Saturday, April 23, 2011

ဗန်းမော်တင်အောင် ၏ စာရေးဆရာ နှင့် လွတ်လပ်မှု

မြုံးမိနေတဲ့ ငါးများအကြောင်း (သို့မဟုတ်) စာရေးဆရာ နှင့် လွတ်လပ်မှု
ဗန်းမော်တင်အောင်

(၁)

"ဦးလေးကို မင်းရှင်ကြီးက ဦးလေးကို အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် တိုင်ပင်ချင်တယ်ဆိုပြီး တိုက်က လာ လာ စောင့်နေတာ သုံးလေးရက်တောင်ရှိသွားပြီ"
"ဟေ ဟုတ်လား"
ကျွန်တော်သည် အလန့်တကြား အာမေဍိတ်ပြုလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဦးလေးကို   မင်းရှင်ကြီး နှင့် အရေးကြီးတဲ့ ကိစ္စတစ်ခုဆိုတာ အကြောင်းအရာများပါရှိသောကြောင့် ဖြစ်လေသည်။ စာရေးဆရာ မင်းရှင် သည် ကျွန်တော်နှင့် စာရေးဖော် စာရေးဖက် မိတ်ဆွေတစ်ဦးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးလောက်မှစ၍ အတူတကွ စတင်စာရေးသူများလည်းဖြစ်လေသည်။ ကျွန်တော်တို့ နှစ်ဦး၏ မိတ်ဆွေသက်တမ်း သည် တစ်ဆယ့်ငါးနှစ်ကျော်ကျော်၊ တစ်ဆယ့်ခြောက်နှစ်နီးပါးမျှပင် ရှည် လျားကြာမြင့် ခဲ့ပေပြီ။

ထိုကဲ့သို့ စာရေးဖော် စာရေးဖက်နှင့် အလွန်တစ်ရာ ခင်မင်ရင်းနှီးသော မိတ်ဆွေ တစ်ဦးက "အရေးကြီးတဲ့ ကိစ္စ တစ်ခုအတွက် တိုင်ပင်ချင်၍" ကျွန်တော့်အား လူချင်းတွေ့ဆုံနိုင်ရန် ရှုမ၀ မဂ္ဂဇင်းတိုက်သို့ သုံးလေးရက် မျှပင် အပင်ပန်းခံ၊ အချိန်ကုန်ခံကာ လာရောက်စောင့်သည်ဟု ကြားသိရ သောအခါ ကျွန်တော် သည် အလန့်တကြား အာမေဍိတ်ပြုလိုက်မိခြင်းမျှသာ ဖြစ်လေသည်။
စာရေးဆရာ မင်းရှင်၌ အဘယ်ကဲ့သို့သော အကြောင်းကိစ္စများ ပေါ်ပေါက်လျက်ရှိသနည်း။ ထိုမိတ်ဆွေ တစ်ယောက် ကို ကျွန်တော့်အနေနှင့် အဘယ်ကဲ့သို့ ကူညီရမည်နည်း။ ထိုအတွေးများသည် ကျွန်တော် ၏ခေါင်းထဲ သို့ အစီအရီ ၀င်လာကြလေသည်။

"ကနေ့ညနေ ငါးနာရီလောက် တိုက်ကို သူ လာခဲ့ဦးမယ်လို့ ကျွန်တော့်ကို ပြောသွားတယ်။ ဦးလေး လာ ရင်လည်း သူနဲ့ တွေ့အောင် ဆက်ဆက်စောင့်ခိုင်းထားပါလို့ တတွတ်တွတ် မှာသွားသေးတယ်" ရှုမ၀ မဂ္ဂဇင်းတိုက်၏ စာတည်းအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သော ကဗျာဆရာ မောင်ဆွေတင့် က စာရေးဆရာ နှစ်ဦးတို့၏ အကြားတွင် ထမ်းဆောင်ပေးရန် ၎င်းယူဆောင်ထားဟန်ရှိသောတာဝန်ကို စေ့စေ့စပ်စပ်နှင့် ပြေလည် ပြီးဆုံး အောင် ထမ်းဆောင်နေလေသည်။

ရှုမ၀မဂ္ဂဇင်းတိုက်သို့ ကျွန်တော်သည် တစ်နေ့လျှင် တစ်ခေါက်လောက်တော့ ရောက်နေကျဖြစ်သည်။ သို့ရာတွင် ထိုရက်များအတွင်းက ကျွန်တော် ရက်သတ္တပတ်မျှ မရောက်အားနိုင်ခဲ့ချေ။ အခြားကိုယ်ရေး ကိုယ်တာ ကိစ္စများက ကျွန်တော့်၏အာရုံကို တောင်းဆိုနေကြသောကြောင့် ဖြစ်လေသည်။
ကျွန်တော် သည် မောင်ဆွေတင့်ကို ဦးခေါင်းညိတ်ပြလိုက်ပြီးနောက် ရှုမ၀မဂ္ဂဇင်းတိုက်၏ ဧည့်ခန်း ဆောင်၌ ရောက်ရှိ နေနှင့်သော စာရေးဆရာ၊ ပန်းချီမိတ်ဆွေတစ်သိုက်နှင့် သွားရောက်ပူးပေါင်းလိုက် သည်။

ထိုနေ့ ညနေခင်းက စာရေးဆရာနှင့် ပန်းချီဆရာများအသိုက်တွင် စာရေးဆရာ ဂုဏ်ဝင်း၊ သန်းဆွေ၊ ၀င်းဦး နှင့် ငွေဥဒေါင်း တို့အပြင် ပန်းချီဆရာ ကိုအောင်စိုး တစ်ယောက်လည်း ပါရှိလေသည်။ ကျွန်တော် သည် ၎င်းတို့ လူသိုက် နှင့်သာ ရော၍ထိုက်လိုက်ရသော်လည်း ၎င်းတို့နှင့် အာလာပ သလ္လာပစကားများ ကို ပြောဆိုခြင်း မပြုသေးဘဲ "ရဲဘော် အောင်ဒင်"၀တ္ထု၏ စက်ပရုပ်ကို ရှုမ၀ဖိုမင်များက လာ၍ပေးနေသ ဖြင့် ကြည့်ရှု့ နေသေးသည်။ စက်ပရုဖ်ကို မလွှဲသာ မကင်းသာ၍ ကြည့်ရှုခြင်းပြုနေရသော်လည်း တစ် ဖက်သော ကျွန်တော်၏ နားသည် ထိုမိတ်ဆွေများပြောနေကြသော အကြောင်းအရာများကို စွင့်လျက်ရှိ လေသည်။

ငွေဥဒေါင်းသည် ရှုမ၀မဂ္ဂဇင်းတိုက်ရှင် ဒါရိုက်တာဦးကျော် နှင့် ကြေးမုံသတင်းစာအကြောင်းကို ပြောဆို နေသည်။ ငွေဥဒေါင်းသည် ကြေးမုံသတင်းစာတွင် အယ်ဒီတာအဖွဲ့ဝင်တစ်ဦးဖြစ်ပေသည်။
စာရေးဆရာ သန်းဆွေ သည် ဗဂျီအောင်စိုးနှင့် စကားပြောဆိုနေသည်။ သန်းဆွေသည် ရှုမ၀မဂ္ဂဇင်း၏ တာဝန်ခံ စာတည်းတစ်ဦး ဖြစ်၍ သူ ဖတ်ရှုစစ်ဆေးနေသော စာမူများကို လက်တစ်ဖက်တွင် ကိုင်ရင်း အချိန်ပိုင်း နှင့် သူအလုပ်လုပ်ပေးနေရသော မိုးကြိုးသတင်းစာအကြောင်းကို ပြောဆိုနေသည်။ ဗဂျီ အောင်စိုး ကလည်း ၎င်း၏ပန်းချီကားများအကြောင်းကို မပြောနိုင်ရှာချေ။ သူ့မင်းသားအဖြစ်နှင့် ပါဝင် သရုပ်ဆောင် နေရသော စာရေးဆရာ၊ ဒါရိုက်တာ သုခ၏ "မိုးလုံးပတ်လည်" ရုပ်ရှင်ကား အကြောင်းကို ပြောဆို နေသည်။

ထို့အတူ စာရေးဆရာ ၀င်းဦးနှင့် ဂုဏ်ဝင်းတို့သည်လည်း စာပေအကြောင်းကို ပြောဆိုခြင်းမပြုနိုင်ရှာဘဲ ၀င်းဦး က ရုပ်ရှင်လုပ်ငန်းအကြောင်းကို လည်းကောင်း၊ ဂုဏ်ဝင်းက ဓာတ်ဆီအကြောင်းကို လည်း ကောင်း၊ ပြောဆိုခြင်း ပြုနေကြပေသည်။ ၀င်းဦးသည် နာမည်ရစာရေးဆရာတစ်ဦးမျှသာ မဟုတ်သေး၊ ရုပ်ရှင်ကုမ္ပဏီ များက သူ့ထက်ငါ အလုအယက် အဆွဲခံနေရသော ရုပ်ရှင်ပညာသည်တစ်ဦး ဖြစ်နေ သေးသည်။ ထို့အတူ အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန်၏ "အရိုင်း ခေါ် သံ"၀တ္ထုကြီးကို မြန် မာဘာသာသို့ မိမိရရနှင့် ပိုင်ပိုင် နိုင်နိုင် ပြန်ဆိုခြင်းပြုခဲ့သော စာရေးဆရာ ဂုဏ်ဝင်းတစ်ယောက်သည် လည်း ရေနံကုမ္ပဏီကြီး တစ်ခု တွင် အရာရှိကြီးတစ်ဦး ဖြစ်နေသေးသည်။

"ရဲဘော် အောင်ဒင်"၏ စက်ပရုဖ်များသည် တစ်စုံတစ်ခေါင်းကြီးပင်ဖြစ်နေသည်။ ရက်သတ္တတစ်ပတ် ကြာမျှ ၎င်း တို့ကို ပစ်ထားသော စာရေးဆရာများ အပြစ်ဒဏ်ပေးသည့်အနေနှင့် တစ်ပုံတစ်ခေါင်းကြီး လာချ ပေးသွားဟတ်တူသည်။ မိမိအပြစ်နှင့် မိမိဖြစ်နေ၍ ကျွန်တော်သည် မိတ်ဆွေစာရေးဆရာများ၊ ပန်းချီဆရာ များနှင့် စကားပြောဆိုခြင်းမပြုနိုင်ဘဲ စက်ပရုဖ်များကို တစ်ရွက်ပြီးတစ်ရွက် ဂရုတစိုက် ပြင် ဆင် ပေးရတော့သည်။ သို့နှင့် ကျွန်တော်၏အပြစ်ဒဏ်ကို ထမ်းဆောင်ပြီးစီးသောအခါ ခပ်စောစောက စာရေးဆရာ နှင့် ပန်းချီဆရာများသည် ရှုမ၀မဂ္ဂဇင်းတိုက်၏ဧည့်ခန်းဆောင်၌ တစ်ယောက်တလေမျှ မရှိ ကြ တော့ချေ။

အိမ်ရှင်ဖြစ်သော ရှုမ၀ဦးကျော်သည်ပင် အလုပ်များနေသော စာရေးဆရာ ဧည့်သည် ကို သည်းညည်း ခံနိုင်ဟန် မရှိတော့၍ မည်သည့်အချိန်က အဘယ်သို့ထွက်သွားလေပြီမသိ။
ပြင်ဆင်ပြီးစီး သွားပြီဖြစ်သော  "ရဲဘော် အောင်ဒင်"၀တ္ထု၏ စက်ပရုဖ်များကို သက်ဆိုင်ရာ ဖိုမင်လူကြီး များအား ပေးကမ်းလိုက်ပြီးနောက် ဧည့်ခန်းလယ်မှ တိုင်ကပ်နာရီကြီးကို မော့၍ကြည့်လိုက်သောအခါ ငါးနာရီ ထိုးနေလေပြီ။ ဒီတော့မှာပင် စာရေးဆရာမင်းရှင်ကို သတိရတော့သည်။ ထိုသို့ သတိရချိန်တွင် ပင် သုံးဘီး ကားကလေးနှင့် ကတိုက်ကရိုက် ရောက်ရှိလာသော စာရေးဆရာမင်းရှင်သည် ကျွန်တော် ထိုင်နေသော ရှုမ၀မဂ္ဂဇင်းတိုက်၏ ဧည့်ခန်းအတွင်းသို့ ပျာရိပျာယာ ၀င်လာလေသည်။
(၂)

"ကနေ့လည်း တွေ့မှ တွေ့ပါမလားလို့ဗျာ" မင်းရှင်သည် သူ၏ထုံးစံအတိုင်း ၀မ်းသာအားရပြောဆိုလေ သည်။
ကျွန်တော်သည် ထိုင်ဖို့ရန် မေ့နေဟန်ရှိသော ထိုမိတ်ဆွေ စာရေးဆရာကို အထိုင်ခိုင်းရလေသည်။
"မောင်ဆွေတင့် က သတင်းပေးလို့ သိတန်သလောက်တော့ သိထားပြီးပါပြီဗျာ။ ခင်ဗျားကိစ္စကိုသာ ပြောစမ်း ပါဦး"
ကျွန်တော်သည် ရှုမ၀တိုက်ပိုင်ရှင်က စားပွဲပေါ်တွင် မေ့ကျန်ထားခဲ့ဟန်တူသော နိုင်ငံခြားဖြစ် အကောင်းစား စီးကရက်ဘူးအတွင်းမှ စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိရင်း တိုက်တွန်းပြောဆို လိုက်ရ သည်။

"ခင်ဗျား အချိန်တော့ ပေးနိုင်ပါတယ်နော် ကိုအေးလွင်" လူတစ်ဖက်သားကို လွန်စွားအားနာတတ်ပုံရ သော မင်းရှင် က ၎င်းတိုင်ပင်ပြောဆိုလိုသောအကြောင်းအရာကို ပြောဆိုခြင်းမပြုဘဲ ကျွန်တော်၏ အနေအထား ကို ရှေးဦးစွာ စုံစမ်းမေးမြန်းလေသည်။ ထို့ကြောင့် မိမိသည် အလွန်တရာ လွတ်လပ်သည့် လူတစ်ယောက် ဖြစ်သည့် အကြောင်းကို မိတ်ဆွေ စာရေးဆရာအပေါ်၌ ဂုဏ်ယူဝင့်ကြွားဝါသကဲ့သို့ ကျွန်တော်သည် ပြန်လည် ပြောဆိုလိုက်သည်။

"ဒီလိုဆိုရင်တော့ ခင်ဗျားကို ကျွန်တော် အေးအေးဆေးဆေး တိုင်ပင်ချင်တာတစ်ခုကို တိုင်ပင်ရဦးမယ် ဗျာ"
"ပြောချင် တာသာ ပြောပါစေ။ ခင်ဗျားနဲ့ ကျွန်တော်ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် စကား ပလ္လင်ခံ နေကြရမယ့် လူချင်းတွေမှမဟုတ်တာပဲဗျာ"
အားနာတတ်ပုံရသော မင်းရှင်ကို ကျွန်တော်သည် အားနာခြင်းကင်းသွားအောင် ပွင့်ပွင့်လင်းလင်း ပြော ဆိုခြင်း ပြုလိုက်သည်။

မင်းရှင်၏နဖူးပြင်တွင် ချွေးသီးချွေးပေါက်များကို ကျွန်တော် သတိပြုမိသည်။ သူ့ကိုကြည့်ရသည်မှာ တစ်စုံတစ်ရာ ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ခြင်းပြုနိုင်ရန်အတွက် အရေးတကြီးစဉ်းစားချိန်ဆနေပုံ  လည်း ရလေသည်။ ထို့ကြောင့် သူ ပြောဆိုမည့်စကားကို ကျွန်တော်သည် ရင်တမမနှင့် နားစွင့်နေမိ သည်။

"ဒါ့ထက် ကိုအေးလွင်ရဲ့နေရေးထိုင်ရေး အခြေအနေရော ဘယ်လိုနေသေးလဲ" မင်းရှင်သည် သူ၏ကိစ္စ ကို မပြောသေးဘဲ ကျွန်တော်၏ကိစ္စကိုပင် မေးမြန်းနေပေသည်။
မင်းရှင်သည် ကျွန်တော်၏အကြောင်းကို သိရှိတန်သလောက် သိရှိထားသော မိတ်ဆွေတစ်ယောက် ဖြစ်လေသည်။ စာရေးဆရာတစ်ယောက်၏ဘ၀ကို ထူထောင်ရာတွင် ကျွန်တော်အဘယ်မျှနှင့် အဘယ် အထိ ဆင်းရဲဒုက္ခခံခဲ့ရသည်များကိုလည်း သူသည် သိရှိထားသူဖြစ်သည်။ ချိုငဲ့ရခြင်း၊ ခြိုးခြံရခြင်းနှင့် မင်းပြစ် မင်းဒဏ် ခံရခြင်းများသည် ကျွန်တော်၏ညီအစ်ကိုများ ဖြစ်လေသည်ကိုလည်း သူသည် သိရှိ ထားပေသည်။

"ဒီလို တူမ သစ်သစ်က ကောလိပ်ကို ဆက်သွားချင်တာဗျ ကိုမင်းရှင်၊ ဒါပေမဲ့ ကျွန်တော့်ဘ၀က ရေရာ စိတ်ချရတာ မဟုတ်တော့ ဆရာဖြစ်သင်ဖို့ ချော့မော့လွှတ်လိုက်ရပြီး ဆရာမအလုပ်ခိုင်းရတာပေါ့ဗျာ" ကျွန်တော် က စာရေးဆရာမိတ်ဆွေကို ရှင်းလင်းပြောကြားခြင်းပြုရလေသည်။

"မြိုင်တစ်ယောက်ရော အလုပ်လုပ်နေသေးသလားဟင်" ကိုမင်းရှင်သည် ကျွန်တော့်ကို ရင်းရင်းနှီးနှီး မေးမြန်း နေပြန်သည်။
ထိုမေးခွန်း ကို သူ မေးထိုက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် မင်းပြစ်မင်းဒဏ်ခံနေရ သော ကာလများတွင် မြိုင်သည် ကလေးများ ပညာသင်ကြားရေးမပျက်ရဖို့အရေးနှင့် အိမ်စရိတ်အတွက် အလုပ် လုပ်ရရှာသောကြောင့် ဖြစ်လေသည်။

"နိုင်ငံတော်အစိုးရမင်း များက ကျွန်တော့်ကို အငြိမ်းစားခွင့်ပေးတဲ့အခါကျမှသာ မြိုင်အလုပ်လုပ်ရတာပါ ကိုမင်းရှင်၊ ကျွန်တော် အငြိမ်းစားခွင့်က လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အချိန်တွေမှာတော့ မြိုင်အလုပ် မလုပ် ရပါဘူး"

"သစ်သစ်က တစ်ဖက် ၀င်ငွေကလေးရှိလာတော့ ချောင်ချောင်လည်လည် ရှိပါလိမ့်မယ်နော်" ကိုမင်းရှင် သည် ကျွန်တော့်ကို လူချင်းတွေ့ဆုံ၍ အရေးကြီးသော ၎င်း၏ကိစ္စတစ်ခုကို တိုင်ပင်ရန် သုံး လေးရက်မျှ အချိန် အကုန်ခံပြီးနောက် ကျွန်တော်နှင့် လူချင်းတွေ့ရသောအခါ သူ၏အရေးကြီးသော ကိစ္စအကြောင်းကို ဘာတစ်ခွန်းမျှမပြောသေးဘဲ ကျွန်တော်၏ကိစ္စများကိုသာ စိုးရိမ်ပူပန်လှစွာ မေးမြန်း နေလေသည်တကား။

သူ၏မေးခွန်းကို ကျွန်တော်သည် ပြန်၍မပြောတော့ဘဲ ပြုံးနေလိုက်မိသည်။ စာရေးဆရာတစ်ယောက် ၏ ဘ၀တွင် ကျွန်တော်၏၀င်ငွေသည် ဂဏန်းသုံးလုံးမျှပင် မပြည့်ဘဲ ကုန်ဆုံးသွားရသောလများ ရှိလေ သည်။ ထို့အတွက် ကျွန်တော်သည် ပူပန်ခြင်းမဖြစ်မိ။ မြိုင် ချက်ကျွေးသော ပဲဟင်းတစ်ခွက်တည်းနှင့် မြိန်မြိန် ရှက်ရှက် စားနိုင်လေသည်။ တစ်ခါတစ်ရံ "ကံစွပ်၍" ကျွန်တော်၏၀င်ငွေသည် တစ်လမကုန် တတ်မီ ဂဏန်းလေးလုံး ကျော်၍ ငါးလုံးအနီးသို့ပင် ကပ်လာတတ်သည်။ ထိုအခါများ၌လည်း ကျွန်တော် သည် ၀မ်းမသာ လှချေ။ မြိုင်က ဖွယ်ဖွယ်ရာရာချက်ပြုတ်လုပ်ကိုင်၍ တည်ခင်းကျွေးမွေးသော စနိုက် ကြော်၊ ဘဲပေါင်း ဟင်းချို၊ အာလူး ကတ်တလိပ် နှင့် ပဲသီးသနပ်များကို စားရသည်။ ထိုသို့ ဖွယ်ဖွယ်ရာရာ စားသောက် ရသောအခါများ၌လည်း ယခင် ပဲဟင်းတစ်ခွက်တည်းနှင့် ကျွေးမွေးစဉ်ကထက် ပို၍ကား မစား နိုင်ချေ။ ၀မ်းအပြင် အိတ်မရှိဆိုသော စကားတစ်ရပ်ရှိသည်မဟုတ်လော။

ကိုမင်းရှင်သည် ကျွန်တော်၏အဖြေကို မရရှိသောကြောင့် နောက်ထပ်မေးမြန်းပြောဆိုခြင်း မပြုတော့ ချေ။ ကျွန်တော့် ကိုသာ အားနာသော အမူအရာများဖြင့်ကြည့်နေသောကြောင့် "ကျွန်တော့်ကိစ္စနဲ့ အကြောင်း တွေကိုထားပါဦးဗျ၊ ခင်ဗျား တိုင်ပင်ချင်တယ်ဆိုတဲ့ ကိစ္စအကြောင်းကိုများ ပြောစမ်းပါဦးဗျာ" ဟု ကျွန်တော် ကပင် သူတိုင်ပင်လိုသည်ဆိုသော ကိစ္စအကြောင်းကို မေးမြန်းပြောဆိုလိုက်ရလေသည်။

"တခြားတော့ မဟုတ်ပါဘူးဗျာ"
သူသည် ထိုမျှသာပြောဆိုပြီးနောက် သူ၏စကားကို အဆုံးမသတ်ဘဲ ထားပြန်လေသည်။ ထို့နောက် သူ ပြောဆိုလိုသော စကားအကြောင်းအရာအတွက် ဝေါဟာရကို ရှာနေသကဲ့သို့ ငိုင်နေပြန်လေသည်။
ထုတ်ဝေသူ မေ့ကျန်နေရစ်ခဲ့ဟန်ရှိသော စီးကရက်ဘူးအတွင်းမှ ကျွန်တော်သည် စာရေးဆရာတစ် ယောက် အနေ နှင့် အခွင့်အရေးယူ၍ နောက်ထပ်စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်ပြန် သည်။ ထို့နောက် ထိုသူပြောဆိုသော စကားကို နားစွင့်နေမိသည်။

စာရေးဆရာ မင်းရှင် သည် အလွန်တရာ စာအရေးအသား ပိရိတိကျသူတစ်ယောက်ဖြစ်လေသည်။ သူသည် အထူးသဖြင့် ဝေါဟာရများကို စေ့စေ့စပ်စပ်နှင့် တိတိကျကျ သုံးစွဲတတ်ရုံမျှသာမဟုတ်သေး။ လှလှပပနှင့် ပိုင်ပိုင် နိုင်နိုင်လည်း သုံးစွဲတတ်သူတစ်ဦးဖြစ်လေသည်။ သို့ရာတွင် ကျွန်တော့်အား ထုတ်ဖော်တိုင်ပင် လိုသော အကြောင်းအရာအတွက် ထိုစာရေးဆရာသည် ၎င်းအသုံးပြုလိုသော ဝေါဟာရကို အတန်ကြာမျှ ငိုင်၍ စဉ်းစားရှာဖွေပြီး "ကျွန်တော် စာရေးဆရာလုပ်ဖို့ စဉ်းစားနေတာဗျ" ဟု ပြောဆို လိုက်လေ သည် တကား။
(၃)

ဒုတိယကမ္ဘာစစ်ကြီး အပြီးလောက်မှစ၍ "ရွက်ဝါမေ့ဘူးကွဲ့ သက်လယ်"စသော ၀တ္ထုများကို ရေးသား ကာ တိုင်းပြည်၌ များစွာ ထင်ရှားကျော်ကြားနေသော ဆရာမင်းရှင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးက "ကျွန်တော် စာရေးဆရာ လုပ်ဖို့ စဉ်းစားနေတယ်"ဟု စဉ်းစဉ်းစားစား ထုတ်ဖော်ပြောဆိုလိုက်ခြင်းကို ဘေးမှ တစ်စုံ တစ်ယောက်သာ ကြားသွားလျှင် ထိုစကားကို နားလည်နိုင်စရာအကြောင်း မရှိချေ။ ထိုကဲ့သို့ ကျွန်တော် သည် ထင်လေသည်။ သို့ရာတွင် ဝေါဟာရကို စေ့စေ့စပ်စပ်နှင့် တိတိကျကျ ရွေးချယ်၍ စဉ်း စဉ်းစားစား ပြောဆို လိုက်သော ထိုမိတ်ဆွေ စာရေးဆရာ၏စကားကို ကျွန်တော်သည် ကောင်းစွာနား လည်နိုင် ပေသည်။ ကိုယ်ချင်းလည်း စာနိုင်ပေသည်။

မင်းရှင်သည် အထက်တန်းအရာရှိကြီးတစ်ဦး၏ သားတစ်ယောက် ဖြစ်သည်။ နေအိမ်တွင် အကောင်း စား ပီယာနို ကို ထားရှိနိုင်သူတစ်ဦးလည်းဖြစ်သည်။ ကလောင်တံကို မကိုင်မီက သူသည် အမျိုးသား လွတ်လပ်ရေး အတွက် တိုက်ခိုက်ရန် ခက်ခက်ခဲခဲ ထူထောင်ဖွဲ့စည်းခဲ့ရသော မြန်မာ့သေနတ်ကိုင် တပ် ရင်းတစ်ရပ် တွင် သေနတ်ကို ကိုင်စွဲခဲ့ဖူးသော ရဲဘော်တစ်ဦးလည်းဖြစ်လေသည်။ ကိန္ဒီစာချုပ်နောက် ပိုင်း တွင် သူသည် သေနတ်ကို ပြန်ချကာ ကလောင်ကိုကိုင်စွဲသူဖြစ်လေသည်။ ကလောင်တံကို ၀ါသနာ အလျောက် အပျော်သဘော အနေ နှင့် ကိုင်စွဲရင်း ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြား ခဲ့သေးသည်။ ထို့နောက် သူသည် ဗမာ့တပ်မတော်သို့ ပြန်လည်ဝင်ရောက်ကာ ဗိုလ်ကြီးတာဝန်ကို နှစ် အတန်ကြာမျှ ထမ်းဆောင်ခဲ့သည်။ မြ၀တီမဂ္ဂဇင်းကို ကြီးကြပ်ခဲ့ရသည်။ ထို့နောက် တပ်မတော်နှုတ် ထွက်ခွင့် တောင်းပြန်ကာ မြန်မာ့အသံတွင် အရာရှိတစ်ဦးအနေနှင့် ဆက်လက်အမှုထမ်းပြန်လေသည်။

သူသည် အိမ်ထောင်ရှင်တစ်ဦးလည်းဖြစ်ပေသည်။ သူ၏အမျိုးသမီးသည် ဘွဲ့ရပြီး ကျောင်းဆရာမတစ် ယောက် လည်းဖြစ်လေသည်။လူအများ၏ မေ့လျော့ထားခြင်းကို ခံနေရသော လမ်းပေါ်မှ လူများ၏ အကြောင်းကို ဂရုတစိုက် ရှာဖွေ ရေးသားလျက် ဤတိုင်းပြည်၌ ထင်ရှားကျော်ကြားနေသော မင်းရှင်ကဲ့သို့ စာရေးဆရာကြီး တစ်ဦးသည် ၎င်း၏ကိုယ်ကို စာရေးဆရာစစ်စစ် တစ်ယောက်ဖြစ်လေပြီဟု သဘော မထားချေ။

သူသည် သူ့ကိုယ်ကို စာရေးဆရာတစ်ပိုင်းလောက်အနေနှင့်သာ သဘောထားပုံရလေသည်။ သူသည် စာရေးဆရာ စစ်စစ် တစ်ဦးတစ်ယောက်ဘ၀ကို အလွန်တရာ တပ်မက်လိုချင်ပုံလည်းရလေသည်။ သို့ရာတွင် တစ်ဖက်၌ သူ၏အိမ်ထောင်ကြီး၏တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်ရန်အတွက် စာရေးဆရာ ဘ၀ နှင့် မည်သို့မျှ ဆက်စပ်၍မဖြစ်နိုင်သော "လခစား" အလုပ်ကြီးတစ်ခုကို လုပ်ကိုင် နေရ ပေသည်။ လုပ်ကိုင်ခဲ့ရ လေသည်။

စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် လွတ်လပ်မှုသည် လိုအပ်လှပေသည်။ လွတ်လပ်မှုမရှိသော လူ တစ်ဦး တစ်ယာက် သည် စာရေးဆရာစစ်စစ်မဖြစ်နိုင်ဟု ထင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အလုပ် တွင် သစ္စာရှိရှိနှင့် ရဲရဲရင့်ရင့်လုပ်ကိုင်ခြင်းပြုရာတွင် မည်သည်ကိုမျှ ငဲ့ကွက်ထောက်ထား နေ၍မျှ မဖြစ်ချေ။ ကြောက်ဖို့ လန့်ဖို့ကား ဝေလာ ဝေး။
မိမိ၏ တိုင်းပြည်နှင့် အမျိုးသားများအတွက် အကျိုးများလိမ့်မည်ဟု မိမိယုံကြည်သောကိစ္စကို ဖော်ထုတ် ရေးသားခြင်း ပြုရသောအမှု၌ စာရေးဆရာသည် မင်းပြစ်မင်းဒဏ်၊ အလုပ်ပြုတ်သည့်အရေး၊ ဆင်းရဲ ငတ်မွတ် ရခြင်းနှင့် ခြိမ်းခြောက်မှုများကို ထောက်ထားငဲ့ကွက်နေ၍မဖြစ်ချေ။ ကြောက်လန့်နေ၍လည်း မဖြစ်ချေ။ လူအဖို့ လွတ်လပ်မှုသည် အင်မတန် အရေးကြီးလေသည်။ လွတ်လပ်မှုရှိမှသာလျှင် သူသည် ရဲရင့်ခြင်း ရှိမည်ဖြစ်လေသည်။ လွတ်လပ်မှုမရှိ၍ ရဲရင့်ခြင်းမရှိသောသူသည် မိမိယုံကြည်သော အလုပ်ကို အဘယ်သို့ လုပ်ကိုင်နိုင်ပါမည်နည်း။

ကျွန်တော်သည် ပြင်သစ်စာရေးဆရာကြီး အီမိုင်(လ်)ဇိုလာ၏၀တ္ထုများ အားလုံးလိုလို ဖတ်ဖူးလေသည်။ သို့ရာတွင် ဇိုလာ ကို ကျွန်တော်သည် ဘော(လ်)ဂျက်၊ မော့်ပါဆွန်၊ ရိုမင်ရိုလင်နှင့် အနာတို(လ်)ဖရန့် စသော အခြား အခြားသော ပြင်သစ်စာရေးဆရာကြီးများလောက် မနှစ်ခြိုက်လှချေ။ သို့ရာတွင် ဇိုလာ့အပေါ် စာရေးဆရာ တစ်ဦးတစ်ယောက်အနေနှင့် အလွန်တရာ အံ့သြလေးစားသော အချက်တစ်ချက်ရှိ လေသည်။ ထိုအချက် မှာ အခြားတော့မဟုတ်။ ပြင်သစ်ပြည် အာဏာရှင် လူးဝစ်(စ်)ဘိုနာပတ် အစိုးရ ကို "ငါ စွဲချက် တင်တယ်ဟေ့" ဟူ၍ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် ကြေညာချက်ထုတ်ပြန်သော အမှုအတွက်ပင် ဖြစ်လေသည်။ ဇိုလာ သည် စာရေးဆရာတစ်ဦးတစ်ယောက်အနေနှင့် လွတ်လပ်မှုကို တပ်မက်မြတ်နိုး ရုံမျှသာ မဟုတ်သေး။

ရဲရဲရင့်ရင့် တိုက်ခိုက်ခြင်းပြုခဲ့သော အာဏာရှင်ကြီးတစ်ဦးလည်း ဖြစ်သည်။ ထိုသို့ လွတ်လပ်မှုကို နှစ်သက်လျက် လွတ်လပ်မှုအတွက် ရဲရဲရင့်ရင့် တိုက်ခိုက်ခြင်းပြုသော ကြောင့် ဆုလာဘ်အဖြစ် သူသည် ဗြိတိန်ကျွန်း သို့ ၀ရမ်းပြေးအဖြစ်ဖြင့် ခိုလှုံခြင်းပြုခဲ့ရသည်။ လွတ်လပ် မှုသည် အလကား မရချေ။ သူ့အလိုလို လည်း မရနိုင်ချေ။ အနာခံ တိုက်ခိုက်နိုင်မှ ရသည်။ ဖိလစ်ပိုင် စာရေးဆရာကြီး ရီမင်သည် လွတ်လပ်မှု အတွက် စပိန်ကိုလိုနီသမားများကို တိုက်ခိုက်ရင်း ကြိုးပေးခံခဲ့ ရသည် မဟုတ်လော။ မြန်မာ့ စာဆိုတော်ကြီး ဒေါက်တာ ကိုယ်တော်မှိုင်း တစ်ယောက်သည်လည်း ကိုလိုနီခေတ်တစ်လျှောက်လုံး လွတ်လပ်မှုအတွက် ခုခံ တိုက်ရင်း ဆင်းရဲငတ်ပြတ်ခဲ့ရသည်ပင် မဟုတ် လော။
(၄)

ရှုမ၀မဂ္ဂဇင်းတိုက်တွင် စာရေးဆရာမင်းရှင်နှင့် လူချင်းခွဲလာခဲ့ပြီးနောက် ဗိုလ်ချုပ်ဈေးကို ဖြတ်ကာ ည ရနာရီခန့် အထိ ဆိုင်ဖွင့်ထားသော ဗိုလ်ချုပ်ဈေးကြီးအတွင်း ပြည်သူ့အလင်း စာပေဖြန့်ချီရေး တိုက်ဘက်သို့ လျှောက် လာခဲ့သည်။ အိမ်မှအထွက်တွင် မန်းတင်ရေးသော မြို့ပိုင်မောင်ပြုံးချို ၀တ္ထုတိုများကို ဆွဲလာရန် ဇနီးမြိုင်က မှလိုက်သောကြောင့် ယခုအခါတွင် မြို့ပိုင်မျှသာ မဟုတ်တော့ဘဲ အရေးပိုင်နှင့် အတွင်းဝန် များပင် ဖြစ်နေပြီဖြစ်သော မိတ်ဆွေစာရေးဆရာ မန်းတင်၏ ၀တ္ထုတို ကလေးများကို ယူငင်ရန်အတွက် ကျွန်တော် သည် စာအုပ်ဆိုင်ဘက်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။
စာရေးဆရာဘ၀ကို တပ်မက်လှသော်လည်း   ၎င်း၏၀မ်းစာအတွက် အဆုံးအဖြတ်ပြုလိုသေးဟန် မရှိသော မင်းရှင်၏ အကြောင်းကို တွေးတောရင်း မီးရထား ခုံးကျော်တံတားကြီးကို တစ်ယောက်တည်း ဖြတ်လျှောက်လာစဉ် မြိုင်က မှာလိုက်သော မြို့ပိုင်မောင်ပြုံးချို ၀တ္ထုတို ကလေးများအကြောင်းကို အတွေးဆက် သွားရာမှ စာရေးဆရာ မန်းတင်၏ အကြောင်းကို စဉ်းစားမိပြန်သည်။

မန်းတင်သည် ကျွန်တော်နှင့် အလွန်တရာ ခင်မင်သော မိတ်ဆွေ စာရေးဆရာတစ်ယောက်ပင် ဖြစ်သည်။ သူနှင့် ဆက်စပ် ၍ သူ၏ဇနီး ဒေါ်ခင်မကြီးနှင့်ပါ ခင်မင်ခွင့်ရရှိခဲ့သည်။
စာရေးဆရာမန်တင်သည် မြန်မာစကားပြေ အရေးအသားနှင့် ၀ါကျဖွဲ့စည်းပုံတွင် ကျွန်တော်တို့ ကိုယ်တိုင် စံပြုထားရသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လေသည်။ အလွန်တရာ စာအရေးအသား ညက်ညော တက်မြက် လှပေသည်။ သူသည်စာပြောင်များကို ရေးလေ့ရှိတတ်သည်။ အမြင်မတော်သော ကိစ္စများကို သဲသဲမဲမဲ ဝေဖန်တတ်သည်။ သရော်တတ်သည်။ သူသည် တက္ကသိုလ်ကျောင်းသား ဘ၀မှ စ၍ ထင်ရှားလာသော စာရေးဆရာ တစ်ယောက် ဖြစ်လေသည်။ သူ၏ ဆိတ်မြည်သံ ၀တ္ထုတိုကို ဖတ်ဖူး သူတိုင်း မမေ့နိုင်ကြချေ။ ဂျပန်ခေတ်ကြီး တစ်ခေတ်လုံးကို ထိုသုံးနှစ် အမည်ရှိ စာအုပ်ဖြင့် ကွက်ကွက် ကွင်းကွင်း ရေးသား ဖော်ပြနိုင်စွမ်းသော စာရေးဆရာတစ်ဦးပင် ဖြစ်လေသည်။

မြိုင်သည် စာရေးဆရာ မန်းတင် ကို အနှစ်အသက်ဆုံးဖြစ်သည်။ ဂျပန်ခေတ် ကျွန်တော်က ၀ရမ်းပြေး လျက် သစ်သစ် နှင့် ကရင်ရွာတစ်ရွာတွင် ၀ှက်ထားရစဉ် ကာလများကပင် ထိုမိန်းမသည် မန်းတင်၏ ၀တ္ထု များကိုသာ မှာ၍၊ မှာ၍ နေတတ်သဖြင့် ဂျပန်ခေတ်က ခက်ခက်ခဲခဲ ထုတ်ဝေရသော စာရေးဆရာ မဂ္ဂဇင်း တစ်စောင်ကို သူရိယ ဦးသိန်းမောင်ထံမှ ငှားရမ်း၍ ၎င်းအား နှစ်သိမ့်ခြင်း ပြုခဲ့ရသည်။ ဂျပန်ခေတ်တွင် အထည်အ၀တ်များ ရှားပါးခက်ခဲလှသည့် အကြောင်းကို လှလှပပ သရော်ထားသော မန်းတင်၏ စေတနာတွေပိုတယ် အမည်ရှိဝတ္ထုကို ထိုမိန်းမသည် ဆယ်ခါလောက် ပြန်ဖတ်ကြောင်း ကျွန်တော်ကို ပြောပြဖူးလေသည်။

မည်ကဲ့သို့ပင်ဖြစ်စေ စာရေးဆရာမန်းတင်သည် ဤတိုင်းပြည်အတွက် အလွန်တရာ အဖိုးထိုက်တန်၍ အသုံးဝင် လှသော စာရေးဆရာကြီးတစ်ယောက် ဖြစ်မလာရရှာချေ။ နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ကြီးလေးများပြားလှသော တာဝန်များကိုသာ နေ့မအား၊ ညမအား ထမ်းဆောင်နေရရှာလေသည်။ သူ့တွင် လည်း သားသမီးများသာမက မြေးများပါ တွဲလဲတွဲလောင်းနှင့် ဖြစ်နေရှာလေပြီ။ ဆံပင်များလည်း တော်တော်ပင် ဖြူကုန်လေပြီ။ စာလည်းရေးသားခြင်း ပြုတော့သည်ကို မတွေ့ရ။ မဆတ်ရသလောက် ဖြစ်သည်။ စေတနာပိုတယ် ကဲ့သို့သော စာပြောင်များကိုကား ထားဘိဦး။

(၅)

ပြည်သူ့အလင်း စာပေဖြန့်ချီရေးမှ မန်းတင်၏ မြို့ပိုင်မောင်ပြုံးချို စာအုပ်သာမက ရန်ကုန်မှ မော်စကို သို့နှင့် ပြုံးတမဲ့မဲ့ စာအုပ်များကိုပါ မြိုင့်အတွက် ဆွဲလာပြပီးနောက် ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း) တွင် ကိစ္စတစ်ခုရှိသေးသဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၏လက်ယာဘက် စင်္ကြံ အတိုင်း ခြေကျင် လျှောက်လာခဲ့သည်။ ထိုကဲ့သို့ လျှောက်လာခဲ့ရစဉ် ကျွန်တော်သည် ကျွန်တော်ကဲ့သို့ ခရီးသွား ကြသော လူများကိုမမြင်ချေ။ မန်းတင်ကဲ့သို့ မြင်းကုန်းနှီးပေါ်သို့ ရောက်ရှိနေကြသော ဘ၀တူ လှေထိုးသား မိတ်ဆွေ စာရေးဆရာများကို မြင်နေရသည်။

တက္ကသိုလ်ထင်ကြီးကို ကျွန်တော်မြင်၏။ သူသည် မန်းတင်ကဲ့သို့ ထက်မြက်သော စာရေးဆရာတစ်ဦး တစ်ယောက်ပင်ဖြစ်လေသည်။ စစ်ပြီးခေတ်က သူရေးသားခဲ့သော "အဗ္ပနား၏ အမျိုးသားနေ့ အစီရင်ခံ စာ"၀တ္ထုတိုကို ဖတ်ရှုဖူးသူတိုင်း မေ့နိုင်ကြဖွယ်ရာမရှိ။ မန်းတင်ကဲ့သို့ ဝေါဟာရကြွယ်၍ အသုံးအစွဲနှင့် နေရာချထားရေးများတွင် ပိရိသေချာလှသူတစ်ဦးပင် ဖြစ်လေသည်။ စစ်ကြီးမဖြစ်မီက သူသည် စာရေးဆရာလုပ်ရန် အားထုတ်ခဲ့ဖူးသည်။ သို့ရာတွင် ထိုတက္ကသိုလ် စာရေးဆရာကြီးသည် ဆရာ့ဆရာ ကြီးများဖြစ်ကြကုန်သော ပီမိုးနင်းနှင့် မဟာဆွေတို့ကဲ့သို့ အငတ်မွတ် အဆင်းရဲခံနိုင်စွမ်း ရှိပုံမရချေ။ စာရေးဆရာလောကမှ တိတ်တဆိတ်ထွက်ပြေးကာ ရေတာရှည်တွင် လက်ထောက်မြို့ပိုင် သွားလုပ် လေသည်။ သတင်းစာဆရာ လုပ်သည်။ ယခု စာပေဗိမာန်ရုံးထက်တွင် စားပွဲထိုင်ကာ အုပ်ချုပ်ရေး အရာရှိ တစ်ဦး လုပ်နေရှာသည်။ စာမရေးတော့ချေ။

သိပ္ပံစိုးရင်တစ်ယောက်လည်း ထင်ကြီးအတိုင်းသာ ဖြစ်နေသည်။ သူသည် ၀တ္ထုအရေးအသား ကောင်း မွန် စေ့စပ်သော စာရေးဆရာကြီးတစ်ဦးဖြစ်လေသည်။ သူသည် စာရေးဆရာဘ၀ကိုလည်း တပ်မက်ပုံ ရတော့သည်။ သို့ရာတွင် သူသည် လှေထိုးသား မလုပ်ဘဲ ကျိုက္ကစံမြင်းကွင်းအနီးတွင် သွား၍နေလေ သည်။

မနှစ်က ... နှင့် ကျွန်တော်သည် တိုင်းပြည်၏တာဝန်တစ်ရပ်နှင့် ပြည်မြို့သို့ ရောက်ရှိသွားခဲ့တော့သည်။ သို့ရာတွင် ပြည်မြို့၏ခရိုင်ဝန်မင်းဖြစ်နေရရှာသော် ဦးစိုးရင်ကို ကျွန်တော်သည် လူချင်းပင် မတွေ့ခဲ့ရ ချေ။ ကျွန်တော် တို့ နှစ်ဦးသည် ငယ်သူငယ်ချင်းများကဲ့သို့ ခင်မင်ရင်းနှီးကြသူများဖြစ်လေသည်။ သို့ရာ တွင် သိပ္ပံစိုးရင် ဆိုသော စာရေးဆရာသည် ပြည်မြို့မင်းကြီးတောင်ထိပ်ပေါ်တွင် ဆောက်လုပ်ထား သော ခရိုင်ဝန်မင်း ၏နေအိမ်၌ ပုန်းအောင်းနေတန်ရာသည်။ ၎င်း၏ ပီအေ ဖြစ်သော ကိုလှနှင့်တော့ တွေ့ရ သည်။

"ပြောလိုက်စမ်းပါဗျ၊ ခင်ဗျား ခရိုင်ဝန်မင်းကို စာကလေးဘာလေးများ ရေးပါဦးလို့"ဟု ပြည်မြို့မှ     ခရိုင်ဝန် ရုံးစာရေးကြီး ဦးလှကို ကျွန်တော်က ပြောဆိုလိုက်သောအခါ ကျွန်တော်နှင့် ကိုစိုးရင် တို့ နှစ် ယောက် အခေါ်အတွင် ၎င်း၏ညီငယ်များကဲ့သို့ ခင်မင်သော ဦးလှက ဘာမှတော့ပြန်မပြောဘဲ ပြုံး၍ သာ နေလေသည်။

ထိုသို့ ထင်ကြီးနှင့် စိုးရင်တို့အကြောင်းကို တွေးတောရင်း လျှောက်လာရာမှ စစ်ကဲမောင်ထော်လေး လမ်း (ယခု ဗိုလ်ဆွန်ပက်လမ်း)ကို ကျော်လွန်သောအခါ ကျွန်တော်သည် တာဝှာဘားပေါ်မှ အပေါင်း အဖော်နှစ်ယောက်သုံးယောက်နှင့် ခပ်ယိုင်ယိုင်ကလေး ဆင်းချလာသော စာရေးဆရာ တင့်တယ်ကို လှမ်း၍ မြင်လိုက်ရသည်။ သို့ရာတွင် ကျွန်တော့်ထက် မျက်စိလျင်သော တင့်တယ်က "ဟေ့ အစ်ကို"ဟု သူ၏ ထုံးစံအတိုင်း လှမ်း၍ နှုတ်ဆက်နေသဖြင့် ကျွန်တော်သည် ထိုမိတ်ဆွေစာရေးဆရာအား အရို အသေပြု ရလေသည်။

"အစ်ကိုက မသောက်တတ်တော့ ကျွန်တော်နဲ့ တစ်ခုခုလိုက်စားပါဦးလား" စာရေးဆရာ တင့်တယ် တစ်ယောက် သည် အလွန်တရာ သဘောကောင်းလှသောပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ သူ့တွင် ပိုက်ဆံ ကလေး များ ရှိလျှင် လူတစ်ဖက်သားကို အင်မတန် ကျွေးချင်သည်။
"ကနေ့ ညစာအတွက် ကျွန်တော်ကြိုက်တဲ့ ဟင်းရွက်ကြော်ကို ချက်ထားပေးမယ်လို့ မြိုင်က သေသေ ချာချာ မှာလိုက်လို့ပါ အစ်ကို" ကျွေးမွေးရန် ဖိတ်ခေါ်ချင်သော ထိုမိတ်ဆွေကို စားရမည့်သူကပင်ပြန်၍ တောင်းပန် ပြောဆိုခြင်း ပြုလိုက်ရသည်။

တင့်တယ်နှင့် တာဝှာဘားရှေ့တွင် လူချင်းခွဲခဲ့ပြီးနောက်တွင် စာရေးဆရာတစ်ယောက်အကြောင်းကို ဆက်လက် စဉ်းစားလာမိသည်။ တင့်တယ်သည် ဒီလ နှစ်ခုမျှ ရယူထားသော တက္ကသိုလ်ပညာတတ် ကြီးတစ်ဦး ဖြစ်လေသည်။ သူကြီးဂေဇက်ဦးခင်မောင် မကွယ်လွန်က သူသည် စာရေးဆရာဇေယျ၊ တက်တိုး တို့နှင့်အတူ ပြန်ကြားရေးဌာနတွင် အလုပ်လုပ်ကိုင်ဖူးလေသည်။ ထို့နောက် အင်္ဂလန်သို့ပင် သွားရောက်ကာ ဘီဘီစီ တွင် လုပ်ကိုင်ရင်း နောက်ထပ် ဒီဂရီတစ်ခု ယူငင်နိုင်ရန် အားထုတ်ဖူးလေ သည်။

သို့ရာတွင် သူသည် စာရေးဆရာဘ၀ကိုသာ တပ်မက်သောကြောင့် သူ့ကို ဖမ်းဆီးချုပ်နှောင် ထားသော ရာထူးရာခံ နှင့် လုံခြုံမှုများကိုပင် ဖောက်ဖျက်ကာ စာရေးဆရာဘ၀ကို ဖက်တွယ်နေသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်လေသည်။ စာရေးဆရာဘ၀သည် လုံခြုံမှုမရှိသေးသောကြောင့် သူသည် ဘိုင်ကျ သော အခါများ၌ နိုင်ငံတော် ချက်အရက်ဖြူကို သောက်ရလေသည်။ ဖောဖောသီသီရှိသောအခါများ၌ လည်း တစ်ပုလင်းလျှင် တစ်ရာ နီးပါး မျှပေးရသည်ဆိုသော နိုင်ငံခြားဖြစ် အရက်ကို တစ်ခွက်တည်းနှင့် ဖင်ထောင်သွားအောင် သောက်ပစ် လိုက်သည်။ ချက်အရက်ကို သောက်ရသည့်အတွက် ထိုစာရေး ဆရာသည် ၀မ်းနည်းမိခြင်း ဖြစ်ပုံ မရသကဲ့သို့ မြင်းဖြူတံဆိပ် ၀ီစကီကို သောက်ရသည့်အတွက်လည်း ၀မ်းနည်းဝမ်းသာ ဖြစ်ဟန်မရှိ။ ချဉ်ချဉ်တူးတူး မူးလျှင်ပြီးရောဆိုသော မြန်မာစကားပုံတစ်ခုရှိသည် မဟုတ်လား။
(၆)

ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း)၌ ဆောင်ရွက်စရာရှိသော ကိစ္စတစ်ရပ်ကို ဆောင်ရွက်ပြီးစီး၍ ထွက် အလာ တွင် မမျှော်လင့်သော ပေါင်းဟောင်းသင်းဟောင်း စာရေးဆရာတစ်ဦးကို မျှော်လင့်ခြင်း မပြု ထားသော ပုံစံနှင့် ဗြုန်းခနဲ တိုးလိုက်ရပြန်လေသည်။
ထိုသူကား ညိုမြပင်တည်း။
ညိုမြသည် ဘားလမ်းတွင်ရှိနေသော စက္ကူဆိုင်တစ်ဆိုင်၌ ၎င်းထုတ်ဝေနေသော အိုးဝေ နေ့စဉ်သတင်း စာအတွက် စက္ကူထုပ်များကို အကြွေးဆွဲနေပုံရသည်။
"ကိုယ့်လူ ဒါ ဘယ်ကပြန်လာတာလဲ" သူ၏ထုံးစံအတိုင်းသာဖြစ်သည်။ လျှာလေးအာလေးကြီးနှင့် မေး လေသည်။

"ကိုယ့်လူရော ဒီမှာ ဘာလာလုပ်နေတာလဲ"
ကျွန်တော်က သူ၏မေးခွန်းကိုမဖြေဘဲ ပြန်၍သာ မေးခွန်းထုတ်လိုက်လေသည်။
"နယ်ကိုယ်စားလှယ်တွေဆီက ပိုက်ဆံမလာလို့ မနက်ဖြတ်ထွက်ဖို့ သတင်းစာအတွက် စက္ကူထုပ် အကြွေး လာဆွဲနေတာ"
ညိုမြသည် အညာသားပီပီ ကြွားဝါခြင်းမပြုတတ်ဘဲ ရိုးရိုးသားသားသာလျှင် ပြောဆိုတတ်လေသည်။

ဤတိုင်းပြည် ၌ သတင်းစာအတတ်ပညာနှင့် ပတ်သက်၍ "အမ်အက်(စ်)ဂျေ"ဘွဲ့ကို ပထမဦးဆုံး ရရှိခဲ့ သော ညိုမြ တစ်ယောက် ၎င်းကိုယ်တိုင် ထုတ်ဝေနေသော သတင်းစာ၌ အောင်မြင်ခြင်းမရှိသည့် အတွက် ကျွန်တော် သည် အံ့သြခြင်းမဖြစ်မိချေ။ အဘယ်ကြောင့်ဆိုသော် ညိုမြသည် သတင်းစာဆရာ တစ်ဦး မဟုတ်ဘဲ စာရေးဆရာတစ်ဦးမျှသာ ဖြစ်သောကြောင့် ဖြစ်လေသည်။
၁၉၅၀ ခုနှစ်လောက်က ကျွန်တော် ထုတ်ဝေသော လင်းယုန်ဂျာနယ်တွင် ညိုမြသည် "မိုက်ဦးမည်" ဆောင်းပါး ကို ထည့်သွင်းဖော်ပြစဉ်က "ကိုယ့်လူရေလိုက်လွဲနေပြီ"ဟု ကျွန်တော်သည် အကြံပေး ပြော ဆို ဖူးလေသည်။

ညိုမြသည် ကျွန်တော့်ကို တွေတွေကြီးသာ  စိုက်ကြည့်နေသည်။ ဘာမျှတော့ ပြန်မပြောချေ။ သူသည် လေးလေး နက်နက် စဉ်းစားနေသလော သို့မဟုတ် ၀မ်းနည်းနေသလော။ ညိုမြကို အကဲခတ်ရန် အလွန် ခက်သည်။ သူ၏ အိမ်သူသက်ထား "နွယ်"က ထိုကဲ့သို့ ညည်းတွားပြောဆိုဖူးလေသည်။

ညိုမြ အတွက် ကျွန်တော်သည် ၀မ်းနည်းမိသည်။ သူသည် လူ့လောကကြီးနှင့် လူ့သဘာဝတို့ကို ပိုင်းခြား ကြည့်ရှုတတ်သော အဘိဓမ္မာဆရာတစ်ဦးလည်း ဖြစ်ပေသည်။ ထိုသို့ ပိုင်းခြားကြည့်ရှု၍ ရသည်ကိုလည်း ကွက်ကွက် ကွင်းကွင်းနှင့် မိမိရရ ဖော်ပြနိုင်စွမ်းရှိသော စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်လေသည်။ တက္ကသိုလ်ကျောင်းသား ဘ၀နှင့်တုန်းက ညိုမြရေးခဲ့သော စာပြောင်များကို ကျွန်တော် သည် ဘယ်တော့မျှ မမေ့ချေ။ ၁၉၃၆ ခုနှစ် ညိုမြရေးလိုက်သော "နွားနှင့်သပိတ်"ကို ဘယ်သူမေ့နိုင်သနည်း။ ကုန်ကုန် ပြောရလျှင် ကျွန်တော်တို့ လူသိုက်က အင်မတန် လေးစားခင်မင်ကြသော "ကိုဗဟိန်း" ကို "အရုးလေး ဗဟိန်း" ဟူ၍ ရေးသော်လည်း ငယ်စဉ်ကပင် ကျွန်တော်သည် ညိုမြပေါ်၌ အခင်မင် မပျက်ခဲ့ချေ။

သူသည် လူတစ်ဖက်သားကို တွယ်ရာ၌ပင် လှလှပပ၊ သိမ်သိမ်မွေ့မွေ့ တွယ်တတ်သော စာရေးဆရာ တစ်ယောက်ဖြစ်သည်။ သို့ရာတွင် ညိုမြတစ်ယောက်သည် သူ၏ဘ၀ကို နေရာမှန်အောင် မချထားခဲ့ချေ။ အမေရိကန် တက္ကသိုလ်မှ အပ်နှင်းခြင်းခံခဲ့ရသော အမ်အက်(စ်)ဂျေဘွဲ့သည် ညိုမြ တစ်ယောက်တည်း ကိုသာ ချောက်ချခဲ့သည်မဟုတ်သေး။ ဤတိုင်းပြည်အတွက် အလွန်တရာထက် မြတ်၍ တန်ဖိုးရှိလှသော စာရေးဆရာကြီး တစ်ယောက်ကိုပါ ဆုံးရှုံးနစ်နာစေခဲ့လေသည်တကား။

ညိုမြ နှင့် လူချင်းခွဲ၍ ထွက်လာခါနီးတွင် မိတ်ဆွေတို့၏၀တ္တရားရှိသည့်အတိုင်း "ကိုယ့်လူကတော့ ရေလိုက် လွဲလက်စ နဲ့ ရေစုန်မျောတော့မယ်နဲ့ တူပါတယ်"ဟု ကျွန်တော်က စိတ်မသက်မသာနှင့် ထပ်မံ ပြောဆို လိုက်သည်။ သို့ရာတွင် ညိုမြသည် ပြန်လည်ပြောဆိုခြင်းမပြု။ အားကျလှသော မျက်လုံးကြီး များဖြင့် ကလေးကြီး တစ်ယောက်လို ငေးမောကြည့်ရှုရင်း စက္ကူထုပ် အကြွေးခံဆွဲနေရသော ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း) စက္ကူဆိုင်တစ်ဆိုင်အတွင်း၌ ငုတ်တုတ်ကလေးကျန်ခဲ့ရှာလေသည်။

(အတွဲ (၄)၊ အမှတ်-၁၁၊ ၁၉၉၄- ဒီဇင်ဘာ၊ မိုးဂျာနယ်)
ဗန်းမော်တင်အောင်
.

3 comments:

Anonymous said...

ဆရာဗန်းမော်တင်အောင်က စာရေးလဲကောင်းတယ်။ ရေးတဲ့စာတွေလဲ အောင်မြင်တယ်။ ဇနီးကောင်းကိုလဲ ရတယ်။ ရတဲ့ဝင်ငွေကလဲ နည်းတဲ့အခါနည်း၊ များတဲ့အခါများဆိုပေမယ့် မျှလိုက်ရင် အိမ်ထောင်တစ်ခုကို လူလတ်တန်းစားအဆင့်လောက်မှာတော့ ထိန်းထားနိုင်တယ်။ ဘက်ဆဲလားဖြစ်တဲ့ စာအုပ်တွေဆို ဝင်ငွေမနည်းဘူး ရခဲ့တာပဲ။

အထဲရောက်သွားတဲ့ချိန်တွေမှာ မိသားစု ကျပ်တည်းတာက ဟုတ်ပါတယ်။ ဒီအချိန်က ဆင်းရဲမှာပဲ။ ဒါပေမယ့် လွတ်လာတဲ့အချိန်တွေမှာ ဝင်ငွေလဲ ဒီလောက်နိမ့်ကျနေတာ မဟုတ်ဘဲနဲ့ ဆရာ့မိသားစု ကျပ်တည်းလွန်းတာကို ဆင်းရဲတဲ့စာပေသမားချင်းတောင် အားမရ ဖြစ်ရတယ်။

စစ်ပြီးစကဆိုလဲ ဆရာက တော်တော်ချမ်းသာ စီးကရက်ဆိုလဲ အကောင်းစားသောက် အဝတ်လဲ အကောင်းစား ငွေလဲ ကောင်းကောင်းသုံးနိုင်ခဲ့တာ။

ဆင်းရဲမှ ဘဝမှန်တယ်၊ မြေကြီးနဲ့ နီးစပ်တယ်၊ ချမ်းသာတာက ဖောက်ပြန်တဲ့ လူတန်းစားဆိုတဲ့ လက်ဝဲအတွေးတွေ ဆရာ့ခေါင်းထဲ ရောက်သွားလားလို့။ ဆရာဟာ ဆင်းရဲတွင်းက မတက်အောင် မသိစိတ်ကဖြစ်စေ သိစိတ်ကဖြစ်စေ တမင်လုပ်မိနေလားလို့တောင် ထင်မိတယ်။ ကန်တော့နော် ဆရာ။

ကျွန်တော်သိတဲ့ စာရေးဆရာကြီးတွေဟာ စာပေတန်ဖိုးကြောင့် လူလေးစားခံရတာချင်းအတူတူ ဆရာ့လောက် စာပေအလုပ်နဲ့ ဝင်ငွေမကောင်းခဲ့ဘူး။ ထွက်တဲ့လုံးချင်းတွေ ဒီလောက် အရောင်းမသွက်ခဲ့ဘူး။ သူတို့လဲ စာရေးတာကလွဲရင် စီးပွားရေးမလုပ်တတ်ဘူး၊ ငွေမရှာတတ်ဘူး ပြောရမယ့်လူတွေ။ ဒါပေမယ့် ဆရာဟာ သူတို့လောက်တောင် မချို့ငဲ့သင့်ဘဲ သူတို့ထက် ချို့ငဲ့နေသလားလို့။
အဲဒီခေတ်က စာပေသမားထဲမှာ မိသားစုတစ်ပြုံကြီးနဲ့ အစိုးရရုံးစာရေးတို့၊ သတင်းစာတိုက်ဝန်ထမ်းတို့၊ ကျောင်းဆရာတို့တွေတွေ အများကြီးပဲ။ သူတို့ထက် ဝင်ငွေကောင်းအောင်မြင် စာမူဆိုလဲ တိုက်တွေကလိုချင် ငွေထုတ်ပေးဖို့ဝန်မလေးဆိုတဲ့ ဆရာ့ဘဝကို အားကျတယ်။ ဆရာ့ဆို နာမည်လဲကြီးတော့ အသိုင်းအဝိုင်းလဲ မရှားဘူး။ ဒါပေမယ့် ဆရာ သူတို့လိုဆင်းရဲနေတာ တခုခုလွဲမှားနေသလိုပဲ။

Angelhlaing(May everybody be happy and healthy! said...

မမရေ ပို့စ်ကောင်းလေး ဖတ်ခွင့်ရတဲ့ အတွက်ကျေးဇူးပါ မမရေ..
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ကိုဇော် said...

အထက်က ပြောသွားတဲ့ အနောနီးမတ် ရဲ့ မှတ်ချက်လေးကို တော်တော်ကို သဘောတူတယ်။

“ ဆင်းရဲတွင်းက မတက်အောင် မသိစိတ်ကဖြစ်စေ သိစိတ်ကဖြစ်စေ တမင်လုပ်မိနေလားလို့တောင် ထင်မိတယ်။ ”

ဆိုတာ တကယ်တော့ အမှန်ပဲဗျာ။ ဘာလို့လဲ ဆိုတော့ ကျနော့်နဲ့ အရင်းနှီးဆုံး လူတစ်ယောက်မှာလည်း ဒီလို စိတ်ထား ရှိနေတာကို သိလိုက်ရတဲ့ အချိန်မှာ သူဟာ ငွေတွေပေါ်မှာ ထိုင်ပြီး အရမ်းကို ဆင်းရဲနေလို့ပဲ။ အံ့သြစရာပါပဲဗျာ။