Thursday, April 21, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၆)

သို့နှင့် နည်းလမ်း ကျန်ရှိသေးသည့်အတိုင်း အယူခံရာတွင်မှ "သေူသူ ကိုစိုးကြီးသည် တရားခံ အောင်နိုင် သတ်ပါသည်ဟု ထွက်ဆိုခဲ့၍ တရားခံကလည်း မိမိသတ်ကြောင်းကို ၀န်ခံခဲ့သည်။ သို့ရာတွင် တရားခံသည် ဤသို့ ရိုးသားစွာ ပြစ်မှုကို ၀န်ခံခြင်း၊ နောက်နောက်ကလည်း ပြစ်ချက်တစုံတရာ မရှိခြင်း၊ ယခု အမှု့ တွင်လည်း တရားခံသည် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခြင်းမျှဖြစ်ခြင်း၊ သက်သေခံဓားမှာလည်း သေသူ၏ ဓားသာ ဖြစ်နေခြင်းတို့ကို ထောက်ထားလျှင် ယခု ချမှတ်ထားသော တသက်တကျွန်း အမိန့်မှာ ကြီးလေး နေသည်ဖြစ်၍ အလုပ်ကြမ်းနှင့် ထောင်ဒဉ် ၂ နှစ် ၆ လသာ လွှဲပြောင်းကျခံစေ" ဟု တူရားလွှတ်တော်ချုပ်မှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤအမှုအတွက် ဦးဖေတင်တို့က ငွေကုန်ကြေးကျ အတော်ခံခဲ့သည်ကိုတော့ အောင်နိုင် သိသည်။ ကျော်ကြားသော ၀တ်လုံတော်ရကြီး နှစ်ဦးကိုလည်း ငှားရမ်းပေးခဲ့သည်။ ဦးဖေတင်နှင့် ဒေါ်ဒေါ်စော တို့ ကိုယ်တိုင် ဂရုတစိုက် ထောင်ဝင်စာ လာတွေ့ကြကာ အစားအသောက် ကလေးများ ကိုလည်း ကျွေးမွေးတတ်ကြသည်။ အောင်နိုင်သည် ဤကျေးဇူးပြုချက်များအတွက် ကျေးဇူး တင်စွာနှင့် အားနာစွာ လက်ခံခဲ့ရသော်ူလည်း တခါတရံ အေးတယောက် ပါလာပြီ ဆိုလျှင်ဖြင့် သူ့အသဲတွေ မွမွ ကြေလေပြီ လားဟု အောက်မေ့ ရတတ်သည်။
အေးသည် သူ့ကို မြင်လျှင် သံတိုင်ပေါက်မှ လက်ကလေးလျှိုကာ သူ့လက်မောင်းကို ကိုင်ညှစ်ပြီး စကားတလုံးမျှ ပြောဆိုနိုင်ခြင်းမရှိဘဲနှင့်ပင် သည်းထန်စွာ ငိုကြွေးတတ်လေ၏။ ဤအခါမျိုးတိုင်းမှာ မည်မျှ ဖြေဆည် ပါသည်ဟု ဆိုသည့်တိုင် အောင်နိုင့်ရင်ထဲမှာ မချိမဆံ့ ဖြစ်လာရသည်ချည်း ဖြစ်ခဲ့သည်။

အေးမို့ ပြန်သွားပြီ ဆိုတော့လည်း သူသည် အနာဟောင်းကို တုတ်နှင့်ဆွသလို မရွယ်မမှတ်နှင့် ဖြစ်လာခဲ့ ရသော သူ၏လူသတ်တရားခံ ထောင်သားဘ၀ကို ပိုမိုနာကျည်း စက်ဆုပ်မိရတတ်သည်။
အပြင်လောကနှင့် ကင်းကွာပြီး အနေအစားဆင်းရဲယုတ်ညံ့လှစွာသော ထောင်သားဘ၀နှင့် ဖောက်ပြန် ခါမှသာ ဖောက်ပြန်ခဲ့ပေမင့် ၇-လ လုံးလုံးသူနှင့် ရင်းနှီးစွာ အတူနေလာခဲ့ကြသော ကိုစိုးကြီး သတ်တာကို ငါခံလိုက် ရရင် အခုလို ဒုက္ခပေါင်းစုံကို ဆက်တွေ့ရမှာ မဟုတ်တော့ဘူး" ဟု အတွေးဝင်လာ တတ်သေး သည်။ ဤအခါမျိုးများတွင် " ကိုစိုးကြီးရယ် အောင်နိုင် မိုက်မှားမိသမျှကို ခွင့်လွှတ်ပါ" ဟူ၍ပင် သွားလေသူ ကိုစိုးကြီး အား တိုင်တည် ရေရွတ်မိရသည်။

" ဟင် ... ဒီအချိန်က ကိုစိုးကြီးမသေလို့ ငါသေသွားရင်လဲ အေးတယောက်တော့" ဟု အေးအတွက်ကို ထည့်သွင်း စဉ်းစားမိပြန်တော့လည်း အေး အပေါ်မှာ သူထားရှိခဲ့သော မေတ္တာ အဆောက်အအုံမှာ မသေး ငယ်ကြောင်း ကို ထင်ရှားစွာ သိရပြန်သည်။
မည်သို့ပင် ဖြစ်ပါစေ " လ မင်းကို ကြည့်ရှုကာဟောင်"ဟူသော ဘ၀နှင့် သူ့ဘ၀မှာ ဘာများ ထူးခြား လေမည်နည်းဟု စဉ်းစားမိပြန်လျှင်စ တည်ကတည်းက အရှုံးနှင့် ထွက်ခဲ့ရသော သည်လို သတ္တ၀ါအား "အောင်နိုင်" ဟူသော အမည်ကိုမှ ဆန့်ကျင်လျှက် တည့်တည့်ကျအောင် လှောင်ပြောင် အရွဲ့ တိုက်သလို မှည့်ခေါ် တတ်လေခြင်းဟု သူကောင်းစွာ မှတ်မိခြင်းမရှိတော့သည့် သူ့အဖေကိုပါ အပြစ်တင်ချင် လာမိ သေးသည်။

" လူကလေး ငယ်ငယ်တုန်းကများ သိပ်ပြီး ဇွဲကောင်းတာဘဲကွယ်၊ ကြီးလာရင် အပေအတေ ကလေးဖြစ်လာ အုံးတော့မလားတောင် မေမေစိုးရိမ်ခဲ့ရတယ်၊ တခါတလေ မေမေ အလုပ်အားနေလို့ တမနက်လုံးလောက် တနေ့ခင်း လုံးလောက် နို့မတိုက်နိုင်ပေမယ့်လဲ လူကလေးဟာ မငိုခဲ့ဘူး ၀မ်းလျားထိုးသွားလိုက် လက်မ ကလေး စုတ်လိုက်နဲ့ နေတတ်သလို နေလာခဲ့တာဘဲတော်ရုံတန်ရုံ ထိမိ ခိုက်မိရုံနဲ့လဲ မငိုတတ်ဘူး။

မင်း သုံးခါလည် အရွယ်လောက်မှာ ဆောင်းတွင်းကြီး မိုးတွေရွာလို့ အိမ်ရှေ့က ထင်းပုံကြီးကို မိုးတွေမိတာနဲ့ ထင်းချောင်း တွေကို မေမေတို့တွေ ဒရောသောပါး သယ်ယူပြီး အိမ်အောက်ကို သွင်းကြရ တယ်၊ ဒီအချိန်မှာ မင်းကို တယောက်ထဲ အိမ်ပေါ်မှာ ထားခဲ့လို့ မရဘူး မေမေချော့တာလဲ မရဘူး ...
ဒါနဲ့ မေမေလဲ စိတ်ပေါက်ပေါက်ရှိလို့ ဖြစ်ချင်တာ ဖြစ်ရော ဟယ်လို့ ခမောက်စုတ်ကလေး တချပ်ကို ခေါင်း ဆောင်ပေးလိုက်တယ်။

လူကလေးဟာ ဒီတော့မှ သဘောကျသွားပြီး ကိုယ်နိုင်တဲ့ ထင်းကလေး တခြမ်းတခြမ်းကို မေမေတို့နဲ့ လိုက်ပြီး သယ်လိုက်တာဟာ ထင်း ၅၀၀ အားလုံးကုန်လို့ မေမေတို့ ပြီးတော့မှဘဲ ရပ်တော့တယ် အဲဒီ နေ့မှာဘဲပေါ့ အိမ်အောက်က ထင်းပုံပြီး ထွက်အလာမှာ တိုင်ကြားထဲက နေပြီး မင်းကို ကင်းထိုးလိုက်တာ ကင်းမြီးကောက်ကြီး... ဒါကို မင်းဟာရှုံ့မဲ့ပြီး ခံနေတယ်။ ကလေးက မငိုဘူး၊ မေမေဖြင့် အံ့တာဘဲ " ရှင့် သားကြီးရင် လူတေကလေး ဖြစ်လိမ့်မယ်ထင်တယ်" လို့ ပြောမိတော့ မင်းဖေဖေက မခံနိုင်ဘူးလေ"

" ဒါဟာ သတ္တိကွဲ့၊ ပေတာ တေတာမဟုတ်ဘူး၊ ဒီလိုဇွဲရှိ သတ္တိမျိုးမှ ဘ၀တလျှောက်လုံးမှာ ဘယ်လိုဒုက္ခနဲ့ တွေ့ရတွေ့ရ ဖြေရှင်းနိုင်လိမ့်မယ်လို့ စိတ်ချရတာ၊ ငါတော့ ငါ့သားကို ကြည့်တယ်ဟေ့၊ သူ့နာမည်ကိုလဲ "အောင်နိုင်" လို့ မှည့်ရမယ်တဲ့၊ ပြောတဲ့အတိုင်းပါဘဲကွယ်၊ အဲဒီနေ့က စပြီး ဖိုးနီလို့ ခေါ်နေတဲ့ မင်းရဲ့ ငယ်နာမည် ကို ဖျောက်ပြီး "အောင်နိုင်"လို့ စ ခေါ်ခဲ့တာ "
သူ့မိခင် မကွယ်လွန်မီက လသာသော ညဦးများမှာ ဖခင်အကြောင်းကို စကားစပ်၍ ပြောမိကြပြီဆိုလျှင် သူ့အား အောင်နိုင်ဟု မှည့်ခေါ်ရသော ဤအကြောင်းကလေးကို ပုံပြင်ကလေးပမာ ပြန်လည် ပြောပြ တတ်ကာ ယုံကြည်ကိုးစားလှသော မျက်နှာထားမျိုးဖြင့် သူ့ကို စေ့စေ့ ကြည့်နေတတ်ခဲ့သည်။

သူ ဆယ်နှစ်သားလောက်မှာ မေမေပါ ကွယ်လွန်သွားပြန်တော့လည်း မေမေသည် အောင်နိုင်အား ကျောင်းထားရစ် ပါမည့်အကြောင်းကို သူ့မောင်တော်သူအား တဖွဖွ မှာထားရစ်သည်။
မေမေ့ မောင်ဖြစ်သူ ဦးလေးကြွယ် ဆိုတာကလည်း မည်မျှ စေတနာထားသည်တိုင် လက်လုပ်လက်စားမျှ သာဖြစ်ရာ သူတို့ နေရေးစာရေး မချောင်လည်သေးသမျှ ကျောင်းမထားနိုင်၊ အောင်နိုင် ၁၂ နှစ်သားရှိ၍ ဦးလေး များ အနည်းငယ် ချောင်လည် လာတော့မှသာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင်ကျောင်းသို့ ပို့အပ် ခြင်းခံရသည်။
သို့တိုင်အောင်လည်း ကျောင်းသက်က တာမရှည်နိုင်ရှာ။ ဦးလေးများ၏ နေရေးစားရေးက ဒုံရင်းသို့ ပြန်ရောက်ခဲ့သည်သာ ရေကြည်ရာ မြက်နုရာဆိုသလို ဆွေမျိုးများရှိရာ တောင်ပိုင်းသို့ပင် ပြောင်းရွှေ့သွား ခဲ့ရသည်။

ဤအထဲကပင် ဘုန်းကြီးကျောင်းသားဖြစ်လိုက်၊ နွားကျောင်းသားဖြစ်လိုက်၊ ဆိုက်ကားသမား ဖြစ်လိုက်နှင့် ကျင်လည်ခဲ့ရသော သူ့ဘ၀မှာ ယခုဖြင့် လူသတ်တရားခံ ထောင်သား ဘ၀နှင့် အဖတ်ဆည်မရအောင် နစ်မွန်း ခဲ့ရပေပြီ။
" မေမေတို့ ဖေဖေတို့ရေ ... ကျွန်တော်ဟာ အောင်နိုင်မဟုတ်တော့ဘူး၊ ရှုံးပြီး အရူံးကြီးရှုံးပြီ ... "
ထောင်အလုပ်ကြမ်းများကို သက်မဲ့ စက်ကရိယာတခုလို လုပ်ကိုင်နေရင်းမှ သူ့မိဘများကို တမ်းတ တိုင်တည် ခဲ့ရသည့် ကြိမ်ပေါင်းမှာလည်း မနည်းတော့၊ သည်အထဲမှာ သူ့ဘ၀၏ ရှုံးချက်နာပုံကို နင့်နင့် နာနာ အတွေးမိဆုံးကတော့ အေးတယောက်လာပြီးတိုင်းမှာဖြစ်သည်။ ကြိတ်မနိုင်ခဲမရနှင့် အောင့်အည်း သည်းခံ နိုင်စွမ်း မရှိတော့သည်တွင်ကား အေးအား ဖွင့်ဆိုခဲ့ရသည်။

" အေးရယ် ... ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ကိုယ့်ကို လာမတွေ့စမ်းပါနဲ့တော့ကွယ် ... အေးပြန်သွားရင် ကိုယ့်အသဲ တွေဟာလဲ မွမွကြေပြီး ကျန်ရစ်ပြီထင်မိရတယ် ... "
မည်သို့ပင် ဆိုစေ၊ အေးတယောက်ကတော့ သူ့စကားကို နားဝင်နိုင်ခြင်း မရှိသည့်ပမာ သူ့လက်မောင်းကို အား ရှိလောက် ကိုင်ညှစ်ကာသာ မျက်ရည်ရွှဲရွှဲ ခေါင်းတရမ်းရမ်း လုပ်နေတတ်သည်။ ထိုနှစ်က အေးသည် မက်ထရစ် မအောင်မြင်ဘဲ ဟိုက်စကူးဖိုင်နယ်မျှသာ အောင်မြင်ခဲ့ရာ အိမ်မှာ စာပြန်ကြည့်ပြီး မက်ထရစ်ကို အလွတ် ၀င်ဖြေရန် စီစဉ်ထားသည်မို့လည်း ဤမျှ လွတ်လပ်ခွင့်ရနေခြင်းဖြစ်သည်။
နောက်ဆုံးတော့ အောင်နိုင်သည် ဘွင်းဘွင်း ရှင်းရှင်း ဖွင့်ဟကာပင် အေးအား တောင်းပန်သမျှ ပြုရလေ၏။ ဒါကိုပင် တပါးသူများပါ အရောရောအနှောနှောနှင့် ထောင်ဝင်စာတွေ့ကြချိန်မှာ ပြောနိုင်ရန် ခက်သည်မို့ ဖြစ်နိုင် အောင် ကြံဖန်ပြီးတော့သာ စာကလေးတစောင်ကို ရေးပေးလိုက်ရသည်။

အေး ...
ကိုယ်တော့ မတတ်သာတဲ့အဆုံးမို့ စာတတန် ပေတထောက်နဲ့သာ ကိုယ့်ဆန္ဒကိုဖွင့်ဆိုရတော့တာဘဲကွယ် ...
အေးတယောက် ကိုယ့်အပေါ်မှာ စေတနာ ထားနိုင်လွန်းလို့သာ လာတွေ့နေတယ်ဆိုတာလဲ ကိုယ် သိပါတယ်၊ ဒါပေမဲ့ ကိုယ့်ဘ၀ဟာ အေးရဲ့ စေတနာနဲ့ မထိုက်တန် မအပ်စပ်လွန်းလို့ဘဲ ထင်ပါရဲ့၊ အေးကို မြင်တွေ့ရတိုင်း မှာ ကိုယ်ဟာ ရှုံးချက်နစ်နာလှတဲ့ ကိုယ့်ဘ၀အတွက် ဖြေမဆည်နိုင်အောင် ဖြစ် ဖြစ်လာ  ရတယ်။

ကိုယ့်အတွက် စိတ်သက်သာစရာကို ကိုယ်ရှာကြည့်တော့လဲ တခုဘဲ တွေ့ရပါတယ်။ ဒါကတော့ အေး တယောက် ကိုယ်နဲ့ ကင်းလွတ်ရာမှာ မေ့မေ့ပျောက်ပျောက်နေလိုက် စေချင်တာဘဲဖြစ်ပါတယ်။ အပြောင်းအလွဲ ထွေထူးလှတဲ့ စိတ်သဘာဝအတိုင်း အခု ဒီလိုဖြစ်စေချင်တဲ့ ဆန္ဒဟာ ဘယ်လောက် တာရှည် တည်မြဲမယ် ဆိုတာကိုတော့ ကိုယ်မခန့်မှန်းတတ်ဘူးပေါ့။
ဒါပေမဲ့ အခု လောလောဆယ်မှာတော့ (ကိုယ့်ကို စိတ်ပြော့ညံ့သူလို့ ဆိုချင်ဆို) ခု အတိုင်းဘဲ ဖြစ်စေချင်ပါ တယ်။ အေးအနေနဲ့ အောင်နိုင့်အတွက် သက်ညှာငဲ့ကွက်စရာတစွန်းတစ ရှိအုံးမယ်ဆိုရင် ကိုယ့်ဆန္ဒကို လိုက်လျော သမှုနဲ့သာ သက်ညှာ နိုင်ပါစေလို့ မြှော်လင့်တာပါဘဲ...။

သည်စာကလေးကို လက်ခံရရှိ သွားတော့လည်း အေးသည် အောင်နိုင့်ဆန္ဒကို လိုက်လျောဖြည့်စွမ်းရှာပါ ၏။ ရန်ကုန် မှ သူ့ ကြီးကြီးထံ ပြန်သွားပြီး ပရိုက်ဗိတ် ကျူရှင်ယူဦးမည်ဟု ဆိုထား ထွက်ခွာသွားခဲ့သည်။
ထိုနှစ် အကုန်တွင် အေးသည် မက်ထရစ်ကို ကောင်းမွန်စွာ အောင်မြင်သွားခဲ့လေ၏။ သို့ရာတွင် ကျောင်း ရက်ရှည်ကြီး ပိတ်သည်တိုင်အောင် ပြန်မလာ၊ ဒေါ်ဒေါ်စောမှ တဆင့်သာ အောင်နိုင့်ထံသို့ စာတစောင် လာသည်။

စာထဲတွင် အေးသည် မည်သည့်အလွတ် ပညာသင်ကျောင်းမျှ မတက်ဘဲ ကိုကိုလွင့်ထံမှသာ အချိန် အနည်းငယ်ယူ၍ သင်ခဲ့ကြောင်း၊ ယခု မက်ထရစ်ကို အင်္ဂလိပ်စာ ဂုဏ်ထူးနှင့် အောင်မြင်သဖြင့် ကျောင်း ဖွင့် လျှင် တက္ကသိုလ်တွင် ဆက်လက်နေဦးမည်ဖြစ်ကြောင်း။

ကိုအောင်နိုင်လည်း စိတ်အားမငယ်စေချင်ကြောင်း။ လိုအပ်ပါလျှင် ဖေဖေနှင့် ဒေါ်ဒေါ်ထံ အကူအညီ တောင်းရန် နှင့် အေးထံသို့လည်း တိုက်ရိုက်အကူအညီ တောင်းနိုင်ပါကြောင်းများ ပါရှိပေသည်။
အောင်နိုင်မှာလည်း အနေကြာလာတော့ ထောင်သားဘ၀နှင့် နေသားကျသလိုရှိလာသည်။ သူ့ ချစ်ခဲ့မိပြီ ဖြစ်သော အေးတယောက်အား သူ့သဲလွှာထဲမှ ဖျောက်ဖျက်၍ မရနိုင်တော့ သည်တိုင်... သူ့မျက်မှောက်မှာ ပွန်းပွန်း တီးတီး မမြင်တွေ့ရသည်နှင့်စာလျှင် သူ့အတွက် အနေရ သက်သာသည်မှာ လည်း အမှန်ပင် ဖြစ် နေသည်။
သို့တိုင်အောင် ယခုလို အေးလက်ရေးနှင့် စာတစောင် ရရှိပြန်သည်တွင်မူ အောင်နိုင်သည် စာကလေးကို တယုတယ ပါးနှင့်အပ်ကာ ငေး၍ ဆွေး၍ ကောင်းသလို ရှိလာပြန်သည်။ သက်ပြင်း ရှိုက်ကာ ခေါင်းရမ်း ကာ နှင့်သာ သူ့စိတ်ကို အနိုင်တင်းရတော့လေ၏။
*
ရှင်လိင်ပြန်နေ့၊ မင်္ဂလာဆောင်နေ့၊ ထောင်က ထွက်သောနေ့များသည် ၀မ်းအသာဆုံးဟု ဆိုရိုးရှိသော်လည်း အောင်နိုင်အဖို့တော့ ထူးခြားလှသည်ဟု မထင်မှတ်မိချေ။
ထောင်မှ ထွက်ရသည်တိုင်အောင် ထောင်ထွက် ဟူသော အစွန်းကွက်ကြီးသည် ကပ်၍ ပါလာဦးတော့မည် ပင် မဟုတ်ပါလား ... "

အောင်နိုင်သည် သူထောင်ကထွက်သည့်နေ့မှာ ဒေါ်ဒေါ်စောက သူတို့အိမ်တွင် လိုက်နေရန်လာခေါ်သည် ကိုပင် ငြင်းဆန်လိုက်ကာ မြို့စွန်မှ အခန်းကျဉ်းကလေးတခန်းကို သူ့ဖာသာ ငှားနေလိုက်သည်။
အဆိုး ထဲမှ အကောင်းကို ရှာကြည့်မည်ဆိုလျှင်တော့ ... အောင်နိုင်သည် သူ့အား ထောင်မှ အမွေပေးလိုက် သော ကြိမ်ထိုး ကြိမ်ယက်ပညာကို အသက်မွေးလုပ်ငန်းအဖြစ် ကောင်းစွာ အသုံးချနိုင် နေခြင်းပင်ဖြစ်လေ၏။

လက်ဆွဲခြင်း၊ လဘက်ရည်ခြင်း၊ လက်တွန်းလှည်း၊ ကုလားထိုင် စသော ကြိမ်ထည်များယက်လုပ်ခြင်း၊ ပျက် စီး နေသည့် သစ်သားဘောင်ကွပ် ကြိမ်ကုလားထိုင်များကို အသစ်ပြုပြင်ပေးခြင်းတို့ဖြင့် ၀င်ငွေ ကောင်းစွာ ရသည်သာမက၊ အားလပ်ချိန် နည်းနိုင်သမျှနည်း၍ အတွေး မပြန့်ပွားအောင်လည်း ပြုလုပ်ရပေသည်။

အောင်နိုင်တယောက် သူ့ဘ၀ ၀န်ကိုကုန်းကာ ရုန်းကာ ထမ်းဆောင်နေရဆဲဖြစ်သော ဤအချိန်တွင် အေး တယောက် ကတော့ ဥပစာ အပိုင်း(က) စာမေးပွဲကို ဖြေဆိုနေသည်ဖြစ်ရာ သည်တကြိမ် စာမေးပွဲ ဖြေဆိုပြီး လျှင် အိမ်သို့ ပြန်လာဦးမည်ဖြစ်ကြောင်းကို ကြိုတင် အကြောင်းကြားထားသည်မို့ ဦးဖေတင်ကိုယ်တိုင်ပင် သွားရောက် စောင့်ခေါ်နေရကြောင်းကိုလည်း ဒေါ်ဒေါ်စောထံမှ ကြားသိရလေသည်။
အောင်နိုင်သည် အေးတို့၏ အကြောင်းကို ပြောသူရှိí ကြားလာသည်မျတပါး သူနှင့်ဘာမျှမပတ်သက်တော့ သလို မေ့နိုင်သမျှ မေ့ပျောက်အောင် ဖျောက်ဖျက်ထားလေ၏။
တကယ် တော့လည်း သူ့အဖို့မှာ အပိုအမို စိတ်ဒုက္ခ၀န်လေးများကို ထမ်းဆောင်ရသည်မှာ ပင်ပန်းလှချေပြီ။

ထိုတနေ့ကမူ အောင်နိုင်သည် ဈန်သမာပတ်ဝင်စားနေသူတယောက်လို ကြိမ်ထည်တွေကိုချည်း စူးစိုက် လုပ်ကိုင်ရလွန်း၍ ဇက်ကြောများ တောင့်ပြီး တ၀ါးဝါး သန်းဝေလာသည်နှင့် အလုပ်ကို ရပ်ဆိုင်းပစ်လိုက်ရ သည်။
ဤထိအောင် သူဇွဲကြီးမည်လို့သာ ကြီးနေရပေမင့် အချိန်ကလည်း အမှောင်ထုလွှမ်းစပြုနေပေပြီ၊ သူ့တွင် တော့ ထမင်းလည်း မချက်ရသေး၊ ရေပင်လည်း မချိုးရသေးယခုလည်း ဒါတွေကို လုပ်ချင်စိတ်ကို မပေါ်လာသေးသည်နှင့် အောင်နိုင်သည် သူ့နဘေးရှိ ထင်းရှူးသေတ္တာကလေးပေါ်မှ ရေနံဆီမီးခွက်ကလေး မှိန်တုတ်တုတ်ကိုသာ မီးထွန်းညှိလိုက်ပြီးလျှင်၊ လက်မောင်းကို ခေါင်းအုံးကာ ကြမ်းပြင်ပေါ်မှာပင် တုံးလုံးပစ် လှဲနေလိုက်သည်။ သို့တိုင်အောင် ...။

" ကိုအောင်နိုင် ... ကိုအောင်နိုင် ရှိသလားဟင် ... "
မပွင့်တပွင့် နှင့် ခပ်အုပ်အုပ်ခေါ်နေသော အသံကလေးတသံက အနှောင့်အယှက်ပြုလာပြန်လေသည်။ အောင်နိုင် မှာ တံခါးဝဆီသို့ ခေါင်းထောင်ကြည့်ရပြန်လေ၏။ အလင်းရောင် ဖျော့ဖျော့ကလေးသာ ကျရောက် နေသော တံခါးဝတွင် နွဲ့နွဲ့ကလေးလာရပ်နေသူကတော့ အေး ...။
" ဟင် ... အေး ... ဘယ်တော့က ပြန်ရောက်လာသလဲ၊ မိုးချုပ်လှပါရောလား ... တယောက်ထဲလား... "
အောင်နိုင် က ပျာပျာသလဲပင် လူးလဲ၍ ထပြီး မေးလိုက်ရသည်။

" အဟင်း ... ဟင်း ... ဟင်း ... " အေးကတော့ အောင်နိုင့် အမေးစကားများကို လုံးဝဂရုထားနိုင်ပုံ မရသေးဘဲ အသံခပ်ညှင်းညှင်းကလေးနှင့် ရယ်နေသည်။
" မျက်စိများ ရှန်းလိုက်တာ ... ကိုအောင်နိုင်တယောက်လုံးကို အေး မမြင်မိဘူး သိလား ... "
အေးသည် စကားကိုတော့ ခပ်ကျယ်ကျယ်ပင် ပြောလိုက်ကာ လှမ်းဝင်လာခဲ့သည်။ ပြီးတော့ ထိုင်တော့မလို ထတော့မလို ဖြစ်နေသော အောင်နိုင့်နဘေးမှာ လက်ကလေး နောက်ပစ်ထောက်ပြီး ခြေဆင်းကလေးနှင့် အေးအေးလူလူပင် ထိုင်ချလိုက်သည်။ " တယ်ခက်ပါလားအေး" အောင်နိုင်မှာသာ စိတ်ရှုပ်ထွေးစွာဖြင့် ညည်းညူ လိုက်ရလေ၏။

" မိုးချုပ်နေ၀င်မှာ တယောက်ထဲ အတင့်ရဲရသလားဟင်၊ ဒေါ်ဒေါ်တို့ ဦးတို့ကလဲ အဖော်ကလေးများဘဲ ထည့်လိုက်ပါအုံးတော့၊ မပြောကောင်း မဆိုသာ ဆိုသလို ... "
အောင်နိုင်က စကားကို ဆုံးအောင် ဆက်မပြောတော့ဘဲ တပိုင်းတ၀က်နှင့် ရပ်လိုက်ကာ အေးကိုသာ စူးစိုက် ကြည့်နေမိသည်။
အစိမ်းနုရောင် နိုင်လွန်လက်ပြတ် အင်္ကျီကလေးနှင့် ကူတယ်လုံချီမိုးပြာရောင် အပွင့်ကြဲကြဲကို ၀တ်ဆင်ပြီး ကျစ်ဆံမြီး ကျစ်ကာ ဆံထုံးမြင့်မြင့်ကလေး ထုံးထားသော အေးမှာ သူနှင့်ကွဲကွာနေသော အချိန်များအတွင်း တွင် ပိုမိုပြီး ဖွံ့ထွားစိုပြေလျက်ရှိနေသည်။

သည်လိုနှင့်မှ စိတ်ဓာတ်နှင့် အနေအထိုင်ကို မပြောင်းသေးရင်တော့ဟု သူ့မှာသာ အခြာက်တိုက် ရင်လေး နေရပြန်သည်။
အေးကလည်း အောင်နိုင်၏ အခန်းကျဉ်း ကလေးကိုသာ မျက်စိကစားနေကာ ဘာတခွန်းကိုမျှ ပြန်ပြော ဖော်မရသေးပေ။
" ကဲ ... ကြာကြာနေလို့တော့ မဖြစ်သေးဘူးအေး ... ဦးတို့ စိတ်ပူနေမှာစိုးရတယ်၊ ကိုယ်လိုက်ပို့ပေးမယ်"
" မပူပါဘူး ကိုအောင်နိုင်ရာ ... အေးလာတာသူတို့သိကြတာမှ မဟုတ်ဘဲ၊ နောက်ပြီး အေးကလဲ ပြန်သွား ဘို့လာတာမှ မဟုတ်တာ၊ ဘာလဲ ... မျက်လုံးပြူးပြူးကြီးနဲ့ ကြည့်နေလိုက်တာကိုက မရှင်းသေးဘူးလား၊ ဒီ့ ထက် ရှင်းအောင် ပြောရအုံးမှာလား ... "

အေးကတော့ ပြောင်စီစီပြုံးလျက်မှပင် အောင်နိုင်မေးဖျားကို လက်ကလေးတဖက်ဖြင့် ပင့်ကိုင်ပစ် လိုက် သည်။
" ဟင် ... ကိုယ်တော့ ဘာဖြစ်ချင်ပြန်တယ် မသိတော့ပါဘူးကွာ ... အေးဘဲရူးနေသလား ... ကိုယ်ဘဲ ရူးတော့မှာလားလဲ မသိတော့ပါဘူး "
အောင်နိုင်က ဒူးနှစ်လုံးကို လက်နှင့် ပိုက်ပြီး ခေါင်းငိုက်စိုက်ချနေလိုက်သည်။ ဆံပင်အတွန့်အကွေးတခုမှာ သူ့နဖူးပေါ် သို့ ၀ဲကျနေ၏။ အေးက ခပ်ဟက်ဟက် ရယ်ပစ်လိုက်သည်။
" အဟက် ... ဟဲ ... ရူးမယ့် ရူးရင်လဲ တယောက်ထဲတော့ မရူးပါရစေနဲ့ ကိုအောင်နိုင်ရယ် ... နှစ်ယောက်လုံးဘဲ တူတူရူးကြပါမယ်နော် ... "
" ပြောပြော ... အေး ... မင်းပြောချင်တာတွေသာ လျှောက်ပြောနေပေတော့" အောင်နိုင်မှာ မချင့်မရဲနှင့် အေး ကိုသာ ခပ်စူးစူးကြည့်ပြီး မာန်ပါပါပြောပစ်လိုက်သည်။

" ပြောရအုံးမယ် ... ပြောရအုံးမယ် ... ကိုအောင်နိုင်ရေ့ ... တညလုံးနားထောင်နိုင်ရင် တညလုံးပြောစရာ စကား တွေ အေးမှာ ရှိနေခဲ့တာဘဲ။
အေးက မျက်လုံးအိမ်ကလေး ဒေါင့်ကပ်ပြီး ပြောနေပြန်လျှင် အောင်နိုင်မှာ ဖြစ်ချင်တာ ဖြစ်ကရော့လို့ လက် လျှော့ပြီး ဟင်း ရှည်ကြီးကို ချလိုက်ရပြန်သည်။ " အေးဖြင့်လေ ... "ဟု အေးကပင် စကားဆက်နေပြန်၏။

ဆက်ရန်
.

No comments: