Friday, May 6, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၇)

ကောင်းထွန်းရဲ့ စိတ်သဘောကို နားမလည်နိုင်အောင် ဖြစ်ကြရသည်။ ဒီလောက်ကောင်းတဲ့ ဇနီးကို ရထား ပါလျက် ဒီကောင်က မိန်းမတွေ မကောင်းကြောင်း အမြဲပြောတာ ဘာကြောင့်မှန်းမသိ။ "လူ အထင်ကြီး အောင် လျှောက်ပြောနေတာပါကွာ" ဟု ရဲမော်က ပြောဖူးသည်။ အောင်ချိုကတော့ "ရည်းစားဦးကို စိတ်နာ နေတာ ဖြစ်မယ်" ဟု ခန့်မှန်းသည်။ သို့ရာတွင် သူ့မှာ အရင်ကရည်းစားမရှိခဲ့ဖူး ကြောင့် ငယ်ပေါင်းမို့ သိနေသည်။ သူ့စိတ်ထဲက ကျိတ်ပြီး ကြိုက်ခဲ့တာမျိုးဆိုလျှင်တော့ မပြောတတ်။

ဆိုက်ကားဂိတ်မှာ မေးလိုက်တော့ အားလုံးလိုလိုက ကောင်းထွန်း သွားနေကျ ဆိုင်ကို သိနေကြသည်။ လူလတ်ပိုင်း အရွယ် တစ်ယောက်က သေသေချာချာ လမ်းညွန်ပြသည်။ လူကြီးတစ်ယောက်ကတော့-
"တော်ကြာ... မျက်စိလည်နေဦးမယ်၊ လမ်းက နည်းနည်းရှုပ်တယ်၊ တစ်ယောက်ယောက် ကားနဲ့ လိုက် သွားပြီး ဆိုင်ကို ပြပေးလိုက်ပါလား"
"ဟာ... နေပါစေ၊ အဝေးကြီး လမ်းပြန်လျှောက်နေရမှာပေါ့"
"ကျွန်တော် ဆိုက်ကားနဲ့ရှေ့က နင်းသွားမယ်၊ နောက်က ကပ်လိုက်ခဲ့လေ" ဟု လူငယ်တစ်ယောက်က ပြော သေးသည်။

"ရပါတယ်၊ ဒီလောက် သိရရင် ကျွန်တော် သွားတတ်ပါပြီ"
ဆိုပြီး ကားမောင်းထွက်လာခဲ့သည်။ ဂိတ်မှာ ကောင်းထွန်း နာမည်မေးလိုက်တုန်းက ဆိုက်ကား ဆရာ တွေ ပျာပျာ သလဲ ဖြစ်သွားကြတာ သတိပြုမိ၏။ ကောင်းထွန်းကို အတော်ခင်မင်ကြပုံရသည်။
သူတို့ ပြောသလို လမ်းကတော့ ခပ်ရှုပ်ရှုပ်ပဲ။ ကျဉ်းလည်း ကျဉ်း၊ ဆိုးလည်း ဆိုးသည်။ သို့ရာတွင် သူတို့ ညွန် တဲ့ အမှတ်အသားတွေအတိုင်း ဟိုကွေ့ ဒီချိုး သွားလိုက်သောအခါ ဆိုင်ကို ရောက်သွားသည်။ လမ်းတစ်လမ်း ကျော် ထွက်သွားမိလို့ ပြန်ကွေ့ရတာပဲ ရှိသည်။

ဆိုင်က ခပ်သေးသေးပင်ဖြစ်၏။ သပ်သပ်ရပ်ရပ်ကလေးတော့ ရှိသည်။ လက်ဖက်ရည်ဆိုင်တွေမှာလို စားပွဲခုံပု များ ခင်းထားပြီး ခွေးခြေလေးတွေနှင့် ထိုင်ရသည်။ ဒီလို ဆိုင်မျိုးနှင့် သိပ်တော့ မစိမ်းလှ။ ကျောင်းသား ဘ၀တုန်းက သူငယ်ချင်းတွေနဲ့ ထိုင်ဖူးသည်။
ကောင်းထွန်းသည် ထောင့်ကျကျ စားပွဲတစ်လုံးမှာ ထိုင်နေသည်။

"ဟေ့ကောင်ကြီး"ဟု နှုတ်ဆက်ရင်း ၀င်လိုက်သည်။ ရုတ်တရက်ဆိုတော့ တခြားလူတစ်ယောက် ယောက်က အရက်ကပ်သောက်ချင်လို့ ၀င်ရောတာထင်ပြီး ကောင်းထွန်းက မလိုလားဟန်ဖြင့် ဆတ်ခနဲ လှမ်းကြည့် သေးသည်။ ပြီးမှ အံ့သြသွားပြီး-
"ဟာ... ကိုပေါ်၊ မင်း... မင်း ဒီဆိုင်မျိုးကို လိုက်လာတယ်၊ ဟုတ်လား"
"ဘာဖြစ်လို့ မလာရမှာလဲကွ"
"မင်းတို့က ပိုက်ဆံရှိတဲ့ကောင်တွေလေ"

"ဘာဆိုင်လို့လဲကွ၊ ကျောင်းတုန်းကဆိုရင် ဖျာစုတ်ကလေး ခင်းထားတဲ့ဆိုင်မျိုးမှာတောင် ထိုင်ခဲ့သေး တာပဲ၊ ဒီဆိုင် က အများကြီး သားနားပါသေးတယ်"
"အေး... မင်း မဆိုးဘူး၊ ဘ၀မမေ့တတ်ဘူး"
ခုတိုင်းဆို အခြေအနေကောင်းနိုင်သည်။ လာတုန်းကတော့ မြင်လျှင် ဟောက်လွှတ်မလား။ ဆီးပြီး ရိ လိုက်မလား စိုးရိမ်ခဲ့တာ။
"ဒီဆိုင် မှာ ဘီယာတော့ မရဘူး၊ ကောက်ညှင်းအရက်ပဲ ရှိတယ်၊ ဒါပေမဲ့ သောက်လို့ကောင်းပါတယ်"

ဟု ကောင်းထွန်းက ပြောသည်။ ပေါ်ဋ္ဌေးက-
"နေပါစေ... ငါ မသောက်တော့ပါဘူး"
ကောင်းထွန်းက မျက်မှောင်ကုတ်ပြီး တစ်ချက်ကြည့်သည်။ အင်း... အလိုက်အထိုက်တော့ နေမှဖြစ် မယ်၊ တော်ကြာ ကြီးကျယ်တယ် ဘာ ညာလုပ်နေဦးမယ်၊ ခုချိန်မှာ ဒီကောင် ငြိုငြင်သွားလို့ မဖြစ်ဘူး... ဟု တွေးပြီး-
"ဗိုက် နည်းနည်း မကောင်းလို့ပါ၊ အဲ ... နည်းနည်းပါးပါးတော့ ရမယ် ထင်တယ် "

ကောင်းထွန်း ကျေနပ်သွားဟန်ဖြင့် ခေါင်းတစ်ချက် ဆတ်ရင်း လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။ သူ့ကို အရိပ်တကြည့်ကြည့် လုပ်နေသော ဆိုင်မှ ကောင်းလေတစ်ယောက်က ဖန်ခွက်တစ်လုံး ပြေးယူပြီး လာချ ပေးသည်။ ပုံမှန် ဖောက်သည်ကြီးဖြစ်သောကြောင့် ဆိုင်က သူ့ကို ဂရုစိုက်ပုံရ၏။ ကောင်းထွန်းမှာ လူချစ် လူခင်ပေါသူ တစ်ယောက်ဖြစ်ကြောင်း ပြယုဂ်တစ်ခုလည်းဖြစ်၏။ ဒါကြောင့်လည်း " ငါက ကြီးကျယ် တတ် တဲ့ လူတွေနဲ့သာ မတည့်တာပါကွ" ဟု သူ မကြာခဏ ပြောလေ့ရှိခြင်းဖြစ်၏။

ကောင်းထွန်းက ဖန်ခွက်ထဲကို ကောက်ညှင်းအရက် ငှဲ့ပေးပြီး "ချကွ"ဟု ပြောသည်။ ပေါ်ဌေးက ရေခပ် များများ ရောလိုက်သည်။ ကောင်းထွန်းက တစ်ချက် ရယ်လိုက်ပြီး -
" ပျော့ပျော့လေးပါကွာ "
ဟု ပြောသည်။ ပေါ်ဌေး ဖန်ခွက်ကို ယူပြီး တစ်ငုံ ငုံကြည့်သည်။ သိပ်မဆိုးလှ။ အနံ့က သင်းသင်းလေး။
" ငါ ဒီဆိုင် မှာ ရှိမယ်ဆိုတာ မင်း ဘယ်လိုလုပ် သိလဲ" ကောင်းထွန်းက မေးသည်။

" ဆိုက်ကားဆရာတွေ ညွှန်လိုက်တာလေ "
ကောင်းထွန်းက ခေါင်းတစ်ချက် ဆတ်ပြီး -
" ဆိုက်ကားဂိတ်မှာ စုံစမ်းရင် ရမယ်ဆိုတာ မိငယ်က အကြံပေးလိုက်တာ မဟုတ်လား "
" အေးကွ ... "
" အဲဒါပဲကွ ... အဲဒါပဲ၊ မိန်းမတွေက သိပ်ခက်တယ်"

ကိုယ့်ယောက်ျား ဆီ ဧည့်သည်လာလို့ ဘယ်မှာ ရှိနိုင်တယ်ဆိုတာ လမ်းညွှန်မိတာ အပြစ်တစ်ခုဟု မထင်။ သို့ရာတွင် ခုချိန်မှာ ကောင်းထွန်းစကားကို အလိုက်အထိုက် ပြောပေးဖို့ လိုသည်။ ပြီးတော့ ခု ပြောတာက မိန်းမ တွေ ခက်ကြောင်း ပြောခြင်းဖြစ်သဖြင့် သူ့ကိစ္စအတွက် အသုံးဝင်နေသည်။ ဟိုကိစ္စ စကားစ ဖို့ အခွင့်အလမ်း လည်း သာသွားနိုင်သောကြောင့် -
" ဟုတ်တယ်ကွ၊ ခက်တယ်" ဟု သံယောင်လိုက်ပေးရသည်။

" သူတို့ဟာ ယောက်ျား ဘာလုပ်တယ်၊ ဘယ်သွားတယ်ဆိုတာ အကုန်သိချင်တယ်၊ စပ်စုတဲ့ နေရာမှာတော့ စုံထောက် တွေထက်တောင် သာသေးတယ်"
" အေး ... မှန်တယ် "
ကောင်းထွန်းက ခွက်ထဲက လက်ကျန်ကို မော့လိုက်သည်။ ထို့နောက် အရက်တွေကို ပုလင်းထဲမှာ ထား ရတာ စိတ်မချသလို ပုံစံမျိုးဖြင့် ခွက်ထဲသို့ အလျင်အမြန် ပြန်ဖြည့်လိုက်ပြီးမှ -
" ဒီမှာ သူငယ်ချင်း၊ မိန်းမဆိုတာ ကြွပ်ကြွပ်အိတ်နဲ့ တူတယ် "
" အမ် ... ဘယ်လို "
" မရှိ မကောင်း၊ ရှိ မကောင်းလို့ ပြောတာ "
" သြော် ... အေးအေး "

" မင်း စဉ်းစားကြည့်စမ်း၊ ကြွပ်ကြွပ်အိတ်ဆိုတာ မရှိပြန်တော့လည်း ထည့်စရာ အဆင်မပြေဘူး၊ ရှိပြန် တော့ လည်း ပတ်ဝန်းကျင် ညစ်ညမ်းစေတယ်၊ ဟတ်ုတယ် မဟုတ်လား "
သူ့ဥပမာကြောင့် ပေါ်ဌေး ရယ်ချင်သွားသော်လည်း အခွင့်ကောင်းကို လက်လွှတ်ခံလို့ မဖြစ် သောကြောင့် -
" အေးကွ ... မင်း ပြောတာ မှန်တယ်၊ မိန်းမတွေဟာ အဲဒီအတိုင်းပဲ၊ ဒါကြောင့် ငါလည်း ... "
ပေါ်ဌေး ဆက်မပြောနိုငခင် ကောင်းထွန်းက လက်ကာပြလိုက်ပြီး -

" ငါ ပြောတဲ့ မိန်းမတွေထဲမှာ ရင်ရင်ငြိမ်း မပါဘူး၊ သူကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေ တဲ့ အထဲ မှာ မပါဘူး၊ သူ့ကို လက်ထပ်ခွင့်ရတာ မင်း သိပ်ကံကောင်းတယ် သူငယ်ချင်း "
ဟာ ... သွားပါပြီ ... ဟု ပေါ်ဌေး အသံထွက် ရေရွတ်မိမတတ်ဖြစ်သွားရ၏။ ကောင်းထွန်းက ပုလင်းကို ဆွဲယူပြီး မြှောက်ကြည့်သည်။ အထဲမှာ အကတ်အသတ်လောက်ပဲ ကျန်တော့သည်။ ဖန်ခွက်ထဲ မထည့် တော့ဘဲ မော့ချသည်။ ပြီးတော့ ရေငတ်နေတဲ့ ကလေးတစ်ယောက် လုပ်သလို " ဟားခနဲ" အသံပြု သည်။

ပေါ်ဌေးက ကောင်းထွန်းကို အကဲခတ်ကြည့်သည်။ အတော်ကလေးတော့ မှန်နေပြီ။ သူ့ခေါင်းထဲသို့ အကြံ တစ်ခု ၀င်လာသည်။ ကောင်းထွန်းကို ဒီထက်မူးအောင် တိုက်ပြီး ဖြားယောင်းဖို့ပင်ဖြစ်၏။ မတတ်နိုင်။ ကူလီ ကူမာ လုပ်ရပေတော့မည်။
ကောင်းထွန်းက -
" ခါတိုင်းဆို ခုလောက်က အနေတော်ပဲကွ၊ ဒီနေ့တော့ မင်းနဲ့ ဆုံရတာက တစ်ကြောင်း၊ ငါ့ ကိုတာထဲက မင်းကို ခွဲတိုက်လိုက်ရတာက တစ်ကြောင်းကြောင့် နည်းနည်း လိုနေသေးတယ်၊ တစ်စိတ်လောက် ထပ်မှာ ရမယ် "

" နည်းနည်းချင်း မှာသောက်တာ နာတယ်ဆို၊ မင်းပဲ အမြဲပြောတာပဲ၊ တစ်ခါတည်း တစ်ပိုင်းပဲ မှာလိုက် ပါလား "
ဟု ပေါ်ဌေးက မြှောက်ပေးလိုက်တော့ -
" ဟား ... သက်စ်ရိုက်၊ မင်း တော်တယ် "
ဆိုပြီး နောက်ကို လှည့်မကြည့်ဘဲ လက်ဝါးကိုကွေး၍ လေထဲမှာမြှောက်ပြီး ကန့်လန့်ဖြတ်ပုံစံ ယမ်းပြ လိုက်သည်။ ဆိုင်က ကောင်လေးက ထိုသင်္ကေတကို ကောင်းကောင်းနားလည်သည်။
" လာပြီ ဆရာ"ဟု ပြောပြီး ခဏအတွင်းမှာ အရက်တစ်ပိုင်းလာချပေးသည်။ ပေါ်ဌေးမှာ ဟန်မဆောင်နိုင်ဘဲ ပုလင်း ကို ဦးအောင်ယူ၍ ကောင်းထွန်း၏ ဖန်ခွက်ထဲ ပိုပိုသာသာလေး ငှဲ့ပေးရင်း -
" ချကွာ သူငယ်ချင်း၊ ဒီနေ့ မင်းကို ငါ တိုက်မယ် "

