Friday, May 13, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁၄)

ခုကျမှ အိမ်ဦးနတ်လို ရိုသေပြနေဘို့ ဘယ်လွယ်ပါ့မလဲ ပေါ်ဌေး ကတော့ တခြား မိန်းကလေး တွေလို ကိုကို မောင်မောင် ခေါ်စေချင်သည် ရင်ရင်ငြိမ်းက သူငယ်ချင်း တွေခေါ်သလို ကိုပေါ်လို့ ခေါ်သည် ပြီးတော့ နင်တွေ ငါတွေ နှင့် ပြောသည်။ ရင်ရင်ငြိမ်းသည် ချွဲတာ၊ နွဲ့တာမျိုးလုံးဝမလုပ်တတ်၊ တစ်ချိန်လုံး ပွတ်သီးပွတ်သပ်နဲ့ "အဟင့်.... အဟဲ့" လုပ်နေဖို့ ပြောတာမဟုတ်။ တစ်ခါတလေတော့လည်း လက်မောင်းကို ထု၊ ဗိုက်ခေါက်ကို မနာအောင် ဆွဲလိမ်၊ နဖူးကို လက်ညှိုးနှင့် ထိုးပြီး "ဟင်း... ကဲကို ကဲတယ်" ဆိုတာမျိုး လောက်တော့ ရှိသင့်ပါသည်။

သူက မချွဲလို့ ပေါ်ဋ္ဌေးက လက်မောင်းလေး ပွတ်၊ နားရွက်လေး ကိုင် လုပ်တော့လည်း "ယားတတ်တယ်" ဆိုတော့ မခက်ဘူးလား။
ပြီးတော့ ရင်ရင်ငြိမ်းက စိတ်လည်းမကောက်တတ်။ သူက တစ်ကိုယ်လုံးကို စိန်စီချင်တယ်လို့ ပူဆာတတ် တဲ့လူလည်း မဟုတ်။ ၀တ်ကောင်းစားလှလည်း မမက်မော။ ငွေလည်း များများကိုင်ချင်သူ မဟုတ်သဖြင့် ဆူဆူဆောင့်ဆောင့် လုပ်စရာအကြောင်းမရှိ။ ပေါ်ဋ္ဌေးကမှ တစ်ခါ တစ်ခါ ယောက်ျားတန်မဲ့ စိတ်ကောက် ပြီး တစ်နေကုန် စကားမပြောဘဲ နေတာမျိုးရှိတတ်သေးသည်။

ပေါ်ဋ္ဌေးက တစ်ခါတစ်ရံ ဒေါသကြီးတတ်သည်။ ရုတ်တရက် ပေါက်ကွဲပြီး အော်လား ငေါက်လား လုပ်ချင် သည်။ ထိုအခါမျိုးတွင် ရင်ရင်ငြိမ်းက ကြောက်လည်း မကြောက်။ ကက်ကက်လန်ပြန်ပြီး ရန်တွေ့တာမျိုး လည်း မရှိ။ မတုန်မလှုပ်နဲ့ သူ့ကိုပြောတာ မဟုတ်သလိုဘဲ။
"ဒေါသဆိုတာ တစ်ချိန်လုံး အမြဲဖြစ်နေလို့ရတာမှ မဟုတ်တာ၊ တစ်ချိန်ချိန်တော့ ပြေလျော့သွားရမှာပဲ လေ၊ ဒေါသဖြစ်နေတဲ့လူကို ဒေါသနဲ့ပဲ တုံ့ပြန်ရင် နှစ်ခုပေါင်းပြီး ပိုကြီးထွားလာတော့မပေါ့"
ဟု သူကတောင် လူကို ပြန်ပြီး ဆုံးမချင်သေးသည်။

ရင်ရင်ငြိမ်းသည် သ၀န်တိုတတ်သူလည်း မဟုတ်။ ပေါ်ဋ္ဌေးသည် ရုပ်ဖြောင့်လှတာမဟုတ်ပေမယ့် သနား ကမားနဲ့ ဆွဲဆောင်မှုတော့ ရှိသည်။ သူသာ ၀ါသနာပါလျှင် နောက်ပိုင်းဇာတ်ထုပ်ကလေးတွေ ကလို့ ရနိုင် သည်။ ဒီအတွက်လည်း ရင်ရင်ငြိမ်းက စိုးရိမ်ပူပန်ပုံမရ။ တခြား မိန်းကလေးတစ်ယောက်ယောက်နဲ့ ငြိသွား ရင် ပိုတောင်ကောင်းသေးတယ်၊ ငါ သက်သာတာပေါ့လို့များ သဘောထားနေသလားလို့တောင် ထင်ချင် စရာပဲ။
ဟင်းချက်ကောင်းတာကလည်း ယောက်ျားတွေကို ထိန်းချုပ်နိုင်တဲ့အရည်အချင်းတစ်ခုပဲဟု ဆိုကြသည်။ ဒီနေရာမှာလည်း ရင်ရင်ငြိမ်းဘက်က အားနည်းချက်ရှိသည်။ ဟင်းချက်ညံ့လွန်းလို့တော့ မဟုတ်။ သူက ငယ်ငယ်ကတည်းက ခြေလေးချောင်းသား မစား။ ငါးကြီးသားလည်း မစား။ ဒီတော့ ဒါမျိုးတွေ ကောင်း ကောင်းမချက်တတ်။

သူ ကျွမ်းကျင်တာက ချဉ်ရည်ဟင်း၊ အသီးအရွက်ကြော်၊ အသုပ်၊ သူ့လက်ရာတွေထဲမှာ အကောင်းဆုံးက ငါးလေးအိုးကပ်ချက် ဖြစ်သည်ဟု ၀ိုင်းစိန်က ပြောသည်။ သူ့အဆိုကတော့ ဟိုတယ်တွေမှာတောင် ဒါ လောက်ကောင်းအောင် ချက်နိုင်မှာမဟုတ်ဘူးတဲ့။ တကယ်တော့ ၀ိုင်းစိန်သည် ဘယ်ဟိုတယ်မှာမှ သွား စားဖူးတာ မဟုတ်။
ပေါ်ဋ္ဌေးက ငါးဆိုလျှင် ငါးရှဥ့်ကလွဲလို့ ဘယ်ဟာမှ မကြိုက်ဘူး။ ရေသတ္တ၀ါဆိုလျှင် ရေခူသုပ်နှင့် ကဏန်း မဆလာချက် ကြိုက်သည်။ ရင်ရင်ငြိမ်းက ဒါတွေကိုင်ရဲတာမဟုတ်။ ကဏန်းဆိုလျှင် လတ်လတ်ဆတ် ဆတ် အရှင်ကိုဝယ်ချက်မှ ကောင်းတာဆိုတော့ ပိုတောင်ဝေးသေးသည်။

ပေါ်ဋ္ဌေးသည် အသားမပါဘဲ ထမင်းမစားတတ်။ သူ ကြိုက်တာက အမဲသား၊ ၀က်သား၊ ဆိတ်ကလီစာ၊ ဖိုက်တင်းဘော။ ရင်ရင်ငြိမ်းက ၀က်သားနှင့် ဆိတ်ကလီစာကိုတော့ ကြိုးစားပြီး ချက်ပေးရှာပါသည်။ သို့ ရာတွင် သူ မစားတဲ့အသား ဖြစ်နေသောကြောင့် ၀ိုင်းစိန်ကို မြည်းခိုင်းရသည်။ ဟိုကလည်း ကလေးသာ သာဆိုတော့ ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ်မှ။ ပေါ်ဋ္ဌေး အကြိုက် အနေတော်မဖြစ်သဖြင့် အဆင်မပြေတာ များ သည်။
ပေါ်ဋ္ဌေး အကြိုက်ဆုံးဟင်းလျာကတော့ ဖိုက်တင်းဘောနှင့် အမဲသားနှပ်ဖြစ်၏။ ခက်နေတာက ရင်ရင်ငြိမ်း သည် ဖိုက်တင်းဘောကို မကိုင်ရဲဘူးတဲ့။ အမဲသားဆို ပိုတောင်ဆိုးသေးသည်။ ချက်ဖို့ဆိုတာ ဖယ်ထား၊ အနံ့တောင် မခံနိုင်ဘူးတဲ့။
"အမဲသားတော့ လှူပါလားဟယ်" ဟု ရင်ရင်ငြိမ်းက တောင်းဆိုသည်။

"အေး... လှူမယ်"
"ဟင်... တကယ်လား"
"အေးပေါ့ဟ၊ တစ်ပိဿဆိုရင် လောက်မလား"
"ဘာ... ဘာပြောတယ်"
"နင် အောင်ရာမြေကျောင်းတိုက်ကို ဆွမ်းချိုင့်ပို့မလို့ မဟုတ်လား။ တစ်ပိဿလောက်ချက်ရင် ရမလားလို့"
ရင်ရင်ငြိမ်း သက်ပြင်းချသည်။
"ခက်ပါလား ကိုပေါ်ရယ်၊ ငါ ပြောတာ လှူတယ်ဆိုတာ အမဲသားမစားဘဲ ရှောင်ဖို့ပြောတာ"
"ဟာ... ဒါတော့ မဖြစ်ဘူး၊ နင်ကလွဲရင် အမဲသားကို ငါ အကြိုက်ဆုံးပဲ"
"နွားဆိုတာ ငါတို့ရဲ့ကျေးဇူးရှင်ပါဟ"
"ဟင်... ကျေးဇူးရှင်စာရင်းမှာ နွားလည်း ပါလာပြီလား"

"မနောက်နဲ့၊ ငါ အကောင်းပြောတာ၊ ငါတို့ဟာ လယ်ထဲမှာ နွားတွေ ပင်ပင်ပန်းပန်း ထွန်ယက်ပေးလို့ ရတဲ့ ဆန်ကို စားနေကြတာ မဟုတ်လား"
"ခုခေတ်မှာ နွားကို သိပ်မသုံးကြတော့ပါဘူး၊ လယ်ထွန်စက်နဲ့ပဲ ထွန်ကြတာများပါတယ်၊ ငါ လယ်ထွန်စက် သား မစားရင် ပြီးတာပဲ"
ရင်ရင်ငြိမ်းက အကြောင်းပြချက်တစ်ခုထပ်ရှာဖို့ စဉ်းစားနေဟန်ရှိသည်။ ပေါ်ဋ္ဌေးက အရင်ဦးအောင် ပြော သည်။
"တကယ်တော့ အမဲသားစားတာ အကုသိုလ်တောင် ပိုနည်းသေးတယ်"
"ဘာရယ်... ကြည့်လည်း ပြောဦး"

"ဟုတ်တယ်လေ၊ နင် စဉ်းစားကြည့်စမ်း၊ နွားတစ်ကောင်ဆိုရင် လူတစ်ရာလောက် စားလို့ရတယ်၊ အသက် တစ်ချောင်း ပဲ သတ်ရမယ်၊ ငါးတို့ ပုစွန်တို့ဆိုရင် အကောင်တွေ အများကြီးသတ်ရမယ်၊ နင် မကြာ ခဏချက်တတ်တဲ့ ငါးသလဲထိုးဆိုရင် ကြည့်စမ်း၊ လူတစ်ယောက်စာအတွက် အနည်းဆုံး ဆယ့်လေး ငါးကောင်တော့ ရှိတာပဲ၊ ကဲ... ဘယ်ဟာက အကုသိုလ်ပိုများလဲ"
ရင်ရင်ငြိမ်းက ခေါင်းခါပြီး-

"ဒီလိုမဟုတ်သေးဘူး၊ အကုသိုလ်ဆိုတာ စိတ်နဲ့လည်းဆိုင်တယ်၊ ဥပမာ နင့်ကို ခြင်တစ်ကောင်က လာ ကိုက်လို့ ဖျတ်ခနဲ ရိုက်သတ်လိုက်တယ်ဆိုပါစို့၊ နင့်စိတ်ထဲမှာ အဲဒီခြင်ကို သတ်ဖို့ ကြိုတင်ကြံစည်ခြင်း လည်း မရှိဘူး။ အမှတ်တမဲ့ သတ်လိုက်တာ၊ ဒေါသလည်း မပါဘူး၊ ပင်ပင်ပန်းပန်း အားစိုက်ထုတ်ရတာလဲ မဟုတ်ဘူး၊ ဒါပေမဲ့ နင် ကြောင်တစ်ကောင်ကို သတ်မယ်ဆိုရင်တော့ အဲဒီလို မဟုတ်တော့ဘူး၊ သတ်ချင် တဲ့ စိတ်ဇောက ပါလာပြီး နွားဆိုရင် ပိုဆိုးတာပေါ့ဟာ"
"နင့်ဟာကလည်း တော်တော်မျက်နှာလိုက်တာပဲ၊ အကောင်ကြီးကြီးကို သတ်ရင် အကုသိုလ်ပိုကြီးတယ် ဆိုတော့ ဆင်ဆိုရင်တော့ သွားပါပြီ။ တန်ချိန်နဲ့ချီပြီး ငရဲကြီးတော့မှာပဲ"

"အကောင်ကြီးတာ ငယ်တာကို ပြောတာမဟုတ်ဘူး၊ အကုသိုလ်စိတ်များတာ နည်းတာကို ပြောတာ၊ လူကို သတ်တာဟာ အဆိုးဆုံးပဲပေါ့၊ ဒေါသအပြင် မသေသေအောင် သတ်မယ်ဆိုတဲ့ ရန်ငြိုးပါ ထပ် ပေါင်း လာတာကိုး"
"ကဲပါဟာ.. ငါ လူသားမစားပါဘူးလို့ ကတိပေးပါတယ်၊ အမဲသားတော့ မစားဘဲ မနေနိုင်ဘူး၊ ငါ ကိုယ်တိုင် သတ်တာလည်း မဟုတ်ဘူး၊ သေပါစေဆိုတဲ့ ဒေါသတွေ ရန်ငြိုးတွေလည်း မပါဘူး၊ အရသာရှိတာပဲ သိ တယ်"
"အဲဒါလည်း တဏှာ လောဘတစ်မျိုး"
"လူပဲဟာ၊ ဒါတော့ ဘယ်ကင်းမလဲ"
ပေါ်ဋ္ဌေးကတော့ ဒီလောက်နဲ့ အကျွတ်တရား ရမယ့်ကောင်မျိုးမဟုတ်။ အိမ်မှာ အမဲသားမချက်တော့ လမ်းထိပ်က ဆိုင်မှာ ၀ိုင်းစိန်ကို သွားဝယ်ခိုင်းပြီးစားသည်။ တကယ်ဆိုလျှင် ရင်ရင်ငြိမ်းက အိမ်ပေါ်ကို တောင် အမဲသားယူမလာစေချင်၊ အိမ်က ပေါ်ဋ္ဌေး ပိုင်တာမို့မပြောသာဘဲ ကြည့်နေရတာ။

လမ်းထိပ်ဆိုင်မှာ လမ်းဘေးဆိုင်သေးလေးဖြစ်သောကြောင့် ပေါင်သားတို့၊ မိုးခိုသားတို့လိုတော့ အကောင်းစား မဟုတ်။ အသားနှင့် အရွတ်တွဲလျက်ကို အရည်ကျဲကျဲ ချက်ထားခြင်းသာဖြစ်၏။ ပေါ်ဋ္ဌေးက မကြာခဏ ဆိုသလို အမဲနှပ်ကောင်းကောင်းရသောဆိုင်မှာ ၀င်စားလာတတ်သည်။ နူးအိနေအောင် ချက် ထားသော အမဲနှပ်ကို နှစ်ပွဲတစ်ခါတည်း မှာပြီး တ၀စားသောက်သည်။

အိမ်ပြန်ရောက်တဲ့အခါ ရင်ရင်ငြိမ်းက-
"နင် အမဲသားတွေ စားလာတယ် မဟုတ်လား"
ဟု တန်းမေးတော့တာပဲ။
"ဟင်...နင် ဘယ်လိုလုပ် သိလဲ"
"သိတာပေါ့၊ ငါတို့လို အသီးအရွက် အဓိကစားတဲ့လူတွေက အသားစားကြူးတဲ့ လူတွေရဲ့ ကိုယ်နံ့ မခံနိုင် ဘူး၊ ချက်ချင်း သိတယ်"
ညလည်း ရောက်ရော ရင်ရင်ငြိမ်းက ညှီစော်နံတယ်ဆိုပြီး ဘုရားခန်းထဲသွားအိပ်တော့သည်။ ထိုအခါ ပေါ်ဋ္ဌေးသည် ခွခေါင်းအုံးကြီးကိုသာ တအားဖက်ပြီး အဖော်ပြုရလေသည်။

ဒီပုံစံမျိုးနဲ့ကတော့ သိပ်မလွယ်ဘူး ထင်သည်။ လပြည့် လကွယ်ကျတော့လည်း ဥပုသ်စောင့်လို့၊ ပေါ်ဋ္ဌေး အရက်သောက်မိတဲ့ နေ့ကျတော့လည်း ပါးစပ်က ချဉ်စုတ်စုတ်အနံ့ကို ရရင် အန်ချင်လာလို့ဆိုပြီး ဘုရားခန်းထဲ သွားသွားအိပ်တတ်သည်။ ကြာရင် ခက်တော့မည်။
ရင်ရင်ငြိမ်းသည် ကောင်းထွန်းကို တရားထိုင်နည်းပြခဲ့ဖူးသည်။ ကောင်းထွန်းက သဘောကျသွားပြီး၊ မင်း တို့လည်း လုပ်ကြည့်ဖို့ကောင်းတယ်... ဟု တိုက်တွန်းဖူးသည်။ တကယ်တော့ ရင်ရင်ငြိမ်းက ပေါ်ဋ္ဌေးကို ဟို အရင် ကလည်းက စည်းရုံးခဲ့ဖူးသည်။

"ကိုပေါ်၊ နင်ဟာ တစ်ခါ တစ်ခါ သိပ်ဒေါသကြီးတယ်၊ လုပ်ချင်တာရှိရင်လည်း မစဉ်းစား မဆင်ခြင်ဘဲ အလောတကြီး ဇွတ်လုပ်တတ်တယ်၊ အဲဒါ မကောင်းဘူး၊ ဒါတွေကို ထိန်းချုပ်ဖို့ဟာ စိတ်တည်ငြိမ်ဖို့ လို တယ်၊ နင် တရားထိုင်ကြည့်ပါလား၊ ငါ နည်းလမ်း ပြပေးမယ်"
"ဟာ... ငါ ၀ါသနာမပါဘူး"
"ဒါက ၀ါသနာနဲ့ မဆိုင်ဘူးလေ၊ လိုအပ်ချက်အရ လုပ်ရတာ"
"ငါ ငယ်ငယ်လေးရှိသေးတယ်၊ တရားမရချင်သေးဘူး"
"လောလောဆယ် စိတ်တည်ငြိမ်အောင်ပဲ ကြိုးစားကြည့်ပါ၊ နောက်မှ တစ်ဆင့်ချင်း တက်ပေါ့"

ပေါ်ဋ္ဌေးသည် ငြင်းဖို့ စိတ်ကူးပြီးမှ အကြံတစ်ခု ရသွားသဖြင့်-
"ဒီလို လုပ်လေ၊ ငါ အခု တရားထိုင်ကြည့်မယ်၊ နင် ခိုင်းတာ လုပ်တဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ညကျရင် နင်လည်း ငါ လိုချင်တာကို လိုက်လျောရမယ်"
ရင်ရင်ငြိမ်း မျက်လုံးဝိုင်းသွားပြီး-
"ဘယ်လို ပြောလိုက်တာလဲ၊ နင် ငရဲကြီးတော့မယ်၊ ဒါမျိုးနဲ့ အပေးအယူ မလုပ်ကောင်းဘူး"
"ဒါဆိုလည်း ပြီးရောလေ"
"နင် တယ်ခက်ပါလား ကိုပေါ်ရယ်၊ ငါက နင့်ကို ကောင်းစေချင်လို့"
ပေါ်ဋ္ဌေးက ခဏစဉ်းစားပြီး-
"ကောင်းပြီး၊ ဒီနေ့ ငါ စမ်းကြည့်မယ်၊ ငါ့ကိစ္စကိုတော့ နက်ဖြန်ညအထိ ရွှေ့ဆိုင်းပေးမယ်၊ ဘယ့်နှယ်လဲ"

ရင်ရင်ငြိမ်းတွေသွားသည်။ လင်မယားဆိုတာကတော့ တချို့ကိစ္စတွေမှာ ရှောင်လို့မလွတ်နိုင်။ လောလော ဆယ် တစ်ခုခု အကျိုးရှိသွားရင်လည်း မနည်းဘူး။ တကယ်လို့ ပေါ်ဋ္ဌေး စိတ်ပါသွားပြီး ဆက်ကြိုးစားဖြစ်ခဲ့ ရင် အမြတ်ပဲဟု တွက်ပြီး-
"ဟုတ်ပြီလေ၊ နင့်သဘောပဲ"
ရင်ရင်ငြိမ်းက ဘုရားခန်းထဲ ခေါ်သွားသည်။ ဘုရားစင်ကို ပြင်ဆင်ထားပုံမှာ အတော်သပ္ပာယ်နေသည်။ ပေါ်ဋ္ဌေးမှာ သူ မရောက်ဖူးတဲ့နေရာတစ်ခုကို ၀င်မိသလိုတောင် ထင်သွားသည်။ ဒီတော့မှ ဘုရားခန်းထဲ သူ မရောက်ဖြစ်တာ အတော်ကြာသွားပါပကောဟု သတိရမိ၏။ အင်း... အေးတော့ အေးချမ်းသားပဲ။ ဒါ ကြောင့်လည်း ရင်ရင်ငြိမ်းက ဒီထဲမှာ အနေများတာဖြစ်မှာပဲ။
"တင်ပျဉ်ခွေပြီး ထိုင်လိုက်၊  လက်ဖ၀ါးနှစ်ဖက်ကို ဖြန့်ပြီး ဒူးပေါ်တင်ထား၊ ဒါမှမဟုတ်လည်း လက်ဝါးနှစ် ဖက် ယှက်ပြီး ထပ်ထား"
ပေါ်ဋ္ဌေးက ခိုင်းသလို လိုက်လုပ်ရင်း ပြုံးစေ့စေ့ဖြစ်နေသည်။ ရင်ရင်ငြိမ်းက ဂရုမစိုက်ဘဲ ဆက်ပြောသည်။

"ကိုယ်ကို တောင့်တောင့်ကြီးလုပ်မထားနဲ့၊ သက်တောင့်သက်သာနေ၊ အကြောတွေကို လျှော့ထား၊ ဟုတ်ပြီ၊ မျက်စေ့ကို မှိတ်ထားလိုက်"
"ရင်ငြိမ်းရာ... နင် ဒီလောက် အပင်ပန်းခံပြီး ကြိုးစားနေစရာ မလိုပါဘူးဟာ"
"ဟင်... နင် ဘာပြောတာလဲ"
"နင် ငါ့ကို ညာတာပါတေးနဲ့ မျက်စိမှိတ်ခိုင်းပြီး အလစ်မှာ ခိုးနမ်းမလို့ မဟုတ်လား"
"ဘုရားခန်းထဲမှာနော်... နင်"
"ကဲပါ... ကဲပါ... ဘာဆက်လုပ်ရမလဲ ပြော"
ဆိုပြီး မျက်စိမှိတ်လိုက်သည်။ ရင်ရင်ငြိမ်းက-
"အသက်မှန်မှန်ရှူ၊ သိပ်ပြင်းစရာမလိုဘူး၊ ပုံမှန်ရှူနေကျအတိုင်းပဲ၊ ထွက်သက် ၀င်သက်ကိုသာ မှတ်၊ အာရုံကို နှာသီးဖျားမှာ စုထား"

ပေါ်ဋ္ဌေး လိုက်လုပ်ကြည့်သည်။ ထွက်သက်၊ ၀င်သက် မှတ်၊ အာရုံကို နှာသီးဖျားမှာ စုထား၊ နှာသီးဖျား... နှာသီးဖျား... နှာသီး... နှာ... ဟာ "နှာ"ဆိုတာကြီးက ပါလာပြန်ပြီ။ သူ မျက်လုံးဖွင့်လိုက်ပြီး-
"မရဘူးဟ၊ မလွယ်ဘူး"
"ငါ ထင်သားပဲ၊ နင်က အမြဲတမ်း စိတ်ယောက်ယက်ခတ်တတ်တဲ့လူမျိုးဆိုတော့၊ ကဲ... ငါ ပြောမယ်၊ စိတ် ကို အတင်းထိန်းချုပ်မထားနဲ့၊ တင်းမထားနဲ့၊ အတင်းထိန်းလေ ပိုဆိုးလေ ဖြစ်မှာပဲ၊ အိပ်မပျော်တဲ့အခါ အတင်း ပျော်အောင် ကြိုးစားသလိုပဲ၊ ကြိုးစားလေ အိပ်မပျော်လေဖြစ်တဲ့ သဘောမျိုးပေါ့၊ စိတ်ကို အလိုက်သင့် အလျားသင့်ကလေးနေပြီး ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေရုံပဲ"
ပေါ်ဋ္ဌေး သဘောပေါက်သလိုတော့ ရှိသည်။ သိပ်တော့ မရှင်းသေး။ ရင်ရင်ငြိမ်းက တစ်ချက် အကဲခတ် ကြည့်ပြီးမှ ဆက်ပြောသည်။

"စိတ်ကို ကြည့်မှန်တစ်ချပ်လို သဘောထား၊ မှန်ဆိုတာ သူ့ရှေ့ကိုရောက်လာတဲ့ အရာတစ်ခုကို အရှိအ တိုင်းပဲ ထင်ဟပ်ပြတယ်၊ အဲဒီအရာဝတ္ထု ကွယ်ပျောက်သွားတာနဲ့ ဘာပုံရိပ်မှ ထင်မကျန်ရစ်တော့ဘူး၊ မှန် တစ်ချပ်ဟာ ဘယ်အရာဝတ္ထုကိုမှ ဖမ်းယူဆုပ်ကိုင်ထားတာမျိုးမရှိဘူး၊ နင် သဘောပေါက်လား"
ပေါ်ဋ္ဌေးက ခပ်လေးလေး ခေါင်းညိတ်သည်။
"စိတ်ထဲမှာ ပေါ်လာတဲ့အာရုံတွေကို အသိအမှတ်ပြုရုံကလေးပဲထား၊ ဆက်မတွေးနဲ့၊ အာရုံနောက်ကို ဆက်မလိုက်နဲ့၊ ဥပမာ နင့်အာရုံထဲကို အစားအစာတစ်ခု ၀င်လာတယ်ဆိုပါတော့၊ ပန်းသီးပဲထား၊ သြော်... ပန်းသီးပါလားဆိုတဲ့ အသိမှာပဲ ရပ်ပစ်လိုက်၊ ပန်းသီး မစားရတာတောင် ကြာပြီ၊ ဒီပန်းသီးဟာ ချိုမလား၊ ချဉ်မလား၊ ခုနေခါ ဘယ်ဈေးလောက်များ ရှိမလဲဆိုတာမျိုး ခုနစ်စဉ် အမျှင်တန်း ဆက်မတွေးမိစေနဲ့၊ ဒီလို ပဲ၊ နင့်အာရုံထဲမှာ ငါ့ပုံပေါ်လာတယ်ဆိုရင်လည်း ဒါ ရင်ရင်ငြိမ်းပဲဆိုတာ သိရုံတော်ပြီ၊ ငါ့အကြောင်း ဆက် မတွေးနဲ့"

"ဟာ... ဒါတော့ မဖြစ်ဘူး၊ တခြားလူဆိုရင် ရတယ်၊ နင့်အကြောင်းဆိုရင်တော့ ဆက်မတွေးဘဲ မနေနိုင် ဘူး၊ အစက မပြောဘဲနေခဲ့ရင် တော်သေးတယ်၊ နင်က အစဖော်ပေးလိုက်တော့ ခက်သွားပြီ။ အခုတောင် ကြိုပြီးတွေးကြည့်ချင်လာပြီ"
ရင်ရင်ငြိမ်းက ခက်ပါလား.... ဆိုသော ပုံစံဖြစ်သွား၏။ ခဏနေဦး... ဟု ပြောပြီး ထွက်သွားသည်။ စားပွဲ တင် နာရီ ကို ယူပြီး ပြန်လာသည်။ ပေါ်ဋ္ဌေး၏ရှေ့မှာ ချပေးသည်။

"နင့်စိတ်က ငြိမ်လို့လည်းမရ၊ လှုပ်လို့လည်း မဖြစ်ဆိုတော့ တစ်မျိုးစမ်းကြည့်ရမှာပဲ၊ နင် ဒီနာရီက စက္ကန့်တံ လေး သွားနေတာကို စိုက်ကြည့်နေ၊ စိတ်ကလည်း စက္ကန့်တံလေးနောက်ကိုပဲ လိုက်။ အာရုံမလွင့်စေနဲ့၊ တတ်နိုင်သလောက် ကြိုးစားပြီး ထိန်းပေါ့"
ပေါ်ဋ္ဌေးက သူပြောတဲ့အတိုင်း လိုက်လုပ်သည်။ လွယ်တော့မလွယ်လှ။ သို့ရာတွင် စောစောက နှာသီးဖျား ဆိုတာထက်တော့ တော်သေးသည်။ အစပိုင်းမှာ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်ဆိုပြီး လိုက်ရေတွက်မိ သေးသည်။ ဆယ့်နှစ်ဂဏန်း နေရာရောက်တော့ တစ်မိနစ်ဟု မှတ်လိုက်မိသေးသည်။ နောက်ပိုင်း စက္ကန့် တွေ များလာတော့ ရေတွက်ဖို့ မေ့သွားသည်။ ငါးစက္ကန့်တစ်ကန့်၊ တစ်တွဲကို အသိအမှတ်ပြုမိပြန်သည်။ နောက်တော့ နာရီမျက်နှာပြင်ကို မမြင်တော့ဘဲ စက္ကန့်တံလေးသာ သိတော့သည်။ ခဏအကြာမှ မှေးခနဲ ဖြစ်သွားသည်။ ဘာမှမမြင်ရတော့သော်လည်း စက္ကန့်တံလေးကတော့ အာရုံထဲမှာပေါ်နေသည်။

သူ သတိပြန်ဝင်လာတော့ စုစုပေါင်း မိနစ် နှစ်ဆယ်လောက် ကြာသွားကြောင်း တွေ့ရသဖြင့်-
"ငါ မှေးခနဲ အိပ်ပျော်သွားတယ် ထင်တယ်"
ဟု ပြောလိုက်သည်။ ရင်ရင်ငြိမ်းက-
"အိပ်ပျော်တာ မဟုတ်ပါဘူး၊ နင် မျက်စိပွင့်နေတာပဲ၊ ပထမဆုံးအကြိမ်မှာ ဒီလောက်ရတာ မဆိုးပါဘူး၊ ဆက်ကြိုးစားကြည့်ပေါ့"
"နာရီက စက္ကန့်တံလေးကို စိုက်ကြည့်နေရုံနဲ့ တရားရမယ်ဆိုတာကတော့ သိပ်အဓိပ္ပါယ် မရှိသလိုပဲ"
ဟု ပေါ်ဋ္ဌေးက စောဒကတက်လိုက်သည်။

ဆက်ရန်
.

4 comments:

Angelhlaing(May everybody be happy and healthy! said...

စာကောင်းလေးတွေ အစဉ်တစ်စိုက် တင်ပေးလို့ ကျေးဇူးပါမမ..
စောင့်မျှော်နေပါတယ်လို့..
ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

ဘာဆက်ဖြစ်မလဲ သိချင်နေပြီ

Anonymous said...

Thanks Sis.

Ray

ahphyulay said...

မမရွှေစင်..
မသွားခင် အဲ့ လို ဖြစ်တတ်တာလေးတွေလည်း
သတိပြုဖွယ်ပါပဲ။ မိနစ်နှစ်ဆယ်လောက် မေ့ သွား
တာဟာ မောဟ လို့ ခေါ်ပါတယ်။ ဒါဟာ တကယ်
တော့  တရားတက်တာမဟုတ်သေးပါ။ သမထ ဆန်
ဆန်လေးပါ။ ဝိပဿနာရှု့ ဒေါင့် ကဆိုရင် အချိန်နဲ့ 
အမျှ ပြောင်းနေ၊ ပျောက်နေတာကို သိနေရမှာပါ..။
မမရွှေစင် အဆင်ပြေခဲ့ ပါစေ..။
ကိုယ့်ဖာသာ ကိုယ်ရော တကယ် ကျေနပ်ခဲ့ ရဲ့ လား
ဆိုတာ ဆင်ခြင်နေပါ။ နောက်မသွားချင်တော့ ဘူး
ဖြစ်ခဲ့ ရင် မမ တစ်ခုခု လွဲချော်ခဲ့ ပြီနော်...။
ချမ်းသာရမဲ့ လမ်းလျှောက်ရင် အစစအရာရာ တကယ်
ချမ်းသာရမှာပါ ။ သတိပြုပါ..။