Friday, May 6, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၈)

အခန်း(၁၀)
လင်ကီ

ခေါက်ဆွဲ မှာစားကြ၏။ ညဥ့်သန်ခေါင်းအချိန် ရောက်နေပြီ။ မြင်မြင်ချင်း ငြိတွယ်မိကြပြီဟု နှစ်ယောက်စလုံး နားလည်လိုက်၏။ စကားပြောရင်း ပြောရင်း နှစ်ကိုယ့်တစ်စိတ်လို ဖြစ်နေကြောင်း လည်း တွေ့၏။
ညီအစ်ကိုမောင်နှမ တစ်ယောက်မှ မရှိကြောင်း ပီတာ ပြောတော့ လင်ကီက
"ဒါဆို ပီတာ တစ်ယောက်တည်း အမေက မွေးတာပေါ့နော်" လင်ကီလည်း အတူတူပဲ မွေးချင်း မရှိဘူး"

"ကိုယ့်ကို မွေးတော့ အမေ သုံးဆယ့်ငါးနှစ် ရှိနေပြီ၊ အဖေနဲ့ အမေ ကိုယ့်ကို ရဖို့ အကြာကြီး စောင့်ခဲ့ရတယ်"
"လင်ကီ လည်း အဲဒီအတိုင်းပဲ၊ ဒါထက် ပီတာ၊ ညီအစ်ကို မောင်နှမတွေ မလိုချင်ဘူးလားဟင်"
"အင်း တစ်ခါတလေတော့ လိုချင်သား၊ ဒါပေမယ့် တစ်ဦးတည်းသောသား ဖြစ်ရတာ ပိုသဘောကျ သလိုပဲ"
"ပီတာ ဆိုလိုတာကို လင်ကီ နားလည်တယ်"
ထို့နောက် လင်ကီ က မိဘတွေ ကွယ်လွန်ပုံကို ပြောပြသည်။

"သြော် လင်ကီရယ် ကိုယ် မင်းကို သနားလိုက်တာ"
"ခုတော့ အားလုံး ပြီးကုန်ပါပြီလေ"
လင်ကီ့ စိတ်ထဲတွင် သ်ညအဖြစ်အပျက်ကို ဟိုးအဝေးကြီးက ၀ိုးတ၀ါး ပုံရိပ်တစ်ခုလို ထင်နေပြီ။
"နီးနီးနားနား မှာလည်း ဆွေမျိုးမှ မရှိတော့ အစ်ကိုတစ်ယောက်လောက်၊ အစ်မတစ်ယောက် လောက် ရှိရင် ကောင်းမှာပဲ လိုတော့ တွေးမိတယ်။ ကိုယ့်ကို ပိုင်ဆိုင်တဲ့ ကိုယ်နဲ့ ပတ်သက်တဲ့ တစ်ယောက်ယောက်တော့ ရှိ သင့် တာပေါ့နော်"

"အဲဒီလူဟာ ကိုယ် ဖြစ်ပါရစေလား လင်ကီ"
ဟု ပီတာ စိတ်ထဲမှ ပြောလိုက်သည်။
ထိုည တွင် ဘ၀နှစ်ခု တူညီချက်ကို နှစ်ယောက်စလုံး သဘောပေါက်လိုက်သြည်။

မွေးချင်းပေါက်ဖော် မရှိကြသည့် ဥတစ်လုံးဘ၀သာမက အီတလီ အစားအစာကြိုက်ပုံ၊ တရုတ် ဟင်လျာ ခံတွင်း တွေ့ပုံကအစ တူညီကြ၏။ ဘရော့ဒ်ဝေး ပြဇာတ်များထက် ဘရော့ဒ်ဝေးဂီတကို ပိုသဘောကျကြ၏။ တင်းနစ် ကို နှစ်ယောက်စလုံး ၀ါသနာပါကြ၏။ လာမည့် ယူအက်စ်အိုးပင်း အကြောင်း ပြောကြရင်း သြစတြေးလျ က တင်းနစ်လောက ကို ထိပ်ဆုံးမှ နေတော့မည်ဟူ၍ နှစ်ယောက်စလုံး သဘောတူကြ၏။

"ဒီနှစ်ကတော့ ရော့ဒ်လေဗာရဲ့ နှစ်ဖြာမှာပါ" ဟု ပီတာက နိမိတ်ဖတ်တော့ လင်ကီ ခေါင်းညိတ်ပြီး ပြန် ဆွေးနွေးသည်။
"လွန်ခဲ့တဲ့ နှစ်က သူ ဒုတိယပဲ ရတယ်နော်"
ဂီတအကြောင်း နှီးနှောရာတွင်လည်း အမြင်ချင်း တူကြ၏။ တယ်လီဗေးရှင်းမှ လာနေသည့် ဇာတ်လမ်းတွဲ များကိုလည်း အကြိုက်ချင်း တူကြ၏။ မကြိုက်တာချင်းလည်း တူ၏။
၆၁လမ်း ရှိ လင်ကီကို တိုက်ခန်းကို ပြန်ပို့ပြီး နောက်ထပ် တွေ့ဖို့ ပီတာက ချိန်းသည်။

"ဘာဘာရာစထရိတ်ဆင်း ကား ကြည့်ကြရအောင်လား၊ ကိုယ် လက်မှတ် ၀ယ်ထားလိုက်မယ်လေ"
"အင်း ကောင်းသားပဲ" ဟု လင်ကီ သဘောတူသည်။
ရုပ်ရှင်ကြည့်ပြီး အပြန်တွင် ပီတာက မေးသည်။
"မင်းသမီး က လူတွေပြောသလောက် တော်တယ် ထင်လား"
"တော်ပါတယ်၊ တကယ်တော်တဲ့ မင်းသမီးပါ"

နှစ်ယောက်သား လက်ချင်းချိတ်ပြီး လမ်းလျှောက်ပြန်ခဲ့ကြ၏။ သူတို့နှင့် ရွယ်တူ တန်းတူ သူငယ်ချင်းများ၏ မိဘ များထက် ပို၍ အသက်ကြီးကြသည့် သူတို့မိဘများ အကြောင်းလည်း ပြောဖြစ်ကြ၏။ သည်လို မိဘ များ နှင့် ကြီးပြင်းရသည့်ဘ၀ အရသာကိုလည်း သူတို့ စားမြှုံ့ပြန်ကြ၏။ တစ်ယောက်တည်း အရုပ်ကလေးများနှင့် ကစား ကြသည့် ငယ်ဘ၀များကိုလည်း ဖလှယ်ဖြစ်ကြ၏။
ပီတာက စစ်သားရုပ်ကလေးများနှင့် ကစားပုံကို ပြောပြ၏။ လင်ကီကလည်း သူ့ကစားနည်းများကို ပြောပြသည်။

"လင်ကီကတော့ အိမ်ကလေးတစ်လုံး ဆောက်တယ်။ အရုပ်ကတော့ အဖေရယ်၊ အမေရယ် ကလေး ငါးယောက် ရယ်၊ ခွေးနှစ်ကောင်ရယ်၊ ပြီးတော့ သိုးကလေးတစ်ကောင်၊ ကြက်တစ်ကောင်၊ ကြောင်တစ်ကောင်၊ နောက်ကနေရီ ငှက်ကလေးတစ်ကောင်"
လင်ကီ ပြောရင်း ရယ်သည်။ ပီတာက သူ့ကစားနည်းကို ဆက်ပြောသည်။

"ကိုယ့်စစ်သားတွေမှာ နာမည်တွေ ရှိတယ် လင်ကီ၊ သူတို့တွေက တကယ့် သူရဲကောင်းတွေ ခံတပ် တွေကို တက် သိမ်းတယ်၊ စက်သေနတ်တွေ ပစ်နေတဲ့ကြားက မြစ်တွေကို ဖြတ်တယ်။ တောင်ကုန်း တွေကို သိမ်းတယ်။ ရန်သူ့လက်ထဲက သူတို့ရဲဘော်တွေကို ပြန်ကယ်တယ်"
"လင်ကီ ဖတ်ဖူးတယ်၊ မွေးချင်းမရှိတဲ့ ကလေးတွရဲ့ ဘ၀ဟာ ထူးထူးဆန်းဆန်း စိတ်ကူးတတ်ကြ တယ်တဲ့"
"ဒါကြောင့် မင်းဆောက်တဲ့အိမ်ထဲမှာ မိသားစုတွေ အများကြီး ထည့်ထားတာပေါ့၊ ကိုယ့်မှာလည်း စစ်သား တွေ အများကြီးလေ၊ ကိုယ်တို့ဘ၀က အထီးကျန်လွန်းတော့ လူတွေ အများကြီးကို တမ်းတတဲ့ သဘောပဲ"

လင်ကီ့ အခန်းဝရောက်တော့ ပီတာက
"ကိုယ့်စိတ်ထဲမှာလေ လင်ကီ့ကို ငယ်ငယ်ကတည်းက သိနေသလိုလိုပဲ"
လင်ကီလည်း အဲဒီအတိုင်းပဲ ပီတာက
အဖေ နှင့် အမေ ရှိသေးလို့ ပီတာ့ကို မိတ်ဆက်ပေးလျှင် သူတို့ သဘောကျမည်မုချ။ နေနဲ့လ ရွှေနဲ့မြ ဟု ပြောကြမည် ဧကန်ဟု လင်ကီ ယုံကြည်လေသည်။
"တီ ဒဗလျူအေ အအောက်အအုံကို ရောက်ပြီးပြီလား"

ပီတာက လင့်ကီကို မေးသည်။ နယူးယောက်တွင် နောက်ဆုံး ဆောက်လုပ်ပြီးစီးသည့် အလှဆုံး မိုးထိ တိုက်ကြီး ဖြစ်၏။ ဗိသုကာတစ်ယောက်၏ မြေးဖြစ်သော ပီတာသည် ဗိသုကာ ပညာရပ်တွင် ၀ါသနာထုံ၏။
လင်ကီ ခေါင်းယမ်းပြသည်။
"စနေနေ့ သွားကြည့်ရင်း မကောင်းဘူးလား။ မျှော်စင်ကြီးကို ပြချင်လို့၊ ပြီးမှ တင်းနစ်ကစားကြတာ ပေါ့၊ လောင်းအိုင်လင်ကွင်း မှာ ကိုယ်အသင်းဝင်ထားတယ်လေ"
"ဟာ သိပ်ပျော်စရာ ကောင်းမှာပဲ"

ကစားကြသည့်အခါတွင် သုံးပွဲတွင် လင်ကီက နှစ်ပွဲ အနိုင်ရသည်။ ၆-၄၊ ၄-၆၊ ၆-၃။
"စရိုက်တဲ့ပွဲမှာ ယောက်ျားလေးကို အနိုင်ပေးရယ် မိန်းကလေးရဲ့" ဟု ပီတာက ပြောတော့
"အဲဒါတော့ လင်ကီ မသိဘူး။ ကစားပြီဆိုရင် အနိုင်ကစားတာချည်းပဲ"

"မင်း တော်တော် ထူးဆန်းတဲ့ မိန်းကလေးပဲ"
လင်ကီက ပခုံးတွန့်ပြီး
"လင်ကီ့ကိုယ် လင်ကီ သိပါတယ်။ သူများနဲ့မတူဘူး ဆိုတာလေ၊ အဲဒါ မကောင်းလို့လားဟင်"
"ဟာ မဟုတ်ပါဘူး၊ ကောင်းပါတယ်၊ ကိုယ် သဘောကျပါတယ်"

ပီတာ ဒက်စမန်ကြီးပြင်းခဲ့သည့် နောက်ခံ ၀န်းကျင်မှာလည်း လင်ကီ့ဘ၀နှင့် အတူတူပင်၊ အဖေက ဝေါလ်စထရိတ် စတော့ လုပ်ငန်းရှင်၊ အမေက နာမည်ကျော် ဗိသုကာကြီးတစ်ဦး၏ သမီး။ ယေးလ်တက္ကသိုလ် တွင် အဆင့်အမြင့်ဆုံးဖြင့် အတန်းတိုင်း အောင်ခဲ့သည်။ တင်းနစ်အဖွဲ့တွင် အမှုဆောင်၊ တက္ကသိုလ် နေ့စဉ် သတင်းစာတွင် ရုပ်ရှင်နှင့် ပြဇာတ် ဝေဖန်ရေး အဖွဲ့ဝင်။
ကိုလံဘီယာ တက္ကသိုလ်မှ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ ထပ်ရသည်။ ကနတ်တီကတ်နှင့် နယူးယောက်တွင် စတော့လုပ်ငန်း လိုင်စင်ရသည်။ ၀ါသနာအလျောက် မူရင်း ဗိသုကာပုံများကို စုဆောင်းသည်။ လင်ကီ ဖြတ်သန်း ခဲ့သည့် ဘ၀ခရီးနှင့် တူညီချက်များစွာ ရှိနေသည်ကို သူက ဂုဏ်ယူစွာ ထောက်ပြတတ်သည်။

လင်ကီကလည်း "ပီတာနဲ့ လင်ကီ ဒါလောက်ူနေတာ မဆန်းဘူးလားဟင်" ဟု တုံ့ပြန်တတ်၏။
"တစ်ခါတလေများ ပီတာ့ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ကြည့်နေရသလား အောက်မေ့ရ တယ်"
လင်ကီသည် ပီတာနှင့်ဆိုလျှင် အထီးကျန်ဘ၀ကို မေ့နေတတ်သည်။ ချစ်ရေး ချစ်ရာတွင် ပီတာ မအောင်မြင်ကြောင်းပါ သိရသည့်အခါ နှစ်ဦးသား ပို၍ ပို၍ နီးကပ်လာသလို ဖြစ်လာ၏။
ပီတာသည်လည်း တက္ကသိုလ်တွင် ချစ်ကံခေသူ တစ်ယောက် ဖြစ်ခဲ့သည်။ အချစ်ကို ရှာခဲ့ သော်လည်း ရေသာ များ၍ ငါးမတွေ့ခဲ့ပေ။

လင်ကီ့လောက် ဘယ်မိန်းကလေးကိုမှ စိတ်မလှုပ်ရှားခဲ့ဖူးကြောင်း ပီတာက ဖေဖော်ဝါရီလထဲက ထုတ်ပြောသည်။
"ကိုယ်တွေ့ဖူးတဲ့ မိန်းကလေးတိုင်းဟာ တစ်ပုံစံတည်း လိုချည်း ဖြစ်နေတယ်။ အ၀တ်အစား မက်မောတဲ့ နေရာ၊ ယောက်ျားလေးတွေကို အမိဖမ်းချင်တဲ့နေရာတွေမှာ အတူတူချည်းပဲ။ ကလေး သုံးလေးယောက် ရနိုင်မယ့် ယောက်ျား၊ စတေရှင်ဝက်ဂွန် ၀ယ်နိုင်တဲ့ ယောက်ျား၊ ဘဏ်စာရင်းမှာ ဂဏန်းလေးငါးလုံးလောက် ရှိတဲ့ ယောက်ျား၊ ကလပ် ကောင်းကောင်းမှာ အသင်းဝင်ထားပြီးသား ယောက်ျား၊ ကိုယ်က သူတို့လိုချင်တဲ့ အဲဒီလို ယောက်ျားမျိုး မဖြစ်ချင်ဘူးလေ"

"ပီတာက ဘယ်လို ယောက်ျားမျိုး ဖြစ်ချင်တာလဲ"
"လင်ကီ သဘောကျတဲ့ ယောက်ျားမျိုး ဖြစ်ချင်တာ"
လင်ကီ ခဏတွေသွားသည်။ ပီတာ့ ပြောစကားကို စဉ်းစားနေခြင်း ဖြစ်၏။
"ပီတာက လင်ကီ့ကို ရည်းစားစကား ပြောနေတာလား ဟင်"
"အဲဒီကိစ္စ ကိုယ်တို့နှစ်ယောက်စလုံး စဉ်းစားသင့်ပြီ လင်ကီ"

ထိုညတွင် လင်ကီ့ကို ပီတာ လိုက်ပို့တော့ လင်ကီက အခန်းထဲထိ ဖိတ်သည်။ မျိုသိပ်စိတ်တို့ ရေကာတာ ကျိုး သလို ပြိုင်တူ ပေါက်ကွဲကြ၏။
ပီတာ့အကြောင်း စဉ်းစားလိုက်လျှင် လင်ကီ့ စိတ်ထဲတွင် ကြည်နူးနေ၏။ ပီတာသည် တည်ငြိမ် သည်။ မိမိ၏ ကိုယ်ပွား တစ်ယောက်လို ဖြစ်နေ၏။ သူတို့ မိသားစုကလေးသည် စုစည်းကျစ်လျစ်စွာ တည်ဆောက် ထား၏။ ပီတာ့ အနာဂတ်သည် ဖြောင့်ဖြူးချောပြေလျက် ရှိသည်။

ဆေးရုံပေါ်တွင် အမှောင်ထုအတွင်းမှ ပြန်နိုးလာပြီး တောက်လျှောက် ခံစားခံရသည့် အထီးကျန် ဝေဒနာသည်  ပီတာနှင့်တွေ့သည့် အချိန်မှစ၍ လွင့်စဉ်ပျောက်ကွယ် သွားလေပြီ။ သူ့ကို ရှောင်ဖို့ စိတ်ကူးခဲ့ ဖူးသည့် အတွက်ရော၊ အဖေ့အိပ်ဆေးတွေ ယူသောက်ခဲ့မိသည့်အတွက်ပါ နောင်တရလို့ မဆုံး ဖြစ်နေ၏။
"လင်ကီက အရေးနိမ့် မခံနိုင်ဘူးလေ၊  အဲဒီတုန်းကတော့ အဲဒီလို လုပ်ခဲ့မိတဲ့အတွက် မှန်တယ် ထင်ခဲ့တာ" ဟု လင်ကီက ရှင်းပြသည်။

"ကိုယ်တော့ မင်းလို မိန်းကလေး တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတယ်ဆိုတာ မယုံနိုင် အောင်ပဲ လင်ကီ"
တစ်ဖက်စွန်းရောက်သည့် လုပ်ရပ်များနှင့် မနီးစပ်သူ ပီတာက မှတ်ချက်ချသည်။ တစ်ဖက်စွန်း ရောက် အောင် တွန်းပို့သည့် အဖြစ်မျိုးနှင့်လည်း ပီတာ မကြုံဖူးခဲ့ပေ။
"အဲဒီတုန်းကတော့ အဖေအမေ မရှိတဲ့နောက် ဒီလောကကြီးထဲမှာ ဘာလို့ နေတော့မှာလဲလို့ တွေးမိတာကိုး၊ ခုတော့ လင်ကီ အတွေးတွေ ပြောင်းပြန် ဖြစ်သွားပြီ"
"ကိုယ် တို့ ဘယ်တော့မှ မခွဲတမ်းနော်"

"လင်ကီ့ အဖေနဲ့ အမေလည်း ဘယ်တော့မှ ခွဲမနေခဲ့ဘူး"
ပီတာက ပြုံးပြီး
"သိပ်ချစ်တယ် လင်ကီရယ်"
"အတူတူပဲ ပေါ့ကွယ်"

အဖေ့ လုပ်ငန်းထဲတွင် ၀င်လုပ်နေရသည့် အကြောင်းများကို ပီတာ ပြောပြတော့ တင်းအက် ၀ိုင်လုပ်ငန်းကို ရောင်းပစ်လိုက်မိသည့်အတွက် လင်ကီ ၀မ်းသာနေသည်။ ဦးလေးနှင့် အဖေ တည်ထောင်ခဲ့သည့် လုပ်ငန်း တွင် ဆက်ခံစရာ ယောက်ျားလေးဟူ၍ ပီတာတစ်ယောက်သာ ရှိသည်။

ဆက်ရန်
.

No comments: