အခန်း(၆)
ဂျိန်း
ဂျိန်း
ကဇာတ် အားလပ်ချိန်တွင် နှစ်ယောက်သား မိတ်ဆက် ဖြစ်ကြ၏။ ဆွဲဆောင်မှုက နှစ်ဖက်စလုံးတွင် ရှိ နေသည်။ ငြိတွယ်ပုံက မြန်ဆန်လှ၏။ အင်အားသစ်တစ်ခုက သူတို့ နှစ်ယောက်စလုံးကို နောက်ဘက်မှ တွန်းပို့ နေဘိသို့ ရှိ၏။
နစ်ကလည်း ခေသူမဟုတ်၊ တွေ့ကတည်းက ဂျိန်း၏ စွဲမက်စရာ ကောင်းပုံကို တန်းမြင်၏။ ဓာတ်ကြိုး နှစ်ချောင်း ၏ ထိပ်ဖျားမှ မီးပွားများနှင့် တူသည့် မိန်းကလေး။
အလားတူ ချက်ဆို နားခွက်က မီးတောက်သည့် ဂျိန်းက နစ်ဆိုသည့် ငနဲကို အကဲဖြတ်ပြီးသား၊ မျက်လုံး အရောင် တောက်တောက်နှင့် မိမိ၏ ပစ်ကွင်းထဲ ၀င်လာသည့် သားကောင် တစ်ကောင်ပဲ။ မျက်တောင်တွေ ရှည်၏။ ကော့၏။ မျက်လုံး အရောင်ပြာ၏။ ဖြူဖွေးသည့် သွားများ ညီညာ၏။ သံလွင်ရောင် အသားနှင့် လိုက်ဖက်၏။ အရပ်က ခြောက်ပေ၊ ကိုယ်လုံးကိုယ်ထည်က ကျားကျား လျားလျား၊ ပြဇာတ် ပြီးသည် နှင့် ဂျိန်း သူ့ကို လက်တွဲလိုက်သည်။
လက်ချင်းလာချိတ်တော့ ပျော်သွားသော်လည်း နစ်က သိချင်သည့် မေးခွန်းတစ်ခုကို မေးမိသည်။
"မင်း အတွဲ ကို ဘယ်ဖြုတ်ထားခဲ့သလဲ"
"နောက်တစ်ယောက် တွေ့ပြီလို့ ပြောလိုက်တာလေ"
ဂျိန်းက ခပ်ရွှင်ရွှင် ပြန်ပြောလိုက်သည်။ နမ်းချင်စရာကောင်းသည့် သူ့နှုတ်ခမ်းကို ကြည့်ပြီး ကျန်တာတွေ ဂျိန်း သတိမရတော့။
"ဟုတ်လား၊ အဲဒီလိုနဲ့ ပြီးရောလား၊ သူ ဘာပြောသေးလဲ"
ဂျိန်း အဖြေကြောင့် ပျော်သွားသော်လည်း သိပ် ဘ၀င်မကျ။ နစ်က အရာရာတွင် စနစ်ကျသူ မဟုတ်လား၊ အထောက်အထား မရှိသည့် အပြောင်းအလဲမျိုးကို လက်ခံသူ မဟုတ်။ သည်မိန်းကလေး ပြောင်းလဲပုံက ထူးဆန်း လွန်း၏။ မြန်ဆန်လွန်း၏။
"ဘာပြောရမလဲ၊ ကျွန်မနဲ့ ခွဲရရင် သေတော့မယ်ပေါ့"
ဂျိန်း ပြောပုံက ပေါ့ရွှတ်ရွှတ်။
"ဟုတ်လား၊ တကယ်"
နစ်က ဂျိန်းကို သေသေချာချာ ကြည့်ပြီး မေးသည်။ ဂျိန်း နောက်တောက်တောက် လုပ်နေခြင်း လား။
"သူ အဲဒီလို ပြောလို့၊ သူ့ကိုယ်သူ သတ်မသေပါဘူး၊ အိမ်ပြန်ရောက်ရင် ဆေးခြောက်ကလေး နည်းနည်းပါးပါး မှီဝဲပြီး သီချင်းကလေး တစ်ပုဒ် နှစ်ပုဒ်လောက် နားထောင်ပြီးရင် ပြီးသွားမှာပါ"
ဂျိန်းပြောပုံက တည်တည်ငြိမ်ငြိမ်။ အချစ်များစွာနှင့် နှုတ်ဆက်ထွက်ခွာဖူးပြီး ဖြစ်၍ ဂျိန်းအတွက် သည်ကိစ္စမှာ ထမင်းစား ရေသောက်မျှသာ ဖြစ်လေသည်။
အင်း တော်တော်ကြိုးစားပြီး အမီလိုက်ရမည့် မိန်းကလေးပါလားဟု နစ် သဘောပေါက်လိုက်မိ၏။
"မောင်နဲ့ ကျွန်မ ကမ္ဘာမြေကြီးကို သုခနန်းတော်ဖြစ်အောင် လုပ်ပစ်မယ်၊ အို မောင်ရယ်၊ မောင်ဟာ ကျွန်မ အတွက် ဖြစ်ရမယ်၊ ကျွန်မကလည်း မောင့်အတွက် မွေးလာတာ ဖြစ်စေရမယ်"
ထိုစကားလုံးတွေကို နစ်၏ နားနားကပ်ပြီး တိုးတိုးကလေး ပြောမိခဲ့သည့်အတွက် ဂျိန်း အရမ်း ကျေနပ်၏။
"သိပ် ယောက်ျားဆန်တာပဲနော်။ မောင့်ကို မြင်လိုက်တဲ့ တစ်ခဏမှာပဲ ရှေ့ ဘာဖြစ်လာမယ်ဆိုတာ ဂျိန်း သိနေပြီ သိလား"
နစ်၏ ကားပေါ်တွင် ထိုင်ရင်း စွဲမက်စရာ အသံကလေးဖြင့် ဂျိန်းပြောနေခြင်း ဖြစ်၏။ သူတို့ နှစ်ယောက် အီတလီ စားသောက်ဆိုင်ကလေးတစ်ဆိုင်ဆီသို့ ဦးတည်မောင်းနှင်နေကြခြင်း ဖြစ်လေ သည်။
ရင်ခုန်ချင်စရာ ကောင်းလှသည့် ဂျိန်း၏ စကားလုံးများကြောင့် နစ်တစ်ယောက် တိမ်တိုက်ထဲတွင် ရောက်နေသလို တငြိမ့်ငြိမ့် လှိုက်မောနေပြီး သူ့ရင်ခုန်သံကို ဂျိန်း ကြားသွားလေမည်လားဟုလည်း တွေးပူ နေ၏။
အသက် ၀၀ ရှူပြီး လည်ချောင်းတစ်ချက် ရှင်းကာ ကားကို အာရုံစိုက်မောင်းနေရသည်။ ဂျိန်းက သူ့ဘက် တိုးကပ်ထိုင်သည်။ သည်တော့ သူတစ်ဖက်သို့ မသိမသာ ရွှေ့ပေးရ၏။ တံခါးလက်ကိုင် နှင့် ကိုယ်တစ်ခြမ်း ထိကပ်နေပြီး အတော်ကြီး အနေရအထိုင်ရ ကျပ်တည်းလာ၏။
ဂျိန်း၏ လက်က သူ့ပေါင်ပေါ် ရောက်လာသည်။ နားတစ်ဝိုက်တွင် ဂျိန်း၏ အသက်ရှူသံနှင့်အတူ အနွေးဓာတ်ကို သိသိမှတ်မှတ် ရနေ၏။ နစ်၏ တစ်ကိုယ်လုံး အဖျားတက်သလို ပူနွေးလာသည်။
စားသောက်ဆိုင်ရောက်တော့ ထောင့်စားပွဲတွင် နေရာယူပြီး ဟင်းလျာတွေ မှာသည်။
အကြိုစားမြိန်ပွဲ ရောက်မလာခင် ဂျိန်းက နစ်ကို စပြီး လက်ဆော့သည်။ ဟင်းလျာပွဲတွေ နောက်ထပ် ရောက်လာချိန် တွင် ဂျိန်းက နစ်၏ နားနား ကပ်ပြောသည်။
"ဒါထက် လွတ်လပ်တဲ့ တစ်နေရာရာကို သွားကြရအောင်နော်"
နစ်က ကမန်းကတန်း ချက်လက်မှတ်ရေးပြီး စားပွဲပေါ် တင်ထားခဲ့သည်။ စားသောက်ဆိုင်ထဲမှ ကသော ကမျော ထွက်ခဲ့ကြ၏။ ပြန်အမ်းငွေ ကို စောင့်ယူဖို့ သူတို့နှစ်ယောက်စလုံး သတိမရကြတော့။ ဆိုင်ထဲက စားသုံးသူတွေ သူတို့ကို လိုက်ကြည့်နေကြ၏။
ကားပေါ် ရောက်သည်နှင့် နှစ်ယောက်သား အပြိုင် ကဲကြ၏။ နစ်၏ နှုတ်မှ ညည်းတွားရင်း နတ်ဒေ၀တာ တို့၏ အမည်များ ထွက်လာတော့ ဂျိန်းက ပြင်ပေးသည်။
"ကျွန်မနာမည် ဂျိန်း" တဲ့။
သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းအစပိုင်းတွင် ရမ္မက်ရေယဉ်၌ အရူးအမူး ကူးခတ်ကြသော်လည်း အလေးအနက် စဉ်းစား ဆွေးနွေးချိန်များလည်း ရှိခဲ့၏။
နစ်၏ အစ်မတစ်ယောက် ပြောဖူးသည်။ နစ်က မကာရ ရာသီဖွား ဖြစ်လို့ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေရမည်။ သည်လို နေရအောင်လည်း အမြဲ စိုက်လိုက်မတ်တတ် ကြိုးစားမည့် ပုံစံမျိုး တဲ့။ ဂျိန်း၏ ဘ၀က တစ်မျိုး၊ အပြောင်းအလဲတွေ များသည်။ ရုပ်ရှင်ဆန်သည်။
ဂျိန်းနှင့် တွေ့တော့မှ နစ်၏ ဘ၀ ပိုပြီး အသက်ဝင် လှုပ်ရှားလာသည် ထင်ရ၏။ ဂျိန်း၏ ရှတတ စကားလုံး များတွင် နစ် ယစ်မူးနေသည်။ ဂျိန်း၏ စူးစမ်း ရှာဖွေမှုများနှင့် အားမာန်ပါသည့် ယုယမှု များတွင် မျောပါ နေသည်။
"မင်းလို သိပ် စိတ်ဝင်စားစရာကောင်းတဲ့ ကောင်းလှသည့် ဂျိန်း၏ အပြုအစုတွင် နစ်တစ်ယောက် တသိမ့်သိမ့် ကြည်နူးလျက် ရှိ၏။ မိမိကိုယ်တိုင်လည်း သူ့လို စိတ်လွတ်လက်လွတ် နေပစ်ချင်စိတ် ပေါက်လာ၏။
"ကိုယ်က ထိန်းလွယ်တယ်၊ မင်းလို စိတ်ကို နည်းနည်းလွှတ်ပေးထားရင် ကျန်းမာရေးကို ပိုညီညွတ် မယ်ထင်တယ်"ဟု နစ်က ထုတ်ပြောသည်။
ဂျိန်းဘက်ကလည်း နစ်ကို စွဲလမ်းလာ၏။ ရုပ်ဆင်း ရူပကာ ချောမောခြင်းတစ်ခုတည်းကြောင့် မဟုတ်။ အရာရာ ကို နှိုင်းနှိုင်းချိန်ချိန် စဉ်းစားတတ်ခြင်းကို သဘောကျ၏။ နစ်၏ တည်ငြိမ်မှု၊ စည်းကမ်း သေ၀ပ်မှု တို့သည် ထင်ရာစိုင်းတတ်သော ဂျိန်းအား ထိန်းကွပ်ပေးလိမ့်မည်ဟု ယုံကြည် ၏။
ရုပ်မြင်သံကြားတွင် လာသမျှ အစီအစဉ်များကို မည်သည့်နေ့က မည်သည့်ပြကွက် ကြည့်ခဲ့ကြောင်း မှတ်မိ စေရန် မှတ်သားရေးဆွဲထားသည့် ဇယားကို နစ်က ပြတော့ ဂျိန်း အလွန် သဘောကျပြီး
"ဂျိန်း အဲဒီလို စနစ်ရှိချင်လိုက်တာ" ဟု တလေးတစား ပြောခဲ့သည်။
"ဂျိန်းက သိပ်တော်တာပဲကွာ" ဟု ဘာသာတိုင်း ဂုဏ်ထူးထွက်ပြီး ဘွဲ့ယူခါနီးတွင် နစ်က ဂုဏ်ယူ ချီးကျူးသည်။
မစ်ဇိုရီ စာပေမဂ္ဂဇင်းတစ်စောင်က ဂျိန်း၏ ၀တ္ထုတိုတစ်ပုဒ် ရွေးလိုက်တော့လည်း နစ် ၀မ်းသာမဆုံး။
"ဂျိန်းက အရမ်းထက်တာပဲ" ဟု ချစ်သူကို အမွှမ်းတင်သည်။
"ဂျိန်း က စာရေးသိပ်ကောင်းတာပဲ၊ ပရိသတ်က ဂျိန်းကို ချစ်ကြမှာပါ"
ကမ္ဘာကျော် ဇာတ်ကောင်မင်းသမီး နှစ်ဦး ဖြစ်သည့် အင်နာကာရနီနာနှင့် အင်မာဗိုဗာရီတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေ ကြသည့် အကြောင်းရင်းကို ဆန်းစစ်ပြီး သူတို့ဘက်မှ ရှေ့နေလိုက်ရေး သည့် ဆောင်းပါး ပါ လာတော့ နစ်က အားပေးခြင်း ဖြစ်၏။
"ဒါပေမယ့် ကိုယ်ချစ်သလောက်တော့ မင်းကို ဘယ်သူမှ ချစ်နိုင်မှာ မဟုတ်ဘူး ဂျိန်း၊ ကိုယ်တို့ နှစ်ယောက်ဟာ တစ်ယောက်အတွက် တစ်ယောက် မွေးလာကြသလိုပဲနော်" ဟု နစ်က အချစ်ကို ၀ိဂြိုဟ်ပြုတော့ ဂျိန်းက "နမ်းစမ်းပါဦး မောင်ရယ်" တဲ့။
နစ်ကို ကြည့်မရသူမှာ မောင်ဖြစ်သူ ရောဘတ် တစ်ယောက်သာ ရှိသည်။
"နင့်လူက ခပ်ကြောင်ကြောင်ပါဟာ၊ တစ်ချိန်လုံး တီဗွီကလာတာတွေ လိုက်မှတ်နေတာပဲ တွေ့ရ တယ်။ ကြာရင် နင်ပါ ကြောင်သွားလိမ့်မယ်" ဟု ပြောတော့ ဂျိန်း ဒေါပွသည်
"နင့် ပါးစပ် ပိတ်ထားစမ်း"
ချစ်သူများနေ့ ရောက်တော့ ဂျိန်း၏ လက်တွင် လက်စွပ်ကလေး ၀တ်ထားသည်ကို တွေ့ရ၏။ ထိုနေ့တွင် မင်္ဂလာဝတ်စုံကို ၀ယ်ဖြစ်သည်။ အမေရိကန် ဖရန်စီ ဆာဂန်ဖြစ်ဖို့ အိပ်မက်တို့ ဝေေ၀ ၀ါးဝါး ဖြစ်သွားပြီ။ "စာက ဘယ်အချိန် ရေးရေးရတာပဲ၊ အချစ်ကိစ္စက ပထမလေ" ဟု အပေါင်း အသင်းများက သတိပေးလျှင် ဂျိန်း ဖြေတတ်သည်။
ဝေဖန်ရေးဆရာတွေ လက်ခုပ်တီးပေးသည့် ဆောင်းပါးတွေ ဂျိန်း မဖတ်ချင်တော့။ နိုင်ငံကျော် စာရေးဆရာမ ဘ၀ကိုလည်း တမ်းတမ်းတတ မဖြစ်တော့။ နစ်နှင့် အတူနေပြီး အိမ်ရှင်မ ဖြစ်ရမည့် အရေးကိုသာ တွေးပြီး ဂျိန်း ပျော်နေမိသည်။
ကျောင်းပြီးခါနီး အခြားအခြားသော သူငယ်ချင်းများနည်းတူ ဂျိန်းသည် အိမ်ထောင်ပြုပြီးလျှင် ကလေး ဘယ်နှယောက်ယူမည်။ ကလေးတွေ၏ နာမည်တွေ ဘယ်လိုပေးမည် စသည့် ကိစ္စများနှင့် အလုပ်ရှုပ်နေ၏။ စနေ၊ တနင်္ဂနွေနေ့များတွင် နှစ်ယောက်သား အိမ်ခန်းရှာပုံတော် ဖွင့်ကြသည်။ ရှေ့ရေး နေမှုထိုင်မှုကို ဆွေးနွေးကြသည်။
ပန်းကန်ခွက်ယောက်တို့၏ အရောင်အသွေးကို ဂျိန်း စိတ်ဝင်စားလာ၏။ အိမ်သစ်တွင် ဘယ်လို အိပ်ရာခင်းမျိုးတွေ ၀ယ်ရမည်ကိုလည်း စဉ်းစားတတ်လာ၏။
"ပိုးပျော့က လျှော်လို့ ဖွပ်လို့တော့ လွယ်တယ်၊ ဒါပေမယ့် ကတ္တီပါလောက် မခမ်းနားဘူး"
ခန်းဆီးအတွက် ဆုံးဖြတ်ချက် မချနိုင်ဘဲ ဇဝေဇ၀ါဖြစ်နေသဖြင့် ရောဘတ်ရှေ့တွင် ထုတ်ပြောမိ သည်။ ရောဘတ်က အမူအရာဖြင့် အော့အန်ပြပြီး
"နင်ပြောတဲ့ အကြောင်းအရာတွေ ကြားရတာ ငါအန်ချင်လိုက်တာ" ဟု သရော်သည်။
"အန်ချင်ရင် တခြားသွားအန်၊ ငါ့အနား မလာနဲ့" ဟု မောင်းထုတ်၏။
မင်္ဂလာရက်မြတ် သတ်မှတ် ရွေးချယ်ပြီးလေပြီ။ ဇွန်လနှစ်ဆယ်ရက်နေ့၊ ဘွဲ့ယူပြီး နောက်နှစ်ရက်။ ဂျိန်း နေပုံ ထိုင်ပုံကြောင့် ရတက်မအေး ဖြစ်နသူအားလုံး ခုမှ ဟင်းချနိုင်ကြ၏။ နောက်ဆုံးတော့ ဂျိန်းတစ်ယောက် လင်ကောင်းသားကောင်း ရရှာသားပဲ"
"သမီး ခုလို လိမ္မတာ မေမေတို့ သိပ် ၀မ်းသာတာပဲ"
သားအမိ နှစ်ယောက်၊ ပန်းကန်ခွက်ယောက်တွေ သွားဝယ်ရင်း အမေက ဂျိန်းကို ပြောသည်။
"ဖေဖေရာ မေမေပါ သမီးအတွက် အရမ်း စိတ်ပူခဲ့ရတယ်လေ"
"စိတ်ပူတယ်၊ ဟုတ်လား မေမေ"
ဂျိန်း သိပါသည်။ နစ်နှင့် အိမ်ထောင်ပြုမည်ဆိုတော့ မေမေ့ရင်ထဲမှ အလုံးကြီး ကျသွားသလို ရှိမည်။ ကောလိပ်ကျောင်းမှ ဗိုက်တစ်လုံးနှင့် ပြန်မလာသည့်အတွက် အိမ်သားတွေ အရမ်း ၀မ်းသာနေကြသည်။ ဂျိန်းသည် အချစ်ကိစ္စများကို မိဘများနှင့် ဆွေးဆွေးနွေးနွေး လုပ်တတ်သူ မဟုတ်ခဲ့ပေ။
"သမီးက ရေးတတ်၊ ဖတ်တတ်တဲ့ အရွယ်ကစပြီး စာရေးဆရာမ ဖြစ်ချင်ခဲ့တာ၊ ဖေဖေနဲ့ မေမေက သမီး စိတ်ပျက်မှာစိုးလို့ မတားတာ၊ မေမေ့ရဲ့ အမေ့ကို ကြည့်ပြီး စာရေးဆရာဘ၀ကို မေမေ နားလည်ခဲ့တယ်၊ မပြေလည်ပါဘူး သမီးရယ်၊ စာတိုက်က ရောက်လာမယ့် ငွေကို မျှော်ရတာနဲ့ပဲ အချိန်ကုန်တာပါ။ အဘွားလို သမီးကို မဖြစ်စေချင်ဘူးလေ။ ဒါကြောင့် နစ်နဲ့ လက်ထပ်မယ်ဆိုတော့ မေမေ့တို့ အရမ်း သဘောကျနေကြတာ၊ ဖေဖေနဲ့ မေမေလို သမီးတို့ ပျော်ကြမှာပါ"
အိတာဂရက်ခ်ျသည် သမီးလုပ်သူ၏ အနာဂတ်ကို မျှော်ကြည့်ပြီး ကျေနပ်နေသည်။ မိမိငယ်ဘ၀ကို သမင်လည်ပြန် ကြည့်မိ၏။ ဘယ်တော့မှ ပြေပြေလညလည် မရှိခဲ့။ အဖေ့တွင် အချိန်ပြည့် အလုပ် ဟူ၍ ဘယ်တုန်းကမှ မရခဲ့။ ဆေးသုတ်သမားဘ၀၊ ကန်ထရိုက်တာဘ၀၊ တောက်တိုမည်ရ ဗာဟီရ ဘ၀များတွင်သာ ၀ဲလည်နေခဲ့၏။
ကိုယ်ပိုင် အလုပ်တစ်ခု တည်ထောင်ပြီး ကြီးပွား ချမ်းသာအောင်လုပ်ဖို့ အိပ်မက်တွေ မက်ခဲ့ သော်လည်း လက်ထဲတွင် ငွေမရှိခြင်း၊ ခွန်စိုက်အားစိုက် မရှိခြင်းတို့ေိကြာင့် ဘာမှ မဖြစ်လာခဲ့။
အစားချို့တဲ့၊ အနေချို့တဲ့ခြင်းဖြင့် သိမ်ငယ်ခဲ့ရသည့် ကလေးဘ၀ကို အိတာ ပြန်တွေးမိလျက် ရင်ထဲတွင် မွန်းကျပ်လာတတ်၏။ မီးဖိုး၊ ရေဖိုး၊ တယ်လီဖုန်းခ၊ အစရှိသည်တို့မှာ လစဉ် ရင်ဆိုင် ရသည့် ပြဿနာများ ဖြစ်သည်။ အဖေနှင့် အမေ အော်ဟစ် ရန်ဖြစ်သံများကို ယခုထိ ကြားယောင်နေဆဲ။
သမီးဖြစ်သူက စာရေးဆရာမဘ၀ကို စွန့်လွှတ်ပြီး နစ်လို ယောက်ျားတစ်ယောက်နှင့် လက်ထပ် မည် ဆိုသောအခါ အိတာဂရက်ခ်ျ၏ ရင်ထဲတွင် ပေါ့ပါးသွားလေတော့သည်။
အလုပ်ကို ကြိုးစားပြီး ဘ၀ ရည်မှန်းချက် မြင့်မားသူ နစ်လို ယောက်ျား တစ်ယောက်နှင့် အိမ်ထောင်ကျတော့မည်မို့ ဂျိန်းအတွက် ပူစရာမလိုတော့။
ဂျိန်း ဘာမှ ပြန်ပြောလေမည်လဲဟု အမေ အိတာ စောင့်နေသည်။ ဘယ်အကြောင်းအရာနှင့် စပ်လျဉ်းသည်ဖြစ်စေ၊ ဘယ်သူ့ကိုမဆို ဒက်ခနဲ ဒက်ခနဲ တုံ့ပြန်လေ့ရှိသော ဂျိန်းတစ်ယောက် ထူးထူးခြားခြား နှုတ်ဆိတ်နေ၏။
အမေ့မေတ္တာစကားများကို ကြားရသဖြင့် ဂျိန်း အသက်ရှူကျပ်သလို ဖြစ်လာ၏။ ကုန်တိုက်ကြီး တစ်ခု၏ ပန်းကန်ခွက်ယောက်များကြားတွင် မတ်တတ်ရပ်ရင်း မေ့မြောသွားမလားဟု အထိတ် တလန့် ဖြစ်သွား၏။
"သမီး ဘာဖြစ်လို့လဲ၊ နေကောင်းရဲ့လား"
တစ်ခါမှ မမြင်ဖူးသည့် ဂျိန်း၏ အမူအရာနှင့် တိတ်ဆိတ်မှုကြောင့် အမေ လုပ်သူအိတာ အလန့် တကြား မေးလိုက်သည်။
ဂျိန်းက သက်ပြင်းမှုတ်ထုတ်ပြီး
"သမီး ဘာမှ မဖြစ်ပါဘူး မေမေ" ဟု တဒင်္ဂ အသက်ရှူ ရပ်သွားသည့် အဖြစ်ကို ဖုံးကွယ်ပြီး ပြန်ဖြေ လိုက်၏။ တဖြည်းဖြည်းမှ အသက်ရှူလို့ ၀လာသည်။ မသိစိတ်က လှမ်းသတိပေးသော တဒင်္ဂကို ချက်ချင်း မေ့သွား၏။ မင်္ဂလာ အခမ်းအနား ပြင်ဆင်မှု ကိစ္စများတွင် သည်ကိစ္စကလေး ရုတ်ခြည်း နစ်မြုပ် ပျောက်ကွယ်သွားလေသည်။ နောက်ပိုင်းရက်များတွင် ဂျိန်းနှင့် နစ်တို့၏ ပျော်စရာ အနာဂတ်အကြောင်း စကားစပ်မိလျှင် ပန်းကန် ၀ယ်ရင်း အသက်ရှူမ၀သည့်အဖြစ်မျိုး ပြန်ပေါ် လာတတ်သည်။
ကလေး ငါးယောက်ယူဖို့ကိစ္စ၊ အိမ်တို့ ကားတို့ ကိစ္စနှင့် ခွေးတစ်ကောင် မွေးဖို့ အကြောင်းများ ပြောဖြစ်လျှင် ဂျိန်နှလုံးတွေ တဒိုင်းဒိုင်း ခုန်လာသည်။ သွေးခုန်နှုန်းတွေ တအား မြန်လာသည်။ ပါးစပ်ဟပြီး မနည်း ကြိုးစား အသက်ရှူရင်း သည်အကြောင်း နစ်ကို ပြန်ပြောပြ၏။
"အရမ်း ခံရတာပဲ၊ အဲလို ဖြစ်လာရင် လုံးဝ အသက်ရှူ ရပ်သွားသလိုပဲ၊ သေသွားမလား အောက်မေ့ ရတယ်"
"ထုံးစံအတိုင်း မင်းဝတ္ထု ဆန်နေတာ ဖြစ်မှာပါကွာ" ဟု နစ်က ခပ်ပေါ့ပေါ့ ပြန်ပြော၏။
ဂျိန်းက ပြုံးပြုံးကလေး ပြန်မေးသည်။ နစ် ပြောပုံကြောင့် ရင်ထဲ ပေါ့သွား၏။ ဂျိန်းက တိမ်းမူး လှုပ်ရှား လွယ်သလောက် နစ်က သွေးအေးသည်။ သည်အတွက် ဂျိန်းက နစ်ကို ပိုချစ်ရ၏။ မင်္ဂလာဆောင် ရက်နီးလာလေလေ ဂျိန်း၏ အသက်ရှူမ၀သည့် ရောဂါ သည်းလာလေလေ ဖြစ်လာ ၏။ အသက်ရှူ မရသည့် ကာလ ပို၍ ပို၍ ရှည်လျား၏။ လေကို ပါးစပ်ဟပြီး ဂျိန်း လိုက်ရှာနေရ၏။ မိုးကောင်းကင်ကြီးတစ်ခုလုံး သူ့ရင်ဘတ်ပေါ်သို့ ပြိုကျလာသလို ခံစားရ၏။
"ဂျိန်း ဘာဖြစ်တာလဲ မသိဘူး၊ အဲလိုမဖြစ်တဲ့ အချိန်မှာတော့ ဂျိန်း ဘာမှ မဖြစ်ဘူး၊ အကောင်းပကတိပဲ"
သည်တစ်ခါတော့ နစ် ပေါ့ပေါ့တန်တန် သဘောမထားနိုင်တော့ပြီ။ ဆရာဝန်ဆီ အတင်းသွားခိုင်း သည်။ ဆရာဝန်က ဂျိန်း၏ ကျန်းမာရေးကို စစ်ဆေးပြီး အကောင်းပကတိ ဖြစ်ကြောင်း အတည်ပြု ပေးသည်။ စိုးရိမ်စိတ် လွန်ကဲနေခြင်းဖြစ်သည်ဟု ထင်ကြေး ပေးသည်။ လက်ထပ် ထိမ်းမြားခါနီး တွင် မိန်းကလေးတွေ ဖြစ်တတ်သည့် သမားရိုးကျ စိတ်လှုပ်ရှားမှုမျိုးဟု ဆရာဝန်က ကောက်ချက် ချ၏။
"ဘာမှ မပူပါနဲ့ ကျွန်တော် ဆေးပေးလိုက်ပါမယ်"
ပြောပြောဆိုဆို ဆရာဝန်က ဆေးစာ ကောက်ရေးသည်။
အဖေ့ဆေးဆိုင် တွင် အလုပ်ဝင်လုပ်နေပြီဖြစ်သည့် နစ်က မီးလ်တောင်းဟူသည့် ဆေး၏ စွမ်းအင် ကို ကောင်းကောင်း သိထား၏။
"ဒါ နောက်ဆုံးပေါ်ဆေးလေ၊ အရမ်းကောင်းတာ၊ မင်း လုံးဝ နေကောင်းသွားမှာပါ ဂျိန်း"
နစ်က အဖြူရောင် ဆေးလုံးကလေးများ ကမ်းပေးရင်း ပြောလိုက်၏။
နစ်ပေးသည့် ဆေးကို ဂျိန်း သောက်ပါသည်။ စိတ်ထဲတွင် လေးတေးတေးကြီး ဖြစ်လာ၏။ အရာအားလုံး သည် ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှ အနှေး ပြကွက်ကို ကြည့်နေရဘိသို့ ရှိ၏။ သည်ဆေးကို သောက်ရသည့် အတွက် အခြား အပိုဆုတစ်ခုမှာ နှလုံးကို တဒုန်းဒုန်း ထုနေသလို ခံစားရခြင်း ဖြစ်သည်။ သွေးခုန်နှုန်း မြန်လာ၏။ အသက်ရှူဖို့လေ။ ပတ်ဝန်းကျင်တွင်လေ နည်းသည်ထက် နည်းလာ၏။
"ဘာဖြစ်တာပါလိမ့်"
"အခမ်းအနားမှာ သမီး သတိလစ်သွားရင် ဘယ်နှယ့် လုပ်မလဲ မေမေ"
ဂျိန်းက အမေ လုပ်သူကို စိုးရိမ်တကြီး မေးသည်။
"ဟာ မဟုတ်တာ၊ သတို့သမီးတိုင်း ဒီလိုဖြစ်ကြတာမျိုးပဲ၊ မဆန်းပါဘူး သမီးရယ်"
ဆက်ရန်
.
No comments:
Post a Comment