အခန်း (၈)
လင်ကီ
လင်ကီ
လင်ကီဒက်စ်မွန်သည် ၁၉၄၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ငယ်မည် လင်ကွန်းတင်းအက် အဖြစ်ဖြင့် မွေးဖွား သန့်စင်ပြီး ကနတ် တီးကတ် ပြည်နယ်၊ ၀က်စ်ပို့တွင် ကြီးပြင်းခဲ့လေသည်။ နာမည်နှင့် လိုက်အောင် ခမ်းနား တင့်တယ် ချစ်စဖွယ် မိန်းကလေးဖြစ် လာ၏။ အဖေက အလွန်အောင်မြင်သည့် ၀ိုင်ကုန်သည်ကြီး။ သုံးဆယ့် ရှစ်နှစ် အရွယ်တွင်မှ သမီးဦး မွေးဖွားခဲ့သည့် လင်ကီ့ အမေမှာ အဖေလုပ်သူ ပိုင်ဆိုင်သည့် တင်းအက်ဝိုင် လုပ်ငန်းကြီး၏ အစုစပ် လုပ်ငန်းရှင်ဖြစ်သည်။
ဝါရန်တင်းအက် နှင့် ဟယ်လင် တို့ လက်ထပ်ပြီး ဆယ့်သုံးနှစ်ကြာမှ လင်ကီကလေးကို ရခြင်းဖြစ်၏။ ထို့ကြောင့် လင်ကီသည် သူတို့ ဇနီးမောင်နှံ၏ အနာဂတ်။ သူတို့၏ ရတနာ။ ၀ိုင်လုပ်ငန်းကြီး၏ အမွေခံ။
မိဘနှစ်ပါး က လင်ကီကို ငယ်စဉ်တောင်ကျေး ကလေးအရွယ်မှစပြီး ၀ိုင်နှင့် ယဉ်ပါးအောင် သင်ကြား ပေးခဲ့သည်။
သမီးကလေး ကို ၀ိုင်နှင့် ရေရောပြီး လက်ဖက်ရည်ဇွန်းဖြင့် တိုက်သည်။ ပြင်သစ်ပြည်ရှိ စပျစ်ခြံကြီးများကို ချစ်ခင် တတ်အောင် လည်း လေ့ကျင့်ပေးသည်။
အမေ တာဝန်ယူရသည့် အပိုင်းက မကြီးကျယ်လှသော်လည်း ၀ိုင်ကို ပုလင်းသွတ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း မှာ နက်နဲ ကျယ်ဝန်းသည့် ကုန်သွယ်မှုသဘောတရားများ ပါဝင်လေသည်။ အမေက သူ့လုပ်ငန်း များ ကိုလည်း သမီးကလေးအား နည်းနည်း ချင်း မိတ်ဆက်ပေး၏။
“ ၀ိုင် လုပ်ငန်းအကြောင်းကို သမီးအများကြီး နားလည်ထားဖို့ လိုတယ်။ တစ်နေ့မှာ သမီး လုပ်ငန်းခွင်ကို ၀င်ရ မှာလေ” ဟု အမေက ပြောတတ်သည်။
” တင်းအက် သွင်းကုန် လုပ်ငန်းဟာ တစ်နေ့ သမီးပိုင် ဖြစ်လာမှာ၊ ဒါကြောင့် လုပ်ငန်းအကြောင်း သမီး ဘက်စုံ နားလည်အောင် လေ့လာထားဖို့ လိုတယ်”ဟု အဖေက စည်းရုံးရင်း သူအလွန် ကျွမ်းကျင်သည့် ကုမ္ပဏီ ၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို တစ်စတစ်စ သင်ကြားပေးသည်။
အနားယူချိန်များတွင် သမီးကို ဘယ်သူက ပိုပြီး ဂရုစိုက်ကြောင်း အဖေနှင့် အမေ ဆွတ်ပျံ့ကြည်နူးစဖွယ် ပြိုင် တတ်သည်။
အားကစား ၀ါသနာအိုး အဖေလုပ်သူက လင်ကီကို မြင်းစီးသင်ပေးသည်။ တင်းနစ် သင်ပေးသည်။ စကိတ်စီး သင် ပေးသည်။ ဘောလုံးပွဲနှင့် အားကစားပြိုင်ပွဲပေါင်းစုံကို သမီးနှင့် အတူကြည့်သည်။
