Monday, April 4, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၂)

အခန်း ၃၃
ရောဂါကိုသာ ကုသပါ၊ ရောဂါလက္ခဏာကို မကုသပါနှင့်

နှစ်တော့အတန်ကြာပါပြီ၊ ကျွန်တော်သည် ဒေါ်လာ လေး ငါး ခြောက်ထောင်ကြွေးတင်နေသည့် အမျိုး သမီးတစ်ဦးနှင့် ချိန်းချက်သွားလာပြုဖူးသည်။ ချစ်စဖွယ် ဤအမျိုးသမီသည် ဤအကြွေးအကြောင်းကို ပင် တွေး၍ စိတ်တပူပူဖြစ်နေသည်။ တစ်လကုန် တစ်လဆန်းလာသည်နှင့်မျှ သူ့အကြွေးများကလည်း အတိုး နှင့် တိုး၍ တိုး၍ တက်လာသည်။

သူ့စိတ်ဖိအားမှု သက်သာလျော့ပါးလာစေရန် အင်္ဂါနေ့တိုင်း ကမ္မဋ္ဌာန်းနှင့် ယောဂသင်တန်းသို့ ည ညမှာ သွားတက်သည်။ ဤသို့ ညညမှာ ဤသင်တန်းသို့ သွားတက်ရသည်မှာ သူ့အဖို့ ထိုညသည် လွတ်လပ် သော ညတစ်ညပင်၊ ဤသင်တန်းသည် သူ့အား အထောက်အကူဖြစ်ပုံရသည်ဟု သူက ပြောသည်။ သူ သည် သူ့အကြွေးတွေ ကျေနိုင်မည့် နည်းလမ်းတွေကို တွေ့တော့မည်ဟု စိတ်မှာတွေးထင်ပြီး ၀င်သက် ကို ရှူသွင်း၏။ ထွက်သက်ကို ရှူလိုက်သည့်အခါတွင်လည်း တစ်နေ့သောအခါတွင် ဤအကြွေးပြဿ နာ များ သည် နောက်မှာ ကျန်ရစ်ခဲ့ပေမည်ဟု သူ့ကိုယ်သူ ပြောသည်။
တစ်နေ့တွင်တော့ ကျွန်တော်သည် သူ၏ငွေကြေးကိစ္စများကို သူနှင့်စစ်ဆေးကြည့်မိသည်။ အကယ်၍ သာ သူသည် အင်္ဂါနေ့ညတိုင်း အချိန်ပိုင်း အလုပ်တစ်ခုကို လေးငါးလမျှ လုပ်သွားမည်ဆိုလျှင်ပင် သူ ပေးစရာ ရှိသော အကြွေးများကို ပေးဆပ်သွားနိုင်လောက်သည်ဟု ကျွန်တော် စဉ်းစားပြသည်။

ကျွန်တော်က သူ့အား ယောဂကျင့်စဉ်နှင့် ကမ္မဋ္ဌာန်းထိုင်ခြင်းကို ဆန့်ကျင်၍တော့မဟုတ်ကြောင်း ပြော ပြပါသည်။ သို့ရာတွင် ရောဂါကို ဦးစွာပထမကုသခြင်းသာ အကောင်းဆုံးဟု ကျွန်တော် ထင်သည်။ သူ့ မှာ ဖြစ်နေသော စိတ်ဖိစီးမှုနှင့် သောကတို့မှာ ရောဂါလက္ခဏာများသာ ဖြစ်သည်။ သူ့ရောဂါကား သူ့မှာ ပေးစရာ အကြွေးရှိနေခြင်း ဖြစ်၏။
"အင်္ဂါနေ့ညတွေမှာ ယောဂကျင့်စဉ်ကို ခဏတဖြုတ် လက်လွှတ်ပြီး ဘာကြောင့် မင်း အလုပ်တစ်ခုခုကို မရှာတာလဲ"ဟု။
"ယောဂကျင့်စဉ်ကို ခဏတဖြုတ်လက်လွှတ်လိုက်ပြီး အင်္ဂါနေ့ ညတွေမှာ အလုပ်တစ်ခုခုရှာလုပ်ပါလား" ဟု ကျွန်တော် သူ့ကို အကြံပေးသည်။

