Friday, May 13, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၁၅)

အခန်း(၁၇)
အယ်လီ

၁၉၆၁ခုနှစ် ဆောင်းရာသီတွင် အယ်လီနှင့် အိုဝင် ထပ်ဆုံတွေ့ကြသည်။ အမေရိကန်နိုင်ငံ သမိုင်းတွင် အသက် အငယ်ဆုံး သမ္မတ ရွေးကောက်တင်မြှောက်ပြီးချိန်၊ ကျမ်းသစ္စာ ကျိန်ဆိုပြီး သည်မှာ မကြာသေး။ မိုးကုတ်စက်ဝိုင်းသစ်ကို ပြည်သူတို့ လှမ်းမြင်နေကြရပြီ။ လေထုထဲတွင် အတွေးသစ် အမြင်သစ်တို့ လွင့်ပျံ နေကြ၏။ လူတိုင်း၏ စိတ်ထဲတွင် ဘ၀သစ်ကို ခြေလှမ်းစဖို့ တာစူ နေကြ၏။
၅၇လမ်းတွင် အယ်လီက သူငယ်ချင်း အီသယ်နှင့် ပေါင်းပြီး တိုက်ခန်းတစ်ခန်း ငှားနေသည်။ ပထမဆုံး အကြိမ်အဖြစ် လုပ်ငန်းခွင်ကို ၀င်သည်။ ကနေဒီ အောင်နိုင်ရေး၊ မဲဆွယ် စည်းရုံးရေး အဖွဲ့တွင် ၀င်ကူခြင်း ဖြစ်၏။ ကနေဒီ အနိုင်ရသွားသဖြင့် မိုးမမြင် လေမမြင် ပျော်နေချိန် ဖြစ်၏။

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး သူတို့နှစ်ယောက် ပြန်ဆုံခြင်းသည်အဖြစ်ဆန်း တွေနှင့် ကြုံဖို့ နိမိတ်ဆိုး တစ်ခုနှင့် တူလေသည်။ အယ်လီ၏ အလုပ်ရှင်ပါမင်းနိုက်စာအုပ်တိုက် ပိုင်ရှင် ကမကထ ပြုလုပ်သည့် ဧည့်ခံပွဲတွင် ပြန်တွေ့ကြခြင်း ဖြစ်၏။
အယ်လီ က အိုဝင့်ကို မြင်မြင်ချင်း မှတ်မိလိုက်သည်။ ဟိုတုန်းကအတိုင်း ချစ်ချင်စရာကောင်းနေဆဲ။ စီးကရက် သောက်ပုံကလည်း ဟိုယခင်ကအတိုင်းပင်။ နို့နှစ်ရောင် ရှပ်အင်္ကျီတွင် လည်စီးအစင်းကြား ကို စည်းထား၏။ မီးခိုးရောင် သက္ကလတ်ဘောင်းဘီနှင့်။ သူအိမ်ထောင်များ ကျသွားပြီလားဟု အယ်လီ တွေးနေ၏။ ကျဦးမယ် မထင်ပါဘူးလေ ဟု အချစ်ရူးမ အယ်လီက တစ်ဖက်သတ် ယုံကြည်လိုက်သည်။ သည်မေးခွန်းကို မမေးဘဲ "ဆရာ ဘီနင်တန်မှာ စာသင်တုန်းပဲလားဟင်" ဟု သူရပ်နေသည့် နေရာသို့ လျှောက်သွားပြီး မေးလိုက်၏။ မိန်းကလေးတိုင်းထက် ခေါင်းတစ်လုံးမြင့် သည့် အယ်လီ့ထက် သူက ခေါင်းတစ်ဝက်လောက် ပိုမြင့်သည်။ မော်ကြည့်ပြီး စကားပြောရသည် ကိုလည်း အယ်လီ သဘောကျ၏။

"ကျွန်မ အယ်လီ မက်ဂရက်ပါ ဆရာ၊ ဆရာ့ ၀တ္ထုကို သဘောတရား သင်တန်းတက်ဖူးပါတယ်"
အိုဝင်ကလည်း ချက်ချင်း မှတ်မိသည်။
"မင်း အတော် ပြောင်းလဲသွားပြီပဲ၊ ကိုယ်ကျပ်အင်္ကျီတွေ ဘယ်ရောက်ကုန်ပြီလဲ၊ မျက်ခွံလည်း မဆိုးတော့ ပါလား"
အယ်လီ မျက်နှာရဲတက်သွားသည်။
"ဟိုတုန်းက ငယ်သေးတာကို ဆရာရဲ့၊ ခု အယ်လီ ကြီးလာပြီလေ၊ ဒီတော့လည်း အရွယ်နဲ့ လိုက် အောင် ၀တ်ရတော့တာပေါ့"

အယ်လီက အသားရောင် စကတ်နှင့် ဆွယ်တာ အစိမ်းကို ၀တ်လာသည်။ ဆွယ်တာပေါ်က ထပ်ပြီး ဂျာကင် ၀တ်ထား သေး၏။ ဆွယ်တာပေါ်က ထပ်ပြီး ဂျာကင်ဝတ်ထားသေး၏။ ဆွယ်တာက ပွလွန်း တော့ ဂျာကင်အင်္ကျီချိုင်းအောက်တွင် တင်းနေ၏။
"အယ်လီ ပါမင်းနိုက်စာပေတိုက်မှ လုပ်နေတယ် ဆရာ၊ အော်စဘွန်းနဲ့ ဟင်နရီမီလာရဲ့ စာအုပ်တွေ ထုတ် နေတဲ့ တိုက်လေ"
သည်အလုပ်ကို ရသည့်အတွက် အယ်လီ ဂုဏ်ယူလျက် ရှိသည်။ ဧရာမ စာပေတိုက်ကြီး မဟုတ်ပါ လား။ ကျောင်းပြီး ပြီးချင်း တန်းရသည်လေ။

"လက်ဝဲစာပေတွေ ဖတ်တုန်းပဲလား"
အိုဝင်က ခပ်နောက်နောက် ပြန်မေးသည်။ အယ်လီ တစ်ယောက် ပိုလှနေသည်ကို သတိထား မိလိုက်၏။ ရွှေရောင်ဆံပင် နှင့် မျက်လုံးပြာများက လိုက်ဖက်လှ၏။ နွားနို့ရောင် အသားအရေက စိုစိုပြေပြေ။
အ၀တ်ဖားဖား အောက်မှ ခန္ဓာကိုယ် အချိုးအစား ကျကျ သွယ်လျလျ ကိုယ်နေဟန်ကို မ ကျမ်းကျေ သည့် အိုဝင်က ထိုးဖောက်မြင်နိုင်စွမ်းလေသည်။ ရင်သား မဖွံ့ဖြိုးလှသော်လည်း ခြုံကြည့်လျှင် အယ်လီမက်ဂရက် ဆိုသော မိန်းကလေးတွင် မိန်းမ ကျက်သရေအပြည့်။
"ဆရာ ဘော်စတွန် မှာပဲလားဟင်" ဟု အယ်လီက စပ်စုလိုက်သည်။

"ဟင့်အင်း၊ ဇူလိုင်လထဲက ကိုယ် ဟာရယ်က ထွက်လိုက်တာ၊ ခု သတင်းမဂ္ဂဇင်းမှာလေ၊ ခုတော့ သတင်းမဂ္ဂဇင်းရဲ့ သတင်းမုဆိုးပေါ့"
အိုဝင်က သူရာထူးနှင့် သူ ရောက်ရှိနေသည့် အဆင့်ပါ ပေါ်လွင်အောင် ပြောပြသည်။
ဘယ်သူ အထင်မကြီးဘဲ နေနိုင်ပါမည်လဲ။ အယ်လီ သက်ရှူဖို့ပင် မေ့နေ၏။
ဧည့်ခံပွဲ ပြီးသည်နှင့် အိုဝင်က "တို့ ညစာအတူတူစားကြရအောင်လား" ဟု ဖိတ်သည်။

"ဆရာ အိမ်ထောင်ကျနေပြီလားဟင်"
အယ်လီက မဆီမဆိုင် ပြန်မေးသည်။ အိုဝင် ရယ်သည်။ သူ့မျက်လုံးတွေက အရောင်တဖျတ်ဖျတ်။
"ဒါဆို မင်း ကိုယ့်ဖိတ်ကြားချက်ကို လက်ခံတယ်ပေါ့"
အယ်လီ့မျက်နှာတစ်ခုလုံး ပူထူသွားသည်။ ပြီးတော့ သွေးခုန်နှုန်းတွေက တအားမြန်လာပြီး ချက်ချင်း ရပ်သွားသလို ခံစားလိုက်ရ၏။
စားသောက်ဆိုင်တစ်ဆိုင်သို့ ချီတက်ခဲ့ကြ၏။ စားရင်း သောက်ရင်း အိုဝင်က အယ်လီ့ မေးခွန်းကို ဖြေသည်။

"ကိုယ့်မှာ အိမ်ထောင် မရှိပါဘူး၊ ကွဲသွားကြတယ်လေ"
"သြော် စိတ်မကောင်းပါဘူး ဆရာ"
အယ်လီက စိတ်မကောင်းသည့် အမူအရာဖြင့် ပြောလိုက်၏။ စိတ်ထဲတွင်တော့ သိပ် ပျော်သွား သည်။
"နှစ်ခါတောင် အိမ်ထောင်ကွဲဖူးတာ၊ အိမ်ထောင်ရေးမှာ ကိုယ်က ကံခေပါတယ် အယ်လီ"
ဝမ်းသာနေသည့် အမူအရာပေါ်သွားမည်စိုး၍ အယ်လီက သည်တစ်ခါတော့ ရေငုံနေလိုက်၏။ သည်အတွက် ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးလိုက်သည်။ အိုဝင်က ဆက်ပြီး တစ်နေ့တွင် သူ ရေးဖြစ်သည့် ၀တ္ထုရှည်ကြီး အကြောင်း ပြောပြသည်။
"ဒီဝတ္ထုကို ကိုယ်ရေးဖို့ ကြိုးစားတာ ကြာပြီ၊ သေသေချာချာ အချိန်ယူရေးမယ်၊ ကမ္ဘကျော် ၀တ္ထုကြီး ဖြစ်စေ ရမယ်"
"ဒါပေမယ့် ဆရာက သတင်းစာဆရာပဲ"

"သတင်းသမားဘ၀ဟာ လူရိုသေ ရှင်ရိုသေ ဘ၀မှန်တယ်။ ငွေရတာလည်း ဟုတ်တယ်။ ဒါပေမယ့် ရသ စာပေ က ပိုပြီး အဆင့်မြင့်တယ်လေ၊ စာပေမှာ ၀တ္ထု ပုံသဏ္ဍာန်ဟာ အမှန်တရားကို ဖော်ကျူး နိုင်ဆုံးပဲ"
"ဟုတ်ပါတယ် ဆရာ၊ ဆရာ ရေးရင် သိပ်ပြောင်မြောက်တဲ့ ၀တ္ထုကြီးတစ်ပုဒ် ဖြစ်လာမှာပါ"
"ကိုယ် အဲဒီအတိုင်း မျှော်လင့်ထားတာပဲ"
မလွယ်မှန်းသိလျက်နှင့် အိုဝင်က ပြောလိုက်ခြင်း ဖြစ်သည်။
"ကိုယ့်ကို ထုတ်ဝေသူနဲ့ ဆက်ပေးမယ့် ကြားစာပေတိုက် တစ်တိုက် ရှိပါတယ်။ အရေးကြီးတာက စာရေးချိန် ရဖို့နဲ့ ရေးဖို့ ဇာတ် ပီပီပြင်ပြင် ရှိဖိုပဲ"
"ကြားစာပေတိုက်က ဘယ်သူ့တိုက်လဲ ဆရာ"
အယ်လီက သူ တယ်လီဖုန်း ပြောပြောနေရသည့် အသိတိုက် တစ်တိုက်တိုက် ဖြစ်မလား ထင်ပြီး မေးလိုက် သည်။

"ဟန့်ဂရင်နီရဲ့ စာပေပေါင်းကူး၊ ကြားဖူးလား"
အယ်လီ ခေါင်းခါပြသည်။
"အယ်လီတို့တိုက်မှာ ရေးနေတဲ့ စာရေးဆရာတွေနဲ့ သူ အဆက်အသွာ် ရှိပုံ မရဘူး ဆရာ"

နောက် နှစ်ပတ်ခွဲကြာမှ အိုဝင့်ဆီက ဖုန်းရသည်။
"ခု တစ်ပတ် ရုံတင်တဲ့ ကားကောင်းတယ်၊ ကြည့်မလား" ဟု မေးလာ၏။
"အိုး ကြည့်မှာပေါ့"
ရုပ်ရှင်ပြီးတော့ မြေအောက်ဟိုတယ်တစ်ခုသို့ သွားပြီး သိုးသားပေါင်းနှင့် ဟင်းလျာမျိုးစုံ မှာစားကြ သည်။ စား သောက်ပြီး သည်နှင့် အိုဝင် အခန်းသို့ သုတ်ခြေတင်ကြ၏။
ဆယ်ရက် အတွင်း သူ့ကို ဖုန်းဆက်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားသည်။ သတိသမ္ပဇဉ်ဖြင့် ထိုအကြိမ် များစွာ ကို ထိန်းထားနိုင်ခဲ့၏။ မိန်းကလေးက မစရဘူးလေ၊ ဘယ်တော့မှ မစနဲ့၊ မိမိ၏ ဒုတိယအသံကို အယ်လီ ပြန်ကြား နေရသည်။
သူ့ကို အောက်မေ့လွမ်းတလွန်းလို့ ရူးမတတ် ဖြစ်ချိန်ရောက်မှ အိုဝင်ကာဆယ် ဖုန်းဆက်လာသည်။

"ကိုယ် မြို့ထဲ ရောက်နေတယ်၊ ခုပဲ ဘော့စတွန်က ပြန်ရောက်တာ၊ လူသတ်မှု သတင်းတစ်ခု နောက် လိုက် နေတာ လေ၊ "ပက်သနွန်"မှာ စောင့်နေမယ် သိတယ်နော်"
ပက်သနွန် မှာ ဈေးကြီးလှသော စားသောက်ဆိုင် ဖြစ်၏။ တစ်ခါ ပျော်ပုံ သစ်ကြပြန်၏။ ပြီးလျှင် ထုံးစံအတိုင်း အိုဝင် ပျောက်သွားပြန်သည်။ ထိုအခါ ထုံးစံအတိုင်း ရွှေလည်တိုင် ဖော့ရိုးကျိုးမတတ် အယ်လီ မျှော်ရပြန်၏။ အိုဝင် ရယ် အယ်လီ စွဲသည်ထက် စွဲအောင် တမင်လုပ်နေတာလားကွယ်။

ဆက်ရန်
.
်

No comments: