Tuesday, May 3, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅)

အခန်း(၇)
ဂျိန်း

မစ်ဇူရီတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှူး ပါမောက္ခ အေရွန် အင်ဂလာ ကို တက္ကသိုလ် အသိုက် အ၀န်းက လူ့ခွစာ ဟု သတ်မှတ်ထား၏။ လူက ပုပုသေးသေး။ သို့သော် အလွန်ထက်သည်။
မီးပူ ကော့နေအောင် တိုက်ထားသည့် မီးခိုရောင် ဖလန်နယ် ဘောင်းဘီရှည်နှင့် ရွှေကြယ်သီးတပ် အပြာရောင် ဆွယ်တာ ကို ၀တ်လေ့ရှိ၏။ ခပ်တုံးတုံး ခပ်စွာစွာ လူတွေကို သူသည်းမခံတတ်။ ထို့ကြောင့် လူတော်တော်များများက သူ့ကို ကြောက်ကြသည်။ ရှောင်ကြသည်။

ဂျိန်း၏ ၀တ္ထုဂယက်လှိုင်းခတ်မှုနှင့် ပတ်သက်ပြီး ပါမောက္ခသည် ဂျိန်းဘက်မှ အပြတ် ရပ်တည် ပေး လေသည်။ လူစီပီယာဆင်က ဂျိန်းကို ကျောင်းထွက်ရလောက်အောင် ရှုတ်ချတိုက်ခိုက်သည့် အခါတွင် ဂျိန်း က ဒေါသပုန်းထပြီး သူမ၀တ္ထုကို ကျောင်းမဂ္ဂဇင်း ကော်မတီသို့ ပို့လိုက်သည်။

မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က "အပြာဆန်သည်" ဟူသည့် မှတ်ချက်ဖြင့် ပယ်ချလိုက်ပြန်၏။ ဂျိန်းက သည်ကိစ္စ ကို ငြိမ်ခံမနေဘဲ တက္ကသိုလ် အပတ်စဉ် ဂျာနယ်တွင် ဆောင်းပါးရေးပြီး တုံ့ပြန်တိုက်ခိုက် သည်။ ဒီအိတ်ခ်ျလော့ရင့်စ် ၏ လေဒီချက်တာလီကို ကိုးကားပြီး ချက်ကျလက်ကျ ဒိုးဒိုးဒေါက်ဒေါက် တိုက်ခိုက်သည်။ ထိုအခါ ဂျိန်း ၏ ၀တ္ထုသည် ဂယက်ဘ၀မှ မုန်တိုင်းအဖြစ် ပြင်းထန်လာတော့၏။ ကျောင်းထုတ်ခံရမည့် အခြေ သို့ ဆိုက်လာ၏။ ဤတွင် အေရွန်အင်ဂလာ ၀င်လာခြင်း ဖြစ်လေ သည်။ ဂျိန်း၏ ၀တ္ထု ကော်ပီတစ်စောင် တောင်းယူ လိုက်၏။

"နှုတ်ဆက်အနမ်း" ကို ကျုပ် ဖတ်ပြီးပါပြီ၊ တကယ် အတွေးအခေါ်ပါတာပဲ၊ အတွေးရော၊ အရေးပါ သိသာ ရဲရင့် တယ်။ တကယ် ပြောင်မြောက်တဲ့ ၀တ္ထုပဲ"
ပါမောက္ခ အင်ဂလာက သည်မျှနှင့် ရပ်မနေသေးဘဲ သူ့ သြဇာကို သုံးပြီး ဂျိန်း၏ ၀တ္ထုအား ဟောသွန်မဂ္ဂဇင်း တွင် ပါအောင် တွန်းအား ပေးသေး၏။
"ဂျိန်း စာရေးဆရာဖြစ်ပြီ၊ စာရေးဆရာ ဖြစ်ပြီ"ဟု သူ့ဝတ္ထုပါလာသည့် မဂ္ဂဇင်းကို ကိုင်ပြီး တွေ့သမျှ လူကို ဂျိန်း လိုက်ပြသည်။ ပုံနှိပ်စာလုံးကလေးကို မြင်ရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အထွတ် အထိပ်သို့ ရောက်လာ သည်ဟု ဂျိန်း ခံစားမိလေသည်။

ဆွေးနွေး ငြင်းခုံပွဲ ပြီးဆုံး ငြိမ်သက်သွားသည်။ နောက်ဆုံးတွင် ဂျိန်း အနိုင်ရသွား၏။ ဂျိန်းက ဆရာ အင်ဂလာ လည်း နောက်ဆုံးနှစ်ကျောင်းသူများ၏ အဆောင်နာယက လုပ်ပေးဖို့ မေတ္တာရပ်ခံသည်။ ဤသို့ဖြင့် ဆရာ့လက်ချာ များကို နှစ်ပတ်လျှင် တစ်ရက် တက်ခွင့်ရလေသည်။
ဂျိန်း၏ လက်ထပ် လက်စွပ် အသစ်ကလေးကို ကြည့်ပြီး ၀မ်းသာ ဂုဏ်ပြုစကား မပြောလာသူမှာ ဆရာ အင်ဂလာ တစ်ယောက်တည်း ဖြစ်၏။

"မင်းကလည်း ဒီပုတ်ထဲက ဒီပဲ ပဲကိုး"
နောက်ဆုံးနှစ်ရောက် လို့ ကျောင်းပြီးခါနီးလျှင် လက်ထပ်လက်စွပ်မှ စိန်ပွင့်ကလေး တဖျတ်ဖျတ်နှင့် ဘယ်ဆီ နေမှန်း မသိသေးသည့် ကလေးနာမည် ရွေးလေ့ရှိသည့် ကျောင်းသူများကို ပါမောက္ခ ရည်ညွှန်း ပြောဆို လိုက်ခြင်း ဖြစ်၏။
"မင်းရဲ့ ပထမဆုံးထွက်မယ့် လုံးချင်းဝတ္ထုကို ဘယ်လို နာမည်ပေးမလဲ၊ "ဘ၀ကို နှုတ်ဆက်ခြင်း" လို့ ပေးမှာလား" ဟု သရော်သည့် လေသံဖြင့် မေးသည်။
"ပန်းကန်ဆေး တဲ့ အကြောင်းတွေ ကလေး ခါးတောင်ကျိုက်အကြောင်းတွေပဲ မင်းရေးလို့ ရတော့မှာပေါ့" ဟု လည်း ပြက်ရယ်ပြုသည်။

ပါမောက္ခ၏ စကားလုံးများသည် ဂျိန်းကို ပျားတုပ်သလို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေ၏။ ဟုတ်သည် ယောက်ျား ယူပြီးလျှင် ဘာအကြောင်းတွေ ရေးဖြစ်မည်လဲ။
မိမိအလွန် အားကျခဲ့သည့် နာမည်ကျော် ပြင်သစ် စာရေးဆရာမ ဖရန်စီ ဆာဂန်သည် ကုန်တိုက် ကြီး များ တွင် ဈေးဝယ်ထွက်ရင်း အာရုံ နိုးကြားလာခြင်း မဖြစ်နိုင်။ ဘ၀ကို မကျေနပ်သည့် လောက အမြင်များသည် ဈေးခြင်းတောင်း ဆွဲသည့် လက်မှ ရောက်လာနိုင်စရာ မရှိနိုင်။ ဂျိန်း အော်စတင်၏ ဧည့်ခံပွဲကြီးများသည် ဇစ်တာ တောမြို့ကလေးတစ်မြို့၏  ဧည့်ခန်းဆောင်မှ ပေါက်ဖွားလာခြင်း မဟုတ်။
နစ် နှင့် လက်ထပ်လိုက်လျှင် ဘာတွေ ရေးဖြစ်မည်နည်း။ ဆေးအညွှန်းတွေ ဖော်စပ်နည်းတွေလား။

သည်အကြောင်း ကို ဂျိန်း တမင်စဉ်းစားဘဲ မေ့မေ့ပျောက်ပျောက် ဖျောက်ထားလိုက်သည်။ သို့သော် ၀ီလ်မာ နှင့် အေမီ ရောက်လာသောအခါ သည်ကိစ္စကို ခေါက်ထားရာမှ ပြန်ဖော်ရပြန် သည်။ သူတို့ နှစ်ယောက် စလုံး ယောက်ျားရနေကြပြီ။ မင်္ဂလာဝတ်စုံ နှင့် ငြိမ့်ညောင်းလှသည့် သတို့သမီးတစ်ယောက်၏ တဒင်္ဂ ရေပွက် ပမာ ခဏငယ်ကလေး ကုန်ဆုံးသွားသည်နှင့် ရင်ဆိုင် ရသည့် ဘ၀အကြောင်း နှစ်ယောက်စလုံး ရင်ဖွင့် ပြကြ၏။

မစ္စက် ရှရီဒန်ဘာရီ ဖြစ်သွားသော အေမီက
"နင် ဘယ်တော့မှ ယောက်ျားမယူနဲ့" ဟု အစချီပြီး နတ်သံနှောသည်။ အေမီက ကလေးနှစ်ယောက် ရနေပြီ။ ကင်းဆပ်စ် စီတီတွင် နေပြီး ဂျိန်း အကြောင်းကြား၍ စိန့်လူးဝစ်စ်သို့ လိုက်လာခြင်း ဖြစ်၏။ ဗိုက်ထဲတွင် တတိယ ကိုယ်ဝန် နှင့်။ အိမ်ထောင်သက်က သုံးနှစ်သာ ရှိသေး၏။
ဂျိန်းတို့ အိမ်တွင် ညအိပ်လာတည်းသည့် ဧည့်သည်တွေ ရှင်းသွားသည်နှင့် ဂျိန်း၏ ပန်းရောင် အိပ်ခန်း ထဲတွင် အိမ်ထောင်သည်ဘ၀ ဋီကာဖွင့်တော့၏။

"အိမ်ထောင်သည် ဘ၀ဆိုတာ ဘာမှ မဟုတ်ဘူး ဂျိန်း၊ ကလေးငိုသံတွေရယ်၊ ဘယ်တော့မှ လျှော်လို့ဖွပ်လို့ မပြီးနိုင် တဲ့ အနှီးတွေရယ်"
အေမီသည် ဘယ်သောအခါမှ ကြမ်းကြမ်းတမ်းတမ်း စကားလုံးများ သုံးတတ်သည့် မိန်းကလေး မဟုတ်။ ဆဲရေးတိုင်းထွာ တတ်သူ မဟုတ်။ မျက်ဝန်းတစ်ဝိုက်တွင် အညိုကွင်းကြီးပေါ်နေ၏။ အေမီ သည် အသားအရေ အလွန်လှသည့် မိန်းကလေးဖြစ်၏။ ယခုတော့ ကိုယ်ဝန်ကြောင့်လားမသိ၊ အစက်အပြောက် များ ထင်ကာ မလှရှာတော့။

"ငါထင်တာ ဂျက်နဲ့ နင် ပျော်နေကြတယ် ထင်တာ"
အေမီ က ဂျိန်းနှင့် ဆန့်ကျင်ဘက် အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်သည့် မိန်းကလေး။ ဘယ်တော့မှ အလေးအနက် တွေးတတ်သူမဟုတ်။
"ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးနေရင် ပျော်စရာ ကောင်းပါတယ်။ သူက ပိုက်ဆံရှာ ကျွေးနေတော့၊ သူ ပြောသမျှ ပြီးရမယ်တဲ့၊ အဲဒီအတိုင်း ငါနေရင်တော့ ဘာမှ ပြဿနာ မရှိပါဘူး"
"အဲဒီလို မနေရင်ကော"

မင်္ဂလာခရီး မှ ပြန်လာသည့်နေ့ကို အေမီ သတိရလိုက်သည်။ လုပ်လက်စအချိန်ပိုင်း စာကြည့်တိုက်မှူး အလုပ် ကို ပြန်ဝင်ဖို့ ပြောတော့ ဂျက်က ဒေါသတကြီး ကန့်ကွက်သည်။ သူ့မိန်းမ ဖြစ်နေသမျှ ဘာအလုပ်မှ မလုပ်ရဘူး တဲ့လေ။
"တစ်ခါတစ်ခါ ကျရင် ငါ့ကို လုံးဝ စကားမပြောဘူး ပြောရင်လည်း အော်ဟစ် ငေါက်ငမ်းနေတာ ချည်း ပါပဲ ဟယ်"
အေမီက ဘာမှ မထူးဆန်းသည့် ကိစ္စတစ်ခုကို ပြောသလို ပြောနေခြင်း ဖြစ်၏။ ဂျိန်းတစ်ယောက် ကိုယ့်နားကိုယ် မယုံကြည်နိုင်အောင် ဖြစ်နေသည်။ အေမီသည် ဘယ်ကိစ္စမဆို ဘယ်တော့မှ ချဲ့ချဲ့ ကားကား ပြောတတ်သူ မဟုတ်။

