ဒီတော့ကာ အမျိုးသားရှေ့နေ တစ်ယောက်ရှာရတော့မည်။ သူ့အဖြစ်က တခြားတစ်ယောက်ယောက် ကို ရှေ့နေ အသိရှိလား မေးလို့ သိပ်မကောင်း။ ဘာကိစ္စလဲဗျ။ ဘာအမှုဖြစ်လို့လဲ... ဟု မေးရင် ဖြေရ ခက်သည်။ အမှန် အတိုင်း မပြောပြန်ရင်လည်း အမှားအယွင်း အရှုပ်အထွေး ရှိလို့လား အထင်ခံရမည်။ မိန်းမနဲ့ ကွာမလို့ ဆိုတာ ကိုလည်း ပြောလို့မဖြစ်။
တစ်ခါက မင်္ဂလာဆောင်တစ်ခုမှာ ဘေးချင်းယှဉ်ထိုင်မိရင်း မိတ်ဆက်ဖြစ်သွားသော ရှေ့နေတစ်ယောက် က လိပ်စာကတ် ပေးထားဖူးသည်။ လိပ်စာကတ်တွေ ထည့်ထားသော စာအုပ်ကလေးထဲမှာ ရှာကြည့်သည်။ မတွေ့။ ဖုန်းနံပါတ်များ မှတ်ထားလိုက်မိသလားလို့ တယ်လီဖုန်းစာအုပ်ကို လှန်ကြည့် တော့မှ တစ်နေရာမှာ ညှပ် ထားတာ တွေ့ရသည်။ ဒေါ်မာမာဦးတုန်းကလို အကြာကြီးစောင့်နေရာမှာစိုး သဖြင့် ရုံးခန်းဖုန်းကို အရင်ဆက်လိုက်သည်။ ဖုန်းကိုင်သူက-
"ဦးစောဘရန်ငြိမ်းက ဒီရုံးခန်းမှာ မထိုင်တော့ဘူး ခင်ဗျာ။ ဘာကိစ္စများဖြစ်နေလို့လဲ၊ ကျွန်တော့်ကို လည်း တိုင်ပင် နိုင်ပါတယ်၊ တတ်စွမ်းသမျှ အကောင်းဆုံး ကူညီဆောင်ရွက်ပေးပါရစေ"
အရေးထဲမှာ အမှုအပ်ဖို့ ဆွယ်နေသေးသည်။
"ဆရာဦးစောဘရန်ငြိမ်းနဲ့ တွေ့မှဖြစ်မှာမို့လို့ပါ" ဆိုတော့မှ-
"ဒါဆိုလည်း တာမွေရုံးမှာ သွားစုံစမ်းကြည့်ပါ။ သူက အဲဒီဘက်မှာ အမှုလိုက်တာ များတယ်"
ဒီကိစ္စ လုပ်ရတာ အထစ်အငေါ့လေးတွေ ဖြစ်ဖြစ်နေသည်။ ရှောရှောရှူရှူ သိပ်မရှိလှ။ ရင်ရင်ငြိမ်းကများ ယတြာ တွေ ဘာတွေ ချေထားလို့လား မသိဘူးဟု တွေးလိုက်မိသေးသည်။
ဟိုပုဂ္ဂိုလ် ညွှန်တဲ့အတိုင်း တာမွေတရားရုံးကို သွားသည်။ ရှေ့နေတွေက လက်ဖက်ရည်ဆိုင် ထိုင်လေ့ ရှိသည်။ ထို့ကြောင့် ဆိုင်မှာ ၀င်စုံစမ်းတော့ ဆိုင်ရှင်က-
"လာလိမ့်မယ်ဗျ။ ဒီနေ့ အာမခံတစ်ခု တင်စရာရှိတယ် ပြောတယ်။ စောင့်နေလိုက်ပါ"
လက်ဖက်ရည် တစ်ခွက်သောက်ရင်း ထိုင်နေလိုက်သည်။ စောင့်သာစောင့်ရတယ်။ ဦးစောဘရန်ငြိမ်း ကို မြင်လျှင် မှတ်မှ မှတ်မိပါ့မလား မသိ။ မင်္ဂလာဆောင်မှာ ဆုံခဲ့ဖူးတာ နှစ်နှစ်လောက်ကြာသွားပြီ။ နာရီပိုင်း လောက်သာ မြင်ခဲ့ရတာဆိုတော့ ရေးတေးတေး ဖြစ်နေသည်။ ပိန်ပိန်ပါးပါး။ နှုတ်ခမ်းမွေးပါ သည်။ သိပ် မသားနားလှ။ ရှေ့နေနှင့်မတူ။ ကဗျာဆရာနှင့် ပိုတူသည် ဆိုတာလောက်ပဲ ပြောနိုင်သည်။
တအောင့်လောက် ကြာတော့ အရောင်လွင့်နေပြီဖြစ်သော တိုက်ပုံအင်္ကျီအနက်နဲ့ လူကြီးတစ်ယောက် ဆိုင်ထဲ ၀င်လာသည်။ ဆိုင်ရှင်က တစ်စုံတစ်ခုပြောပြီး ပေါ်ဋ္ဌေးထိုင်နေရာသို့ လက်ညှိုးထိုးပြသည်။ မျက် မှောင်တစ်ချက်ကုတ်၍ လှမ်းကြည့်ပြီးမှ လျှောက်လာသည်။ ထိုပုဂ္ဂိုလ်မှာ ပိန်ပိန်ပါးပါး၊ မျက်နှာ စုတ် ချွန်းချွန်း ဆိုတာတော့ ဟုတ်သည်။ နှုတ်ခမ်းမွေးမပါသဖြင့် လူများလွဲနေသလား ထင်မိ၏။ နောက် တော့ နှုတ်ခမ်း အပေါ်ဘက်ကို လက်နှင့်သပ်လိုက်မှ သဘောပေါက်သွားသည်။ အရင်က နှုတ်ခမ်းမွေး ရှိခဲ့ လိမ့်မည်။ ရိတ်ပစ်လိုက်တာ မကြာသေးလို့ အကျင့်ပါပြီး နှုတ်ခမ်းမွေးကို လက်နှင့်သပ်သလို လုပ် နေတာပဲ။
အနားကို ရောက်လာတော့ ပေါ်ဋ္ဌေးက ထရပ်၍ ခရီးဦးကြိုပြုလိုက်ရင်း- "ကျွန်တော် ပေါ်ဋ္ဌေးပါ"
ဟု မိတ်ဆက်ပြီး မင်္ဂလာဆောင်မှာ ဆုံခဲ့ဖူးတဲ့အကြောင်း ပြောပြသည်။ ဦးစောဘရန်ငြိမ်းက ခဏ လောက် စဉ်းစား နေပြီးနောက်-
"ဟာ... ဟုတ်ပြီ၊ မှတ်မိပြီ။ အဲဒီမင်္ဂလာဆောင်တုန်းက ခင်ဗျားက ဗိုက်မကောင်းလို့ဆိုပြီး ဘာမှမစား ဘူးလေ၊ အဲဒါနဲ့ ခင်ဗျားအတွက် ချပေးထားတဲ့မုန့်တွေ အကုန်လုံး ကျုပ်က ၀ါးပစ်လိုက်တာ မဟုတ် လား။ ဟား... ဟား... ကဲ... ဆိုစမ်းပါဦး၊ ဘာအကူအညီပေးရမလဲ"
ပေါ်ဋ္ဌေးက ကွာရှင်းစာချုပ်တစ်ခု ရေးပေးဖို့ ပြောလိုက်သည်။ ရှေ့နေတို့ လိုက်နာရမယ့် ကျင့်ဝတ် ကြောင့်ပဲလား၊ ကွာချင်းချင်တယ် ဆိုမှတော့ ဘာကြောင့်လဲ ဆိုတာ မေးနေလို့အပိုပဲ ထင်လို့လား မသိ။ အကြောင်းရင်း ကို မမေးတော့ဘဲ-
"ဒါက လွယ်ပါတယ်၊ တစ်ခုတော့ ရှိတယ်ဗျ၊ အခုလို ကိုယ့်သဘောနဲ့ ကိုယ် လုပ်တဲ့ စာချုပ်မျိုးကို အရပ် စာချုပ်လို့ ခေါ်တယ်၊ ဒါဟာ အထောက်အထား တစ်ခုအနေနဲ့ပဲ အသုံးဝင်မယ်၊ မခိုင်လုံဘူး၊ တရားရုံးမှာ လက်မှတ်ထိုးမှသာ တရားဝင်တယ်၊ အခုလို ဟာမျိုးကတော့ ခြိမ်းခြောက်ခံရလို့ပါ။ ဖြားယောင်း လှည့်စားခံ ရလို့ပါ၊ စာချုပ်အလွတ်မှာ လက်မှတ်ထိုးမိတာပါ ဆိုပြီး နောင်တစ်ချိန်ကျရင် ငြင်းလို့ရတယ်၊ အထူးသဖြင့် မိန်းကလေး ဘက်က ပြန်ရုပ်သိမ်းချင်ပါတယ် ဆိုပြီး ရုံးမှာ လျှောက်နိုင်တယ်"
"ဟုတ်ကဲ့... ဒီလိုပါ။ အခုဟာက ကြိုတင်စီစဉ်တဲ့ သဘောပါ၊ တရားရုံးမှာ ကွာရှင်းစာချုပ် ချုပ်တဲ့အခါ ကျရင် လည်း ဆရာနဲ့ပဲ တိုင်ပင်ပြီး လုပ်မှာပါ"
"ဒါဆိုလည်း ကောင်းပြီလေ၊ အဲ... နေဦး၊ အရေးကြီးတဲ့ အချက်တစ်ချက် ပြောရဦးမယ်၊ စာချုပ်ပေါ်မှာ ရေးတဲ့အခါ ကျွန်တော် ကျွန်မတို့သည် နှစ်ဦးသဘောတူ ကွာရှင်းပါသည် ဆိုတာလောက်ပဲ ထည့်လို့မ ရဘူး၊ ပစ္စည်းခန်း ဆိုတာ ရှိသေးတယ်၊ လင်မယား နှစ်ယောက် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဘယ်လိုခွဲဝေ ယူကြမလဲ၊ ပြီးတော့ သားသမီးရှိရင်ကော..."
"သားသမီး မရှိပါဘူး"
"ဒါဆိုလည်း ကိစ္စတစ်ခု အေးတောပေါ့၊ ပစ္စည်းခန်းအတွက် ဘယ်လိုလုပ်မလဲ"
"ဒါတော့ သူနဲ့ ညှိနှိုင်းပြီးတော့ ဖြည့်လိုက်ပါမယ်၊ အဲဒီအတွက် စာချုပ်ပေါ်မှာ ကွက်လပ်ချန်ထားခဲ့လို့ မရ ဘူးလား"
ဦးစောဘရန်ငြိမ်းက အင်တင်တင် မျက်နှာထားဖြင့်-
"ဒီလို ရှိတယ်ဗျာ၊ ခုလို ကိစ္စမျိုးမှာ ကျွန်တော်တို့ ရှေ့နေတွေအနေနဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက် ပေးဖို့ တာဝန်ရှိတယ်၊ တစ်ဖက်က မိန်းကလေးဖြစ်နေတဲ့အတွက် မနစ်နာရအောင် ပိုပြီးငဲ့ညှာပေးရလိမ့် မယ်"
ဒီပုဂ္ဂိုလ်ကြီးကလည်း မြင်တောင်မမြင်ဖူးသေးဘဲနဲ့ ရင်ရင်ငြိမ်းဘက်က ပါသလိုဖြစ်နေပြီဟု တွေးလိုက် မိ သေးသည်။ မြင်သာမြင်လိုက်ရရင် ဘက်ပြောင်းသွားမလား မသိ။
"သူ လိုချင်တာ မှန်သမျှ ပေးဖို့ အဆင်သင့်ပါပဲ"
"သိပ်ပြီး အာမခံတာ မရဲတင်းနဲ့ဦးလေ၊ တကယ်လို့ သူက ရှိသမျှ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းရော မရွှေ့ ပြောင်းနိုင် တဲ့ ပစ္စည်းပါ အကုန်ယူမယ်ဆိုလာရင်ကော"
"ပေးမယ်ဗျာ"
"အင်း... ကြည့်ရတာ ခင်ဗျားက ကွာရပြီးရောဆိုတဲ့ အနေအထားမျိုးရောက်နေပြီထင်တယ်။ ရိုးကော ရိုး ရဲ့လား"
"ဗျာ..."
"ထားပါတော့လေ၊ ဒါတွေက ကျွန်တော်နဲ့ မဆိုင်ပါဘူး၊ ကဲ... ဒီတော့ စာချုပ်ပေါ်မှာ ပစ္စည်းခွဲဝေမှုနဲ့ ပတ်သက် ပြီး သူ ကျေနပ်သည်အထိ ဆောင်ရွက်ပေးဖို့ သဘောတူပါတယ်ဆိုတဲ့ အချက်ကို တည့်ရေး ရမယ်၊ သဘောတူလား"
"ရတယ် ဆရာ"
"ဒါဆိုပြီးရော၊ ကျွန်တော် လုပ်ထားလိုက်မယ်၊ တနင်္လာနေ့ ဒီအချိန်လောက်ပဲ လာယူလိုက်"
"ဆရာ့ရုံးခန်းကို လာရမှာလား၊ ဘယ်မှာလဲ"
ရယ်လိုက်ပြီး-
"ကျွန်တော့်မှာ ရုံးခန်းမရှိတော့ဘူုး၊ ဒီလက်ဖက်ရည်ဆိုင်က ရုံးခန်းပဲ"
"သြော်... ဟုတ်ကဲ့၊ ဒါနဲ့ အခုကိစ္စအတွက် ဆရာ့ကို ၀န်ဆောင်ခ ဘယ်လောက် ပူဇော်ရမလဲ ခင်ဗျာ"
"ရတယ်၊ ဒီအတွက်တော့ မပေးနဲ့၊ မင်္ဂလာဆောင်မှာတုန်းက ခင်ဗျားအတွက် မုန့်တွေ စားပစ်လိုက်တာ နဲ့ ကျေ ရောပေါ့"
"ဟာ... မဟုတ်တာဘဲ ဆရာ"
"တရားရုံးမှာ လက်မှတ်ထိုးကြတဲ့အခါကျမှ သင့်တော်သလောက် ယူမယ်၊ ဟုတ်ပြီလား"
"ဒါဆိုလည်း ကျေးဇူးပါပဲ"
သူက ပေါ်ဋ္ဌေးကို ခဏစိုက်ကြည့် အကဲခတ်ပြီးမှ-
"ကဲ... စောစောက ပြောတာတွေက ရှေ့နေတစ်ယောက်အနေနဲ့ ပြောတာ၊ အခုတော့ မိတ်ဆွေတစ် ယောက် အနေ နဲ့ ပြောမယ်"
"ပြောပါ ဆရာ"
"ဒီလို ကိစ္စမျိုးဆိုတာ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး၊ လက်ထပ်တယ်ဆိုတာက လွယ်တယ်၊ ကွာရှင်း ဖို့ ကျတော့ မလွယ်ဘူး၊ အဲ... ကွာပြီးတော့မှ ပြန်ပေါင်းချင်တယ် ဆိုရင်တော့ အဲဒါ အခက်ဆုံးပဲ။ သေ သေချာချာ စဉ်းစားဦးနော်"
ရင်ရင်ငြိမ်းက ဒီလူကြီးကိုပါ စည်းရုံးထားလေသလားလို့ ရုတ်တရက် တွေးလိုက်မိသေးသည်။ ဘာဆိုင် လို့လဲ။ သူက ဒီကိစ္စကို ခု ပြောမှ သိရတာပဲ။
"ဆရာက ကိုယ်တွေ့ကြုံဖူးလို့ ပြောနေတာလား"
ဟု ပေါ်ဋ္ဌေးက သူ့ဝသီအတိုင်း အတွန့်တက်လိုက်သည်။
"ဟာ... မဟုတ်ပါဘူး"
"ဒါဆို ဆရာက လူပျိုကြီးလား" ဦးစောဘရန်ငြိမ်း က ပြုံးလိုက်သည်။
"လွန်ခဲ့တဲ့ ခြောက်လလောက်အထိတော့ ဟုတ်ပါတယ်၊ ခုတော့ စိတ်တူကိုယ်တူ ချစ်တဲ့သူကို တွေ့လို့ လက်ထပ် လိုက်ပြီလေ၊ ကျုပ် အမျိုးသမီးက ငယ်ငယ်လေးဗျ၊ သုံးဆယ့်ငါးနှစ်ပဲ ရှိသေးတယ်"
ဟု ဂုဏ်ယူဝင့်ကြွားတဲ့ လေသံနဲ့ ပြောလိုက်သည်။ သူ့ ကြည့်တော့ အသက်က ခြောက်ဆယ်နား ကပ် နေလောက်ပြီ၊ ထို့နောက် သူက မရှိတော့တဲ့ နှုတ်ခမ်းမွေးကို သပ်ရင်း ဆက်ပြောလိုက်ပြန်သည်။
"တစ်ခါ တစ်ခါကျတော့လည်း အချစ်ဆိုတာ အဓိဋ္ဌာန်နဲ့ထားတဲ့ နှုတ်ခမ်းမွေးကိုတောင် ပြောင်တလင်းခါ သွားအောင် လုပ်ပစ်နိုင်တယ်ဗျ၊ ပေါ့သေးသေး မမှတ်နဲ့၊ သိပ်တန်ခိုးကြီးတယ်"
အလှူခံထွက်သလိုပေါ့၊ ငွေကြေး အဆင်ပြေဆုံးလူ၊ လက်အလွယ်ဆုံးလူ၊ အားအနာတတ်ဆုံး လူဆီကို အရင်ဆုံး သွားရသည်။ ဒါမှ အလှူငွေ တောင်းသလောက် များများရမည်။ ဒီတော့မှ နောက်လူတွေက ရှေ့ဆုံး ကထက် မများတောင် တန်းတူ၊ တန်းတူ မဟုတ်တောင် သိပ်မလျော့အောင် ထည့်ကြလိမ့်မည်။
ဒါဟာ လူ့သဘာဝပဲ။
ခုလည်း ကွာရှင်းစာချုပ်မှာ သက်သေလက်မှတ်ထိုးပေးရန် စည်းရုံးဖို့ကိစ္စမှာ စိတ်အပျော့ဆုံး၊ သဘော အကောင်းဆုံး၊ ကိုယ်က သြဇာလွှမ်းမိုးနိုင်မှုအရှိဆုံးလူဆီ အရင်ဆုံး သွားရမည်။
ဘယ်သူ့ကို ရွေးရင် ကောင်းမလဲ။ ဟိုအရင် လက်ထပ်စာချုပ်ပေါ်မှာ လက်မှတ်ထိုးခဲ့တဲ့ လူစာရင်းကို ပြန်စစ် ရမည်။ ဒီလို စဉ်းစားမိတဲ့အခါကျရင် စိုးရိမ်စိတ် ၀င်လာသည်။ ရင်ရင်ငြိမ်းက စာချုပ်တွေကို အရင်ဦးအောင် ယူပြီး ၀ှက်ထားလေမလား၊ စာချုပ်တွေကို မကြည့်ဖြစ်တာ နှစ်ပေါင်း မနည်းတော့၊ ဘယ်နားထားမိသလဲ ဆို တာတောင် မမှတ်မိဘဲ ဖြစ်နေ၏။
အရေးကြီးသော စာရွက်စာတမ်းတွေထားသည့် အံဆွဲထဲမှာ ရှာသည်။ မတွေ့၊ ဟုတ်ပါပြီ၊ ရင်ရင်ငြိမ်း လက်ဦးသွားပြီ။ ပြီးတော့မှ တစ်နေရာကိုသတိရသည်။ အမှတ်တရပစ္စည်းတွေ ထားသော ကက်ဘိနက် ကို ဖွင့်ကြည့်တော့ မှ တွေ့သည်။ တော်ပါသေးရဲ့။ မဟုတ်သေး။ စာချုပ်က နှစ်စောင်ရှိရမှာ။ ခု တစ် စောင်တည်း တွေ့သည်။
ရင်ရင်ငြိမ်း ယူပြီး ၀ှက်ထားတာဖြစ်ရမည်။ ဒါ ဘာသဘောလဲ မေးရမည်။ ထို့ကြောင့် အိပ်ခန်းထဲက ထွက်ပြီး အောက်ထပ် ကိုဆင်းလာခဲ့သည်။ ဧည့်ခန်းထဲမှာမရှိ၊ ထမင်းစားခန်းမှာလည်း မမြင်၊ ရင်ရင်ငြိမ်း ၏ အပိုင်စား နယ်မြေဖြစ်သော မီးဖိုခန်းထဲ ၀င်ကြည့်သည်။ မတွေ့။ အိမ်သာတံခါးကို ဆွဲဖွင့်ကြည့် သည်။ အတွင်း က ကလန့်ထိုးတား၏။ တံခါးကို ပုတ်လိုက်သည်။
"လူ ရှိတယ်"
ဟု အထဲက လှမ်းပြောသည်။ ရင်ရင်ငြိမ်း၏အသံ မဟုတ်။ အိမ်ဖော်မိန်းကလေး ၀ိုင်းစိန်ဖြစ်၏။ ရေချိုး ခန်းတံခါးက နည်းနည်းဟနေသဖြင့် ချောင်းကြည့်သည်။ ဘယ်သူမှမရှိ။ ထောင့်မှာ ကပ်ပြီးတော့များ ပုန်းနေ သလားဟု ကြောင်တောင်တောင် အတွေးဖြင့် အထဲကို ခေါင်းလျှိုပြီး ကြည့်လိုက်မိသေးသည်။
အိမ်အပေါ်ထပ် ပြန်တက်သည်။ ဒီတော့မှ ပန်းအိုး နှစ်လုံးကိုင်ပြီး ဘုရားခန်းထဲက ထွက်လာသော ရင်ရင်ငြိမ်း ကို တွေ့လိုက်ရသည်။ ပေါ်ဋ္ဌေးက ရှေ့မှ ပိတ်ရပ်လိုက်ပြီး-
"စာချုပ်ကော..."
ရုတ်တရက် အမေးခံလိုက်ရသောကြောင့် ရင်ရင်ငြိမ်း ကြောင်သွားသည်။ လန့်သလိုလည်း ဖြစ်သွား၏။
"လက်ထပ်စာချုပ် ကို ပြောတာ"
"ဘယ်သိပါ့မလဲ"
"ဘာလို့ မသိရမှာလဲ၊ နှစ်စောင် ရှိရမှာ၊ ခုတစ်စောင်ပဲ တွေ့တော့တယ်၊ ဘယ်မှာလဲ"
"အစကတည်း က တစ်စောင်ပဲ ရှိတာပဲဟာ"
"ဘာ... ဘာကြောင့် တစ်စောင်ထဲရှိရမှာလဲ၊ ဘာဆိုင်လို့လဲ"
"ဟိုးအရင် စာချုပ် ချုပ်ပြီးကတည်းက တစ်စောင်ကို အနှောင်းတို့ ယူသိမ်းထားတာပဲ၊ အဲဒါ နင်လည်း သိသား ပဲ"
ရင်ရင်ငြိမ်းက လေသံမှန်မှန် ခပ်အေးအေး ပြောပြီး ထွက်သွားသည်။ ခုမှ ပေါ်ဋ္ဌေး သတိရသွားသည်။ ဟိုအရင် လက်ထပ်စာချုပ် ချုပ်ပြီးတော့ ရင်ရင်ငြိမ်းအတွက် စာချုပ်ကို အိမ်က တွေ့သွားမှာစိုးသဖြင့် အနှောင်း က ယူသိမ်းပေးထားခဲ့သည်။ မင်္ဂလာဆောင်ပြီးကျတော့လည်း အနှောင်းက ပေါ်ဋ္ဌေးကို မယုံ လို့ ဆိုပြီး ပြန်မပေးဘဲ ထားသည်။ ဒီတုန်းက ပေါ်ဋ္ဌေးကတောင်-
"ငါ့ဆီက စာချုပ်ရော ယူထားဦးမလား၊ လူတစ်ယောက်လုံး ရနေမှတော့ စာချုပ်က ဘာအရေးလဲ" ဟု ပြောခဲ့ သေးသည်။
လင်မယား အတော်များများသည် လက်ထပ်စာချုပ်ကို ဂရုတစိုက် သိမ်းလေ့မရှိကြ။ မေ့မေ့လျော့လျော့ နေကြတာချည်းပဲ။ တချို့လည်း ဘယ်ထားလို့ထားမိမှန်း မသိ။ ဟိုချောင်ထိုး ဒီချောင်ထည့်နဲ့ ပျောက် ချင် ပျောက် နေတတ်သည်။ ခြကိုက်လို့... ရေစိုလို့... ပျက်စီး ဆွေးမြည့်တာမျိုးလည်း ရှိ၏။
တကယ်တော့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် လက်ထပ်စာချုပ်ဆိုသည်မှာ အထောင်အထား တစ်ခု လောက်သာဖြစ်၏။ စာချုပ်မရှိလည်း ဘာမှအရေးမကြီး။ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေက ဖြစ်စေ၊ ယုံကြည်လောက်သော အိမ်နားနီးချင်းတွေက ဖြစ်စေ သက်သေခံလျှင် လင်မယားအရာ မြောက်သည် ဆို၏။
ဒါကလည်း မိန်းမတွေဘက်က အခွင့်အရေး မဆုံးရှုံးရအောင် အကာအကွယ်ပေးထားခြင်း ဖြစ်သည်။ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေမှာ မိန်းမတွေကို တော်တော်အခွင့်အရေးပေးထားကြောင့် သိရသော ကြောင့် မိန်းမ ဖြစ်ချင်စိတ်တောင် ဖြစ်လာပြီဟု ပေါ်ဋ္ဌေး စိတ်ပေါက်ပေါက်နဲ့ တွေးမိသေးသည်။
ယောက်ျားတွေဘက်က တစ်ပန်းသာတာတော့ရှိသည်။ ယောက်ျားတစ်ယောက်သည် တစ်ပြိုင်နက် တည်းမှာ မိန်းမအများအပြားကို လက်ထပ်ယူလို့ရသည်။ မယားပြိုင်ပဲဖြစ်ဖြစ်၊ မယားငယ်ပဲဖြစ်ဖြစ်၊ ဒုတိယ... တတိယ ပဲ ပြောပြော တရားဝင် ယူနိုင်သည်။
မိန်းမတစ်ယောက်အနေနဲ့ကျတော့ လက်ရှိယောက်ျားနဲ့ တရားဝင်ကွာရှင်းခြင်း မပြုသေးဘဲနဲ့ နောက် ထပ် အိမ်ထောင်ပြုလို့မရ။ တစ်ပါးသောသူနှင့် ဖောက်ပြားလျှင် ဒါကို အကြောင်းပြုပြီး ယောက်ျား လုပ် တဲ့လူက စွန့်ပစ် လို့ရသည်။ တစ်ခုတော့ ရှိသည်။ ဒီကိစ္စအတွက် မိန်းမကို အပြစ်ပေး အရေးယူလို့တော့ မရ။ အရှက်တကွဲ အကျိုးနည်းဖြစ်စေရုံပဲ ရှိမည်။ တချို့ ဘာသာရေးအယူသီးတဲ့ နိုင်ငံတွေမှာလို ခဲတွေ နဲ့ ၀ိုင်းပေါက်ပြီး သတ်တာမျိုးလည်း မရှိ။
ကြာခိုတဲ့ကောင်ကိုတော့ မယားခိုးမှုနဲ့ တရားစွဲလို့ရသည်။ ဒီနေရာမှာလည်း မပိုင်ဘဲ ရမ်းသမ်းစွပ်စွဲလို့ မရ။ အသိသက်သေ တွေနဲ့တကွ လက်ပူးလက်ကြပ်မိအောင် ဖမ်းနိုင်ရသည်။ ဒါတောင်မှ ဟိုငနဲက လျင်လွန်းလို့ အိမ်တံခါး ရဲ့အပြင်ဘက် ရောက်အောင် ရှောင်တိမ်းနိုင်လျှင် တပ်အပ်ယိုးစွပ်ဖို့ ခက်သည် ဟု ဆိုသည်။ ဒီကိစ္စနဲ့ ပတ်သက်၍-
"သူ့လင်နှင့် ကြုံ
တံခါးခုံ
လွတ်ရုံကျော်၍ပြေး"
ဆိုပြီး သံပေါက်ကဗျာတောင် စပ်ဆိုထားသေးတယ် ဆိုပဲ။
ဒါတွေက ဆရာဦးစောဘရန်ငြိမ်း ပြောပြလိုက်တာတွေ။
ဥပဒေဆိုတာကလည်း ရှင်းအောင်လုပ်လေ၊ ရှုပ်လေပဲ ထင်ပါရဲ့၊ ဒါကြောင့်လည်း တာအိုဝါဒီပညာရှိကြီး လောင်ဇူးက-
"ဥပဒေတွေ များလေလေ၊ ချိုးဖောက်သူတွေ ပေါလေလေ"
လို့ မိန့်ဆိုခဲ့တာပဲ ထင်ပါရဲ့။
ထားပါတော့၊ ဥပဒေက ဤသို့ ရှိသည်ဆိုရင် အဲဒီအတိုင်းပဲလို့ မှတ်လိုက်ရုံရှိတာပဲ။ ဘာတတ်နိုင်တာ မှတ်လို့၊ ခုလောလောဆယ်မှာ အရေးကြီးတာက သက်သေလက်မှတ် ထိုးထားတဲ့ လူတွေထဲက ဘယ် သူ့ကို အရင်ဆုံး စပြီး စည်းရုံးရမလဲ ဆိုတာ ရွေးချယ်ဖို့ပဲ။
အိပ်ခန်းထဲ ပြန်ဝင်သည်။ လက်ထပ်စာချုပ်ထဲက သက်သေစာရင်းကို ကြည့်သည်။ အပေါ်ဆုံးမှာ လက်မှတ်ထိုးထားတာက ရဲမော် ဖြစ်၏။ ဒီကောင်က သိပ်မလွယ်။ နောက်ပိုင်းကျမှ ပြောရမည်။
သူ့ အောက်က လက်မှတ်ထိုးထားတာက အေဘီကျော်။ သူက အဆက်အသွယ် ပြတ်နေသည်။ ဘယ်ရောက် နေမှန်း မသိ။ စုံးစမ်းရဦးမည်။
နောက်တစ်ယောက်က ကောင်းထွန်း။ မဆုံဖြစ်တာ ကြာပြီဖြစ်သော်လည်း ရှာဖို့ လွယ်သည်။ မိန်းမတွေ ကို အလိုမလိုက်နဲ့ကွ... ဘာ ညာ ပြောဖူးသည်။ သူ့ကိုပဲ ပထမဆုံး "တားဂတ်"အဖြစ် ရွေးရကောင်းမ လား စဥ်းစား နေတုန်း...
အခန်းပေါက်ဝမှာ လူရိပ် မြင်သဖြင့် စာချုပ်ကို နောက်မှ အမြန်ဝှက်လိုက်ပြီး လှမ်းကြည့်တော့ ၀ိုင်းစိန် ဖြစ် နေတာ တွေ့ရ၏။
"ဘာလဲ..."
"ဧည့်သည် ရောက်နေတယ်"
"အေး... လာခဲ့မယ်"
စာချုပ်ကို သူ့နေရာမှာ ပြန်ထားသည်။ ပြီးတော့မှ ဒီနေရာကို ရင်ရင်ငြိမ်းလည်း သိမှာပဲလို့ တွေးမိပြီး စာကြည့်ခန်း ထဲက စားပွဲ အံဆွဲထဲ သွားထည့်ထားလိုက်သည်။ ပြန်ထွက်လာပြီး အခန်းဝရောက်မှ စိတ်ကူး တစ်မျိုး ပြောင်းသွားပြန်သည်။ စာချုပ်ကို ပြန်ထုတ်၊ စင်ပေါ်က စာအုပ်တွေ နောက်မှာ ထိုးထည့်ထား လိုက်သည်။
အောက်ထပ်ကို ဆင်းလာတော့ ဧည့်ခန်းမှာ ထိုင်နေသော ကံညွန့်မောင်ကို တွေ့ရသည်။
"အမယ်... ဟေ့ကောင် လူရှုပ်၊ ငါ့ကို ဖျက်ဆီးမလို့ လာတာလား"
ဟု နှုတ်ဆက်ရင်း ၀င်ထိုင်သည်။ ကံညွန့်မောင်က အရင်လို ဆိုဆိုဆဲဆဲနှင့် ပြန်နှုတ်ဆက်တာမျိုး မလုပ် ဘဲ ခပ်ငေါင်ငေါင် ထိုင်နေသည်။ အမြဲတမ်း တက်ကြွပြီး ဟေးလားဝါးလား ပျော်ပျော်ပါးပါး နေတတ်တဲ့ ကောင် က ခုလို ငိုင်တွေတွေကြီး ဖြစ်နေတာ ထူးဆန်းသည်။
"မင်းက ဘာဖြစ်နေတာလဲ၊ နေမကောင်းဘူးလား၊ ဟုတ်မယ်... မျက်နှာကလည်း ချောင်ကျနေတယ်။ ၀မ်းတွေ လျှောပြီး အဆက်မပြတ် ချောင်းဆိုးသေးလား၊ ခန္ဓာကိုယ်ပေါ်မှာ အနာတွေပေါက်သေးလား၊ ကိုယ်ခံ အားနည်းပြီး ခဏခဏ ဖျားသလား၊ သွေးလေး ဘာလေးလည်း စစ်ကြည့်ပါဦး"
ဟု နောက်လိုက်သော်လည်း မရယ်ဘဲ မချိုပြုံးသာ ပြုံးသည်။
"ဟေ့ကောင်... မင်းအချိုးက ဘာလဲကွ၊ ယောက္ခမက နှင်ချလိုက်လို့လား" ဆိုတော့မှ-
"အဲဒီလို ဖြစ်ဖို့တော့ နီးစပ်နေပြီကွာ"
"ဟင်... ဘာဖြစ်လို့လဲ"
ကံညွန့်မောင်က အိမ်ထဲကို မျက်စိကစားလိုက်ပြီး-
"အပြင်သွားရအောင်ကွာ"
"ဟာ... စောစောကမှ လက်ဖက်ရည်ဆိုက်က ပြန်လာတာ၊ ပြန်မထွက်ချင်တော့ဘူး"
"ဒီမှာ ပြောလို့ မကောင်းဘူး၊ ရင်ရင်ငြိမ်း ကြားသွားရင်..."
"မပူနဲ့၊ သူ ဘုရားရှိခိုးနေတယ်၊ နောက်နာရီဝက်လောက်နဲ့တောင် ပြီးမှာမဟုတ်ဘူး၊ ပြောစရာရှိတာ ပြော"
"ငါ မင်းဆီ မှာ အကူအညီတစ်ခု တောင်းစရာရှိတယ်"
"ရတယ်... နှစ်ခုတောင်းလည်း ရတယ်၊ ဘာလဲ... မင်း မြန်မြန်အမွေရအောင် ယောက္ခမကို လုပ်ကြံပေး ရ မှာလား"
"မနောက်ပါနဲ့ကွာ၊ ငါ တကယ် အခက်အခဲ တွေ့နေလို့ပါ"
"ဒါဆို ဘာလဲ"
"ငါ့ကို ငွေသုံးသိန်းလောက် ချေးပါကွာ"
"ဘာ... ဟား ဟား"
ပေါ်ဋ္ဌေး က ဟားတိုက် ရယ်လိုက်ပြီး-
"မင်း တော်တော် အိုက်တင်ကောင်းလာပြီ"
"တကယ် ပြောတာ"
"ယုတ္တိရှိအောင်လည်း ပြောဦးမှပေါ့၊ ကံညွန့်မောင်ရာ၊ သူဋ္ဌေးသမက်... သစ်စက်ပိုင်ရှင်ရဲ့ယောက်ျား... သစ်ဆိုင် ပိုင်ရှင်ကြီး က ငါ့ဆီမှာ ပိုက်ဆံလာချေးတယ် ဆိုတော့..."
"အဲဒါတွေက ငါ့ဟာမှ မဟုတ်ဘဲ"
"ဒါပေမဲ့ အဲဒီလောက် ပိုက်ဆံက မိန်းမဆီက တောင်းရင် ရတာပဲ" "မတောင်းချင်လို့ပေါ့"
"ဘာဖြစ်လို့လဲ" "သူ မသိစေချင်တဲ့ ကိစ္စမို့လို့ပေါ့ကွာ"
ပေါ်ဋ္ဌေးက ကံညွန့်မောင်ကို စိုက်ကြည့်ပြီး အကဲခတ်လိုက်သည်။ ဟိုကောင် မနေတတ် မထိုင်တတ် ဖြစ် သွားတာ ကို သတိပြုမိပြီး-
"ငါ့ကို မှန်မှန်ပြောစမ်း ဟေ့ကောင်၊ မင်း ဘာတွေ ရှုပ်ထားသလဲ"
"မင်း သိတဲ့အတိုင်းပဲ၊ အိမ်မှာ နေရတာ နားပူတယ်၊ သူတို့သားအမိ သားအဖတွေဟာ နေ့ရှိသ၍ သစ် အကြောင်း ပဲ ပြောနေကြတာပဲ၊ နေ့စဉ် နေ့တိုင်း ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ ကညင်၊ သင်းဝင် ဆိုတာပဲ အမြဲ ကြားနေရတယ်၊ ခုတစ်ခါ ကျွန်းနေရာမှာ အစားထိုးလို့ရတဲ့ တောင်ဘိမ်း ဆိုတဲ့ သစ်အကြောင်းကို စိတ်ဝင်စား နေကြပြန်ပြီ၊ သစ်သားကို ဘယ်လောက်စွဲလမ်းသလဲ ဆိုတော့ ငါ့သမီးကို ပိတောက်ညွန့် လို့ နာမည် ပေးထားတာ ကြည့်ပါလား၊ နောက်တစ်ယောက်မွေးရင် ပျဉ်းကတိုးလို့များ မှည့်မလား မသိ ဘူး"
အရေးထဲ မှာတောင် ၀သီက မဖျောက်နိုင်ဘဲ နောက်နေသေးတယ်ဟု တွေးပြီး ပေါ်ဋ္ဌေး ပြုံးမိသည်။
"ဒါနဲ့ ငွေ သုံးသိန်းနဲ့ ဘာဆိုင်လဲ"
"ငါက ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေချင်တဲ့ကောင်လေ၊ သူတို့က စီးပွားရေးမှ စီးပွားရေး ဆိုတော့ အိမ်မှာ ငြီးငွေ့လာတာပေါ့ကွာ၊ ဒါနဲ့ ငါလည်း တစ်ပတ် တစ်ခါလောက် စားသောက်ဆိုင် သွားထိုင်ပြီး ဘီယာလေး ဘာလေး သောက်တောပေါ့"
"မင်းလိုကောင် သွားထိုင်တယ် ဆိုကတည်းက ကောင်မလေးတွေ ရှိတဲ့ ဆိုင်ပဲဖြစ်ရမယ်"
ကံညွန့်မောင် က ဘာမှပြန်မပြောဘဲ ငြိမ်နေသည်။
ဆက်ရန်
.

2 comments:
Thanks Sis.
Ray
ကျေးဇူးအရမ်းတင်တယ် အစ်မ ...ဆရာမင်းလူ အသဲစွဲဆိုတော့ ....
Post a Comment