Wednesday, May 25, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၁၈)

အခန်း(၂ဝ)
ဂျိန်း

ဂျိန်း နှင့် အိုဝင်တို့ သောကြာနေ့ ညစာစားပွဲ တစ်ခုတွင် တွေ့ကြခြင်း ဖြစ်၏။ အချိန်မှာ ၁၉၆၃ ခုနှစ် အောက်တိုဘာ တတိယပတ် နှစ်ယောက်လုံး ရီဝေေ၀ ဖြစ်နေချိန်။
"တော်တော် ချောတဲ့ လူပဲ၊ အတော့်ကို စွဲမက်ချင်စရာပါလား" ဟု ဂျိန်း တွေးနေစဉ် တစ်ဖက်မှ အိုဝင် ကလည်း ဂျိန်း ကို ကြည့်ပြီး ထိုနည်း၎င်း စိတ်ထဲက မှတ်ချက် ချလိုက်သည်။

သြဂုတ်လထဲတွင် အယ်လီကို အိုဝင် နောက်ဆုံး ဖုန်းဆက်သည်။ အယ်လီ ၀ါရှင်တန်သို့ ပြောင်းသွားစ အီသယ် က ဖုန်းကိုင်သည်။
"သူ ၀ါရှင်တန်ကို ပြောင်းသွားပြီ။ သူ့ဖုန်းနံပါတ် ယူမလား"
"အင်း ယူမှာပေါ့"

အိုဝင် က ဖုန်းနံပါတ်ကို မှတ်စုစာအုပ်ထဲတွင် မှတ်ထားလိုက်သည်။ အယ်လီဆီ ဆက်ရကောင်း မလား၊ မဆက်ဘဲ နေရ ကောင်းမလား အကြာကြီး စဉ်းစားသည်။
ချစ်စရာကောင်းသော မိန်းကလေးပါ။ သို့သော် အစွဲအလန်းကြီးလွန်းသည်။ မီးဝေးချိပ်ပမာ ဖြစ်သွားခြင်းက အကောင်းဆုံး ဖြစ်မည်။
အိုဝင်သည် လောလောဆယ်တွင် လူလွတ် တစ်ယောက်ပီပီ စိတ်လွတ်လက်လွတ် လှုပ်ရှားလျက် ရှိသည်။

အိုဝင်ကာဆယ် စကားပြောနေသည်ကို ဂျိန်း နားစွန်နားဖျား ကြားလိုက်ရ၏။ သည်လူက လေယာဉ်ပျံပေါ်မှာ နေတဲ့ လူစားမျိုးလား၊ အယ်လ်ဘာနီ၊ ၀ါရှင်တန်၊ လော့စ်အိန်ဂျလိစ် သည်နေရာတွေကို သူ လွမ်း ပြန် သွားလာနေပုံ။ သူလိုသည့် သတင်းတွေက နိုင်ငံရေးရာ၊ လူမှုရေး ပါ စုံနေပုံရသည်။ ရော့ကဖဲလားနှင့် ဂျက်ကလင်းကနေဒီ တို့၏ အတွင်းရေး ဇာတ်လမ်းတွေကို လည်း ခပ်ရွှင်ရွှင် ဖောက်သည် ချနေ၏။

ပြီးတော့ စာပေလောက အကြောင်း၊ လူတွေက သတင်းစာထက် တီဗွီကို စိတ်ဝင်စားနေကြသည့် အကြောင်း များကို ဒိုးဒိုးဒေါက်ဒေါက် ချက်ကျ လက်ကျ ဝေဖန် ပြောဆိုနေ၏။
အိုဝင် ကလည်း ဂျိန်းကို တန်းပြီး သတိပြုမိ၏။ သားရေတု ခေါင်းလောင်းဘောင်းဘီ ၀တ်ထားသည်။ ဘလောက်စ် ပိုးသား အနီရောင်။ ဆံပင်တွေက ခေါင်းပေါ်တွင် ကပိုကရို။ ခုမှ အိပ်ရာထ ထလာ သလိုလို၊ ဒါမှမဟုတ် အိပ်ရာထဲ ၀င်မည့် ဆဲဆဲ ပုံစံလိုလို အိုဝင်က ဂျိန်းရှိရာကို လျှောက်လာပြီး မေးသည်။

"ဒီပွဲမှာ ဘာ စိတ်ဝင်စားဖို့ အကောင်းဆုံးလဲ၊ သိလား"
ဂျိန်းက ကြမ်းပြင်ပေါ်တွင် ချခင်းထားသည့် ကူရှင်ပေါ်တွင် ထိုင်နေသည်။ လက်တစ်ဖက်က ဟင်းလျာ ပန်းကန် ပိုက်ပြီး တစ်ဖက်က ခက်ရင်းကိုင်လျက်။ ရှေ့မှ စားပွဲ နိမ့်ကလေးပေါ်တွင်တော့ ကော်ဖီ တစ်ခွက်၊ ဂျိန်း က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

လူတွေ၊ ပန်းကန်ခွက်ယောက်တွေ၊ ဖယောင်းတိုင်တွေနှင့် ရွှေ့ပြောင်း နေရာချထားလို့ရသည့် ဆိုနီ တယ်လီဗေးရှင်း စက်တစ်လုံး။ ဟေတီလုပ် မြက်ကော်ဇော နှင့် ၀ါးကုလားထိုင်များ။
ဂျိန်း၏ မျက်စိအစုံသည် ငွေထည် ပစ္စည်းများပေါ်တွင် စိုက်သွားသည်။ ဓားနှင့် ဇွန်းခက်ရင်းတွေက တန်ဖိုး မဖြတ်နိုင်သည့် ရှေးဟောင်း ပစ္စည်းတွေ။ မင်ဟက် တန်ကို ကျွမ်းနေပြီဖြစ်သည့် ဂျိန်း၏ မျက်လုံး တွေက အားလုံးကို အကဲဖြတ်ပြီးသား ဖြစ်သွား၏။

"မာရှာက သူ့ယောက်ျားကို ထားခဲ့တယ်လေ၊ တခြားလမ်းမှ မရှိတော့တာပဲ"
ဂျိန်းက အိမ်ရှင်မာရှာ အကြောင်းကို ရည်ညွှန်းပြီး ပြောလိုက်ခြင်း ဖြစ်၏။
"အင်း ရှင်းပြပါဦး"
"သူတို့နှစ်ယောက် လမ်းခွဲကြတော့ မာရှာ က သယ်နိုင်သမျှ သယ်ပြီး အိမ်ပေါ်က ဆင်းလာတာ လေ။ ငွေထည်ပစ္စည်း တွေရယ်၊ ဆိုနီ တီဗွီနဲ့ သားမွေး၊ အင်္ကျီတစ်ထည် ပါလာတာတဲ့လေ။ တခြား ပစ္စည်းတွေက သူဘာသာသူ ၀ယ်ရတာတွေချည်းပဲတဲ့။ အဲဒါကြောင့် သူ့အိမ်မှာ ဟန်ချက်မညီ ဖြစ်နေတာပေါ့"

"စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ပြောချင်တာ အဲဒါတွေ မဟုတ်ဘူး"
"ဘာတွေများလည်း ဆိုစမ်းပါဦး"
"ဟောဒီပွဲ ကို တက်လာတဲ့၊ စုံတွဲ သုံးတွဲစလုံး မိန်းမတွေက ယောက်ျားရဲ့ နာမည်ကို တစ်ယောက်မှ မယူကြဘူး"
အိုဝင်ပြောသည်မှာ မှန်ပါသည်။ ဂျိန်း လုံးဝ သတိမထားမိသည့် အချက် "ပျိုမေတို့ဝတ်စုံ" မဂ္ဂဇင်းမှ နက်တာလီရှား ၏ ယောက်ျားရှေ့နေ နာမည်က တီမိုဘိုင်းမင်း။

"ယနေ့ အနုပညာ မဂ္ဂဇင်းမှ ဟယ်လင်အိုကင့်၏ ယောက်ျားနာမည်က စတိဗ်ဟယ်လာ။ ရုပ်သံ ကြော်ငြာ ထုတ်လုပ်သူ၊ အခန်းအလှပြင် ဗိသုကာမ၊ အိမ်ရှင်မာရှာ ဂျာရုံး၏ (ယခုအတူမနေတော့ သော) ယောက်ျား နာမည်က ဘယ်ရီရှဝတ်ဇ်။
"ရှင့်မိန်းမကော ရှင့်နာမည်ကို မယူထားဘူးလား"
ဂျိန်းက ကြမ်းပြင်ပေါ် ထိုင်လျက်က သူ့ကို မော်ကြည့်ပြီး ပြန်မေးသည်။
"ကျွန်တော့် မှာ မိန်းမဆိုလို့ မူးရင် ရှူစရာတောင် မရှိပါဘူးဗျာ"
သည်တော့ ဂျိန်းက သူ ထိုင်သာအောင် ကူရှင် တစ်ဖက်သို့ နည်းနည်း တိုးပေးလိုက်သည်။

ပထမနေ့တွင် အိုဝင်က ထုံးစံအတိုင်း သေချာအောင် လူပျိုလှည့်သည်။ အတွေ့အကြုံတွေ တစ်ပုံတစ်ခေါင်း ကြီး ရှိနှင့်ပြီးသူ ပီပီ လူသိနည်းပြီး တိတ်ဆိတ်သည့် ရိုးရိုး စားသောက်ဆိုင်တွင် ကျွေးသည်။ အဆင့်မြင့်ပြီး လူဝင် နည်းသည် ရုပ်ရှင်ကားကို ရွေးပြသည်။ နိုင်ငံခြားကားကို ပြခြင်း နှင့် ထူးထွေဆန်းပြားသည့် အစားအစာ များ မှာ ကျွေးတတ်သည့် ယောက်ျားများကို မိန်းမသားတို့က အစားကြူးသူ၊ အချစ်ကိစ္စတွင် အာရုံ နည်းပါး သူများဟု ယူဆတတ်ကြောင်း အိုဝင် နားလည်ထားပြီး ဖြစ်၏။

သူတို့၏ အသိဥာဏ် အချဉ် များများစား၊ သိပ် အားရှိတယ်"
"ကြက်သွန်ဖြူစားရင် ဘယ်သူမှ အနားမကပ်ချင်ဘဲ နေမှာပေါ့"
"လိုက်ကပ်မှာပေါ့၊ ကိုယ်ကလည်း ပုစွန်နဲ့ ကြက်သွန်ဖြူ စားမှာလေ"

"ဒါဆို ဂျိန်းတို့ နှစ်ယောက် သူမနာ ကိုယ်မသာ ဖြစ်သွားပြီပေါ့"
"လောလောဆယ် သာတာ နာတာတွေ ကိုယ့်ခေါင်းထဲမှာ မရှိဘူး ဂျိန်း"
သူနှင့် ချစ်ရသည်မှာ ကမ္ဘာသစ်တစ်ခုသို့ ရောက်သွားသည်နှင့် တူ၏။ မုန်တိုင်းထန်သည့် ကမ္ဘာ။ သို့သော် ချစ်စရာ မုန်တိုင်း။ စွဲမက်ချင်စရာ မုန်တိုင်းမျိုး။

"ယောက်ျားတွေ အချင်းချင်း ခုလို ဆုံကြရင် ဘာအကြောင်းတွေ ပြောကြလဲဟင်"
ဝိလ်မာ က သိချင်စိတ်ဖြင့် မေး၏။ ဂျိန်း ဖြေသည်။
"တို့လောက် သူတို့က အသေးစိတ် မပြောဘူး။ အားကစား နည်းနည်းပါတယ်"
ဂျိန်းနှင့် အိုဝင်တို့သည်  နောက်လေးပတ်ခွဲအတွင်း ခြောက်ကြိမ် တွေ့ကြသည်။ သူတို့နှစ်ယောက် သည် တွေ့တိုင်း အချစ်ပလူးနေကြသည်တော့ မဟုတ်။ စကားတွေ အများကြီး ပြောဖြစ်ကြ၏။
"ဂျိန်း ၀တ္ထုတွေ မဂ္ဂဇင်းမှာ ပါဖူးတယ်" ဟု ဂျိန်းက ထုတ်ပြောသည်။

"နာမည်ကြီး မဂ္ဂဇင်းတွေမှာတော့ မဟုတ်ဘူး ဟော့သွန်ရီဗျူး ဆိုတာ ကြားဖူးလား၊ စာပေမဂ္ဂဇင်း တစ်စောင် ပဲ
"ကိုယ်က သတင်းစာလောကမှာ ရောက်နေလို့ စာမဖတ် ပေမဖတ်၊ ငတုံးလို့ ထင်နေလား၊ မင်းဝတ္ထုတွေ ကိုယ် ဖတ်ဖူးသလိုပဲ၊ နှုတ်ဆက် အနမ်းက မင်းလက်ရာ မဟုတ်လား"
ဂျိန်း က ခပ်ကြွားကြွားလေး ခေါင်းညိတ်ပြသည်။

"ဇာတ်လမ်းက မှီးထားမှန်း သိသာပေမယ့် မင်းမျာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေး ရှိတယ် ဂျိန်း"
"မှီးထားမှန်း သိသာတယ် ဟုတ်လား၊ ရှင့်ကိုယ်ရှင် လီယိုတော်စတွိုင်းများ အောက်မေ့နေလား"
"နေဦးနေဦး၊ မှီတယ် ဆိုတဲ့ စကားလုံးနဲ့ မကိုက်သေးဘူး၊ မင်းရေးပုံက ပြင်သစ်စာရေးဆရာမ ဆေဂန်ရဲ့ ဟန် နဲ့ တူပေမယ့် အမေရိကန် အငွေ့အသက်တော့ အပြည့်ပါတယ်"

"နယူးယော့ကားက အယ်ဒီတာတွေ အဲဒီလို ထင်ရင် သိပ်ကောင်းမှာပဲ၊ ခုတော့တွင်တွင် အပယ်ခံနေတယ်"
"နယူးယော့ကား ကို မင်း ဘာလို့ အထင်ကြီးနေတာလဲ သူတို့က ဘယ်လောက်အဆင့် ရှိလို့လဲ"
"အင်း ဂလင်လဲ အဲဒီလို ပြောဖူးတယ်"
ဘယ်သူလဲ ဂလင်ဆိုတာ"

"ဂလင်ဆင်ကလဲယားလေ၊ သူက တစ်ကိုယ်တော်သမား၊ သူဆီမှာ ဂျိန်းက သုတေသနလက် ထောက်လေ၊ နာမည် မရခင် သူ့မှာ မှေးလုပ်နေရတာလေ"
"ဟန့်ဂရင်နီ တိုက်ကို သူ့စာမူတွေ ပေးနေတယ် မဟုတ်လား"
ဂျိန်းက ခေါင်းညိတ်ဖြေသည်။
"ကိုယ်လည်း ဟန့်ဆီမှာပဲလေ၊ ဟန့်ဂရင်နီက လူတော်ပါ"
"ဂလင်လည်း အဲဒီလိုပဲ ပြေတယ်၊ သူ့ဆီကို စာမူအေးဖို့ တစ်ခေါက်ရောက်သွားတယ်။ သူက ကားရောင်း နေတဲ့ ပွဲစား ပုံပဲ၊ သူ့အကြောင်း ပြောပါဦး"
အခန်း (၂၁)
လင်ကီ

လင်ကီဒက်စမွန့်ဘ၀တွင် ဟန့်ဂရင်နီလောက် ထူးဆန်းသည့် လူမျိုး တစ်ခါမှ မတွေ့ဖူးသေး။ ဘယ်သူနဲ့မှ မတူ၊ တစ်မူထူးသည့် လူစားမျိုး။
လင်ကီ့ အမြင်တွင် သူသည် အစစအရာရာတွင် မှားယွင်းနေသည့် လူ့ခွစာဖြစ်လေသည်။ သူ့ဘ၀ နောက်ခံ ကားချပ် က အစ မှားယွင်းနေ၏။ သူဝတ်နေသည့် အ၀တ်အစားတွေကစ သူနှူင့် မလိုက်။ နေသည့် နေရာ သည် လည်း သူ နေရမည့် နေရာမျိုးမဟုတ်။ လင်ကီ တွဲခဲ့ဖူးသည့် ယောက်ျားလေးများလို သေသပ် ချောမောခြင်း မရှိ။ ပီတာလို မိန်းမကို ဂရုစိုက်ရမှန်း၊ မြတ်နိုးရမှန်းလည်းမသိ၊ အားကစား ၀ါသနာမပါ၊ လူတွေ နှင့် လိုက်လျောညီထွေ မနေတတ်။

လက်ဖျား ငွေသီး ချမ်းသာသူလည်းမဟုတ်။ သြဇာတိက္ကမ ရှိသူလည်း မဟုတ်။ ဘုတ်အဖွဲ့တစ်ခု၏ ချယ်ယာမင်း လည်း မဟုတ်။ သူပိုင်သည့် စာအုပ်လုပ်ငန်းကလေးက ပေါက်စနကလေးမို့ ဘုတ်အဖွဲ့ ဖွဲ့ ရလောက်အောင် မကြီးကျယ်။
ဟန်ဂရင်နီက လူတော သူတော တိုးဖို့လည်း အားထုတ်သည့် သူမျိုးမဟုတ်။ ဟဲလို"ဂွတ်ဘိုင်" စသည် စကားလုံး များကို သူမပြောတတ်။ "ကျေးဇူးတင်ပါတယ်" ဆိုသည့် လောက၀တ်စကားကို ပြောဖို့ သေမလောက် ၀န်လေးသူ။