"ငါက ထောင်သား၊ ဂျက်က ထောင်ပိုင်လေ၊ ငါ ကောင်းကောင်းနေရင် အသက်ရှူ ချောင်တယ်၊ မနေရင် နာပြီ သာမှတ်"
သူငယ်ချင်း အေမီကို ဂျိန်း ငေးကြည့်နေသည်။ အခန်းထဲမှ ရှူစရာ လေများ ကုန်ခန်းသွားသလို ခံစား ရပြန်၏။

မင်္ဂလာဆောင်ဖို့ နှစ်ပတ်အလိုတွင် ၀ီလ်မာကလည်း အေမီနှင့် တစ်သံတည်း ထွက်လာ၏။ ၀ီလ်မာ သည် ဂီနီဂူဘဲလ် နှင့် မနှစ် နွေက ခိုးရာ လိုက်ပြေးခဲ့၏။ သူတို့နှစ်ယောက် ဇာတ်လမ်းမှာ စိန့်လူဝစ်၏ ရိုမီယိုနှင့် ဂျူးလိယက် ဇာတ်လမ်း ဖြစ်လေသည်။

ဂီနီတွင် ၀ီလ်မာ ၏ မိဘများ လိုချင်သည့် အရည်အချင်းတစ်ခုမှ မရှိ။ စည်းစိမ် ဥစ္စာမရှိ၊ ငွေကြေး မရှိ။ ပြီးတော့ ဂျူးလူမျိုး မဟုတ်ဘဲ။ ဘွဲ့မရသေး။ ထို့ကြောင့် ရှေ့အလားအလာ ဘာမှမရှိ။
ဝီလ်မာ တွင်လည်း ဂီနီ၏ မိဘတွေ မလိုချင်သည့် အရည်အချင်းတွေ အမောက်အလျှံ ရှိနေသည်။ ပထမဆုံး အချက်က ၀ီလ်မာ က ကျွန်မ ဖြစ်နေလို့။ ပြီးတော့ ဆရာဝန်မ ဖြစ်ဖို့ ကြိုးစားနေသည့် မိန်းကလေး ဖြစ်နေလို့။

သို့သော် နှစ်ယောက်သား ရင်ခုန် စွဲလမ်းနေကြသဖြင့် ခိုးပြေး ဖြစ်ခဲ့ကြ၏။ နှစ်ဖက် မိဘများ၏ ၀ီရောဓိကို လုံးဝ ထည့်မတွက်ခဲ့ကြ။ စလယ်ဝင် ဖင်မမည်းခင်က ဇာတ်လမ်းမှာ မလှမပ ဖြစ်ခဲ့ကြပုံ ကို ၀ီလ်မာကို ဇာတ်စုံခင်း ပြသည်။
"မယူနဲ့ဟာ၊ နင် ယောက်ျား မယူစမ်းပါနဲ့"
ရွှေလည်တွဲမယ့် မင်္ဂလာပွဲ၊ အစမ်းလေ့ကျင့်နေသည့်နေ့ထိ ၀ီလ်မာက တွင်တွင် ဖျက်နေဆဲ။
"ငါက နင်တို့ နှစ်ယောက် အရမ်းချစ်ကြတယ် ထင်နေတာ" ဂျိန်း အံ့သြနေ၏။

"အေး မညားခင် အထိ ဟုတ်တယ် ဂျိန်း"
ဝီလ်မာက တစ်နှစ်ထက် တစ်နှစ် ပို၍ ပို၍ ထူလာသော မျက်မှန်ကြီးနှင့် ဂျိန်းအား မော်ကြည့်ပြီး ဆက်ပြောသည်။
"လင်မယား ဖြစ်လာတာနဲ့ အချစ်ဆိုတာ ဘယ်မြောင်းထဲ ရောက်သွားမှန်းမသိတော့ဘူး။ ရင်ခုန်တာတွေ ဘာတွေ လည်း မရှိတော့ဘူး။ ပျော်စရာ မှန်သမျှ ဘယ်က ဘယ်လို စီးထွက် ကုန်ခန်းသွားမှန်း မသိဘူး။

လက်ထပ်လိုက်တာနဲ့ အချစ်ဆိုသော ထိုအရာကို နင် အနမ်းကလေးနဲ့ မွှေးမွှေးပေးပြီး နှုတ်ဆက်ထားခဲ့တာ၊ ခုဆို နှစ်ဖက်စလုံးက မိဘတွေ တို့ကို စကားမပြောကြဘူး လေ။ တို့မှာ ပိုက်ဆံလည်း သိပ်မရှိဘူး၊ ဂီနီက မော်တော်ကား ဘော်ဒီရုံမှာ အလုပ်ဝင်လုပ်တယ်။ ဘီယာကလေး တမြမြနဲ့ပေါ့။ အိမ်ပြန်ရောက်ရင် ဂျီ ကျရော၊ အဆင်သင့် မဖြစ်ရင် ဒေါသပုန်ထ တယ်။ ငါ ဘယ်လောက် ကြိုးစားပြီး ချက်ချက် ဆယ်ရက်မှာ ကိုးရက် က သူ လျှာရင်းမမြက်ဘူးတဲ့။ တစ်ခါတုန်းက ပန်းကန်တွေ ပေါက်ခွဲပြီး  ကြမ်းပေါ်က ထမင်းတွေ ငါ့ ကို ရှင်းခိုင်းတယ်၊ အဲဒါကြောင့် ငါ့အမှားမျိုး နင့်ကို မမှားစေချင်တာ၊ ငါသာ နင့်နေရာမှာ ရှိရင် ထောင်ချောက် ထဲ မ၀င်သေးဘူး၊ လွတ်လွတ် ကျွတ်ကျွတ် လျှောက်လိမ့်နေပစ်လိုက်ဦးမယ်"

နင် ဘာလို့ သူ့ကို မထားခဲ့တာလဲ"
ဂျိန်း အထိတ်တလန့် မေးသည်။
"သူ့ဆီက ထွက်လာပြီး ငါ ဘယ်သွားနေမလဲ"
ဝီလ်မာက မေးခွန်းကို မေးခွန်းနှင့် ဒေါသတကြီး တုံ့ပြန်သည်။

"ငါနဲ့ နစ်၊ တိုင်ပင်ပြီး နင့်ကို ခေါ်ထားမယ်လေ"
ထိုညတွင် အသက်ရှူ မ၀သည့် ရောဂါကို ဂျိန်း ဆိုးဆိုးရွားရွား ခံစားရလေသည်။ ရေချိုးခန်းထဲမှ ကြေးခွက် နားတွင် ရပ်ပြီး သွားတိုက်ရင်း ရှူစရာလေတို့ ကုန်ခန်းသွားကြပြန်သည်။ ၀ီလ်မာ ပြောခဲ့ သည့် အဖြစ်အပျက် များကို ပြန်လည် ကြားယောင်နေ၏။ အေမီနှင့် ၀ီလ်မာတို့ သူ့ကို အလုအယက် ၀ိုင်းပြောနေသလို ခံစားရ၏။ မေ့မေ့ပျောက်ပျောက် ထားခဲ့သည့် ပါမောက္ခ အင်ဂလာ၏ စကားလုံး များသည် နားထဲတွင် ပြန်လည် ပဲ့တင်လာ၏။

"ဘာအကြောင်းအရာတွေ မင်းရေးမှာလဲ၊ ပထမဆုံး မင်းရဲ့ ၀တ္ထုကို ဘယ်လို နာမည်ပေးမှာလဲ"
ခေါင်းထဲ ပေါ့သွားသလို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်မှ စိတ်အသိသည် တစ်နေရာရာသို့ လွင့်မျော စီးပါသွားသလို ဖြစ်သွား၏။ ပြီးတော့ လောကကြီးတစ်ခုလုံး အမှောင်ဖုံးသွားတော့၏။ သတိပြန်ရလာတော့ ရေချိုးခန်း ကြမ်းပြင်ပေါ်တွင် ပက်လက် လန်နေသည့် ရေမြှုပ်အခင်းပေါ်တွင် လဲကျခြင်းဖြစ်၍ ကံကောင်း ပါသည်။

"ဟိုဘက်နားစွန်းစွန်း မှာ လဲရင် သေကောင်ပေါင်းလဲ ခံရမှာ" ဟု ဂျိန်းက နစ်ကို ပြောပြတော့
"ကိုယ်ဝန် ရှိနေလို့ ဖြစ်မှာပေါ့ ဂျိန်းရယ်" ဟု နှစ်သိမ့်သည်။
ကောင်းကြီးသင်္ခါ မင်္ဂလာရက်မြတ် နီးကပ်လာပြီ။ ညတိုင်း ဂျိန်း လန့်လန့်နိုးသည်။ နိုးလာလျှင် အသက်ရှူဖို့ အသေအလဲ ကြိုးစားရသည်။ အိမ်ထောင်သည်ဘ၀ကို ထောင်သားနှင့် နှိုင်းယှဉ်ပြော ပြသွားသည့် အေမီ၏ စကားလုံး များကို ကြားယောင်နေ၏။ အလွန် ချစ်ဖို့ကောင်းသည့် ချစ်သူ ဘ၀မှ မယားနိုင်မင်းဘ၀သို့ ပြောင်း သွားသည့် ဂီနီဂူဘဲလ်၊ ပါမောက္ခအင်ဂလာ၏ အဖြေရခက် သော မေးခွန်းများ။

နစ်ကို ဝေဖန်သည့် ဘော်ဘီ၏ ကောက်ချက်များကိုလည်း မလောက်လေး မလောက်စား ကလေး တစ်ယောက် ၏ မလိုတမာ အမြင်များ ဟူ၍ သဘောထား၍ မဖြစ်တော့။
ပြက္ခဒိန်ကို သေသေချာချာ ပြန်ကြည့်ရသည်။ အချိန်တန်၍ ဓမ္မတာ ပြန်ပေါ်လာတော့ ရင်ထဲတွင် ပေါ့ သွားသော်လည်း အသက်ရှူ မ၀သည့် ရောဂါသည် ကိုယ်ဝန်ကြောင့် မဟုတ်ကြောင်း ရှင်းသွား သဖြင့် ဇဝေ ဇ၀ါ ဖြစ်ရပြန်၏။

မည်သို့ရှိစေ ပျော်သွားသည်တော့ အမှန်၊ ကိုယ်ဝန်ရှိလျှင် ပြေးပေါက် ပိတ်နေတော့မည် မဟုတ်လား။
"မင်္ဂလာဆောင် ဖို့ ရက်ကို ခဏရွှေ့ထားရအောင်လား နစ်"
အခါတော်မပေးမီ နှစ်ရက် အလိုတွင် ဂျိန်းက နစ်ကို ကပ်ပြောသည်။ သဘာဝ မကျမှန်းတော့ သိ၏။ သို့သော် အချိန်ယူရတော့မည်။ စဉ်းစားချိန် ထပ်ယူရမည်။ ပြီးတော့  အသက်၀၀ ရှူနိုင်အောင် လုပ်ရဦးမည်။

"ရက်ရွှေ့ရမယ်၊ ဟုတ်လား ဂျိန်း၊ ကိတ်မုန့်တောင် မှာပြီးနေပြီလေ"
နစ် က သူနား သူ မယုံနိုင်အောင် ဖြစ်သွား၏။ ကိတ်မုန့် မှာပြီးသာ ကိစ္စကို ဂျိန်းတစ်ယောက် မေ့များ နေလို့လား။
ဂျိန်း သူ့ကို စိုက်ကြည့်နေသည်။

"ကိတ်မုန့်၊ ကိတ်မုန့်၊ ဟုတ်လား"
"ကျွန်မ က ဘ၀အကြောင်း ပြောနေတာ ရှင်က ကိတ်မုန့်အကြောင်း ရှေ့တန်း တင်နေတယ်"
"သြော် ဂျိန်းရယ်၊ ပိုက်ဆံလည်း ချေပြီးပြီလေ၊ ကိုယ်ကိုယ်တိုင် မုန့်တိုက်ကို သွားပြီး အော်ဒါ လုပ်ထားတာ လေကွယ်"
ဂျိန်း မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။ အခြား ဂြိုဟ်သားတစ်ယောက်ကို ကြည့်သလို နစ်ကို စိုက်ကြည့် နေ၏။ ဘော်ဘီ ပြောတာ မှန်နေပြီ ငကြောင်ပဲ။ ကိတ်မုန့်တစ်တုံးအပေါ်တွင် နစ် သဘောထား ပုံကို ကြည့်ပြီး ဂျိန်း မယုံကြည်နိုင်အောင် ဖြစ်သွားသည်။

မိမိ၏ အသိအကျွမ်းထဲတွင် သည်လိုလူမျိုး ရှိပါ့မလား။ သည်လိုလူမျိုးကို ဘ၀ ကြင်ဖော်အဖြစ် လက်တွဲဖို့ စိတ်ကူး ခဲ့သူကကော မိမိကိုယ်တိုင် ဖြစ်နိုင်ပါမည်လား။
မျက်ရည်တွေ တသွင်သွင် စီးကျပြီး ဂျိန်း အခန်းထဲမှ ပြေးထွက်ခဲ့သည်။ နစ်က ဇနီးလောင်းကို အကြောင်သား ငေးကြည့်ကျန်ရစ်၏။ ဘာကိုမှ နားမလည်နိုင်အောင်လည်း ဖြစ်နေ၏။ ဘုရား ဘုရား ဘာများ ပြောမှား ဆိုမှား ဖြစ်သွားလို့ပါလိမ့်။

ဟစ်ပီ တို့ ပျော်စံရာ ဂရင်းဝစ်ခ်ျ ရွာကို ထွက်သွားပြီးဖြစ်ကြောင်း နစ်ဆီ ထိုညတွင် စာတစ်စောင် ရေးလိုက် သည်။ လက်ထပ် လက်စွပ်ကလေး ချွတ်ပြီး စာအိတ်ထဲ ပြန်ထည့်ပေးလိုက်၏။
ဂျိန်း ၏ မင်္ဂလာ သတို့သမီး ၀တ်ရုသည် အ၀တ်ဘီဒိုထဲတွင် တွဲလဲချိတ်လျက်သား ရှိနေ၏။ ဖိနပ်က စက္ကူဘူး ထဲတွင်၊ ရေပါးစက္ကူ ပင် မဖြေရသေး။ မျက်နှာဖုံး ပ၀ါက မတ်တတ်မီးအုပ်ဆောင်းတွင် အသင့် အနေအထား ဖြင့် ရွရွကလေး တင်ထားဆဲ။

မိဘ တွေ ဒေါသပူထနေမည့်အရေးကို ဂျိန်းတွေးမိပါ၏။ သို့သော် သွေးအေးသွားသည့်အခါ အသက် ရှူမရ သည့် ဘ၀ထဲတွင် သမီးကလေး ချောင်ပိတ် အမိခံရမည့်အစား မင်္ဂလာဆောင်ကို ဖျက်သိမ်း လိုက်ခြင်းက ပိုအဓိပ္ပာယ် ရှိကြောင်းကိုလည်း သူတို့ နားလည်ကြမည်ဟု ယုံကြည်လိုက်သည။
လေယာဉ်ကွင်း အဆင်း နစ်တို့ အိမ်ဝင်းတံခါးမှ စာတိုက်ပုံးထဲတွင် စာအိတ်ကို ၀င်ထည့်ထားခဲ့ သည်။ အရှေ့ ဘာလင်မှ အနောက်ဘာလင်သို့ ကူးဝင် လွတ်မြောက်လာသူ တစ်ဦးလို ဂျိန်း လွတ်လပ် ပျော်ရွှင် နေသည်။

တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ လေယာဉ်ပျံ မစီးဖူးသော ဂျိန်း၊ နယူးယောက်ကို တစ်ခေါက်မှ မရောက် ဖူးသော ဂျိန်းသည် ဆုံးဖြတ်ချက်က ပြင်းထန်လွန်းနေသဖြင့် ကြောက်ရမှန်း၊ လန့်ရမှန်း လုံးဝ မသိဘဲ အနာဂတ် ထဲသို့ အတင်းတိုးဝင်လျက် ရှိ၏။

ကြိုးမိန့်မှ ကပ်ပြီး လွတ်လာသည့် တရားခံလို ရင်ထဲ လွတ်လပ်ပေါ့ပါးနေ၏။ လပေါင်းများစွာ အတွင်း  ပထမဆုံး အကြိမ် အဖြစ် အသက်ကို ၀လင်စွာ ရှူနိုင်ခဲ့လေသည်။
မြေပြင်မှ အတတ်တွင် ဂျိန်း၏ စိတ်ဓာတ်သည် လေယာဉ်နှင့်အတူ တိမ်တိုက်ထဲသို့ တိုးဝင်လျက် ရှိသည်။ ပျက်ကျမည့် အရေး စိုးစဉ်းမျှ မတွေးမိ၊ ကြောက်စိတ်ဟူသည် မြူငွေ့မျှ မရှိ။

ဆက်ရန်
.

No comments: