Wednesday, April 20, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၄)

သူငယ်စဉ်က ဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသော ညီမလေးတယောက်နှင့် ကစားနေခဲ့ရသလိုလို၊ သို့ သော် သေသေ ချာချာ ထင်ထင်ရှားရှား ပေါ်လာခြင်းမရှိဘဲ မှေးမှိန်သော မှုံမှုံမွှားမွှား အရာကလေး သည် ပျောက်သွား သလို ဖြစ်သွားပြန်သည်။
"ညီမလေး ညီမလေး ဟုတ်လား ဖေဖေ၊ ဒီညီမလေးဆိုတာ ဘယ်ရောက်သွားလဲ ဟင်၊ ကျွန်တော် သေ သေချာချာမှတ်မိတဲ့အချိန်မှာ ညီမလေးလို့ တယောက်မှမရှိတော့ဘဲ၊ ကျွန်တော်တယောက်ထဲသာ ရှိ နေခဲ့တာ ကိုဘဲ သိတော့တယ်၊ ညီမလေးဆိုတာက..."

ကိုမြင့်ညို က စကားတပိုင်းတစဖြင့် ရပ်ခါ ကူမွန်တောင်တန်းကြီးပေါ်က သူကိုယ်တိုင်ရိုက်ယူလာခဲ့သော ဓာတ်ပုံကို ပြန်ကြည့်လိုက်သည်။ ထို့နောက် ဘခင်ဖြစ်သူကို ကြည့်လိုက်ပြန်သည်။ ဘခင်ကြီးသည် ကို မြင့်ညိုကို မကြည့်ဘဲ ကိုမြင့်ညို လက်ထဲက ဓာတ်ပုံကိုသာ မျက်ရည်ရစ်ဝိုင်းသော မျက်လုံးဖြင့် ငေးစိုက် ကြည့်နေသည် ကို တွေ့ရသည်။

"ပြောပြပါ ဖေဖေရယ်၊ ကျွန်တော် မမှတ်မိလိုက်တဲ့ ညီမလေးနှဲ့ ဟောဒီဓာတ်ပုံထဲက ဘာမှန်းမသိရတဲ့ ဓာတ်ပုံရှင်နဲ့ ဘယ်လိုပတ်သက်နေလဲ၊ ဒီဓာတ်ပုံရှင်က ကျွန်တော်မမှတ်မိလိုက်တဲ့ ညီမလေးဖြစ်နေမ လား၊ ညီမလေးသာ ဖြစ်နေမယ်ဆိုရင် သူဘာကြောင့် ဖေဖေတို့ ကျွန်တော်တို့နဲ့ မနေဘဲ တခြားကို ရောက် သွားတာလဲ၊ ဒီဓာတ်ပုံထဲက မိန်းကလေးကတော့ ညီမလေးဖြစ်ဘို့ဆိုတာ လုံးဝမဟုတ်နိုင်ဘူး လို့ ထင်ပါတယ် ဖေဖေ၊ ဒါပေမဲ့ ဖေဖေ့ကို မြင်ရတာက ဒီဓာတ်ပုံထဲက မိန်းခလေးကြောင့် အင်မတန်ပူ ဆွေး ကြေကွဲ နေတာကို တွေ့ရပါတယ်။ ပြောပြပါ ဖေဖေရယ်"
သိလိုစိတ်ပြင်းပြစွာဖြင့် ကိုမြင့်ညိုက မေးသည်။

"သား မယုံနိုင်စရာဖြစ်နေတာကို ဖေဖေ ထောက်ခံပါတယ်၊ တကယ်ဖြစ်တဲ့အဖြစ်ဟာ စိတ်ကူးယဉ် ထက် ဆန်းကျယ်တယ်လို့ ဆိုရိုးစကားရှိတယ် မဟုတ်လား သားရဲ့"
"ရှိပါတယ် ဖေဖေ"

"အေး... အခုလဲ ဒီအတိုင်းဘဲ၊ ကဲ... ဖေဖေ အကြောင်းစုံ မပြောခင်မှာ ဒီဓာတ်ပုံကိုကြည့်လိုက်အုံး သားရဲ့"
ကိုမြင့်ညို ဖခင်က ပြောရင်း သူ့လက်ထဲမှာကိုင်ထားလျက်ပင် ရှိနေသေးသော ဓာတ်ပုံကို လှမ်းပေး သည်။ ကိုမြင့်ညိုက သိလိုဇောကြောင့် သွက်လက်လျှင်မြန်သော လက်များဖြင့် ယူကြည့်လိုက်သည်။ ကိုမြင့်ညို အံ့သြ ရပြန်လေပြီ။

ဓာတ်ပုံကား ကိုမြင့်ညိုမိခင်၏ဓာတ်ပုံပင်ဖြစ်သည်။ ကိုမြင့်ညို၏မိခင်သည် ဦးခေါင်းလျှော်ထားပြီးစ ဆံ ပင် ဖြန့်ချထားခိုက်မှာ ကိုမြင့်ညိုဘခင်က အပျော်သဘောရိုက်ပေးထားသည့် ဓာတ်ပုံဖြစ်သည်။ ဆံပင် ကို ဖားလျားချ ထားသည့် ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံရိုက်မည်ကို ခင်ပွန်းသည်က ကြိုတင်မပြောထား လိုက်သည့် ဓာတ်ပုံဖြစ်သည်။ ထို့ကြောင့် ဆံပင်ကို ဖားလျားချထားသည့် ကိုမြင့်ညိုမိခင်၏မျက်နှာ သည် အံ့အားသင့် သည့်အသွင်မျိုး ပေါ်နေသည်။ ထိုမျက်နှာသည် ပန်းပင်ကြီးအောက်မှ အံ့သြစွာ ကြည့်နေသော တောပျော်မယ် လေးမျက်နှာနှင့် တထေရာတည်းဖြစ်သည်။
"သား ရိုက်ယူ လာတဲ့ ခလေးမ ဓာတ်ပုံနဲ့ ယှဉ်ကြည့်လိုက်စမ်း သား"