သင် လိုက်လျှင် ချက်ချင်း တတ်လွယ်သည့် သမီးကို ကြည့်ပြီးအဖေက အားရကျေနပ်စွာဖြင့် ” အင် သမီးကို ရ တဲ့ လူတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ဖြစ်မှာပဲ”ဟု ပြောတတ်သည်။
သံတမန် တစ်ဦး၏ သမီးဖြစ်သူ မေမေ ဟယ်လင်နီက လုပ်ငန်းပိုင်းဆိုင်ရာ လူမှုရေး လောကထဲသို့ ၀င်ဆံ့ အောင် လင်ကီကို ပွဲထုတ်သည်။
” သမီးကို မေမေ သိပ်အားရတာပဲ။ သမီးက လုပ်ငန်းရှင်ကြီးတွေနဲ့လည်း စကားပြောတတ်တယ်။ အလုပ်သမား တွေနဲ့လည်း ရင်းနှီးအောင် နေတတ်တယ်။ ကြယ်လေးပွင့် ဟိုတယ်ကြီးတွေမှာလည်း နေတတ် သလို၊ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ ထိုင်ရမှာလည်း ၀န်မလေးဘူး။ အားလုံးနဲ့ ခွင်ကျအောင် လိုက်လျော ညီထွေ နေတတ်ဖို့ဟာ လုပ်ငန်းမှာ အရေးကြီးဆုံးပဲလေ”ဟု ပတ်ဝန်းကျင်မျိုးစုံတွင် အလိုလို ၀င်ဆံ့ နေသည့် သမီးကို ကြည့်ပြီး ပြောလေ့ရှိသည်။
သားအမိ သားအဖ သုံးယောက်တို့သည် ချမ်းမြေ့ရိပ်သာ ကမ္ဘာကလေးတစ်ခုကို တည်ဆောက် နေကြခြင်း ဖြစ်လေသည်။
ဆွတ်ပျံ့ကြည်မောဖွယ်ရာ ထိုကမ္ဘာလေးထဲတွင် လင်ကီသည် အကာအကွယ်မျိုးစုံ ရရှိသေည်။ အညွှန့်အဖူး ကလေးဖြစ်လေ သည်။ ထို့ကြောင့်လည်း မကောင်းမှု အန္တရာယ်တို့သည် ပိန်းကြာဖက် ရေမတင်သကဲ့သို့ ရှိလိမ့်မည် ဟု လင်ကီ ယုံကြည်မိခြင်း ဖြစ်၏။
အေဘီစီ တတ်ချိန်မှ စပြီး လင်ကီ စာဖတ်ဝါသနာပါခဲ့သည်။ အဖေ့စာအုပ်စင်မှ စာအုပ်မှန်သမျှ မွှေနှောက် ရှာဖွေပြီး ဖတ်သည်။ ကလေးစာပေမှသည် အပျော်ဖတ်၊ အပျော်ဖတ်မှသည် အာဂါသာ ခရစ္စတီ ၏ စာအုပ် များကို ဖတ်နိုင်လာသည်။ လင်ကီ့ အတန်း ဖော်များက သူ့ကို စာကြမ်းပိုးဟု သရော်တတ်ကြ၏။
” တခြား ကြမ်းပိုးဖြစ်ရတာနဲ့ စာရင် စာကြမ်းပိုးဖြစ်ရတာက ပိုကောင်းတာပေါ့”ဟု လင်ကီက ပြန်ဖြေ တတ်သည်။
” စာဖတ်တာဟာ လူ အသိဥာဏ်ကို ဖွံ့ဖြိုးစေတဲ့ နည်းပညာတစ်ခုပဲ၊ သမီးမှာ ပါရမီ ဥာဏ်ခံရှိပြီးသား၊ ဦးနှောက် ရှိပြီးသား၊ အဲဒါကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ အရေးကြီးတယ် ”
ဟု သွန်သင်ရင်း သမီးကလေး၏ အသိဥာဏ် ဖွံ့ဖြိုးတိုးတက်မှုကို အဖေက မြေတောင် မြှောက်ပေးသည်။ အမေ လုပ်သူက အဖေ နှင့် တစ်သဘောတည်း အားပေးသည်။ ဟယ်လင်နီသည် လင်ကီကို မြင်သူ ဗျာပွေ လောက်သည့် အလှပိုင်ရှင် မိန်းမချော ကလေးတစ်ယောက် ဖြစ်လာလိမ့်မည်ဟုလည်း ယုံကြည်ထား၏။ သည် အကြောင်းကိုလည်း လင်ကီ သိအောင် ပြောလေ့ရှိသည်။
” သမီးရဲ့ မျက်လုံးပြာတွေက မေမေတို့ဘက်ကို တူတာ၊ ရွှေရောင်ဆံပင်တွေကတော့ ဖေဖေတို့ဘက်က ရတာဖြစ်မယ်၊ သမီးဟာ မေမေ့သမီး မဟုတ်ရင်လည်း မေမေချစ်မိမှာပဲ၊ သမီးလောက်လှတဲ့ မိန်းကလေးကို ဘယ်သူ မချစ်ဘဲ နေနိုင်မှာလဲ ဒါပေမယ့် အလှအပဟာ ဘ၀ရဲ့ ပဓာနတော့ မဟုတ်ဘူး။ စာရိတ္တကောင်းဖို့နဲ့ အလုပ်ကြိုးစား ဖို့ကလည်း စကားပြောသေးတယ်”
မိဘနှစ်ပါးစလုံးက လင်ကီ့ကို အထွတ်အထိပ် ရောက်ရမည်ဟု မျှော်လင့်ထားကြ၏။ ပန်းခင်းလမ်းတွင် ပန်းစရာ၊ လွမ်းစရာ၊ နွမ်းစရာ၊ မောစရာများနှင့် ကြုံဖို့အကြောင်းမရှိနိုင်ဟူ၍ သမီးကလေး ယုံကြည် နေ ပေ၏။
အထက်တန်းရောက်တော့ လင်ကီ၏ အောင်မြင်မှုများသည် အ၀တ်ဗီရိုထဲက အနွေးထည်တွေနှင့်အပြိုင် မရေမတွက် နိုင်အောင် ဖြစ်လာသည်။ နှစ်စဉ်ထုတ် ကျောင်းမဂ္ဂဇင်းတွင် တာဝန်ခံ အယ်ဒီတာ၊ မိန်းကလေး၊ တင်းနစ် အသင်းတွင် ကက်ပတိန် စသည် စသည်။ ကျောင်းစာတွင် ကြည့်မလား၊ အမှတ်တွေက ဘာသာ တိုင်း တွင် ထိပ်ဆုံးကချည်း။ သည်အောင်မြင်မှုများအတွက် ကား မောင်းလိုင်စင်ရသည့် အရွယ် ရောက်သောနေ့တွင် အဖေနှင့် အမေက ပယင်းစိမ်းရောင် ကျားသစ်တံဆိပ်ကားကလေး တစ်စင်း ၀ယ်ပြီး ဆုချသည်။
လင်ကီက အထက်တန်း ကျောင်းသူဘ၀ အောင်မြင်မှုများကို ၀က်စလေ ကောလိပ်သို့တိုင် ဆက်လက် သယ်ပိုး လာခဲ့၏။
ဘာသာတိုင်း တွင် ဂုဏ်ထူးထွက်သည်။ တင်းနစ်စံချိန်ကို ဆယ်နှစ်တာ ကျောင်းသမိုင်း၏ ဒုတိယ အကောင်းဆုံးနေရာတွင် တင် နိုင်ခဲ့သည်။ ကျောင်းမှ ထုတ်ဝေသည့် နေ့စဉ် သတင်းစာတွင် အယ်ဒီတာ လုပ်သည်။ သို့သော် ချစ်ရေးချစ်ရာတွင်တော့ လင်ကီ ကံခေရှာသည်။
လင်ကီ က ရွယ်တူတန်းတူများကို စိတ်မ၀င်စား။ ကိုယ့်ထက် ကြီးသူများကို မျက်စိကျသည်။
တက္ကသိုလ်ရောက်စ နှစ်များတွင် ဆေးကျောင်းမှ ဆရာဝန်တစ်ယောက်နှင့် တွဲဖြစ်သည်။ သူ့နာမည်က ဖီးလစ်အက်။ ချစ်သူက လင်ကီ့ကို ၀က်စလေကောလိပ်မှ ထွက်ပြီး ချီကာဂိုကို လိုက်ဖို့ ခေါ်သည်။ ပထမဆုံး အကြိမ် အဖြစ် အချစ်နှင့် အောင်မြင်မှု ထိပ်တိုက်တွေ့ဆုံရခြင်း။
” တစ်နှစ်ပဲ လိုတော့တာပဲ၊ ဘွဲ့ရအောင်တော့ နေရမှာပေါ့” ဟု ချစ်သူကို အယူခံဝင်သည်။
ဖီးလစ် က ဇွတ် စည်းရုံးသည်။
” မင်း ကိုယ့်ကို ချစ်တာလား၊ ဘွဲ့ကိုချစ်တာလား၊ ကိုယ့်ကို ချစ်တယ်ဆိုရင် လက်ထပ်ပြီး ကိုယ့်နောက် လိုက် ခဲ့ပေါ့”
” မောင့်ကို ချစ်ပါတယ်၊ ချီကာဂိုကိုလိုက်ပြီး ကျွန်မက ဘာလုပ်ရမှာလဲ ”
” တခြား အိမ်ရှင်မတွေလို ဈေးဝယ် ထွက်ပေါ့၊ အိမ်ထောင်ထိန်းပေါ့၊ စုပြီး အတင်းပြောပေါ့ ”
” ဈေးဝယ်တာ လင်ကီ ၀ါသနာ၊ မပါဘူး၊ ပြီးတော့ အိမ်အလုပ်ကို လင်ကီ စိတ်မ၀င်စားဘူး၊ အတင်းလည်း ပြောတတ် တဲ့ ဟာမျိုးလည်း မဟုတ်ဘူး၊ မောင် ကျွန်မအကြောင်း အဲဒီလောက်တော့ သိဖို့ ကောင်းတာ ပေါ့ကွယ်”
ဖီးလစ်က ပခုံးတွန့်ပြီး
” မင်း သဘောပဲလေ၊ မင်းက ကိုယ်နဲ့ လက်မတွဲနိုင်ဘူးဆိုရင်လည်း တစ်ယောက်ထပ်ရှာရုံပေါ့ ”
” သြော် ကျွန်မ နေရာကို မောင်က အဲဒီလောက် လွယ်လွယ်ကလေး အစားထိုးနိုင်တယ်ပေါ့ ဟုတ်လား ”
” ကိုယ် မိန်းမ ယူဖို့လိုပြီလေ ”
ဤတွင်မှ ဖီးလစ်၏ ချစ်အဘိဓမ္မာကို လင်ကီ နားလည်ရလေသည်။ တစ်ပြိုင်တည်းတွင် ဇာတ်လမ်းဆုံး သွား၏။
နောက်ဆုံးနှစ်ရောက်တော့ သူ့ထက် ဆယ့်ငါးနှစ်ကြီးသည့် မိန်းမနှင့်ကွဲနေသော ပါမောက္ခ ရော်နယ်တင်ကန် နှင့် ငြိတွယ် ပြန် သည်။ ရော်နယ်က ခရစ္စတိုဖာမာလိုနှင့် ရှိတ်စပီးယား အတ္ထုပ္ပတ္တိများ ရေးခဲ့ သည့် စာပေပညာရှင်တစ်ဦးဖြစ်သည်။
လူက လူချော၊ ထက်လည်းထက်သည်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ပုံစံမျိုး။ လင်ကီက အချစ်တွေ့ပြီဟု ယုံကြည် လိုက်၏။ တစ်ခန်းတည်းနေ သူငယ်ချင်းက လင်ကီ့ကို ဖျက်သည်။
” အဲဒီဆရာက ကျောင်းသူ ချောချောကလေးတွေကို ထည်လဲ တွဲနေတာ နင်မကြားဘူးလား၊ ငါ့အစ်မ တစ်ယောက်တောင် ခံလိုက် ရတာလေ ”
” ဒါဆို ငါက အများထဲက တစ်ယောက် ဖြစ်နေတယ်လို့ နင် ဆိုလိုတာလား ”
ဘယ်တုန်း ကမှ အများထဲက တစ်ယောက် ဘ၀မျိုး မရောက်ခဲ့ဖူးသည့် လင်ကီက သူငယ်ချင်းကို ပြန် မေးသည်။
” သိပ် သေချာတာပေါ့ ”
သည် အကြောင်း ဖွင့်မေးတော့ ရော်နယ်က
” အဲဒါ ဆန်းသလားကွယ်၊ နှစ်တိုင်း ကောက်သစ်ပေါ်နေတာပဲ ” တဲ့ ။
” ဒါဖြင့် ဆရာ ကျွန်မကို ချစ်လို့ တွဲတာ မဟုတ်ဘူးပေါ့ ”
” အို ချစ်တာပေါ့၊ မိန်းကလေးရဲ့ အခု မင်းကို ဆရာ ချစ်တယ်လေ ”
ဆရာ က စွဲမက်စရာ အပြုံးဖြင့်ဖြေသည်။ သူ့အသံကိုက တိမ်းညွှတ်ချင်စရာ။
” အခု ဟုတ်လား၊ ကျောင်းပိတ်တာနဲ့ လင်ကီနဲ့ ဇာတ်လမ်းတစ်ပုဒ် ဆုံးပြီပေါ့၊ ဟုတ်လား ဆရာ ”
”ပစ္စပ္ပန် မှာ ပျော်ပျော်နေကြရအောင်ကွာ ”
လင်ကီ ခေါင်းယမ်းသည်။
”ကျွန်မ အဲဒီလို မိန်းကလေး မဟုတ်ဘူးဆရာ ”
ထိုနေ့ တွေ့ဖို့ ချိန်းထားသည့် အစီအစဉ်ကို ဖျက်လိုက်သည်။
မိမိ အချစ်ဇာတ်လမ်းများ ဘာကြောင့် မလှမပ ဖြစ်နေပါလိမ့် ဟု လင်ကီ နားမလည်နိုင်အောင် ဖြစ်နေ၏။
ဖီးလစ် အကြောင်း ပြန်စဉ်းစားသည်။ သူက အပေါ်စီး ဆန်လွန်းပြီး မိမိက ခေါင်းမာခဲ့ခြင်းလား၊ မိန်းမရှုပ်သူ ရော်နယ်တင်တန် နှင့်ကျတော့ မာနတင်းခဲ့မိခြင်းလား။
နောက်ဆုံး ကိုယ့်ကိုယ်ပဲ အပြစ်ပုံချလိုက်တော့သည်။ အမေက အားပေးရှာ၏။
”သမီးက အများနဲ့ တူတဲ့ မိန်းကလေးမှ မဟုတ်တာ၊ တစ်နေ့မှာ သမီးလိုပဲ ထူးခြားတဲ့ လူငယ်တစ်ယောက် ဆုတောင်း ရမှာပဲ မေမေ၊ သမီးရဲ့ အိမ်ထောင်ရေးဟာ မေမေတို့လို အိမ်ထောင်ရေးမျိုးပဲ ဖြစ်ချင်တယ် ”
”ဖြစ်လာမှာပါ သမီးရယ်၊ သမီး စိတ်ရှည်သာ စောင့်နော် ”ဟု မေမေ ဟယ်လင်နီက အားပေးလေသည်။
တက္ကသိုလ် နောက်ဆုံးနှစ်တွင် အတွဲမရှိတော့ဘဲ ယောက်ျားလေးတွေနှင့် ခပ်ကင်းကင်း နေသည်။ သူငယ်ချင်း တွေက ချစ်သူ ကိုယ်စီနှင့်၊ ယေးတို့ ဟားဗတ်တို့မှ သူတို့ ငနဲသားများအတွက် ခြေအိတ် ထိုးနေကြချိန် တွင် လင်ကီက စာတွေ ဖိဖတ်နေ၏။
"အင်နာကာရီနာကို ဖတ်ပြီး ငိုသည်။ မဒမ်ဗိုဗာရီကို ဖတ်ပြီး မျက်ရည်ကျသည်။ ဂျွန်အပ္ပဒိုက်၏ မော်ဒန် စာတွေ ဖတ်ရင်း စိတ်ကူးထဲတွင် စာရေးဆရာနှင့်တွဲပြီး လမ်းလျှောက်သည်။ ကာပက်ဘက်ဂါကို ဖတ်ပြီး ဟာရိုးရော်ဘင်နှင့်အတူ ငါးဥကြော်ကို မြီးလျက် ရှမ်ပိန်သောက်သည်။ "အာဖရိကမှသည်" ကို ဖတ်ပြီး မြို့စားကတော် ကလေးဘီဆင်နှင့် လက်ဖက်ရည်သောက်ရင်း ငိုအွန်တောင်တန်းများကို ဘန်ဂလို ၀ရန်တာ မှ ငေးကြည့်သည်။
"သမီး ၀တ္ထုစာအုပ်တွေက အနွေးထည်တွေထက်တောင် များနေပြီ" ဟု အဖေ့ကို ရယ်ရယ်မောမော ပြောမိ၏။ အနွေးထည် စုဆောင်းခြင်း နှင့် စာအုပ် ရူးခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် ပြန် သရော်ခြင်း ဖြစ် သည်။
"သမီးဘ၀မှာ အတွဲပဲ လိုတော့တယ် ဖေဖေရဲ့၊ အတွဲရှိရင် ဘာမှ မလိုတော့အောင် ပြည့်စုံပြီ"
၁၉၆၀ ပြည့်လွန်နှစ်များက မိန်းကလေးများ၏ ပုံစံအတိုင်း လင်ကီသည် အိမ်ထောင် ပြုချင်၏။ သားသမီး တွေ ပွားစီးချင်း၏။ အဖေနှင့် အမေ ပုံသွင်းထားသည့်အတိုင်း အလုပ်ခွင်ကိုလည်း ၀င်ချင် ၏။ အဖေနှင့် အမေ့ လုပ်ငန်း ကို မဟာလုပ်ငန်းကြီး တစ်ခု ဖြစ်လာအောင် ၀င်ကူချင်၏။
"ကျောင်းပြီးတာနဲ့ သမီး အလုပ်ဝင်ရမယ်၊ ပထမရုံးမှာ အရင်ဝင်၊ ရုံးလုပ်ငန်းကို နားလည်ဖို့ အရေးကြီးတယ်" ဟု အဖေက ပုံစံချပေးသည်။
ယင်းအတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် နောက်ဆုံးနှစ် တက်နေစဉ် လင်ကီ လက်နှိပ်စက် သင်ထား လိုက်သည်။
၁၉၆၁ခုနှစ် အလုပ်သမားနေ့ ရုံးပိတ်ရက်များတွင် သားအမိ သားအဖသုံးယောက် နန်တူကက်သို့ ခရီး ထွက်ခဲ့ကြ၏။ "ဆင်ဖြူ" တည်းခိုခန်းတွင် တည်းကြသည်။ အင်္ဂါနေ့တွင် လေယာဉ်ကလေး တစ်စီး ငှားပြီး အဖေ နှင့် အမေ အိုဒယ် ဟိုင်းလ်သို့ သွားမည်။ ထိုမှတစ်ဆင့် ပြင်သစ်လေကြောင်း ဖြင့် နှစ်စဉ်သွားနေကျ ပါရီ ခရီးစဉ်ကို ဆက်မည်။
ဝန်ရန်တင်းအက်နှင့် ဟယ်လင်နီတို့သည် စပျစ် တင်သွင်းမှု လုပ်ငန်းအတွက် ပြင်သစ် စပျစ်ခြံကြီး များသို့ နှစ်စဉ် သွားလေ့ရှိသည်။ နှစ်တိုင်းလိုလို လင်ကီ ပါနေကျ။ သည်နှစ် အလုပ်ဝင်ရတော့မည် မို့ နေခဲ့ခြင်း ဖြစ်၏။ နန်တူကက် တွင် တစ်ပတ်ဆက်နေပြီး လင်ကီက အိမ်ပြန်မည်။
လင်မယားနှစ်ယောက် စိတ်လက် ပေါ့ပါးစွာဖြင့် ခရီးထွက်သွားကြခြင်း ဖြစ်၏။ သည်ခရီးမှာ သူတို့၏ နောက်ဆုံး ခရီး ဖြစ်လေသည်။
ဆင်ဖြူတည်ခိုးခန်း ပိုင်ရှင် ရော်ဘင်ရော်ဂျာ်က လင်ကီ့ကို သူ့ရုံးခန်းထဲခေါ်ပြီး အဖြစ်အပျက်ကို ပြောပြ သည်။ စင်းလုံးငှားလေယာဉ်ကလေး ပျက်ကျသွားသည်တဲ့။ လေယာဉ်ပေါ်တွင် ပါသွားသည့် လူလေးဦးစလုံး သေဆုံး သွားပြီတဲ့။
"ဦး စိတ်မကောင်းပါဘူး သမီး။ တစ်ယောက်မှ အသက် မရှင်ကြဘူးတဲ့ကွယ်"
"ပျက်ကျတယ် ဟုတ်လား။ ဘာလို့ ပျက်ကျတာလဲဟင်"
"အင်ဂျင်စက် ချွတ်ယွင်းမှုတဲ့ သမီးရယ်"
အင်ဂျင်စက် ချွတ်ယွင်းမှု။ သည်စကားလုံးများသည် လင်ကီ နားထဲတွင် မိုးကြိုးပစ်သလို မြည်ဟိန်း ပဲ့တင် သွားလေ သည်။
လင်ကီသည် ငိုလေ့ရှိသည့် မိန်းကလေး မဟုတ်ပေ။ သူ့ကိုယ်သူ ငိုမှန်းမသိဘဲ ရှိုက်နေ၏။ အလွန် စိတ်ထိန်းနိုင်သည့် မိန်းကလေးသည် ဆောက်တည်ရာ မရ တုန်လှုပ်ချောက်ချားလျက် ရှိသည်။
သည်လို ဖြစ်ရသည်မှာ မိမိကြောင့်ဟု တွေးပြီး ယူကျုံးမရ ဖြစ်နေရှာသည်။ မိမိ လိုက်လျှင် လေယာဉ်ကလေး ကို ငှားဖြစ်မည် မဟုတ်။ ခရီးသည်တင် လေယာဉ်ကြီးများနှင့် သွားနေကျ။ သည်လို လေကြောင်းဖြင့် သွားလျှင် ပျက်ကျမည် မဟုတ်။ ထို့ကြောင့် အဖေနှင့်အမေ သေရခြင်း မှာ လင်ကီ့ကြောင့်။
"ကျွန်မ ထိန်းနိုင်ပါတယ်။ လောလောဆယ် ကျွန်မ တစ်ယောက်တည်း နေပါရစေ" ဟု မန်နေဂျာကို ပြောပြီး အခန်း ကို ပြန်လာခဲ့၏။
ကြားရသည့်သတင်းကို မယုံနိုင် ဖြစ်နေ၏။ အိမ်ကို သူပြန်ဖို့ အဖေနှင့်အမေတို့၏ အိတ်နှလုံး ချန်ထားခဲ့သည်။ လင်ကီ ဖွင့်ကြည့်သည်။ အမေ့ ရေမွှေးပုလင်းကို ကိုင်ပြီး လက်ကောက်ဝတ်ကို ဆွတ် ကြည့်၏။ ပြီးတော့ အဖေ့ ဆွယ်တာ အဟောင်းကြီးကို ယူဝတ်လိုက်သည်။ အဖေနှင့်အမေ၏ ရင်ခွင်ထဲသို့ ၀င်လှဲလိုက်ရသလို ခံစားလိုက်ရ၏။ သို့သော် မန်နေဂျာ ရော်ဘင်ရော်ဂျာ ပြောလိုက် သည့် စကားလုံးများက နားထဲတွင် ဆူညံလာပြန်သည်။
အဖေ့ အိတ်ထဲတါင် အိပ်ဆေးပုလင်းကလေး တစ်လုံး သွားတွေ့သည်။ ပုလင်းထဲတွင် ရှိသမျှ ဆေးလုံးတွေကို မေ့ချပစ်လိုက်သည်။ ပြီးတော့ အိပ်ရာတွင် လှဲချလိုက်၏။ အဖေနှင့်အမေ နောက်သို့ လိုက်ဖို့ က လွဲပြီး လင်ကီ ဘာမှ တွေးမနေတော့။
နန်တူကက် ဆေးရုံကလေးတွင် လင်ကီ သတိရလာတော့ ခုတင်နံဘေးတွင် အယ်လ်ဗင်ဟေးကို တွေ့ရ၏။ တင်းအက်ဝိုင် လုပ်ငန်းကြီး၏ လက်စွဲတော် ရှေ့နေကြီးသည် အဖေနှင့်အမေ မရှိတော့ အလိုအလျောက် လင်ကီ ၏ အုပ်ထိန်းသူ ဖြစ်လာ၏။ ကရုဏာ ဒေါသဖြင့် လင်ကီ့ကို ဆူသည်။
"မိုက်လှချည်လား သမီးရယ်၊ ကံကြီးပေလို့ပေါ့။ မန်နေဂျာ ရော်ဘင်ရော်ဂျာက သမီး ညစာစားချိန် ဆင်း မလာ လို့ သမီးအခန်းကို တက်ကြည့်တာ၊ သူ ချက်ချင်း ဆေးရုံပို့ဖြစ်လို့ သမီး မသေတာ၊ ဆရာဝန်တွေက သမီး ဗိုက်ထဲ ဟာ တွေ အားလုံး စုပ်ထုတ်လိုက်ပြီးပြီ"
"ဒါကြောင့် လည်ချောင်းတွေ တအားနာနေတာ ထင်တယ်"
"ဒါပေါ့ သမီးနေကောင်းသွားမှာပါ၊ ဒါပေမယ့် ဦးကို ကတိပေးရမယ်၊ သမီး နောက်ထပ် မမိုက်ရဘူး။ အမေ နဲ့ အဖေ ရှိရင် သမီး လုပ်တာကို သူတို့က ဘာပြောမလဲ သမီးကို တာဝန်မဲ့လုပ်တယ်လု့ ပြောကြမှာပေါ့။ သူတို့ မျက်နှာ ပျက်အောင် လုပ်တယ် ပြောကြမှာပေါ့"
"ဟုတ်တယ် ဦး၊ အဖေနဲ့ အမေရှိရင် အရမ်း စိတ်မကောင်းဖြစ်ကြမှာ"
ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းဖို့ စိတ်ငြိမ်ဖို့ အမြဲတမ်း သွန်သင်လေ့ရှိသည့် မိဘနှစ်ပါး၏ စကားလုံး များကို လင်ကီ ကြားယောင်လျက် ရှိသည်။
"ဒါဆို သမီး နောက် ဒါမျိုးမလုပ်နဲ့တော့နော်"
"ဟုတ်ကဲ့ပါ ဦး"
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်လို့ ဦးကို ကတိပေးရမယ်"
"ပေးပါတယ် ဦး"
ဘာလို့ ဘ၀ကို အရှုံးပေးရမှာလဲ ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း အားတင်းလိုက်၏။ လူတွေ ရှေ့တွင် မျက်ရည်မကျအောင် ထိန်းဖို့လည်း ဆုံးဖြတ်လိုက်၏။ အဖေနှင့်အမေ ဂုဏ်ယူရမည့် သမီး ဖြစ်အောင် ကြိုးစားမည်။ ထို့ကြောင့် အယ်လ်ဗင်ဟေးကို မိမိအတွက် စိတ်မပူဖို့ အလေးအနက် ထပ်ပြောလိုက်သည်။
အဖေ နှင့် အမေ၏ အသုဘကို လင်ကီသည် တည်ငြိမ်စွာ ချီးကျူးသည်။ မာသာမှာ အသက် သုံးဆယ့်ငါးနှစ် အရွယ်ရှိပြီး လင်ကီနှင့် အရွယ် အနီးစပ်ဆုံး ၀မ်းကွဲဖြစ်၏။ ယူတားပြည်နယ်မှ တကူးတက လာရောက်ခြင်း ဖြစ်သည်။
"သမီးအဖေနဲ့ အမေက သမီး ခုလို တည်တည်ငြိမ်ငြိမ် ရှိပုံကို ဂုဏ်ယူကြမှာပါ" အဖေ့ အဖေ ဘိုးဘိုးက မှတ်ချက်ချသည်။ လင်ကီ့တွင် အခြား အဘိုးအဘွားများ မရှိကြတော့။ အဘိုးက အသက် ရှစ်ဆယ် နား ကပ်နေပြီ။ မြေးကလေးကို ကြည့်ပြီး ကျေနပ်နေ၏။
"လင်ကီက ဟယ်လင်နီအတိုင်းပဲ၊ လူမှုဆက်ဆံရေးမှာ အရမ်း ညက်တယ်၊ သူ့ဘ၀ သူ ကောင်းကောင်း ထိန်း နိုင်မှာပါ" ဟု အမေ့ညီမ ရိုစီတာက ချီးမွမ်းပြီး အတ္တလန်တာတွင် သူတို့ မိသားစုနှင့်အတူ လာနေဖို့ ပြော သည်။
သို့သော် လင်ကီက ယဉ်ကျေးစွာ ငြင်းလိုက်သည့်အခါတွင် ရိုစီတာ ရင်ထဲ ပေါ့သွားပုံရ၏။
အန်တာဝါ ဥပဒေ လုပ်ငန်းကြီးတစ်ခုမှတစ်ဆင့် ကနေဒါ အရက်ကုမ္ပဏီကြီးတစ်ခုက တင်းအက်ဝိုင် လုပ်ငန်း ကို ကမ်းလှမ်းလာသည်။ သည်လုပ်ငန်းကြီးကို ဦးစီးဖို့ လင်ကီ ငယ်လွန်းသေးသည်ဟု အယ်လ်ဗင်က သဘော တူသည်။ လုပ်ငန်းပေါ်တွင် အာရုံဝင်စား နိုင်ပါ့မလား ဟုလည်း သံသယ ရှိသည်။
ထို့ကြောင့် ရှေ့နေကြိးက လင်ကီ၏ တရားဝင် အုပ်ထိန်းသူအဖြစ် ဆက်လက် တာဝန်ယူပြီး ကုမ္ပဏီကို ရောင်းလိုက် ဖို့ တိုက်တွန်းသည်။ လိမ္မာပါးနပ်စွာဖြင့် ရှေ့နေပညာကို သုံးတပ်သူ ဖြစ် သည်။ တန်ရာ တန်ကြေး ထက် အပုံကြီး ပို၍ ရလိုက်၏။
အဖေနှင့်အမေ ရုတ်ခြည်း သေဆုံးသွားတော့ ချမှတ်ထားသည့် အနာဂတ်လည်း ဗြုန်းစားကြီး ပျောက်ကွယ် သွားလေသည်။ မိသားစု ဖန်တီးထားသည့် ထူးထူးခြားခြား ကမ္ဘာလေး ပျက်စီးသွား ခြင်းပင်။
ဆက်ရန်
.
No comments:
Post a Comment