Wednesday, April 20, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၅)

" ကိုအောင်နိုင် ... အမယ်လေး ကိုအောင်နိုင် ... "
အောင်နိုင်က ဘာစကားတခွန်းမျှ ပြောဆိုနိုင်ခြင်းမရှိဘဲ ရပ်တန့်လိုက်သည့် ကားနဘေးမှာ အပြေး ၀င်ရပ် လိုက်မိချိန်တွင် အေးသည် ကားထက်မှ ခုန်ဆင်းကာ သူ့နာမည်ကို လှိုက်မောစွာ ရေရွတ်ရင်းနှင့် သူ့ လည် ပင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားတော့လေသည်။

" ဟေ့ ... ဒီကိစ္စမှာ မင်းဘာမှ ၀င်ရှုပ်ဘို့ မလိုဘူး ထင်တယ် အောင်နိုင် "
ကိုစိုးကြီးသည် ခက်ထန်မာကျောစွာ ဟစ်အော် ပြောဆိုရင်းနှင့်ပင် အောင်နိုင် ရင်ခွင်မှာ ခေါင်းအပ်ကာ ဖက်တွယ် ထားသော အေး၏ ကိုယ်လုံးကလေးကို ပခုံးနှစ်ဖက်မှ ခပ်ကြမ်းကြမ်း လှုပ်ယူလိုက်လေသည်။

" ဟင် ... ခင်ဗျားကြီးဟာ လူယုတ်မာကြီး ... ခွေးတိရစ္ဆန်ကြီးဘဲ ... "
အောင်နိုင်မှာ မျက်စိများ ပြာဝေမွှန်ထူ၍ သွားတော့ကာ သူ့ကိုယ်သူ သတိထားမိနိုင်ခြင်း မရှိမီမှာပင် ကိုစိုးကြီး တအားဆောင့်တွန်းပစ်လိုက်မိပြီး ဖြစ်သွားတော့သည်။
" အောင်မာ ... မင်း ... မင်းက ... ငါ့ကို တကယ် "
မြေကြီးပေါ်မှာ ပစ်ပုံပြီး ဖင်ထိုင်ကျသွားသော ကိုစိုးကြီးကလည်း စကားကိုမျှ ပြီသချောမောအောင် ပြောနိုင် စွမ်းမရှိတော့ပေ။ မီးဝင်းဝင်းတောက်လုပြီထင်ရသော မျက်လုံးအစုံကိုသာ အံကြိတ်၍ ကြည့်ရှုကာ ကားဆီသို့ ချာကနဲ လှည့်ထွက်သွားလေသည်။ ပြီးတော့ ကားထဲမှ အသွားခြောက်လက်မခန့်ရှိသော ဓားမြှောင်တချောင်းကို ကိုင်စွဲပြီး မာန်ဖီနေသော ကျားရိုင်းကြီး တကောင်လို အောင်နိုင်ရှိရာသို့ အတင်းပြေး ၀င်အုပ်လာပြန်လေ၏။

တဒင်္ဂအတွင်းမှာ ဖြစ်လိုက်သော ဖြစ်ရပ်ကလေးအကုန် အေးမှာ မျက်နှာကို လက်ဝါးကလေးနှင့် အုပ်ကာ ဇက်ကလေးပုဝင်နေတော့၍ အောင်နိုင်မှာလည်း အသင့်ဆီးကြိုကာ ခုန်ဆင်းကွယ်၍ နေရသည်။ သို့ရာတွင် တခဏအတွင်းမှာပင် အောင်နိုင် ဂျိုစောင်း မှာ ဓားသွားဖြင့် အဖျားခတ်၍ ထိသွားပုံရကာ ဖြစ်ပြီး သွေးများဖြာဆင်းလာလေသည်။ အေးသည် အသံကလေးနှင့် ကြောက်လန့်တကြား အော်ဟစ်ကာ မေ့မြောလေ၏။

သွေးစများကို မြင်ရသော အောင်နိုင်မှာ အားအင်ရှိသော ညှစ်ထုတ်ကာ ဓားမြှောင်ကို လုလေ၏။ ဓားမြှောင်သူ့ လက်ထဲရောက်သွားသည်တွင်ကား အောင်နိုင်သည် ကိုစိုးကြီးအား ထိရာကို တအားစိုက်ချ ပစ်လိုက်တော့လေသည်။

မချိမဆံ့ အော်သံနှင့်အတူ ကိုစိုးကြီးတယောက် လိုက်သွားတော့သည်တွင်မှ အောင်နိုင်သည် သူ လက်လွန် မိပြီကို သတိရကာ ကြက်သေ သေပြီး ငိုင်နေမိသည်။ အောင်နိုင်က နေရာထိပါစေဟု အတိအကျ ချိန်ဆကာ ပြုလုပ်လိုက်ခြင်းသည်တိုင် ကိုစိုးကြီးမှာ နံကြားထဲကို တည့်တည့် စူးဝင်ပြီး မယှက် ဖြစ်နေတော့ပေပြီ။ ဟိုတဖက် ကို ကြည့်လိုက်တော့ အကြောက်လွန်ကာ မေ့မြောနေရှာသော အေး...။
နာရီဝက် လောက်မျှပင် မရှိသော ဤတခဏ အတွင်းဝယ် ကြိုတင် ကြံစည်ခြင်းမရှိသော ဖြစ်ရပ်တွေမှာ မယုံ ကြည်နိုင်လောက်အောင်ပင် ဖြစ်ပျက်နေရသည်။ နေရောင်ချည်မှာလည်း အကြွင်းအကျန်မျှပင် မရှိ တော့။ ဒါတွေကို သည်အတိုင်း ကြည့်နေ၍လည်း ဖြစ်နိုင်ဦးမည်မဟုတ်၊ အောင်နိုင့်အဖို့မှာ လာမည့်ဘေးကို ပြေးတွေ့ရန် မှ တပါး အခြားနည်းလမ်း မရှိတော့ပါချေ။

အောင်နိုင်သည် ကိုစိုးကြီးအား မနိုင်မနင်းနှင့် ဒရွတ်တိုက် ချီမကာ ကားနောက်ခန်းသို့ သွင်းလိုက်သည်။ ပြီးတော့ အေးအား ဆံပင်ကလေးကိုခွဲပြီး ငယ်ထိပ်မှ အသာအယာ မှုတ်ပေးကြည့်သည်။ အေးမှာ သည်မျှ လောက် နှင့် သတိရနိုင်ပုံ မပေါ်လေတော့မှ အသာအယာ ချီပွေ့ကာ ကားရှေ့ခန်းသို့ သယ်ယူလာခဲ့သည်။ အောင်နိုင် သည် အေးအား သူ့နဘေးမှာ ထိုင်မှီလျက်သား ချထားပြီးတော့မှသာ ကားကို စက်နှိုးပြီး မောင်းထွက် လာရလေ၏။

ရင်ထဲမှာတော့ ဘယ်လို ဖြစ်နေသည်ဟု မပြောနိုင်လောက်အောင် ပွေပွ ရှုပ်ထွေးနေရပေသည်။ ဤ အထဲမှာ ကားစက်ချို့ယွင်းသွားမည်ကိုလည်း တကြောင့် ကျကျ ဖြစ်လိုက်ရသေး၏။ သူသည်ကားကို မောင်းရုံ မျှသာ မောင်းတတ်ကာ စက်အကြောင်းဆို၍ ဘာတခုမျှ နားလည်သည်လည်း မဟုတ်ပေ။
" အင် ... အမလေး ... ကြောက်လိုက်တာ "
အတန်ငယ် ကြာသွား၍ သူ့နဘေးမှ ဤအသံ ကလေးကို ကြားလိုက်ရသည်တွင်မှ ရှုပ်ထွေး နောက်ကျိ ဘွယ်ရာ ဖြစ်နေသော သူ့စိတ်များမှာ သက်သာမှုအနည်းငယ် ရရှိသွားသလိုသည်။
" အေး ... သတိရပြီလား ... ကိုအောင်နိုင် ဒီမှာလေ .. ဘာမှ ကြောက်စရာမရှိပါဘူး အေးရယ် ... "

လေသံသာသာမျှဖြင့် အားပေးနှစ်သိမ့်ပြီးတော့လည်း အေး၏ ဘက်သို့ ကိုယ်ကို အနည်းငယ် တိုးရွေ့ လိုက် ရသည်။
" ကိုအောင်နိုင် ... ကိုအောင်နိုင် မသေဘူးနော် အေးကဖြင့် သေပြီမှတ်လိုက်တာ ကိုစိုးကြီး တယောက် ကောဟင် ကိုစိုးကြီး အေးသိပ်ကြောက်တာဘဲ ... "
" ဒါတွေကို လျှောက် မေးမနေပါနဲ့အေးရယ် ... လာ .. လာ ဒီကိုလာခဲ့ ... "

အမှောင်ထု လွှမ်းခြုံထားပြီမို့ ကားနောက်ခန်းသို့ အေးတယောက် လှမ်းမမြင် နိုင်တော့သည်ကိုပင် အောင်နိုင် ထပ်မံ၍ စိတ်သက်သာရာရသွားပြန်သည်။
ပြီးတော့ ကြောက်အား လန့်အားနှင့် တိုးရွေ့လာသော အေး၏ ကိုယ်လုံးကလေးကို သူ၏ ရင်ခွင်ထက်မှာ အလိုက်သင့် ကလေး မှေးမှီ၍ ထားလိုက်ရပြန်လေ၏။ သွေးစီးများ ခြောက်ကပ်ကာ နထင်စမှာ ရှပ်၍ ထိသွား သော သူ့အနာကိုလည်း နာရမှန်း မသိနိုင်တော့ပေ။

သု့စိတ်ထဲမှာဖြင့် ဤအတိုင်းသာ အေးနှင့် နှစ်ယောက်တည်း ကမ္ဘာကို လျှောက်ကာပတ်နေချင်တော့သော စိတ်ကူး ယဉ်ချက် တခုနှင့် ကိုစိုးကြီး တကယ်ပင် သေပြီလား ... သူသည် လူသတ်သမားတယောက် ဖြစ်နေ လေပြီလား ဟူသော အတွေးတခုတို့က မီးစတဖက် ရေမှုတ်တဖက် ဆိုသလို ထွေးလု့းရစ်ပတ် ဖြစ်နေကြ သည်။
မြို့ထဲသို့ ၀င်မိ၍ လမ်းဓာတ်မီးတိုင်များကို ဖြတ်ကျော်သွားရမည့်အခါတွင်ကား အောင်နိုင်သည် ကားကို လျင်မြန်စွာ မောင်းနှင်လာခဲ့လေ၏။

အေးတို့ အိမ်ရှေ့မှ အရိပ်တခုကို ခိုဝင်လိုက်မိတော့မှသာ ကားကို မှောင်ခိုကာ ရပ်တန့်ပစ်လိုက်သည်။
" ဟုတ်ပါတယ် အကိုကြီးရဲ့ ကျမ မပြောဘူးလား၊ ကောင်မလေးက ခြေတံရှည်ရှည်နဲ့ ညဈေးတန်း ၀င်နေကြတာ ဖြစ်ပါလိမ့်မယ်ဆိုတာ "
" အေးပါကွယ် ... ငါကလဲ စိတ်မချလို့ လိုက်ရှာရကောင်းမလား ပြောမိတာပါ၊ ကဲ ... မောင်စိုးကြီးရေ ကားကို တခါထဲ သွင်းလိုက်ပါတော့လားကွာ "
အေးတို့ ပြန်လာခဲ၍ ခြံထဲမှ တမျှော်မျှော် ဖြစ်နေရှာပုံရသော ဦးဖေတင်တို့ မောင်နှမကား ကားဆီသို့ လျှောက်လာရင်းနှင့် အပြန်အလှန် ပြောဆိုလာသံ ကြားရတော့မှသာ အောင်နိုင်မှာ မိမိရင်ဆိုင်ရတော့မည့် အရေးအခင်း အတွက် ရင်ထဲတွင် တဒိန်းဒိန်း ခုန်အောင် လှုပ်ရှားလာမိသည်။ သူသည် စိတ်အားကို အနိုင်နိုင် တင်းကာသာ အေး၏ပခုံးကလေးကို အသာကိုင်လှုပ်ရလေသည်။
" အေး အေး ဆင်းတော့လေ ... ဟိုမှာ ဦးတို့လာနေပြီ ... "

" ဟင်အင်း ဟင့် အင်း ... အေး ဖေဖေ့ကို ဘယ်လို ပြောရမှန်းမသိတော့ဘူး ကိုအောင်နိုင်ရယ် "
အရေးထဲမှာ တောက်တဲ့ကပ် ကပ်ကာ တွယ်ဖက်ထားသော အေးအတွက် မတတ်သာတော့သော အဆုံးတွင် အောင်နိုင်သည် နှစ်ယောက်သား ဖက်တွဲလျက်သားကပင် ကားအောက်သို့ ဆင်းကာ အတွေ့ခံ ရတော့လေ၏။

" ဟဲ့ ... မောင်အောင်နိုင်ပါလား၊ မောင်စိုးကြီးကောဟင် "
ဦးဖေတင်က မျက်နှာ ခပ်ပျက်ပျက်နှင့် ဆီး၍မေးသည်။ အောင်နိုင်မှာ ဦးဖေတင်အား တစုံတရာ ပြန်ပြော နိုင်ခြင်း မရှိသေးဘဲ ...
" အေး သိပ်လန့်လာပါတယ် ဒေါ်ဒေါ် ... ဘာမှ မေးမနေပါနဲ့၊ အေးကို မြန်မြန်ခေါ်သွားပြီး ပြုစုပေးရင် ကောင်း ပါလိမ့်မယ်၊ သြော် ... အေးရယ် ဒေါ်ဒေါ်နဲ့ လိုက်သွားပါကွယ်" ဟူ၍သာ အေးအား ဒေါ်ဒေါ် စောနှင့် အလျင်အပ်နှံပြီး ထည့်လိုက်ရသည်။

အေးက အောင်နိုင့်အတွက် နောက်ဆန်ငင်နေသေးဟန်ဖြင့် မလိုက်ချင် လိုက်ချင်ပုံမျိုးလို လုပ်ကာ ဒေါ်ဒေါ်စော ခေါ်ဆောင်ရာသို့ ရွေ့ရွေ့ ကလေးလှမ်းထွက်သွားတော့မှလည်း ဦးဖေတင်အား သူက စကား စနိုင်ခဲ့သည်။

" သိပ်ပီးတော့ အရေးကြီးပါတယ် ဦး ... ဒီကိစ္စမှာ အေးနာမယ် လုံးဝမပါရင် ကောင်းလိမ့်မယ်လို့ထင်ပါတယ်၊ အဖြစ်ကတော့ ကိုစိုးကြီးဟာ အေးကို အကြံတမျိုးနဲ့ ခေါ်ခဲ့ဟန်တူပါတယ်၊ ဒါကို ကျွန်တော် " စမ်းရွာ "က အပြန်မှာတွေ့လို့ လိုက်သွားတော့ ကိုစိုးကြီးက စပြီး ရန်ပြုတာနဲ့ ကျွန်တော် လက်လွန်သွားပါတယ်၊ အဲဒါ အဲဒါ သူသေရင်လဲ ကျွန်တော် ... ကျွန်တော် ... လူသတ်မှုတရားခံ ဖြစ်ရမှာ ပါဘဲ ဦး "
" ဟင် "
ယခုမှပင် ဦးဖေတင်မှာ မျက်လုံးမျက်ဆန်ပြူးအောင် ထိတ်လန့်သွားရသည်။
" ဖြစ်ရလေခြင်းကွာ ... ဖြစ်ရလေကွာ ... ဒီကောင်ကော အခု "
" ကားနောက်ခန်းထဲမှာပါ ဦး ... ဦးတို့သာ မသိလိုက် မသိဖာသာ နေနိုင်ဘို့ အရေးကြီးပါတယ်၊ ကျွန်တော် ဒီကားနဲ့ဘဲ ဂါတ်ကို သွားလိုက်ပါမယ် "
အောင်နိုင်ခမျာ မည်မျှ ချုပ်တည်းထားသည့်တိုင်အောင် သူရင်ဆိုင်ရမည်ဖြစ်သော အရေးအခင်းအတွက် အသံအနည်းငယ် တုန်ရီနေမိသည်။

" ဖြစ်ပါ့မလားကွာ ... ဦးပါ လိုက်ခဲ့ရင် မကောင်းဘူးလား "
" မကောင်းပါဘူး...အေး နားမယ်ကို ထိန်းထားဘို့ လိုပါသေးတယ်၊ ကျွန်တော်တဦးထဲ တာဝန်ထားစေချင် ပါတယ်ဦး "
" အောင်နိုင်သည် ပြတ်သားစွာ ပြောဆိုပြီးသည့်နောက်တွင် ဦးဖေတင်၏ စကားအပြန်ကို မစောင့်တော့ဘဲ ကားပေါ်ကို လျမ်းတက်လိုက်သည်။ ကားဘီးလှိမ့်ထွက်လာတော့မှသာ ဦးဖေတင်မှာ ကရုဏာ အပြည့်နှင့် အသံခပ်အုပ်အုပ် လုပ်ကာ လှမ်းပြောလိုက်ရသည်။
" သိပ်စိတ်ပူမနေနဲ့ မောင်အောင်နိုင်ရေ ... ဦးတို့ မင်းကို အတတ်နိုင်ဆုံး ကူညီပါ့မယ်ကွယ် "
*

" အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ခွဲ "
တရားလွှတ်တော်ချုပ်မှ နောက်ဆုံးပိတ် အမိန့်သံကို နာခံရသည့် အချိန်တင်ကား ထုသားပေသားရကာ ထုံ၍ နေတော့သော အောင်နိုင့်စိတ်တွင် ထူးခြားသော ခံစားမှုကို မရနိုင်တော့ပါချေ။
သူသည် ဘာမျှ လှုပ်ရှားပြောင်းလဲခြင်း မရှိတော့သလိုသာ မတုန်မလှုပ်ရှိလှပါချေ၏။ နဘေးမှ သူနှင့် ဘ၀တူ ထောင်ကျများကပင် ဒီလူ့နှယ်ဗျာ ... အေးတိ အေးစက်နဲ့" ဟု တအံ့တသြ မှတ်ချက်ချကြကုန် သည်။

တကယ်ဆိုတော့လည်း ထောင်မှ လွတ်မြောက်ရခြင်း မဟုတ်သေးသည့်တိုင် တသက်တကျွန်းဟူသော မူလ အောက်ရုံးအမိန့်မှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ခွဲဟူသော အပြစ်သို့ ပြောင်းလဲလျှော့ကျခွင့် ရသွားစေသည်မှာ မည်မျှ စိတ်သက်သာဘွယ် ကောင်းပါလေသနည်း။

အခြားသူများအမြင်မှာ မည်သို့ရှိစေကာ အောင်နိုင့်အဖို့မှာဖြင့် ထူးမခြားနားပင် အမှန်ဖြစ်ရသည်။ နတ်သုန္ဒာ ထမင်းပွဲတွင် မစင်တပဲကျကျ တရွေးကျကျ ပစ်ရတော့မည်သာ ဖြစ်သလို မိမိဘ၀မှာလည်း ထောင်ဒဏ် တသက်တကျွန်းပင်ကျကျ တခဏ ပင်ကျကျ ရာဇ၀တ်ပြစ်မှု မကင်းသူ လူသတ်သမားဟူသော အစွန်းအကွက်ကြီးက အဖတ်ဆည်မရအောင် ညစ်ထေး စွန်းကွက်စေပြီဟူ၍သာ စိတ်အားတွေ ပုံလျက်သား ကျလောက်အောင် ထိခိုက်မိပြီးဖြစ်နေသည်။

သို့ကြောင့်လည်း သူကျူးလွန်ပြီးသော ပြစ်မှုအတွက် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ထိုက်သင့်သမျှ သော အပြစ်ဒဏ်ကို ခံယူရန် သူ့မှာ အသင့်ရှိပြီးဖြစ်သည်။ သူအစိုးရိမ်ဆုံးမှာ ဤအရှုပ်အရှင်းတွင် အေး နာမည် မပါစေရန် တခုသာ ဖြစ်ပေ၏။
အေးတို့၏ ကံကြမ္မာပင် ဆိုရမည်လားမသိ၊ ဤဆန္ဒတခုတော့ သူပြည့်ဝနိုင်ခဲ့သည်။ ကိုစိုးကြီးသည် ရဲဌာန မှတဆင့် ဆေးရုံသို့ ရောက်သွားသည်တွင် သတိတချက် ပြန်ဝင်လာသေးသော်လည်း " မိမိအား အောင် နိုင်သတ်ပါသည်" ဆိုတာလောက်ကလွဲ၍ သေတမ်မးစစ်ချက်ပေးနိုင်ခြင်းမရှိခဲ့ပေ။

အောင်နိုင်ကလည်း အေးအား လုံးဝ ထိန်ချန်ကာ စမ်းရွာမှ မိမိဆိုက်ကားနင်းပြီး အပြန်တွင် ကားမောင်း သင်ရန် ချိန်းဆိုထားသော ကိုစိုးကြီးနှင့်တွေ့၍ ဆိုက်ကားကို တော်သင့်ရာမှာထားကာ ကားမောင်းသင် ကြရင်းမှ တယောက်တခွန်း စကားများကြပြီး ကိုစိုးကြီးက ဓားနှင့်ထိုးမည်ပြုသဖြင့် မိမိက ဓားကို ပြန်လုကာ ထိုးလိုက်မိကြောင်း မိမိလက်လွန်သွားသည်ကို သိ၍ ကိုစိုးကြီးအား ချက်ခြင်းပင် ကားနှင့် တင်ကာ ယူလာခဲ့ကြောင်း ဤကိစ္စကို ဦးဖေတင်အား ပြောပြရန် အိမ်ဘက်သို့ ကားကို လှည့်မောင်းခဲ့သေး သော်လည်း မပြောဖြစ်ခဲ့ဘဲ ဂတ်ကို ဆက်မောင်းလာခဲ့ကြောင်း စသည်လောက်ကိုသာ ထွက်ဆိုခဲ့သည်။ အိမ်နီးချင်းတဦးက ထိုနေ့ညနေ ၇ နာရီခန့်တွင် ဦးဖေတင်အိမ်ဘက်သို့ ကားမောင်းလာတာ မြင်မိကြောင်း ကားထဲမှာ မည်သူပါသည်ကို မသိကြောင်း ချက်ခြင်းလိုပင် ကားပြန်ထွက်သွားကြောင်း စသည်လောက်ကို ထွက်ဆိုသည်မှတပါး အခြားခိုင်လုံသော သက်သေတစုံတယောက်မျှလည်း မရှိပေ။

ဦးဖေတင် အနေနှင့်တော့ တရားခံကို မိမိသည် ငယ်စဉ်ကပင် သိခဲ့ပါကြောင်း ရိုးသားသော လူငယ်တဦး ဖြစ်၍ မိမိအိမ်တွင် ခေါ်ယူထားသည်မှာ ၇လခန့်ရှိပြီဖြစ်ကြောင်း သေသူ ကိုစိုးကြီးအား ဒရိုင်ဘာခန့်ထား သည်မှာ ၅ နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ အသတ်ခံရသော ဓားမြှောင်မှာ ကိုစိုးကြီး၏ ဓားဖြစ်သည်ကိုလည်း မိမိ သိပါကြောင်း ဟူ၍ တရားခံပြ သက်သေအဖြစ် ထွက်ဆိုခဲ့သည်။
ဤသို့အမှုကို အကြိမ်ကြိမ် ကြားနာ စစ်ဆေးပြီးသည့်တွင်ကား သေသူကလည်း မိမိကို တရားခံ "အောင်နိုင်" သတ်ပါသည်ဟု ထွက်ဆိုခဲ့၍ သတ်သူတရားခံ ကလည်း သတ်မိကြောင်းကို ၀န်ခံသည်။
သို့ရာတွင် တရားခံသည် သက်လိုသောစိတ်ဖြင့် ကြိုတင်ပြင်ဆင်ခဲ့ခြင်းမရှိ၊ သက်သေအထောက်အထား လည်း မရှိ၍ တသက်တကျွန်းသာ ကျခံစေဟု အမိန့်ချမှတ်လိုက်သည်။

ဆက်ရန်
.

No comments: