သားအဖနှစ်ယောက် မည်မျှ စိုးရိမ်နြေ့ပါသနည်း ဆိုသော် ညာမေတင် စိတ်လက် ပျော်ရွှင် လန်းဆန်းစေရန် ဘ၀ဟောင်း ကို မေ့ပျောက်စေရန် အာရုံသစ်မှာသာ စွဲလန်းမွှေ့လျော်စေရန် အလည်အပတ်လိုက်ပို့ခြင်း ဘုရားဖူး လိုက်ပို့ခြင်း စသည်တို့မှာ နေရာအနှံ့ လိုက်ပို့သော်လဲ တိရိစ္ဆာန်ဥယျာဉ်ကိုမူ လိုက်ပို့ရန်ဝေးစွ စကား ပင် မစကြပေ။
တိရိစ္ဆာန်ဥယျာဉ်မှာ လူဝံတွေရှိနေသည်၊ မျောက်တွေရှိသည်၊ တောကောင် တိရိစ္ဆာန်အစုံရှိ နေသည်။
တိရိစ္ဆာန်ဥယျာဉ်ကလဲ မြေညီမဟုတ်၊ တောင်ကုန်းငယ်တောင်လေး တခုဖြစ်သည်၊ တိရိစ္ဆာန် အစုံ ရှိနေသည်။
တိရိစ္ဆာန်ဥယျာဉ်ကလဲ မြေညီမဟုတ်၊ တောင်ကုန်းငယ်လေးတွေ အတက်အဆင်းနှင့် သစ်ပင် ခြုံနွယ်တွေ နှင့် တောတောင်လေးတခုဖြစ်သည်၊ တိရိစ္ဆာန်အစုံရှိနေသော ဤတောတောင်လေးထဲကို ရောက်သွားလျှင် ညာမေတင် တောစိတ်ဝင် စွာ အတူနေထိုင်ခဲ့သော ဘ၀ဟောင်းကြင်ဖော် ခင်မောင်အေးဟု ကြားဘူး ထား သည့် တောကောင် ကို ပြန်လည်တသ သတိရခါ လွမ်းဆွေးမှု ဖြစ်လေမည်လားစသည့် စိုးရိမ်စိတ် တွေ ကြောင့် ရန်ကုန်မြို့ထဲမှာ တောတိရိစ္ဆာန်ဥယျာဉ်ဟူ၍ ရှိနေကြောင်းကို သားအဖ နှစ်ယောက်လု့ါ်ပင် လေသံမျှ မဟကြချေ၊ ယုတ်စွအဆုံး ညာမေတင် ရှေ့မှာ တောအကြောင်း တောင်အကြောင်း တောသူ တောင်သား အကြောင်း တောတိရစ္ဆာန်အကြောင်းတွေကို မည်သည့်အခါမှ မပြောမိအောင် အထူးသတိ ထားနေခဲ့ ကြသည်။
အမြင်အကြား ဝေးသွားလျှင် လုံးဝမကြားရလျှင် ညာမေတင်တယောက်သူဖြစ်ခဲ့ရသည့် ဘ၀အကြောင်း ကိုရော ခင်မောင်အေးဆိုသည့် သတ္တ၀ါအကြောင်းကိုရော မေ့ပျောက်သွားလိမ့် မည်ဟု သားအဖ နှစ်ယောက်လုံး ယုံကြည်နေကြသည် ယခုမူ သူတို့ဆန္ဒအတိုင်း မဖြစ်သည်ကို သိရသောအခါ ကိုမြင့်ညိုနှင့် ဘခင် ဦးအုန်းဖေတို့သည် များစွာစိတ်မချမ်းမြေ့မှုကို ခံစားရသည်။
ညာမေတင်ကိုမူ ဖွင့်ဟပြောကြား တားမြစ်မည်ဟူ၍ကား စိတ်မကူးရက်ကြချေေ၊ ညာမေတင် စိတ် ကျဉ်းကြပ် သွားမည်ကို သနားနေကြသည်။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ ကိုမြင့်ညိုက စတင်စကားပြောလိုက်သည်။
'တခုတော်နေတာက ကျွန်တော်တို့ကို ဘယ်သူတွေဖြစ်တယ် ဘယ်က လာကြတယ်ဆိုတာ မိုးကောင်း က မသိလိုက်ကြဘူး၊ နောက်ပြီး ညာမေတင်ကို တောထဲက ဟိုအကောင်က မသိဘူး၊ လူစကား ပြောတတ်တယ် ဆိုပေမဲ့ ညာမေတင်နဲ့အတူ တောထဲကို အဖြစ်တမျိုးစီနဲ့ ရောက်လာတာဆိုတော့ ဘယ်နည်းနဲ့ မှ စာမတတ်ဘူးဖေဖေ၊ နောက်ဆုံးစကား ပြောရရင် အင်မတန် အကြောင်းအချက် အဆင်ပြေ လို့ရန်ကုန်ကိုရောက်လာတယ်ဘဲဆိုပါတော့၊ ရန်ကုန်လိုမြို့မှာ အစအနမရတဲ့ လူပျောက်တယောက်ကို ရှာဘို့ ဆိုတာ မလွယ်ဘူး၊ တခုဘဲ ကျွန်တော်နဲ့ဖေဖေ သတိထားဘို့၇ှိတယ်'
ကိုမြင့်ညိုစကားကြောင့် ဦးအုန်းဖေသည် စိတ်သက်သာသလို ရှိသွားရှာသည်။
'ဘာကိုသတိထားရမှာလဲ သား'
'ညီမလေးကို မြို့ထဲ သိပ်မထွက်စေနဲ့ ဖေဖေ၊ အိုအလျှင်းကို မသွားစေတာ အကောင်းဆုံးပါ၊ သူစာဖတ် ၀ါသနာ ပါတာကိုဘဲ ကျေးဇူးတင်နေရတယ်၊ သူဖတ်ဖို့ သင့်လျော်တဲ့ စာအုပ်တွေ များများဝယ်ပေးထား၊ ၀င်းတံခါး အိမ်တံခါးကို လုံလုံ ဂရုစိုက်မှာဘဲ'
ကိုမြင့်ညို စကားကို ဦးအုန်းဖေက သဘောတူသည်။
'အေး...ဒီလိုဘဲ စီစဉ်ရတော့မှာပေါ့ ကွယ်၊ အော်... သမီးလေး...သမီးလေး'
ဦးအုန်းဖေ က သမီးကို ကြင်နာစွာ ပြောလိုက်သည်။
'ဒါထက် အခုတင်က လာတဲ့ဧည့်သည်က ဘယ်သူလဲ ဖေဖေ၊ စကားပြောပုံက ဖေဖေနဲ့ တော်တော် ရင်းနှီးပုံ ရတယ်၊ ဖေဖေဆီကို ဒီတခါဘဲ လာတာတွေ့ဘူးတယ်'
ဘခင်ကြီး စိတ်ပြေလက်ပျောက်စေရန် ကိုမြင့်ညိုက စကားလမ်းကြောင်း လွှဲလိုက်သည်။
'အော်သားတို့မေမေရှိစဉ်က ဖေဖေတို့ ဇာတိမြို့မှာနေကြချိန်ပေါ့၊ တမြို့ထဲနေ တရေထဲ သောက် တွေလေ၊ ဒါပေမဲ့ တယောက်နဲ့တယောက်ကတော့ ရင်းနှီးကြွမ်းဝင်လှတယ် မဟုတ်ပါဘူး၊ တွေ့ကြခိုက် မှာ တယောက် ကို တယောက် ယဉ်ကျေးမှု အရနှုတ်ဆက်လိုက်ရုံပါဘဲ၊ ကွဲခဲ့ကြတာ ကြာလှပေါ့၊ ဖေဖေ ရန်ကုန်ကို မပြောင်းခင်ကဘဲ သူက ဇာတိမြို့ကို စွန့်ခွာပြီး စီးပွားရှာထွက်သွားခဲ့တာ အခုတော့ အခြေ အနေ တောတော်ဟန်ပုံရပါတယ်'
'ဖေဖေ ဒီမှာရှိနေတာကို သူဘယ်လိုသိသွားလဲ ဖေဖေ'
'အေးကွဲ့..လွန်ခဲ့တဲ့ လေးငါးရက်လောက်က ဖေဖေ မနက်စောစော လမ်းလျှောက်အထွက်မှာ သူနဲ့ လမ်း မှာ သွားတွေ့တယ်၊ သူက ကိုယ်ပိုင်မော်တော်ကားကို ကိုယ်တိုင်မောင်းလို့သားရဲ့၊ ဖေဖေကလဲ သမီးလေး အကြောင်း တွေးလာရင်းက သွားလေသူကို သတိရပြီး ကိုယ့်အတွေးနဲ့ကို ကိုယ်ဆိုတော့ သူနောက်က တီးလိုက် တဲ့ ကားဟွန်းသံကို မကြားလိုက်မိဘူး၊ သူကလဲ စိတ်တိုသွားတော့ မောတော်ကားကို ရပ်ပြီး ကြိမ်းမောင်း တဲ့ စကားပြောရင်း ဖေဖေ့ကို ကြည့်လိုက်မိတော့ မှတ်မိသွားတယ်ကွယ်၊ ဖေဖေ့နာမည်ကို သူက စခေါ်ပြီး ၀မ်းသာအားရ ဖက်လှဲတကင်းပါဘဲ၊ ဖေဖေကတော့ သူပြောမှ သူမှန်းသိတော့တယ်၊ ဖေဖေ အိမ်နေရာ ကို မေးထားလိုက်တယ်၊ အခု သူလာလည်တာပေါ့'
'နာမည်က ဘယ်သူလဲ ဖေဖေ'
'ဖေဖေတို့ တမြို့ထဲနေစဉ်ကတော့ သူ့နာမည် မောင်အေးထွန်းတဲ့၊ ဖေဖေတို့ကတော့ တယောက်ကို တယောက် မောင်အုန်း၊ မောင်ထွန်း၊ အဲဒီလိုခေါ်ခဲ့ကြတယ်၊ အခုတာ့ နာမည် ပြောင်းထားလား မသိပါဘူး'
'ဦးအေးထွန်းက ဘာအလုပ်လုပ်နေလဲ ဖေဖေ'
ကိုမြင့်ညိုက မဆိုင်သည်ကို စပ်စုနေခြင်းတော့မဟုတ်ပေ၊ သမီးလေး ညာမေတင် အတွက် ဘခင်ကြီး စိတ်မကောင်းဖြစ်နေသည် သိသည်၊ ထို့ကြောင့် စိတ်ပြေလက်ပျောက် ဖြစ်အောင် စကားအဆက်မပြတ် ပြောနေခြင်း ဖြစ်သည်။
'ဟိုစဉ်အခါကတော့ ဘာအလုပ်မှ မယ်မယ်ရရလုပ်တယ်လို့တော့ မတွေ့မိဘူး၊ လူကလည်ပတ်တယ်၊ ပါးနပ်တယ်၊ နှုတ်ချိုတယ်၊ တဖက်သား နားဝင်အာင် ယုံကြည်လာအောင် ပြောတတ်ဆိုတတ်တော့ နှုတ် နဲ့ စားနေခဲ့တာဘဲ၊ ပါးစပ်ပွဲစား သဘာမျိုးပေါ့၊ တခုရှိတာက မောင်ထွန်းအဘို့ ငွေရမယ်ဆိုရင် ဘာမဆို လုပ်ဝန့် တဲ့ လူကွဲ့၊ သူ့ဇနီးလဲ ဆုံးသွားပြီလို့ပြောပါတယ်၊ ဖေဖေတို့လိုဘဲ သူ့မှာ သားတယောက်ဘဲ ရှိတယ် တဲ့၊ သူ့သားက ဘွဲ့ရထားပြီးသားတဲ့၊ လခစားမလုပ်ဘဲ သူလိုဘဲ စီးပွားရေး ကိုယ်ပိုင်အလုပ်နဲ့ တော်တော်လေး ဟန်နေတယ်လို့ ပြောတာဘဲ၊ သူ့ဇနီးက တ်ာတော်ချောတဲ့ အမျိုးသမီးတယောက်ဘဲ၊ သူ့သား က သူ့ဇနီးကို တူရင်တော့ ကြည့်လို့ကောင်းတဲ့ လုလင်ပျိုတယောက် ဖြစ်မှာပေါ့လေ'
ဘခင်ကြီးစကားဆုံးသောအခါ ကိုမြင့်ညိုက ဘာမှမပြောရသေးမှီ တယ်လီဖုံးက မြည်လာသည်၊ ထိုကြောင့် ကိုမြင့်ညိုက တယ်လီဖုံးပြောရန် ထွက်သွားရတာကြောင့် သားအဖ နှစ်ယောက် စကားပြတ် သွားကြသည်။
ကျယ်ဝန်းသော ခြံကြီးနှင့် ကျယ်ဝန်းခန့်ငြားလှပသော အိမ်ကြီးထဲမှာ ညာမေတင်သည် နောက်ကြောင်း ဆွေးဘွယ် လွမ်းတွေသာ မရှိခဲ့ဘူးဆိုလျှင် မည်မျှ ကြည်နူး သာယာမည်နည်း
ညာမေတင် အဘို့ လိုလေသေးမရှိ အစစအရာရာ ပြည့်စုံအောင် ဘခင်နှင့်အစ်ကိုက ဖန်တီးပေး ထားကြသည်၊ စာဖတ် ၀ါသနာပါသောညာမေတင်သည် သူ့အတွက် မျိုးစုံအောင် ၀ယ်ပေး ထားသော စာအုပ်တွေကို ဖတ်သည့်အခါဖတ် ၊ ညောင်းသည့်အခါ ခြံထဲဆင်း လမ်းလျှောက်၊ ဘခင်နှင့်အစ်ကိုအတွက် ဆောင်ရွက် လုပ်ကိုင်ပေးစရာတွေကို တာဝန်ကြွေပွန်စွာ စေတနာကောင်းကောင်းဖြင့် လုပ်ကိုင်ပေး စသည်ဖြင့် ပျော်သည့် အခါလဲပျော်သည်၊ သို့သော် အခါများစွာမှာကား တောတောင်လေးတစ်ခုလို ဖြစ်နေ သည့် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံကိုသာ ငေးမျှော်ကြည့်နေမိသည်။
လသာသည့် ညအချိန်မှာ ခင်မောင်အေးကို လွမ်းမိသည့် နည်းတူ မိုးသားတွေ အုံ့မှိုင်းလာ သည့် မိုးကောင်းကင် ကို ကြည့်ပြီး ခင်မောင်အေးကို လွမ်းသည့် စိတ်သည် ဖြေသိမ့်စရာ မရအောင် ပေါ်လာသည်။
မိန်ရာသီ နွေတပေါင်းမှာ ရွက်ဟောင်း ညှာကြွေ ရွက်သစ်ဝေနေသည့် သစ်ပင်တွေကို မြင်
ရသောအခါ တောတောင်တခွင်မှာ သူနှင့် ခင်မောင်အေးတို့ ပျော်ရွင်ကြည်နူးခဲ့ပုံတွေသည် ရုပ်ရှင် ကြည့်ရ သလို မြင်ယောင်ကာ လွမ်းမျက်ရည်ဖြာမိပြန်သည်။
ငွေနှင်းမှုံရီ ရာသီဟေမာန် မြောက်ပြန်လေညှင်းက ဆော်သွင်း တိုက်ခတ်သည့် အချိန်များ ဆိုလျှင် သူနှင့် ခင်မောင်အေး တို့ မီးဖိုကြီးနားမှာ အတူထိုင်ပြီး စကားသစ္စာ တိုင်ခဲ့ကြသည်များကို ပြန်လည် မြင်ယောင် လာကာ ဆွေးစိတ်တွေသာ ပွားလာမိတော့သည်။
'' အော်……..ခင်မောင်အေး …. ခင်မောင်အေး……… နင့်ကို ဘယ်တော့မှ မမေ့နိုင်ဘဲ ငါ့ တစ်သက်တာ မှာ ဆွေးစိတ်နဲ့ နေရတော့မယ်၊ တို့နှစ်ယောက် ပျော်ပျော်ကြီး နေခဲ့တဲ့ သည်တော သည်တောင်ကို ငါဘယ်တော့မှ ပြန်ရောက်ပါတော့မလဲ၊ အိုလေ….. ငါပြန်ရောက်သွားတော့ကော ငါချစ်တဲ့ ခင်မောင်အေးမှ မရှိ တော့တာ၊ ဟယ်………ခင်မောင်အေး အရိုးကိုဘဲ တွေ့ရ တွေ့ရ၊ ရောက် အောင် ပြန်သွားချင် လိုက်ပါဘိနော်၊ ခင်မောင်အေးရေ တကယ်သာ သေပြီဆိုရင် ငါ့ကို အိပ်မက်ဖြစ်ဖြစ် တစ်ခါလောက်တော့ ပေးပါလား ခင်မောင်အေးရယ်''
ဟု ဆွေးတိုင်း တွေးနေသော ညာမေတင်သည် လေအသွဲ့မှာ တနွဲ့နွဲ့ယိမ်းနေသည့် သစ် ပင် တောအုပ် လေးများ တောင်ကုန်း အနိမ့်အမြင့်လေးများဖြင့် သာယာ ကြည်နူးစရာ ကောင်းလှ သော ဗိုလ်ချုပ်ပန်ခြံကို မျှော်ကြည့်ရင်း ကူမွန်တောင်တန်းကို စိတ်ထဲမှာ မှန်းဆ ထင်မြင်လျက် အသက်တမျှ ချစ်သော ခင်မောင်အေး ကို တမ်တ လွမ်းဆွေးရှာသည်၊ ခင်မောင်အေးကို လွမ်းစိတ် ဖြင့် တမ်းတရေရွတ်နေရာမှ ……..
''ခင်မောင်အေး မသေဘူးဆိုပါတော့၊ တို့နေခဲ့တဲ့ တောင်တန်း တောအုပ်ကြီးထဲက ထွက် လာပြီး ငါ့ကို လိုက်ရှာ နေတယ် ဆိုပါတော့၊ ငါ့ကိုလဲ တွေ့ပြီဆိုပါတော့၊ ဖေဖေနဲ့ ကိုကိုက ဘယ်နည်းနဲ့မှ ခွင့်ပြုမှာ မဟုတ်ဘူး၊ တို့နှစ်ယောက် ပျော်ပျော်ကြီးနေခဲ့တဲ့ တောတောင်ထဲကို ပြန်ပြေးကြရင် ဘယ်လောက်များ ပျော်စရာ ကောင်းလိုက်မလဲ ခင်မောင်အေးရယ်၊ နင်မသေဘဲ ငါ့ကို လိုက်ရှာလိုက်စမ်းပါလား'
ဟုကြီးမားသော လွမ်းဆွတ်ပူဆွေးမှုဖြင့် ထင်မိထင်ရာ တောင့်တလိုက်မိရှာသည်။
ညာမေတင်က ကိုမြင့်ညိုတို့ ဆရာတပည့်သုံးယောက် ပြောနေသည့် စကားကိုသာ အတည်ပြု နေရရှာ သည်ဖြစ်၍ ခင်မောင်အေး သေပြီဟု တထစ်ချယုံကြည်ကာ ပူဆွေးစွာဖြင့် အထက်ပါအတိုင်း တောင့်တ မိသည်၊ သို့သော် ညာမေတင် တောင့်တသည့်အတိုင်း ခင်ောမင်အေးကား တကယ်ပင်မသေဘဲ ညာမေတင် ကို ရေမြေဆုံးစေတော့၊ တွေ့အောင်ရှာမည်ဟူသော ဇွဲဖြင့် တောတောင်ထဲက တကယ်ပင် ထွက်လာ နေခဲ့သည်ကိုမူ ညာမေတင်တယောက် သိလိုက်လျှင် မည်မျှဝမ်းသာရှာမည်နည်း။
ကိုမြင့်ညိုသည် ညာမေတင်နှင့်ခင်မောင်အေးတို့ကို မေ့ဆေးပေးစဉ်က ညာမေတင်ကို ပေးသည့် မေ့ဆေး ထက် ခင်မောင်အေးကို ပိုပြီးပေးခဲ့သည်။ ခင်မောင်အေးသည် ကျန်းမာသန်စွမ်းသူလဲဖြစ် အားခွန်ဗလဖြင့် ပြည့်ဝသူလဲဖြစ်သည့်အတွက် ညာမေတင်ကိုပေးသည့် အချိုးအတိုင်း အချိန်အဆအတိုင်း ပေးခဲ့လျှင် ညာမေတင် ထက် စောပြီး သတိပြနရလာမည်ဖြစ်သည်၊ ထိုအခါ သူတို့လူစုသည် ညာမေတင် ကို ဆောင်ယူပြီး ထွက်လာခဲ့သည့် ခရီးမှာ ခင်မောင်အေး သတိရလာသည့် အချိန်ဆိုလျှင် မည်သည့်နည်းနှင့်မှ စိတ်ချ ရသည့် အကွာအဝေးသို့ မရောက်နိုင်သေးချေ။
ထို့ကြောင့် ကိုမြင့်ညိုသည် ခင်မောင်အေးကို ညာမေတင်ထက်ပိုပြီး မေ့ဆေးသုံးလာခဲ့ခြင်းဖြစ်သည်။
သူငယ်ချင်းဆရာဝန်ထံမှာ စိတ်ရှည်လက်ရှည် အသေးစိတ်သင်ကြား မှတ်သားလာခဲ့သည်ကြောင့် ခင်မောင်အေး လို အကြမ်းခံအမောခံ အားခွန်ဗလ သန်စွမ်းကျန်းမာနေသူ တယောက်သည် ဤမျှလောက် အချိန် အဆ မေ့ဆေးဖြင့် အသက်အန္တရာယ်မဖြစ်ပါ၊ ခင်မောင်အေး သတိပြန်လည်ရလာသော အချိန်သည် ညနေ နေ၀င်ပြီး၍ မှောင်စပျိုးနေလေပြီ။
တညလုံး တနေ့လုံး လူခုနှစ်ယောက် အနားမယူ မရပ်ဆိုင်းဘဲ တယောက်နားတယောက် အစားဝင်ဖြင့် ခြေသွက်သွက်ဘဲ လှမ်းခါ မပြေးရုံတမယ် အသော့နှင်လာခဲ့ကြသည် ဖြစ်စရာ ခင်မောင်အေး သတိပြန်လည် ရရှိသည့် ညနေမှောင်ရီပျိုးစပြုနေသည့် အချိန်တွင်မူ ကိုမြင့်ညိုတို့ လူစုသည် ခင်မောင်အေး လိုက်မမှီ နိုင်အောင် ခရီးက ဝေးကွာလာခဲ့ပြီ။
ထိုအပြင် ခင်မောင်အေးသည် မေ့ဆေးပြေသွားပြီဆိုသော်လဲ မေ့ဆေးအရှိန်ကြောင့် ဦးခေါင်းမထူနိုင်အောင် မူးနောက်ရီဝေနေသည်၊ စားသောက်ထားခဲ့သည့် အစာတွေ ရေတွေသည် မေ့ဆေးပြေစ ဖြစ်တတ်သည့် အတိုင်း တဝေါ့ဝေါ့ဖြင့် အော့အံနေရှာသည်။
ဦးခေါင်းကမထူနိုင်၊ အံရသည့် ဝေဒနာကို ခံစားနေရသည့်အတွက် ခင်မောင်အေးသည် နှုတ်မှ....
'မခင်မေရေ....မခင်မေ... ငါဘာဖြစ်တာလဲ၊ မှောင်လိုက်တာ၊ မီးပုံကမီးတွေ သေသွားပြီလား၊ မခင်မေ အိပ်ပျော် နေလား'
ဟူသော စကားကို လျှာလေးကြီးဖြင့် မပြီမသ ပြောခါ သူ့အနားမှာ လဲလျောင်းအိပ်နေကြ ညာမေတင်ကို လက်က စမ်း လိုက်သည်။
မှောင်နေသည့်အတွက် ခင်မောင်အေးသည် မေ့ဆေးအရှိန်ကြောင့် နောက်တနေ့ကူးပြီး နေ၀င်မိုးချုပ် သွားသည် ဟု မသိချေ၊ သူတို့ အပူအပင်ကင်းမဲ့ပျော်ရွှင်စွာ နှစ်ယောက်အတူ အိပ်စက် ခဲ့သည့် ညဟုပင် ထင်နေသည်၊ သူ့အနားမှာ အစဉ်အမြဲ ပူးကပ်စွာ အိပ်နေကြ သူချစ်သော ညာမေတင် ကို သူမစမ်းမိချေ။
'မခင်မေ...မခင်မေ'
ခင်မောင်အေးက လျှာလေးကြီးဖြင့် အော်ခေါ်သည် ညာမေတင်သည် အပေါ့အပါးကိစ္စကြောင့် ဂူအပြင်ဘက်ကို ထွက်သွားသည်ဟု ထင်နေသည် သို့သော် ခင်မောင်အေး၏ အော်ခေါ်သံသည် ဂူထဲမှာ ပြန်လာ သည့် ပဲ့တင်သံကိုသာဖြစ်စေသည်။
ညာမေတင်ကို ခေါ်မရ၊ ဦးခေါင်းကလည်းမူး၊ အံထားရသည့်အတွက် မောပန်းနွမ်းနယ်နေသော ခင်မောင်အေး သည် ညာမေတင်ကို မပြီမသ ခေါ်နေရင်းကပင် ပြန်လည်အိပ်ပျော်သွားပြန်သည်။
ခင်မောင်အေး အိပ်ယာက နိုးသောအခါ မိုးစင်စင်လင်းနေပြီး နေမင်းသည်ပင် တော်တော်မြင့်နေလေပြီ၊ ဤအချိန် ကာလတွင်မူ ညာမေတင်ကို အသော့နှင်ပြီး ဆောင်ယူသွားကြသည့် ကိုမြင့်ညိုတို့ လူစုကား နှစ်ည နှင့် တနေမ့လုံးလုံး ခင်မောင်အေးကို မျက်ခြေဖြတ်ထားခဲ့နိုင်သည်ဖြစ်ရာ လုံးဝ စိတ်ချရသည့် အကွာအဝေး ရောက်ကာ အိမ်ခြေ ကြိုးတို့ကြဲတဲ ရှိသော ရွာလေးတရွာသို့ ရောက်နေကြလေပြီ။
ခင်မောင်အေးသည် တညလုံး အိပ်ရေး၀၀ကြီး အိပ်လိုက်ရသောကြောင့် ဦးခေါင်းသည် ပေါ့ပါးသွားသည်၊ အိပ်ယာ မှ သန်သန်မာမာ ပင် ပြန်လည်ထနိုင်သည်။
'ဟယ်...ငါ့ တကိုယ်လုံးလဲ ပေလို့ပါလား၊ ဘာတွေလဲမသိဘူး နံလိုက်တာ၊ မခင်မေ ဘယ်ကိုသွားနေပါလိမ့်'
ထိုအချိန်ထိ ခင်မောင်အေးသည် စိတ်ပူခြင်းမရှိသေးချေ၊ သူအိပ်ယာထ နေမြင့်နေသည်၊ သူကိုယ်တိုင်က အံထား ခဲ့ကြောင်း မသိခဲ့သော်လဲ နံစော်သောအရာတွေ သူ့အနားမှာ ရှိနေပြီး သူ့ကိုယ်မှာလဲ ပေလူး နေသည် ကို တွေ့သည်၊ ထိုကြောင့် ညာမေတင်သည် သူ့ကို ဆေးကြောပေးရန်အတွက် ကမ္ဘားအောက်မှာ ရှိနေသော စမ်းချောင်းသို့ ရေခပ်ရန်သွားနေသလားဟု ထင်လိုက်သည်။
အတန်ကြာ စောင့်သော်လဲ ညာမေတင်မပြန်လာ။
'စမ်းချောင်း ကမ်းပါးမှာ အရင်တခါ သူတွေ့ခဲ့တဲ့ အကောင်တွေ ပြန်ရောက်နေလို့ ကြည့်နေသလား'
ဟူသော အတွေးဖြင့် ခင်မောင်အေးသည် သူ့ကိုယ်မှာ အံဘတ်တွေပေနေသည့် သားကောင်အရေကို ချွတ် လိုက်ကာ မပေမကျံ သန့်ရှင်းနေသည့် သားကောင်အရေတခုကို ၀တ်ရုံလိုက်သည်၊ ထိုနောက်မျက်နှာမှာ ပေနေသည့် အံဘတ်တွေကို သုတ်သင်ပြီး ဂူအပြင်ထွက်လိုက်သည် ညာမေတင်ဘယ်ဘက်ကို သွားသည်ကို သိလို သဖြင့် ခြေရာကို ကြည့်လိုက်မိသောအခါမှာ ခင်မောင်အေး မျက်လုံးပြူးသွားတော့သည်။
ဂူအပြင်ဘက်တွင်ကား လေတိုက်၍လွင့်ခါ ပြန့်ကြဲနေသော ပြာမှုံတွေပေါ်မှာ ခြေရာတွေကို တွေ့ရသည်၊ ခင်မောင်အေး တွေ့ရသည့် ခြေရာတွေကား ညာမေတင်၏ ခြေရာတွေမဟုတ်၊ ခြေချောင်းရာ၊ ဖနောက်ရာ မထင်သည့် အပြားလိုက် ပြောချောထင်နေသည့် ခြေရာတွေဖြစ်သည်။
ရွက်ဖျဉ်ဘိနပ်တွေ စီးထားသည့် ခြေရာတွေကို ခင်မောင်အေးသည် လူခြေရာဟု မသိရှာချေ၊ တောကောင် တမျိုးမျိုး ၏ ခြေယာ ဟု ထင်လိုက်သည်။
'အောင်မယ်လေး ဘာကောင်တွေပါလိမ့် ၊ မခင်မေကို ချီသွားကြပြီ၊ မခင်မေခြေရာ ကို မတွေ့ဘူး၊ ဒီအကောင် တွေ ကိုက်သတ်လို့ မခင်မေသေပြီထင်ပါရဲ့'
ခင်မောင်အေးသည် အသံနက်ကြီးဖြင့် အော်လိုက်သည်၊ ခင်မောင်အေးအသံတွင် ပြင်းထန်သော စိုးရိမ် ပူပန်ခြင်း၊ ဒေါသဖြင့်ခြင်း၊ လက်စားခြေလိုခြင်း တို့သည် ရောပြွမ်းနေသည်။
ခင်မောင်အေးသည် ဂူထဲသို့ လျှင်မြန်စွာ ပြန်ဝင်ကာ သူကိုင်နေကြ လက်နက်ဖြစ်သော အရှည် တတောင် ခန့် လုံးပတ် လက်ကောက်ဝန်ခန့်ရှိသည့် အဖျားမှာ ဓားတချောင်းလို ချွန်ထက်နေသည့် ကျောက်တုံး တခု နှင့် မာကျောသော သစ်သား တုတ်ရှည်တချောင်းကို ယူလာခဲ့သည၊ ထိုကျောက်တုံး လေး နှင့် သစ်သားတုတ်ရှည်သည် ကြည့်ရ မြင်ရသူတို့အဘို့ သာမာန် လက်နက်မျှလောက်သော ထင်ရသော်လဲ ခင်မောင်အေး ၏ အားခွန်ဗလ ကျွ်းကျင်မှု လက်ဆချိန်သားကိုက်မှုတို့ ပေါင်းလိုက်သောအခါ၊ တောရိုင်း တိရိစ္ဆာန်ထဲ မှာ ကြောက်စရာအကောင်းဆုံးဟု အသိအမှတ်ပြုထားကြသည့် ကျားသတ္တ၀ါပင် နောက်ကြောင်း ကို တုံ့ပြေးရသည်အထိ ခင်မောင်အေး အစွမ်းရှိလေသည်။
ခင်မောင်အေးသည် ခြေရာတွေကို ကြည့်ကာ တဟုန်ထိုး လိုက်ခဲ့လေသည်။
သို့သော် သူ့ထက် နှစ်ညနှင့် တနေ့လုံးလုံး ခရီးကွာဝေးသွားပြီဖြစ်သော ကိုမြင့်ညိုတို့ လူစုကို မမှီ တော့ချေ၊ ထို့အပြင် စိတ်မာန်ကြောင့်သာ တဟုန်ထိုး လိုက်ခဲ့သော ခင်မောင်အေးသည် မေ့ဆေးဒဏ် ကြောင့် မူးဝေအော့အံထားခဲ့သည့် အဖြစ် ၀မ်းထဲတွင် မည်သည့်အစားအစာမှ မရှိသည် အဖြစ်ကြောင့် ညနေ စောင်း အချိန်ရောက်သော အခါဝယ် ခြေလက်ကိုပင် မသယ်ချင်တော့အောင် ပင်ပန်း နွမ်းနယ် လာတော့သည်။
ထိုကြောင့် မည်သို့မှ မဟန်နိုင်တော့သည့် အဆုံးတွင် ရုတ်တရက် စားသောက်ဘွယ်ရာကလဲ ရှာမရသည့် အတွက် တောင်ကျစမ်းလေးတခုမှ ရေကိုသာ အ၀သောက်ပြီး ဘေးကင်းလုံခြုံရာ သစ်ပင်မြင့်ကြီး တစ်ပင်ပေါ် ကို တက်ပြီး ထိုညအဘို့ အနားယူအိပ်လိုက်ရတော့သည်။
ပင်ပန်း လွန်းသောကြောင့်သာလျှင် အိပ်မည်ဟူသော ရည်မှန်းချက်ဖြင့် သစ်ပင်ပေါ်တက်လာလင့်ကစား ခင်မောင်အေး အိပ်မပျော်နိုင်ရှာချေ။
ကောင်းကင် မှာ သာနေသော လအကွေးလေးနှင့် တောက်ပသော ကြယ်တာယာတွေကို ကြည့်ရင်း ညာမေတင် ကို လွမ်းဆွတ်တမ်းတနေရှာသည်။
ခင်မောင်အေးသည် အိပ်မပျော်သောအခါ ညာမေတင် ပျောက်သွားသည့်အချက်ကို ဦးခေါင်းအေးအေးထား စဉ်းစား ကြည့်သည်။
အကယ်၍ တောကောင်တွေ ချီယူသွားလျှင် ဤမျှလောက် ဝေးဝေးလံလံ ရောက်အောင် ယူသွားမည် မဟုတ် ဘဲ တနေရာမှာ ကိုက်သတ်ထားသည်ကို၎င်း၊ သေနေသည့် အစအနကို၎င်း တွေ့ တွေ့ရမည် သာဖြစ်သည်။ ယခုမူ သွေးစက်အစအနကိုလဲ မတွေ့၊ စားသောက်ထားသည့် ခြေရာ လက်ရာကိုလဲမတွေ့၊ ရုန်းကန် လှုပ်ရှားသည့်အရာ၊ ဒရွတ်တိုက် ဆွဲသွားသည့် အရာကိုလဲ မတွေ့၊ ခင်မောင်အေးသည် နှုတ်ခမ်း ကိုက်ကာ စဉ်းစားနေရာမှ...
'မခင်မေကို တောကောင်တွေ ကိုက်ချီသွားတာတော့ ဟုတ်မယ်မထင်ဘူး၊ ဟိုမခင်မေလိုက် ချောင်းကြည့် ခဲ့ဘူးတဲ့ အကောင်တွေက ငါနဲ့မခင်မေ အိပ်ပျော်နေခိုက် တိတ်တိတ်လေးလာပြီး မခင်မေကို ခိုးသွား တာဘဲဖြစ်မယ်၊ ဒီလိုဆိုရင် ဒီအကောင်တွေလဲ ဟိုသတ်တဲ့အကောင်တွေပေါ့၊ နေနှင့်ဦးပေါ့ဟယ်၊ မခင်မေ မသေဘူးလို့ ငါထင်တယ်၊ တွေ့အောင်ရှာမယ်'
ဆက်ရန်
.

No comments:
Post a Comment