ညိုက ခင်မောင်အေးကို ချစ်ခင်စွာ လက်ဆွဲခေါ်လာခဲ့သည်။

ဧည့်ခန်းထဲ ထိုင်မိကြပြီဆိုလျှင်ပင် ခင်မောင်အေးသည် ဦးအေးထွန်းနှင့် ကျော်ကျော်ကို ကောင်းစွာ မှတ်မိ လိုက်သည်။ ကျော်ကျော်နှင့် ဦးအေးထွန်းကမူ ခင်မောင်အေးကို လုံးဝမမှတ်မိကြတော့ချေ။ တောရိုင်းတိရစ္ဆာန် တကောင် လို ကြိုးဖြင့် ချည်နှောင်ခေါ်လာကာ တိရစ္ဆာန်လိုထား တိရစ္ဆာန်လိုကြွေးပြီး လူသတ်ရာ မှာ အသုံးပြုခဲ့သော အရိုင်းကောင်တကောင်သည် ယခု သူတို့မျက်စေ့ရှေ့မှာ ရောက်နေ သည့် ချောမော ခန့်ငြားသော အနုပညာရှင် ပန်းချီဆရာတယောက်ဖြစ်နေပါသည်ဆိုလျှင် ကျော်ကျော် နှင့် ဦးအေးထွန်း တို့ သားအဖသည် မယုံနိုင်အောင် ဖြစ်ကြပေတော့မည်။
ကိုမြင့်ညို က ခင်မောင်အေးကို နေရာထိုင်ခင်းကောင်းမွန်စွာ ပေးသည်။ ထိုအချိန်မှာ ညာမေတင်သည် ဘာကိုမှ မသိသည့်အလျောက် ဧည့်ခန်းသို့ ထွက်လာခြင်းမပြုဘဲ နောက်ဘက်မီးဖိုဆောင်ဆီမှာသာ ဧည်သည် တွေကို ဧည့်ဝတ်ပြုဘို့အတွက် ကြွေးမွေးရန် စီစဉ်လုပ်ကိုင်နေသည်။

ခင်မောင်အေး ဧည့်ခန်းထဲသို့ ၀င်လာပြီး သူတို့နှင့်မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်ဆိုလျှင်ပင်၊ ဦး အေးထွန်း စိတ်ထဲမှာ မည်သို့ရှိမည်ကို မဆိုနိုင်သော်လဲ ကျော်ကျော်၏စိတ်ထဲမှာကား ခင်မောင်အေး ကို လိုလား နှစ်သက်သော စိတ် လုံးဝကင်းမဲ့နေသည်။ သူ့ထက်သာသော ရုပ်ရည်ကြောင့်လား၊ သူတို့လို ချမ်းသာ ကြွယ်ဝသူ မဟုတ်ဘဲ ပန်းချီဆွဲမှ ထမင်းစားရသူဖြစ်နေ၍ မတန်မရာထင်သလား ဆိုသည်ကို ကျော်ကျော် သည် ကောင်းစွာမဝေခွဲနိုင်သော်လဲ နှစ်လိုစိတ်ကင်းမဲ့နေသည်ကတော့ အမှန်ဖြစ်သည်။

"ဒီအကောင်ရှိနေခိုက် ညာမေတင် ဧည့်ခန်းကို မထွက်ပါစေနဲ့"
ဟူသော ဆန္ဒသည် အလိုအလျောက် ပေါ်လာသည်။
သူကသာ မနှစ်မြို့သည်မဟုတ်၊ စေတနာရောင်ပြန်ဟပ်ခြင်းကြောင့် ခင်မောင်အေးကလဲ စိတ်ကို တော်တော်ပင် ထိမ်းချုပ်ထားရသည်။ သူ့ဘက်က သက်သေလုံးဝမရှိတော့ခြင်းနှင့် ဂုဏ်သရေရှိ လူကြီး လူကောင်း တယောက် အိမ်ပေါ်မှာ ဧည့်သည်အချင်းချင်း နာကျည်းရိုင်းစိုင်းစွာ ပြောဆိုရန်ဖြစ်ထွေးလုံး သတ်ပုတ် သည့် အလုပ်သည် အဆင့်အတန်းရှိသော လူကြီးလူကောင်း မိကောင်းဖခင် သားသမီးတို့ လုံးဝမလုပ်ထိုက်သော အလုပ်ဖြစ်ကြောင်း ခင်မောင်အေးက သိသည်။

ထို့ကြောင့် စိတ်ကို ခက်ခဲစွာ ထိမ်းချုပ်သော ဟန်မပျက်နေလိုက်ခြင်း ဖြစ်သည်။ သို့သော် ကိုမြင့်ညိုက ခင်မောင်အေးကို မေတ္တာစေတနာထားသည့်အလျောက် လေးလေးစားစား ဂုဏ်တင်မချီးကျူြး့ပီး မိတ် ဆက်ပေးလိုက်သည့် အခါတွင်ကား။
ဦးအေးထွန်း က အဘက်မတန်သလို စိတ်မ၀င်စားသလို ဟန်မျိုးဖြင့် ၀တ်ကြေတန်းကြေ ဦးခေါင်းကို ငြိမ့်ရုံသာ ငြိမ့်ပြသည်။ ရယ်ခြင်း၊ ပြုံးခြင်းပင် မရှိ၊ လောကွတ်စကားပင် ပြောခြင်းမရှိဘဲ ငါးသုံးလုံး စီးက ရက်ကို ဟန်ပါပါမှိန်းပြီး ဖွာနေသည်။ ဦးအေးထွန်း အမူအရာကို ကိုမြင့်ညို စိတ်ထဲမှာ အောင့်သက် သက်ဖြစ်သွားသည်။

တဖန်တုံ ကျော်ကျော်နှင့် မိတ်ဆက်ပေးလိုက်သောအခါမှာ...
"ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်၊ ကျွန်တော့်ကိုလဲ မှတ်ထားပါ ကိုကျော်ကျော်၊ ကျွန်တော်ကလဲ ခင်တတ်ပါတယ်"
ဟူသော စကားကို ခင်မောင်အေးသည် စိတ်ထဲက မပါသော်ငြားလဲ  ကိုမြင့်ညိုကို အားနာခြင်းဖြင့် ယဉ်ကျေးစွာ ပင် ပြန်ပြောသည်၊ ကျော်ကျော်ကမူ-
"မှတ်ထားပါ့မယ်"

ဆက်ရန်
.

No comments: