Saturday, May 14, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၂၇) ဇာတ်သိမ်း

ညာမေတင်သည် ပလပ်စတစ် လက်ချောင်းတု ကို ကိုင်ထားလျက်က ခင်မောင်အေး လက်ထဲမှာရှိနေ သည့် ဦးအေးထွန်း ကို ကြည့်လိုက်သည်။ ထိုအခါ ညာမေတင်သည် သူ့မှတ်ဉာဏ်မှာစွဲနေအောင် မှတ်မိ နေသည့် ဦးအေးထွန်း၏ ပြတ်နေသော လက်ချောင်းနှစ်ချောင်းနှင့် လက်ပြတ်နေရာမှာ ကျန်ရစ်သည့် လက်ငုတ်တို လေးနှစ်ခု။

သို့သော် ညာမေတင်သည် စိတ်ထဲမှာ စဉ်းစားချိန်ဆနေမိသည်။ ဤလက်ပြတ်ရှင် ဦးအေးထွန်းသည် သူ့ ကျေးဇူးရှင် လူဝံကြီးမောင်နှံကို သတ်ခဲ့သည့် သူသတ်ကောင်ပင်ဖြစ်လေသလား၊ လူတူမရှား နံမည်တူ မရှား ဆို သလို သူ့အကြောင်းနှင့်သူ လက်ပြတ်လာခဲ့သည့် အခြားလူတယောက်ဖြစ်နေလေသလား။

ခင်မောင်အေးက ဧည့်ခန်းသို့ထွက်လာသော ညာမေတင်ကို တချက်တော့ကြည့်လိုက်သည်။ သို့သော် ညာမေတင် ကား သူနှင့်အတူ ကူမွန်တောင်တန်းထဲက ဂူထဲမှာနေသည့် ရုပ်မျိုးမဟုတ်တော့ချေ။ သူ့အ သားနှင့် လိုက်လျောသည့်အဆင် အသွေးအရောင် အဘိုးတန်အ၀တ်အထည်ကို အချိုးကျလှပသည့် ကိုယ်လုံး ကိုယ်ထည် နှင့် အံကျအောင် ချုပ်ထားသည့်အင်္ကျီ ထမီကို သပ်ယပ်ပိယိစွာ ၀တ်ဆင်ထားသည်။ ဦးခေါင်း က ဆံပင်ကို တောထဲမှာလို ပွယောင်းရှုပ်ထွေးစွာ ဖားလျားချထားခြင်းမဟုတ်တော့ဘဲ တပတ်ရစ် ထုံးပြီး ဆံမြိတ်ရှည်ချထားသည်။

မျက်နှာကို ၀င်းဖန့်သော သနပ်ခါးမှုံမှုံလေး လိမ်းထားသည်။ စိန်နားကပ်နှင့် စိန်လက်စွပ်နှင့် စိန်ဆွဲကြိုးနှင့် လက်ပတ်နာရီနှင့်....
အမှတ်မဲ့ တချက်မျှပင် ကြည့်လိုက်သော ခင်မောင်အေးသည် သူအသက်တမျှ ချစ်နေရသော တနေ့မှ မမေ့နိုင်အောင်ဖြစ်နေရသော အစဉ်အမြဲသတင်းနာ ရှာဖွေနေရသော ချစ်သူ ညာမေတင်ဖြစ်ကြောင်း မသိ နိုင်သေးချေ။ သူ့လက်ထဲမှာ ဒေါသကြီးစွာ ရုန်းကန်နေသော ဦးအေးထွန်းကို ချုပ်ကိုင်ကြည့်နေသည်။