ဤသို့အကြံပေးလိုက်ခြင်းမှာ သူ့အား လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်နည်းပြောလိုက်ခြင်း တစ်မျိုးပင် ဖြစ်သည်။ သူသည် ကျွန်တော့်အကြံအတိုင်း လိုက်နာသည်။ အင်္ဂါနေ့ညများတွင် သူသည် စားပွဲထိုး တစ်ယောက် ဖြစ်လာသည်။ မကြာမီ သူ့အကြွေးကိုလည်း ပေးနိုင်သွားတော့သည်။ ထို့နောက်တွင်ကား သူ၏ ယောဂကျင့်စဉ်ကိုလည်း ပြန်လည်လုပ်သွားနိုင်သည်ဖြစ်ရာ တကယ်ပင် အသက်ရှူချောင်သွားခဲ့ လေသတည်း။
အခန်း ၃၄
လူတွေက ဘာထင်မည်ကို တွေးမနေပါနဲ့

လူတော်တော်များများသည် မိမိတို့အား အခြားသူတွေက ဘယ်လိုများ ထင်ကြပါလိမ့်နည်းဟူသော စိုးရိမ် ပူပန်ခြင်းဖြင့် မိမိတို့၏အချိန်တော်တော်များများကို ဖြုန်းနေကြကြောင်း ကျွန်တော် တွေ့ရသည်။ အခြား လူ များ၏ ခေါင်းတွေထဲမှာ ဘာတွေရှိနေကြပါလိမ့်ဟူ၍ မည်သူမျှ စိုးရိမ်ပူပန်မဖြစ်ခဲ့ဘူး ဆိုပါလျှင် ကျွန်တော် တို့၏ နေထိုင်မှုဘ၀ နှင့် မိမိတို့၏အလုပ်များတွင် ၃၃ ရာခိုင်နှုန်း ပို၍ ထိရောက်အကျိုးရှိစွာ လုပ်လာ နိုင်ကြမည် ဖြစ်သည်။

၃၃ ရာခိုင်နှုန်းကို ဘယ်လိုရပါသလဲဟု မေးဖွယ်ရှိသည်။ ကျွန်တော်သည် သိပ္ပံပညာရှင်တစ်ဦးဖြစ်   သည်နှင့် အညီ ကိန်းဂဏန်းအတိအကျဖြင့် ပြောခြင်းကိုသာ သဘောကျသည်။ ဘာကြောင့် ဤအဖြေ ရသနည်း ဆိုသည်ကို သက်သေပြနိုင်ချင်မှတော့ ပြနိုင်ပါမည်။ ထို့ကြောင့် ၃၃ ရာခိုင်နှုန်းနှင့်ပဲ ပြော လိုက်ကြပါစို့။
ကျွန်တော်၏သုတေသနအဖွဲ့ထဲမှာ လုပ်သူမှန်သမျှ ကျွန်တော် ဤသို့ပြောလေ့ရှိသည်။ "ခင်ဗျားတို့ ကျွန်တော် ဘာတွေစဉ်းစားနေပါလိမ့်လို့ တွေးပြီး စိတ်ပူမနေကြနဲ့၊ ကောင်းကောင်းဆိုးဆိုး ခေါင်းထဲမှာ ရှိတာ ကို ခင်ဗျားတို့ သိစေရပါမယ်"

ထိုသို့ ကျွန်တော်က သူတို့အား ကျွန်တော့်စိတ်ထဲမှာ ရှိသည့်အတိုင်း ပြောလိုက်ခြင်းသည် တစ်ခုခုနှင့် ပက်သတ်၍ ကျွန်တော် စိတ်မချမ်းသာသောကြောင့်ဖြစ်သည်ဟု အဓိပ္ပာရပေသည်။ ကျွန်တော်က စကားပြော သည့်အခါ ပရိယာယ်မသုံးတတ်၊ သွယ်ဝိုက်မနေဘဲ တည့်တည့်ပြောတတ်သည်။ အကောင်း ဘက် ကနေ ကြည့်လျှင်တော့ ဤသို့ပြုတတ်ခြင်းသည် ကျွန်တော့်လူတွေအား စိတ်အေးသက်သာဖြစ် စေနိုင်သည်ဟု ဆိုရမည်။ "ကျွန်တော် ဘာမျှမပြောရင် ခင်ဗျားတို့ ဘာမျှပူစရာမလို"ဟု သူတို့အား ပြောထား သည့်နှယ် ဖြစ်ပါသည်။

ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဖက်များသည် ကျွန်တော့်၏ဖော်ပြပါ အပြုအမူကို သဘောကျလာ ကြသည်။ "ရန်ဒီ ဘာများစဉ်းစားနေပါလိမ့်"ဟူ၍ စဉ်းစားနေရခြင်းအားဖြင့် သူတို့သည် အချိန်တွေ အများကြီး ဖြုန်းမနေရတော့ပေ၊ အဘယ့်ကြောင့်ဆိုသော အများအားဖြင့် ကျွန်တော် စဉ်းစားနေတတ် သည်မှာ "ငါ့သုတေသနအဖွဲ့ထဲမှာ အခြားလူတွေထက် ၃၃ ရာခိုင်နှုန်း ပိုမိုထိရောက်အောင် လုပ်နိုင်တဲ့ လူတွေရှိနေကြတယ်"ဟူ၍ ဖြစ်သည်။ ယင်းသည်ကား ကျွန်တော့်ခေါင်းထဲတွင် ရှိနေသောအရာဖြစ်ပေ သည်။
အခန်း ၃၅
အတူတူထိုင်ခြင်းဖြင့် စပါ

ကျွန်တော်သည် အခြားသူများနှင့် အလုပ်အတူတူလုပ်သည့်အခါ ကျွန်တော်တို့သည် ဖဲဝိုင်းတစ်ခုတွင် အတူတူထိုင်နေသူများအဖြစ် စိတ်ကူးကြည့်တတ်သည်။ ကျွန်တော့်စိတ်မှာ ကျွန်တော့်ဖဲချပ်တွေအား လုံးကို စားပွဲပေါ်မှာ လှန်လျက်သားချပြထားလိုစိတ် ရှိသည်။ ကိုယ်နှင့်အတူ ကစားဖော်များကိုလည်း "ကဲ၊ ကျွန်တော်တို့ ဒီတစ်လှည့်မှာ စုပေါင်းပြီး ဘာလုပ်လို့ရကြမလဲဟင်"ဟု ပြောချင်၏။
အစုအဖွဲ့ တစ်ခုအတွင်း ၌ အလုပ်ကိုကောင်းစွာ လုပ်နိုင်စွမ်းရှိခြင်းသည် အလုပ်လောကမှာရော၊ မိသားစု ဘ၀ မှာပါ တကယ်အရေးလည်းကြီး လိုလည်းလိုအပ်သည့် အရည်အချင်းတစ်ခုဖြစ်သည်။ ဤအရည်အ ချင်းများ ရရှိအောင် သင်ပေးနိုင်ရန်အတွက် ကျွန်တော်သည် ကျွန်တော့်တပည့်ကျောင်းသားများအား လုပ်ငန်းစီမံချက်များကို ဆောင်ရွက်စေသည့်အခါ အသင်းလိုက်၊ အဖွဲ့လိုက် ဆောင်ရွက်စေသည်။

နှစ်ကာလများ ကြာလာသောအခါ တိုးတက်လာသော အစုလိုက်အဖွဲ့လိုက် ဆောင်ရွက်တတ်မှုများ သည် ကျွန်တော့် အဖို့ ဆေးစွဲသည့်အစွဲမျိုးကဲ့သို့သော အစွဲတစ်ခုလိုဖြစ်လာခဲ့သည်။ စာသင်နှစ်ဝက်၏ တစ်ခုစီ ပထမရက်မှာပင် ကျွန်တော်သည် ကျွန်တော့်အတန်းကို တစ်ဖွဲ့လျှင် လေးယောက်စီပါသည့် အဖွဲ့ ၁၂ ဖွဲ့ခွဲပေးလိုက်သည်။ ဒုတိယနှစ် ကျတော့ "အစုအဖွဲ့တစ်ခုအတွင်း၌ အောင်မြင်စွာ လုပ် ဆောင်နည်း"ဟူ၍ ခေါင်းစဉ်တပ်ခါ ရေးထားသော စာတစ်မျက်နှာပါ လက်ကမ်းစာရွက်ကလေး တစ် ရွက်စီကို တပည့်များအား ပေးသည်။ ထိုစာရွက်တွင် ရေးထားသည့်အတိုင်း တစ်ကြောင်းခြင်းဖတ်သွား ကြသည်။ အချို့ ကျောင်းသား များကမူ ကျွန်တော့်နည်းများက သူတို့နှင့်မတူ အဆင့်နိမ့်သည်ဟု အထင် ရောက်၏။ "ဘာတွေလည်းဟ"ဟု အံ့သြ ကြသည်။ သူတို့က အခြားသူများနှင့် မည်သို့မည်ပုံ လက်တွဲ ဆောင်ရွက်သွားရမည်ကို သူတို့ သိပြီးသား ဟု ယူဆကြ၏။ သည်နည်းတွေက ကကြီး ခခွေးတန်း က တည်းက သူတို့သင်လာခဲ့ပြီးသားပါ။ သည် ဘာမဟုတ် ညာမဟုတ်နည်းတွေ မလိုပါဘူးဟု ထင်ကြလေ သည်။

သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် သတိမထားကြသူ ကျောင်းသားအများစုကမူ ကျွန်တော်ပေးသည့် အကြံ ဥာဏ်ကို လိုလားစွာ လက်ခံကြသည်။ သူတို့က ကျွန်တော်သည် သူတို့ကို အခြေခံအုတ်မြစ်အချက် တွေကို သင်ပေးရန် ကြိုးစားနေခြင်းပါကလားဟု သဘောပေါက်ကြသည်။ ကျွန်တော့်နည်းမှာ ကျွန်တော့် အားကစားနည်းပြ ဆရာ ဂရာဖာမ် ဘောလုံးမပါဘဲ လေ့ကျင့်ခန်းဆင်းခိုင်းသည်နှင့် ခပ်ဆင် ဆင်ဖြစ်သည်။ ကျွန်တော် ပေးထားသည့် အကြံပေးချက်များသည် အောက်ပါတို့ပါဝင်သည်။

လူများနှင့်တွေ့သည်အခါ မှန်မှန်ကန်ကန်တွေ့ပါ။
လူတစ်ဦး နှင့် တစ်ဦး မိတ်ဆက်ခြင်းမှ စသည်။ ဆက်သွယ်နိုင်သည့်အချက်အလက်ဖလှယ်ပါ။ လူတစ်စုံ တစ်ဦး နှင့် တွေ့ရာတွင် ထိုသူ၏နာမည်ကို အရှည်အတိုင်း အသံထွက်တတ်ပါစေ။
နှစ်ဦးစလုံး မှာ ရှိသော တူရာကိုရှာဖွေပါ။

အခြားသူများနှင့် ဆက်ဆံရာတွင် သူနှင့်ကိုယ် တူတာများကို အမြဲတမ်းလိုလို ရှာဖွေကြည့်နိုင်သည်။ ဤသို့ ပြုနိုင်သောအားဖြင့် သင်နှင့် ထိုသူတို့အကြား ရှိနေသော မတူကွဲပြားမှုများကို ဖြေရှင်းရာတွင် ပို မို လွယ်ကူ သွားသည်။ အားကစားသည် လူမျိုးရေးနှင့် ဂုဏ်ဓနတို့ကို ခြားထားသည့်စည်းများကို ဖြတ် ကျော် သွားနိုင်သည်။ အခြားတူရာ ဘာမျှမရှိဟုဆိုသော်မှလည်း ရာသီဥတုကို ခံစားကြရာတွင်ကား တစ်ဦးနှင့် တစ်ဦး တူကြသည်။

တွေ့ဖို့အသင့်တော်ဆုံး အခြေအနေတွင် တွေ့နိုင်အောင် ကြိုးစားပါ။
တစ်ဦးနှင့်တစ်ဦး တွေ့မည့်အချိန်တွင် မည်သူမျှဆာလောင်နေခြင်း၊ အေးနေခြင်း သို့မဟုတ် မောပန်း နေခြင်းမျိုး ဖြစ်မနေပါစေနှင့်။ ဖြစ်နိုင်လျှင် စားရင်းသောက်ရင်း တွေ့ဆုံပါ။ အစားအသောက်သည် တွေ့ဆုံခြင်းကို ပျော့ပျောင်းစေသည်။ ထို့ကြောင့်ပင်လျှင် ဟောလိဝုဒ်မှာဆိုလျှင် နေ့လယ်စာစားရင်း တွေ့ကြခြင်း ဖြစ်သည်။
လူတိုင်း ပြောပါစေ။

တစ်ဖက်သား စကားမဆုံးမီ ၀င်မပြောပါနှင့်။ ကျယ်ကျယ်ပြောခြင်း၊ မြန်မြန်ပြောခြင်းတို့သည် ကိုယ်ပြော လိုသည့် အယူအဆ ကို ပိုကောင်းလာအောင် ပြုမပေးနိုင်ပါ။
အချင်းချင်း ချီးမွမ်းပါ။
တဆက်တည်း ပြောသွားသည့် စကားပင်ဖြစ်စေ ထိုအထဲ၌ ချီးမွမ်းပြောဆိုဖို့ ကောင်းတာလေးတွေပါနိုင် ရာ ယင်းကို ရှာပါ။ သေသေချာချာကြည့်လျှင် အဆိုးဆုံးအယူအဆဟု ဆိုနိုင်သည်မှာပင် ကောင်းတာ လေး တွေက ပါပါသည်။
ကိုယ်ပြောမည့်စကားကို မေးခွန်းအဖြစ်ပြောင်းပါ။

"ကျွန်တော်တို့ A ကိုပဲ လုပ်သင့်တယ်၊ B မလုပ်သင့်ဘူးထင်တယ်"ဟု ပြောမည့်အစား၊ "B ကိုမလုပ်ဘဲ  A ကို လုပ်လိုက်လျှင် ဘယ်လိုနေမလဲဟင်"ဟု ပြောကြည့်ပါ။ ထိုသို့ပြောဆိုခြင်းမျိုးသည် ကိုယ်ရွေး ချယ်ထားတာ ကို ကာကွယ်ပြောဆိုနေခြင်းမျိုးထက် ဘယ်လိုလုပ်ရင် သင့်မည်ဟူသော ထင်မြင်ချက်မျိုး ကို ပေးလာစေနိုင်သည်။
ကျွန်တော်၏အတန်းအပြီးသတ်တွင် ကျွန်တော်က တပည့်များကို ပြောသည်။ ဆရာတော့ ကျောင်း တက် မတက် စာရင်းကောက်ယူနည်းကောင်းတစ်ခုတော့ တွေ့ထားပြီဖြစ်ကြောင်း ပြောပြခြင်းဖြစ်ပါ သည်။ "မင်း တို့ကို အဖွဲ့လိုက်ခေါ်တာက ဆရာအဖို့ ပိုလွယ်တယ်ကွာ"ဟုဆိုကာ "အဖွဲ့တစ် လက် ထောင်ပါ။ အဖွဲ့နှစ် . . . "ဟု ခေါ်လိုက်ပါသည်။

ကျွန်တော်က တစ်ဖွဲ့ချင်းခေါ်လိုက်သည့်အခါ လက်များမြှောက်ပြလာကြသည်။ "သည်နည်းနှင့်ပက် သတ်လို့ တစ်ခုခု သတိပြုမိတဲ့လူ ဘယ်သူရှိလဲဟင်"ဟု ကျွန်တော်က မေးသည်။ မည်သူမျှမဖြေ။ ထို့ ကြောင့် ကျွန်တော်က အဖွဲ့လိုက် တပ်ခေါ်လိုက်သည်။ "အဖွဲ့တစ် . . ?၊ အဖွဲ့နှစ် . . ?၊ အဖွဲ့သုံး . .?" တစ်ခန်းလုံး ထဲမှ လက်တွေ မြှောက်တက်လာကြလေသည်။
တစ်ခါတစ်ရံတွင် ကျောင်းသားများထံမှလိုချင်တာရအောင် စိတ်ဝင်စားဖွယ် ဟန်ဆောင်ပန်ဆောင် နည်းတွေလည်း သုံးချင် သုံးရတတ်၏။ အထူးသဖြင့် "ငါတို့ ဒါတွေကို အားလုံးတတ်ပြီး၊ သိပြီးသား"ဟူ ၍ ထင်နေသောအရာ ပြဿနာများတွင် ထိုသို့သုံးရသည်။ အောက်တွင် ကျွန်တော်သုံးခဲ့သည့် နည်းကို ကြည့်ပါ။

ကျွန်တော်သည် မည်သူလာ မလာ စာရင်းကောက်ယူသည့်အလုပ်ကို ဆက်လုပ်နေရင်းမှ အဆုံးတွင် ကျွန်တော့်အသံကို မြှင့်၍ မေးလိုက်သည်။ "ကဲ၊ မင်းတို့ ကိုယ့်သူငယ်ချင်းတွေနဲ့အတူ ဘာကြောင့်ထိုင် နေကြတာတုံး" တစ်ဖန် ဆက်လက်မေးလိုက်သည်။ "မင်းတို့ ကိုယ်ပါတဲ့အဖွဲ့ထဲက လူတွေနဲ့ ဘာ ကြောင့် အတူတူထိုင်မနေရတာတုံး"

အချို့က ကျွန်တော်စိတ်ဆိုးခြင်းမှာ အကျိုးသက်ရောက်မှုအတွက် စိတ်ဆိုးခြင်းဟု သိကြသော်လည်း ကျန်လူအားလုံးက ကျွန်တော် တကယ်စိတ်ဆိုးနေတာဟု ယူဆကြသည်။ "ဆရာ၊ အခု ဒီအခန်းထဲက ထွက်သွားမယ်"ဟု ကျွန်တော်က ပြောသည်။ "စက္ကန့် ၆၀ အတွင်း ပြန်လာခဲ့မယ်၊ ဆရာ ပြန်လာတဲ့အ ခါ မင်းတို့ ကိုယ့်အဖွဲ့လိုက်အတိုင်း ထိုင်နေကြလိမ့်မယ်လို့ မျှော်လင့်တယ်၊ အားလုံးနားလည်ရဲ့လား"ဟု လည်း ဆက်ပြောကာ ကျွန်တော် အခန်းထဲမှထွက်သွားသည်။ ကျောင်းသားများသည် ကိုယ့်စာအုပ်၊ လွယ်အိတ် စသည်တို့ကို ကောက်သိမ်းကြကာ ကိုယ့်အစုနဲ့ကိုယ် ပြန်လည်နေရာယူကြနှင့် အခန်းထဲ၌ တုန်လှုပ်ချောက်ချားဖြစ်၍ ကျန်ရစ်သည်ကို ကျွန်တော်ကြားရ၏။

ကျွန်တော်ပြန်ရောက်လာသည့်အခါ ကျွန်တော်က ကျွန်တော်ပေးထားသည့်အစု အဖွဲ့လိုက် အလုပ် လုပ်နည်း အကြံပေးချက်များသည် သူတို့၏အသိဥာဏ်နှင့် သူတို့၏ရင့်ကျက်မှုကို စော်ကားရန်မဟုတ်၊ သူတို့သည် ကိုယ့်အဖွဲ့ထဲမှ ကိုယ်နှင့်တွဲဖက်လုပ်ကိုင်ရသူများနှင့် အတူတူထိုင်ဖို့လိုသည်ဟူသော အရာကို မလုပ်မိကြကြောင်းကို ပြသလိုခြင်းများသာဖြစ်ကြောင်း ရှင်းပြပါသည်။ ဤသို့ မိမိတို့လစ်ဟာ ချက်ကို သိလိုက်ရသောအားဖြင့် ကျန်အခြေခံအချက်တွေကိုပါ ပြန်လည်သုံးသပ်နိုင်ရာမှ အကျိုးများရ လာနိုင်ကြောင်းလည်း ရှင်းပြလိုက်ပါသည်။
နောက်အတန်းမှာရော၊ စာသင်နှစ်ဝက်၏ကျန်အချိန်များတွင်ပါ ကျွန်တော့်တပည့်များသည် ကိုယ့်အဖွဲ့ ၀င်များနှင့် အတူ ထိုင်သွားကြလေတော့သည်။

ဆက်ရန်
.

2 comments:

Anonymous said...

Thanks.

Ray

Angelhlaing(May everybody be happy and healthy! said...

မမရေ အားပေးသွားလျှက်..
ကောင်းသောနေ့လေးဖြစ်ပါစေမမ။