သူ့ အတွင်းရေးမှူးများကိုပြောဖို့ ဟန့်က အိမ်စေလောက်သာ သဘောထားသည်။ အလုပ်မှန်မှန် ဖြုတ်သည်။ နောက်တစ်နေ့ ပေါ်မလာလျှင် ဒေါသူပုန် ထချင် ထနေတတ်သည်
"ဟိုခွေးသား ဘရိန်ဘယ်မှာလဲ"
သူ အလုပ်ဖြုတ်လိုက်သော မိန်းမလျာ အတွင်းရေးမှူး နောက်တစ်နေ့ ရုံးမတက်သဖြင့် ဒေါသူပုန်ထသည်။
"မင်း မနေ့က ဖြုတ်လိုက်ပြီလေ" ဟု ရော့ဖ်က သတိပေးရ၏။ မကြားဝံ့ မနာသာ ဆဲဆိုလွှတ်လိုက် သေးကြောင်း တော့ ရော့ဖ် ထည့်မပြောတော့။
"ဘာပဲဖြစ်ဖြစ် သူ လာရမှာပေါ့"

သူ့ တယ်လီဖုန်းကို ဖြေမည့်သူ မရှိသဖြင့် ပွက်လောရိုက်နေခြင်း ဖြစ်၏။ လင်ကီ သတိထားမိသ လောက် စားသောက်ချိန် တွင် အပြင်ထွက်သည်ကို မတွေ့ရ။
"စားစရာ ဘယ်မလဲ" သူ ဆာလာလျှင် အသံကုန်အော်တတ်၏။

ထိုအချိန်တွင် သူ့ရုံးခန်းနား ရောက်နေသူမှာ ကံဆိုးသူ ဖြစ်လေသည်။ သည်အသံကြားလျှင် သူတိုက်သား အားလုံး နားလည်ကြသည်။ မုန့်သုံးချပ်နှင့် ကော်ဖီကြမ်းတစ်ခွက် ၀င်ပို့ရမည်။
လင်ကီဆိုသည့် မိန်းကလေးကို ဟန့်က ဖုတ်လေသည့် ငါးပိ ရှိလေသည်မှ မထင်။ လင်ကီ စားပွဲရှေ့မှ ဖြတ်လျောက် သွားလျင် စောင်ငဲ့၍ ကြည့်ဖော်မရ။ တိုက်အတွင်း အစည်းအဝေးများတွင် လင်ကီ၏ တင်ပြချက် များကို အမြဲတမ်း မသိကျိုးကျွန် ပြုတတ်၏။ လင်ကီနှင့် ပတ်သက်လာလျှင် ဟန့်ဂရင်နီသည် မျက်စိ မမြင်သူလို၊ ဆွံ့အ နားမကြားသူလို နေ၏။

လင်ကီဆိုသည့် မိန်းကလေးကို ဟန့်က ဖုတ်လေသည့် ငါးပိ ရှိလေသည်မှ မထင်။ လင်ကီ စားပွဲ ရှေ့မှ ဖြတ်လျောက် သွားလျှင် စောင်းငဲ့လျှင် ကြည့်ဖော်မရ။ တိုက်တွင်း အစည်းအဝေးများတွင် လင်ကီ၏ တင်ပြချက် များကို အမြဲတမ်း မသိကျိုးကမန် ပြုတတ်၏။ လင်ကီနှင့် ပတ်သက်လာလျှင် ဟန့်ဂရင်နီသည် မျက်စိမမြင် သူလို၊ ဆွံ့အနားမကြားသူလို နေ၏။
"သူနဲ့ကျမှ လင်ကီ ကိုယ်ပျောက် ၀ိဇ္ဇာ ဖြစ်နေတယ်" ဟု လင်တော်မောင် ပိတာကို ပြောပြသည်။

မတ်လ တစ်ရက်တွင် လင်ကီက ပီတာ့ကို သူ့အလုပ်ရှင် အကြောင်း ပြောပြသည်။
"လူတွေ သူ့ကို အမြင်ကတ်တာလည်း မပြောနဲ့၊ ဟန့်ဂရင်နီဟာ ဘယ်သူ့ကိုမှ ပဋိသန္တာရ စကား မပြောရဘူး၊ နှုတ်မဆက်ဘူး၊ မချီးကျူးဘူး၊ လင်ကီ ထင်တယ် သူ့စာရေးဆရာတွေ ဘယ်တိုက်က ဘယ်လောက် ပိုပေးမယ်၊ ဘယ်လို စာချုပ်ချုပ်မယ် ဒါတွေပဲ သူ့ခေါင်းထဲမှာ ရှိနေတယ် ထင်တယ်"
ညစာစားပွဲ တစ်ခု မှ အပြန်တွင် လင်ကီ ပြောပြနေခြင်း ဖြစ်၏။

"အဲဒါဆိုလဲ မင်းကို သူ ဘာထင်ထင်ပေါ့၊ ဘာ အရေးကြီးလဲ ဂရုစိုက်လို့၊ ရော့ဖ်က မင်းကို သဘောကျတယ်၊ အလုပ် အကြောင်း မင်းအများကြီး သိလာပြီဆို၊ လိုချင်တာ ဒါပဲ မဟုတ်လား၊ ဒီတော့ သူ မင်းကို ရှိတယ်လို့ မအောက်မေ့တာ အရေးလား၊ အမျိုးသမီးမှာတုန်းကရော အယ်ဒီတာချုပ်က မင်းကို ဘယ်လောက် အရေးပေး လို့လဲ" ဟု ပီတာက ဝေဖန်သည်။
"အမျိုးသမီးမှာ တိုက်သား ခြောက်ဆယ့် သုံးယောက် ရှိတာလေ။ ဟန့်ဂရင်နီရဲ့ စာပေပေါင်းကူးက အားလုံးမှ ငါးယောက်တည်းရယ်၊ ရော့ဖ်ရယ်၊ လင်ကီရယ်၊ စာရင်းကိုင်ရယ်၊ ဧည့်ကြိုရယ်၊ တစ်ပတ်တစ်ခါလောက်လဲနေတဲ့ အတွင်းရေးမှူးရယ်၊ တိုက်က သေးသေးကလေးလေ။ အဲဒီတော့ သူ လင့်ကီ ကို ရှိတယ်လို့တော့ အောက်မေ့သင့်တာပေါ့"

ပီတာက ပခုံး တွန့်ပြပြီး
"ရုံးခန်းဟာ ရုံးခန်းပဲပေါ့၊ ကလပ်တစ်ခုနဲ့တော့ ဘယ်တူပါ့မလဲ"
"ဒါပေမယ့် ဆိုက်ဗေးရီးယားနဲ့လည်း မတူသင့်ဘူးပေါ့၊ လူကို လူလို ဆက်ဆံရမှာပေါ့"
"သူ့အကြောင်းတွေ ကြားဖူးပါတယ်၊ သူ အဲဒီလို နေတာပဲ ခပ်ကောင်းကောင်းဗျာ"
ဟန့်ဂရင်နီက သူ့တိုက်သားများ အလုပ်တက်ချိန် ဆင်းချိန်ကို စက်ရုံ၊ အလုပ်ရုံများတွင် ထားသည့် အချိန်မှန် နာရီဖြင့် ထိန်းထားသည်ဆိုသည့်သတင်းမှာ အမှန်ဖြစ်ကြောင်း လင်ကီ တွေ့ရသည်။

အချိန်မှတ်နာရီကို အတွင်းရေးမှူးအခန်းတွင် ချိတ်ထား၏။ တိုက်သားများ၏ ၀င်ချိန် ထွက်ချိန်ကို မှတ် ထား၏။
"သူတို့ အချိန်ပြည့် အလုပ်မလုပ်ရင် ကျုပ်တိုက်မှာ ရှိနေတဲ့ စာရေးဆရာတွေကို ထိခိုက်မှာပေါ့" ဟု ဟန့်က ရောဖ် ကို ပြောတတ်၏။
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် လူတစ်ယောက်ကို ကိုယ်စားလှယ်အဖြစ်မှ ဟန့်ဂရင်နီ ဖြုတ်လိုက်ကြောင်း လင်ကီ သိရသည်။

"ဟင် ခရစ္စမတ် အဖိတ်နေ့ကြီး" ဟု လင်ကီက တအံ့တသြ ပြောတော့
"ဘာဖြစ်လဲ ဒါ ချက်ချင်း အရေးယူမယ့် ကိစ္စပဲ၊ ဟန့်ဂရင်နီကို ဖြုတ်ခုတ်တယ်လေ၊ ဘယ်ရမလဲ၊ ကိုယ်ဆီ တိုက်ရိုက်မလာတဲ့ စာရေးဆရာလည်း ခံပေါ့" ဟု ဟန့်က ဒေါသတကြီး ရှင်းပြသည်။ "ဘယ်လို ဖြတ်ခုတ် တာလဲ"
လင်ကီက နားမလည်သဖြင့် ရော့ဖ်ကို မေးကြည့်သည်။

"တစ်ချို့ ကိုယ်စားလှယ်တွေက စာရေးဆရာနဲ့ ကိုယ်တို့ တိုက်ကြားမှာ ကြားဝင်ပြီး ဖြတ်စား လျှပ်စား လုပ်တာပေါ့"
"စာရေးဆရာက မသိဘူးလား"
"မသိအောင် လုပ်တဲ့နည်းတွေ ရှိတာပေါ့၊ ကိုယ်စားလှယ်က တစ်ဆင့် လုပ်ကြရတော့ ကြားထဲမှာ သူက ဈေး ကို ဟုတစ်မျိုး သည်တစ်မျိုး ပြောလို့ ရတယ်လေ၊ ပွဲခလည်း ရသေးတယ်၊ တင်ရိုက်တဲ့ အတွက်လည်း ရသေးတယ်"
"ဒါတော့ လွန်တာပေါ့၊ ဒါကြောင့် ဟန့် ဒေါပွ တာကိုး"

ရော့ဖ် ပခုံးတွန့်ပြီး
"ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့တစ်ယောက်ယောက်ကို ဖြုတ်ဖို့ ဆုံးဖြတ်ထားလို့ အဲဒီ ကိုယ်စားလှယ် မဲပေါက်သွားတာလည်း ဖြစ်နိုင်တယ်။ အင်း ခရစ္စမတ် အဖိတ်နေ့ကြီးမှာနော်"။
"တို့တိုက်က ထွက်မိတဲ့အတွက် မင်းကံကောင်းနေတယ် မဟုတ်လား" ဟု ကော်ရယ် ၀င်စတိုင်က မေးသည်။ နေ့လယ်စာ စားရင်း စကားပြော ပြေပြစ်ကြခြင်း ဖြစ်၏။ မမကော်ရယ်၏ ဆံပင်သည် လောလောဆယ် အနက်ရောင် ဖြစ်နေ၏။ နှုတ်ခမ်းနီကို ခပ်ဖျော့ဖျော့ ဆိုးထား၏။ မျက်ခွံကို ကလီယိုပါထရာမှ အယ်လီဇဘက် တေလာဆိုးနည်း ဆိုးထား၏။

"အင်း မဆိုးပါဘူး မမ၊ ရော့ဖ်က လူတော်တစ်ယောက်ပါ၊ ဟန့်ကတော့ လူခွစာပဲ" ဟု လင်ကီက သူ့တိုက် အခြေအနေကို ပြောပြသည်။ တစ်ဆက်တည်းတွင် ဘာကြောင့် မမကော်ရယ်ကို နေ့လယ်စာ ဖိတ်ကျွေးရကြောင်း ရှင်းပြသည်။

"လင်ကီ ကျောင်းပြီးလို့ အလုပ်ဝင်ကတည်းက နေ့တိုင်း မိတ်ကပ် လိမ်းတယ် မမရေ့၊ ဒါပေမယ့် မျက်နှာ အလှပြင်တဲ့ အတတ်ကို ခုထိ လင်ကီ မကျွမ်းဘူး၊ မိတ်ကပ်လိမ်းနည်း စာအုပ်တစ်အုပ် လောက် ရေးဖို့ မမ စိတ်မကူးဖူးလား"
ကော်ရယ် ခေါင်းယမ်းပြီး
"မမက ဒက်ဖ်နီဒူမောရီးယားစတိုင်နဲ့ ရေးဖို့ မလိုပါဘး မမရယ်"

ကော်ရယ်တွေ စဉ်းစားပြီး
"ကိုယ် ရယ်ဗလွန်မှာ လုပ်တုန်းက အရောင်းကိုယ်စားလှယ်တွေကို မျက်နှာအလှပြင်နည်း စာအုပ် ကလေးတွေ ပေးတယ်၊ အဲဒီစာအုပ်ကလေးတွေတော့ ကိုယ်ရေးခဲ့ဖူးတယ်၊ ဒါ စာပေမှ မဟုတ်တာပဲ ညီမရယ်၊ နှုတ်ခမ်းနီ ဘယ်လို ဆိုးရမယ်၊ မိတ်ကပ် ဘယ်လို လိမ်းရမယ် ဆိုတာ လောက်ပဲလေ၊ အဲဒါတွေ ချဲ့ရေးရင်တော့ စာအုပ်တစ်အုပ်စာလောက် ရမလားပဲ"

"အဲဒီ အစီအစဉ်ကို ဟန့်ဆီ ရေးတင်ကြည့်ပါလား၊ တိုက်တစ်တိုက်မှာ ဟန့်ရောင်းပေးနိုင်မယ် ထင်တယ် မမကော်ရယ်"
"မင်း ကိုယ့်ကို ပုံစံ ချပေးနိုင်မလား လင်ကီ၊ အင်း စာအုပ်တစ်အုပ် ရေးဖြစ်ရင်တော့ ကိုယ့်အလုပ် မှာလည်း တက်လမ်း ရှိနိုင်တာပေါ့"
ဟန့်၏ စာပေါင်းကူးတိုက်တွင် လင်ကီ လုပ်သက် ငါးလပြည့်ခဲ့ပြီ။ အလုပ်နှင့် မပတ်သက်သည့် ကိစ္စဆို၍ ခုထိ သူနှင့် စကားတစ်ခွန်းမှ မပြောဖူးသေး။
တစ်နေ့ ညနေ ခြောက်နာရီ ဆယ်မိနစ်တွင် လင်ကီ့ စားပွဲရှေ့တွင် လာရပ်ပြီး မေးသည်။

"ရော့ဖ် ဘယ်မှာလဲ"
"ခုပဲ ပြန်သွားတယ်"
သူက မကျေမနပ်နှင့် လှည့်သွားပြီးမှ ပြန်လှည့်လာကာ လင်ကီနှင့် မျက်နှာချင်းဆိုင်သည်။
"ကိုယ့်နာမည် အပြည့်အစုံက ဂရင်းဘတ် ဆိုတာ မင်းသိရဲ့လား"
"ဘောလုံးသမား နာမည်ပေါ့"

ဂျူးလူမျိုး ဖြစ်နေရခြင်းအတွက် ဟန့်တစ်ယောက် စိတ်ဓာတ်ကျနေကြောင်း၊ အခြားတိုက်သားများ နှင့်အတူ လင်ကီ သိထားပြီး ဖြစ်သည်။
"ဟုတ်တယ်၊ ဟန့်ဂရင်းဘတ်တဲ့၊ ကဲ ဟန့်ဂရင်းဘတ်ကို မင်း ဘယ်လောက်သိလဲ"
"အမေရိကန်အသင်းမှာ အကောင်းဆုံး တိုက်စစ်မှူး၊ ဂိုးအရေအတွက် အများဆုံး သွင်းတဲ့ ဘောသမား၊ သူစံချိန်က ၃၁၃၊ ၁၉၄၆ခုနှစ်အထိ သူ့ကို စံချိန် ချိုးနိုင်သူ မရှိသေးဘူး"
လင်ကီက ကလေးဘ၀မှာ မှတ်မိသမျှကို ကရားရေလွှတ် ရွတ်ချလိုက်သည်။

"သူ ဘယ်လက်နဲ့ ဘောလုံးကို မပစ်နိုင်ဘူး"
"အဲဒါတော့ မကြားဖူးဘူး၊ ရှင် ဘယ်တုန်းက "ဘဂ်" ကို ဖြုတ်လိုက်တာလဲ"
"ဝေါလ်စထရိမျာ အလုပ်ရှာတုန်းကပေါ့၊ ကိုယ့်ကို ဗျူးတဲ့ ခွေးသား က ပေါ်တင်ကြီး ပြောတယ်လေ၊ သူတို့ ဆီမှာ ဂျူးတွေအတွက် အလုပ် မရှိဘူးတဲ့။ ဒါနဲ့ နာမည်ရဲ့ အမြီးပိုင်းကို ဖြတ်လိုက်ရတာ၊ ရှေ့နေဆီ သွားပြီး တရားဝင် လုပ်ပစ်လိုက်တယ်၊ "ဘဂ်" ကို ဖြုတ်ပြီး အီး တစ်လုံး တိုးလိုက်တယ်"
"ဘာဖြစ်လို့ "အီး" ထပ်တိုးတာလဲ"

"နည်းနည်းများ ပိုပြီး ခန့်သွားမလားလို့"
သူ စခဲ့သည့် စကားဝိုင်းကို ရုတ်ခြည်း ဖြတ်ပြီး ပြောပြောဆိုဆို လှည့်ထွက်သွားတော့၏။
ဇွန်လ အစောပိုင်းတွင် ကော်ရယ် ၀င်စတိန်၏ စာမူကို မိုးမခတိုက်သို့ ဟန့်က ရောင်းပေးနိုင်ခဲ့ သည်။ ရနေကျ ပုံစံစာမူခနှင့် ကြိုတင်ငွေ ဒေါ်လာ ငါးထောင် ရသည်။ မိုးမခပိုင်ရှင် တက်ဒ်က သည်လောက် နှင့် ပြတ်ပြီ ထင်ထား၏။ သူ မှားပါသည်။

"မဂ္ဂဇင်းမှာ ပထမ ထည့်တဲ့အတွက် စာမူခ သတ်သတ်ပေးရမယ်၊ ခုပေးထားတာက  လုံးချင်းအတွက် သက်သက်ပဲ"
ဟု ဟန့်က တောင်းဆိုသည်။
"ဟာ ခါတိုင်းလည်း ဒီလိုပဲ လုပ်နေတာပဲ ဟန့်၊ ၀ယ်ပြီးလို့ ကိုယ်တို့ ပိုင်နေတဲ့ စာမူကို ကိုယ်တို့ ကြိုက်သလို လုပ်နိုင် ရမှာပေါ့"
"သည်တစ်ခါ မရတော့ဘူး တက်ဒ်"

ဟန့်က အခန်းခွဲပြီး မဂ္ဂဇင်း သုံးစောင်သို့ ပို့သည်။ မိတ်ကပ်နှင့် ပတ်သက်သည့် အပိုင်းကို "မဒမ်မွိုင်ဇယ်" သို့ ပို့၏။ အမျိုးသမီးတိုင်း နှင့် တည့်သည့် မိတ်ကပ်အကြောင်းကို "ဗေါ့ဂ်" သို့ ပို့၏။ ဇယားများနှင့် အရောင်အသွေး အကြောင်းကိုတော့ "အမျိုးသမီး" ကို ပို့၏။
ပုံမနှိပ်ရသေးခင် "မိုးမခက ရတဲ့ ကြိုတင်ငွေထက် နှစ်ဆရအောငေ် ဟန့်က ကိုယ့်ကို လုပ်ပေးမယ်" ဟု လင်ကီ့ကို ကော်ရယ်က ပြောပြသည်။

"လင်ကီသာ မပါရင် ဒီစာအုပ် ဖြစ်လာမှာ မဟုတ်ဘူး။ ဟိုတစ်စ၊ သည်တစ်စတွေကို သူပဲ စပ်စုပြီး ကဏ္ဍခွဲ၊ ပြန်စီ တည်းဖြတ် လုပ်ပေးတာ"
ဟန့်ကို ကော်ရယ်က ရှင်းပြနေခြင်း ဖြစ်သည်။
"အဲဒါ အဟုတ်လား"
ထို ညအနေတွင် ရော့ဖ်ကို ဟန့်က မေးသည်။

ရော့ဖ် ခေါင်းညိတ်ပြီး
"တစ်နေ့ လင်ကီ ကိုယ့်ကို သူ့စိတ်ကူး ပြောပြတယ်၊ ကိုယ်က မီးစမ်းပြလိုက်တာ အားလုံး သူ့ စိတ်ကူးတွေချည်းပဲ"
"ဟာ အဓိပ္ပာယ်မရှိ"
"မယုံရင် ကော်ရယ့်ကို မေးကြည့်ပေါ"

နောက်တစ်နေ့တွင် ဒေါ်လာတစ်ရာတန် ချက်လက်မှတ် တစ်စောင် စားပွဲပေါ်ရောက်နေသည်ကို တွေ့ရ၏။ ဟန့်ဂရင်နီ လက်မှတ် ထိုးထား၏။
"အဲဒါ ဘာအတွက်လဲ" ဟု လင်ကီ မေးသည်။
"ကော်ရယ်က ပြောတယ်၊ ဒီစာအုပ်ဟာ မင်းစိတ်ကူးတွေတဲ့၊ တိုက်က ကော်မရှင် တစ်သောင်းတစ်ထောင် ရတော့ မင်းလည်း ရသင့်တာပေါ့"
"ကျေးဇူးပါပဲ"

လင်ကီက သူ့တွင် ကောင်းကွက်ကလေးများလည်း ရှိပါသေးလားဟု တွေးနေစဉ်
"ဘာလဲ ကျေးဇူးတင်တယ်ဆိုတာ ဘာလို့ ကျေးဇူးတင်ရမှာလဲ၊ ဖအေက သမီးကို မုန့်ဖိုးပေးတာမှ မဟုတ်ဘဲ၊ ရသင့် ရထိုက်တဲ့ လုပ်အားခကို ရတာပဲ"
"ကောင်းပြီး နောက်တစ်ခါကျရင် နည်းသေးတယ်လို့ ပြောမယ်"
"ဘာလဲ နောက်တစ်ခါ"
ပြောပြောဆိုဆို သူလှည့်ထွက်သွားသည်။

လင်ကီသည် ကိုယ်တိုင် အလွန် ချမ်းသာသည့် မိန်းကလေး ဖြစ်သော်လည်း သည်ဒေါ်လာ တစ်ရာသည် ဘ၀အတွက် အပုံကြီး အဓိပ္ပာယ် ရှိလေသည်။ တန်ဖိုး ရှိလေသည်။
နောက်ထပ် သုံးပတ်လုံးလုံး၊ ဟန့်ဂရင်နီသည် ထုံးစံအတိုင်း လင်ကီ့ကို အေးစက်မာကျောစွာ ဆက်ဆံမြဲ ဆက်ဆံသည်။ သူတို့နှစ်ယောက် ဘေ့စ်ဘောသမား ဟန့်ဂရင်ဘတ်အကြောင်းနှင့် အလုပ်ရှာနေသော ဂျူးကောင်လေး တစ်ယောက် အကြောင်းကို စကားလက်ဆုံ ကျခဲ့ဖူးခြင်း မရှိ သည့်အလား။ ကော်ရယ် ၀င်စတိန်၏ စာအုပ်အတွက် လင်ကီအား ချက်လက်မှတ် တစ်စောင် ပေးခဲ့ဖူးခြင်း မရှိသည့်အလား။

"တစ်ခါတစ်ခါကျတော့ ကိုယ့်ဟာကိုယ်ပဲ အဲဒါတွေ တကယ်ဖြစ်ခဲ့တာလားဆိုတာ သံသယ ဖြစ်ပါတယ်" ဟု ရော့ဖ်ကို လင်ကီ ရယ်မောမော ပြောရင်း မေးကြည့်သည်။
"သူ မေ့များနေသလားဟင်"
"ဟန့်မှာ မေ့တယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး"
သြဂုတ်လထဲ ရောက်လာတော့ စာပေပေါင်းကူး တိုက်ကလေးသည် အေးအေးချမ်းချမ်း ဖြစ်နေလေ သည်။ တစ်နေ့ ညနေ ရုံးခန်းတွင် လူရှင်းသွားချိန်၊ လင်ကီက ၀ရန်တာတွင် ဓာတ်လှေကား စောင့်နေ၏။ ဟန့် ရောက်ချလာသည်။ ထုံးစံအတိုင်း မျက်နှာက သုန်သုန်မှုန်မှုန်။

"မင်းက ကျုပ်ကို အထက်တန်းစား စာရင်း မသွင်းဘူးပေါ့။ ဟုတ်လား"
ခြေထောက်တစ်ဖက်ပေါ်ကို အနည်းငယ် ပြောလိုက်လျှင် လိမ်ရာကျမည်။ အမှန်အတိုင်း ပြောလိုက်လျှင် အလုပ်ပြုတ်ချင် ပြုတ်မည်။
"အမှန်အတိုင်း ပြောပါ၊ မင်းအလုပ် မပြုတ်စေရဘူး၊ ဟုတ်တယ် မဟုတ်လား၊ မင်း ကိုယ့်ကို လူရာ မသွင်းဘူး မဟုတ်လား"
"အဲဒီလိုလည်း မဟုတ်ပါဘူး"

"ဘာလု့ မဟုတ်ရမှာလဲ၊ ကျုပ်မှာ ဘာ အမှားအယွင်း ရှိနေလို့လဲ"
ထိုစဉ် ဓာတ်လှေကားတံခါး ပွင့်လာသည်။ ဟန့်က လင်ကီကို ဘေးလုံး တိုက်ပြီး ဓာတ်လှေကားထဲ အရင်ဝင်သည်။ လင်ကီက သူ့နောက်မှ လှမ်းဝင်သွားရင်း
"အမှားအယွင်းပေါင်းများစွာထဲမှာ ခုလို  လုပ်တာလည်း ပါတာပေါ့"
သူ မျက်နှာ မသိမသာ နီသွားသည်။

"မင်းကို အရင် ပေးမ၀င်တာကို ပြောတာလား"
"အတင်း လုဝင်တာ ထားပါဦး၊ ဘေးလုံးတိုက်သွားတာကတော့ လွန်တာပေါ့"
နှစ်ယောက်သား လူချင်း မထိအောင် ယှဉ်ရပ်ရင်း ဓာတ်လှေကား အဆင်းကို လိုက်ပါသွားကြ၏။ ဘာ ဆက်ပြောရမှန်းမသိဘဲ ဖြစ်နေကြ၏။ မြေညီထပ်ရောက်လို့ တံခါးပွင့်သွားတော့ ဟန့်က ဘေးကို တိမ်းပေးပြီး လင်ကီကို အရင် ထွက်စေသည်။

"မင်းကို တိုးတိုက်ပြီး ၀င်သွားမိတဲ့အတွက် စိတ်မကောင်းပါဘူး။ နောက် ဒါမျိုး မဖြစ်စေရတော့ပါ ဘူး"
လင်ကီ ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွား၏။ ဘာပြန်ပြောရမှန်း မသိအောင် ကြောင်သွား ၏။ စိတ်မကောင်းပါဘူးတဲ့။ အမျိုးသမီးထံမှ တုံ့ပြန်မှု မရသည့်အတွက် ဟန့်က မကျေနပ်ဟန်ဖြင့်
"ကိုယ် စိတ်မကောင်းပါဘူးလို့ ပြောနေတယ်ဘေ၊ ဒါထက် ပိုပြီး ဘာပြောရဦးမှာလဲ"
လင်ကီက ကျောင်းသားခင်း ဥပမာ ခန်းမကို ဖြတ်လျှောက်ရင်း
"လင်ကီ့ကို လဲကျမတတ် ဘေးလုံးတိုက်ပြီး ဦးအောင် ၀င်သွားတဲ့ အတွက်လား"

လင်ကီက အငေါ်တူးတူး လေသံဖြင့် ပြန်မေးတော့ သူရယ်သည်။ နောက်ဘာမှ မပြောတော့ဘဲ ဆက် လျှောက်သွားတော့၏။ မိနစ်ပိုင်းအတွင်း အ၀တ်အစားဘိုသီဘတ်သီနှင့် ဟန့်ဂရင်နီသည် တတိယ ရိပ်သာတစ်လျှောက်မှ ရုံးဆင်းလာသည့်  လူ့ရေစီးကြောင်းကြီးထဲတွင် ရောပါ ပျောက်ကွယ်သွားလေသည်။
သူ့ကို လင်ကီ ငေးကြည့် ကျန်ရစ်၏။ ပထမဆုံးအကြိမ်အဖြစ် သူ့တွင် ဆွဲဆောင်မှု တစ်မျိုးမျိုး ရှိနေကြောင်း လင်ကီ အံ့သြစွာ သတိပြုမိလေသည်။

ဆက်ရန်
.

No comments: