ယခု ကိုစိုးကြီးထံမှ ထွက်ပေါ်လာသော မနှစ်မြို့ဘွယ်ရာ စိတ်ဓာတ်နှင့် အပြုအမူများမှာ မိမိ အသဲလွှာမှာ တရိပ်ရိပ် တငွေ့ငွေ့ ခိုအောင်းလာနေသော မေတ္တာဓာတ်နှင့် နှိုင်းယှဉ်ဘွယ်ရာ မထိုက်အောင် ကွာခြားခြင်း ရှိနေသည် ကိုလည်း သူသိသည်။ သို့ရာတွင် ယခု တွေ့မြင်နေရသော ကိုစိုးကြီး၏ အပြုအမူကြောင့်သာ လှိုက်ဆူ ထွက်ကျတော့အံ့ဆဲဆဲ သူ၏ မေတ္တာ အရိပ်အငွေ့များ ကို အချိန်မီ သိုသိပ်သိမ်းဆည်းလိုက်ရန် သတိ ရှိလာခြင်းကိုလည်း အောင်နိုင့်အနေနှင့် ၀န်ခံရလိမ့် မည်ပင် ဖြစ်နေသည်။
ခေတ္တမျှ တည်တံ့နေသော ဤအခြေအနေထဲတွင် သူ၏ ၀ဖိုင့်ဖိုင့် ကိုယ်ကာယကြီးဖြင့် အထပ်ခိုး ကလေး ပေါ်သို့ ကပ်သီးကပ်သပ် တက်လာနေသော ဦးဖေတင် ကို တွေ့ရပြန်တော့ဖြင့် အောင်နိုင် သည် ကျေးဇူး တင်ရခြင်းနှင့် အားနာခြင်းတို့ဖြင့် ရောနှောကာ မွှန်ထူနေရလေ၏။ ကိုစိုးကြီးကလည်း လေချွန်ခြင်းကို ကြောင်အမ်းအမ်း နှင့် ရပ်ဆိုင်း သွားသည်။ အေးတယောက်ကသာ အပြုံးမျပ်က ဆီးကြိုနိုင်ပေသည်။
"ကိုအောင်နိုင်ကြီးဟာ သိပ်သတ္တိကောင်းတာဘဲ ဖေဖေ ... သူ့အနာထဲကို အေး တင်ချာတွေ လောင်းထည့် လိုက်တာ တချက် မှ မအော်ဘူး၊ အေးသာဆိုရင်တော့ အော်ငိုလိုက်မှာဘဲ"
ဦးဖေတင်မှာ သူ့သမီးစကားအတွက် ပြုံးရုံသာ ပြန်ပြုံးလိုက်ကာ ကိုစိုးကြီးလာခင်းပေးသော သင်ပျူးလေး ပေါ်မှာ ထိုင်ချလိုက်သည်။ ပြီးတော့ အောင်နိုင့်အနာကို အကဲခတ်သလို လှမ်းကြည့် လေ၏။ ခဏ နေတော့မှ...
"မောင်အောင်နိုင်တော့ တော်တော်နဲ့ ဆိုက်ကား ထွက်နိုင်ပုံ မပေါ်သေးဘူး။ စားရေးသောက်ရေး ကို ကြည့် စီမံ ပေးအုံးမှဘဲ" ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး ဦး ... ကျွန်တော် အခုဘဲ ကိုစိုးကို ဆိုင်မှာ စားစရာ တခုခု ၀ယ်ခိုင်းရမလားလို့ စဉ်းစား နေပတယ်၊ အနာလဲ မကြာခင် ပျောက်သွားမှာပါဘဲ"
အောင်နိုင်က ဤသို့ ပြောလိုက်သော်လည်း ကိုစိုးကြီးကတော့ ကောင်းလိုလို့ အဆိုးလိုလိုနှင့် ၀င်ဖောက် လိုက် သေး သည်။
"အင်း ... အခုမှဘဲ ကိစ္စ မရှိပါဘူး ပြောဖော်ရတော့တာ ... ဦးကဖြင့် တော်တော်နဲ့ ပျောက်ပါအုံး မလား၊ စိတ်ညစ်လိုက်တာ ဆိုတာချည့်ဘဲ၊ ထမင်းလဲ မစားဘူး ... စားချင်ရင် ငါဝယ်ပေးပါ့မယ် ဆိုတာလဲ ပြောလို့ မရဘူး"
"ဟင် ... ဒီလိုဆို အခုဆာနေတော့မှာပေါ့၊ အေး အိမ်မှာ သွားယူလိုက်မယ်လေ၊ ထမင်းစားမလား ... ကော်ဖီ နဲ့ မုန့် ဆို ရလား၊ သြော် ... ဘာလီပြုတ်တိုက်ရရင် ကောင်းမယ် ထင်တယ် အသာလစ် လဲထဲ့မှာပါဘဲနော်"
အေးကတော့ သူ့မူအတိုင်းပင် ပျာပျာသလဲ ဖြစ်လာပြန်လေသည်။ အောင်နိုင်မှာသာ သူ့ ကို ဦး ဦးဖေတင် က အကောင်း ထင်နိုင်ပါမည်လားဟု စိတ်ပူနေရသည်။
"မစောကို ပို့ခိုင်းလိုက်ရင် ပြီးတာဘဲ သမီးရယ် ... ဖေဖေ ကြည့်ပြီး ပို့ခိုင်းလိုက်ပါ့မယ်" ဟု ဦးဖေတင်က ပြော လေတော့မှသာ တော်ပါသေးရဲ့ ... ဟု သက်ပြင်းချမိသည်။
"ဟဲ့ သမီး ... သမီး ခြေထောက်နားက ကျပ်တန်ကလေး ထင်ပါရဲ့"
ဦးဖေတင်သည် စောစောက အေးနှင့် အောင်နိုင်တို့ တယောက် ပစ်ပေါက်ပေးကြကာ ဘယ်သူမှ ကောက် မယူဘဲ ထားသော ကျပ်တန်ကလေးကို တွေ့မြင်သွား၍ ဆက်ပြောနေရပြန်သည်။
"ဟုတ်တယ် ဖေဖေ ... အေး ဆိုက်ကားခ ပေးထားတာလေ ကိုအောင်နိုင်ကြီးက သူနွား မဟုတ်ဘူး မယူ ဘူးတဲ့ မဆီမဆိုင် စိတ်ကောက်တော်မူသေးတယ်။ ဒါလောက် ဖြစ်လှတာ အေးဟာ အေးဘဲ ပြန်ယူသွားမယ် ... ချော့ကလက် ၀ယ်စားပစ်မယ် ... အေးရော ..."
အေးက ကျပ်တန်ကလေးကို နှုတ်ခမ်းစူစူကလေးနှင့် ကောက်ယူပြီး ရှေ့မှ ထွက်သွားရာ ဦးဖေတင် ပါ နောက် မှ ထွက်လိုက် သွားတော့သည်။
" ရော့ ... ကိုအောင်နိုင့် ကောင်းမှု့ နတ်လူသာဓုခေါ်စေသော်"
နောက်တနေ့ တွင် အေးသည် လက်ထဲမှ စာအုပ်များနှင့် ချော့ကလက်များကို တပွေ့တပိုက်ကြီး ပွေ့ပိုက်ကာ ရောက်လာပြန်ပြီးလျှင် ပါးစပ် နှစ်ဖက်မှာ ချော့ကလက် တခုစီ သွင်းငုံထား၍ မပြီမသ ဖြစ်နေသော အသံကလေးဖြင့် အော်ပြောလိုက်သည်။ ပြီးတော့ အောင်နိုင်နှင့် ကိုစိုးကြီးတို့၏ ရှေ့တွင် ချော့ ကလက် ၄-၅ခု စီ ပုံချပေးလေ၏။
ကိုစိုးကြီးသည် သူ့ရှေ့မှချော့ကလက်များကို ကောက်ယူပြီး လက်ဖြင့် မြှောက်လိုက်ပြန် ဖမ်းလိုက်လုပ်ကာ ပြုံးစိစိ ဖြစ်နေပြန်လေသည်။ အောင်နိုင်မှာသာ ကိုစိုးကြီး၏ ပြုံးရိပ်အတွင်းမှာ ဖုံးသိပ်ထားသော အငွေ့ အသက် များ ကိုလည်းကောင်း၊ အေး ယခုလို မကြာခဏ လာရောက်နေခြင်းကိုလည်းကောင်း၊ သဘော မကျ နိုင်ဖြစ်နေရပေသည်။
" ဟာ ... အိုက်လိုက်တာ ပြုတ်ထားတဲ့အတိုင်းဘဲ ... အေးတော့ ကြာကြာ နေနိုင်မှာ မဟုတ်သေးပါဘူး ... ကိုစိုးကြီး တော့... တိုက်ဘေးက ကွပ်ပျစ်ကလေးမှာ သွားထိုင်နေပါလား ... အေးက အေးသနဲ့ ... ကိုအောင်နိုင်ကြီး ကတော့ သနားပါတယ်ကွယ် ... သူ့ခမျာ ၀တ်မကင်းရှာလို့"
အေးသည် အောင်နိုင်အား လက်ညိုးကလေး ကွေးချည်ဆန့်ချည်နှင့် ကရိုတိုက်ကာ အောင်နိုင့်နဘေးမှာ ခြေဆင်း လဲလူ ထိုင်ချလိုက်ပြန်သည်။
" အဟမ်း ... အဟမ်း ... အဟမ်း ... "
အေး စကားအဆုံး တွင် ကိုစိုးကြီးသည် အဓိပ္ပါယ် တမျိုးကို ဆောင်နေသော အသွင်ဖြင့် ဖျစ်ဖျစ်ညှစ်ညှစ် ချောင်း ဟန့် လိုက်လေသည်။ ပြီးတော့ " သက်ဝေ" သီချင်း အလိုက်ကိုလေ တရွှီရွှီ ချွန်ရင်းနှင့် အောင်နိုင် အား အေးမမြင် အောင်မျက်စိတဖက်မှိတ်ပြလိုက်ကာ ချာကနဲ ချာကနဲ လှည့်ကြည့်ရင်းမှ ဆင်းထွက်သွား လေသည်။
" သူ့ဖာသာနေတာ ဘာဖြစ်လို့ အသွားခိုင်းရတာလဲ အေး "
အောင်နိုင်က ချုပ်တည်းထားရသော မကျေနပ်မှုအတွက် အေးကိုသာ အသံမာမာနှင့် မေးလိုက်မိသည်။
" အိုက်လို့ပြောတာပေါ့ ရှင်ကြီးရဲ့ သူမသွားနိုင်တိုင်းသူများကို မနာလိုဘူးလား ... "
အေး အဖြစ် ကို ကြားရပြန်တော့လည်း " ဒင်းကလေး ဘာမှ နားမလည်ရှာပါလား" ဟု သနားမိရပြန် သည်။ သို့ရာတွင် မကျေနပ်မှုမှာလည်း လျော့နည်း၍ မသွားနိုင်သေး။ " ပြောစမ်းပါအုံး အေး ကကော ဘာကိစ္စ"ဟု ကျွတ်ဆတ်ဆတ် အသံမျိုးနှင့်ပင် ဆက်မေးမိသည်။
" ကိစ္စရှိလို့သာ လာတာပေါ့ရှင်ရဲ့ ကိစ္စမရှိရင် ပူပူ လောင်လောင်ထဲမှာ လာနိုင်ပါလိမ့်မယ် အားကြီးကြီး .. "
အေးက ဧရာမ မိန်းမကြီးစတိုင်နှင့် ကြီးကြီး ကျယ်ကျယ်လုပ်၍ ပြောလိုက်ပြီးမှ သူ့လက်ထဲက စာအုပ်များ ကိုအောင်နိုင်ရှေ့သို့ တထပ်ကြီးချပေးလိုက်သည်။ တစ္ဆေသရဲပုံပြင်များနှင့် ကာတွန်းစာအုပ်များမှာ အောင်နိုင့် ရှေ့တွင် ပြန့်ကြဲသွားလေ၏။
" အင့် ... အဲဒါတွေ ဖတ်ချင်ယူထား ကိုအောင်နိုင့် မဂ္ဂဇင်းတွေလဲ အေးကို ငှားလိုက်ပေါ့ အေးပျင်းလွန်းလို့ပါ... "
သည်တခါတော့ အောင်နိုင်က ခွန်းတုံ့မဆိုသာတော့ဘဲ သူ့စာအုပ်များထည့်ထားရာ ထင်းရှူးသေတ္တာ ကလေး ဆီသို့ ညွှန်ပြလိုက်ရသည်။ အေးသည် အောင်နိုင့် စာအုပ်များကို အချိန်အတန်ကြာအောင် မွှေနှောက်ကာ ကြိုက်ရာ စာအုပ်များကို ရွေးယူပြီးတော့မှ အောင်နိုင့်အပါးသို့ ပြန်လာခဲ့သည်။
" အနာ ဘယ့်နှယ် နေသေးသလဲ ဟင် ... "
" သက်တော့ သက်သာပါတယ် အေးရယ်... ပျောက်ခဲလွန်းလို့သာ စိတ်ညစ်နေရတာဘဲ"
" အမယ် ... ဆိုက်ကားမနင်းရ ဘာမလုပ်ရနဲ့ ပင်ပန်းတောင် သက်သာသေး ... "
အေးက ပါးကလေး ဖောင်း၍ မျက်စောင်းကလေးစွေကြည့်ပြီး ခပ်ရွှန်းရွှန်း ပြောနေသည်။ အောင်နိုင် မှာတော့ ရောယောင်သွေးသောက်ပင် မပြုံးနိုင် ...။
" ဆိုက်ကား မနင်းနိုင်သရွေ့မှာ အေးတို့ကျွေးတာ စားနေရတာ အားနာလှပြီ အေး ... ဦးကို မလွန်ဆန်ဝံ့လို့ သာ သူစီမံပေးသလို နေရတာ ကိုယ့်မှာလဲ စုထားတဲ့ ပိုက်ဆံကလေး ရှိသားဘဲဟာ ... ကိုယ့်ဟာနဲ့ ကိုယ်သာ ၀ယ်စား လိုက်ချင်တာဘဲ "
" အံမာ ... သူစေတနာရှိလို့ ကျွေးတာကို စားသာစား၊ အေးတို့များတော့ ကိုယ်စုထားတဲ့ပိုက်ဆံကို ဘယ်တော့ မှ အထိမခံဘူး၊ တခါ မမကြီးလာတုန်းက အေး အ၀တ်ဝယ်ဝတ်ဖို့တဲ့ ငွေ ၃၀၀ိ ပေးတယ်၊ မမလေး လာတုန်းကလဲ သုံးချင်တာသုံး တဲ့ ငွေ ၂၀၀ိ ပေးသေးတယ်၊ ဒါပေတဲ့ အေးက အ၀တ်လဲ ဖေဖေ့ဘဲ ၀ယ် ပေးခိုင်း တာဘဲ၊ သုံးဘို့လဲ အန်တီကြီးနဲ့ ဖေဖေ့ဆီဘဲ တောင်းတာဘဲ၊ အေး ပိုက်ဆံတွေက ဘယ်မှာ မှတ် လို့လဲ...၊ စုထားတာ ဆရာ ရဲ့၊ ဒါတောင် ၂၀၀၀ိ မပြည့်နိုင်သေးလို့ အေးဖာသာ ၀ယ်ဝတ်မယ်လို့ ခဲထား တဲ့ ပုလဲသွယ် ကလေး ကို မ၀ယ်နိုင်သေးဘူး၊ အဟင်း ဟင်း "
အေးက သံညှင်းကလေးနှင့် ရယ်ပြီး စကားကို အဆုံးသတ်လိုက်သောအခါ အောင်နိုင့်ရင်ထဲမှာ အနင့်သား ဖြစ်နေရသည်။ ဆိုက်ကားတပတ်ရစ်ကလေးကို ၃၀၀ိ နီးပါးပေး၍ ၀ယ်ယူရန် သုံးနှစ်သုံးမိုး လုံးလုံး စုဆောင်း ခဲ့ရသော မိမိ၏ ၀င်ငွေ အေး အစ်မကြီးက ပေးသောမုန့်ဘိုးမျှပင် မရှိပါချေတကား၊ အေး၏ အစ်မကြီးမှာ မင်းကြီး ကတော် တယောက်ဖြစ်နေ၍ အေး၏အမငယ် က ဗိုလ်မှူးကြီးကတော် ဖြစ်နေကြတော့လည်း --- ပေးနိုင်ကြပေမည်။
သည်မျှ ကွာလှမ်းနေသော အခြေအနေထဲတွင် မိမိသဲလွှာ၌ ၀င်ရောက်စွဲငြိလာသော မီးဖွားကလေးအား မီးတောက်ကြီး--အောင် ယပ်ခတ်မွေးမြူနေခြင်းထက် အပြီးတိုင် ငြိမ်းသတ်နိုင်စွမ်းရှိမှသာ နည်းမှန်လမ်းကျ ဖြစ်တော့မည် ကိုလည်း အောင်နိုင် အသိတရားရမိသည်။
" ဟောဒီမှာနော် ... သုံးအုပ်၊ အေး ပြန်တော့မယ် "
အေးက သူယူထားသော စာအုပ်များကို မြှောက်ပြရင်းနှင့် --- ကိုပုတ်ပြီး နှုတ်ဆက်လိုက်တော့မှ အောင်နိုင် က စိတ်မပါတပါ ပြန်ပြုံးပြီးခေါင်းညိတ်လိုက်ရသည်။
" ဘယ့်နှယ်လဲဟေ့ တော်တော် ဟန်ကျရဲ့မှုတ်လား ... "
" ခင်ဗျားကြီးတော့ဗျာ ခက်နေမှဘဲ"
အေး ဆင်းသွားပြီး၍ တခဏအကြာမှာ မျက်နှာထားကြီး မချိုမချဉ်နှင့် ကိုစိုးကြီး တက်လာ လေတော့ဖြင့် ဤလိုပင် စတင်ကာ စကားအစပ်မတည့်ဖြစ်ကြသည်။
" ဘာမှ ခက်မနေနဲ့ ဒီမှာဒို့က အံခွနေပြီ ...၊ လူဖြစ်တာလဲ နှစ်လေးဆယ်ပြည့်နေပြီ၊ အကုန်လုံး သိပြီးသား... "
" ခင်ဗျားကြီးသာ အသက်လေးဆယ် ပြည့်နေတာ ... ခလေးရှိသေးတာဗျ၊ မမြင်ဘူးလား ... ခလေးလိုပြော ခလေး လိုနေ နေတာတွေ ... ဒီမှာ ဖတ်တဲ့ စာအုပ်တွေလဲ ကြည့် ကြည့်ပါအုံး ... "
အောင်နိုင် က အေးထားရစ်သော ကာတွန်းစာအုပ်ကလေးများကို အမှတ်မဲ့ လှန်လှော်ကာ မျက်နှာထား ရင့်ကျက်စွာ ဖြင့် ပြောလိုက်ရသည်။
သို့ရာတွင် ကိုစိုးကြီးကတော့မူ " အဟဲ ... ငါ့မိန်းမလဲ ကလေးရတုန်းက ဒီခလေးအရွယ်ကလေးပေါ့ကွ" ဟု အတွန့် တက်လိုက်ခါ လွန်ခဲ့သော တနှစ်ကျော်ခန့်က သေဆုံးသွားသည့် သူ့မိန်းမ၏ အကြောင်းများကို တသီ တတန်းကြီး ပြောပြနေပြန်လေသည်။
" ဒီမှာ ကိုစိုးကြီး ... ကျွန်တော့်အနာ ပျောက်သွားရင် မောင်းဆက်သင်ပေးအုံးနော်"
အတော်ကလေး ကြာသွားတော့ မှ ဘာမျှ ဆီဆိုင်စပ်ဟပ်ခြင်းမရှိသော အကြောင်းတရပ်ကို အောင်နိုင်က လွှဲပြောင်း လိုက်ရသည်။
ဤသည်မှာလည်း ဦးဖေတင်၏ ကျေးဇူးပြုချက်တရပ်ပင်ဆိုပါပေ၏။ အောင်နိုင်က သူ့ဘ၀ ရှေ့ရေးအတွက် လက်လှမ်း သမျှသော အလုပ်အကိုင်များကို တတ်မြောက်လိုသည်။
ဒါကို ရိပ်စားမိသော ဦးဖေတင်က " မောင်စိုးကြီးအား -- အခါမှာ မင်း ကားမောင်းသင်ပါလား"ဟု ခွင့်ပြုထား ခြင်းဖြစ်ပေသည်။
ဆက်ရန်
.

No comments:
Post a Comment