" ရပါတယ်ကွ၊ ငါက အိမ်ရှင်ပဲ "
ဟုပြောပြီး စောစောကလို မျှဉ်းမသောက်ဘဲ တစ်ကျိုက်တည်း မော့ချလိုက်သည်။ ပေါ်ဌေးလည်း ကြည့် ကောင်းအောင် တစ်ငုံလိုက်ငုံရသည်။ ကောင်းထွန်း၏ မျက်လုံးများမှာ ပိုပြီးရွဲလာသည်။ စကားပြော တာလည်း၊ အတော် လေးလာသည်။ တချို့ စကားလုံးတွေ မပီသချင်တော့။ ကိုပေါ် လို့ ခေါ်တာ "ကိုဘွော်"ဖြစ်လာသည်။
" မင်း ငါ့ဆီ တကူးတကန့်လာတာ ပြောစရာ အကြောင်းထူးရှိလို့လား "
ဟု မေးသည်။ အကွက်ဝင်လာပြီ ဖြစ်သောကြောင့် -
" အေး ... ဆိုပါတော့ကွာ၊ ဟို ... "

ထိုအခိုက်တွင် ပေါ်ဌေး၏ ခေါင်းထဲမှာ စိတ်ကူးတစ်ခု လက်ခနဲ ပေါ်လာသဖြင့် ၀မ်းသာသွား၏။ ခုပုံစံဆိုလျှင် ကောင်းထွန်း သည် စာချုပ်ပေါ်က စာတွေကို သေသေချာချာ ဖတ်နိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့် -
" ဒီ ... ဒီလိုကွာ၊ ငါတို့ လက်ထပ်စာချုပ် ပျောက်သွားလို့ "
" အဲဒါ ... ဘာအရေးလဲ၊ လူတစ်ယောက်လုံး ရနေပြီပဲ "
" မဟုတ်သေးဘူးလေ၊ ငါတို့ လက်ထပ်တော့ သူငယ်ချင်းတွေအားလုံး သက်သေအဖြစ် လက်မှတ်ထိုးပေးကြ တယ် မဟုတ်လား၊ ဒါကို ရင်ရင်ငြိမ်းက သိပ်တန်ဖိုးထားတာကွ"

ဟု ပြောပြီး ကောင်းထါန်းကို အကဲခတ်ကြည့်သည်။ ဟိုကောင်က မျက်စိကို မှိတ်ထားရင်း ခေါင်း တညိတ်ညိတ် လုပ်နေ၏။ ကြားမှ ကြားရဲ့လားဆိုပြီး လေသံနည်းနည်း မြှင့်၍ ဆက်ပြောသည်။
" အဲဒါကွာ ... သူက အမှတ်တရ ပြန်သိမ်းထားချင်လို့တဲ့၊ လက်ထပ်စာချုပ် အသစ်တစ်ခု ထပ်လုပ်ရမယ်၊ ဒါကြောင့် မင်းတို့တွေ သက်သေ လက်မှတ်ထပ်ထိုးပေးဖို့ ပြောမလို့ "
ကောင်းထွန်း မကျလုံးပွင့်လာသည်။ လက်ဖျောက်တစ်ချက် တီးလိုက်ပြီး -
" ဗဲရီးဂွတ် အိုင်ဒီယာပဲ၊ ဒါကြောင့် ရင်ရင်ငြိမ်းကို ငါ လေးစားတာ၊ ဘယ်မှာလဲ စာချုပ်၊ အခုပဲ လက်မှတ်ထိုးပေးလိုက်မယ် "

ပေါ်ဌေးက လက်ဆွဲအိတ်ထဲမှ ကွာရှင်းစာချုပ်ကို ထုတ်၍ စားပွဲပေါ်တင်ပေးလိုက်သည်။ ဘောပင်ကိုလည်း အဆင်သင့် ခလုတ်နှိပ်ပြီး ကောင်းထွန်း၏ လက်ထဲ ထည့်ပေးသည်။ စာချုပ်အပေါ်ပိုင်းက စာသားတွေကို လက်ဖြင့် မသိမသာ အုပ်ထားပြီး ကောင်းထွန်း လက်မှတ်ထိုးရမည့် နေရာကို ထောက်ပြရင်း -
" ဒီနားကွ၊ ဒီမှာ လက်မှတ်ထိုးရမှာ "
ကောင်းထွန်း မှာ အတော်မှန်နေပြီဖြစ်သောကြောင့် သူ့လက်က မငြိမ်ဘဲ အပေါ်ကို ရွယ်လိုက်၊ အောက် ရောက်လိုက် ဖြစ်နေသည်။ သူ ဘောပင်ထောက်လိုက်သော နေရာမှာ လွဲနေပြန်သည်။
" ဟေ့ကောင်၊ အပေါ်နည်းနည်းတိုး"

" အေးပါကွ၊ သိပါတယ် "
ပြောပြီး လက်မှတ်ထိုးလိုက်သည်။ ပြီးပြီးချင်းမှာပဲ ပေါ်ဌေးက စာချုပ်ကို အမြန်ဆွဲယူပြီး အိတ်ထဲ ပြန်ထည့်မည် ပြုသည်။ ပြီးမှ တစ်စုံတစ်ခုကို မြင်ပြီး မျက်လုံးပြူးသွား၏။ ကောင်းထွန်းသည် လက်မှတ်ထိုး ထားခြင်းမဟုတ်ဘဲ ပုလင်းတစ်လုံးပုံကို ဆွဲထားခြင်းသာဖြစ်လေသည်။ စောစောက ငုံ့ပြီး လက်မှတ်ထိုးသလို လုပ်နေစဉ် သူ့ခေါင်းနှင့် ကွယ်နေလို့ မမြင်လိုက်ရတာ။
" ဟာကွာ ... မင်း ဘယ်လိုလုပ်တာလဲ "
" ဘာဖြစ်လို့လဲ " ဟု ဗလုံးဗထွးပြန်မေးသည်။

" လက်မှတ်ထိုးရမှာလေ၊ ဘာတွေ လျှောက်ဆွဲထားတာလဲ "
" အမ် ... ဟုတ်လား၊ ဆောရီးမင်း ငါက ဘောပင် မင်စမ်းခိုင်းတာမှတ်လို့ "
" ကဲ ... ဘေးမှာပဲ လက်မှတ်ထိုးတော့၊ ပုလင်းပုံကို ပြီးမှ မင်ဖျက်ဆေးနဲ့ အုပ်လိုက်မယ် "

ကောင်းထွန်းက ဘောပင်ကို ယူပြီး လက်မှတ်ထိုးသည်။ ခလုတ်မနှိပ်မိသဖြင့် ဘာမှ မထင်။ ကောင်းထွန်းက ရပြီ မဟုတ်လား ... မေးနေသေးသည်။ ဘောပင် ခလုတ်နှိပ်ပြီး ထပ်ထိုးခိုင်းရသည်။
နောက်တော့ မဟန်နိုင်တော့သော ကောင်းထွန်းကို ကားပေါ်တွဲတင်ရသည်။ ကောင်းထွန်းက သူ့ကို အိမ်ထိ မပို့နဲ့၊ ဂိတ်မှာ ချပေး၊ ဆိုက်ကားပြန်မယ်ပြောသည်။ ဘယ်လိုမှ တားလို့မရ။ ဆိုက်ကားဂိတ်ရှေ့က အဖြတ် မှာ ကားပေါ်က ခုန်ဆင်းမယ် လုပ်သဖြင့် ရပ်ပေးလိုက်ရသည်။ ဆိုက်ကားဆရာတစ်ယောက်က ပြေးလာပြီး သူ့ကို ဆိုက်ကားပေါ် ပွေ့တင်သည်။ စိတ်ချပါ ပွန်းရာပဲ့ရာလေး တစ်ခု မဖြစ်စေရ၊ အသက်နဲ့လဲ စောင့်ရှောက် ပါမယ် ... ဟုပြောသည်။

ပေါ်ဌေးက စိတ်မချသဖြင့် ကားနှင့် နောက်ယောင်ခံလိုက်ကြည့်သေးသည်။ တကယ်ပါပဲ။ အိမ်ရှေ့ ရောက် တော့ ဆိုက်ကားဆရာက ကောင်းထွန်းကို ထမ်းပြီး အိမ်ထဲထိ လိုက်ပို့တာ လှမ်းမြင်ရသည်။
တစ်ခုတော့ ကောင်းသည်။ မငယ်က " ကိုပေါ်တို့ သူငယ်ချင်းကိုလည်း လျှော့သောက်ဖို့ ပြောပေးပါဦး"လို့ အကူအညီတောင်းတဲ့နေ့ကျ ဒေါင်ချာစိုင်းပြီး ထမ်းပို့ရတဲ့အဖြစ် ရောက်ရသည်။ ကိုယ်တိုင် လိုက်ပို့လျှင် မငယ် အပေါ် မျက်နျာပူနေရဦးမယ်။ ကောင်းထွန်းကို မလိမ့်တပတ် လုပ်ပြီး လက်မှတ်ထိုး ခိုင်းခဲ့တဲ့ အတွက်တော့ လိပ်ပြာမလုံသလို ဖြစ်မိ၏။ မတတ်နိုင် ဒီရက်ပိုင်းအတွင်းမှာ ကောင်းထွန်းနဲ့ ဟိုကောင်တွေ အဆက် အသွယ် မရပါစေနှင့်လို့သာ ဆုတောင်းရသည်။

ခုနောက်ပိုင်း နားအေးပါးအေး နေချင်တဲ့အခါ ပန်းခြံထဲမှာ လာထိုင်လေ့ရှိ၏။ ခုလို ပြောတဲ့အတွက် အိမ်မှာတော့ ဆူသံပူသံတွေ ညံနေလို့ဟု မဆိုလို။ တကယ်ဆိုလျှင် အိမ်မှာက ပိုတောင်တိတ်ဆိတ်သေးသည်။ နှစ်ထပ်အိမ်ကြီးမှာ လူသုံးယောက်တည်း နေကြတာ။

ရင်ရင်ြိငမ်းသည် စကားနည်းရတဲ့ကြားထဲ ပြောလျှင်လည်း အသံက ခပ်တိုးတိုး။ ၀ိုင်းစိန်ကလည်း နဂို ကတော့ စကားများတတ်သလား မသိ။ အိမ်မှာ စကားပြောဖော် မရှိသဖြင့် သူလည်း ဆိတ်ဆိတ်နေရ သည်။ တစ်ခါတစ်ရံ အပျင်းပြေ သီချင်းညည်းတာလောက်ပဲရှိ၏။ သူတို့ထဲမှာ ပေါ်ဌေးကတောင် စကားအများဆုံး လို ဖြစ်နေသည်။ ဒါလည်း အရင်ကပါ။ အခုတော့ ရင်ရင်ငြိမ်းနှင့် စကားဟဟ မပြောဖြစ်ကြ တော့သဖြင့် ဒီအိမ် မှာ ဆွံ့အနေသူ သုံးယောက် နေထိုင်ကြသလိုပါပဲ။

တကယ်တော့ ဒီအိမ်ကြီးဟာ ပေါ်ဌေးတို့ အဖေရဲ့ စိတ်ကူးယဉ် စီမံကိန်းအရ ၀ယ်ယူထားခြင်း ဖြစ်၏။ အဖေ ရည်ရွယ်တာက သူတို့မှာ သားသမီးတွေ အများကြီးမွေးမည်။ ဒီကနေ မြေးတွေ အများကြီး ပေါက်ဖွား လာမည်။ နှစ်ထပ်အိမ်ကြီးမှာ အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါးနေကြမည်။

သိုပရာတွင် ပေါ်ဌေးတစ်ယောက်တည်းသာ အဖတ်တင်သည်။ အဖေကတော့ အားမလျှော့သေး။ ပေါ်ဌေး အိမ်ထောင်ကျပြီးလျှင် ကလေးတွေ အများကြီး မွေးလိမ့်မည်ဟု မျှော်လင့်ခဲ့သေးသည်။ လက်ထပ်ပြီး လေးငါးနှစ် ကြာတဲ့အထိ ကလေးမရသောအခါ စိတ်ဓ်ာပဲ ကျသွားသလားမသိ။ အဖေ ရုတ်တရက် ကွယ်လွန် သွားသည်။ နောက်နှစ်နှစ်လောက် အကြာမှာ အမေလည်း အဖေ့နောက် လိုက်သွား၏။ ထို့ကြောင့် နှစ်ထပ်အိမ်ကြီး မှာ လူနှစ်ယောက်တည်း ကျန်ခဲ့သည်။ ရင်ရင်ငြိမ်းအတွက် အဖော်ရအောင် ၀ိုင်းစိန်ကို ခေါ် ထားတော့ မှ သုံးယောက် ဖြစ်လာခဲ့သည်။
ခုချိန်မှာတော့ စ်ယောက်က အပေါ်ထပ်မှာနေ၊ တစ်ယောက်က ဧည့်ခန်းထဲမှာနေ၊ တစ်ယောက်က မီးဖို ခန်းထဲ ရောက်နေရင် လူမနေတဲ့ အိမ်တစ်အိမ်လို့တောင် ထင်သွားနိုင်သည်။

သို့ရာတွင် လူတွေက တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေးနေနေလို့ရတာမဟုတ်။ မသွားမဖြစ်တဲ့ နေရာတွေက ရှိသေးသည်။ ဒီတော့လည်း တစ်နေရာမဟုတ် တစ်နေရာ၊ တစ်ချိန်မဟုတ် တစ်ချိန်မှာ လူချင်းဆုံမိတာပါပဲ။ တစ်ခါတလေ လှေကားအတက် အဆင်းမှာ မျက်နှာချင်းဆိုင်မိသည်။ တစ်ခါတလေ ကိုယ်က အိမ်သာ တက်မယ် အလုပ် မှာ ရင်ရင်ငြိမ်းက ရှေ့က ဦးနေလို့ အရင်ဝင်သွားတာမျိုး၊ ကိုယ်က ရေချိုးခန်း ထဲက အထွက် မှာ သူက ရေချိုးဖို့အလာနဲ့ တိုးနေတာမျိုး။

လူချင်း မဆုံရင်တောင် သတင်းစကားနဲ့ ဆက်သွယ်တာမျိုး ရှိသေးသည်။ ပေါ်ဌေး စာဖတ်နေတုန်း ၀ိုင်းစိန် ရောက်လာပြီး -
" ထမင်းစားတော့မလား တဲ့ "
" တဲ့ " ဆိုတာ ထည့်ပြောကတည်းက ရင်ရင်ငြိမ်းက မေးခိုင်းတာပဲလေ။ ခေါင်းညိတ်ပြလျှင် ၀ိုင်းစိန်က နောက်ဖေး ကို ပြန်သွားပြီး -
" စားမယ် တဲ့ "
ဟု သွားပြောမည်။ သူတို့နှစ်ယောက်ကြားမှ ၀ိုင်းစိန်က ဆက်သွယ်ရေး တာဝန်ယူထားရသလို ဖြစ်နေ။ တစ်ခါ တလေ ကျတော့လည်း စာရေးပြီး စကားပြောကြသည်။

ဆက်ရန်
.

3 comments:

Anonymous said...

Thanks Sis!

Ray

ပင်နီ said...

me too ... Thanks sis ....

Anonymous said...

me 3.....:).......Thanks
Gyidaw