Thursday, May 12, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၁၄)

အခန်း (၁၆)
အယ်လီ

ဘင်နစ်တန်တက္ကသိုလ်ကျောင်းသူဘဝ ရောက်တော့လည်း အယ်လီ၏ အချစ်ဇာတ်လမ်းများမှာ  အသည်း ကွဲ ဇာတ်လမ်းများချည်း ဖြစ်လေသည်။  ယေးလ်တက္ကသိုလ်မှ ပြဇာတ်ရေးဆရာကို အယ်လီ စွဲလမ်း ခဲ့ သည်။ သို့သော် ဆရာကသူ့ကို ပြန်မကြိုက်။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ အဓိက ကျောင်းသား တစ်ယောက် က တွဲပြီးမှ သူ့ကိုထားခဲ့ပြီး နောက်ကောင်မလေးတစ်ယောက်နှင့် ကြည်သွားသည်။

အချစ်အကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်သည့် ဘရက်တယ်ပေါ်တာနှင့် ချစ်ကြသည်။  အယ်လီက သူ့ ကို အိမ်ခန်း သို့ ဖိတ်သည့်နေ့မှစ၍ ထိုသကောင့်သား ပျောက်ခြင်းမလှ ပျောက်သွား၏။
"ငါ့ကို အသည်းခွဲသွားတဲ့လူတွေကိုမှ ငါ ရွေးပြီး ချစ်မိသလို ဖြစ်နေတယ်" ဟု အစ်မလုပ်သူ မာဂရက်ကို အယ်လီ ဖွင့်ပြောသည်။
နယူးယောက်ကို ရောက်ပြန်တော့လည်း တွေ့ရသည့် ယောက်ျားတွေမှာ နယူးအင်္ဂလန်မှာ တွေ့ရ သည့် ချစ်သူ များနှင့် ဘာမှ မခြား။

၁၉၅၈ ခုနှစ် နွေရာသီတွင် ရုပ်ရှင်မင်းသားတစ်ယောက်နှင့် ဆုံရပြန်သည်။ ဂရင်းဝစ်ခ်ျဟစ်ပီရွာ သရုပ်ဆောင် သင်တန်းတွင် တွေ့ရခြင်းဖြစ်၏။ သူက တစ်ချိန်လုံး မျက်နှာ စူပုပ်ပြီး သုန်မုန်နေသူ။ သည်ကြားထဲ မှ အယ်လီက ထိုမင်းသားကို အယ်လီက ချစ်မွှေးပါသည့် လူတစ်ယောက်ဟုပင် ထင် နေ၏။ အတန်း ထဲတွင် သူ့ကို ခိုးခိုးကြည့်နေရသည့်နှင့် ဆရာဘာတွေ သင်သွားမှန်းမသိလိုက်သည် က ခပ်များများ။ သူက ရုပ်ရှင်ကား အချို့တွင် ပါဝင်သရုပ်ဆောင်ပြီးပြီ။ ဘရောဒ်ဝေးပြဇာတ် များတွင်လည်း ပါဝင် ကပြနေပြီ ဖြစ်၏။

စာနယ်ဇင်းတွေက သူ့ကို အမှတ်ပေးကြသည်။ သို့သော် ဒါတွေကြောင့် အယ်လီ သူ့ကို စွဲလမ်းခြင်း မဟုတ်။
ရွှေရောင် ဆံပင်နှင့် မျက်လုံးပြာအစုံကို သဘောကျခြင်း ဖြစ်သည်။ ကျိုးနေသည့် နှာတံကိုလည်း ကြည့်လို့ ကောင်းသည် ထင်၏။ အရောင်လွင့်ပြယ်နေပြီဖြစ်သည့် ဂျင်းဘောင်းဘီနှင့် တီရှပ် လက်ရှည်ကို လက်မောင်း ပင့်တင်ပြီး ၀တ်ထားလျှင် မိုးကျရွှေကိုယ်လို့ အောက်မေ့၏။ ရင်အုပ် ကျယ်ကျယ်ကြီးကို ကြည့်ပြီး တော့လည်း ရင်ခုန်၏။
သူ့လောက် ချောသူ၊ သူ့လောက် စွဲမက်စရာကောင်းသူ အယ်လီ့တစ်သက်တာတွင် မတွေ့ဖူးသေး။

နှစ်ယောက်တွဲ သရုပ်ဆောင်ရမည့် သင်ခန်းစာတွင် သူနှင့်အတူ ကျအောင် လယ်လီ ကြိုးစား၏။ အလှည့် စောင့်၏။
သူ့စကားပြောခန်းများ၊ ရှင်းလင်းချက်များ ပြီးလျှင် အယ်လီ အကျယ်လောင်ဆုံး သြဘာပေးသည်။ ရေသောက် ဖို့ "ရေအေးတိုင်" သို့ သူလျှောက်သွားလျှင် မယောင်မလည်နှင့် နောက်က လိုက်သွား ၏။ သူက သည် ပြဇာတ်ပြီးချိန် တွင် ဇာတ်ခုံအပေါက်ဝတွင် သူ မြင်အောင် ရပ်နေ၏။
တစ်နေ့ အတန်းပြီးချိန်တွင် သူ ရပ်ပြီး စကားစသည်။

"ကိုယ် သိတယ်၊ မင်း ကိုယ်နဲ့တွဲဖို့ အသေအလဲ ဖြစ်နေတယ် မဟုတ်လား၊ တနင်္ဂနွေနေ့ မင်း အားလား"
မော်တော် ဆိုင်ကယ် ကို တံခါးမှူးထံအပ်ပြီး အယ်လီတို့ တိုက်ခန်းသို့ သူ တက်လာသည်။ မကြာမီ အချိန် အတွင်း အယ်လီ့ကို ဆိုင်ကယ်နောက်တွင် တင်ပြီး လမ်းတကာ ပတ်၍ တရကြမ်းမောင်း တော့၏။ နောက်ဆုံး တွင် မူ ဈေးပေါပေါ အီတလီ စားသောက်ဆိုင်ကလေး တစ်ဆိုင်တွင် သူ ရပ်သည်။
သည်နေ့တော့ သူရွှင်နေသည်။ ချိုသာနေသည်။ သို့သော် အတွေးနက်နေပုံ။ မလှပသည့် သူ့ဘ၀ ဇာတ်ကြောင်း ကို စားမြှုံ့ပြန်ပြသည်။

"ကိုယ့်ဘ၀က မမွေးခင်ကတည်းက ဒုက္ခနဲ့ စခဲ့တာ" ဟု နိဒါန်းပျိုးပြီး ကလေးဘ၀တွင် ဆင်းရဲ မွဲတေခဲ့ပုံ၊ ရေတပ် ထဲ ရောက်တော့လည်း လေးဆယ့်တစ်ရက် ကွာတားကျခဲ့ပုံမှစပြီး ဘရော့်ဒ်ဝေး သို့ ရောက်သည် အထိ ဆက်ပြော၏။
ပြဇာတ်များနှင့် ပြဇာတ်မင်းသားများအကြောင်း စိတ်ပါလက်ပါ ပြောနေရင်း
"ကိုယ်နဲ့ ပြဇာတ်နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကိုယ်က ရုပ်ရှင်ကို ပိုအားသန်တယ်" ဟု ရှင်းပြသည်။ ပေါ်လ်နယူးမင်း နှင့် ပီတာ အိန်ဂျလီတို့နှင့် တွဲပြီး ပါဝင်ရသည့် နောက်ဆုံးကားအကြောင်း လည်း ပြောပြ သည်။

"မာလွန်ဘရန်ဒို ပြီးရင် ကိုယ်ပဲ ဖြစ်ရမယ်၊ အားလုံးကို ကျော်ဖြတ်ပြမယ်"
အယ်လီ့ကို အိမ်ပြန်ပို့သည်။ တစ်ချက်ကလေးမှ နမ်းဖော်မရ။
"မင်းနဲ့ကိုယ်နဲ့ စရိုက်ချင်းမတူပါဘူး၊ မင်းက သိပ်ပြီး သန့်ရှင်းလွန်းတယ်၊ ကိုယ်နဲ့ မတန်ပါဘူး"
ကျွန်မ တို့ အစမ်းသဘော တွဲကြည့်ကြရအောင်လား"
အယ်လီ ၏ ကမ်းလှမ်းချက်ကို သူ ခဏတာ စဉ်းစားသည်။

"ဟာ ဖြစ်မယ် မထင်ပါဘူးကွာ" ဟု ပြောပြီး မော်တော်ဆိုင်ကယ်ကို ဝေါကနဲ မောင်းထွက်သွား တော့၏။
ဤသို့ဖြင့် သူ့ကိုယ်သူ စတိမက်ကွင်းထက် သာသည်ထင်နေသော ရုပ်ရှင်မင်းသားကို အယ်လီ ဆုံးရှုံး ရပြန်၏။ ထိုအခါ အယ်လီသည် မဖွံ့ထွားသည့် သူ့ ရင်သားတွေ အပြစ်ပုံချမိပြန်သည်။

ထို့နောက် ခံစားမှု သရုပ်ဖော် မော်ဒန် ပန်းချီဆရာ တစ်ယောက်နှင့် ဆုံပြန်၏။ တက္ကသိုလ် ပရိဝုဏ်မှ ဘီယာဆိုင် တွင် တွေ့ကြခြင်း ဖြစ်၏။ သူ့နာမည်ကို ပေါလ်တော့ကင်။ မျက်လုံးက လိပ်သည်းကျောက်ရောင် တဖျတ်ဖျတ် တောက်နေ၏။ ပိန်ပိန်ပါးပါးနှင့် သိန်းငှက်တစ်ကောင်၏ အလှမျိုးရှိသူ။ အနက်ရောင် သားရေဂျာကင် နှင့် အတွင်းက ချည်ကြမ်းအင်္ကျီကို ၀တ်ထား၏။ လူက မိန်းကလေးများ စွဲမက်ချင်စရာပုံမျိုး။ အရောင်ရင့် တွေ စုတ်ချက်ထူထူ ကြမ်းကြမ်းကြီးနှင့် ရေးထား သည့် သူ၏ စိတ္တဇ ပန်းချီကားတစ်ချပ် အကြောင်းကို လိုက်ဖ် မဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်တွင် တလောက အယ်လီ ဖတ်လိုက်ရသည်။ သူ့အယူအဆ တွေ ပြင်းထန်သည်။ ပန်းချီ အနုပညာသည် သူ့ဘ၀ဖြစ်ပြီး ပန်းချီဆရာတို့ စုဝေးရာ ရပ်ဝန်းဒေသတွင် ပေါလ်ဟော့ကင် ၏ နာမည်သည် လူတိုင်း ၏ နှုတ်ဖျားတွင် ရေပန်းစားလျက် ရှိသည်။

သူ့ကို မြတ်နိုး ကိုးကွယ်သည့်အထဲတွင် အယ်လီက ရှေ့ဆုံးမှ ပါဝင်လေသည်။ စတိမက်ကွင်းတုန်း က အတိုင်းပင် လိုက်မှတ်သည်။ နှင်းပန်းဟာ မိန်းကလေးများရဲ့ အချစ် သင်္ကေလို့ ပြောဖူးသည်ကို မှတ်ထား ပြီး ပန်းကို အစည်းလိုက်ဝယ်ပြီး လက်ဆောင်ပေးသည်။ ပြီးတော့ သူ့ပန်းချီကားပါသည့် လိုက်ဖ် မဂ္ဂဇင်း တစ်စောင် လည်း ၀ယ်ပေးသည်။
"ဆရာရယ်၊ ကျွန်မ အော်တိုမှာ လက်မှတ် ထိုးပေးပါလားဟင်" ဟုလည်း အပူကပ်သည်။

တစ်ညတွင် ဆရာပေါလ်က ပရိသတ်ထဲကို ဖြတ်လျှောက်ပြီး အယ်လီ့ဆီသို့ တန်းတန်းမတ်မတ် လာနေ၏။ အယ်လီ့ ရင်တွေ တဒိုင်းဒိုင်း ခုန်သွားသည်။ သူ့အနား ရောက်တော့ ရပ်ပြီး ဆရာက စကားပြော မည် လုပ်တော့ ကမ္ဘာတပ်တ် လမ်းကြောင်းတွင် လည်ပတ်နေသည့် ကမ္ဘာကြီး ရုတ်တရက် ရပ်တန့်သွားသည်ဟု အယ်လီ ထင်လိုက်၏။
သူ ဘာများ ပြောမှာပါလိမ့်။

သူ ဘာလုပ်မလဲ မသိဘူးနော်။
ဘာဖြစ်လို့ ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာပါလိမ့်။
သူစကားစပြောတော့ အယ်လီ့ ရင်ခုန်သံတွေကို ဘေးလူတွေ ကြားကုန်လေပြီလား။
"လာ တို့ အပြင်ထွက်ကြရအောင်" လို့ ဆရာက ပြောတော့ အယလီ ဘာပြန်ပြောရမှန်း မသိအောင် ရင်ထဲ တွင် ဗလောင်ဆူနေသည်။
ရင်ခုန်လွန်းသဖြင့် ခဏ ဆွန့်သွားရှာသော မိန်းကလေး၏ အမူအရာကို ပန်းချီဆရာက တန်းမြင် လိုက်၏။

"လာ လာ သွားစို့၊ ကိုယ့် စတူဒီယိုကို သွားကြည့်ကြရအောင်"
ပြောပြောဆိုဆို ပေါလ်က အယ်လီ့လက်မောင်းကို ဆွဲပြီး ထွက်လာခဲ့သည်။
တက္ကသိုလ် ရိပ်သာလမ်းအတိုင်း လျှောက်လာရင်း သဘာဝလွန်သရုပ်မှန် ပန်းချီဝါဒနှင့် စိတ္တဇ ပန်းချီ ဟု ခေါ်နေသော ခံစားမှု ပန်းချီ ဆက်နွှယ်ပုံအကြောင်းများကို တစ်လမ်းလုံး ကရားရေလွှတ် ပြောလသည်။ သူ့ရင်ခွင် ထဲ သို့ တိုးဝင်ချလှပြီဖြစ်သည့် မိန်းကလေးက သူပြောသမျှ ကြားတစ်ချက် မကြားတစ်ချက်။ ဆရာ့ စတူဒီယို ကလည်း ရောက်ခဲလိုက်တာကွယ်။

ရောက်ရောက်ချင်း သူ ကြမ်းမလာမသိဘူးနော်။ ဒါမှမဟုတ် စုတ်တံကို ကိုင်သည့် လက်များက အရမ်း နူးညံ သိမ်မွေ့လေမလား။ အဲဒီအခါကျရင် ငါ အရမ်းများ ရှက်နေမလားဟု တွေးပြီးတော့ လည်း ရင်တွေ ခုန်နေ၏။ သူနှင့် ချစ်ရမည့် မြင်ကွင်းတွေ ကြိုမြင်နေပြီး တစ်ကိုယ်လုံး ပူနွေးလာကာ နာမည်ကျော် ပန်းချီဆရာ တစ်ယောက် နှင့် လက်ထပ်လိုက်ရလျှင်လည်း စိတ်ကူးတွေ ယဉ်နေပြန်၏။

ဆက်ရန်
.

No comments: