Wednesday, May 4, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၅)

"ဟိုတစ်ခါ ရဲမော် နဲ့ ငါ့ကို ခေါ်သွားတဲ့ ဆိုင်လား"
ဟု ပေါ်ဋ္ဌေးက မေးတော့မှာ ခေါင်းညိတ်သည်။ ထိုစဉ်က ကာရာအိုကေသီချင်းသံတွေ ဆူညံလွန်းသော ကြောင့်  စကားတောင် ကောင်းကောင်းပြောလို့မရ။ ရဲမော်က ဒေါကန်ပြီး အသံတိုးခိုင်းသဖြင့် ဆိုင်ရှင် နှင့် အချေအတင် ဖြစ်ခဲ့ရသေးသည်။

"အဲဒီတော့..."
ပေါ်ဋ္ဌေးက စကားထောင်ပေးသည်။ ကံညွန့်မောင် ခပ်ဆိုင်းဆိုင်းလုပ်နေပြီးမှ-
"ငါ... အဲဒီဆိုင်က ကောင်မလေးတစ်ယောက်နဲ့ ခင်သွားတယ်"
"ငြိသွားတယ် ပြောစမ်းပါကွာ"
"မင်း သိတဲ့အတိုင်းပဲလေ၊ ငါ့မိန်းမ က မာတင်းတင်း ကြွပ်ဆတ်ဆတ်နဲ့ မဟုတ်လား၊ အဲဒီကောင်မလေး ကတော့ လှလည်း လှတယ်၊ သဘောလည်း ကောင်းတယ်၊ ငါ့အပေါ်မှာလည်း အလိုလိုက်တယ်၊ အဲဒါနဲ့ သံယောဇဉ် လေး တွေ ဖြစ်ကုန်တာပါပဲ"
"ခုတော့... မင်းကို အတင်းတွယ်တပ်နေပြီပေါ့"

"ဒီလိုကွာ... သူက နယ်က လာတာ၊ အခု သူ့အဖေက အသည်းအသန် ဖြစ်နေလို့ ပြန်ရမယ်၊ အဲဒါ ဆေးဖိုးဝါးခ ငွေ သုံးသိန်းလောက် လိုနေတယ်ဆိုလို့"
"ဒါမျိုးတွေ က ရိုးနေပါပြီကွာ၊ အဖေ နေမကောင်းလို့၊ အမေအိုကြီးကို လုပ်ကျွေးနေတာပါ ဆိုတာမျိုး တွေ"
"သူ့ဟာသူ ဘာပဲဖြစ်ဖြစ်... ငွေကတော့ မပေးလို့ မဖြစ်ဘူး"
"သူ့ဆီ မသွားတော့ဘဲ အဆက်ဖြတ်လိုက်ပေါ့"
"ငါ လည်း ရှောင်နေတာပဲ၊ သူက ဆိုင်ကို ဖုန်းလှမ်းလှမ်းဆက်တယ်ကွ"
"ဘာ... မင်း လည်မလိုလိုနဲ့ တော်တော်တုံးပါလား၊ ဒါမျိုးကို ဖုန်းနံပါတ် ပေးထားရသလား"

"ငါက ပေးထားတာ မဟုတ်ဘူးကွ၊ ဆိုင်ရှင်က သူ့အိမ်ပြင်မယ် ပြောတာကြားတော့ ငါကလည်း ဆိုင်က သစ် တွေများ ရောင်းရမလားလို့ လိပ်စာကတ်ပေးလိုက်မိတယ်၊ အဲဒီကတစ်ဆင့် သိသွားတာ"
"မင်းကို ခြိမ်းခြောက်တဲ့သဘောပဲ"
"အေးကွာ... သူက ဆိုင်ကို လာခဲ့မယ်လို့တောင် ပြောနေတယ်၊ ငါ့မိန်းမ သိသွားအောင် လုပ်လိုက်မယ် ဆိုတဲ့ သဘော ပေါ့"
"ပေးတာက ဟုတ်ပါပြီ၊ တစ်ခါတည်းနဲ့ ပြီးမလား၊ ဒါမျိုးက ရမှန်းသိရင် ထပ်ပြီး ညှစ်နေဦးမှာပဲ"
"နောက်တစ်ခါ လုပ်ရင် ရဲကိုတိုင်မယ်၊ ဘာညာကြည့်ပြီး ခြောက်ထားရမှာပဲ၊ ခုတစ်ခါတော့ ပေးလိုက်မှ ဖြစ်မယ်၊ မိန်းမ သိသွားရင် ငါ ဘ၀ပျက်လိမ့်မယ်"
"မင်း တော်တော်ရှုပ်တဲ့ ကောင်ပဲ၊ ခုထိ ခြေမငြိမ်ချင်သေးဘူး"

