Saturday, May 7, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၂ဝ)

မျက်လုံးကို ဖွင့်ကြည့်လိုက်သည်၊ ခင်မောင်အေး ကြိုးခွေ ကို ကုန်စင်အောင် ဖြတ်ပေးလိုက်ပြီး...
    'နင်ပြောတဲ့ ခင်မောင်အေးဆိုတာ ငါဘဲ တောထဲမှာအသတ်ခံလိုက်ရတဲ့ ကိုထွန်းဇင် မခင်မေရဲ့သား ခင်မောင်အေး ဆိုတာငါ'
    ဟုတိုးတိတ်စွာ ပြောလိုက်သည်။

    ခင်မောင်အေးတို့ လူစကား နားမလည်သည့် လူသားစား အရိုင်းကောင်ဟု ထင်ခဲ့သော ဦးကြင်ဖေသည် ယခုလို ခင်မောင်အေးက လူစကားပြီပြီသသကြီး ပြောလိုက်သော အခါ ရှည်ရှည်ဝေးဝေး တွေးနေစရာ မလိုတော့ ဘဲ ချက်ခြင်း သဘောပေါက်သွားသည်။
    'ခင်မောင်အေးလား ငါ့တူလေး ခင်မောင်အေးလား'

    သေဘေးကလဲလွတ် မမျှော်လင့်သော သူကိုလဲ ထူးခြားဆန်းကျယ်သော အဖြစ်ဖြင့် ရှောင်တခင် တွေ့လိုက် ရသောအခါ ဦးကြင်ဖေသည် တူလေး ခင်မောင်အေးကို တင်းကြပ်စွာ ဖက်ကာ အသံမထွက်ဘဲ မျက်ရည် တွေ ဖြိုင်ဖြိုင်ကျလာသည်၊ သို့သော် ဤလိုနေရာမျိုးမှာ အချိန်ကုန်ခံပြီး နောက်ကြောင်းပြန် ဇာတ်လှန် နေလျှင် အကျိုးယုတ်မည်ကို တွေးမိသော ဦးကြင်ဖေက သူတို့တူအရီး လွတ်မြောက်ရေးအတွက် အပူတပြင်း ဥာဏ်ထုတ်လိုက်သည်။

    ဦးအေးထွန်းတို့နှင့် ပေါင်းသင်းမိသည့်နောက် ဤအိမ်ကြီးမှာ လူရင်းတယောက်အနေဖြင့် အထဲဝင် အပြင်ထွက် ဖြစ်လာခဲ့သော ဦးကြင်ဖေသည် ဤအိမ်ကြီး၏အနေအထားကို သေချာစွာ သိလာခဲ့သည်၊ ထိုကြောင့် ဤအသံလုံအခန်းကြီး၏ တခုသော ဒေါင့်ဆီသို့ ကဗျာကသီ ထသွားပြီး လက်ဖြင့် ပုတ်ကြည့် လိုက်သည်၊ ထိုနောက် ခင်မောင်အေး အနားသို့ ပြန်လာပြီး တိုးတိတ်စွာ ပြောလိုက်သည်။

    'လူကလေး ဦးလေးပြတဲ့ နေရာကို လူကလေးအားနဲ့တွန်းစမ်းပါ၊ ဦးလေးကတော့ သူတို့ အစာငတ် ထားတာရော နှိပ်စက်ထားတာရော အားခွန်မရှိတော့ဘူး၊ လူက ခြေလက်တောင် မနည်းသယ်နေရတာ၊ လူကလေး အားနဲ့ တွန်းရင် ပွင့်ကောင်းပွင့်ပါလိမ့်မယ် ဒီနေရာကို ကျိုးစားလို့ မရရင် တနည်းကြံ ရအုံးမှာပေါ့'

    ခင်မောင်အေးသည် ဤလှောင်အိမ်ကြီးထဲက အမြန်လွတ်ချက်နေသူဖြစ်သည်၊ သူ့အနေဖြင့် သူ ချစ်သော ညာမေတင်သည် ဤနေရာမှာမရှိကြောင်း စဉ်းစားလိုက်မိပြီး ဖြစ်သည်၊
ခင်မောင်အေးသည် ဤလှောင်အိမ်ကြီးထဲက အမြန်လွတ်ချက်နေသူဖြစ်သည်၊ သူ့အနေဖြင့် သူချစ်သော ညာမေတင် သည် ဤနေရာမှာမရှိကြောင်း စဉ်းစားလိုက်မိပြီး ဖြစ်သည်၊ သူ့အနေဖြင့် သူချစ်သော ညာမေတင် သည် ဤနေရာမှာ မရှိကြောင်း စဉ်းစားလိုက်မိပြီး ဖြစ်သည်၊ ထိုကြောင့် ဘာမှ ပြန်မေးမြန်း နေခြင်း မပြုတော့ဘဲ ဦးကြင်ဖေပြသည့် နေရာကို ပုခုန်းဖြင့် ကြိတ်ပြီး တွန်းလိုက်သည်၊ ထိုနေရာသည် ကျွိကျွိ ဟူသောအ သံမျိုး မသိမသာမည်လာသည်ကို ကြားရသည်။

    'ဟုတ်ပြီ လူကလေး တို့လွတ်နိုင်တယ် ကျိုးစား တွန်းပေး'
    ဦးကြင်ဖေက အားတက်သောအသံဖြင့် တိုးတိုးတိတ်တိတ် ပြောရင်း သူပင်ပန်းနွမ်းနယ် နေလျက်က စိတ်အား တက်စွာဖြင့် ခင်မောင်အေးနှင့်အတူ တတ်အားသမျှ ၀င်တွန်းရှာသည်၊ တူအရီးနှစ်ယေက် ချွေးဒီးဒီး ကျအောင် ကျိုးစားတွန်းနေခဲ့ရာ ဦးကြင်ဖေ စိတ်ထင် မိနစ်နှစ်ဆယ်လောက် ကြာမည်ထင်သည်၊ ထိုနေရာသည် လူတကိုယ်ဝပ်ပြီး ၀င်နိုင်ထွက်နိုင်သည့် အပေါက်တပေါက် ပေါ်လာသည်။

    ခင်မောင်အေးနှင့် ဦးကြင်ဖေတို့ ၀မ်းမြောက်မှုကား ဆိုစရာမရှိတော့ချေ။
    အချိန်ကိုခန့်မှန်းနိုင်သော်လဲ အပြင်ဘက် မိုးသားတွေအုံ့ဆိုင်းကာ နေရောင်ကို မတွေ့မြင်ရဘဲ မှိုင်းမှောင်နေသည်။ ထိုအပေါက်မှ တူအရီးနှစ်ယောက် ၀ပ်လျှိုး ထွက်လိုက်ကြသောအခါ အပေါက်နှင့် တဲ့တဲ့ နေရာတွင် ခင်မောင်အေးအနေဖြင့် ဘာပင်မှန်း မသိရသော အပင်တပင်သည် ထူထပ်သော ခြုံကြီးအဖြစ် ကာကွယ် ထားသည်ဖြစ်ရာ ထိုအပေါက်မှ ထွက်လာသည်ကို ရုတ်တရက်ကြည့်၍ မမြင်နိုင်အောင် အကာအကွယ် ကောင်းစွာ ရနေသည်ကို တွေ့ရသည်။

    ထိုခြုံကြီးအကွယ်မှ ဦးကြင်ဖေသည် အရိပ်အခြေကို တိတ်ဆိတ်စွာ အကဲခပ်ကြည့်လိုက်သည်၊ ထိုနောက် ခင်မောင်အေး ကိုယ်ပေါ်မှ ဘိုသီဘတ်သီဖြင့် မလုံမခြုံဖြစ်နေသော ညိုညစ်ညစ်ရောင် အ၀တ်ကြီးကို ဆွဲယူကာ ခင်မောင်အေး အရှက်လုံစေရန် ခိုင်မြဲစွာ ခြုံသိုင်း ချည်နှောင်ပေးလိုက်သည်။

    'လာလူကလေးရေ ပြေးကြစို့'
    ဦးကြင်ဖေက ပြောပြောဆိုဆို ခင်မောင်အေးကို လက်ဆွဲကာ ထိုနေရာမှ ခြံစည်းရိုးရှိရာသို့ ပြေးလာခဲ့ကြသည်၊ ခြံကြီးမှာ ကျယ်ဝန်းလှသောကြောင့် ခြံစည်းရိုးရှိရာရောက်အောင်ပင် တော်တော် ပြေးရသည်။

    သူတို့တူအရီး ကုသိုလ်ကံ ကောင်းနေ၍ထင်သည်၊ အနှောက်အယှက် အတားအဆီး တစုံတရာ မတွေ့ရ ဘဲ ခြံစည်းရိုး ခွေးတိုးပေါက်လိုဖြစ်နေသည့် နေရာသို့ ရောက်လာခဲ့ကြသည်။
    'လာလူကလေး'
    မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ဦးကြင်ဖေကပြောကာ ခွေးတိုးပေါက်မှ ၀ပ်လျှိုးထွက်လိုက်သဖြင့် ခင်မောင်အေးကပါ လျှင်မြန်စွာ ထွက်လိုက်သည်၊ ထိုနောက် ဦးကြင်ဖေသည် စိတ်ဆောင်နေခြင်းဖြင့် ခင်မောင်အေး ကို ဦးဆောင်ခေါ်ငင်ကာ ဘေးရန် ကင်းရာသို့ တရှိန်ထိုးထွက်လာခဲ့ကြသည်။

    ခင်မောင်အေးသည် သူတကြိမ်တခါမှ မရောက်ဘူးသည့် နေရာဖြစ်သောကြောင့် မည်သည့်နေရာကို သွားရမည် ကိုမသိချေ၊ ထိုကြောင့် ဦးကြင်ဖေ ဦးဆောင်ရာသို့သာ ခြေလှမ်းသွက်သွက်ဖြင့် လိုက်လာ ခဲ့သည်၊ တခါတခါ အားပြတ်သွားဟန်ဖြင့် ယိမ်းယိုင်သွားသော ဦးကြင်ဖေကို သန်မာသောလက်များဖြင့် ဖေးမ ဆွဲယူ လိုက်ရသည်။
    သို့နှင့်ပင် သစ်ပင်တွေ ပိတ်ဆီးနေသော ကျယ်ဝန်းသော ခြံကြီး၏ဘေး လမ်းကြိုလမ်းကြားများမှ လာခဲ့ ကြရာ ညနေစောင်းအချိန်လောက်တွင် ခင်မောင်အေးတခါမှမမြင်ဘူးသည့် ကတ္တရာခင်း လမ်းကျယ်ကြီး သို့ ရောက်လာကြသည်။

    'လူကလေး ခဏနားလိုက်ကြအုံးစို့ရဲ့၊ ဒီနေရာရောက်နေမှ စိုးရိမ်စရာ မရှိတော့ပါဘူး'
ဦးကြင်ဖေက ပြောရင်း လမ်းဘေးက သစ်ပင်ကြီးတပင်ကို မှီထိုင်ကာ အမေဖြေနေလိုက်သည်၊ ခင်ောမင်အေးကလဲ ဦးကြင်ဖေအနားမှာပင် ထိုင်ကာ လမ်းမကြီးပေါ်မှာ တဝေါဝေါ မောင်းနှင် သွားလာ နေကြ သည့် မော်တော်ကားကြီးငယ်တွေကို အံ့လွန်းသော စိတ်ဖြင့် မျက်တောင်မခပ် ငေးမော ကြည့် နေသည်။

    ရသေ့ရောင်လိုလို ညိုညစ်ညစ်အ၀တ်ကို လွှမ်းခြုံထားပြီး နှုတ်ခမ်းမေး၊ မုတ်ဆိပ်မွှေး၊ ပါးသိုင်းမွှေးတွေက ရှည်လျားစွာ ဦးခေါင်းထက်က အမွေး ရှည်လျားစွာဖြင့် သစ်ပင်အောက်မှာထိုင်ပြီး လမ်းသွား လမ်း လာသူတွေ မော်တော်ကားတွေက စူးစူးစိုက်စိုက်ကြည့်နေသော ခင်မောင်အေးကို သွားရင်းလာရင်း မြင်သူတွေ စိတ်ထဲမှာ အရူးတယောက်ဟု ထင်သူကထင်ကြသည်၊ ထွက်ရပ်ပေါက် ကိုယ်တော်ယောင်ယောင် ဘိုးတော်ယောင်ယောင် ရသေ့ရောင်ရောင်ထင်သူက ထင်ကြသည်၊ အနားမှာ ရှိနေသော ဦးကြင်ဖေကိုမူ အထိမ်းတော်လား၊ ကိုးကွယ်နေသည့် ဒါယကာလားဟု ထင်ကြသည်၊ ထိုကြောင့် ခင်မောင်အေး အဖို့ မည်သည့် အနှောက်အယှက်မှမတွေ့ဘဲ ဘေးကင်းရန်ကင်းဖြစ်နေသည်။

    ထိုအခိုက် အငှားပြေးဆွဲသည့် မော်တော်ကားငယ်တစီး မောင်းလာသည်ကို တွေ့ရသောအခါ ဦးကြင်ဖေက လက်ပြတားလိုက်သည်၊ မော်တော်ကား ရပ်လိုက်သောအခါ ဦးကြင်ဖေက...
    'လာ လူကလေး ကားပေါ်တက်'

    ဟုခေါ်လိုက်၏ သို့သော် ခင်မောင်အေးသည် မော်တော်ကားကို မမြင်ဘူးသည့်အလျောက် ထိုင်နေရာက မတုန်မလုပ်ဖြင့် မော်တော်ကားကိုသာ ကြည့်နေသည်၊ ဦးကြင်ဖေက ဘာမှမပြောတော့ဘဲ ခင်မောင်အေးကို ကြင်နာစွာ လက်ဆွဲပြီး မော်တော်ကားပေါ်ကို တက်စေရန် ရှေ့ကနေပြီး တက်ပြ လိုက်သည်၊ လက်ကလဲဆွဲတင်လိုက်သည်၊ ထိုအခါ ခင်မောင်အေးသည် သူ့ကို ထိုအရာဝတ္ထုကြီးပေါ်သို့ တက်ခိုင်းကြောင်း သဘောပေါက်သည်၊ ထိုကြောင့် ဘာမှမပြောတော့ဘဲ ဦးကြင်ဖေဘေးမှာ ထိုင် လိုက်သောအခါ ဦးကြင်ဖေက သူသွားလိုသည့် နေရာကို မောင်းခိုင်းလိုက်သည်။

    ခင်မောင်အေးသည် သူမစီးဘူးသည့် မော်တော်ကားကို စီးရသောအခါ အံ့သြရပြန်သည်။ ရန်ကုန်မြို့ထဲ ရောက်လာသောအခါ တိုက်တွေ၊ အဆောက်အဦတွေ၊ များပြားလှစွာသော လူတွေ ပုံသဏ္ဍာန်မျိုးစုံသော မော်တော်ကား တွေ၊ မကြားဘူးသော အသံတွေ၊ မမြင်ဘူးသည့်အရာတွေ ခင်မောင်အေး အံ့သြပြီးရင် အံ့သြရင်း....
    ဦးကြင်ဖေပြောသည့် နေရာဖြစ်သောတိုက်ခန်းတခု ရှေ့မှာ မော်တော်ကားရပ်လိုက်သော အခါ ဦးကြင်ဖေက သူအိပ်ထဲမှာရှိနေသည့် ငွေကို ရေတွက်ခြင်းမရှိတော့ဘဲ ကားမောင်းသူကိုပေးလိုက်သည်၊ ထိုနောက် ခင်မောင်အေးကို လက်ဆွဲကာ ပိတ်ထားသော တိုက်ခန်းတခုဆီသို့ လာခဲ့သည်၊ အခန်းနီးချင်း တိုက်ခန်း မှ လူတယောက်က ဦးကြင်ဖေကို မြင်သောအခါ ဦးကြင်ဖေအပ်ထားခဲ့သည့် သော့ကို လာပေးရင်း...

    'နေ့လည်လောက်ဆီက လူသုံးယောက်လာကြသေးတယ်၊ ခင်ဗျားကိုမေးတယ်၊ ကျုပ်က ခရီး ထွက်သွားတယ်ပြောတော့ ဘာမှန်းမသိဘူး စိတ်ဆိုးပြီး ပြန်ထွက်သွားကြတယ်'
    ဟူသော သတင်းကို ဆီးပြော၊ ဦးကြင်ဖေသည် ဘာစကားမှ ပြန်မပြောဘဲ၊ ဦးခေါင်း ငြိမ့်ပြလိုက်ပြီး တိုက်ခန်းကို လျှင်စွာ သော့ဖွင့်သည်၊ ထိုနောက် ခင်မောင်အေးကို တိုက်ခန်းထဲသို့ ဆွဲခေါ်လိုက်ပြီး တိုက်ခန်းတံခါး ကို သေချာစွာ ပြန်ပိတ်လိုက်သည်၊ တိုက်ခန်းသည် မှောင်သွားသည်၊ နေ့လည်က လာသော လူသုံးယောက် ဆိုသည်မှာ ဦးကြင်ဖေတို့ ထွက်ပြေးကြောင်း သိရသော ဦးအေးထွန်း လူများက ဤတိုက်ခန်းမှာ လာရှာကြောင်း ဦးကြင်ဖေသိလိုက်သည်။

    ဦးကြင်ဖေက တီးတုးမေးသည်၊ ခင်မောင်အေးက မကြောက်ရွံ့ကြောင်း ပြန်ပြောလိုက်သည်၊ မှောင်သည် ဟု ဆိုသော်လဲ လေ၀င်ပေါက်တွေရှိနေသည့်အတွက် မှောင်ထဲမှာ မျက်စေ့ကျင့်သားရလာသောအခါ လေ၀င်ပေါက် မှ ၀င်လာသည့် မှေးမှိန်သော အလင်းရောင်ဖြင့်ပင် သူတို့တူအရီးနေ၍ အဆင်ပြေနေသည်။

    ဦးကြင်ဖေသည် တခုသော သေတ္တာကို ဖွင့်ကာ ငါးသေတ္တာဗူးအသားဗူးနှင့် ဘီစကစ်မုံ့တွေကို ထုတ်ယူလိုက်သည် ဗူးတွေကိုဖောက်ပြီး မုံ့ဖြင့်အတူစားရန် ခင်မောင်အေးကို သင်ပြသည် တော်တော်ပင် ဆာလောင် နေပြီဖြစ်သော ခင်မောင်အေးသည် ဆာဆာဖြင့်စားလိုက်ရာ လျှာလည်သွားသည်၊ စားတတ် သွားသည်၊ တူအရီးနှစ်ယောက် အ၀စားသောက်ကြပြီး.....
    'ကဲ...တို့အနားယူ အိပ်လိုက်ကြအုံးစို့ရဲ့ လူကလေး၊ အိပ်ယာက နိုးတော့မှ မင်းလဲ မင်းဖြစ်ခဲ့ရတဲ့ ဘ၀ကိုပြော၊ ငါလဲ ဖြစ်ခဲ့တာတွေကို စုံအောင်ပြောပြမယ်'
    ဦးကြင်ဖေသည် ပြောရင်းဆိုရင်း ဖျာခင်း ခေါင်းအုံးနှစ်လုံးချ စောင်နှစ်ထည်ချပြီး...

    'အိပ်ကြစို့ လူကလေး'
    ဟုပြောပြောဆိုဆို လဲလျောင်းလိုက်သည်၊ အသက်ဘေးက ကင်းဝေး စိတ်အေးသွားရသည့်အပြင် အစာကလဲ ၀သွားသည့်အတါက် ဦးကြင်ဖေ သည် ခေါင်းအုံးပေါ်သို့ ခေါင်းချသည်နှင့် တပြိုင်နက် အိပ်ပျော် သွားတော့သည်။
    ခင်မောင်အေးကား တော်တော်နှင့်အိပ်မပျော်နိုင်ရှာချေ၊ သူ့ဘ၀ဖြစ်စဉ်ကို သူပြန်တွေးလိုက် အသက်တမျှ ချစ်ရသူ ညာမေတင်ကို မည်သည့်နေရာမှာ လိုက်ရှာရပါမည်နည်းဟု တွေးလိုက်ဖြင့် သန်းခေါင် ကျော်မှ အိပ်ပျော်သွားရှာသည်။

    ဦးကြင်ဖေသည် သတိရှိသူဖြစ်သည့်အလျောက် သူနေထိုင်သည့် တိုက်ခန်းအနောက်ဘက် တံခါးမှ ထွက်ကာ တိုက်ခန်းရှေ့ဘက်က တံခါးမှ ပြန်ဝင်ပြီး တူအရီးနှစ်ယောက် ငြိမ်ဝပ်စွာ နေလိုက်ခြင်းဖြင့် ဤတိုက်ခန်း သည် လူမရှိသည့် အသွင်သဏ္ဍာန်မျိုးဖြစ်နေသည်။

    အစာဝလင်စွာ စားသောက်ပြီး တညလုံးလုံး စိတ်သောက ကင်းစွာဖြင့် အားနားယူလိုက်သည့်အတွက် တူအရီး နှစ်ယောက်လုံး ကိုယ်ရောစိတ်ပါ လန်းဆန်းနေကြသည်၊ ကိုယ့်ဘ၀ကိုယ် သိနေသည့် အတွက် ကြိုတင် စီမံမှု ရှိထားသော ဦးကြင်ဖေသည် လုံလောက်အောင် သိုမှီးထားသည့် ဘီစကစ်မုံ့များ အသားဗူးများ၊ ငါးသေတ္တာများ၊ နို့ဆီ၊ သကြား၊ ကော်ဖီမုံ့၊ လဘက်ခြောက် စသည်တို့ကို ထုတ်ကာ လျှပ်စစ်မီးဖို လေးဖြင့် ရေနွေးတည်၊ ကော်ဖီ လဘက်ရည်စသည်တို့ကို သွက်လက်စွာ လုပ်ကိုင်ပြီး ခင်မောင်အေး ကို ကျွေးသည် အဖြစ်အပျက်ကိုလဲ မေးသည်။
    ဦးလေးဖြစ်သူကျွေးသည့် အစားအစာကို စားတတ်သွားပြီးဖြစ်သော ခင်မောင်အေးက စားရင်း သောက်ရင်း သူ့ဘ၀ဇာတ်ကြောင်ကို ပြန်ပြောပြသည်၊ ပြောပြသည့် အထဲမှာ ညာမေတင် အကြောင်း စုံစုံ လင်လင်ပါသည်။

    'ငါတောထဲမှာ နေခဲ့တဲ့အကြောင်းကတော့ ဒါဘဲ၊ ဟိုသတ္တ၀ါတွေဆီမှာ ပြောတာကြားရပြီ၊ နင်က ငါ့ အမေ ရဲ့ မောင်ဆိုတာ သိရတော့ ငါသိပ်ဝမ်းသာသွားတယ်'
    ဟူသော စကားကို နိဂုံးချုပ်လိုက်၏။

    ခင်မောင်အေး စကားကိုယဉ်ကျေး သိမ်မွေ့သည့် စကားလုံးများ မသုံးနှုံးတတ်သေးချေ၊ ထိုကြောင့် သူ ပြောတတ်သလို ပြောနေသည်၊ ဤသည်ကို ဦးကြင်ဖေကလဲ ခင်မောင်အေး ဘ၀ဖြစ်လာပုံကို သိရသဖြင့် ဗွေမယူဘဲ ခွင့်လွှတ်သည် ယဉ်ကျေးအောင် ပြုပြင်ရန် သူ့တာဝန်ဖြစ်ကြောင်း စဉ်းစားမိသည်။
    'အေး ငါ့တူလေး ဒီလိုဘ၀မျိုးရောက်ပြီး တောရိုင်းကောင်လို အထင်ခံနေရတာ ဦးလေးတကယ် စိတ်ထိခိုက် ပါတယ်ကွယ်၊ စင်စစ်တော့ ဒီလိုဖြစ်ရတာ ဦးလေးအပြစ်တွေလဲ ပါသပေါ့'
    ဦးကြင်ဖေသည် ပြောရင်းပင် သူ့ယောက်ဖ အစ်မနှင့် သူ့အကိုကြီးတို့ကို ပြန်လည် မြင်ယောင်မိ လိုက်သည်။
    ဦးကြင်ဖေ စိတ်ထိခိုက်မည်ဆိုကလဲ ထိခိုက်လောက်ပါပေသည်။

ဆက်ရန်
.

No comments: