Sunday, April 17, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၄၁)

အခန်း ၆၀
ဂျေးနှင့်ကျွန်တော်

ကင်ဆာရောဂါ နှင့် ရင်ဆိုင်နေကြရသော မိသားစု တို့ သိကြသည့်အတိုင်းပင် ပြုစုစောင့်ရှောက်ပေးရသူ တို့က ဘေးနားသို့ ရောက်ရောက်သွားတတ်သည်။ လူမမာများ မှာ ကိုယ့်ရောဂါလောက်ကိုသာ အာရုံ စိုက် တတ်ကြသည်။ သူတို့ ကသာ ဖူးဖူးမှုတ်ခံ၊ အသနားခံ များ ဖြစ်နေကြသည်။ ပြုစုစောင့်ရှောက် ပေးရ သူများ မှာမူ ကိုယ့်ဒုက္ခ ကိုယ့်ဝေဒနာတို့ကို အောက်မေ့သတိရချိန်ပင် မရကြဘဲ လေးလံသောဝန်ကို ထမ်းနေကြရ လေသည်။

 ကင်ဆာရောဂါသည် ကျွန်တော် ကို ပြုစုစောင့်ရှောက်ပေးနေရသည့် ကျွန်တော်ဇနီး ဂျေး ဆိုလျှင် ကလေး သုံးယောက် နှင့် လုပ်ရမည့် တာဝန်တွေက ပို၍ပင် များနေသေးတော့သည်။ ထို့ကြောင့် ကျွန်တော် ၏ နောက်ဆုံး ဟောပြောချက်ကို ဟောပြောဖို့ပြင်ဆင်နေစဉ်က ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချခဲ့ သည်။ ဤ ဟောပြောချက် သည် ကျွန်တော်၏ အရေးပါသော အချိန်ကာလကလေး ဖြစ်နေနိုင်ပေရာ ကျွန်တော်သည် ဂျေး ကို ဘယ်မျှချစ်မြတ်နိုး တန်ဖိုးထားကြောင်းကို တစ်နည်းနည်းဖြင့် ပြသွားလို၏။

ကျွန်တော်၏ဟောပြောချက် ဆုံးခါနီး၌ ကျွန်တော်ဘ၀တွင် ကျွန်တော်ရရှိခဲ့သော သင်ခန်းစာများကို ပြန်လည် သုံးသပ်ကြည့်ပုံပါသည်။ ထိုနေရာတွင် ကိုယ့်ကိုယ်ကိုယ်ချည်း အာရုံပြုနေခြင်းထက် သူတစ် ပါးကို အာရုံ ပြုတတ်ဖို့က အလွန်အရေးကြီးကြောင်း ကျွန်တော်ဖော်ပြခဲ့သည်။ ဟောပြောစင် အပြင် ဘက်ကို ကြည့်ရင်း ကျွန်တော်က ဤသို့မေးခဲ့၏။ "ကျွန်တော်တို့မှာ ဟောဟိုမှာ လူတစ်ယောက် ယောက်အပေါ် အာရုံပြု ပါတယ်ဆိုတဲ့ ဆုပ်ဆုပ်ကိုင်ကိုင်နမူနာ သာဓကရှိပါသလား၊ အဲဒီနမူနာ သာဓကကို ထုတ်ပြ နိုင်ပါ သလား"

ထိုအရင် တစ်ရက်သည် ဂျေး၏မွေးနေ့ဖြစ်နေခြင်းကြောင့် ဟောပြောစင်အပြင်ရှိ တွန်းရွှေ့သွားနိုင် သော စားပွဲ ပေါ်တွင် မီးထွန်းရန် အသင့်စောင့်ဆိုင်းနေသော ဖယောင်းတိုင် တစ်တိုင် နှင့် အတူ မွေးနေ့အထိမ်း အမှတ် ကိတ်မုန့်ကြီး ကို စီစဉ်ထားရှိသည်။ ကိတ်မုန့်ကြီးကို ဂျေး၏မိတ်ဆွေ ကလီယာ စခလူတာ က ဘီးလှိမ့် တွန်းရွှေ့လာသည်။ ထိုစဉ် ကျွန်တော်က ပရိသတ်အားရှင်းပြပါသည်။ ကျွန်တော်သည် ဂျေးကို ထိုက်တန် ကောင်းမွန်သည့် မွေးနေ့မျိုး မကျင်းပပေးခဲ့ဖူးကြောင်း၊ ထို့ကြောင့် ကြွရောက်လာကြ သော လူ ၄၀၀ တို့က သူ့အတွက် ဆုမွန်ကောင်းတောင်းသည့်တေးသီချင်းများကို သီဆိုပေးနိုင်အောင် လုပ်ပေး နိုင်ပါလျှင် အင်မတန်လျော်ကန်သင့်မြန်မည်ဟု ကျွန်တော် ထင်မြင်ပါကြောင်းတို့ကို ရှင်းပြ လိုက်ခြင်း ဖြစ်ပါ၏။ ပရိသတ်များသည် ကျွန်တော့်စိတ်ကူးကို သဘောကျကြပြီးတေးသီချင်းများ သီဆို ပေးကြပါသည်။

"ဟက်ပီး ဘတ်သ်ဒေး တူးယူ၊ ဟက်ပီး ဘတ်သ်ဒေး တူးယူ"
သူ့နာမည် ကို မသိကြသူများလည်း ပါလာနိုင်သည်ကို ကျွန်တော်သိသည်။ ထို့ကြောင့် "သူ့နာမည်က ဂျေးပါ" ဟု ပြောလိုက်သည့်အခါ "ဟက်ပီဘတ်ဒ်ဒေး၊ ဒီယာဂျေး"ဟု မွေးနေ့ဆုတောင်းစကား သီဆိုကြ ပါသည်။

အလွန်ပျော်စရာကောင်းသော အစီအစဉ်ပါ။ ဟောပြောချက်ကို ဗွီဒီယိုစကရင်ပေါ်မှာ လာရောက်ကြည့် ရှုကြသော ခန်းမကြီးလျှံအောင် အားပေးကြသည့် အနီးအနားတစ်ဝိုက်မှ လူများပါ ပါဝင်သီဆိုကြသည်။

ကျွန်တော်တို့အားလုံး သီချင်းသီဆိုနေကြရင်း ကျွန်တော်သည် ဂျေးကို လှမ်းကြည့်မိလိုက်သည်။ ရှေ့ တန်း ထိုင်ခုံပေါ်တွင် ဂျေးသည် မျက်ရည်များကို သုတ်ရင်း အံ့အားသင့်စွာ ရုတ်တရက်ပေါ်လာသော အ ပြုံးက သူ့မျက်နှာ ပေါ်ယှက်သန်းသွားသည်။ မျက်ရည်များကြားမှ ပြုံးနေသော သူ့မျက်နှာကလေးမှာ တကယ်ပင် ချစ်စရာ ကောင်းလှပါသည်။ ရှက်ပြုံးကလေးဖြင့် လှနေကာ စိတ်မှာ ကျေနပ်ထိခိုက်ဖြစ်နေပါ ပေ၏။

ကျွန်တော် မရှိတော့သည့်နောက်တွင် သူ့ဘ၀ကို နားလည်လက်ခံသွားတတ်ရန်နှင့် ပတ်သက်၍ ဂျေး နှင့် ကျွန်တော် တို့ ဆွေးနွေးကြရမည့်အရာတွေ များစွာရှိသည်။ "ကံကောင်း"သည်ဟူသော ဝေါဟာရ သည် ကျွန်တော့် အခြေအနေ ကို ဖော်ပြရန်အတွက် ခပ်စိမ်းစိမ်းစကားတစ်လုံးဖြစ်နေသည်။ သို့ရာတွင် ကျွန်တော် သည် ဟိုးလေးကြော်သည့် ဘတ်စ်ကားအတိုက်ခံရတာမျိုး မဖြစ်ခဲ့ခြင်းကိုပင် ကံကောင်း သည်ဟု ဆိုရ မလိုဖြစ်ပါသည်။ ကင်ဆာရောဂါကြောင့်သည်ပင်လျှင် ဂျေးနှင့် ကျွန်တော်သည် ဤသို့ သော အရေးကြီး သည့် စကားများကို ပြောဆိုဆွေးနွေးဖြစ်ကြသည်။ အကယ်၍သာ ဤရောဂါမရဘဲ ကားတိုက်ခံရတာတို့၊ နှလုံးရောဂါ ရတာတို့ ဖြစ်ခဲ့ပါလျှင် ဤသို့သော ဆွေးနွေးပြောဆိုမှုများကို ပြုနိုင် မည်မဟုတ်ပေ။

ကျွနတော်တို့ ဘာတွေ ဆွေးနွေး ပြောဆိုကြပါသနည်း။
ဥပမာ ဆိုပါစို့။ ကျွန်တော်တို့ နှစ်ဦးစလုံးသည် ပြုစုစောင့်ရှောက်မှု နှင့် ပတ်သက် ၍ လေယာဉ်မယ် ကလေးများက ပေးလိုက်သော အကောင်းဆုံး အကြံဥာဏ် အကြောင်းကို သတိရနေရန် ကြိုးစား ကြမည်။`သူတစ်ပါးကို မကူညီမီ မိမိ၏အောက်စီဂျင် မျက်နှာဖုံးကို အရင်စွပ်ထားပါ`တဲ့ ထိုကလေးမများက ပြောသည်။ ဂျေးသည် သူတစ်ပါးကို ပြုစုစောင့်ရှောက်ရာ၌ ကိုယ့်အောက်စီဂျင် မျက်နှာဖုံးကို အရင်စွပ်ရန် မေ့တတ်သူ ဖြစ်သည်။

သူ့ကိုယ်သူ ဂရုစိုက်ဖို့ သတိမရ။ ကျွန်တော်တို့ နှစ်ဦးစလုံး ရုပ်ပိုင်းအရရော စိတ်ပိုင်အရပါ ဗုံးဗုံးလဲ သွားပါ လျှင် ကလေးငယ် ကလေးတွေဆိုတာတော့ ဝေလာဝေး၊ ဘယ်သူ့ ဘယ်သူကိုမှ မကူညီနိုင် ဖြစ်ပေ ရော့မည်။  ထို့ကြောင့် ဘက်ထရီ ဓာတ်အားပြန်သွင်းသလို တစ်နေ့တာ အချိန်ပိုင်း ကလေးထဲမှာ အချိန် တစ်ပိုင်း တစ်စကလေးမျှ ကိုယ့်ကိုယ်ကိုယ် အားပြန်သွင်းပေဖို့ ခက်နေတတ်သည်။ ဂျေးသည်သူ့ကိုသူ ဦးစား ပေးဖို့ လိုသေးကြောင်း ကို မသိမဟုတ်၊ သိပါသည်။

ကျွန်တော်က သူ့ကို ပြောရသည်။ သူ့အနေနှင့် အမှားတွေလည်း ပြုမိမည်ပင်။ ပြုမိလျှင်လည်း ပြုမိသွားပြီးဟု လက်ခံလိုက်ရုံသာ ဖြစ်ကြောင်း သတိပေးရခြင်း ဖြစ်ပါ၏။ အကယ်၍သာ ကျွန်တော် သည် အသက်ရှင် နေနိုင်ခွင့် ရှိနေဦးမည်ဆိုလျှင် ထိုအမှားဟူသည် သားသမီးများကို ကျွေးမွေးပြုစု စောင့်ရှောက်သည့် မိဘ တို့၏ လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။  မမှား၍ ဘယ်ဖြစ်မလဲ ကလေး များကို ကိုယ့်ဘာသာကိုယ်ပဲ မွေးကျွေးစောင့်ရှောက်သွားရမည် ဟူသော အချက်ပေါ်ချည်း စဉ်းစား မနေ ထိုက်ကြောင်း ဂျေးကို သတိပေးရပါသည်။

တစ်ဦးဦး သေးဆုံးသွား၍ ကျန်တစ်ဦး ဘက်ပဲ့ကျန်ရစ်ခဲ့ကြသော အချို့မိဘများသည် ကွယ်လွန် သွားသူ မိခင် သို့မဟုတ် ဖခင်တို့အစား ကလေးငယ်များအား သူတို့လိုရာ ရုပ်ဝထ္ထု ပစ္စည်းများဖြင့် အပေးမှား တတ်ကြသည်။ ဂျေးကတော့ သိပါ၏။  ပျောက်ဆုံးသွားသူ မိဘတစ်ဦးအတွက် ဘယ်သို့သော ရုပ်ဝထ္ထု ပစ္စည်းများဖြင့် အပေးမှားတက်ကြသည်။ ဂျေးကတော့ သိပါ၏။  ပျောက်ဆုံးသွားသူ မိဘတစ်ဦးအတွက် ဘယ်သို့ သော ရုပ်ဝတ္ထု ပစ္စည်းများနှင့်မှ အစားထိုး၍ မရ။ ကလေးငယ်များ၏ တန်ဖိုးကို မြေထောင်မြှောက် ပေးရာ ၌ ထိုသို့ပြုခြင်းသည် အထမ်းထက် အဆွဲက လေးနိုင်သည်ဟူ၍ ဂျေးကသိထားပြီး ဖြစ်ပါ၏။

ကလေးငယ်များ လူပျို အပျိုပေါက် အရွယ်ရောက်လာလျှင် မိဘများစွာတို့ တွေ့မြဲဓမ္မတာ အတိုင်း ဂျေးမှာလည်း စိန်ခေါ်မှုတွေနှင့် တွေ့ရနိုင်ပေ၏။ ကျောင်းသားများဝန်းကျင်တွင် နေထိုင်လာရသူ တစ်ဦးအနေဖြင့် ကျွန်တော်ကတော့ သားသမီးတွေ မြီးကောင်ပေါက်အရွယ် ရောက်လာလျှင် ကိုယ့်နည်း ကိုယ်ဟန် နှင့် သွားမည်ဟု စဉ်းစားတက်သူ ဖြစ်ပါသည်။ ကျွန်တော်သည်တင်းတင်းရင်းရင်း ကိုင်သွား မည် ဖြစ်သော်လည်း သူတို့၏ တွေးတော စဉ်းစားတက်ပုံ သဘာဝကိုယ်လည်း သိအောင်ပြုသွားမည် ဖြစ်ပါသည်။ ၀မ်းနည်းမိရ သည်ကား ကလေးများ ကြီးကောင်ဝင်လာသည့် အရွယ်ရောက်လာချိန်၌ ကျွန်တော်က ရှိတော့ မည် မဟုတ်တော့သဖြင့် ဂျေးကို မကူညီနိုင်တော့ခြင်း ဖြစ်ပါ၏။ 

သို့ပင်သော်လည်း မိတ်ဆွေများနှင့် ကိုယ့်မိသားစုများပါ အခြားသူ များကလည်း ဂျေးကို ကူညီသွား လိုကြခြင်း ကား ၀မ်းသာဖွယ်ဟု ဆိုရပါမည်။ ဂျေးကလည်းသူတို့ကူညီလျှင် ကူညီနိုင်အောင် အစီအစဉ် ပြုထားပါ၏။ ကလေးတိုင်းသည် သူတို့၏ဘ၀များတွင် သူတို့ကို ချစ်ကြသောသူများနှင့် ၀န်းရံ ပေါင်းယှက် ဖြစ်နေဖို့ လိုပါသည်။ အထူးသဖြင့် မိဘမဲ့ကလေးများအတွက် ထိုအခြေအနေသည် လိုအပ်နေပါ၏။

ကျွန်တော်သည် မိဘမဲ့များအကြောင်း ပြန်ပြောင်းစဉ်းစားမိသည်။ ကျွန်တော်မိဘများသည် ကျွန်တော်ဘ၀ တွင် သူတို့သာလျှင် ကျွန်တော်အပေါ် အရေးပါသည့် သြဇာလွှမ်းမိုးနေသူများဖြစ်ရမည် ဆိုသည်မှာ မဖြစ်နိုင် ကြောင်း သိကြပေသည်။ ထို့ကြောင့်လည်း ကျွန်တော်မိဘများက ဂျင်ဂရာဟမ်နှင့် ဘောလုံး ကစား စေနိုင်ရန် လက်မှတ်ထိုး အပ်နှံပေးလိုက်ခြင်း ဖြစ်ပါသည်။ ဂျေးသည်လည်း သည်လိုမျိုး ကလေးများအတွက် နည်းပြဂရာဟမ်လို လူမျိုးလည်း အသင့်ဖြစ်နေမည် ဖြစ်ပါသည်။
ကျွန်တော် အဖို့ကတော့ ထိုအခြေအနေမျိုးအတွက် အဖြေမှာ ဤသို့ဖြစ်ပါသည်။

အားလုံးအရေး တွင် နောင်လာမည့် နှစ်တွေအတွင်းမှာ ဂျေး ပျော်ပျော် ရွှင်ရွှင် နေသွားဖို့အရေးသည် ကျွန်တော် အလိုလားဆုံးရာ ဖြစ်ပါသည်။ သူတစ်ပင်လဲ၍ တစ်ပင်ထူ မှ ပျော်ရွှင်ချမ်းမြေ့ ဖြစ်မည် ဆိုလျှင်လည်း နောက်အိမ်ထောင်ပြု ခြင်းသည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ နောက်အိမ်ထောင် မပြုဘဲ နှင့် ပျော်ရွှင်မှုကို ရနိုင်သည်ဆိုပါလျှင် လည်း မုဆိုးမိဘ၀ နှင့် အရိုးထုတ်သွားခြင်းမှာ ကောင်းသည်သာ ဖြစ်ပါသည်။

ဂျေးနှင့်ကျွန်တော်သည် အိမ်ထောင်ရေးကိစ္စအတွက် များစွာ လုံးပမ်းကြရသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံနေနိုင်ခြင်း၊ တစ်ဦး၏လိုအင်နှင့် အားအင် တို့ကို တစ်ဦးက ချစ်သထက် ချစ်နိုင်မည့် နည်းလမ်းများ ရှာကြံခြင်းတို့ဖြင့် ကျွန်တော်တို့ အိမ်ထောင် ရေးသည် ကောင်းသထက်ကောင်း လာခဲ့သည်။ ထို့ကြောင့် ဤ အိမ်ထောင်ရေး အရသာကို နောင်လာမည့် အနှစ်သုံးဆယ် ၊လေးဆယ်တိုင်အောင် ခံစားခွင့် ကြုံတော့မည် မဟုတ်သဖြင့် ၀မ်းနည်းဖွယ် ကောင်းပါသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက် ခဲ့သမျှ ကို အရစ်ကျ ပြန်ဆပ်သွားတာမျိုးလည်း လုပ်သွားနိုင်မည် မဟုတ်ပါ။ ကျွန်တော်တို့၏ ရှစ်နှစ်ကြာ အိမ်ထောင်ရေး ဘ၀ကို ဘယ်အရာနှင့်မျှ အလဲအထပ်ပြုမည် မဟုတ်ပါ။

ဤအရာတွေကို သိထားပြီးဖြစ်၍ ကျွန်တော်သည် ကျွန်တော်မှာ ကင်ဆာရောဂါရှိနေသည်ဟူသော တွေ့ရှိချက် အပေါ် ကိုင်တွယ်ရာ၌ ယနေ့အချိန်ထိ ကောင်းစွာ ကိုင်တွယ် ဆောင်ရွက်လာခဲ့ပေသည်။ ဂျေး ကလည်း အလားတူပင် ဆောင်ရွက်နိုင်ခဲ့သည်။ `ကျွန်မအတွက် ဘယ်သူမှ ငိုကြွေးနေစရာမလိုပါဘူး` ဟုဂျေးကပြောလေ့ရှိပါသည်။ သူဤသို့ပြောခြင်းမှာ တကယ်ပြောခြင်းပင်။ သို့ရာတွင် ကျွန်တော်တို့သည် မလိမ်ဘဲ ရိုးလည်း ရိုးသားချင်ကြပြန်သည်။ ပြောဆိုတိုင်ပင်ခြင်းသည် အလွင်တရာ အကျိုးဖြစ်သော်လည်း ကျွန်တော်တို့မှာ အတော်ခက်ခက်ခဲခဲနှင့် ကြုံရတာမျိုး လည်းရှိသည်။ ကျွန်တော်တို့ နှစ်ယောက်သည် အိပ်ရာထဲ မှာ နှစ်ယေက်သား ငိုကြ၊ငိုရင်း အိပ်ပျော်သွားကြ၊ နိုးလာတော့လည်း နောက်တစ်ဖန် ထပ်၍ ငိုရသည် များ ရှိသည်။

ကျွန်တော်တို့သည် လက်ငင်း လုပ်ဆောင်ရမည့် အလုပ်များကို အာရုံစိုက်ကြရင်းဖြင့် ပြီးသွားကြ ရသည်လည်း ရှိသည်။ ကျွန်တော်တို့ အခြေအနေ သိပ်ဆိုးသွား၍ကား မဖြစ်။ အိပ်ဆက်မှုကလေး အတန်အသင့်ရဦးမျ ဖြစ်မည်။ မိုးလင်းလျှင် ကလေးတွေကို နံနက်စာကျွေးဖို့ တစ်ဦးဦးကတော့ ထရသောကြောင့်ဖြစ်သည်။ ထိုသို့ နေ့တိုင်းနီးပါး နံနက်စောစော ထသူမှာလည်း အခြားသူမဟုတ်ပါပေ။ ဂျေး ဟူ၍သာ မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။

မကြာသေးခင်က ကျွန်တော်၏ ၄၇နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပသည်။ ဂျေးသည် `နင်ချစ်တယ်ဆိုတဲ့ လူရဲ့ နောက်ဆုံးမွေးနေ့အတွက် ဘာပေးမလဲ` ဟူသော မေးခွန်းဖြင့် နပမ်းလုံးနေခဲ့လေသည်။ သူသည် နာရီ တစ်လုံးနှင့် စကရင်အကြီးကြီးပါသော တီဗွီတစ်လုံးကို ရွေးချယ်ခဲ့သည်။ ကျွန်တော်သည် တီဗွီ ၀ါသနာရှင် တစ်ဦး မဟုတ်သော်လည်း တီဗွီဆိုသည်မှာ လူလောက၏ အချိန်အဖြုန်းပေး နိုင်ဆုံး ကရိယာ ဖြစ်သည် သူပေးသည့်မွေးနေ့ လက်ဆောင်မှာ တကယ်ပင် လျော်ကန်သင့်မြတ်လှပါပေသည်။ ကျွန်တော်က ဘ၀၏ အဆုံးတိုင် အိပ်ရပေါ်မှာပဲ နေသွားရသည်က များမည်ဖြစ်ရာ ပြင်ပကမ္ဘာနှင့် ကျွန်တော် နောက်ဆုံး ဆက်သွယ် သွားရာတွင် တီဗွီသည် ဆက်သွယ်ရေး ကိရိယာတစ်ခု ဖြစ်သွားမည်းမဟုတ်ပါလော။

ဂျေးက ကျွန်တော်အားဟိုအကြောင်း သည်အကြောင်း ပြောပြသည့် နေ့တွေရှိသည်။ ကျွန်တော်က ဘာမျှ ပြန်မပြောနိုင်တာ တွေလည်း ရှိသည်။ ``မောင်မရှိတော့တဲ့ အချိန်မှာ ဘယ်လိုလှိမ့်နေရမလဲလို့ မစဉ်းစား တတ်အောင်ဘဲ မောင်ရယ်`ဟု ဂျေးကပြောသည်။ ``မောင်မပါတော့ဘဲနှင့် ကလေးတွေကို အားရက်မှာ အနား ယူဖို့ ကလေးတွေကို ဘယ်ကို ခေါ်သွားရပါ့မလဲဆိုတာလည်း စဉ်းစားလို့မရဘူး``ဟု လည်း ပြောပါသည်။ `ရန်ဒီ၊ မောင်ဟာ အမြဲတမ်း အစီစဉ်တွေ ရေးဆွဲနေတဲ့သူပဲ၊ အစီအစဉ်တွေကို  ဘယ်သူက ရေးဆွဲ သွားမလဲနော်``ဟုလည်း ဆိုပါသည်။

ကျွန်တော်ကမူ မပူပါ။ ဂျေးသည် အစီအစဉ်ကောင်းတွေကို ရေးဆွဲသွားမည့်သူပါ။  ကျွန်တော်မှာသာလျှင် ပရိသတ် က ``ဟက်ပီး ဘတ်သ်ဒေးတူ ဂျေး``ဟူ၍ သီဆိုပြီးသွားသော အခါတွင် ဘာလုပ်၍ ဘာပြော ရမှန်းမသိ ဖြစ်သည်။ သို့ရာတွင် ကျွန်တော်က စင်ပေါ်သို့တက်လာုရန် တိုက်တွန်းလိုက်၍ သူ ကျွန်တော် ဆီသို့ လျှောက်လာသောအခါ ကျွန်တော်မှာ သဘာဝကပေးသော အာသာဆန္ဒက ဖြစ်ပေါ်လာ၏။ သူလည်း ကျွန်တော် လိုပင် ဖြစ်မည်ထင်ပါ၏ ကျွန်တော်တို့နှစ်ဦးသည် ပွေ့ဖက်ကာ အပြန်အလှန်နမ်းလိုက်ကြသည်။  ပထမသော် နှုတ်ခမ်းချင်း၊ နောက်သော် သူ့လည်တိုင်ကလေးကို နမ်းနေမိလိုက်ခြင်းဖြစ်ပါသည်။ ပရိသက်ကြီး က လက်ခုပ်သြဘာ ပေးကြသည်။လက်ခုပ်သံတွေ ကြားပင်ကြားနေရသော်လည်း ပရိသက်ကြီး မှာ ကျွန်တော်တို့နှင့် မိုင်နှင့်ချီ၍ ဝေးကွာနေဘိ သည့်အလား စိတ်မှာ ခံစားမီကြသည်။

နှစ်ဦးသား ပွေ့ဖက်ထားကြစဉ် ဂျေးက ကျွန်တော်နာမှာ တိုးတိုးကလေးကပ်ပြောသည်။
`မသေပါနဲ့ မောင်ရယ်``
ထိုစကားမှာ ဟောလီဝုဒ် ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းထဲမှ ဒိုင်ယာလော့ စကားနှင့် တူလှပါဘိသည်။ သူက သို့နှယ် ပြောကြားလိုက်ခြင်းဖြစ်ပါ၏။ ထိုအခါ ကျွန်တော်သည် သူ့အား တင်းကျပ်စွာ သိုင်းဖက်ထား လိုက်မိ ပါတော့သည်။

ဆက်ရန်
.

No comments: