မ၀င်းမြင့်
'ကူမွန်တောင်တန်းလွမ်းစေဘို့ဖန်'
'ကူမွန်တောင်တန်းလွမ်းစေဘို့ဖန်'
'ငါတော့ လူစစ်လို့ထင်တာဘဲ'
'မင်းစဉ်းစားကြည့်လေကွာ၊ လူစစ်စစ်မဟုတ်ရင် မင်းကို လိပ်ပြာနှုတ်သတ်သွားမှာပေါ့၊ တောထဲ တောင်ထဲ မှာ တွေ့တာနဲ့ မင်းစိတ်ထဲမှာ တောစောင့်နတ်သမီးလို့များ ထင်နေလား'
'တောစောင့်နတ်သမီးလို့တော့ မပြောလိုပါဘူး၊ တောထောင်ထဲမှာ တွေ့လေ့ရှိတတ်တဲ့ လူဝံလား၊ မျောက်ဝံ လား တခုခုတော့ ဖြစ်ရမယ်ကွာ'
'ဟေ့၊ လူဝံဖြစ်ရင်မင်းကိုအူထွက်အောင် လက်သဲနဲ့ ကုပ်သတ်သွားမှာပေါ့၊ မျောက်ဝံဖြစ်နေရင်လဲ တို့ကို တွေ့ရင် မျောက်သဘာဝ ခုန်ပေါက် ပြောင်ပြသွားတာတွေ လုပ်မှာပေါ့၊ အခုတော့ တို့ကိုမြင်တာနဲ့ တအံ့တအော ငေးကြည့်နေတာ တို့လိုလူဘဲဖြစ်ရမယ်'
'တို့က နှစ်ယောက်တောင်ကိုး၊ နောက်ပြီး တို့လက်ထဲမှာလဲ သေနတ်ရှိနေတော့ သူကြောက်လို့ မလုပ်ဝံ့ဘဲ ကြည့်နေတာဖြစ်မှာပေါ့'
'ဟုတ်တယ်၊ အားကြီးဟုတ်တယ်၊ မင်းပြောတဲ့အတိုင်း တောရိုင်းတိရိစ္ဆာန်ဆိုရင် တို့လက်ထဲမှာ ရှိနေတာ ဘာပစ္စည်းလို့သိမလား၊ မင်းအင်မတန် ကပ်ဖဲ့ပြောတယ်'
'တိရစ္ဆာန် သဘာဝအသိက မင်းထက်တောင် ထက်မြက်သေး၊ သူ့သဘာဝ အလျှောက် သူသိမှာပေါ့'
'မင်းက တိရစ္ဆာန်လောက်တောင်မှ အသိတရားမရှိဘူးလို့ ဆိုလိုတာလား၊ မင်းစကားပြောတာ ကြည့်ပြောနော် မစော်ကားနဲ့ကွ'
'မင်းကိုစော်ကားပြောတာမဟုတ်ဘူး၊ တိရိစ္ဆာန်ရဲ့ တတ်သိနားလည်မှုကို ပြောတာ၊ မင်းမခံချင်ရင်လဲ ငါက အရေးမလုပ်ပါဘူး'
'နောက်တခါပြောကြည့်၊ အကြောင်းသိမယ်'
'ငါပြောချင်ပြောမယ်၊ မပြောချင်နေမယ်၊ ငါ့ပါးစပ်ကိုမင်းမပိုင်ဘူး'
'မင်းနော် ပြောရင်းဆိုရင်း'
နှစ်ယောက်သား စကားနောက်တရားပါ ဖြစ်ခါ၊ နဘမ်းလုံးတော့မည့် အခြေအနေမျိုးသို့ ရောက်လာ သည်၊ ထိုအခိုက်….
ကိုဘသော် ကိုထွန်းအံ့ ဘာဖြစ်နေကြတာလည်း'
ဟူသော သြဇာသံပါသည့် အသံတသံက သူတို့ နှစ်ယောက် စကားရည်လုပွဲ ကျင်းပသည့် နေရာနှင့် ပေအစိတ်ကျော် အကွာမှာ ရှိသည့် ရွက်ဖျင်တဲတခုမှ ပေါ်လာသည်၊ ထိုအသံနှင့်အတူ ယောက်ျားပီသ ခန့်ငြားသည့် ရုပ်ရည်ဖြင့် ကြက်သရေရှိသော လူရွယ် တယောက်သည် ရွက်ဖျင်တဲထဲမှ ထွက်လာသည်။
ကိုဘသော်နှင့် ကိုထွန်းအံ့တို့သည် ဒေါနှင့်မောနှင့် ပြောဆိုနေကြရာမှ ထိုအမူအရာများယူပြစ်လိုက်သလို ပျောက်ကွယ်သွားကြသည်။ ကိုဘသော်က ထမင်းအိုးတည်ထားသော မီးဖိုကို ဂရုစိုက်စောင့်ကြည့်နေပြီး ထင်းချောင်း များကို ပြင်ပေးနေသည်။ ကိုထွန်းအံ့က ပြင်လက်စ ဟင်းအိုးကိုပြင်နေသည်။ နှစ်ယောက်လုံး ဦးခေါင်း ငုံ့နေကြသည်။
ရွက်ဖျင်တဲထဲက ထွက်လာသည့် လူရွယ်သည် ကိုဘသော်နှင့် ကိုထွန်းအံ့ကိုကြည့်ကာ ရယ်ချင်သလို ဖြစ်လာသည်။ ကိုဘသော်နှင့် ကိုထွန်းအံ့တို့ ပြန်ရောက်လာကြပြီး ထမင်းဟင်း စီမံနေရင်းက စကားပြောနေကြသည်ကို ရွက်ဖျင်တဲထဲက အစအဆုံးကြားနေရသော လူရွယ်သည် သူတို့နျစ်ယောက်၏ ပြောစကားတွေကို စိတ်မ၀င်စားမိသည့်အတွက် သူ့ရှေ့မှာရှိနေသည့် မြေပုံကိုပင် ဆက်မကြည့်နိုင်ဘဲ ကိုဘသော်နှင့် ကိုထွန်းအံ့တို့ပြောစကားကို နားလဲထောင် သူတို့နှစ်ယောက်၏ ပြောစကားကို နားလဲထောင် သူတို့နှစ်ယောက်ကို တဲအတွင်းက ကြည့်လဲနေခဲ့သည်။ ယခုနှစ်ယောက်လုံး ဒေါသသံ ပါလာသော အခါမှ ဖြန်ဖြေရန် ထွက်လာခဲ့ခြင်းဖြစ်သည်။
စောစောက စကားရည်လုနေသည့် မျက်နှာထား အမူအရာတွေမရှိတော့ဘဲ ဘာမှမဖြစ်သလို ကိုယ့်အလုပ်ကိုယ်လုပ်နေကြသော ကိုဘသော်နှင့် ကိုထွန်းအံ့တို့ နှစ်ယောက်ကိုကြည့်ပြီး
'ဒီလူနှစ်ယောက်ဟာ ခလေးတွေလိုဘဲ'
ဟူသောသဘောဖြင့် လူရွယ်က ရယ်ချင်စိတ်ပေါ်လာခြင်း ဖြစ်သည်၊ သို့သော် မျက်နှာကို မရယ်မပြုံးဘဲ သူ့တို့နှစ်ယောက်ရှိရာသို့ အေးဆေးငြင်သာသော ခြေလှမ်းများဖြင့် ရောက်လာခဲ့သည်။
'ဘာဖြစ်နေကြတာလဲ၊ အကြောင်းတခုခုကို ငြင်းနေကြတာထင်တယ်၊ ဘာတွေ့လာခဲ့ကြ လို့လဲဟင်'
လူရွယ်ကမေးလိုက်သောအခါမှ ကိုဘသော်က ထမင်းအိုးကို မီးဖိုပေါ်က ချပြီး ထမင်းရည်ငှဲ့သည့် နေရာသို့သွားရင်း….
'လူတယောက်တွေ့လာခဲ့လို့ဆရာ၊ အဲဒါ ကျွန်တော်က လူလို့ပြောတယ်၊ ထွန်းအံ့က လူမဟုတ်ဘူး တဲ့လေ'
ဟုဖြေခါ ထမင်းအိုးကို ထမင်းရည်ငှဲ့နေသည်။
ကိုထွန်းအံ့က နနွင်းဆီဆားနယ်ပြီးသော ဟင်းအိုး ကို အားနေသည့် မီးဖိုပေါ်တင်လိုက်ပြီးပြောသည်။
'ဒီလောက်နက်ခေါင်တဲ့တောကြီး တောင်ကြီးထဲမှာ လူသားမိန်းခလေးတစ်ယောက်က ဘာလုပ်ဘို့ လာနေမှာလဲ။ ကျွန်တော်တို့ ဆရာတို့တောင်မှ အစိုးရတာဝန်ကြောင့် ရောက်နေကြရတာ၊ ဒါကို ကျွန်တော် က မျောက်ဝံသို့မဟုတ် လူဝံလိုကပြောတယ်၊ ဘသော်က ရွှေဥာဏ်တော်စူးရောက်ပြီး လူလို့ပြောတာနဲ့ ငြင်းနေကြ တာပါဆရာ'
သူတို့နှစ်ယောက်စကားကြောင့် ဆရာအခေါ်ခံလူရွယ်သည် စိတ်ဝင်စားသွားသည်။
ကိုထွန်းအံ့ပြောသလိုပင် သူတို့ရောက်နေကြသည့် နေရာသည် မြင့်မားလှသည့် ကူမွန်တောင်တန်းကြီး တောင်ခြေတနေရာ၊ နက်ခေါင်မှိုင်းမှောင်လှသည့် တောကြီးအတွင်းမှာ ရောက်နေကြခြင်းဖြစ်သည်။
ဆရာအခေါ်ခံသူ လူရွယ်ကား ဘူမိဗေဒအရာရှိကြီး ဖြစ်သော ဦးမြင့်ညိုဖြစ်သည်။ ရာထူးဂုဏ်ကြောင့် ဦးတပ်ပြီး ခေါ်ရစေကာမူ ယခုမှ အသက်နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသည် ပညာတွင် ထူးချွန်လွန်း သောကြောင့် တက္ကသိုလ်မှ ဘူမိဗေဒဘာသာဖြင့်ဘွဲ့ရခဲ့ပြီး အစိုးရပညာတော်သင်အဖြစ်ဖြင့် နိုင်ငံခြားမှာ ပညာသင်ပြီး ပါရဂူဘွဲ့ ဆွတ်ခူးလာသူဖြစ်သည်။ တာဝန်ကို မခိုကပ် မငြီးငြူတတ်သည့်အပြင် စွန့်စား သွားလာမှု မှာ ၀ါသနာပါသူ ဖြစ်သည်။
ထို့ကြောင့်ဘူမိဗေဒဘက်တွင် အကြီးအကဲရာထူးတနေရာမှာ တာဝန်ထမ်းဆောင်နေရာ မှ ကချင် အမျိုးသား မုဆိုးကြီးတဦး၏ သတင်းပေးချက်အရ ရွှေသတ္တုကြောကြီး ပေါ်ထွက်နေသည်ဆိုသော ဤကူမွန် တောင်တန်းကြီး သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ဤမျှလောက် နက်ခေါင်သော နေရာသိ့ နိုင်ငံတော်အတွက် စွန့်စားရှာဖွေရန် တာဝန်ဖြင့် ကိုမြင့်ညိုသည် ပျော်ပျော်ရွှင်ရွှင်ပင် လာခဲ့သည်။ ပင်ကိုယ်ကပင် ခရီးထွက်ခြင်း၊ စွန့်စားရှာဖွေခြင်းမှာ ၀ါသနာထုံသဖြင့် တက္ကသိုလ် ရောက်သောအခါ ဤဘာသာရပ်ကို တမင်ရွေးယူလာခဲ့သည်။ ယခုကိုမြင့်ညိုသည် သူ့ဆန္ဒအတိုင်း နက်ခေါင်လှသော တောတောင်ထဲကို ရောက်နေလေပြီ။
ဤကူမွန်တောင်တန်းကား မြစ်ကြီးနားမြို့ အနောက်မြောက်ဘက်ဆီမှာ ရှိသည်။ မိုးကောင်းမြို့မှ ဆိုလျှင် မြောက်ဘက်မှာ ရှိနေသည်။ မိုးကောင်းမြို့ အထက်နားရှိ နမ်းတီးချောင်းအတိုင်း လိုက်သွားနိုင်မည်ဆိုလျှင် နမ်းတီး ချောင်းဖျားအလွန် ကူမွန်တောင်တန်း အခြေတနေရာဝယ် ရွှေသတ္တုကြောကြီးလို အရာတခုတွေ့ရကြောင်း သတင်းသည် အစိုးရ ဘူမိဗေဒဌာနသို့ သတင်းရောက်လာသည်။ ထိုသတင်းမှာ တော်တော်ပင် ခိုင်လုံနေသည် ထိုနေရာဒေသမှာ တောကျွမ်းသည့် ကချင်အမျိုးသား မုဆိုးကြီး တယောက် က တွေ့မြင်ခဲ့ဘူးကြောင်း ထောက်ခံစကားပြောဘူးသည်။
ထို့ကြောင့် ဘူမိဗေဒဌာနက ထိုကချင်အမျိုးသား မုဆိုးကြီးကို ခေါ်ယူတွေ့ဆုံးခါ သေချာစွာ မေးမြန်း စုံစမ်းပြီး ယုံကြည်ရသော အခြေအနေကြော်င့ ထိုနေရာကို သွားရောက် စူးစမ်းရန် စီစဉ်ညွှန်ကြားသည်၊ စွန့်စား ခရီးထွက်ခြင်းမှာ ၀ါသနာပါသော ကိုမြင့်ညို နှင့်အဆင်သင့်ဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ ရွှေသတ္တုကြော မတွေ့စေကာမူ သတ္တုအမျိုးအစားနှင့် အကြုံးဝင်ရာ သယဇာတ ပစ္စည်း ကိုမူ တွေ့နိုင်သည့် အလားအလာရှိသောကြောင့် ကိုမြင့်ညိုက လိုလိုခြင်ခြင် တာဝန်ယူခါ ထွက်ခွာ လာခဲ့ခြင်း ဖြစ်သည်။
ထမင်းဟင်းချက် ဝေယျာဝစ္စဆောင်ရွက်ရန် မင်းစေနှစ်ယောက်ဖြစ်သော ကိုထွန်းအံ့နှင့် ကိုဘသော်၊ အထက်တန်း စာရေးတဦး၊ အငယ်တန်းအရာရှိတဦး၊ လမ်းပြအဖြစ် သတင်းပေးသော ကချင် အမျိုးသား မုဆိုးကြီး နှင့် အဖေါ်ကချင်အမျိုးသားတယောက်၊ ပစ္စည်းသယ်သည့် အလုပ်သမားနှစ်ယောက်၊ အားလုံး ပေါင်း လူကိုးယောက်၊ သေနတ်ငါးလက်၊ ကျည်ဆံအလုံအလောက်၊ ဆေးဝါးပစ္စည်း၊ စားသောက်စရာ ပြည့်စုံစွာ ဓါး၊ ပုဆိန်စသည့် ကရိယာ အပြည့်အစုံဖြင့် ပျော်ပျော်ပါးပါး ထွက်လာခဲ့ကြသည်။
ပျော်ပျော်ပါးပါးဆိုသော်လဲ ကိုမြင့်ညိုတယောက်သာ ခရီးဆုံးသည်အထိ မျက်နှာမပျက် သ်ီချင်းဆိုမပျက် ပျော်လာခဲ့သည်၊ လမ်းပြကချင်အမျိုးသား မုဆိုးကြီးသည်လဲ ကိုမြင့်ညိုလောက် မရွှင်စေကာမူ ငြီးငြူခြင်းမပြု၊ သွက်သွက် လက်လက် ပင်ရှိသည်။ ကျန်လူတွေအားလုံးကမူ မိုးကောင်းမြို့ အထိသာ ပျော်ကြသည်။ မိုးကောင်းမြို့ က ထွက်ခွာလာခဲ့သည့် ရက်ကစ၍ ခရီးလမ်း၏ ကြမ်းတမ်းခက်ခဲပင်ပန်းမှုကြောင့် ကိုမြင့်ညို မသိအောင် စိတ်ညစ်လာခဲ့ကြသည် တိတ်တဆိတ် ငြီးငြူမိကြသည်။
ထို့အပြင်အားလုံးသော လူတွေမှာ အိမ်သူသက်ထား ဇနီးမယားနှင့် သမီးသားတို့ ရှိကြသည်ကြောင့် အိမ် ကို လွမ်းဆွတ်နေသြည်၊ ကိုမြင့်ညိုကား သူဝါသနာပါသည့်အလုပ်ကို လုပ်နေရသည့်အတွက် ကြေနပ် နေသူဖြစ်သည့် အလျောက် ကြင်ယာသက်ထားရှာန် စိတ်မကူးခဲ့ချေ၊ ကိုမြင့်ညို လွမ်းစရာဟူ၍ အိမ်မှာ ကျန်ရစ်သည့် ဘခင်ကြီးတယောက်သာရှိသည်။
ထို့ကြောင့် ရန်ကုန်မှာ ခရီးထွက်လာသည့်ရက်မှစ၍ ရေတွက်သော် ယနေ့အထိ တလနီးပါး ကြာနေ ခဲ့လေပြီ။
ကိုဘသော်နှင့် ကိုထွန်းအံ့တို့ကား ကိုမြင့်ညိုထက် အသက်ကြီးကြသည်၊ နှစ်ယောက်လုံးသည် အသက် သုံးဆယ်ကျော် လေးဆယ်နီးနေကြပြီဖြစ်သည်၊ ထို့ကြောင့် ကိုမြင့်ညိုက သူ့လက်အောက်က လူတွေ ဖြစ်လင့် ကစား အသက်ကို လေးစားခြင်းဖြင့် ယဉ်ကျေးစွာပင် ဆက်ဆံသည်၊ ကိုဘသော်နှင့် ကိုထွန်းအံ့ တို့ကလဲ ကိုမြင့်ညိုကို သူတို့အထက်က အုပ်ချုပ်သူ အရာရှိကြီးတဦးအနေဖြင့်တကြောင်း၊ ဆက်ဆံပုံကို ကြည်ညိုကြသည် တကြောင်းကြောင့် သူတို့ထက် အသက်ငယ်သော်လဲ ရိုသေစွာပင် ပြောဆို ဆက်ဆံ သည်။ ထို့ကြောင့် နှစ်ယောက်သား ဒေါနှင့်မာန်နှင့် ပြောဆိုနေရာမှ ကိုမြင့်ညိုအသံ ကြားရသောအခါ ဘာမှ မဖြစ် သလို အေးဆေးငြိမ်သက်သွားကြခြင်းစြဖ်သည်။
ကိုမြင့်ညို က ပြောလက်စ စကားကို ဆက်လိုက်သည်။
'ခင်ဗျားတို့တွေ့ခဲ့ကြတာ ယောကျာ်းလား မိန်းမလား'
ကိုမြင့်ညိုအမေးကို ကိုဘသော်နှင့် ကိုထွန်းအံ့တို့က တယောက်တခွန်းဖြေကြသည်။
'ယောကျာ်းလား၊ မိန်းမလားတော့မသိဘူးဆရာ ခေါင်းက အမွေးတွေက အရှည်ကြီးဘဲ ဖို့ရို့ ဖားယား ကျနေတာကို မြင်ရတယ်ဆရာ'
'ခေါင်းက အမွေးဆိုတော့ ကျန်တဲ့တကိုယ်လုံးအမွေးမရှိဘူးလား
'အ၀တ်ဝတ်ထားတယ်ဆရာ….'
တပည့်ကျော် နှစ်ယောက်အဖြကြောင့် ကိုမြင့်ညို အံ့သြသွားသည်။
'ဘာအ၀တ်ဝတ်ထားတယ်ဟုတ်လား'
'အ၀တ်လို့ ထင်တာဘဲ၊ သူ့ကိုယ်ပေါ်မှာ ဖုံးထားတာကတော့ အမွေးမဟုတ်တာ သေချာတယ်ဆရာ'
'ခင်ဗျား တို့ သေသေချာချာမကြည့်ခဲ့ကြဘူးလား'
'ဒီသတ္တ၀ါက တကောင်လုံးကို အမြင်ခံတာမဟုတ်ဘူးဆရာရဲ့၊ ခြုံကြီးတခြုံအကွယ်က ကိုယ်အထက်ပိုင်း ကိုသာ ဖေါ်ပြီး ကျွန်တော် တို့ကို ကြည့်နေတာ'
'သူနဲ့ကျွန်တော် တို့က ပေငါးဆယ်ကျော်အကွာလောက်မှာ ရှိနေတယ်'
'ဘယ်သူ က စမြင်တာလဲ'
'ကျွန်တော်တို့ ဟင်းစားသွားရှာကြတာ ဟုတ်လားဆရာ၊ ဆရာက တောထဲတောင်ထဲမှာ သေနတ်ကို အရမ်းမပြစ်ရ မသုံးရဘူးလို့ ပြောထားတယ်၊ နောက်ပြီး ဟင်းစားရှာတယ်ဆိုတာကလဲ ကျွန်တော်တို့ ပါရင်းစွဲ ရိက္ခာအခြေအနေ ကို ကြည့်ပြီး ချွေတာစားပါ၊ တောတောင်ထဲက အပြစ်မဲ့သတ္တ၀ါလေးတွေကို မသတ် နဲ့ ပြောထားလို့၊ ကျွန်တော်တို့ ဆင်ခြင်ပါတယ်၊ ဒါနဲ့….'
စကားတန် ရှည်ရှည်ပြောနေသော ကိုဘသော်စကားကို ကိုထွန်းအံ့ဖြတ်ပြောလိုက်သည်။
'အေးပါကွာ၊ မင်းစကားကလဲ ရှည်နိုင်ရန်ကော၊ လိုရင်းကိုပြောတာမဟုတ်ဘူး၊ ဟိုလွန်ခဲ့တဲ့ ငါးရက်က ပန့်သကူဆတ်တကောင် ရလာဘူးတယ်လေ၊ အခုလဲ အဲဒီလို ရအုံးမလားလို့ သွားရှာကြတာဆရာရဲ့'
တပည့်ကျော် နှစ်ယောက်စကားကို ကိုမြင့်ညိုက ပြုံးပြီးနားထောင်နေသည်၊ သူတို့ပြောသည့်အတိုင်းပင် လွန်ခဲ့သော ငါးရက်လောက်က တကယ်ပင် ပန့်သကူ ဆတ်တကောင် ကို ကြုံတောင့်ကြုံခဲရခဲ့ကြဘူးသည်၊ ထိုသို့ ရလာသည့် အကြောင်းကလဲ ကျားတကောင်က ဆတ်ကို ကိုက်သတ်ထားပြီး မစားရသေးမှီ အချိန်မှာ သတ္တု ရှာထွက်လာကြသော ကိုမြင့်ညိုတို့ အုပ်စုက ထိုနေရာရောက်လာကြသည်၊ ထိုအခါ လူများများ အသံ ကို ကြားဟန်တူသော ကျားက အစာကို ချထားခဲ့ပြီး ခေတ္တရှောင်တိမ်းသွားဟန်တူသည်၊ ထိုဆတ်ကို စခန်း ချသည့် နေရာသို့ ယူလာခဲ့ကြသည်။ ဤသည်ကို ရည်၍ ပန့်သကူ အမဲဟင်းလျာ အရှာထွက်ကြောင်းကို ရှည်လျားစွာ ပြောနေကြခြင်းဖြစ်သည်။
ဆက်ရန်
.
စကားတန် ရှည်ရှည်ပြောနေသော ကိုဘသော်စကားကို ကိုထွန်းအံ့ဖြတ်ပြောလိုက်သည်။
'အေးပါကွာ၊ မင်းစကားကလဲ ရှည်နိုင်ရန်ကော၊ လိုရင်းကိုပြောတာမဟုတ်ဘူး၊ ဟိုလွန်ခဲ့တဲ့ ငါးရက်က ပန့်သကူဆတ်တကောင် ရလာဘူးတယ်လေ၊ အခုလဲ အဲဒီလို ရအုံးမလားလို့ သွားရှာကြတာဆရာရဲ့'
တပည့်ကျော် နှစ်ယောက်စကားကို ကိုမြင့်ညိုက ပြုံးပြီးနားထောင်နေသည်၊ သူတို့ပြောသည့်အတိုင်းပင် လွန်ခဲ့သော ငါးရက်လောက်က တကယ်ပင် ပန့်သကူ ဆတ်တကောင် ကို ကြုံတောင့်ကြုံခဲရခဲ့ကြဘူးသည်၊ ထိုသို့ ရလာသည့် အကြောင်းကလဲ ကျားတကောင်က ဆတ်ကို ကိုက်သတ်ထားပြီး မစားရသေးမှီ အချိန်မှာ သတ္တု ရှာထွက်လာကြသော ကိုမြင့်ညိုတို့ အုပ်စုက ထိုနေရာရောက်လာကြသည်၊ ထိုအခါ လူများများ အသံ ကို ကြားဟန်တူသော ကျားက အစာကို ချထားခဲ့ပြီး ခေတ္တရှောင်တိမ်းသွားဟန်တူသည်၊ ထိုဆတ်ကို စခန်း ချသည့် နေရာသို့ ယူလာခဲ့ကြသည်။ ဤသည်ကို ရည်၍ ပန့်သကူ အမဲဟင်းလျာ အရှာထွက်ကြောင်းကို ရှည်လျားစွာ ပြောနေကြခြင်းဖြစ်သည်။
ဆက်ရန်
.
No comments:
Post a Comment