Thursday, May 26, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၃)

အခန်း(၃)

စားသောက်ခန်းနှင့် အားကားဆောင်မှာ အောက်ဆုံးထပ်တွင် တိုးချဲ့ထားသည့် အဆောင် ဖြစ်၏။ တစ်တွဲ တည်း ဖြစ်သည်။ ကျွန်တော်တို့ ၀င်သွားပြီး ကျောင်းသူ ကျောင်းသားများ ထိုင်နေသည့် ခေါက်စားပွဲ များနှင့် မလှမ်းမကမ်း တွင် နေရာယူလိုက်ကြသည်။ အားလုံးစုံသည်နှင့် ကျောင်းအုပ် ဆရာကြီး မစ္စတာ ဖလောရင့် က မတ်တတ်ထပြီး ဆုတောင်းသည်။

"ငါတို့ အခု စားသောက်ကြမည့် အစားအစာအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို အာရုံပြုကြ လော့"
အာမန္တေသံ ပြိုင်တူ ထွက်ပေါ်လာသည်။ တစ်ပြိုင်တည်းတွင် ဇွန်းသံ၊ ခက်ရင်းသံ၊ အိုးသံ၊ ခွက်သံ တွေ နှင့် အတူ ကလေးတစ်သိုက် ၏ တီးတိုးစကားသံတွေ ထုနှင့် ထည်နှင့် ထွက်ပေါ်လာ၏။ စားသောက်ခန်း တာဝန်ကျ ၀န်ထမ်းများက စွတ်ပြုတ်ပန်းကန်တွေကို လိုက်ဖြည့်နေသည်။

ကျောင်းသူကျောင်းသား ရှစ်ယောက်တစ်ဝိုင်း ထိုင်ကြရ၏။ နှစ်ယောက်က ဟင်းလျာဝေငှဖို့ တာဝန် ယူ ရသည်။ ကျောင်းသူများရော ကျောင်းသားများပါ ဒါကိုတော့ ကျွမ်းကျင်ပုံရကြသည်။ ဟင်းလျာ ဝေငှဖို့ တာဝန် ကျသည့် နှစ်ယောက်ကပင် ပန်းကန်ခွက်ယောက်တွေကို သိမ်းဆည်းပြီး စားဖိုဆောင် ၀န်ထမ်းများ လက် သို့ အပ်ရသည်။

စားသောက်ပြီးစီးကြတော့ စားပွဲခင်းတွေကို ခါပြီး ခေါက်ကြရ၏။ ပြီးမှ ကိုယ့်အုပ်စုနှင့်ကိုယ် ဆရာကြီး၏ သွားခွင့်ပြု အမိန့်ကို ငြိမ်ငြိမ်ကလေး ထိုင်စောင့်နေကြသည်။ ဆရာ ဆရာမတွေ အားလုံး စားသောက်ပြီး ကြတော့ ဆရာကြီးက မတ်တတ် ထရပ်သည်။ ဤသည်မှာ ကလေးများ အား ထွက်ခွင့်ပြုလိုက်ခြင်းပင်။ ကိုယ့်အုပ်စု နှင့်ကိုယ် ငြိမ်ငြိမ်ကလေး ထွက်သွားကြသည်။
ဆရာ ဆရာမများနှင့်အတူ အပေါ်ထပ်သို့ ကျွန်တော် ပြန်လိုက်လာခဲ့သည်။ အခန်းထဲ ရောက်သည် နှင့် မစ္စက်ဒေးလ်အီဗန် အလုပ်ရှုပ်ပြန်ပြီ။ လက်ဖက်ရည် ဖျော်ရပြန်၏။

ပြတင်းပေါက်တွင် သွားရပ်ပြီး ဘုရားရှိခိုးကျောင်းပျက်ကြီး ကို ဒုတိယအကြိမ် ကျွန်တော် ငေးနေစဉ် တေးသွား တစ်ပုဒ် ကျယ်လောင်စွာ ထွက်ပေါ်လာ၍ ဆရာ ဆရာမတွေကို ကျွန်တော် လှည့်ကြည့် လိုက်သည်။ ဘာများပါလိမ့်၊ မစ္စကလင်တီက ကျွနတော် ဇဝေဇ၀ါ ဖြစ်နေပုံကို ရိပ်မိသွားဟန် တူ၏။

"နေ့ခင်းပိုင်း အကလေ့ကျင့်ခန်း လေ၊ ခန်းမဆောင်ကို သူတို့တစ်နာရီက တစ်နာရီ လေးဆယ့်ငါး အထိ သုံးခွင့် ရကြတယ်။ ဓာတ်စက်ကော အသံချဲ့စက်ကောပဲပေါ့၊ တစ်ခါတလေ ကျွန်မနဲ့ ဂရေ့စ် လည်း ၀င်က ကြတယ်၊ အဘိုးကြီးတောင် ၀င်ကတဲ့အခါ ကတယ်ရှင့်"
"လူသစ် ဆရာ ရေ၊ ခင်ဗျားကို သူတို့ ချိုပြောတော ခင်ဗျ"

ဆရာ ၀က်စတန် ၀င်ထောက်ပြန်သည်။ လူပုံ က မသေသပ်သလို အသံကလည်း ကြောင်စီစီနှင့်။ သူက ဆက်ပြီး -
"ဆရာမ ကလင်တီ မတရားပါဘူးဗျာ၊ နေလောင်လို့ အသားညိုနေတဲ့ ကျုပ်တို့ဆရာသစ်ကို ဘာလို့ ဖုံးဖုံးဖိဖိ လုပ်နေကြတာတုံး၊ ဒီ စိတ်မနှံ့တဲ့ ဟာကလေးတွေ အကသင်တန်း မှာ ဘယ်သူမှ စိတ်မ၀င် စားဘူးဆိုတာ လူတိုင်း သိနေတာပဲ၊ သူတို့က သိပ်ကွက်ကျော်မြင်တာနော်။ အကပညာကို တတ်ချင်လွန်းလို့ မဟုတ်ဘူးဗျ၊ ကိုယ်လုံး ကိုယ်ပေါက် လှအောင် လှုပ်ခါနေကြတာ၊ ဒါဟာ ယောက်ျားဆရာတွေကို ဆွဲဆောင်တဲ့နေရာမှာ အထိ ရောက်ဆုံး ဖျော်ဖြေမှုလေ၊ သီချင်းတွေကို အကျယ်ကြီး ဖွင့်ထားတာကတော့ တကယ့် ကပွဲကြီး ကျင်းပ နေတာနဲ့ တူအောင် လုပ်ထားတာ။ ကျုပ်တို့ ကောလိပ်တုန်းက ကျောင်းပြီးလို့ ကျောင်းဆင်းပွဲမှာ ပျော်သလို ပျော်ကြတဲ့ သဘောပေါ့ ဗျာ။

"ဒုက္ခပါပဲ၊ ဒီဆရာ က နေရာတကာ ကန့်လန့်ချည်းပဲဟေ့"
ဆရာမ ကလင်တီက မှတ်ချက်ချသည်။ မစ္စကက်ဒရူးက စိတ်ကို ချုပ်တည်းထားရသည့် လေသံဖြင့်-
"အို ... သူ့ကို အဖက်လုပ်ပြီး နားထောင်မနေနဲ့၊ သူက ရှုပ်ဖို့လောက် စိတ်ကူးနေတာ"
"ထားပါလေ၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သွားရာလမ်းကို မလိုက်ဘဲ သူ့ရှေ့က ဆရာတွေထက် ပိုပြီး အဆင် ပြေပြေ ရှိပါစေ လို့ ကျွန်တော် ဆုတောင်းပါတယ်"
ဤတွင် မစ္စက်ဒေးလ်အီဗန် ကြားဝင်သည်။

"ရှင် တစ်ဖက်သားကို ဘာလို့ စိတ်ဓာတ်ကျအောင် လုပ်နေတာလဲ ဆရာ ၀က်စတန်"
ဆရာ ၀က်စတန်က ပြောင်စပ်စပ် အမူအရာဖြင့် လက်နှစ်ဖက်ကို အပေါ်မြှောက်ပြီး -
"ဆရာမက ကျွန်တော့်ကို မတရားဘူး ထင်နေတယ်ပေါ့ ဟုတ်လား၊ ကျုပ်တို့ အလုပ်သင့်ဆုံး အလုပ်က သူ့ကို စိတ်ပျက်သွားအောင် လုပ်ဖို့ပဲ၊ ဘာပြုလို့ ကျုပ်တို့ရဲ့ ဒုက္ခဘုံထဲ သူ့ကို ဆွဲသွင်းမလဲ"
"ဆရာ ဟက်ကမန်း ရဲ့ နေရာကို လူစားခေါ်တာ ကြော်ငြာထည့်ရဲ့လား မသိဘူး"

မစ္စက်ဒရူးက စကားဖြတ်ပြီး ၀င်မေးတော့မှ သူတို့အားလုံး အာရုံ ပြောင်းသွားပြီး တီးတိုးတီးတိုး ဖြစ်သွား ကြသည်။ သည်တော့မှ ဆရာကြီးနှင့် ပြန်တွေ့ဖို့ ရှိသေးသည်ကို သတိရပြီး ကျွန်တော် အခန်းထဲမှ လှမ်းထွက်ခဲ့သည်။ မစ္စဘလင်းချဒ်က သတိရပြီး ကျွန်တော်နှင့်အတူ ထွက်လိုက်လာပြီး-
"တော်တော် ခွကျတဲ့ ဆရာပဲနော်"

ထရမ်းပက်သံတွေ ကြားထဲတွင် မလိုတမာ လေသံဖြင့် ပြောသည့်တိုင် ဆရာမအသံက ချိုလွင်နေ သည်။
"ဆရာ ၀က်စတန်ကို ပြောတာလား ဆရာမ"
"ဒါပေါ့၊ တချို့လည်း အလိုတူ အလိုပါ နေမှာပါ၊ ကျွန်မကိုသာ အဲဒီလို ပြောရင် ပါး ထရိုက်ပစ်မှာပဲ"
သူ့လေသံ က ပြောသလို လုပ်မည့် လေသံ။

"ဆရာ သူ့ကို လန့်တော့ မလန့်ပါဘူးနော်"
ကျွန်တော် ဆရာမကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ရိုးသားပွင့်လင်းခြင်းမှ လွဲ၍ ဘာမှ မတွေ့ရ။ သို့သော် ကျွန်တော် အောင့်သက်သက် ဖြစ်သွားသည်။
ခန်းမဆောင်ထဲသို့ ကျွန်တော် ၀င်လာခဲ့သည်။ ဓာတ်ပြား သီချင်းသံတွေက နားပွင့်လုမတတ် ဆူညံ နေ၏။ ဓာတ်ပြားထဲက ထရမ်းပတ်သံဖြင့် ယောက်ျားလေး မိန်းကလေး လေးတွဲနှင့် မိန်းကလေးချင်း အတွဲ နှစ်ဆယ်ခန့် ကနေကြသည်။ သို့သော် သူတို့ မျက်နှာများတွင် စိတ်အား ထက်သန်ခြင်း လုံးဝ မရှိ။

ကျောင်းသား တော်တော်များများမှာ အနိမ့်ဆုံး ခုံတန်းတွင် ထိုင်ကာ နံရံတွင် မှီလျက် ထိုင်ကြည့်နေ ကြသည်။ ကျောင်းသူများ၏ ပေါင်တံ ဖွေးဖွေးတွင် သူတို့မျက်စိတွေ စိုက်နေကြသည်။ စင်မြင့်ပေါ် တွင် ကနေကြသည့် ကျောင်းသူများကလည်း ဒါကို သိပုံရသည်ဟု ကျွန်တော် ထင်၏။ ဂါဝန်ကို ပို၍ ပို၍ ၀ဲ နေအောင် တမင်လုပ် ကနေကြ၏။
"ကြည့်လို့တော့ ကောင်းသားနော်၊ ကျွန်မလည်း အဲဒီ အကမျိုး သူတို့လို က တတ်ချင်လိုက်တာ"
ဆရာမ မစ္စဘလင်းချဒ်က ကျွန်တော့်နားနားကပ်ပြီး ပြောလာသည်။ ကျွန်တော်က သူ့ကို ငဲ့ကြည့် ပြီး-
"ဒါဖြင့် ကပါလား ဆရာမရဲ့"

"ရှင် ... ဒီမှာ ကျွန်မ ကရမယ် ဟုတ်လား"
စက်ဆုပ်ရွံရှာသည့် လေသံဖြင့် ပြောလိုက်ခြင်း ဖြစ်၏။ အထိတ်တလန့် ဖြစ်သွားပုံလည်း ရ၏။ ကျွန်တော်က ကနေသည့် ကျောင်းသူကျောင်းသားများဆီသို့ မျက်နှာမူပြီး ပြန်ကြည့်နေလိုက်၏။
သူတို့တစ်တွေ အတွဲဖြုတ်လိုက်ကြပြီး နောက်တီလုံးတစ်မျိုးကို ဟိုတစ်စု သည်တစ်စု  ရပ်စောင့်နေ ကြသည်။ တီးတိုးတီးတိုး လုပ်လိုက်ကြ၊ ရယ်မောလိုက်ကြနှင့်။ ကောင်မလေးတစ်ယောက် သူတို့ အုပ်စုထဲမှ ထွက်လာပြီး ကျွန်တော်တို့ ရှိရာသို့ လျှောက်လာနေသည်။ မနက်စောစောပိုင်းက ကျွန်တော်နှင့် တိုးမိမလို ဖြစ်သွားသည့် ဆံပင်နီနီနှင့် ကောင်မလေး။

သူ့ကို မမှတ်မိနိုင်စရာ မရှိပါ။ ကိုယ်လုံးကိုယ်ထည်က ပြည့်ဖြိုးထွားကျိုင်းနေပြီ။ အသားအရေ စင်ကြယ် သည်။ ကျွန်တော့်ရှေ့တွင် တည့်တည့် ရပ်ပြီး-
"က မလားဟင်"

ကျွန်တော် လုံးဝ မမျှော်လင့်ပါ။ သည်တော့ ယဉ်ကျေးစွာဖြင့် ခပ်သွက်သွက် ငြင်းလိုက်ရ၏။ ကလေးမက ကျွန်တော့် ကို အေးစက်စွာ ကြည့်သည်။ ပြီးမှ ပေါ့ပါးစွာဖြင့် ပြန်လှည့်ထွက်သွားသည်။ သူ့အဖွဲ့တွေဆီ ပြန် ရောက်သွားသည်နှင့် သူ့ရယ်သံ စီခနဲ ထွက်လာသည်။ ဤတွင် နောက်ခံ တီးလုံး နောက်တစ်မျိုး ထွက်ပေါ် လာသည်။
နောက်လှည့်ကြည့်လိုက်တော့ ဆရာမ မစ္စဘလင်းချဒ် မရှိတော့။ ကောင်မလေး ကျွန်တော့်အနား ရောက်လာတုန်း ဆရာမ လစ်ထွက်သွားခြင်း ဖြစ်မည်။ ကျွန်တော်လည်း ဆရာကြီး ရုံးခန်းဆီသို့ ထွက်ခဲ့၏။

ဆရာကြီးအား စားပွဲတွင် ထိုင်နေသည်ကို တွေ့ရ၏။ လက်ထဲတွင် အရာဝတ္ထုလေးတစ်ခုကို ကိုင်လျက်။ ကျွန်တော် ထိုင်မိသည်နှင့် သူ့လက်ထဲမှာ ဟာကလေးကို ကျွန်တော့်အား ပြသည်။ ရွှံ့စေးဖြင့် ပြုလုပ် ထားသည့် ကိုယ်လုံးတီး ရုပ်ကလေး။ အစိမ်းရောင် ရေညှိတွေ ဖုံးနေပြီ။

"မထူးဆန်းဘူးလား ဆရာ၊ သြစတြီးယားမှာ နှစ်ပေါင်းများစွာက တူးဖော် ရရှိခဲ့တာတဲ့။ ဒီအရုပ်ကို ထုခြေ ဖျက်ဆီး ဖို့ ကြိုးစားကြတာလည်း နှစ်ပေါင်းများစွာ ရှိပြီတဲ့"
ဆရာကြီးက သက်ပြင်းတစ်ချက်ချကာ အရုပ်ကလေးကို စားပွဲပေါ်သို့ အသာပြန်ချသည်။ ပြီးတော့ ကျွန်တော့် ကို တည့်တည့်ကြည့်သည်။ သူ့မျက်လုံးက ကြင်နာပုံရသည်။ သို့သော် တိကျပြတ်သား ပုံ။
"ကဲ ... ဘယ်လို သဘောရသလဲ ဆရာ"
"တစ်ပတ်တော့ လျှောက်ကြည့်ခဲ့ပါပြီ ဆရာကြီး"
ကျွန်တော်က စိတ်အားထက်သန်မှုကို သတိထားဖုံးကွယ်ပြီး မယုတ်မလွန် ပြန်ပြောလိုက်သည်။

"ကောင်းပြီ၊ ဒါဖြင့် ဒီကျောင်းအကြောင်း ဒါထက် ပိုပြီး ဆရာနားလည်အောင် ပြောပြမယ်"
ဆရာကြီးက စကားလုံး ချွေတာသလို သူ့ကျောင်းအကြောင်းကို တိုတိုတုတ်တုတ် ပြောပြသည်။
"ဆရာ လည်း ကြားသင့်သလောက် ကြားပြီးရောပေါ့။ ကျောင်းတစ်ကျောင်းရဲ့ ကောင်းသတင်း မကောင်းသတင်း ဆိုတာကတော့ ပျံ့လွင့်စမြဲပဲလေ။ ဒါပေမဲ့ ဆိုးတာက ဆရာတို့ကျောင်းနဲ့ ပတ်သက်လို့ မကောင်း သတင်း က များနေတယ်။ ဆရာတို့ သည်းခံဖို့ ကြိုးစားနေကြတဲ့ ကိစ္စတွေကို သည်းမခံတဲ့ လူ တွေရဲ့ ၀ါဒဖြန့်ချိရေးတွေပေါ့လေ။

"ဆရာတို့ကျောင်းက ကလေးအများစုဟာ အထိန်းရခက်တယ်ပဲ ထားပါတော့။ ဒါကလည်း မူလတန်း ကျောင်း တွေမှာတုန်းက အရွယ်နဲ့မမျှအောင် အထိတ်တလန့်ဖြစ်အောင် ရိုက်နှက် ဆုံးမ ခဲ့ကြလို့ပဲ၊ အဲဒီ အကြမ်းပတမ်း နည်းဟာ မအောင်မြင်ပါဘူး။ အုပ်ချုပ်တဲ့အပိုင်းက ဘယ်လောက်ပဲ စည်းကမ်းကောင်းနေ၊ ဘယ်လောက် ပဲ မှန်နေ ဒါက တစ်ပိုင်း၊ ကျောင်းသားတစ်ယောက်ကို ကြိမ်နဲ့ ဆုံးမဖို့ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ကျတော့ ဆရာတို့ စဉ်းစားရတယ်။

"ဆရာတို့ကျောင်းက ကလေးတွေဟာ လူကြီးဖြစ်စပြုနေတဲ့ ကလေးတွေ၊ ဒါကြောင့် သူတို့ကို မူလတန်း ကလေးတွေကို ကိုင်သလို ကိုင်လို့ မရဘူး။ ပြီးတော့ ဒီအပိုင်းက ကလေးတွေဟာ ဆင်းရဲ ကြတယ်။ အစားချို့ငဲ့၊ အ၀တ်ချို့ငဲ့၊ အနေချို့ငဲ့နဲ့။ အဲဒီ ရုပ်ပတ်ဝန်းကျင်ကြောင့် သူတို့တစ်တွေရဲ့ မသိစိတ်မှာ နာကြည်းချက် တွေ သိပ်များလာတယ်။ ဆူးတွေ တစ်ချောင်းပြီး တစ်ချောင်း ပေါက်လာ တယ်။ အမြစ် တွယ်လာတယ်။ ဆရာတို့ ဒီအခြေအနေတွေကို နားလည်ထားမှ သူတို့ကို စေတနာ ထားနိုင်မယ်။

"ပထမဆုံး သူတို့မိဘတွေရဲ့ ၀င်ငွေကို ဆရာတို့ ကြည့်ရမယ်။ ဈေးအပေါဆုံး အစားအစာတောင် နပ်မှန်ဖို့ မလွယ်ဘူး၊ နွေးနွေးထွေးထွေး မထားနိုင်ဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေရာမျိုးမှာ မနေနိုင်ဘူး။ ဆရာတို့ ကျောင်းမှာ အလုပ်လက်မဲ့တွေရဲ့ သားသမီးတွေ အများကြီး ရှိတယ်။ လက်ကြောမတင်းလို့ အလုပ်မရှိတဲ့ မိဘတွေလည်း ရှိတာပေါ့လေ။ အဲဒီတော့ နပ်မှန်အောင် မစား နိုင်ကြတော့ဘူး။ စားနိုင်ပြန်တော့လည်း အာဟာရဖြစ်တဲ့ အစားအစာ မဖြစ်နိုင်ဘူး။

"ပြွတ်ကျပ်နေတဲ့ အခန်းကလေးထဲမှာ ကြုတ်ထဲ ကျွဲသိပ် အိပ်ရပြီး မိုးလင်းတော့ လက်ဖက်ရည်ကျ နဲ့ ပေါင်မုန့် ကလေး တစ်ဖဲ့လောက် စားရတဲ့ ကလေးတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ကာယ အင်အား၊ ဥာဏ အင်အား ဖွံ့ဖြိုးနိုင်မလဲ၊ ဘယ်လိုလုပ်ပြီး သင်္ချာတော်နိုင်မလဲ၊ စာလုံးပေါင်း မှန်နိုင် မလဲ၊ စာရိတ္တ ကောင်းနိုင် မလဲ။ အဲဒီလို ကလေးမျိုးကို စာထဲ စိတ်မပါလို့ဆိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရင် စာတော်လာမယ် ထင်သလား"

ဆရာကြီး စကားလုံးများကို နားထောင်နေရင်း ကျွန်တော့်ရင်ထဲတွင် တစ်မျိုးတစ်မည် ဖြစ်ကုန် တော့၏။ သည် ရုံးခန်းထဲ ကို ကျွန်တော် ၀င်လာတုန်းက ဆရာကြီး၏ စီမံကိန်းတွေကို ဖြည့်ဆည်းဖို့ ဆရာကြီးကို အထင်တကြီး ၀င်လာခြင်း ဖြစ်၏။ သို့သော် ခုတော့ ဆရာကြီးက ကလေး ဘ၀ သရုပ်ဖော်တွေ ပြောပြ နေသည်။ ကျွန်တော် အောင့်သက်သက် ဖြစ်နေ၏။
လွန်ခဲ့သော ၂နှစ်လုံးလုံး ကျွန်တော့်အတွေ့အကြုံများသည် ကျွန်တော့်အတွေးထဲသို့ အတင်း ကျူးကျော် ၀င်ရောက်လာကြလေပြီ။ သည်ကလေးများသည် ငတ်နေသည်ဖြစ်စေ၊ ၀မ်းဝနေသည် ဖြစ်စေ၊ အ၀တ် ၀တ်ထားသည် ဖြစ်စေ၊ ဗလာကိုတည်း ဖြစ်စေ သူတို့သည် ကျွန်တော့် အတွက် လူဖြူကလေးများသာလျှင် ဖြစ်၏။ တစ်ဆက်တည်းတွင် သည်ကိစ္စမှာ ကျွန်တော့်အတွက် ပစ္စည်းမဲ့ နှင့် ကြေးရတတ် ပြဿနာ ဖြစ်၏။ လူတန်းစား ပြဿနာ ဖြစ်၏။

ကျွန်တော်သည် အလုပ်ကို အသေအလဲ လိုချင်ခဲ့သည်။ သည်အလုပ်ကို ကိုယ်စွမ်းရှိသရွေ့၊ ဥာဏ်စွမ်း ရှိသရွေ့ ကြိုးစားမည်ဟုလည်း ဆုံးဖြတ်ထားခဲ့၏။ ၀ါသနာပါလွန်း၍တော့ကား မဟုတ်။
"နောက်တစ်ခုက ..." ဆရာကြီးက စကားဆက်သည်။
"သူတို့ အကျင့်စာရိတ္တနဲ့ ပတ်သက်တယ်၊ ဆရာ မကြာခင် တွေ့ပါလိမ့်မယ်၊ ဆေးလိပ်သောက်ကြ တယ်၊ အပြောအဆို ရိုင်းပျကြတယ်၊ ဒါတွေ ပပျောက်အောင် ဆရာတို့ အပြင်းအထန် ကြိုးစားခဲ့ တယ်၊ ဒါတွေဟာ ကလေး တွေကြောင့် ဖြစ်ရတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်ကြောင့် ဖြစ်ရတာဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။

"သူတို့လို ဆရာတို့ ပိုပြီး ကြင်ကြင်နာနာ ဆက်ဆံတယ်၊ ယုံကြည်ကိုးစားအောင် လုပ်ပေးတယ်၊ ဒီလို အခြေအနေ မှာ ဒါတွေဟာ အလိုအပ်ဆုံးဆိုတာ ဆရာတို့ အတွေ့အကြုံအရ သိနေပြီလေ။ ဒါပေမဲ့ ကျောင်းမှာ နေရတဲ့ အချိန်ထက် အိမ်မှာနေရတဲ့ အချိန်က ပိုများနေတော့ လွှမ်းမိုးမှုခြင်း ကွာတော့ကွာတာပေါ့။ သူတို့ ပတ်ဝန်းကျင်မှာက အကျင့်ပျက်တွေ၊ ကလေကချေတွေ၊ ကြေးစား မိန်းမရွှင် တွေချည်းပဲလေ"

ကျွန်တော် ဆရာကြီးကို စိုက်ကြည့်ပြီး နားထောင်နေမိ၏။ စိတ်လိုက် မာန်ပါ ပြောနေခြင်း ဖြစ်ပါသည်။ ကလေး တွေကို သံယောဇဉ်ကြီးပုံမှာ အထင်းသား ပေါ်လွင်နေ၏။ စောစောက ကျွန်တော့်ရင်ထဲတွင် မတင်မကျ ဖြစ်နေသည့် အလိုမကျမှုများ ပျောက်ကွယ်သွားကြလေပြီ။ သို့သော် သံသယကလေးများ စဉ်း ငယ်တော့ ကျန်နေသေး၏။
ဆရာကြီးက သူ့ကျောင်းမှ ကလေးတွေကို ခိုကိုးရာမဲ့ ကလေးငယ်များကို သဘောထားပြီး ပြောနေ သည်။ စောစော က အကသင်တန်းခန်းမထဲတွင် ကျွန်တော် တွေ့ခဲ့သည့် ကျောင်းသူကျောင်းသား များကို ဆရာကြီး ဘယ်လို သဘောထားမလဲ။

ဆရာကြီးသည် ကျောင်းသူ ကျောင်းသားများ၏ ဘ၀တိုးတက် ကောင်းမွန်အောင် မြှင့်တင်လိုသည် ကိုတော့ ကျွန်တော် သံသယ မရှိပါ။ သို့သော် သူပြောသမျှ အားလုံးကို သူ ယုံကြည်ရဲ့လား ဟူ၍ တော့ သံသယ ရှိလာသည်။ ပြီးတော့ ကျွန်တော့်အတွက် သက်သက်ပြောနေခြင်းကော ဟုတ်နိုင် ပါ့မလား။ ၀င်လာသည့် ကျောင်းဆရာ တိုင်း ကို သည်လိုပင် မိန့်ခွန်းခြွေလေ့ ရှိသလား။ သွားလေသူ ဆရာ ဟက်ကမန်း ဆိုသူကော ဒီလို ဆုံးမ သြ၀ါဒမျိုး ခံယူခဲ့ဖူးသလား။

မည်သို့ဖြစ်စေ ဆရာကြီးကိုတော့ ကျွန်တော် သဘောကျစပြုလာသည်။ သူ့စိတ်ထက်သန်မှုနှင့် စေတနာ ကြောင့် ပူနေသည့် သူ့အရပ်ကို သတိမထားမိတော့ပေ။ ကြည်လင်၍ အောင်မြင်ပြတ်သား သော အသံ ဖြင့် ဆက် ပြောသည်။

"ဆရာတို့ ကျောင်းကို ဝေဖန်နေကြတယ်၊ စည်းကမ်းကို မထိန်းဘဲ လွှတ်ထားတယ်တဲ့၊ အဲဒါ မှားတယ်၊ လုံးလုံးမှားတယ်။ ဆရာတို့ အကောင်းဆုံး စည်းကမ်းကို ရှာဖွေနေတယ်ဆိုရင်တော့ မှန်မယ်၊ ဆရာတို့ ရှာဖွေ နေတာက လွတ်လပ်မှုဘောင်ထဲက စည်းကမ်းမျိုး၊ အဓိပ္ပာယ်ကတော့ ကလေးတွေဟာ လွတ်လွတ်လပ်လပ် အလုပ်ချိန်မှာ အလုပ်လုပ်၊ ကစားချိန်မှာ ကစား၊ အဲဒီလိုအခါ မှာ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုဘူး၊ သူတို့ မှာ ဘယ်လောက် အရည်အချင်း ရှိတယ်ဆိုတာ အဲဒီနည်းနဲ့ သိလာနိုင်တယ်"

ဆရာကြီးက ခဏနားပြီး ပြုံးသည်။ တစ်ခုခုကို သတိရပြီး ပြုံးလိုက်သည့် အလား။
"သူတို့အကြောင်း သူတို့ပြောဖို့ ဆရာတို့ လမ်းဖွင့်ပေးတယ်၊ အားပေးတယ်၊ ဘယ်လို အခြေအနေမျိုးဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောဖို့ တိုက်တွန်းတယ်။ ပထမပိုင်းတော့ သိပ်အဆင် မချောဘူး၊ ဒါပေမဲ့ တဖြည်းဖြည်း ကျောင်းကောင်စီရဲ့ ပညာပေးမှုကြောင့် သူတို့ ပညာရလာလိမ့် မယ်လို့ ဆရာတို့ မျှော်လင့်တယ်လေ။ အဲဒီအခါမှာ ရိုင်းပျတဲ့ စကားလုံးမပါဘဲ သူတို့ ပြောတတ် ဆိုတတ် လာလိမ့်မယ်၊ သူတို့အချင်းချင်း ကျီး ဘုတ် ရိုသေ၊ ဘုတ် ကျီး ရိုသေ ဆက်ဆံရေးမျိုးနဲ့ ဆက်ဆံတတ်အောင်လည်း ဆရာတို့ သင်ပေးဖို့ ကြိုးစားတယ်။

"ဆရာတွေအနေနဲ့ ကျောင်းသားတွေအပေါ်မှာ ထားရှိတဲ့ စေတနာနဲ့ တာဝန်ကို နားလည်ရင် လုပ်စရာတွေ အများကြီးပါ၊ လုပ်နိုင်တာတွေ အများကြီးပါ"
ဆရာကြီး မတ်တတ်ထပြီး တစ်ခုတည်းသော ပြတင်းပေါက်တွင် သွားရပ်သည်။ ဘုရားရှိခိုး ကျောင်းပျက် ကြီးကို ငေးကြည့်နေရင်း အတန်ကြာ တွေရပ်နေ၏။ လက်နှစ်ဖက်ကို နောက်ပစ်လျက်။ ပြီးမှ ကျွန်တော့်ဘက် ပြန်လှည့်ပြီး ပြုံးပြသည်။

"ဒါပါပဲ၊ ဘယ်ပုံဘယ်နည်း သင်ရမယ်ဆိုတဲ့ စာသင်ပုံ စာသင်နည်း ဆရာ မပေးနိုင်ပါဘူး၊ အဲဒီ နည်းလမ်း စည်းကမ်း တွေဟာ သိပ်မအောင်မြင်ပါဘူး၊ အထူးသဖြင့် ဒီကျောင်းမှာ ပိုမအောင်မြင် သေးတယ်။ ဆရာ ကောင်းမယ် ထင်တဲ့ နည်းနဲ့သာ စခန်းသွားပါ။ ဆရာတို့အားလုံး လိုတဲ့ အကူအညီ ပေးဖို့ အသင့်ရှိတယ်။ သို့ငြားလည်း အောင်မြင်တယ်။ မအောင်မြင်ဘးဆိုတာတော့ ဆရာ တစ်ယောက်တည်းအပေါ်မှာပဲ တည်လိမ့်မယ်၊ ဆရာ့ လုပ်ငန်း မှာ ဘယ်သူမှ ၀င်မစွက်စေရဘူး။

"စိတ်မကောင်းစရာတစ်ခုကတော့ ဆရာတို့ကျောင်းက ဆရာတွေထဲမှာ သူတို့ကိုယ်သူတို့ အတော်ဆုံး လို့ ထင်နေတဲ့ တစ်ယောက်တလေ ရှိတယ်။ သူတို့ကတော့ ဆရာပြောတဲ့ အလုပ်မျိုးမှာ လုံးဝ သုံးမရကြပါဘူး။ နောက်တစ်ခုက ဆရာ မကြာခဏ ပြောင်းတဲ့ကိစ္စ၊ အလုပ်မှာ လည်း နှောင့်နှေးတယ်၊ ကလေးတွေ အတွက် လည်း နစ်နာတယ်။
"ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ကျောင်းအနေနဲ့ရော ဆရာ ဆရာမတွေရဲ့ အကြီးအကဲတစ်ယောက်အနေ နဲ့ရော ဆရာတော့ ဆရာ ဘရိတ်ဝိတ်ကို ကြိုဆိုပါတယ်၊ နာမည်ကြီးအခန်းကို မနက်ဖြန်ကို စပြီး ၀င်ပေတော့၊ ယောက်ျားလေး တွေရဲ့ ပီတီ အချိန် ကိုလည်း ၀ိုင်းကူပေးပါ။ ဆရာ့လက်ထောက် မစ္စက်ဒရူးက လိုတဲ့ အသေးစိတ် အစီအစဉ်တွေ လုပ်ပေးလိမ့်မယ်၊ ဒီနေ့ နေ့လယ်ပိုင်းတော့ ဆရာ ဘရိတ်ဝိတ် လေ့လာ စရာ ရှိတာ ဆက်လေ့လာပေါ့"

ပြောပြောဆိုဆို ဆရာကြီးသည် ကျွန်တော့်ဆီသို့ လက်ကို ဆန့်တန်းပြီး လျှောက်လာသည်။ ကျွန်တော်က ထပြီး လက်ဆန့်ပေးတော့ တရင်းတနှီး တင်းတင်းကျပ်ကျပ် လက်ကို ဆုပ်ရင်း-
"ဆရာပြောတယ် မယုံရင်ကြည့်၊ သူတို့အကြောင်ကို သိပြီးရင် သူတို့ကလေးတွေဟာ တကယ် အပြစ်မဲ့တဲ့ ချစ်စရာ ကလေးတွေဆိုတာ သိလာလိမ့်မယ်။ ကဲ ... ဆရာ သူတို့နဲ့ အဆင်ပြေပါစေဗျာ"
ဆရာကြီး အခန်းထဲမှ ထွက်ခဲ့ပြီး ဆရာများအခန်းသို့ ကျွန်တော် ပြန်လာခဲ့သည်။ သူတို့အားလုံး စူးစမ်းသည့် မျက်လုံး များဖြင့် ကျွန်တော့်ကို ၀ိုင်းကြည့်နေကြသည်။ မစ္စက်ဒေးလ်အီဗန်က ဖတ်လက်စ သတင်းစာကို ပိတ်ပြီး- "ဆိုပါဦး ဆရာ၊ အခြေအနေ"

"ဆရာ ဟက်ကမန်း ရဲ့ အခန်းကို ကျွန်တော် မနက်ဖြန် စ၀င်မယ်လေ"
ကျွန်တော် တိုတို ဖြေလိုက်သည်။
"အို ... ဘုရားသခင်၊ သနားစရာ သတ္တ၀ါ၏ ၀ိညာဉ်ကို စောင့်ရှောက်တော်မူပါ"
ဆရာ ၀က်စတန်၏ ခပ်တည်တည် လှောင်သံ။ မစ္စက်ကလင်တီက ဒိုးဒိုးဒေါက်ဒေါက် ၀င်ပြောသည်။
"ဆရာမကလည်း နေရာတကာမှာ စိတ်ပညာနဲ့ချည်း ကြည့်နေတာကိုးဗျ"
ဆရာ ၀က်စတန်က နီကြန်ကြန် မုတ်ဆိတ်မွေးများအောက်မှ နှုတ်ခမ်းမွေးတွေ မလှုပ်ဘဲ အဓိပ္ပာယ်နှစ်ခွ စကားဖြင့် နောက်ပြန်သည်။ ဆရာမ၏ အားကျမခံ-

"ဒါ အမှန်ပဲလေ၊ ကျောင်းသူတွေဟာ ဆရာမထက် ဆရာကို ပိုသဘောကျကြတာချည်းပဲ"
အတန်းတက် ခေါင်းလောင်းထိုးသဖြင့် ဤမျှနှင့် စကားဝိုင်း သိမ်းဖြစ်သွား၏။ မစ္စက်ဒရူးသာ အခန်းထဲတွင် ကျွန်တော်နှင့် စကားပြောရင်း ကျန်ရစ်သည်။ ဆရာမကြီးက ကျွန်တော့်ကို လုပ်ငန်းနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ညွှန်ကြားသည်။ နေ့စဉ် ကျောင်းခေါ်ကြိမ် မှတ်ပုံတင်ကိုင်ပုံ၊ နေ့လယ်စာ စားသောက် စရိတ် စုဆောင်းပုံက အစ အခြားတာဝန်များကိုပါ ရှင်းပြ သည်။

ဆရာမကြီးကို ကျွန်တော့်ကို သူ့အတန်းထဲအထိ ခေါ်သွားပြီး လေ့လာစေသည်။ မစ္စက်ဒရူးသည် သူ့အတန်းကို သူ ကောင်းကောင်းကြီး ထိန်းနိုင်သည့် ဆရာမကြီး ဖြစ်၏။ အတန်းကို အလုပ်တစ်ခု ပြီးတစ်ခု ဆက်တိုက် ပေးထား၏။ ချာတိတ်တွေ ယားလို့ပင် ကုတ်ချိန်မရှိကြ။ သည်ကြားထဲက သီချင်းညည်းသံ၊ လေချွန်သံ တစ်ခါတစ်ခါ ထွက်လာသေး၏။ ကျွန်တော့်စိတ်ထဲ တစ်မျိုး ဖြစ်သွားသည်။
သည်အကြောင်း မေးကြည့်တော့ ဆရာမကြီးက သည်မျှလောက်ကို ခွင့်လွှတ်ထားကြောင်း၊ သူတို့အလုပ်ကို သူတို့ လုပ်နေလျှင် ကျေနပ်ရမည်ဖြစ်ကြောင်း၊ တဖြည်းဖြည်း သူတို့ကလေးတွေ အရွယ်ကြီးလာလျှင် သည် အပြုအမူ တွေ သူတို့ဘာသာ သူတို့ ပြင်သွားမည့်အကြောင်း ရှင်းပြသည်။

ကျောင်းဆင်းခေါင်းလောင်း ထိုးသည်အထိ ကျွန်တော် ဆရာမကြီး စာသင်ပုံကို လေ့လာနေသည်။
ညနေ အိမ်အပြန်လမ်းတွင် ကျွန်တော့်စိတ်ထဲ မတင်မကျကြီး ဖြစ်နေ၏။ ဗလောင်ဆူနေ၏။ ကျောင်းနှင့် ကေလးတွေ၊ ဆရာ ၀က်စတန်၊ ကျွန်တော် လျှောက်ပြန်လာသည့် ယင်တလောင်းလောင်းလမ်း။ အလုပ်ရလို့ ပျော်ရမည့်နေ့တွင် ကျွန်တော် မည်သို့ ပျော်နိုင်ပါမည်နည်း။
ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခုကား ကျွန်တော် ရခဲ့ပြီ။ ကျွန်တော် အရည်အချင်းကို ကျွန်တော် စမ်းသပ်ခွင့်ရတော့မည်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုတွင် တန်းတူရည်တူ အခွင့်အရေး ဖြင့် ကျွန်တော် အလုပ်လုပ်ရတော့မည်။

သည်နေ့ကစပြီး ကျွန်တော်ဆရာဖြစ်ပြီ။ တခါမှ စာမသင်ဖူးသေးသော ဆရာ။ ဘုရား၊ ဘုရား။ ကျွန်တော် လေ့လာစရာ တွေ  အများကြီးပါလား။ သို့သော် ကျွန်တော်ဖြစ်အောင်လုပ်မည်၊ ကြိုးစားမည်၊ အားလုံးကို ဖြတ်ကျော်မည်။ မစ္စက်ဒရူးက ကျွန်တော့်ကို အားပေးသည်။ ဆရာမ ဒေးလ်အီိဗန်နှင့် ဆရာမ ကလင်တီ တို့လည်း ထိုနည်းအတူ။ ကျွန်တော့်ကိုကျွန်တော်လည်း အားပေးနေရ၏။

လွန်ခဲ့သည့်လေးနှစ်ကဆိုလျှင် သည်ကိစ္စဖြစ်နိုင်ဖို့ ကျွန်တော်စဉ်းစားလို့ပင် ရမည်မထင်။ ကျွန်တော် ကျောင်းဆရာ ဖြစ်လာခြင်းမှာ ဆရာဖြစ်လက်မှတ် ရှိ၍ဖြစ်လာခြင်းမှာ ဆရာဖြစ်လတ်မှတ်ရှိ၍ ဖြစ်လာခြင်းမ ဟုတ်ပါ။ စဉ်းစဉ်းစားစား ရွေးချယ်ရသည့် အသက်မွေးဝမ်းကျောင်းမဟုတ်ပါ။ ပညာရင်နို့ သောက်စို့ ကြသည့် ကျောင်းသူ/ကျောင်းသားများအား ပညာအမွေဖြန့်ဝေလို၍ မဟုတ်ပါ။ လောလောဆယ် ၀မ်းတစ်ထွာ အတွက် အပူတပြင်း ပြဿနာဖြေရှင်းလိုက်ရခြင်းဖြစ်ပါသည်။ ဆက်တိုက်ရင်ဆိုင်ခဲ့ရသည့် ပျော်စရာ ကောင်းလှသော အတွေ့အကြုံများကြောင့်လည်း ဤသို့ ဆုံးဖြတ်လိုက်ရ ခြင်းဖြစ်ပါ၏။ ၁၉၄၅ ခုနှစ် ဘုရင့်လေတပ်မတော် ဖျက်သိမ်းလိုက်လို့ တပ်က ထွက်ခဲ့ရပြီး ဆိုကတည်းက တောက်လျှောက် ကြုံ တွေ့  ခဲ့ရသည့် အနိဋ္ဌာရုံများ။

ဆက်ရန်
.

2 comments:

စံပယ်ချို said...

အပိုင်း၁ဖတ်ပြီးအပိုင်း၂ကိုမဖတ်ရသေးဘူး
ဘာဖြစ်လို့ကျန်သွားလဲမသိပါဘူးနောက်ရက်မှ
အပိုင်း၂ပြန်ဖတ်မယ်...
ခုတော့ ၃ကိုပဲစိတ်ဝင်စားစွာနဲ့ဖတ်လိုက်တော့မယ်။

စော(အဝါရောင်မြေ) said...

ဒီစာတွေ ဖတ်ပြီ၊ စိတ်ဓာတ် ပြန်လည်ထူထောင်ရေး ကျောင်းတွေ အဖြူနိုင်ငံတွေမှာလဲ ရှိခဲ့တာပဲနော်။
လူတွေဟာ ကိုယ်လုပ်ရမယ့် အလုပ်ကို စိတ်ဝင်းစားလို့ ပဲဖြစ်ဖြစ်၊ မဝင်းစားပေမယ့်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်သင့်တယ်။ မကိုက်ညီလာဘူးဆိုတော့လဲ ကိုက်ညီမဲ့အလုပ်ကို စဉ်စားပြီးပြောင်းလုပ်ရမှာပေါ့။