ကံညွန့်မောင်၏ယောက္ခမက ချမ်းသာသည်။ သစ်ကန်ထရိုက်ဆွဲသည်။ သစ်စက်ရှိသည်။ သစ်ဆိုင် ဖွင့် ထားသည်။ ဒီလုပ်ငန်းတွေအားလုံး ကံညွန့်မောင် မိန်းမက ဦးစီးသည်။ ငွေရေးကြေးရေး စာရင်းဇယား က အစ ကိုင်ထားသည်။ ကံညွန့်မောင်က ဆိုင်မန်နေဂျာအဖြစ် နာမည်ခံ ရုပ်ပြသာဖြစ်၏။ သူ့မိန်းမက စီးပွားရေး ကိုသာ စိတ်ဝင်စားသူ ဖြစ်သောကြောင့် လူမှုရေးမှာ အားနည်းသည်။ ကံညွန့်မောင်၏သူငယ် ချင်း တွေနှင့် ရင်းရင်းနှီးနှီး မရှိ။

ဒီအတွက် အပြစ်ပြောလို့တော့ မရ။ ကံညွန့်မောင်ကို လူကုံထံတစ်ယောက်လို နေနိုင်အောင် စီစဉ်ပေး ထားသည်။ သုံးဖို့စွဲဖို့ လုံလောက်အောင် ပေးထားသည်။ နည်းနည်းပါးပါး သောက်တတ် စားတတ်တာ ကို လည်း ခွင့်ပြုထားသည်။ ဒီကြားထဲကမှ ကိုယ့်လူက အပိုဇာတ်လမ်းကလေးတွေ ရှုပ်ချင်နေခြင်း ဖြစ်၏။
ပေါ်ဋ္ဌေး ၏ ခေါင်းထဲမှ တစ်ချက် လက်ခနဲဖြစ်သွားသည်။ ဟုတ်ပြီ။ ဒါဟာ အခွင့်အရေးကောင်းတစ်ခုပဲ။ ထို့ကြောင့်-
"အေးလေ... သူငယ်ချင်း အချင်းချင်းပဲဟာ၊ ကူညီရမှာပေါ့၊ ခဏ စောင့်ကွာ"
ဆိုပြီး အိမ်ပေါ်ထပ် တက်လာခဲ့သည်။ အိပ်ခန်းထဲဝင်ပြီး ငွေသုံးသိန်းနှင့် အဆင်သင့်ရေးထားပြီး ဖြစ် သော ကွာရှင်း စာချုပ်ကို ယူလာသည်။

စားပွဲပေါ်ကို ငွေစက္ကူအုပ်တွေ တင်လိုက်သည်။ ထို့နောက် စာချုပ်ကို ကံညွန့်မောင် ရှေ့ချပေးလိုက်ပြီး-
"ကဲ... လက်မှတ်ထိုး" ကံညွန့်မောင်က ငွေချေးစာချုပ် ထင်ပြီး
"ဟာကွာ... မင်းက ငါ့ကိုတောင် မယုံဘူးလား၊ ငါ အဆင်ပြေတဲ့အချိန် ပြန်ပေးမှာပါ"
"အဲဒါ မဟုတ်ဘူး၊ သေသေချာချာ ဖတ်ကြည့်ဦး"
ကံညွန့်မောင် က စာချုပ်ကို ယူပြီး ဖတ်ကြည့်သည်။ အကြီးအကျယ် အံ့သြသွားလိမ့်မည် ထင်သော် လည်း-
"မင်းကွာ... အရေးထဲမှာ နောက်နေသေးတယ်၊ ငယ်ကျင့် မပျောက်ချင်သေးဘူး"

"နောက်နေတာ မဟုတ်ဘူး"
"ဒါမျိုး မနောက်ကောင်းဘူးကွာ၊ နိမိတ်မရှိ နမာမရှိ"
"တကယ်ပြောနေတာကွ၊ ဘယ်သူက စာချုပ်စာတမ်းတွေ လုပ်ပြီး အပင်ပန်းခံ နောက်ပါ့မလဲ"
"မင်း.... တကယ်"
ပေါ်ဋ္ဌေးက ခေါင်းညိတ်ပြသည်။ ကံညွန့်မောင်က ပေါ်ဋ္ဌေး မျက်နှာကို တစ်ချက်စိုက်ကြည့်သည်။ ခုမှ သူ ပါးစပ် အဟောင်းသား ဖြစ်သွား၏။
"ဟေ့ကောင်... မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်မလုပ်နဲ့၊ ကလေးလည်း မဟုတ်တော့ဘူး၊ နေစမ်း ပါဦး... မင်းက ဘာကြောင့် ကွာရှင်းချင်ရတာလဲ"
"စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ပေါ့"

"မဖြစ်နိုင်တာဘဲ၊ ရင်ရင်ငြိမ်းနဲ့ သဘောထားချင်း မတိုက်ဆိုင်ဘူးဆိုတာ အံ့သြစရာကြီးပဲ၊ ဘာတွေ ဖြစ် ကြတာလဲ၊ ငါ့ကို ရှင်းပြ"
"ရှင်းပြနေရင်... မင်း လိပ်ပတ်လည်အောင် အရှည်ကြီးပြောပြမှရမယ်၊ အခု မင်းလည်း သွားစရာကိစ္စ အရေးကြီး နေတယ် မဟုတ်လား၊ အချိန်မရှိဘူး၊ မင်း လက်မှတ်ထိုး၊ အဲဒီငွေ ယူပြီး သွားတော့"
ကံညွန့်မောင် ခဏတွေသွားပြီးမှ-
"ငါ မထိုးချင်ဘူးကွာ"
"ငါက မင်းကို ကူညီသလို မင်းလည်း ငါ့ကို ဒီကိစ္စပြန်ကူညီပေါ့"

"အပေးအယူ လုပ်တဲ့သဘောပေါ့"
"အဲဒီ သဘောပဲ ထားလိုက်ပါတော့"
"ငါက လက်မှတ်မထိုးရင် မင်းကလည်း ပိုက်ဆံမပေးဘူး ဆိုပါတော့"
ပေါ်ဋ္ဌေးက မျက်နှာတည်တည် ထားပြီး ခေါင်းညိတ်ပြသည်။ ကံညွန့်မောင်က ခေါင်းခါလိုက်ပြီး-
"အဲဒါတော့ မဖြစ်ဘူး၊ ရင်ရင်ငြိမ်း နစ်နာမယ့် ကိစ္စမျိုးတော့ ငါမလုပ်နိုင်ဘူး"

"သူကိုယ်တိုင်လည်း သဘောတူပြီးသားပဲ"
ဟု ပေါ်ဋ္ဌေးက မလိမ့်မပတ်လုပ်ဖို့ ကြိုးစားသည်။
"ဒါဆို သူ့ကို ခေါ်လိုက်လေ၊ ငါ မေးမယ်"
ပေါ်ဋ္ဌေး နည်းနည်းတင်းသွားသည်။

"မေးစရာ မလိုဘူး၊ လက်မှတ်သာ ထိုးလိုက်"
"မထိုးဘူး"
"ဒါဆို ငါလည်း မပေးနိုင်ဘူး"
ဆိုပြီး ငွေထုပ်ကိုယူ၍ အင်္ကျီကြားထဲထိုးထည့်လိုက်သည်။ ကံညွန့်မောင်ကလည်း လေသံမာလာသည်။

"ကိုပေါ်... မင်းဟာ ခုလိုခြိမ်းခြောက်အကျပ်ကိုင်ပြီး အပေးအယူလုပ်တတ်တဲ့ကောင်မျိုး ဖြစ်လိမ့်မယ် လို့ ငါ မထင်ခဲ့ မိဘူး၊ မင်းကကော ဟိုကောင်မလေးနဲ့ ဘာထူးတော့လို့လဲ"
ပေါ်ဋ္ဌေး ဆတ်ခနဲ ဖြစ်သွားပြီး-

"ငါက ကိုယ့်အကြောင်းနဲ့ ကိုယ်၊ မင်းလို ရှုပ်လို့ ပွေလို့ ပြဿနာဖြစ်ရတာ မဟုတ်ဘူး"
"အေး... ဟုတ်တယ်၊ ငါက လူရှုပ် လူပွေပဲ၊ ဒါပေမဲ့ မင်းလိုတော့ မရက်စက်တတ်ဘူး၊ သူများ ဒုက္ခ ရောက် နေတာကိုလည်း အခွင့်ကောင်းမယူတတ်ဘူး"
"ဟေ့ကောင်... ငါ့ကို မစော်ကားနဲ့၊ မင်း သွားတော့"
"အေး... သွားမယ်၊ မင်း ပိုက်ဆံမရရင်လည်း ဖြစ်ချင်တာ ဖြစ်ပေစေတော့၊ ဒါမျိုးတော့ ငါ မလုပ်နိုင်ဘူး"
ကံညွန့်မောင်က ပြောပြီး ထထွက်သွားသည်။ တံခါးဝအရောက်မှာ သူ့လက်ကိုင်ဖုန်းက အသံမြည်လာ သည်။ သူ နားထောင်လိုက်သည်။

"ငါ့ကို နှောင့်ယှက်ပြန်ပြီလား"
ဟု ပြောပြီးမှ ပေါ်ဋ္ဌေးဘက် တစ်ချက်ကြည့်ပြီး အိမ်အပြင် ခပ်သုတ်သုတ် ထွက်သွားသည်။ ကားနားမှာ ရပ်ပြီး ဖုန်းပြောနေတာကို ပေါ်ဋ္ဌေး ထိုင်နေရာမှ မြင်နေရသည်။
ကံညွန့်မောင်သည် တစ်စုံတစ်ခုကို ဒေါသတကြီး ပြောနေသည်။ ထို့ကြောင့် လေသံပျော့သွားပုံရသည်။ သူ စကားပြောသည့်  ဟန်ပန်ကိုကြည့်ပြီး ခန့်မှန်းလို့ရသည်။ ဖုန်းကို ခါးကြားမှာ ချိတ်ထားသော အိတ် ထဲထည့်သည်။ ကားပေါ်တက်ထိုင်ပြီး တံခါးကို ဆောင့်ပိတ်သည်။ စက်နှိုးသည်။ ထွက်မသွားသေးဘဲ ငူငူကြီး ထိုင်နေသည်။ ခဏအကြာမှာ စက်သတ်ပြီး ကားပေါ်က ဆင်းသည်။ ခဏတွေရပ်နေပြီးမှ အိမ် ထဲ ပြန်ဝင် လာသည်။

ဆက်တီကုလားထိုင်မှာ ၀င်ထိုင်ပြီး-
"ဟေ့ကောင်... စောစောက ပိုက်ဆံပေး"
"လက်မှတ် အရင်ထိုးလေ"
မျက်စောင်း တစ်ချက်ခဲလိုက်ပြီး-
"ပိုက်ဆံကို စားပွဲပေါ် တင်ထား"
ပေါ်ဋ္ဌေးက အင်္ကျီကြားထဲမှ ငွေစက္ကူအုပ်တွေကို စားပွဲပေါ် တင်ပေးလိုက်သည်။ ကံညွန့်မောင်က ပိုက်ဆံထုပ်ကို လှမ်းကိုင်သည်။ ပေါ်ဋ္ဌေးက သူ့လက်ပေါ်မှ အုပ်ကိုင်လိုက်သည်။ ကံညွန့်မောင်က ဘောလ်ပင် ကို ယူပြီး စာချုပ်ပေါ်မှာ လက်မှတ်ထိုးသည်။ ပေါ်ဋ္ဌေးက လက်ပြန်ရုပ်ပေးလိုက်သည်။ ကံညွန့်မောင် က ငွေထုပ်ယူပြီး ထရပ်သည်။

"ရင်ရင်ငြိမ်းအပေါ်မှာ ငါ သစ္စာဖောက်မိပြီ"
အပေါ်ထပ်ကို မော့ကြည့်သယောင် ပြုရင်း-
"ငါ့ကို ခွင့်လွှတ်ပါဟာ"
ဟု ခပ်တိုးတိုးရေရွတ်ပြီး လှည့်ထွက်သွားသည်။ ကားပေါ်တက် မောင်းထွက်သွား၏။

ပေါ်ဋ္ဌေး ကျေနပ်စွာ ပြုံးလိုက်သည်။ ကံများကောင်းချင်တော့ သက်သေလက်မှတ်ထိုးပေးမယ့်လူက အိမ်တိုင်ရာရောက်ပါပဲလား။ ပြီးတော့မှ တွေခနဲ ဖြစ်သွားသည်။ တစ်ခုခု လွဲနေသလားပဲ။
စာချုပ်ကို ကောက်ယူပြီး အပေါ်ထပ် ပြေးတက်လာခဲ့သည်။ လှေကားအလယ်လောက်မှာ အပေါ်ထပ် က ဆင်းလာသော ရင်ရင်ငြိမ်းနှင့် သွားဆုံသဖြင့် ကိုယ်ရှိန်သတ်လိုက်သည်။ လက်ထဲက စာချုပ်ကို ကိုယ်နှင့် မသိမသာကွယ်ပြီး ဆက်တက်ခဲ့သည်။ စာကြည့်ခန်းထဲ ၀င်သည်။ ဟိုအရင်က လက်ထပ်  စာချုပ်ကို ထုတ်ယူသည်။ ကွာရှင်းစာချုပ်နှင့် တိုက်ပြီး စစ်ဆေးကြည့်သည်။ စာချုပ်တွေပေါ်က ကံညွန့် မောင်၏ လက်မှတ် များသည် တစ်ခုနှင့်တစ်ခု မတူဘဲ လွဲနေသည်။ ခွေးသူခိုး... ငါ့ကို ပတ်သွားပြီ။

အောက်ထပ်ကို ပြန်ပြေးဆင်းလာခဲ့သည်။ ဧည့်ခန်းထဲမှာ ရင်ရင်ငြိမ်း ရှိနေသည်။ သူ့ရှေ့မှာ ဖုန်းပြောလို့ မဖြစ်။ ဆင်းလက်စ ဖြစ်နေသောကြောင့် ဟန်မပျက်ဆက်ဆင်းသွားပြီး နောက်ဖေးဘက်ကို သွားသည်။ အိမ်သာ ၀င်သည်။ ရေသောက်သည်။ အချိန်ဖြုန်းတဲ့အနေနဲ့ ထမင်းစားခန်းထဲ ၀င်ပြီး ဟိုလှန် ဒီလှန် လုပ်သည်။ ၀ိုင်းစိန်က-
"ဦးပေါ်... ဗိုက်ဆာလို့လား၊ ကော်ဖီဖျော်ပေးရမလား"
မေးနေသေးသည်။ ခေါင်းခါပြီး ထမင်းစားခန်းထဲက ပြန်ထွက်လာခဲ့ရသည်။ အိမ်သာကို နောက်တစ် ခေါက် ယောင်ပြီး ၀င်မိပြန်သည်။ ၀ိုင်းစိန်သာ မြင်သွားလျှင်-
"ဦးပေါ်... ၀မ်းပျက်နေတယ် ထင်တယ်"ဟု မေးလေဦးမလား မသိ။

ရင်ရင်ငြိမ်းက ဧည့်ခန်းထဲမှာပဲ ရှိသေးသည်။ ဆက်တီမှာ ထိုင်ပြီး နက္ခတ္တရောင်ခြည်မဂ္ဂဇင်း ဖတ်နေ သည်။ တော်တော် နှင့် ထမှာ မဟုတ်တော့။
အပေါ်ထပ်မှာ ဖုန်းတစ်လုံးရှိသေးသည်။ သို့ရာတွင် အောက်က ဖုန်းနဲ့အပြိုင်သွယ်ပြီး ဆက်ထားခြင်း ဖြစ်သောကြောင့် ရင်ရင်ငြိမ်းက အောက်က ဖုန်းနှင့် ခိုးနားထောင်လို့ရသည်။ အကြံတစ်ခု ရသဖြင့် ဖုန်း ဆီသွားပြီး ကောက်ကိုင်လိုက်သည်။ တွေ့ကရာ နံပါတ်တွေ နှိပ်သည်။ ဖုန်းတစ်ခုခု ချို့ယွင်းနေသလို လိုနှင့် လျှောက် စစ်ဆေးကြည့်ချင်ယောင်ဆောင်ပြီး ဖုန်းကြိုးကလစ်ကို ဆွဲဖြုတ်လိုက်သည်။ ထို့နောက် အိမ်ပေါ်သို့ ခပ်သုတ်သုတ် ပြန်တက်လာသည်။

သူ ဂနာမငြိမ် ဖြစ်နေတာကို ရင်ရင်ငြိမ်းက သတိပြုချင် ပြုမိလိမ့်မည်။ တကယ်တော့ သူ့ဘာသာ မလုံမ လဲ ဖြစ်နေတာ။ ရင်ရင်ငြိမ်းသည် ကိုရီုးယားဇာတ်လမ်းတွဲထဲက မင်းသမီးတွေလို ဖုန်းခိုးနားထောင်တာ၊ တံခါးကြား က ချောင်းပြီး နားထောင်တာကို လုပ်တတ်သူမျိုးမဟုတ်။
အပေါ်ထပ်က ဖုန်းဖြင့် ကံညွန့်မောင်၏လက်ကိုင်ဖုန်းဆီ ဆက်လိုက်သည်။ ကံညွန့်မောင် ထူးသံကြား တော့ ဆဲနည်း မျိုးစုံဖြင့် ဆဲလိုက်သည်။ ကံညွန့်မောင်က-
"ဟေ့ကောင်... ဘာဖြစ်နေတာလဲ"
"ခွေးမျိုး... မင်း လက်မှတ်အတုကြီး ထိုးသွားတယ်မဟုတ်လား"

"ဟာ မဟုတ်တာ၊ အစစ်ပါကွ"
"ငါ ငတုံး မဟုတ်ဘူး၊ ဟိုအရင် လက်ထပ်စာချုပ်ထဲက လက်မှတ်နဲ့ တိုက်ကြည့်ပြီးပြီ၊ မတူဘူး"
"သြော်... ဒါလား၊ ငါ လက်မှတ်ပြောင်းထားတယ်"
"မလိမ်နဲ့"
"တကယ်ပါကွာ၊ နိုင်ငံသား စိစစ်ရေးကတ်တွေ လုပ်ပေးတုန်းက ဟိုအရင်က လက်မှတ်ကို မကြိုက် တော့လို့ ပြောင်း ထိုးထားတာပါ၊ မင်းမယုံရင် ကြုံတဲ့အခါ ငါ့ ကတ်ကို စစ်ဆေးကြည့်လို့ရတယ်"
"ငါ့ကို ပတ်တာဆိုရင်တော့ မလွယ်ဘူးနော်"

"ကိုပေါ်ရာ... မင်းကို ငါ လိမ်ရဲပါ့မလား၊ အလိမ်ပေါ်သွားရင် မင်းက ငါ့အကြောင်းတွေ ငါ့မိန်းမကို သွား တို့လို့ ရတာပဲဟာ"
"ဒါဆို ပြီးရော၊ မင်းလည်း ငါ့ကိစ္စ တခြားကောင်တွေကို သွားမပြောနဲ့ဦးနော်"
"အေးပါ... သြော် ဟေ့ကောင်၊ စောစောက မင်းကို ငါ ပြောခဲ့တာတွေ ဘယ်လိုမှ သဘောမထားနဲ့နော်"
"ရပါတယ်၊ ငါ ပြောတာတွေလည်း မှတ်မထားနဲ့"
ပြောပြီး ဖုန်းချလိုက်သည်။ ခုလောလောဆယ်မှာ ကွာရှင်းစာချုပ်ကိစ္စကို လူများများ မသိစေချင်သေး။ သိကုန်လျှင် လူစုပြီး ၀ိုင်းကျပ်ကြလိမ့်မည်။ တစ်ဆင့်ချင်း သွားရမည်။ တစ်ယောက်ချင်း ဖဲ့ပြီး စည်းရုံးရ မည်။

စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ကွာရှင်းချင်တာဟု ကံညွန့်မောင်ကို ပြောခဲ့သည်။ ဘာတွေ မတိုက်ဆိုင်တာလဲ၊ ဘယ်လို မတိုက်ဆိုင်တာလဲ၊ ရှင်းပြရာမှာ နည်းနည်းတော့ လက်ဝင်သည်။ ပြော မယ်ဆိုရင် မင်္ဂလာဆောင်တဲ့နေ့က စပြောရမည်။ အဲဒီနေ့ကတည်းက ရင်ရင်ငြိမ်းက ဇာတိပြတော့တာ။
ပေါ်ဋ္ဌေးသည် လက်ထပ်စာချုပ် ချုပ်ပြီးနောက် ဆောင့်ကြွားကြွားဖြစ်လာ၏။ သူ့ကိုယ်သူ တကယ့်အိမ် ထောင်သည် ဂိုက်မျိုး ဖမ်းနေသည်။

"ကိုယ်က မင်းတို့လို လူပျိုလူလွတ် မဟုတ်တော့ဘူးကွ၊ အနေအထိုင် ဆင်ခြင်ရမယ်"
ဟု ခပ်ကျောကျောပြောသည်။ "ငါ့မိန်းမကလေ..." စသည်ဖြင့် အသားယူချင်လာသည်။ သူ့ကို ရှေ့တင် ထားပြီး ခုလို ပြောတာကို ရင်ရင်ငြိမ်းက ရှက်သည်။
"အဲဒီလိုကြီး မခေါ်စမ်းပါနဲ့ဟယ်"
လို့ ပြောတော့ ပေါ်ဋ္ဌေးက-
"မိန်းမမို့လို့ မိန်းမပြောတာပေါ့ဟ၊ ဒါ ရှက်စရာလား၊ ငါလည်း ကြွားချင်တာပေါ့"
"တကယ်လည်း လကထပ်ရသေးတာ မဟုတ်ဘဲနဲ့"

ရင်ရင်ငြိမ်း ခုလိုပြောလိုက်တာကိုက ပေါ်ဋ္ဌေးကို ရောဂါတစ်ခု ထပ်တိုးအောင် တွန်းအားပေးလိုက်သလို ဖြစ်သွားသည်။ ထို့ကြောင့် ပေါ်ဋ္ဌေးသည် မိမိ မိန်းမလိုချင်ပြီ ဖြစ်ကြောင်း အမေကတစ်ဆင့် ပူဆာလေ တော့သည်။
သူနှင့် ရင်ရင်ငြိမ်း ကြိုက်နေကြကြောင်း မိဘတွေ သိသည်။ သဘောလည်း တူသည်။ သူ့အမေကဆို လျှင် ပေါ်ဋ္ဌေးက အလောတကြီး ဆုံးဖြတ်လုပ်ကိုင်တတ်သောကြောင့် ကြုံရာတွေ့ရာ မိန်းကလေးနှင့် ဖြစ် သွားမှာကို စိုးရိမ်နေခဲ့တာ။ ရင်ရင်ငြိမ်းနဲ့ဆိုတာ သိရသောအခါ ထခုန်မတတ် ၀မ်းသာသွားခဲ့သည်။ အဖေကတော့-
"ကောင်မလေး သနားပါတယ်၊ ငပေါ်ရဲ့ဒဏ်ကို ခံနိုင်ဖို့ မလွယ်ဘူး"

ဟု ဆိုသည်။ ပေါ်ဋ္ဌေးကိုတော့-
"မင်း ခုတစ်မျိုး၊ တော်ကြာ တစ်မျိုး မလုပ်နဲ့နော်" ဟု သတိပေးသည်။
အခု ပေါ်ဋ္ဌေးက မင်္ဂလာဆောင်ပေးပါ ပြောလာတော့လည်း အမေက မြန်မြန်ထက်ထက် စီစဉ်ပေးလိုက် ချင်သည်။ တော်ကြာ ဒီကောင်  စိတ်ပြောင်းသွားမှာ စိုးရိမ်နေခဲ့တာနှင့် အတော်ပဲ။ အဖေကတော့-
"ဘာ... ၀င်ငွေဖြင့် တစ်ပြားမှ မရှိသေးဘူး၊ မိန်းမ လိုချင်လို့ရမလား"
"သူ့မှာ ၀င်ငွေမရှိပေမယ့် ရှင့်မှာ ရှိတာပဲ"
"သြော်... ငါက ကောင်မလေးကိုပါ အိမ်ပေါ်ခေါ်တင်ပြီး ကျွေးထားရမယ် ဆိုပါတော့"

"လူတစ်ယောက် ပိုလာရုံနဲ့ ရှင် မွဲမသွားနိုင်ပါဘူး၊ စဉ်းစားကြည့်ဦး၊ ရှင့်မှာက ယောက်ျားလေးအဖော် ရှိ တယ်၊ ကျွန်မမှာ မရှိဘူး၊ ရင်ရင်ငြိမ်းသာ ရောက်လာရင် ကျွန်မလည်း တိုင်ပင်ဖော် တိုင်ပင်ဖက် ရတာပေါ့"
"ကိုယ့်သား က အလုပ်အကိုင်မရှိသေးဘဲနဲ့၊ မိန်းမ သွားတောင်းရရင် မျက်နှာငယ်မယ်ကွ"
"သူတို့ကလည်း နားလည်ပါတယ်၊ နောက်တော့ အလုပ်တစ်ခုခု စီစဉ်ပေးမယ်ပြောပေါ့၊ ရှင့်သားက လည်း အိမ်ထောင်ကျသွားရင် ဒီတိုင်းနေလို့ မဖြစ်ဘူးဆိုတာ သိမှာပါ၊ ဒါနဲ့... ရှင့်ကို မေးရဦးမယ်၊ ရှင် မြေးမချီချင်ဘူးလား"
အဖေ လုပ်တဲ့လူ တွေသွားသည်။ အမေက ချက်ကောင်းကို ထိသွားမှန်းသိသဖြင့် ဆက်ပြီး နှဲ့လိုက် သည်။

"တော်ကြာ... ရှင် ဟိုဘက်လမ်းက ဦးစိုးတင့်လို ဖြစ်နေဦးမယ်နော်၊ သူ့သား အသက်သုံးဆယ့်ငါးနှစ် ရှိပြီ၊ ခုထိ မစွံသေးဘူး၊ သူ့ခမျာ တူ တူမတွေရဲ့ ကလေးတွေကိုပဲ မြေးအရင်းလို သဘောထားချီပိုးပြီး စိတ်ဖြေ နေရ ရှာတာ"
အဖေလည်း မနေသာတော့ဘဲ တစ်ဖက်က လူကြီးတွေဆီသွားပြီး တောင်းရမ်းပေးရသည်။ ရင်ရင်ငြိမ်း က မိဘများမရှိတော့။ ကြီးတော်ဖြစ်သူနှင့် နေရခြင်းဖြစ်၏။ ကြီးတော်ကြီးကလည်း လှိုက်လှိုက်လှဲလှဲ လက်ခံ သည်။ သူက ရင်ရင်ငြိမ်းအတွက် စိတ်ချသွားရလျှင် သာသနာပြုလုပ်ငန်းတွေကို ဇောက်ချလုပ် တော့မည် ဟု စိတ်ကူးထားသည်။

မင်္ဂလာဆောင်မှာ သတို့သားအရန် လုပ်ဖို့ အေဘီကျော်ကို အများသဘောတူ ရွေးလိုက်ကြသည်။ သတို့သမီးအရန်အဖြစ် ဒေစီပွင့်ကို လျာထားသည်။ ဒေစီပွင့်မှာ အလွန်ရှက်တတ်သူဖြစ်သောကြောင့် ငြင်း သေးသည်။ ရင်ရင်ငြိမ်းက-
"ငါလည်း ရှက်တာပါပဲဟာ၊ နင်နဲ့ဆိုရင် နှစ်ယောက်အတူတူ ရှက်ဖို့ အဖော်ရလို့ တော်သေးတယ်"
ဟု ပြောသဖြင့် အင်တင်တင်နဲ့ လက်ခံလိုက်ရသည်။

သူတို့နှစ်ယောက်ကို ရွေးရတာကလည်း အကြောင်းရှိသည်။ ဒီနှစ်ယောက်ကို ကျောင်းတုန်းကတည်း က ၀ိုင်းပြီး စနေခဲ့ကြသောကြောင့်ဖြစ်၏။ ဒီမှာတွင် အေဘီကျော်က ပြဿနာ ထလုပ်တော့သည်။
"ဟာ... သူတို့ ပိန်ညောင်ညောင် ပုံတုံးကြီးနဲ့တော့ ငါ မတွဲနိုင်ဘူး၊ ငါ့အရပ်အမောင်းမျိုးနဲ့ ဆိုရင် ကိုယ် လုံးကိုယ်ပေါက် ခပ်ထည်ထည်ရှိတဲ့ လူနဲ့မှ လိုက်ဖက်မှာ၊ အနှောင်းကို လုပ်ခိုင်း"
အနှောင်းလို ဆတ်တောက်ဆတ်တောက် လမ်းလျှောက်တတ်သော ယောက်ျားလျာတစ်ယောက်က ဆံထုံး တွေ၊ ထိုင်မသိမ်းတွေနဲ့ဆို ဘယ်လိုမှ ကြည့်ကောင်းမှာ မဟုတ်။ အနှောင်းကလည်း လုပ်မှာ မဟုတ်။ အေဘီကျော် ကတော့ ဘယ်လိုမျ ပြောလို့မရဘဲ ဂျီကျနေသည်။ နောက်ဆုံးတော့ သူတို့အား လုံး ကြောက်ကြ ရသော အောင်ချိုတို့အဖေက ခေါ်ဟောက်လိုက်မှ မငြင်းသာဘဲ လက်ခံလိုက်ရသည်။
မင်္ဂလာဆောင်မှာ ပရိသတ် စည်စည်ကားကား၊ သူငယ်ချင်းတွေ စုံစုံလင်လင်နဲ့ ပျော်စရာကောင်းလှ သည်။ ရွှေကြိုး တားတာ၊ ခဲဖိုးတောင်းတာတွေကတော့ တခြားမင်္ဂလာဆောင်တွေအတိုင်းပါပဲ။

ညနေကျတော့ သူငယ်ချင်းတွေရဲ့ တောင်းဆိုမှုအရ လူပျိုညလုပ်ပေးရသည်။ အဖေက အရက်သောက် တာ မကြိုက် သော်လည်း ဒီတစ်ခါတော့ ခွင့်ပြုသည်။
"မလွန်စေနဲ့၊ နောက်မကျစေနဲ့"
လို့သာ မှာလိုက်၏။ စားသောက်ဆိုင်တစ်ခုမှာ ထိုင်ကြသည်။
အနှောင်း ဦးဆောင်သော မိန်းကလေးအုပ်စုက-
"အရက်သောက်မယ်ဆို မလိုက်ဘူး၊ အရက်သောက်တဲ့ လူတွေနဲ့ တစ်ဝိုင်းတည်း မထိုင်နိုင်ဘူး" ဆိုသ ဖြင့် သူတို့ကို အရင်ကျွေးမွေးပြီး စောစောပြန်လွှတ်လိုက်ရသည်။ ရင်ရင်ငြိမ်းကတော့ ပင်ပန်းပြီး ငြီးစီစီ ဖြစ်နေလို့ ဆိုပြီး မလိုက်ဘဲ နေခဲ့သည်။

ယောက်ျားလေးတွေချည်းဘဲ ကျန်တော့မှ ယမကာဝိုင်း စကြသည်။ လူပျိုညတို့ရဲ့ ထုံးစံအတိုင်း သူငယ် ချင်းတွေက ပေါ်ဋ္ဌေးက သင်တန်းတွေ အမျိုးမျိုး ၀ိုင်းပေးကြသည်။ တကယ်တော့ သူတို့လည်း ဘာ အတွေ့ အကြုံ မှ ရှိကြတာမဟုတ်။ ကြားဖူးနားဝတွေ လျှောက်ပြောကြခြင်းသာ ဖြစ်၏။

ဆက်ရန်
.

1 comment:

Anonymous said...

Thanks Sis!!!

Ray