အခန်း(၂၃)
လင်ကီ
လင်ကီ
၁၉၆၃ ခုနှစ် အောက်တိုဘာလတွင် စာအုပ်တိုက်ကြီးတစ်တိုက်မှ ဧည့်ခံသည့် အရက်စုံ ပါတီပွဲသို့ လင်ကီ၊ ဟန့်နှင့် ရော့ဖ်ကို သုံးယောက်စလုံး သွားကြသည်။ ကော့စမို ပိုလီတန် မဂ္ဂဇင်း ပျက်တော့ မည် အခြေအနေ မှ ပြန်မတ်လာခြင်း အထိမ်းအမှတ်အဖြစ် ကျွေးမွေးသည့်ပွဲ။
အပျော်ဖတ် ၀တ္ထုများဖြင့် နာမည်ကြီးလာသည့် ကော့စမိုပိုလီတန်သည် အခြေအနေ ယိုင်နဲ့လာ သဖြင့် စီမံခန့်ခွဲရေးပိုင်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ရ၏။
အယ်ဒီတာ အသစ်၊ ဟယ်လင်ဂါလေမှာ "မိန်းကလေးတစ်ယောက်၏ အချစ်စိတ်" စာအုပ်ဖြင့် မနှစ်က တဟုန်ထိုး နာမည်ကြီးလာသူ။ စာအုပ်နာမည် ကိုယ်တိုင်က မိန်းကလေး အသိုင်းအ၀န်း တွင် "လှုပ်" နေပြီ။
ဟယ်လင်ဂါလေသည် "ကော့စမို" အား ကယ်တင်ဖို့ ရောက်လာခြင်း ဖြစ်၏။ သူ့အစွမ်းအဆောင် ဖြင့် တိုက်အခြေအနေ ပြန်ကောင်းလာ၍ ဧည့်ခံပွဲ လုပ်ပေးခြင်း ဖြစ်၏။ အယ်ဒီတာ စာရေးဆရာမ အား ချီးကျူး ဂုဏ်ပြု ပွဲ လည်း ဖြစ်သည်။
ကော့စမို မဂ္ဂဇင်း မျက်နှာဖုံးမယ် အများအပြားလည်း တက်ကြ၏။ အရပ်မြင့်မြင့် စိုစိုပြေပြေ၊ အလှအပ တွေကို ကြည့်ပြီး ဟန့်ဂရင်နီသည် အလိုလို စိတ်တိုလျက် ရှိသည်။
"မိန်းမ တွေက ချောလာလေလေ၊ အမြင်ကတ်ဖို့ ကောင်းလေလေပဲ"
သုံးယောက်သား အပြန်တွင် ဟန့်က ပြောလိုက်ခြင်း ဖြစ်သည်။ ဘယ်သူ့ကို ပြောမှန်း မသိ။
"မျက်နှာဖုံး ကောင်မလေးတွေကို ပြောတာလး၊ ဘာလဲ၊ မင်းထက် အရပ်ပိုမြင့်လို့လား၊ ဒါမှမဟုတ် မင်းကို ဂရုမစိုက်ကြလို့လား" ဟု ရော့ဖက်က ထောင်ပေးလိုက်သည်။
ဟန့်က လင်ကီ့ဘက် လှည့်ပြီး"မင်းလည်း အမြင်ကပ်ဖို့ ကောင်းတာပဲ"
"ဟုတ်လား၊ ကျွန်မကိုယ်ကျွန်မတော့ လှတယ်လို့ တစ်ခါမှ မထင်ဘူး"
လင်ကီ တအံ့တသြ ပြန်ပြောသည်။ သူ အရက်များ မူးနေသလား။
"ဘယ်သူက ခင်ဗျားကို လှတယ် ပြောလို့လဲ"
"ကဲ ကိုယ်တော့ လစ်ပြီဟေ့၊ မနက်ဖြန်မှ တွေ့မယ်"
ရော့ဖ်က ဖြတ်လာသည့် တက္ကစီကို အော်တားပြီး အလွတ်ရုန်း ခုန်တက်သွားသည်။ ပေါက်ကွဲ တော့မည့် မီးတောင်းနားမှ ထွက်ပြေးသွားသည့်အလား။
"မင်းက ကိုယ့်အတွက် နည်းနည်းကလေးမှ အချိန်ပေးဖို့ စိတ်မကူးဘူးလား"
နှစ်ယောက်တည်း ဆက်လျှောက်နေရင်း ဟန့်က မေးသည်။
"ဟင်း ရှိသမျှအချိန်တွေ ပေးထားတာပဲ"
"အဲဒါကို ဆိုလိုတာ မဟုတ်ဘူး"
"ဒါဖြင့် ဘာဆိုလိုတာလဲ"
"မင်းကို ပုံဆွဲပြရဦးမှာလား"
ပါလီမန် တံဆိပ် စီးကရက်တစ်လိပ် သူထုတ်ညှိသည်။ သူ အလွန်တန်ဖိုးထားသည့် စီးကရက် ပြီးတော့ သူခြေလှမ်းတွေကို မြန်လာသည်။ လင်ကီ မပြေးရုံတမယ် လိုက်နေ၏။
"ရှင် ကျွန်မကို ရည်းစားစကား ပြောနေတာလား"
"ဘယ်ကလာ မင်းကို တစ်နေရာရာ သွားဖို့ ခေါ်နေတာ"
သစ်ပင်ပေါ်က လွင့်ကျလာသူ တစ်ယောက်ကို ကြည့်သလို၊ လင်ကိ သူ့ကို ကြည့်လိုက်သည်။
"ပန်းပွင့်ကလေး တစ်ပွင့်တောင် ပေးဖို့ မလိုဘဲ၊ ရေမွှေးပုလင်း မပါဘဲ၊ ကဗျာ မဖွဲ့ဘဲ မိန်းမ တစ် ယောက်ကို လွယ်လွယ်ကလေး ရမယ်လို့ ရှင် ထင်တယ်ပေါ့။ ဟုတ်လား"
"မင်းက အဲဒါတွေ လိုချင်လို့လား"
"သိပ် နောက်ကျသွားပြီလို့ ရှင် မထင်ဘူးလား"
"ကဲပါ၊ "ဟင့်အင်း" လား "အင်း" လား ဒါပဲ ပြောပါ။
"ကျွနမ အိမ်ထောင်နဲ့ရှင့်"
"အဲဒါ ဘာဖြစ်သလဲ"
"ရှင့်မှာလဲ မိန်းမနဲ့"
"အဲဒါကော ဘာဖြစ်လဲ"
လင်ကီ ဘာဆက်ပြောရမှန်း မသိအောင် ကြောင်သွားသည်။ နှစ်ယောက်သား ယဉ်ယဉ်ကျေးကျေး ပင် စကားမပြောဘူးပါဘဲလျက် ဟန့်ဂရင်နီက မိမိအား ချစ်ရေး ဆိုနေပါပြီကော။ သူနှင့်အတူ တစ်ခါမှ မရယ်မောဖူးသေး။ တစ်ခါမှ ထမင်းအတူမစားဖူးသေး၊ တစ်ခါမှ မရင်းနှီးသေး၊ စော်ကား မော်ကား နိုင် လှချေလား။
သူတို့နှစ်ယောက် လမ်းလျှောက်ရပ်လိုက်ကြ၏။ ပဉ္စမ ရိပ်သာ လူသွားလမ်း ပလက်ဖောင်းတွင် မျက်နှာချင်းဆိုင်လျက်၊ ချစ်သူ ဖြစ်လာမည့် နှစ်ယောက်နှင့် မတူဘဲ ကြိုးဝိုင်းထဲမှ လက်ဝှေ့သမား နှစ်ယောက်နှင့် တူနေ၏။
အလုပ်ကိစ္စတွင် အလုပ်ရှင်အား ဖြေဖျော်ဖို့ တာဝန်ပါတယ်လို့များ သူးထင်သလားဟု လင်ကီ ဒေါ်ပွပွနှင့် တွေးလိုက်၏။
"ကျွန်မ ငြင်းမယ်ဆိုရင် ရှင် ဘာလုပ်မလဲ"
"ဘာမှ မလုပ်ပါဘူး၊ ဘာလုပ်လို့ ရမှာလဲ ဒါဒီမိုကရေစီ နိုင်ငံပဲ၊ လွတ်လွတ်လပ်လပ် ငြင်းခွင့် ရှိတာ ပေါ့။ ကိုယ် ခေါ်ရာကို လိုက်တာ မလိုက်တာနဲ့ အလုပ်နဲ့ ဘာမှ မပတ်သက်ပါဘူး"
"ကျွန်မ လိုက်လျောမယ်ဆိုရင်ကော"
နှုတ် က ထွက်သွားပြီးမှ လင်ကီ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်လေ ဖြစ်နေ၏။
ဟန့်က ပခုံးတွန့်ပြီး
"ပိတ်ကားပေါ် ဆက်ကြည့်ပေါ့"
တစ်ယောက်နှင့်တစ်ယောက် အသားချင်း မထိဘဲ ဆက်လျှောက်ခဲ့ကြ၏။ နှစ်ယောက်စလုံး အတွေး ကိုယ်စီဖြင့် မမျှော်လင့်သည့် တုံ့ပြန်မှုကြောင့် ဟန့် အံ့သြမဆုံး ဖြစ်နေ၏။ စင်စစ် လင်ကီ သည် ထိုတဒင်္ဂတွင် အသိဥာဏ် ထုံထိုင်းသွားသလို ဖြစ်နေ၏။
စိန့်ရီဂယ် ဟိုတယ်ရောက်တော့ လင်ကီ စကားစသည်။
"လင်ကီကော့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်အောင်ပဲ"
"ဟုတ်တယ် ကိုယ်လည်း အဲဒီအတိုင်းပဲ"
ဟန့်က လင်ကီ့လက်ကို ဆွဲပြီး ဟိုတယ် ဧည့်ကြို စာရေးစားပွဲရှိရာသို့ လျှောက်သွားသည်။
"အဲဒါဟာ ကိုယ့်ရဲ့ ဒိုင်းလက်နက်ပဲ၊ ကိုယ့်စိတ်ထဲမှာ လူတိုင်း ကိုယ့်ထက်သာတယ်လို့ စွဲနေတာလေ"
သူ စီးကရက် မီးညှိရင်း ပြောနေခြင်း ဖြစ်၏။
"လူတိုင်း ရှင့်ထက် သာနေလို့လား"
ဟန့်၏ ဖွင့်ဟ ၀န်ခံမှုအတွက် လင်ကီ ရင်ခုန်သွားသည်။
"ကိုယ့်နေရာမှာ မင်းဆိုရင်လည်း ကိုယ့်လို့ပဲ ခံစားရမှာပဲ၊ အဖေက ဂျူးလူမျိုး စြဖ်နေလို့ သူ့နာမည် နောက်မှာ "ဘဂ်" နဲ့ အဆုံးသတ်လို့ လူရာသွင်း မခံရဘူး၊ လောကကို မကျေနပ်နိုင်တဲ့ ဘ၀မျိုးကို မင်းကိုယ်တိုင် မရောက်ဖူးသမျှ နားလည်နိုင်မှာ မဟုတ်ဘူး"
ဟန့်က ပခုံးတွန့်ပြီး ဆက်ပြောသည်။
"အေးလေ၊ အဲဒီလို ကြမ်းတမ်းတဲ့ အခွံရဲ့ အောက်မှာ စိန်တစ်လုံး ရှိချင် ရှိနေမှာပေါ့"
"အဲဒီ အခွံကြမ်းကို ဘာလို့ ခွဲထုတ်မပစ်တာလဲ"
ဟန့်လို လူမျိုးသည် သူ ပြောသည့် ဥ ခွံမျိုးကို ခွဲနိုင်လျှင် ကမ္ဘာကို ကိုင်လှုပ်မည့် လူမျိုးဟု လင်ကီ ယုံကြည်သည်။
"ခွဲနိုင်ရင် ခွဲတာပေါ့၊ ဘယ်လို ခွဲရမှန်းမှ ကိုယ် မသိတာ"
"ခက်မယ် မထင်ပါဘူး"
"မင်းလို ဘ၀မျိုးနဲ့ ကြီးပြင်းခဲ့ရင်တော့ ဘယ် ခက်မလဲ"
"ကိုယ့်လို ဘယ်တော့မှ ရှေ့တန်းမရောက်နိုင်တဲ့ ကောင်မျိုးအတွက် ဘယ်လွယ်မလဲ"
သူ့လေသံတွင် ခါတိုင်းလို ခါးသီးနာကြည်းမှုများ ပါလာပြန်သည်။
"အဲဒီလောက် ရုန်းကန်ခဲ့ရလို့လားဟင်"
စီးကရက်ကို ထိုးခြေပြီး အ၀တ်အစား ကမန်းကတန်း ကောက်ဝတ်သည်။
"ကဲ ကိုယ့်ရဲ့ ငြီးငွေ့စရာကောင်းတဲ့ ဇာတ်ကြောင်းတွေ ပြောနေလို့ အပိုပဲ၊ မင်းလည်း မပြောနဲ့၊ ကိုယ် နောက်ကျနေပြီ၊ မင်း လင်ဆီကို အချိန်မီ ပြန်ရဦးမယ် မဟုတ်လား"
သူ့ အပြုအမူကြောင့် လင်ကီ ကျောထဲ စိမ့်သွားသည်။
"ရှင် ကျွန်မ ယောက်ျားကို အဲဒီလို မပြောပါနဲ့"
"ဘာလဲ ကျုပ်က မစ္စတာ ဒက်စမွန်လို့ ခေါ်ရမှာလား"
သူ့လေသံက မလိုတမာ။ လင်ကီ ဘာပြန်ပြောရမှန်းမသိအောင် ကြောင်သွားသည်။ သည့်အတွက် ဟန့်က ပျော်သွားပုံရ၏။ ပျော်စရာ ရေပွက်ပမာ တဒင်္ဂအချိန်ကလေး ကုန်ဆုံး သွားခဲ့လေပြီ။
ဆက်ရန်
.
No comments:
Post a Comment