ဖခင်ကြီး စကားကြောင့် ကိုမြင့်ညိုက ကူမွန်တောင်တန်းပျော် ဓာတ်ပုံနှင့် မိခင်ဓာတ်ပုံကို ယှဉ်ကြည့် လိုက်၏။ ကိုမြင့်ညိုသည် ကြီးစွာသော အံ့အားသင့်မှုကြောင့် ပါးစပ် အဟောင်းသားဖြစ်သွားသည်။
ကိုမြင့်ညို မိခင်ဓာတ်ပုံ က နှစ်ပေါင်းကြာညောင်းခဲ့ပြီဖြစ်သောကြောင့် မဆိုစလောက် မှေးမှိန်ခါ ၀ါရောင် သန်း နေသည်ကလွဲပြီး ပြတ်ပြတ်သားသားမြင်နိုင်သည်ဖြစ်ရာ၊ မိခင်ကြီး၏ရုပ်သွင်သည် ကူမွန်တောင် တန်းပျော်လေး ၏ ရုပ်သွင်နှင့် တူလွန်းလှသည်၊ ဆံပင်ဖားလျားချထားသည့်အတွက် ပိုပြီး တူနေသည်။ ဓာတ်ပုံ ထဲက အသက်အရွယ်သည်လဲ ရွယ်တူလောက်ပင်ရှိနေသည်။
"တူလှချေလား"
ကိုမြင့်ညိုနှုတ်မှ စကားတလုံးသည် မချုပ်တည်းနိုင်ဘဲ လွတ်ထွက်သွားသည်။

"တူမှာပေါ့ သားရယ်၊ သားအမိအရင်းကိုး၊ ငါ့သားရဲ့ ညီမလေးအရင်းဘဲ သားရဲ့၊ တမိတဘထဲက မွေး ထားတဲ့ ညီအမအရင်းကို မြင်ခဲ့လျက်သားနဲ့ နှမအရင်းမှန်းမသိတော့အောင် ဖြစ်ရတဲ့အဖြစ်ကတော့ ရင် နာစရာ ကောင်းလှပါတယ် သားရယ်၊ ငါ့သမီးလေး တောထဲ တောင်ထဲမှာ တိရစ္ဆာန်ရိုင်းတကောင်လို ဖြစ်နေ ပါပေါ့လား"
ဘခင်ကြီးသည် ပြောရင်းမှာပင် မျက်ရည်များ စီးကျလာသည်။

ကိုမြင့်ညိုသည် ဘာမှပြန်မပြောနိုင်အောင်ဖြစ်ခါ မျက်လုံးအပြူးသားဖြင့် ဘခင်ကြီးကို ကြည့်နေသည်။ ကူမွန်တောင်တန်းပျော်လေးသည် သူ့မိဘတွေက မွေးခဲ့သည့်နှမအရင်းဖြစ်ကြောင်းကို ဘခင်ကြီးက ပြောပြလို့သာ ကြားလိုက်ရသည်။ ဇာတ်လမ်းကို ဘယ်လိုမှ ကိုမြင့်ညို မရည်လည်ပေ။
"ပြောပါ ဖေဖေရယ် ပြောပြပါ"

ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေသော ဘခင်ကြီး၏ဒူးကိုဖက်ခါ အငန်းမရ တောင်းပန်လိုက်သည်။
ဘခင်ကြီးကို တောင်းပန်ရင်းမှာ ကိုမြင့်ညို မျက်လုံးထဲတွင် ကူမွန်တောင်တန်းပျော်လေးကို ပြန်လည် မြင်ယောင် နေမိသည်။ ဘခင်ကြီးသည် သူ့ဒူးကိုဖက်ထားသည့် ကိုမြင့်ညို၏ဦးခေါင်းကို ယုယစွာပွတ် သပ်ရင်း ရင်နာဘွယ် ကြေကွဲဘွယ် ကောင်းသော ရှေးဖြစ်ဟောင်းကို ပြန်ပြောင်းခါ ဇာတ်ကြောင်းလှန် လိုက်သည်။

"သား လေးနှစ်အရွယ်ရောက်တော့ ဖေဖေတို့မှာ သမီးလေးတယောက် မွေးလာတယ်၊ သားရဲ့ညီမ လေးပေါ့၊ နာမည်က မဟာဆန်ဆန ညာမေတင်လို့ မှည့်ထားတယ် သားရဲ့၊ သားနဲ့ သမီးလေးက တ ယောက်နဲ့ တယောက် လေးနှစ်တိတိကွာတယ်၊ ဒါကြောင့် ဓာတ်ပုံထဲမှာ သားက လေးနှစ်အရွယ်၊ သမီးလေး ညာမေတင် က ခြောက်လအရွယ် ဖြစ်နေတာပေါ့"
ဘခင်ကြီး စကားကြောင့် ကိုမြင့်ညိုက သူ့လက်ထဲမှာရှိနေသော မိသားစုဓာတ်ပုံကို ပြန်ကြည့်လိုက် သည်။ ဘခင်ကြီး ပြောနေသည့်စကားပြတ်သွားမည်စိုးသောကြောင့် တခွန်းမှဖြတ်မပြောဘဲ တိတ် ဆိတ်စွာသာ နားထောင်နေသည်။ ဘခင်ကြီးက ဆက်ပြော၏။

"သား ငါးနှစ်အရွယ်မှာ ရန်ကုန်က ကျောင်းတကျောင်းကို ကျောင်းအိပ်ကျောင်းစား ပို့ထားလိုက်တယ်၊ သားတို့ မေမေထက်အကြီး အမကြီးတယောက်ရှိတယ်၊ သူက အပျိုကြီး၊ မြစ်ကြီးနားက အထက်တန်း ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးပေါ့၊ သမီးလေး ညာမေတင်ကို သိပ်ချစ်တယ်။ သားလို ကျောင်းအိပ် ကျောင်းစား မပို့ဘဲ သူ့ဆီမှာထားဘို့ လာခေါ်တယ်၊ စာချုပ်စာတမ်းနဲ့ အမွေစားအမွေခံ မွေးဘို့လဲ တောင်းတယ်၊ သူ့အမွေကို ဖေဖေတို့မကြည့်ပါဘူး၊ သားတို့မေမေနဲ့ ညီအစ်မနှစ်ယောက်ထဲရှိနေတာ အပျိုကြီး ဆိုတော့ သူ့အဘို့အားထားစရာ တိုးတိုးဖော် တိုင်ပင်ဖော်ရပါစေဆိုတဲ့စေတနာနဲ့ ဖေဖေနဲ့ မေ မေက မြစ်ကြီးနားကို ပို့ထားဘို့ သဘောတူလိုက်တယ်၊ မြစ်ကြီးနားမှာ တသက်လုံးနေရမှာဘဲ မဟုတ် ပါဘူး၊ အစ်မကြီး က ရန်ကုန်ကျောင်းတခုကို ပြောင်းရဘို့အကြောင်းကလဲ ရှိနေတော့ သမီးလေးကို အဝေးမှာ ကြာကြာ ထားရမှာ မဟုတ်တော့ သဘောတူလိုက်တာပါဘဲ၊ အဲ... သမီးလေးကို အစ်မကြီး လာခေါ်တဲ့ အချိန် ကတော့ အမီးလေးအသက်ဟာ လေးနှစ်သမီးရှိနေပြီ သားရဲ့"

ဘခင်ကြီးသည် စကားဖြတ်ခါ ငေးနေသည်။ ဖခင်ကြီးမျက်လုံးထဲတွင် သမီးလေး မြစ်ကြီးနားသို့ လိုက် သွားသည့်နေ့က သမီးလေး၏ပျော်ရွှင်မြူးထူးနေပုံကို မျက်လုံးထဲက မထွက်နိုင်အောင် ဖြစ်နေသည်။
ကျောင်းပိတ်ချိန်တိုင်း ရောက်လာပြီး ယုယချစ်ခင်သော ကြီးကြီးမေကို ညာမေတင်သည် မိခင်ရင်းသ ဖွယ် တွယ်တာ ချစ်ခင်သည်။ ထိုကြောင့် သူမရောက်ဘူးသေးသည့် မြစ်ကြီးနားမြို့သို့ ကောင်းကင်မှ လေယာဉ်ပျံကြီး စီးသွားရမည်ကို များစွာဝမ်းမြော် ပျော်ရွှင်နေသည်။ လေယာဉ်ကွင်းသို့ ဆင်းသည့်နေ့ က ညာမေတင်သည် မိခင်ကိုယ်တိုင် ချုပ်ပေးထားသည့် ရေညှိစိမ်း စိုစိုရောင် ဂါဝန်လေးကို ၀တ်ထား သည်။ နံ့သာရောင် ခြေအိတ်ရှည်လေးကိုစွပ်ပြီး အညိုရောင် ကြိုးသိုင်းဖိနပ်လေးကို စီးထားသည်။ ဖြူဖွေး လှပ သော အသားရောင်နှင့်ဝတ်ထားသော အ၀တ်ရောင်မှာ များစွာပဏာရလှ၍ ချစ်စရာကောင်း သော သမီးလေး ကို မိခင်နှင့် ဘခင်သည် ကြည့်လို့မ၀နိုင်အောင်ပင် ဖြစ်နေသည်။

လေယာဉ်ပေါ်တက်ခါနီးတွင် ညာမေတင်သည် မိခင်နှင့် ဘခင်ကို ကန်တော့ခါ သူ့ကြီးကြီးမေ၏လက် ကိုဆွဲပြီး သွက်လက်သော ခြေလှမ်း ပျော်ရွင်သောစိတ်ဖြင့် လိုက်ပါသွားသည်။
အစ်မကြီးနှင့် သမီး ညာမေတင်တို့ လိုက်ပါသွားသော လေယာဉ်သည် ကောင်းကင်တိမ်တိုက်အတွင်း သို့ ထိုးဝင်ပျောက်ကွယ်သွားသည့်တိုင်အောင် ကြည့်နေခဲ့ကြသော မိဘနှစ်ပါးသည် အစ်မကြီးနှင့် သမီး လေးတို့ လိုရာခရီး သို့ ချောချောမောမောရောက်ပါစေဟူသော ဆုတောင်းကို အသီးသီးတောင်းလိုက် ကြသည်။

စကားဖြတ်ခါ ငေးနေသော ဘခင်ကြီး၏မျက်နှာသည် ဝေးလံစွာသော အရပ်ဒေသမှာရှိနေသော ကူမွန် တောင်တန်းကြီး ဆီသို့ ရော်ရည်ငေးမျှော်ကြည့်နေသကဲ့သို့ ထင်ရသည်။ စိတ်ထိခိုက်ဟန်ပေါ်နေသော ဘခင်ကြီး ကို စကားဆက်အောင် ကိုမြင့်ညိုက အသံမပြုဘဲ သူဖက်ထားသည့်  ဘခင်ကြီး၏ဒူးကို မသိ မသာ လှုပ်ပေးလိုက်သည်။
ထိုအခါမှ ဘခင်ကြီးသည် သတိဝင်လာသလိုဖြစ်ခါ  ကိုမြင့်ညိုကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် လေး တွဲ သော အသံဖြင့် စကားဆက်လိုက်သည်။
"အဲဒီအချိန်ဟာ သမီးလေးကို နောက်ဆုံးမြင်လိုက်ရတဲ့အချိန်ပါဘဲ သားရယ်"
"ဘာဖြစ်လို့ လဲ ဖေဖေ"

"သမီးလေးနဲ့ အစ်မကြီးတို့ လိုက်ပါသွားတဲ့ လေယာဉ်က ဘာကြောင့်မှန်းမသိပျက်ကျပြီး ခရီးသည် တွေရော လေယာဉ်အမှုထမ်းတွေရော အားလုံးအသက်ဆုံးရှုံးကုန်ကြတယ်လို့ အကြောင်းကြားချက်ရ တော့ သားတို့ မေမေဟာ တစ်ခါထဲ သတိလစ်သွားလိုက်တာ ဆရာဝန်တွေနဲ့ အတော်ကြိုးစားယူရ တယ်။ သတိတော့ ပြန်ရလာပါရဲ့၊ စိတ်ထိခိုက်ပြီး အိပ်ယာထဲမှာ လဲလိုက်တာ သားမှတ်မိသေးလား၊ ရန်ကုန်က ကျောင်းပိတ်လို့ သား ပြန်ရောက်လာတော့ မေမေ အိပ်ယာထဲမှာလေ သားကို ဖက်ပြီး ငိုခဲ့ တာ"

ဘခင်ကြီးက ပြောပြသည့် ဤအချက်ကိုလဲ ကိုမြင့်ညိုသည် သိသလိုလို မှတ်မိသလိုလိုဖြင့် မှုံမှုံမှေးမှေး မျှသာ ထင်မိသည်။ သို့သော် မေ့ပျောက်သည့်ဘက်သို့သာ အလေးသာသွားပြန်သည်။ ထိုအချက်ကို ကိုမြင့်ညို မမှတ်မိတော့သော်လဲ သူကျောင်းပိတ်ပြန်လာသည့်အခါ ညီမလေးကို မတွေ့ရတော့သည့် အပြင် ညီမလေး အကြောင်းကိုလဲ မိခင်နှင့် ဘခင်က လုံးဝစကားမစတော့သောအခါ ကျောင်းပိတ်ချိန် လောက်သာ အိမ်ပြန် ရောက်ပြီး ကျောင်းမှာသာ အနေများလာခဲ့သော ကိုမြင့်ညိုသည် ခလေးပြီပြီ တဖြေးဖြေး မေ့ပျောက် လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ ကောင်းကောင်းမှတ်မိနေသည့် အချက်တစ်ခုတော့ရှိသည်။ ထိုအချက်ကား သူ ဆယ်နှစ် အရွယ် ရောက်လာ၍ အရာရာတိုင်းကို ကောင်းစွာမှတ်သားနိုင်သည့်အခါတွင်မူ မိခင်ကြီး သေဆုံးကွယ် လွန်သွားခြင်း နှင့် ဘခင်ကြီးသည် နေရင်းဇာတိမြို့ကို စွန့်ခွာခါ ရန်ကုန်မြို့သို့ ပြောင်းရွေ့လာခဲ့ခြင်း၊ သူ့ ကို ကျောင်းအိပ် ကျောင်းစားထားခြင်းမှ ပြန်ခေါ်ခါ အိမ်မှာနေစေခြင်း၊ အိမ်က မော်တော်ကားဖြင့် ကျောင်းတက် စေခြင်းတို့ ဖြစ်သည်။

ကိုမြင့်ညိုက မိခင်ကြီးက သတိရသောစိတ်ဖြင့် ဦးခေါင်းငိုက်စိုက် ချနေသည်။ ဘခင်ကြီးက ဆက်ပြော သည်။
"ဖေဖေတို့က နှစ်ဖက်ရထားတဲ့ အမွေအနှစ်ရော၊ ဖေဖေ အရောင်းအ၀ယ်လုပ်ခဲ့တာရော ပစ္စည်းက တောင့်တောင့် တင်းတင်း ရှိနေတော့ ရန်ကုန်ရောက်လာတဲ့အခါ ဖေဖေ အလုပ်မလုပ်တော့ဘူး၊ စိတ်မ ကောင်း လွန်းတော့ အလုပ်လုပ်ချင်တဲ့ စိတ်လဲမရှိတော့ဘူး သားရဲ့၊ ရှိထားပြီးသား ပစ္စည်းကို သိုသိုသိပ် သိပ် သုံးစွဲ နေထိုင်ပြီး သားကို ပညာသင်ပေးလာခဲ့တယ်၊ သားက အလုပ်ရလိုက်တော့လဲ ဖေဖေတို့ ရှေ့ ရေး ပူစရာ မလိုတော့ဘူးပေါ့လေ၊ အဲ... ဒါနဲ့ သမီးလေးအကြောင်း ဆက်လိုက်ရအုံးမယ်"

ကိုမြင့်ညိုက စိတ်အားထက်သန်သော အမူအရာဖြင့် ဘခင်မျက်နှာကို ကြည့်လိုက်သည်။
"သား တွေ့လာခဲ့တာ ရုပ်ရည်က သားမေမေနဲ့ တူနေတာရယ်၊ မွေးရာပါ ခြေသလုံးကအမှတ်ကြီးရယ်၊ ဒါတွေကို ထောက်ထားပြီး တောင်တန်းပေါ်မှာ သားတွေ့လာခဲ့တဲ့ မိန်းခလေးဟာ သမီးလေး ညာမေ တင် ဖြစ်မယ်ဆိုတာ ရာနှုန်းပြည့် ဖေဖေ ယုံကြည်တယ်"
"ညီမလေးက လေယာဉ်ပျက်ကျတဲ့အထဲ ပါသွားပြီဆို" ကိုမြင့်ညိုက နားမရှင်းဟန်ဖြင့် ပြန်မေးသည်။

"ဟုတ်တယ်လေ သားရဲ့၊ ဖြစ်နိုင်တဲ့အကြောင်းကို ဖေဖေ စဉ်းစားကြည့်တယ်၊ လေယာဉ်ပျက်ကျသွား ပြီး အားလုံး အသက်ဆုံးရှုံးကုန်ပြီလို့ ကြေညာတာက မမှားပါဘူး၊ လေယာဉ်ပျက်ကို မြစ်ကြီးနားမြို့ အ နောက်ဘက် တော်တော်ဝေးကွာတဲ့ တောင်ခြေတစ်ခုမှာ မီးလောင်ပြီး ကြွင်းကျန်နေတဲ့ အပိုင်းအစ လောက်သာ ပြန်တွေ့တော့တယ်၊ လေယာဉ်ပေါ် ပါသွားသူတွေကို တယောက်မှအသက်ရှင်ရက် ပြန်မ တွေ့တော့ဘူး။

တွေ့သမျှကလဲ တပိုင်းစီ တစစီဖြစ်နေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ မီးလောင်ထား လို့ ရုပ်ဆင်းပျက်ပြီး ယောက်ျား မိန်းမ ခလေး လူကြီးခွဲမရတော့တဲ့ ခြေပြတ်လက်ပြတ် တပိုင်းတစတွေ ကိသာ တွေ့တော့တာကိုး၊ နောက်ပြီး လေယာဉ်ပျက်ကို တွေ့ရတဲ့နေရာပါတ်ဝန်းကျင်မှာလဲ သက်ဆိုင် ရာတွေက ရှာကြ ဖွေကြသေးတယ်၊ လူတယောက်မှမတွေ့ဘူး၊ အနီးအနားမှာလဲ လူနေအိမ်ခြေရွာရယ် လို့လဲ မရှိဘူး၊ ဒီတော့ သူတို့ကြေညာတာ မမှားတော့ မမှားဘူးပေါ့။ သို့သော် သားတွေ့လာတဲ့ ဓာတ်ပုံ ထဲက မိန်းခလေး ကတော့ သမီးညာမေတင်ဘဲ ဖြစ်မယ်"
ဤနေရာ၌ ဘခင်ကြီးသည် စကားဖြတ်ပြီး အချက်အလက်ကို ဆက်စပ်တွေးတောသလို အတန်ငယ် နှုတ်ဆိတ်နေသည်။ ထိုနောက်မှ ဆက်ပြောသည်။

"လူရဲ့ကံကြမ္မာဆိုတာ အင်မတန်ဆန်းကြယ်တယ်နော် သား၊ ဖြစ်နိုင်တာကို ဖေဖေပြောမယ်၊ လေ ယာဉ်ပျက်ကျ လိုက်တော့ သမီးညာမေတင်ရဲ့ကုသိုလ်ကံ အလျှောက် မသေမပျောက် မကျိုးကမန်းဘဲ မြေပြင်ပေါ် တနေရာကို ရောက်လာတယ်ဆိုပါတော့၊ လူနေအိမ်ခြေ လုံးဝမရှိတဲ့ နေရာမှာ တော တိရစ္ဆာန်တွေ ရှိတတ်တယ်။ ကြုံတောင့်ကြုံခဲ လူတို့ဘ၀နဲ့ နီးစပ်တဲ့သတ္တ၀ါတမျိုးမျိုးက ကယ်သွားမယ်၊ ကောင်းမွန်စွာ မွေးထားမယ်၊ ခလေးအရွယ်သာရှိနေတဲ့ သမီးလေးဟာ ဘယ်လိုမှမသွားမလာတတ် တော့ သူ့ကို မွေးစားတဲ့ သတ္တ၀ါဆီမှာဘဲ ကြီးပြင်းပြီး တောဓလေ့တောစရိုက်ဖြစ်သွားတော့ ဘ၀ဟောင်း ကို မေ့သွားမယ်၊ ဖေဖေ ပြောတာတွေကို သားဆက်စပ်တွေးယူစမ်း၊ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို"

ဘခင်ကြီးစကားကို နားစိုက်ထောင်နေသော ကိုမြင့်ညိုသည် သူ့အတွေ့အကြုံပေါ်မှာ မူတည်ပြီး စဉ်း စားမိသည်။
ကူမွန်တောင်တန်းပျော်လေးသည် သူတို့လူစုကို တွေ့ပါလျက်နှင့် ရန်မူသည့်အရိပ်လက္ခဏာ လုံးဝမရှိ ခြင်းကပင် တောရိုင်းတိရစ္ဆာန်စိတ်မျိုး ကင်းမဲ့နေသည်။ သို့မဟုတ် ပင်ကိုယ်က ရိုင်းစိုင်းသော လူမျိုးမ ဟုတ်သည့်အတွက်ကြောင့်သာ စိတ်ရိုင်းစိတ်မိုက်မ၀င်၊ ရန်မူခြင်းမရှိဘဲ ငေးမောကြည့်ရုံသာ ကြည့်နေ ခြင်း ဖြစ်နိုင်သည်။

ထို့အပြင် ဘခင်ကြီး ပြောသည့်စကားတွေကို ထောက်ခံသည့်အချက်ကလဲ ကူမွန်တောင်တန်းပျော် သည် သူ့ကို ကယ်တင်ထားသည့်သတ္တ၀ါ၏ဘာသာစကားဖြစ်လေသလား ငှက်အော်သံလို စူးစူးယှယှ အော်မြည်သံပန်းပင်ကြီးအောက်က ထွက်ပြေးသွားပြီးနောက် ကျောက်ကမ္ဘားယံထက်မှ သူတို့ကို တမင် လာပြီး ငုံ့ကြည့်နေခဲ့ခြင်း၊ စခန်းသိမ်းပြီး ပြန်လာခဲ့ကြသည့်အခါ ကိုမြင့်ညိုနောက်ကို တကောက် ကောက် လိုက်ပြီး ကြည့်နေခဲ့ခြင်း...

ကိုမြင့်ညိုသည် စဉ်းစားရင်းပင် သူ့ဓာတ်ပုံရိုက်ယူလာခဲ့သည့် ကူမွန်တောင်တန်းပျော်လေး၏မျက်နှာ ထား ဟန်မူရာကို ပြန်လည်သတိပြုလာမိသည်။
ကူမွန်တောင်တန်းပျော်လေး၏မျက်နှာထားသည် ကိုမြင့်ညိုကို ကြည့်နေပုံမှာ သနားခံနေသလိုလို တစုံ တရာကို ပြောချင်နေသလိုလို နှစ်ရှည်လများကွဲကွာနေသူ ဆွေမျိုးရင်းချာတယောက်အား ရှောင်တခင် တွေ့လိုက်ရသည့်အခါမှာ တအံ့တသြကြည့်လိုက်သည့် အကြည့်မျိုးလိုလို....

တွေးရင်း စဉ်းစားရင်း ကိုမြင့်ညိုသည် ရင်ထဲမှာမကောင်းတော့ဘဲဖြစ်လာသည်။ ဘခင်ကြီး၏ပြောစ ကားနှင့် သူ့ကိုယ်တွေ့မျက်မြင်အရ ကူမွန်တောင်တန်းပျော်လေးသည် သူ့နှမလေး ညာမေတင်ပင်ဖြစ် ရမည်ဟူသော ယုံကြည်ချက်သည် ရာနှုန်းပြည့်ဖြစ်လာသည်။ ဖြစ်နိုင်စရာ အကြောင်းတွေကလဲ လုံ လျောက်ခိုင်မာသည်။ ထိုအခိုက် ဘခင်ကြီးက ပြောလိုက်သည်။
"သမီးလေး ညာမေတင်ဟာ သူ့ခြေသလုံးမှာ မွေးရာပါအမဲမှတ်ကြီးတွေက ခြေသလုံးနှစ်ဘက်လုံးမှာ ပါနေတော့ ငယ်သာငယ်တယ် သူ့အမှတ်ကြီးတွေကို လူမြင်မခံချင်ဘူး၊ ဒါကြောင့် ခြေအိတ်ရှည်လေး တွေ ၀ယ်ပေးထားရတယ်၊ အခုတော့ တောထဲတောင်ထဲမှာ  တောရိုင်းတိရိစ္ဆာန်လေးလို နေရတော့လဲ သူ့ခြေသလုံးက အမှတ်ကြီးတွေကို သူဖုံးကွယ်ထားချင်စိတ် မရှိတော့ဘူး ထင်ပါရဲ့၊ အော်... သမီးလေး ညာမေတင်" ဘခင်ကြီးက ငြီးငြူနေစဉ်မှာ ကိုမြင့်ညိုသည် စိတ်ထဲတွင် ယူကြုံးမရ ရှိလှသည်။

နှမအရင်းလေး တယောက်လုံးကို ပြန်လည်တွေ့မြင်ခဲ့ပါလျက်နှင့် နှမမှန်းမသိခဲ့၊ ထူးဆန်းသော တော တွင်း သတ္တ၀ါလို သဘောထားခဲ့သည်။ စခန်းသိမ်းပြီး ပြန်ကြသည့်နေ့ကလဲ လူခြင်းမသိစေကာမူ သွေး က ပြောသည့်အလား ကူမွန်တောင်တန်းပျော်လေးသည် သူ့နောက်ကို တကောက်ကောက်လိုက်ခဲ့ရှာ သည်။ သူတို့ဘာသာ ဘာဝအချက်ပေးပြန်ခေါ်သည့်အသံကြောင့်သာ ပြန်ပြေးသွားခြင်း ဖြစ်သည်။ ထို အခိန်ကသာ ကိုမြင့်ညိုသည် နှမလေးအရင်းဖြစ်ကြောင်း မသိစေကာမူ တောတွင်းပျော် လူထူးလူဆန်း တယောက်အနေဖြင့် အနိုင်အထက်ဖမ်းဆီးလာခဲ့မည်ဆိုပါက ယခုလို ဇာတ်ရည်လည်လာသည့်အခါ မည်မျှဝမ်းသာစရာ ကောင်းမည်နည်း။

"ညီမလေး ညီမလေး ဖြစ်ရလေခြင်း ညီမလေးရယ်..."
ကိုမြင့်ညို စိတ်ထဲမှာ ယူကြုံးမရတွေးနေစဉ်မှာ ဘခင်ကြီးက ပြောလိုက်သည်။
"သမီးလေးရှိနေတဲ့နေရာကို သား ကောင်းကောင်းမှတ်မိခဲ့တယ် ဟုတ်လား၊ သားအနေနဲ့က အစိုးရ တာဝန်ရှိနေတော့ ကိုယ်ရော စိတ်ရောလွတ်လပ်တာမဟုတ်ဘူး၊ ဒါကြောင့် ဖေဖေ လိုက်သွားမယ်၊ ဘ သော်နဲ့ ထွန်းအံ့ကို ခေါ်သွားမယ်၊ ဘသော်နဲ့ ထွန်းအံ့ကို အလုပ်ကထွက်ခိုင်းမယ်၊ သူတို့အဘို့ မနစ်နာ စေရပါဘူး၊ အသင့်အတင့် အိမ်တလုံးစီ ၀ယ်ပေးလိုက်မယ်၊ ရင်းနှီးစားလောက်အောင် ငွေထုတ်ပေး မယ်၊ ဒီလူနှစ်ယောက် ကြေနပ်ကြမှာပါ" ဘခင်ကြီးက စိတ်အားထက်သန်စွာပြောသည်။

"မြေပုံကောင်းကောင်း တချပ်ယူသွားမယ်၊ ဘသော်နဲ့ ထွန်းအံ့က နေရာမှတ်မိနေရင် သိပ်ခက်ခဲမယ် မ ထင်ပါဘူး"
ဟု ဘခင်ကြီးက ဆက်ပြောလိုက်သည်။

ကိုမြင့်ညိုက ဘခင်ကြီးမျက်နှာကို ကြင်နာစွာစိုက်ကြည့်လိုက်ပြီး သူ့စိတ်ကိုဆုံးဖြတ်လိုက်သည်။ ထိုဆုံး ဖြတ်ချက်အတိုင်း ဘခင်ကြီးကို ပြောလိုက်သည်။
"ဖေဖေက အသက်ကြီးပါပြီ၊ တောတောင်က တော်တော်ထူထပ်တော့ ဖေဖေ အသက်အရွယ်နဲ့ဆိုရင် ကျန်းမာရေးကို စိတ်မချဘူး၊ ဒါကြောင့် ဖေဖေ မသွားပါနဲ့၊ ကျွန်တော်ဘဲ သွားပါ့မယ်"
"သား သွားလို့ဖြစ်မလား၊ အလုပ်တာဝန် တဘက်နဲ့"

"ဖြစ်ပါတယ် ဖေဖေ သား အလုပ်စ၀င်ကတဲက တခါမှ ခွင့်မယူခဲ့သေးဘူး၊ အခု နှမလေးရှာဖွေဘို့အ တွက် အထက်ကို အပြည့်အစုံအစီရင်ခံပြီး ခွင့်ရက်ရှည်ယူလိုက်ပါမယ်၊ ကူမွန်တောင်မှာ ညီမလေးကို တွေ့လာတဲ့ ကိစ္စသက်သေအဖြစ် ကိုဘသော်နဲ့ ကိုထွန်းအံ့တို့လဲ သိပါတယ်၊ နောက်ပြီး လေယာဉ်ပျံ ပျက်တဲ့ အကြောင်းကိုလဲ အားလုံးသိပြီးဘဲ၊ ကိုဘသော်နဲ့ ကိုထွန်းအံ့တို့ကလဲ ကျေးဇူးမှန်းသိပါတယ်၊ သစ္စာလဲရှိပါတယ်၊ ကြေနပ်အောင်ပြောရင် လိုက်ကြမှာပါ၊ ကျွန်တော် တွေ့အောင်ရှာပြီး ရအောင်ကျိုး စား ဆောင်ကျဉ်းခဲ့ပါမယ် ဖေဖေ"

"အေး... ဒီလိုဆိုရင်လဲ သား မြန်မြန်သွားပေတော့၊ လုပ်စရာရှိတာ မြန်မြန်ပြီးအောင်လုပ်၊ ထွန်းအံ့နဲ့ ဘသော်ကို ဖေဖေ့ဆီခေါ်လာခဲ့စမ်း၊ သူတို့ကို ကြေနပ်အောင် ပြောကြည့်ရအုံးမ်ယ၊ ဟိုတလောဆီက တော့ ဖေဖေ့ကို လာကန်တော့ရင်း ပြောခဲ့ကြဘူးတယ်၊ ရတဲ့လခနဲ့ မစားလောက်ကြလို့ အပြင်အလုပ် တခုခုလုပ်ချင်တယ်လို့၊ အခုလဲ အရင်းအနှီး ကြေနပ်အောင်ပေးရင် ချောမောပါလိမ့်မယ် ထင်ပါရဲ့၊ အော် သားရေ သွားတဲ့အခါ သမီးလေးဝတ်ဘို့ မိန်းမ၀တ်အထည်တွေ အလဲအလှယ်ဝတ်လောက် အောင် ဆောင် သွားအုံးကွဲ့၊ တော်ကြာ သမီးလေးမှာ တောတွင်းအ၀တ်မလုံမလဲနဲ့ ရှက်နေရှာပါမယ်"
ဘခင်ကြီးသည် ၀မ်းသာ ၀မ်းနည်း စိတ်အားထက်သန် မျှော်လင့်ချက် စသည်တို့ အပြည့်အ၀ရောပြွမ်း နေသော အသံဖြင့် ပြောဆိုစီမံနေသည်။
"စိတ်ချပါ ဖေဖေ၊ အားလုံးအဆင်ပြေအောင် ကျွန်တော် စီစဉ်သွားပါမယ်"

"ဖေဖေလဲ ဆုတောင်းနေပါမယ်၊ အော် သမီးလေး ဘယ်လိုကယ်တင်ရှင်လက်ထဲရောက်ပြီး ဘယ်လို များ ဘ၀ကို ရင်ဆိုင်နေရပါလိမ့်နော်၊ လူစကားမှ ပြောတတ်ပါသေးရဲ့လား မသိဘူး"
ဘခင်ကြီးသည် ပြောရင်း လည်လာသည့်မျက်ရည်များကို မျက်တောင်တဖြတ်ဖြတ်ခပ်ရင်း ထိမ်းလိုက် ရှာသည်ကို ကိုမြင့်ညိုသည် စိတ်ထိခိုက်စွာ မြင်လိုက်ရသည်။၏
ဘခင်ကြီး ထင်သလိုပင် ကိုမြင့်ညိုစိတ်ထဲမှာ ကူမွန်တောင်တန်းပျော်လေးသည် သူ့ညီမလေး ညာမေ တင် အစစ်အမှန်ဟုတ်နေပါစေ၊ ညီမလေး လူစကားမှတတ်ပါသေးရဲ့လား မသိဟု တူညီသောအတွေး ကို တွေးနေလိုက်မိသည်။

ကိုမြင့်ညိုအဘို့ ကူမွန်တောင်တန်းဆီသို့ အစိုးရတာဝန်ဖြင့် မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် နောက်တကြိမ်သွားရန်အတွက် ပြည့်စုံအဆင်ပြေအောင် ဆောင်ရွက်ရပေအုံးမည်။

ကိုမြင့်ညိုတို့သားအဖ ထင်နေသည်က ကူမွန်တောင်တန်းပျော်လေးသည် ညာမေတင်ဖြစ်ခဲ့ပါလျှင် လူစ ကား ကို တတ်ပါသေးရဲ့လားဟု စိုးရိမ်စွာ တွေးမိနေကြသည်။ သို့သော် သူတို့ ထင်သကဲ့သို့ မဟုတ်ချေ၊ ညာမေတင်ကား လူစကားကို တတ်နေသေးသည်။ ထိုသို့တတ်နေစေရန်အတွက် တောတောင်ထဲမှာ အဖော်ကောင်းတွေ့နေသည်။

ကြီးကြီးမေနှင့်အတူ လေယာဉ်ဖြင့်လိုက်ခဲ့သော ညာမေတင်သည် ခလေးပြီပြီ လေယာဉ်ပြူတင်းပေါက် မှ မြင်ရသော ရှုမျှော်ခင်းကို ငေးမောကြည့်ရှုလာရာမှ လေယာဉ်ငြိမ့်သဖြင့် အိပ်ချင်သလိုလို ဖြစ်လာ သည်။ ထို့ကြောင့် ထိုင်ခုံနောက်မှီကို မှီရင်း ညာမေတင်က အိပ်ပျော်သွားခဲ့သည်။ ကြီးကြီးမေကလဲ အိပ်ပျော် နေသော တူမလေးကို မနှောက်ယှက်ဘဲ ပုတီးစိတ်နေခဲ့သည်။ မည်မျှကြာခဲ့သည်မသိ၊ ပြင်း ထန်သော အသံကြီးသည် နားကွဲလုမျှ မြည်ဟီးသွားသည့်အခါတွင် ညာမေတင် အိပ်ယာမှလန့်နိုးလိုက် သည်။ ညာမေတင် လန့်နိုးလိုက်သည့်အခါတွင်မူ ညာမေတင်သည် ထိုင်ခုံပေါ်တွင် ထိုင်၍မရတော့ချေ၊ ထိုင်ခုံ အောက် သို့ လိမ့်ကျသွားခဲ့သည်။ လေယာဉ်ကြီးသည် ဆွဲဆောင့်ခါရမ်းခြင်းခံနေရသလို သွက် သွက်ခါ နေသည်။ လူးလိမ့်နေသည်။ ညာမေတင်သည် ထိတ်လန့်စွာဖြင့် ကြီးကြီးမေကို ကြည့်လိုက် သည်။ သို့သော် ကြီးကြီးမေ ကား မည်သို့မျှမကူညီနိုင်၊ သူကိုယ်တိုင်ပင် ထိုင်ခုံအောက်သို့ လိမ့်ကျနေ သည်ကို တွေ့ရသည်။

ဆက်ရန်
.

1 comment:

Anonymous said...

thanks for uploding and I like your link so much.