Monday, May 2, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၃)

အခုလို အမှုတွဲတွေ တသီတတန်းကြီး ပါလာအောင် အဆန်းထွင်ခဲ့တဲ့ ကောင်က ရဲမော်ဖြစ်၏။ သူ စခဲ့တဲ့ ကိစ္စ ၊ သူ့ကိုပဲ ပထမဆုံး ပြန်ဖြေခိုင်းရမည်။ ပြောနေကြာတယ် အခု ပဲ သွားလိုက်တာ ကောင်းမယ်ဟု ဆုံးဖြတ် သည်။ အ၀တ်အစားတောင် မလဲတော့ပဲ ပိုက်ဆံအိတ်သာ ယူသည်။

အရေးထဲမှာ ကားက ရုတ်တရက် စက်နှိုးလို့မရဘဲ ဖြစ်နေ၏။ သူ့ကားက နည်းနည်းတော့ စုတ်သည်။ စက်မှုဇုန် ထုတ် ပြည်တွင်းညဖြစ်လည်း မဟုတ်၊ အော်ရီဂျင်နယ်လို့လည်း ပြော လို့မရသော ဂျစ်ကားဖြစ်၏။ ဟိုအရင် က ၀ီလီဂျစ်ကို ပုံသွက်သွားအောင် ဘောနယ်လေး၊ မတ်ကတ်လေး အချိုးပြင်၊ စတီယာရင်တို့ ဂီယာတံ တို့ကို ခေတ်မီအောင် လုပ်ထားခြင်းသာ ဖြစ်၏။ အင်ဂျင်က သန္ဓေလေးတော့ ကောင်းသည်။ ဒီနေ့ကျ မှ ဘာဖောက်သလဲမသိ။

ဆယ်ငါးမိနစ်လောက် ကြာအောင် ဟိုနှိုက် ဒီနှိုက် လုပ်ပြီးမှ စက်နိုးသွားသည်။ မော်တော် ကားကတောင် ကိုယ့်သခင် ဘက်က မပါချင်တော့ဘူးလားဟု စိတ်တိုတိုနှင့် တွေးမိသေးသည်။
ရဲမော် တို့ အိမ်ရှေ့ရောက်လို့ လူခေါ်ခေါင်းလောင်း နှိပ်မလို့ ပြင်တုန်းမှာပဲ တံခါးဝကို မြရီဝင်း ရောက်ရှိ လာသည်။

''ရဲမော် ... ရှိလား''
ပေါ်ဌေးက မေးသောအခါ-
''ဟုတ်... ရှိပါတယ်၊ ဘယ်သူလို့ ပြောရမလဲ၊ အဲ အဲ သြော်... ကိုပေါ်ပါလား လာပါ၊ ၀င်ပါ''
ဆိုပြီး တံခါးဖွင့် ပေးသည်။
''ခဏထိုင်ပါဦးနော်၊ ကိုရဲကို သွားခေါ်ပေးပါ့မယ်''

ဟု ပြောပြီး အိမ်ခန်းထဲ ၀င်သွားသည်။ ပေါ်ဌေးသည် ဒီအိမ်ကိုလာတဲ့အခါတိုင်း ခုလိုပဲ အူကြောင်ကြောင် ကိစ္စ တွေ ကြုံတတ်သည်။ တကယ်ဆိုလျှင် မြရီဝင်းမှာ ငယ်သူငယ်ချင်း မဟုတ်သည့်တိုင် ရဲမော်နှင့် ကြိုက်ပြီး ကတည်းက သူတို့ သူငယ်ချင်းအုပ်စုဝင် ဖြစ်လာခဲ့ပြီးသား။ ပေါ်ဌေးနှင့် ရင်ရင်ငြိမ်းတို့ လက်ထပ် စာချုပ် ချုပ်တုန်းက သက်သေလုပ် တဲ့အထဲမှာ သူလည်းပါသည်။
နှစ်အိမ့် တစ်အိမ် ၀င်ထွက်သွားလာ နေခဲ့ကြတာလည်း ဆယ်နှစ်မက ကြာခဲ့ပြီ။ မြရီဝင်းနှင့် ရင်ရင်ငြိမ်း တို့ကလည်း ညီအစ်မတွေလိုတောင် ဖြစ်နေပြီ။ ပြောမနာ ဆိုမနာ ဟေးလားဝါး လား ဆက်ဆံရေးမျိုး ဖြစ်ရမည်။ မြရီဝင်းမှာ သဘောကောင်းသူ ဖြစ်သောကြောင့် ဒီလို ဆက်ဆံလို့လည်း ပြဿနာရှိမှာ မဟုတ်။

ခက်နေတာက ဟိုကောင် ရဲမော်ပင် ဖြစ်၏။ သူတို့လင်မယား နှစ်ယောက်တည်း ရှိတဲ့အခါမှာတော့ ရဲမော် က မြရီဝင်းကို အတွင်းရေးမှုးတစ်ယောက်လို ဆက်ဆံသည်။ မြရီဝင်းကလည်း ဟိုကောင် ပုံစံသွင်း ထားတဲ့ အတိုင်း လိုက်နေပေးသည်။ ကွယ်ရာမှာတော့ သူငယ်ချင်းတွေက သူတို့ကို ငပေါလင်မယားဟု သတ်မှတ် ထားကြသည်။
ခဏအကြာ မှာ ရဲမော် ထွက်လာသည်။

''မင်း လာလိမ့်မယ်လို့ ငါထင်သားပဲ''
ဟု ပြောရင်း ၀င်ထိုင်သည်။ ပေါ်ဌေး နည်းနည်းသံသယဖြစ်သွားသည်။ ရင်ရင်ငြိမ်းကများ ဖုန်းကြိုဆက်ပြီး တစ်ခုခု ပြောထားသလားမသိ။ရဲမော်၏ မျက်နှာကို အကဲခတ်ကြည့်သည်။ ခပ်ပေါ့ပေါ့ အမူအရာကိုသာ တွေ့ရ၏။
''ဘာဖြစ်လို့ ထင်တာလဲ''
ဟု သေချာအောင် ထပ်မေးလိုက်သည်။

''သြော်... မင်း ငါ့အိမ် မရောက်တာ ကြာပြီလေကွာ၊ ငါတောင် မင်းဆီ ထွက်လာမလို့ဘဲ၊ မင်း မလာတာ ကြာပြီ လို့ ပြောရင်ရောက်လာတတ်တယ်တဲ့၊ သူ သတိပြုမိတာ နှစ်ခါ သုံးခါ ရှိပြီလို့ မြက ပြောတယ်၊ အဲဒါနဲ့ ဟုတ် မဟုတ် စောင့်နေတာ၊ ငါတော့ ပိုက်ဆံကုတ်ဦးတော့ မှာပဲ''
''ငါ ရောက် မလာရင်ကော''
''ဒါကတော့ကွာ...ဟဲ ဟဲ...မင်းရောက်မလာပါစေနဲ့လို့ ဆုတောင်းနေတာ''
ဆိုပြီး လိုက်ရယ်နေရသည်။ ရဲမော်က အိမ်အတွင်းခန်းဘက် လှည့်ပြီး-
''မြရေ ... '' ဟု အော်ခေါ်လိုက်သည်။

''လာပါပြီ'' ဆိုသော အသံနှင့်အတူ မြရီဝင်း ထွက်လာပြီး (MRTV-4 ကအစီအစဉ် ကြေညာတဲ့ မိန်းကလေး တွေလို) လက်နှစ်ဖက်ကို ရှေ့မှာယှက်ရင်း ရဲမော်ရှေ့မှာရပ်သည်။
''သောက်ရေလေး တစ်ခွက်လောက်ကွယ်''
''ဟုတ်''
ဆိုပြီး မြရီဝင်း အတွင်း ပြန်ဝင်သွားသည်။

ဒီကောင် မင်္ဂလာယူနေပြန်ပြီ။ ရေသောက်ချင်တာများ စောစောကတည်းက တစ်ခါတည်း သောက်လာ လည်း ရရက်သားနဲ့။ ဒါမှမဟုတ်...'မြရေ... ရေတစ်ခွက်လောက် ခပ်ခဲ့ပါ' လို့ လှမ်းအော်လိုက်ပြီးရော။ခုတော့ လူကို တစ်ခါ ခေါ်ပြီးမှ ရေသွားခပ်ခိုင်း။ သက်သက် လူရှေ့မှာ အသားယူပြနေတာ။ ဟိုကလည်း ဘာလုပ် လာမလဲ ကြည့်နေ။
ခဏအကြာမှာ မြရီဝင်းသည် ရွှေရောင် ပန်းကနုတ်တွေ ပါသော ယွန်းလင်ပန်းလေး ကိုင်ပြီး ပြန်ထွက် လာသည်။ ဇီးရောင် ဖန်ခွက်လှလှပေါ်မှာ ဖန်ပန်းကန်ပြား အုပ်ပြီး ဗန်းပေါ် တင်လာသည်။

ရဲမော်ရှေ့မှာ ကိုယ်ကိုကိုင်း၍ ရပ်ရင်း-
''ရေ... ရပါပြီ''
ဟု ပြောလိုက်သည်။ ရဲမော်က ဖန်ခွက်ကို ယူပြီး ရေသောက်သည်။ သူတို့ဖြစ်နေပုံကို ကြည့်ပြီး ပေါ်ဌေးမှာ မရယ်မိ အောင် သတိထားနေရ၏။ မြရီဝင်းက ပေါ်ဌေးဘက် လှည့်ပြီး-
''ကိုပေါ်ကော... ဘာသောက်ပါမလဲ၊ အပူလား....အအေးလား''
''ဘာဖြစ်ဖြစ်ရပါတယ်''
''ရဲယိုသီး ဖျော်ရည် သောက်ပါလား''

''ဘာ....ရဲ ... ရဲယိုသီး''
လုပ်ချလိုက်ပြန်ပြီ။ ဒီလောက် နံတဲ့ ရဲယိုသီးကို ဖျော်ရည်လုပ်ပြီးတော့...။ ပေါ်ဌေး နှာခေါင်း အနည်းငယ် ရှုံ့သွားတာ ကို ကြည့်ပြီး ရဲမော်က-
''မင်းက နံမယ်ထင်လို့လားကွ၊ ရဲယိုဖျော်ရည်လို့သာ... မပြောရင် သိမှာတောင် မဟုတ်ဘူး။ ငါကိုယ်တိုင် အိမ် မှာ ပျားရည်နဲ့ ဖောက်ထားတာကွ''
''အဲ အဲ... မြည်းကြည့်တာပေါ့လေ''
မြရီဝင်း အတွင်းခန်းထဲ ပြန်ဝင်သွားပြန်သည်။

''မင်းပုံစံ ကြည့်ရတာ တစ်မျိုးပဲကွ၊ အိမ်မှာ တစ်ခုခုများ အလိုမကျဖြစ်လာလို့လား''
ရဲမော် က ပေါ်ဌေးကို အကဲခတ်ကြည့်ရင်း မေးသည်။ စကားအစရတုန်း ဟိုကိစ္စ ပြောလိုက်ရကောင်းမလား စဉ်းစား နေတုန်း ရဲမော်ကပဲ ဆက်၍-
''ဘာလဲ... ရင်ရင်ငြိမ်းနဲ့ ငြိလာလို့လား''
''အလကားပါကွာ''
''ရင်ရင်ငြိမ်း ကတော့ စိတ်မကောက်တတ်ပါဘူး၊ မင်းက ပြဿနာရှာတာပဲဖြစ်ရမယ်''
ဘယ်က စပြောရင်ကောင်းမလဲ တွေးနေစဉ် မြရီဝင်း ပြန်ထွက်လာပြန်သည်။

''ရဲယိုဖျော်ရည် ရပါပြီ''
ဟု ပြောရင်းဖန်ခွက်ကို စားပွဲပေါ် တင်ပေးသည်။ ပြီတော့-
''ရင်ငြိမ်း နေကောင်းလား''
မေးသည် ။ ပေါ်ဌေးက-
''ကောင်း... အင်း... ကောင်းပါတယ်''

''ပြန်ရင် သွေးဆေး ပေးလိုက်ဦးမယ်၊ ရင်ငြိမ်းအတွက်... ''
ဟု ပြောပြီး ပြန်လှည့်ထွက်သွားသည်။
''သောက်ကြည့်လေကွာ''
ရဲမော် က တိုက်တွန်းသည်။ ပေါ်ဌေးက ဖန်ခွက်ကို ယူပြီး အနံ့ခံကြည့်သည်။ ရဲယိုသီးနံ့ ပုပ်အက်အက်မျိုး မရတာတော့ အမှန်ပဲ။ တစ်ငုံ ငုံကြည့်သည်။ ဘယ်ဆိုးလို့လဲ။ ၀ိုင်လိုလို ဘာလိုလိုနဲ့။ ရင်ထဲက နွေးခနဲ ဖြစ်သွား၏။ နောက် တစ်ငုံ ထပ်သောက်လိုက်သည်။ ခံတွင်းရှင်းပြီး ရင်ချောင်သွားသလို ခံစားရသည်။

''ငါတို့ဆီမှာသာ ရဲယိုသီးတွေ ဖောချင်းသောချင်း ဖြစ်နေလို့ လူတွေကအထင် မကြီးကြတာကွ၊ အမေရိကန် တို့.... ဥရောပတို့မှာဆိုရင် ထိပ်တန်းအသီအနှံ ဆယ်မျိုး စာရင်းထဲမှာ ၀င်နေပြီ၊ သုတေသနပြုချက်တွေအရ အနောက်တိုင်းဆေးဝါးတွေနဲ့ ကုလို့ မရတော့တဲ့ရောဂါ အတော်များများကို ရဲယိုတစ်မျိုးတည်းနဲ့ ပျောက်အောင် ကုလို့ရတယ် တဲ့၊ ဒါကြောင့် အောလ်အင်ဝမ်းလို့တောင် ဆိုနေကြပြီ၊ အမေရိကန်မှာ ရဲယိုသီး အဆီအနှစ် ဓာတ်စာဆေးဖျော်ရည် တစ်လီတာကို ဒေါ်လာ ခုနှစ်ဆယ်လောက် ပေးရတယ်ကွ''
ဆိုပြီး ရဲယိုတရားတွေ ဟောနေတော့သည်။

ရဲမော်တို့ လင်မယားနှစ်ယောက်စလုံး ၀န်ထမ်းတွေ ဖြစ်သည်။ မလွတ်လပ်ဘူး၊ ဖိအားတွေ များတယ်၊ ငါ့စိတ် နဲ့ မဖြစ်ဘူး ဆိုပြီး ၀န်ထမ်းဘ၀ကို ငြီးငွေ့နေကြသည်။ ကိုယ်ပိုင် အလုပ် တစ်ခုခုကို လုပ်ချင်သည်။ သူ့စိတ်ကူး ကတော့ ဆေးဖော်ရောင်းဖို့ ဖြစ်၏။
ထို့ကြောင့် ဆေးတွေ တစ်မျိုးပြီး တစ်မျိုး စမ်းသပ်ဖော်စပ်သည်၊ အောင်မြင်လျှင် အလုပ်က ထွက်ပြီး ဆေးဖော် ရောင်းမလို့တဲ့။

ရဲမော်ရဲ့ ရဲယို တရားနာနေရတာနဲ့ပဲ ကိုယ်ကိစ္စ ပြောမယ်စကား ဦးတည်ချက် ပျောက် သွားသည်။ ဘယ်လို ပြန်ကောက်ရကောင်မလဲ စဉ်းစားသည်။ နောက်တော့ စိတ်ကူးတစ် မျိုး ပြောင်းသွားသည်။ ရဲမော်ကို စည်းရုံးရတာ နည်းနည်းခက်နိုင်သည်။ မြရီဝင်းကိုလည်း စောစောစီးစီး အသိမပေးချင်သေး။ တော်ကြာ ရင်ရင်ငြိမ်းဆီသွားပြီး အကြံဥာဏ်တွေဘာ တွေ ပေးနေလျှင် ပိုပြီးလက်ဝင်သွားနိုင်သည်။ ပြီးတော့ ရဲမော် လက်ခံနိုင်လောက်သေ  အကြောင်းပြချက်ကိုလည်း ထပ်ရှာချင်သေးသည်။

''ဘယ်လို နေလဲကွ''
ဟု ရဲမော်က ရုတ်တရက် မေးလိုက်သဖြင့် သူ ကြောင်သွားသည်။
''ဘာကို ပြောတာလဲ''
''ဗိုက်ဆာ မလာဘူးလား''
သူ ပြောမှ သတိထားမိသည်။ ဗိုက်ထဲမှ လေတွေ လှည့်နေသလိုလို တရွရွ ဖြစ်နေပြီ အစာစားချင်စိတ် ပေါ်လာသည်။

''ဟုတ်တယ်ကွ၊ တစ်မျိုးပဲ... ခုတလော ညနေဘက်မှာ စားခင်သောက်ချင်စိတ် သိပ်မရှိဘဲ ဖြစ်ဖြစ်နေတာ၊ ခုတော့ ဗိုက်ထဲက ဆာသလိုလို ဖြစ်နေတယ်''
ရဲမော်က ကျေနပ်စွာ ပြုံးလိုက်ပြီ-
''အဲဒါ ရဲယိုဖျော်ရည်ရဲ့ တန်ခိုးသတ္တိပေါ့ကွ၊ ဒီမှာပဲ ထမင်းစားသွားပါလား''
မြရီဝင်း က ဟင်းချက်ကောင်းသည်။ ရဲမော်ကကြိုက်တတ်တာတွေကိုလည်း သိသည်။ တစ်ခါတလေ ဒီကောင် က ရှာရှာဖွေဖွေ ပေါက်ကရတွေ စားချင်တတ်သည်။ မြရီဝင်းကလည်း မရရအောင် ရှာပြီး ချက်ကျွေး တတ်သည်။

အိမ်မှာလည်း ရင်ရင်ငြိမ်းက ခါတိုင်းလိုပဲ သူ့အတွက်ပါ ထည့်ချက်ထားမှာပါပဲ။ သို့ရာတွင် သူက ဒီရက်ပိုင်း တတ်နိုင် သလောက် အိမ်မှာမစားဘဲ ဆန္ဒပြဖို့ စဉ်းစားထားသည်။ ထို့ကြောင့်-
''ကောင်းသားပဲကွ၊ မြရီဝင်း လက်ရာမစားရတာ ကြာပြီ၊ ဘာဟင်းချက်လဲ''
''ငါးရံ့ကို ရဲယိုရွက်နဲ့ ငါးပေါင်းထုပ် လုပ်ထားတယ်''
ဒီလင်မယားတော့ ရဲယိုကို စီးရီးလိုက်ကို စားနေတော့တာပဲ။ အမှန်အားဖြင့် ပေါ်ဌေးသည် ရဲယိုရွက်ကိုတော့ မကြိုက်လှ။ ဒီအိမ်မှာ စားဖို့ သဘောတူပြီးသား ဖြစ်နေသောကြောင့် ကြိတ်မှိတ်ပြီး စားလိုက်ရသည်။

''ရဲယိုရွက်ကလည်း အသီးလိုပဲ အာနိသင် ရှိတာပဲကွ''
အသီးတရား ပြီးတော့ အရွက်တရားကိုလည်း ဆက်နာလိုက်ရသေးသည်။
ဒီလိုနဲ့ သူ့ကိစ္စကို စကားမစဖြစ်တော့ဘဲ ဟို လင်မယား ပေးလိုက်သော ရဲယိုသီးဖျော်ရည် တစ်ပုလင်း၊ အပူငြိမ်း သွေးဆေး တစ်ဘူးနှင့် အတူပြန်ခဲ့ရသည်။
မြရီဝင်းက သွေးဆေး ပေးလိုက်ကြောင်း ရင်ရင်ငြိမ်းဆီ ဖုန်းဆက်ပြောမှာ သေချာသည်။ ထိုအခါ ရင်ရင်ငြိမ်း က မိမိတို့ အိမ်ထောင်ရေး အခြေအနေကို ပြောလိုက်မလား။ မဖြစ်နိုင်။ ရင်ရင်ငြိမ်းသည်နှုတ်နည်းသူ ဖြစ်၏။ သိုသို သိပ်သိပ် လည်း နေတတ်သည်။ ကိုယ့်ပြဿနာ ကိုလူတကာ သိအောင် လျှောက်ပြီး ကြေညာ တတ်သူ မျိုး မဟုတ်။

အိမ်ပြန်ရောက်လို့ အိမ်ဖော် မိန်းကလေးက-
''ဦးပေါ်... ထမင်းစားတော့မလား'' မေးလျှင်... အပြင်က စားလာပြီ.... ဟု ရင်ရင်ငြိမ်း ကြားအောင် ခပ် ကျယ်ကျယ် လေး အော်ပြောမည်ဟု စဉ်းစားထားသည်။
သက်သေ လုပ်မယ့် လူတွေက သဘောတူပြီ ဆိုလျှင် လက်မှတ်ထိုးပေးနိုင်ရန်အတွက် ကွာရှင်းစာချုပ်တစ်ခု လုပ်ထား ဖို့ လိုသည်။ သူတို့က ယုံရတာမဟုတ်။ စကတည်းက အင်တင်တင် လုပ်မယ့်လူတွေက များသည်။ အတော်စည်းရုံး ယူရမှာ၊ နှုတ်အားဖြင့် သဘောတူပြီး နောက်ကျမှ စိတ်ပြောင်းသွားလို့ လက်မှတ်ထိုး မပေးတော့ပါဘူး ဆိုတာမျိုး ဖြစ်လာနိုင်သည်။စိတ်နည်နည်း ယိုင်လာတဲ့အခိုက်မှာ အမိအရ လက်မှတ်ထိုး ခိုင်းမှ ဖြစ်မည်။ ဒီအတွက် ကွာရှင်းစာချုပ်တစ်ခု လက်ထဲမှာ အရန်သင့် ကိုင်ထားဖို့ လိုသည်။

စာချုပ်တစ်ခု လုပ်မယ်ဆိုလျှင် ကိုယ့်သဘောနဲ့ ကိုယ်စိတ်ကူး တည့်ရာလျှောက်ရေးလို့ ရတာမဟုတ်။ သူ့စည်ကမ်းအတိုင်း ဘောင်ဝင်အောင် လုပ်ရမည်။ ထိုအခါ ရှေ့နေ ဒေါ်မာမာဦးကို သတိရလိုက်သည်။
ထို့ကြောင့် သူ့ရုံးခန်းမှာ သွားတွေ့သည်။ တရားရုံး သွားနေသည်။ သုံးနာရီကျော်မှ ပြန်ရောက်မယ်ဆိုလို့ ဟိုဒီ လျှောက်သွားပြီး အချိန်ဖြုန်းရင်းစောင့်ရသည်။ သုံးနာရီ ခွဲပြီးမှ ပြန်ရောက်လာသည်။ တွေ့တွေ့ချင်း မှာတော့ ဖော်ဖော်ရွေရွေ၊ ပြုံးပြုံးရွှင်ရွှင်ပဲ။ လာရင်းကိစ္စကို သိသွားပြီးတဲ့အခါ ကျတော့ မျက်နှာထားက တင်း သွားသည်။ ပြီးတော့...
''၀မ်းနည်းပါတယ်၊ လင်မယား ကွာရှင်းတဲ့ ကိစ္စမှာ ယောက်ျားတွေဘက်ကနေ ကျွန်မ ဘယ်တော့မှ လိုက်ပါ ဆောင်ရွက် ပေးလေ့ မရှိဘူး'' ဟု လေသံ ဆတ်ဆတ် ပြောသည်။

''ဒါကြောင့် ခင်ဗျား အပျိုကြီး ဖြစ်နေတာ''ဟု စိတ်ထဲက ပြန်ပြောရင်း ရုံးခန်းထဲက တပ်ခေါက်ပြီး ပြန်ထွက် ခဲ့ရ၏။
နောက်မှ ပြန်စဉ်းစားကြည့်တော့ ဒေါ်မာမာဦး ပြောတာလည်း မှန်တာပဲဟု ၀န်ခံရသည်။ ကွာရှင်းပြတ်စဲတဲ့ ကိစ္စမှာ အမျိုးသမီးရှေ့နေက ယောက်ျားဘက်မှ လိုက်ပေးတယ်ဆိုတာ သိပ်တော့ သဘာဝမကျလှ ။ တစ်ဖက်လူ အပေါ် မိန်မချင်း ကိုယ်ချင်းမစာနာသလို မျက်နှာပူစရာကြီး ဖြစ်နေလိမ့်မည်။

ဆက်ရန်
.

2 comments:

Anonymous said...

Read Minlu 1 to 3.Thanks sis.
GD

Anonymous said...

Thanks Sis.

Ray