Friday, May 13, 2011

ကူမွန်တောင်တန်း လွမ်းစေဘို့ဖန် (မဝင်းမြင့်) အပိုင်း (၂၆)

ကျော်ကျော်ကမူ-
"မှတ်ထားပါ့မယ်"
ဟူသော စကားတစ်ခွန်းကိုသာ မပွင့်တပွင့် ပြန်ပြောသည်။ ဤမျှလောက်သော စကားကိုပင် မကြာမှီ တော်ရတော့မည့် ယောက္ခမလောင်းနှင့် ယောက်ဖလောင်းကြောင့် မပြောချင်ဘဲ ဖြစ်ညှစ်ပြောလိုက်ရခြင်း ဖြစ်သည်။ ထို့နောက်...
"တင်တင်ကို ပေးဘို့လက်ဆောင်ပစ္စည်းဆိုတာ ဘယ်မှာလဲ အစ်ကို၊ ကြည့်ကြရအောင်"

ဟု ခင်မောင်အေးကို အလျှင်းပင် အသိအမှတ်မပြုတော့သည့်ဟန်မျိုးဖြင့် ကိုမြင့်ညိုကို မေးလိုက်သည်။ ကိုမြင့်ညိုသည် ဦးအေးထွန်းကို စိတ်ထဲမှာ အောင့်သက်သက်ဖြစ်ရင်းစွဲတွင် ကျော်ကျော်၏အမူအရာ ကြောင့် ပိုပြီး မျက်သွားမိသည်။
မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင်က လေးလေးစားစားမိတ်ဆက်ပေးသည့် ဧည့်သည်ကို လေးလေးစားစား တော့ တုံ့ပြန်စေချင်သည်။ ယခု ဦးအေးထွန်းတို့သားအဖ အမူအရာနှင့် ပြောဟန်မှာ ဧည့်သည်ကို အဘက်မတန်သည့် သဘောမျိုးသက်ရောက်သည့်အပြင် လေးလေးစားစား မိတ်ဆက်ပေးသည့် ကိုမြင့်ညို ကိုပါ ဂရုမစိုက်သည့်သဘောမျိုး သက်ရောက်နေသည်။
ကိုမြင့်ညို စိတ်ထဲမှာ...

"ဧည့်သည်ကို အဘက်မတန်ဘူးလို့ထင်ချင်တာတောင်မှ တို့အိမ်ပေါ်မှာ မိတ်ဆက်ပေးတဲ့ဧည့်သည်ဘဲ၊ ယဉ်ကျေးမှုအရ လိုက်လိုက်လျောလျောလေးတော့ တုံ့ပြန်ဘို့ကောင်းပါတယ်၊ ဒီသားအဖ ဒီအချိုးမျိုးဆိုရင် မဟန်ဘူး ထင်တယ်၊ ငါ့နှမလေးရော ငါတို့သားအဖရော သူတို့သားအဖနဲ့ အပေးမကိုက်ဘဲ စိတ်ဝင်းကွဲ စရာတွေ ဖြစ်လေမလား၊ လက်ဆောင်ပေးပြီး ရင်းနှီးစေဘို့ အစီအစဉ်ကို ရွှေ့လိုက်ရကောင်းလေမလား"
ဟူသော စိတ်ကူးမျိုးပေါ်လိုက်မိသည်။ ဖခင်မျက်နှာကို မသိမသာကြည့်လိုက်သောအခါ ဖခင် ဦးအုန်းဖေ သည် မသိမသာမျက်နှာညိုနေသည်ကို အကဲခတ်လိုက်မိသည်။ ဦးအေးထွန်းတို့သားအဖအမူအရာ လေ သံကြောင့် ဦးအုန်းဖေစိတ်ထဲမှာလဲ ကိုမြင့်ညိုနည်းတူပင် တွေးနေလိုက်မိသောကြောင့် ဖြစ်သည်။

သို့သော် တမင်ကြိုတင်စီစဉ် ဘိတ်ကြားထားပြီးမှ ပန်းချီကားကို မပြတော့ဘူးဆိုလျှင် ခလေးကစားသလို ပြီးပြီးပျောက်ပျောက် ပေါ့ပျက်သောစကားမျိုး ပြောတတ်သူဟူသော အထင်မျိုးခံမည်ကို မလိုလားနိုင်ချေ။ နောက်တစ်ချက်ကလဲ ခင်မောင်အေးရှေ့မှာ ခင်မောင်အေး ရေးဆွဲသည့်ပန်းချီကားအကြောင်းကို ဂုဏ်ယူ ချီးကြူးပြောဆိုပြီးမှ မိတ်ဆက်ပေးခြင်းဖြစ်ရာ ယခုလို ပန်းချီကားကို မပြတော့ဘဲ စကားဖျက်လိုက်လျှင် ဦးအေးထွန်းတို့သားအဖ မျက်သွားမည်၊ ခင်မောင်အေး အနေဖြင့် သူ့ပန်းချီကားနှင့် ပတ်သက်ပြီး မကြေ နပ်သည့်အချက်ရှိသောကြောင့်သာ မပြတော့ဘဲ ဖြစ်သွားလေသလားဟူသော အတွေးဖြင့် စိတ်မကောင်း ဖြစ်သွားသည်။

ထို့ကြောင့် ဘိတ်ကြားထားခဲ့သည့် အဓိကအကြောင်းရင်းဖြစ်သော ပန်းချီကားကိုတော့ ဂတိရှိထားသည့် အတိုင်း ထုတ်ပြလိုက်မည်၊ ညာမေတင်ကလဲ စိတ်ခိုင်မာသူဖြစ်သောကြောင့် ပဌမအကြိမ်မျှဖြင့်         ကျော်ကျော် ၏ မေတ္တာကို မည်သည့်နည်းနှင့်မူ လက်ခံမည်မဟုတ်ကြောင်း စဉ်းစားလိုက်မိကြသည်။ နောင် ခါမှ မီးစင်ကြည့်က တော့မည်ဟူသော ဆုံးဖြတ်ချက်ကို ကိုမြင့်ညို ချလိုက်သည်။
လိမ်မာ ယဉ်ကျေးသူပြီပြီ ကိုမြင့်ညိုက မျက်နှာဟန်မပျက်စေဘဲ...

"ပြမယ်လေ"
ဟုဆိုခါ ကိုထွန်းအံ့နှင့် ကိုဘသော်တို့နှစ်ယောက်ကို ပန်းချီကားယူထုတ်ရန် ပြောလိုက်သည်။
ညာမေတင်နှင့် ကျော်ကျော် စကားလက်ဆုံကျစေရန်အတွက် ပန်းချီကားတချပ်ကို လက်ဆောင်ပေးပြီး စကားပြောစေမည်ဟူသော စီစဉ်ချက်ကို ကျော်ကျော်နှင့် ဦးအေးထွန်းတို့ သိခဲ့ကြသည်။ သို့သော် မည် သည့် ပန်းချီကားမျိုးဖြစ်ကြောင်းကိုမူ မသိသေးချေ။
ပန်းချီကားကိုပြပြီးမှ ကိုမြင့်ညိုနှင့် ဦးအုန်းဖေတို့သားအဖက ပြောသင့်သည့်အကြောင်းလောက်ကို ပြောခါ ကျော်ကျော်ကို မည်သို့မည်ပုံ လက်ဆောင်စကားပြောရန် သွန်သင်မှာကြားမည်ဟု စီစဉ်ထားခဲ့ကြသည်။
ပန်းချီကားကြီးက ကိုထွန်းအံ့နှင့် ကိုဘသော်တို့နှစ်ယောက် ယူလာသည့်အတွက် ဧည့်ခန်းထဲရှိ နံရံနား ကပ်နေသည့် စားပွဲပုလေးပေါ်မှာ နေရာတကျ ထောင်ထားလိုက်ပြီး ဖြစ်သည်။

အုပ်ထားသည့်အ၀တ်တွေခွာလိုက်ရန် ကိုမြင့်ညိုက ပြောသည့်အတိုင်း ကိုဘသော်နှင့် ကိုထွန်းအံ့တို့က ခွာလိုက်သောအခါ အသက်ပါလှသည့် လူဝံကြီးမောင်နှံ နှစ်ယောက်ပုံက ပေါ်လာသည်။
"အို...."
မသိမသာ တုန်လှုပ်သောအသံဖြင့် ဦးအေးထွန်း နှုတ်မှ အိုတလုံး လွှတ်ခနဲ ထွက်လာသောအခါ ကိုမြင့်ညို သည် ဦးအေးထွန်းနှင့် ကျော်ကျော်မျက်နှာကို လျှင်မြန်စွာကြည့်လိုက်သည်။ ဦးအေးထွန်းနှင့် ကျော်ကျော် တို့ မျက်နှာသည် အံ့အားသင့်သည့် မျက်နှာမျိုးဖြစ်နေသည်ကို တွေ့ရသည်။ ထိုအံ့အားသင့်သည်ဟန် ကား ရိုးရိုး တန်းတန်း အံ့အားသင့်သည့် အမူအရာမျိုးနှင့်မတူ ကွဲပြားခြားနားမှုရှိသည်ကို ကိုမြင့်ညို သတိ ထားမိသည်။
"ဒီပုံကြီးတော့ လက်ဆောင်မပေးချင်ဘူး အစ်ကို၊ ကျက်သရေ တုန်းလွန်းတယ်၊ လှလှပပလဲ မဟုတ်ဘူး၊ တောရိုင်းတိရစ္ဆာန်ပုံကြီး၊ အစ်ကိုတို့ဘဲ ပေါက်ပေါက်ရှာရှာ စိတ်ကူးရလိုက်ပလေ"
ကျော်ကျော်သည် စိတ်ထဲရှိသည့်အတိုင်း လွှတ်ကနဲပြောလိုက်သည်။ ကျော်ကျော် စကားဆုံးလျှင်ပင်....

"ဟုတ်ပါရဲ့ကိုအုန်း၊ ခင်ဗျားတို့ ဘာစိတ်ကူးရလိုက်ကြလို့လဲ၊ ကျက်သရေမရှိတဲ့ တိရစ္ဆာန်ရိုင်းပုံကြီးကို ဆေးရေး ထားတဲ့ပုံမို့သာပေါ့၊ တကတဲ သတ်တော့ ဖြတ်တော့မဲ့ဟန်မျိုးကြီး၊ ကြည့်ရတာကိုက ရွံစရာ ကြောက်စရာ ကောင်းလိုက်တာ၊ တော်တော်ကြာ ခင်ဗျားသမီး ဒီစိတ်မျိုးဝင်သွားလို့ ခက်နေမယ်နော်"
ညာမေတင်ကို တောထဲက ပြန်ခေါ်လာခဲ့ရကြောင်း သိထားသော ဦးအေးထွန်းက ပြောလိုက်သောစကား မှာ ညာမေတင် ကို နှိမ်သည့်သဘောမျိုးပါသည်ကို ကိုမြင့်ညိုတို့သားအဖက သဘောပေါက်လိုက်သည်။

"ဟုတ်တယ် အစ်ကို၊ ပန်းချီဆရာကို အစ်ကိုက အမွှန်းတင်လိုက်တာ၊ ကျွန်တော်က ကျက်သရေရှိရှိ ပုံများ လားလို့ ဒီလိုသတ်တတ် ဖြတ်တတ်တဲ့တောရိုင်း တိရစ္ဆာန်ပုံမျိုးတော့ ဘယ်သူဖြစ်ဖြစ် ဆွဲတတ်တာပေါ့"
သားအဖနှစ်ယောက် တယောက်တခွန်း ရေပက်မ၀င်အောင် ပြောကြသောအခါ ကိုမြင့်ညိုနှင့် ဦးအုန်းဖေ တို့က ပြန်လည်ချေပရန်စကား စလိုက်ကြသည်။
သို့သော် ကိုမြင့်ညိုတို့သားအဖ ပြန်လည်ချေပရန် အချိန်မရလိုက်ချေ။

ကြီးမားသော နာကျည်းချက်ကြီးကို ခက်ခဲစွာမြိုသိပ်ချုပ်တည်းထားရသော ခင်မောင်အေးသည် အပြစ် ကင်းမဲ့သော လူဝံသူတော်ကောင်းမောင်နှံကို အသားလွတ်ချိုးဖဲ့ပြောခြင်း၊ သူ့ပညာကို ထိခိုက်ပုတ်ခတ် ချိုး နှိမ်ပြောခြင်းတို့ကို ကြားရသောအခါ စိတ်ကို ချုပ်တည်းရန်မစွမ်းတော့ချေ။
ခင်မောင်အေးကို အပြစ်ဆိုဘွယ်ကားမရှိ၊ ကြီးမားသောနာကျည်းချက်ကြီးကို ဤမျှအချိန်ကြာအောင် ချုပ် တီးထားနိုင်ခြင်းကပင် ချီးကျူးစရာကောင်းနေပေသည်။
ခင်မောင်အေးက ကျော်ကျော်တို့သားအဖ စကားဆုံးလျှင်ဆုံးခြင်း ပြောလိုက်သည်။

"တောရိုင်းတိရစ္ဆာန်လူဝံမောင်နှံကို ချိုးချိုးဖဲ့ဖဲ့ပြောနေတဲ့ ခင်ဗျားတို့သားအဖနှစ်ယောက်လုံး ကိုယ်တိုင်က ဘယ်လောက် ယုတ်မာထားကြသလဲ၊ လူတွေကို သတ်ပြီး ပစ္စည်းတွေကို ယူထားကြတယ်၊ လူလူချင်း တောရိုင်း တိရစ္ဆာန်လိုထားပြီး လူသတ်ရာမှာ သုံးခဲ့ကြတယ်ဆိုတာ ပြန်စဉ်းစားကြပါအုံး"
ခင်မောင်အေးစကားကြောင့် ဦးအေးထွန်းတို့သားအဖနှင့် ကိုမြင့်ညိုတို့သားအဖသည် ကြီးစွာသော အံ့အား သင့်ခြင်း ဖြစ်သွားသည်။
ဦးအေးထွန်းသည် ထိုင်နေရာက ၀ုန်းခနဲထလိုက်သည်။ ကျော်ကျော်ကလဲ ဖခင်နှင့် တပြိုင်ထဲထလိုက် သည်။

"သူများက လာခိုင်းတဲ့ပန်းချီကားလေးဆွဲမှ ထမင်းစားရတဲ့ အကောင်က လူပါးဝစကားပြောလို့ ငါတို့ကို ဘာထင်လဲ ဟင်"
ပြောပြောဆိုဆို ဦးအေးထွန်းသည် ခင်မောင်အေးကို ခုန်အုပ်လိုက်သည်။ ကျော်ကျော်ကလဲ ဖခင်နှင့် တပြိုင်ထဲလို ခင်မောင်အေးကို ခုန်အုပ်လိုက်သည်။ သူတို့သားအဖနှစ်ယောက်လုံးသည် သူတပါးအိမ်ပေါ် မှာ ယခုလိုပြုမူခြင်းသည် လူကြီးလူကောင်းမဟုတ်တော့ကြောင်း၊ အိမ်ရှင်ကို စော်ကားရာရောက်ကြောင်း၊ အဆင့်အတန်းမရှိသည့် လူတွေပြုမူလေ့ရှိသည့်အမူအကျင့်မျိုးဖြစ်ကြောင်း စသည်တို့ကို မစဉ်းစားနိုင် သတိ မထား နိုင်တော့ချေ။ သူတို့သားအဖအတွင်းရေး တစိတ်တဒေသကို ထုတ်ဖေါ်ခံရသောအခါ အနာ ပေါ် တုတ်ကျ သလိုဖြစ်သွားသည်။ ငြိမ်ခံနေလျှင် ဟုတ်မှန်သည့်အတွက် ငြိမ်နေခြင်းဟု ဦးအုန်းဖေတို့ သားအဖ ထင်သွား ကြမည်ကို စိုးရိမ်သည်။ ထိုကြောင့် မဆင်မခြင် ပြုမူလိုက်ကြခြင်းဖြစ်သည်။

အားခွန်ဗလ သန်စွမ်းပြီးဖြစ်သော ခင်မောင်အေး၊ တောထဲတောင်ထဲမှာနေစဉ်ကပင် ကျားတွေ ကျားသစ် တွေနှင့် သတ်ပုတ်အနိုင်ယူခဲ့သော ခင်မောင်အေးသည် သူ့လောက် အားခွန်ဗလမပြည့်ဝသည့် လူပျော့ လေးတွေသာဖြစ်သော ဦးအေးထွန်းနှင့် ကျော်ကျော်တို့သားအဖ နှစ်ယောက်လောက်ကို မမူချေ။

လျှင်မြန် ဖြတ်လတ်ရာမှာ တောတောင်ထဲမှာ နေစဉ်ကပင် ကျွမ်းကျင်ပြီးသားဖြစ်သော ခင်မောင်အေး သည် ဖြတ်လတ်လျှင်မြန်စွာ တိမ်းရှောင်လိုက်ပြီး ပဌမဦးစွာ ကျော်ကျော်ကို လက်နှစ်ဘက်ဖြင့် မိမိရရကြီး ဖမ်းလိုက်ပြီး ဦးအေးထွန်းထံသို့ ကိုင်ပေါက်လိုက်သည်၊ ဦးအေးထွန်းနှင့် ထွေးလုံးရစ်ပတ်ဖြစ်သွားသော ကျော်ကျော် ၏ ဦးခေါင်းက ဧည့်ခန်းနံရံနှင့်ပြင်းစွာ ဆောင့်မိလိုက်၏။
ကျော်ကျော် ကား တချက်တည်းဖြင့် သတိမေ့သွားလေတော့သည်။ ဦးအေးထွန်းက လဲနေရာက ကုန်းထ ပြီး ခင်မောင်အေးကို လက်သီးဖြင့် ထိုးလိုက်သည်။

ခင်မောင်အေးက ဟန်မပျက် ဦးအေးထွန်း၏လက်နှစ် ဖက်ကို ဖမ်းကိုင်လိုက်သောအခါ ဦးအေးထွန်း ၏ လက်ချောင်းနှစ်ချောင်းသည် ပြတ်ကျပြီး စင်သွားသည်။
အိမ်ရှေ့ဧည့်ခန်းသို့ ညာမေတင်က ထွက်လာသည်။ ညာမေတင် ထွက်လာခြင်းကား ယခုလို အရေး အခင်းဖြစ်နေသည်ကို သိ၍ထွက်လာခြင်းမဟုတ်ချေ။ နေ့လည်စာကို မြန်မာပြီပြီ လက်သုတ်စုံနှင့် ကြာဇံ ဟင်းခါးနှင့် လဘက်ရည်ကြမ်းနှင့် အချိုပွဲ ရွှေချည်နနွမ်းမကင်းနှင့် ဧည့်ခံလိုကြောင်း ဖခင်နှင့် အစ်ကိုက ပြောထားသောကြောင့် တပင်တပန်း စီမံလုပ်ကိုင်ပြီး ထမင်းစားပွဲတွင် ပြင်ဆင်ထားခဲ့သည်၊ အားလုံး စား သောက်ရန် အသင့်ဖြစ်ကြောင်း ပြောရန်ထွက်လာခြင်းဖြစ်သည်။

ညာမေတင် ဧည့်ခန်းသို့ဝင်လာသည့်အချိန်မှာ ဦးအေးထွန်းကို ခင်မောင်အေးက လက်နှစ်ဖက် ဖမ်းချုပ် ကိုင်ထားလိုက်သည့်အတွက် ဦးအေးထွန်း၏လက်ချောင်းက ပြတ်ထွက်စင်ထွက်သွားသည့်အချိန်ဖြစ် သည်။ ထိုလက်ချောင်းပြတ်သည် ညာမေတင်၏ခြေဖမိုးကို လာမှန်လိုက်သည်။ ညာမေတင်က ဘာမှန်း မသိသည့် အတွက် ကောက်ယူကြည့်လိုက်သောအခါ လူတယောက်၏၀ဲဘက်လက်သူကြွယ်နှင့် လက် သန်း နှစ်ချောင်း တွဲပုံကို ပကတိလက်ရှင်၏အသားရောင်အတိုင်း အကြောအဆစ် လက်သည်းခွံစသည့် လက်ချောင်းမှာ ရှိအပ်သည့်အင်္ဂါအစုံ ပြည့်စုံအောင် အသွေးအသားဖြင့် ဖွဲ့စည်းထားသည့် လက်ချောင်းပုံ အတိုင်း ပြုလုပ်ထားသည့် ပလပ်စတစ် လက်ချောင်းတုလေးဖြစ်နေသည်။

ဆက်ရန်
.

3 comments:

Anonymous said...

Thank You

Anonymous said...

အပိုင်း ၂၅ လည်းမတွေ့ဘူး

ရွှေစင်ဦး said...

အပိုင်း ၂၅ ရှိပါတယ်ဗျာ

သေချာရှာကြည့်လိုက်ပါ