ဦးအေးထွန်းကရုန်းလေ၊ ခင်မောင်အေးက အားရှိသလောက်ဖြစ်ညှစ် ချုပ်ကိုင်လေ၊ လူပျော့မျှသာဖြစ် သော ဦးအေးထွန်း သည် သန်မာမြဲခိုင်သော ခင်မောင်အေးလက်ထဲမှာ ပြုတ်တူဖြင့် ညှပ်ထားခြင်းခံနေရ သလို နာကျင် လှသည်။
ညာမေတင်ကလဲ မည်သို့မှမမှတ်မိနိုင်စရာမရှိသော ခင်မောင်အေးကို လုံးဝမသိချေ။ သိရအောင်လဲ ခင်မောင်အေး ကို စိမ်ပြေနပြေ ကြည့်မနေနိုင်၊ ခင်မောင်အေး လက်ထဲက ဦးအေးထွန်းကိုသာ သံသယ ဖြစ်သောစိတ်၊ စူးစမ်းသောအကြည့်ဖြင့် ကြည့်နေသည်။

"ခွေးတိရစ္ဆာန်... လွှတ်စမ်း...."
ခင်မောင်အေး ဖြစ်ညှစ်ကိုင်ထားသည့်နေရာတွေက နာလွန်းနေသည်။ ဦးအေးထွန်းက အံ့ကြိတ်ပြောလိုက် သည်။
ကိုမြင့်ညိုတို့ သားအဖသည် ဦးအေးထွန်းတို့၏ရိုင်းစိုင်းမှုကို စိတ်ထဲက မျက်ရင်းစွဲရှိနေရာတွင် ယခုလို ဖြစ် လိုက်ကြသည် မှာ ခင်မောင်အေး မလွန်ကြောင်း သိလိုက်ကြသည်။ ငွေရမည်ဆိုလျှင် ဘာမဆိုလုပ်သည် ဟူသော ဘခင်ပြောခဲ့ဘူးသည့်စကားကို သတိရလိုက်သော ကိုမြင့်ညိုက ဦးအေးထွန်းတို့သည် ပန်းချီ ဆရာ ကိုမောင်မောင် အပေါ်မှာ မကောင်းတာ အလုပ်တခုလုပ်ခဲ့ပြီဟု စဉ်းစားလိုက်မိသည်။

ဤအခိုက်မှာ ဦးအေးထွန်းက ဒေါသဖြင့် လွှတ်ခိုင်းသောအခါ ခင်မောင်အေးက ပြတ်ထွက်သွားသော ဦးအေးထွန်း လက်ချောင်းနှင့် ကျန်ရစ်သည့် လက်ချောင်းငုတ်လေးကြောင့် ဦးအေးထွန်း မည်သူဖြစ် ကြောင်း သိလိုက်ရသည်။
"လက်စသတ်တော့ ခင်ဗျားတယောက်ထဲကိုး၊ ဟိုပန်းချီကားထဲက လူဝံမောင်နှံဟာ ခင်ဗျားကိုယ်တိုင် ကူမွန်တောင်တန်း မှာ သတ်သွားတဲ့ လူဝံမောင်နှံရဲ့ပုံတူပန်းချီကားလေ၊ ကြည့်လိုက်စမ်းပါအုံး၊ အဲဒီလူဝံ ကြီး က ကိုက်ဖြတ်လို့ ခင်ဗျားလက်ချောင်းပြတ်နေတာ မဟုတ်လား"

ခင်မောင်အေးစကားကို ကြားလိုက်လျှင်ပင် ဦးအေးထွန်းသည် ပန်းချီကားကို မကြည့်ဝန့်သကဲ့သို့ ဒေါသ ကြီးစွာ မော့နေသော ဦးခေါင်းသည် မသိမသာ ငုံ့သွားသည်။
ခင်မောင်အေး စကား၊ ဦးအေးထွန်း၏အမူအရာ၊ လက်ချောင်းပြတ်...
စဉ်းစား ချိန်ဆ နေသော ညာမေတင်သည် ပန်းချီကားကို ဖြတ်ခနဲကြည့်လိုက်သည်။ သူ့ကျေးဇူးရှင် လူဝံ ကြီးမောင်နှံ၏ ပုံသည် သူနှင့်အတူ မိသားစုသုံးယောက် ပျော်ရွှင်စွာနေထိုင်ခဲ့ကြစဉ်က အသက်ထင်ရှားရှိ ခဲ့သည့် ပုံသဏ္ဍာန်အတိုင်း ချွတ်စွတ်တူလွန်းနေသည်ကို တွေ့ရသောအခါ ညာမေတင် တောစိတ်ပြန်ဝင် သလို ဖြစ်သွားသည်။

ညာမေတင်သည် ခင်မောင်အေး လက်ထဲမှာ ရှိနေသော ဦးအေးထွန်းကို အံကြိတ်ကြည့်လိုက်သည်။ ထို့ နောက် တောထဲမှာ သူ့ကျေးဇူးရှင် လူဝံကြီးမောင်နှံ အသတ်ခံရစဉ်က နာကျည်းစွာ သူအော်ခဲ့သည့် အသံ အတိုင်း ကြေကွဲလှိုက်လှဲစွာ အော်ကာ ဦးအေးထွန်းကို ခုန်အုပ်လိုက်သည်။

အမှတ်မဲ့ဖြစ်၍ ခင်မောင်အေးကလဲ အံ့အားသင့်ကာ သူချုပ်ကိုင်ထားသော ဦးအေးထွန်းကို လွှတ်ပေး လိုက်သည်။ ခင်မောင်အေး လက်ထဲမှာ ဒေါသကြီးစွာ ရုန်းကန်နေကာ တော်တော် ပင်ပန်းနာကျင်နေ သော ဦးအေးထွန်းသည် ခင်မောင်အေးက လွှတ်ပေးလိုက်သောအခါ သူ့အရှိန်နှင့်သူ ကြမ်းပြင်ပေါ်သို့ ခွေ ကြသွားသည်။ ဤတွင် ညာမေတင်သည် သန်စွမ်းသော သူ့လက်နှစ်ဘက်ဖြင့် ဦးအေးထွန်း ဦးခေါင်းမှ အင်္ဂလိပ် ဆံတောက်ထားသည့်ဆံပင်ကို မြဲမြံစွာ ဆုပ်ဆွဲကာ ဦးအေးထွန်းဦးခေါင်းကို ကြမ်းပြင်ဖြင့် စိတ်ရှိ လက်ရှိကိုင်ဆောင့်နေတော့သည်။ တောတောင်ထဲမှာ ကြီးပြင်းလာ၍ အားခွန်ဗလသန်စွမ်းခဲ့သော ညာမေတင်၏လက်မှ ဦးအေးထွန်း လွတ်အောင် မရုန်းနိုင်ရှာတော့ချေ။ ညာမေတင်၏နှုတ်မှလဲ လူဝံအသံ အတိုင်း ဒေါသကြီးစွာ အော်ဟစ်နေတော့သည်။

သတိပြန်ရလာပြီဖြစ်သော ကျော်ကျော်သည်၎င်း၊ ကိုထွန်းအံ့နှင့် ကိုဘသော်တို့သည်၎င်း၊ ကိုမြင့်ညိုနှင့် ဦးအုန်းဖေသည်၎င်း ညာမေတင်၏အသံနှင့် ပြုမူနေပုံကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေမိကြသည်။ မည်သူ မှ အနားသို့မကပ်ဝန့်ကြချေ။
တောစိတ်ပြန်ဝင်သွားခြင်းလား ရုတ်တရက် ရူးသွားလေသလားဟု တွေးလိုက်ကြသည်။

သို့သော် ခင်မောင်အေးသည် ညာမေတင်၏နှုတ်မှ ကြေကွဲစွာ၊ နာကျည်းစွာ ပွင့်ထွက်လာသော လူဝံအော် သံကို ကြားလိုက်ရလျှင်ပင် ညာမေတင်၏မျက်နှာကို အနီးကပ်ပြီး သေချာစွာကြည့်နေသည်။ ထို့နောက် အတိုင်းမသိသော ၀မ်းမြောက်ခြင်းဖြင့်....
"မခင်မေ... မခင်မေ..."
ဟု ခေါ်လိုက်၏။

ညာမေတင်ကား ခင်မောင်အေး ခေါ်သံကို ဂရုမစိုက်နိုင်အောင်ပင် ဦးအေးထွန်းကို အငြိုးကြီးစွာ ကိုင် ဆောင့်နေဆဲပင်ဖြစ်သည်။ ဦးအေးထွန်းကား အသံပင် မထွက်နိုင်တော့ချေ။
"ကယ်ကြပါအုံး၊ ဖေဖေ သေရတော့မယ်"

ဦးအေးထွန်း ဦးခေါင်းတချက် ကွဲသွားပြီး သွေးတွေ ဖြာကနဲကျလာသည့်အချိန် ကျော်ကျော်၏ ထိတ်လန့် စိုးရိမ်စွာ အော်သည့်အချိန်သည် တပြိုင်ထဲဖြစ်သည်။ မည်သူမှ အနားမကပ်ဝန့်သော်လဲ ခင်မောင်အေးက ညာမေတင်သည် သူအသက်တမျှ ချစ်ရသော တောတွင်း မခင်မေဖြစ်ကြောင်း အသေအချာသိလိုက် သည့်အတွက် ညာမေတင်အပါးသို့ ကပ်ကာ ဒေါသကြီးစွာဖြင့် ဦးအေးထွန်းကို ကိုင်ဆောင့်နေသော ညာမေတင် ကို အတင်းအကြပ်ဆွဲယူလိုက်သည်။

သူ့ထက် အားခွန်ဗလ သန်စွမ်းသော ခင်မောင်အေးကို ရုန်းကန်ရန် မစွမ်းနိုင်သော ညာမေတင်သည် ကိုင်ဆောင့် နေသော ဦးအေးထွန်းကို လက်လွှတ်လိုက်ရပြီး သူ့ကို ချုပ်ကိုင်ကာ နိုင်နင်းစွာ ပွေ့ပိုက် ထားသော ခင်မောင်အေးကို ကြည့်လိုက်သည်။ သို့သော် သူနေ့စဉ် တမ်းတလွမ်းဆွတ်ခဲ့ရသော ကူမွန်တောင်တန်း က ခင်မောင်အေးဟု မသိနိုင်ရှာချေ။

"မခင်မေ... ငါလေ.. ငါ... ခင်မောင်အေး"
ခင်မောင်အေးက ပြောသောအခါ ညာမေတင်က ခင်မောင်အေးကို ခပ်ကြောင်ကြောင် ပြန်ကြည့်နေသည်။ ခင်မောင်အေးက ညာမေတင် မမှတ်မိကြောင်းရိပ်မိလိုက်သည်။ ထို့ကြောင့် ကူမွန်တောင်တန်းဂူထဲမှာ နေစဉ်က သူတို့နှစ်ယောက် တယောက်ကို တယောက် ရှာမတွေ့သည့်အခါ အချက်ပေးနေကြဖြစ်သော သာယာသည့် ငှက်အော်သံကို ခင်မောင်အေးက ပြုလိုက်သည်။
"မခင်မေရေ..."

ဟူသော ခေါ်သံကိုလဲ ပြုသည်။ ငှက်အော်သံကိုလဲ ပြုသည်။ ထိုအခါမှ ခင်မောင်အေးကို စိုက်ကြည့်နေ သော ညာမေတင်သည် ခင်မောင်အေး၏ရုပ်ရည်ကို ဖမ်းမိလာသည်။
"ဟယ်... ခင်မောင်အေး ခင်မောင်အေး..."
ဟု ၀မ်းသားဝမ်းနည်း ခေါ်ရင်း ခင်မောင်အေး၏ရင်ခွင်မှာ မျက်နှာအပ်ပြီး ရှိုက်ကြီးငင်ကြီး ငိုကြွေးလိုက် လေတော့သည်။

ခင်မောင်အေးနှုတ်မှ ငှက်အော်သံထွက်ပေါ်လာသည်တွင် ကိုမြင့်ညို ကိုထွန်းအံ့နှင့် ကိုဘသော်တို့သည် ချက်ချင်း နားလည်သဘောပေါက်လိုက်ကြသည်၊ ကိုထွန်းအံ့နှင့် ကိုဘသော်သည် ခင်မောင်အေးနှင့် ညာမေတင် မည်သူဖြစ်သည်ကို သိလိုက်ရပြီဖြစ်ရာ ခင်မောင်အေးနှင့် ညာမေတင်တို့ ကိန္နရာချောင်းခြား ဇာတ်ခင်းပြနေသည်ကို အိမ်ရှင်တွေက အံ့သြခြင်းကြီးစွာဖြစ်နေကြဆဲဝယ် သားဖြစ်သူ ကျော်ကျော် ၏ ထူတွဲခြင်းဖြင့် ဧည့်ခန်းမှ လျင်မြန်စွာထွက်လာခဲ့ကြသည်။ သူတို့မော်တော်ကားပေါ်တက်ခါ ကျော်ကျော်က လျှင်မြန်စွာ မောင်းနှင်ထွက်ခွာသွားကြသည်။

ရှောင်တခင်ဖြစ်ရပုံ တွေ့ကြုံရပုံတို့သည် စိတ်ထဲမှာ မည်သို့ထိခိုက်သည်ဟု မပြောတတ်ကြသော်လဲ ကိုမြင့်ညို တို့ သားအဖနှင့် ကိုထွန်းအံ့ ကိုဘသော်တို့သည် လျှင်မြန်စွာ ထွက်ခွာသွားကြသော ဦးအေးထွန်း တို့သားအဖကို မည်သူမှမတားဆီးလိုက်မိကြချေ။ တားဆီးရန်လဲ မည်သူမှ သတိမရကြ။
သနားစဘွယ်ဖြစ်နေကြသော ခင်မောင်အေးနှင့် ညာမေတင်တို့ကိုသာ အငေးသားကြည့်နေမိကြသည်။

သူ့ရင်ခွင်မှာ မျက်နှာအပ်ခါ ငိုကြွေးနေသော ညာမေတင်ကို ခင်မောင်အေးက ယုယကြင်နာစွာ ပိုက်ပွေ့ ထားရင်း သူကိုယ်တိုင် မျက်ရည်မဆည်နိုင်အောင် ဖြစ်နေသည်။
အတန်ကြာမှ ခင်မောင်အေးက စတင်စကားပြောလိုက်သည်။
"သည်းခံပါ အစ်ကို ကူမွန်တောင်တန်းတောတောင်ထဲမှာ နေစဉ်က ကျွန်တော်တို့ တယောက်ကို တယောက် အသက်ပေးပြီး နေလာခဲ့ကြသူတွေပါ။ မမျှော်လင့်တဲ့အဖြစ်နဲ့ ကွဲကွာပြီး မမျှော်လင့်တဲ့နေရာ မှာ ရှောင်တခင် ပြန်တွေ့လိုက်ရတော့ ကျွန်တော်လဲ စိတ်မထိမ်းနိုင်အောင် ဖြစ်သွားမိပါတယ်"

ကိုမြင့်ညိုတို့ရှေ့မှာ ညာမေတင်ကို ပိုက်ပွေ့ထားမိသည့်အတွက် ခင်မောင်အေးက အားနာစွာဖြင့် တောင်း ပန်လိုက်သည်။ ထို့နောက် ညာမေတင်ကလဲ ဖခင်နှင့် အကိုကို သတိရလိုက်သောကြောင့် ခင်မောင်အေး ရင်ခွင်ထဲ မှ ရုန်းထွက်လိုက်သည်။
သို့သော် ဦးအုန်းဖေနှင့် ကိုမြင့်ညိုက စာဖတ်ခန်းထဲသို့ ခေါ်သွားသည်ကို ဦးအုန်းဖေကလဲ မငြင်းမဆန် မမေးမမြန်း သဘောပေါက်နားလည်စွာဖြင့် သားဖြစ်သူနှင့်အတူ ခြေလှမ်းသွက်သွက်လှမ်းကာ စာဘတ် ခန်းထဲ သို့ ၀င်လိုက်သွားသည်။

ကိုထွန်းအံ့နှင့် ကိုဘသော်တို့သည် ညာမေတင်နှင့် ခင်မောင်အေးကို အငေးသားကြည့်နေရာမှ ကိုမြင့်ညို တို့သားအဖ စာဘတ်ခန်းထဲသို့ ၀င်သွားသောအခါ သူတို့နှစ်ယောက်သည်လဲ တယောက်ကို တယောက် မျက်ရိပ်ပြကာ နောက်ဘက်မီးဖိုချောင်ဆီသို့ ၀င်သွားကြသည်။
ညာမေတင်သည် ဧည့်ခန်းထဲမှာ သူနှင့် ခင်မောင်အေးတို့နှစ်ယောက်ထဲ ရှိနေခဲ့သောအခါ....
"ခင်မောင်အေးရယ် နောက်မှအမောဖြေပြီး အကြောင်းစုံကို ငါပြောပြပါမယ်၊ အခု ချက်ချင်း အဖေနဲ့ အမေ ကို ကန်တော့ပါရစေအုံး"

ဟု ပြောကာ လူဝံကြီးမောင်နှံ၏ပုံတူ ပန်းချီကားကြီးရှေ့မှာ ရိုသေစွာဒူးတုပ်ထိုင်ပြီး ကန်တော့လိုက်သည်။ ကန်တော့ရင်းပင် ကူမွန်တောင်တန်းမှာ လူဝံကြီးမောင်နှံနှင့် ပျော်ရွှင်စွာနေထိုင်ခဲ့ရသည်များကို ပြန်လည် မြင်ယောင်လွမ်းဆွတ်စွာဖြင့် မျက်ရည်ကျရ ပြန်တော့သည်။
"တိတ်ပါ မခင်မေရယ်၊ တို့နှစ်ယောက်ပြန်တွေ့ကြပြီဘဲ။ ကူမွန်တောင်တန်းက လွမ်းစရာတွေကို ကျိုးစား မေ့ပျောက်ပြီး ငါလဲ ငါ့မိဘ တွေအတွက် ကုသိုလ်ကောင်းမှုကိုလုပ်၊ နင်လဲ နင့်ကျေးဇူးရှင်ကြီးတွေအတွက် ကုသိုလ် ကောင်းမှု တွေလုပ် အမျှဝေ ရှိခိုးကန်တော့ကြတာပေါ့"
ညာမေတင် ၏ မျက်ရည်တွေကို ခင်မောင်အေးက ကြင်နာစွာသုတ်ပေးရင် ဖြေသိမ့်လိုက်သည်။

ညာမေတင် ကို မျက်ရည်သုတ်ပေးရင်း ဖြေသိမ့်စကားပြောရင်းက သူ့မိဘ ဆွေမျိုးတွေကို သတ်သွားသည့် ဦးအေးထွန်းတို့ကို ခင်မောင်အေးက ရန်ကို ရန်ချင်း မတုံ့လျှင်းတော့ဘဲ၊ ခွင့်လွှတ်လိုက်ပါတော့မည်ဟု စိတ်ထဲမှာ ဆုံးဖြတ်လိုက်သည်။

သို့သော် ခင်မောင်အေးက မည်မျှပင် သူတော်ကောင်းစိတ်ကိုထားပြီး ခွင့်လွှတ်လိုက်စေကာမူ ဦးအေးထွန်း တို့ ကား အလားတူ ကျူးလွန်ထားသည့် ရာဇ၀တ်မှုတွေအတွက် ရဲဘက်က စောင့်ကြည့်နေ သည်ကို၎င်း၊ မကြာမှီ ဖမ်းဆီးထိမ်းသိမ်းတော့မည်ကို၎င်း၊ ခင်မောင်အေးက မသိနိုင်ပေ။ ကူမွန်တောင် တန်းဘက်ကို ရွှေကျင်သူများ မကြာခဏသွားပြီး ရွှေကျင်တတ်ကြသည်ကို သိထားသော ဦးအေးထွန်းက နောက်ရောင်ခံ လိုက်သွားပြီး သတ်ဖြတ်လုယက်ယူတတ်သည်။ ထို့ကြောင့် လူဝံကြီးမောင်နှံနှင့်လဲ တွေ့ ဆုံခဲ့ရသည်။ ခင်မောင်အေး နှင့်လဲ တွေ့ဆုံကာ ကြီးမားသော အကြံဖြင့် ဖမ်းဆီးခေါ်ဆောင်လာခဲ့ခြင်း ဖြစ် သည်။

ခင်မောင်အေးအနေဖြင့် သူ့မိဘတွေနှင့်ပတ်သက်သော အထိမ်းအမှတ် ဓာတ်ပုံတွေ၊ ပစ္စည်းတွေဟူ၍ ဘာမှ မရှိတော့သည့် အတွက် ညာမေတင်၏မိဘဓာတ်ပုံတွေနှင့် ညာမေတင်ကျေးဇူးရှင်လူဝံကြီးမောင်နှံ၏ ပုံကိုသာ ရိုသေရတော့မည်ဖြစ်သည်။
ထို့ကြောင့် ညာမေတင်နှင့် နှစ်ယောက်အတူ အိမ်ဦးခန်းတွင် ညာမေတင် မိဘနှစ်ပါးဓာတ်ပုံ၊ ကျေးဇူးရှင် လူဝံကြီးမောင်နှံပုံတူ ပန်းချီကားတွေကို နေရာတကျချိတ်ဆွဲနေကြရင်း ကူမွန်တောင်တန်းက လွမ်းစဘွယ် အဖြစ်တွေကို ပြန်လည်တသူ ပြောဆိုနေကြစဉ်မှာ...

ဦင်္းအုန်းဖေနှင့် ကိုမြင့်ညိုတို့သည် ညာမေတင်၏သနားဘွယ် ရင်နာဘွယ် ကြေကွဲဘွယ်အဖြစ်တွေ စုံလင် စွာ သိထားပြီး ဖြစ်ခဲ့သည့်အပြင် ခင်မောင်အေး၏သနားကြင်နာစရာ နာကျည်းစရာကောင်းလှသော ဘ၀ ကိုပါ စုံစေ့စွာ သိလိုက်ကြပြီဖြစ်သည်။
ထို့ကြောင့် သားအဖနှစ်ယောက်တိုင်ပင်ကာ ညာမေတင်နှင့် ခင်မောင်အေးတို့ကို မခွဲတော့ဘဲ လူသိရှင် ကြား တင့်တင့်တယ်တယ် လက်ထပ်ထိမ်းမြားပေးရန်အရေးကို တိုင်ပင်နေကြသည်။ ဤအိမ်မှာ မည် သည့်ကိစ္စဖြစ်တွေ ဖြစ်စေ၊ ကိုထွန်းအံ့နှင့် ကိုဘသော်တို့က အမြဲပါဝင်ရသည်ချည်း ဖြစ်သည်။ ထို့ကြောင့်

"မောင်ဘသော်နဲ့ မောင်ထွန်းအံ့ လာကြစမ်းပါကွယ်၊ သားနဲ့သမီးကို သွားမေးကြစမ်း၊ မင်္ဂလာလက်ထပ် ဆွမ်းကျွေးရင် သံဃာတော်တွေကို လှူမဲ့ပွဲမှာ မောင်ခင်မောင်အေး မိဘတွေအတွက် ဘယ်လိုပစ္စည်းမျိုး ထည့်ချင်တယ်၊ သမီးရဲ့ ကျေးဇူးရှင်ကြီးနှစ်ဦးအတွက် ဘယ်လိုပစ္စည်းမျိုး ထည့်ချင်တယ်ဆိုတာ သွားမေး ပြီး စာရင်းရေးမှတ်လာခဲ့ကြ"
ဟူသော ညွှန်ကြားချက်ကို ဦးအုန်းဖေက ပေးလိုက်သည်။

ထို့ကြောင့် ကိုထွန်းအံ့နှင့် ကိုဘသော်တို့က စောစောက ခင်မောင်အေးနှင့် ညာမေတင်တို့ ဓာတ်ပုံတွေ ချိတ်နေကြသည့် အိမ်ပေါ်ထပ်သို့ တက်လာခဲ့ကြသည်။ သို့သော် နှစ်ယောက်လုံးကို မတွေ့ချေ။
"ဘယ်ထွက်သွားကြပါလိမ့်"

ဟု နှစ်ယောက်စလုံးတွေးကာ ဓာတ်ပုံတွေကို ကြည့်လိုက်သောအခါ ဓာတ်ပုံတွေရော ပန်းချီကားကြီးရော နေရာတကျ ချိတ်ဆွဲပြီးဖြစ်နေသည်ကို တွေ့ရသည်။
ထိုအခိုက် ခြံကြီးထဲက သာယာစွာမြည်ကြွေးလိုက်သော ငှက်အော်သံကို ကြားလိုက်ကြသည်။ ကိုထွန်းအံ့ နှင့် ကိုဘသော်တို့သည် တယောက်နှင့်တယောက် မတိုင်ပင်ရဘဲ နှစ်ယောက်ပြိုင်တူ ခြံကြီးထဲသို့ အပြေး လေး ဆင်းလာခဲ့ကြသည်။

ခြံကြီး၏ဒေါင့်အစွန်မှာ ရှိနေသော ကြီးမားသည့်သောကပန်းပင်ကြီးသည် ပန်းရင့်ရောင် သော်ကပန်းဆိုင်း များ တွဲရရွဲ ဖူးပွင့်လာ တင့်တယ်လှပလွန်းသည့် ထိုသော်ကပန်းပင်ကြီးပေါ်ဝယ် တော်တော်မြင့်သည့် သစ် ကိုင်းထက်မှာ ခင်မောင်အေးနှင့် ညာမေတင် တို့ တက်ထိုင်ပြီး ကူမွန်တောင်တန်းမှာ တယောက်ကို တယောက် အချက်ပေးခေါ်ခဲ့ကြသည့် ငှက်သံကို တယောက်တလှည့် ကြည်နူးစွာ အော်မြည်ရင့်ကြွေး နေ ကြသည်ကို တွေ့ရသည်။

"တို့ကိုမြင်ရင် အသံတိတ်သွားအုံးမယ်၊ အသာလေးချောင်း နားထောင်ရအောင်၊ ဒီအသံမျိုးးက ကူမွန် တောင်တန်းမှာသာ လွမ်းစရာကောင်းအောင် ကြားရတာ၊ ရန်ကုန်မှာ ကြားရဘို့ ခဲယဉ်းတယ်"
ဟူသော တူညီသည့် အတွေးဖြင့် ကိုထွန်းအံ့နှင့် ကိုဘသော်တို့ တိတ်တဆိတ် ပန်းခြုံအကွယ်က ချောင်း နားထောင်နေကြသည်။

တသုံသုံ တဖြူးဖြူး ဆော်မြူးတိုက်ခပ်လာသော လေနှင့်အတူ လွင့်ပါလာသော ခင်မောင်အေးနှင့် ညာမေတင် တို့၏ ငှက်မြည်ကြွေးသံသည် မြိုင်ယံဟေမ၀န် ကူမွန်တောင်တန်းကို လွမ်းဆွတ်နေသည့် သဘော ထင်ရှားစွာ ဖေါ်ပြနေတော့သည်။
                                       
မ၀င်းမြင့်                                       
၁၃-၈-၇၇
ပြီးပါပြီ
.

2 comments:

Ei said...

ကျေးဇူးတင်ပါတယ်ဗျာ..ပြီးတဲ့ အထိ တပိုင်းကို တ၇က်စောင့်ဖတ်အားပေးခဲ့တာပါ..

Anonymous said...

me 3!