သို့ရာတွင် ဤမျှသော အကျဉ်းအကြပ် အခက်အခဲထဲ၌ အဘယ်ဖခင်သည် ဤမျှ သဘောပြည့်ဝနိုင်ပေလိမ့် မည်နည်း။
ထိုအချက်ကို အခွင့်အရေးယူကာ မိမိက မိမိချစ်သော အေးကို မိမိသာလျှင် ပိုင်ဆိုင်လိုပါသည်ဟု ဇွတ်တိုး ဆုံးဖြတ် လိုက်မည်ဆိုပါလျှင်လည်း ကတိတလုံးကို လေးစားရမည်ဖြစ်သော ဦးဖေတင်အနေနှင့် လိုက်လျော ရမည်ပင်ဖြစ်ပေသည်။
သို့ရာတွင် ယနေ့ နံနက်ပိုင်းကတွင်မှ ဤနှုတ်ကတိထက် ပိုမို ခိုင်လုံစွာ လူကြီးလူကောင်း ပရိသယ်အချို့ တို့၏ ရှေ့မှာ ၀န်ခံကတိပြုကာ စေ့စပ်ကြောင်းလမ်းခြင်းကို ပယ်ဖျက်လိုက်ရမည့်အတွက်ကတော့ မည်သို့ ရှိပေ လိမ့်မည်နည်း။ နက်ဖြန် ထုတ်မည့် သတင်းစာကြီးများမှာ သတင်းအဖြစ်နှင့် တိုင်းကျော် ပြည်သိ ပါလာ ဦးမည့် ကိစ္စကလည်း ရှိနေပေသေးသည်။
ထိုအချက်ကို အခွင့်အရေးယူကာ မိမိက မိမိချစ်သော အေးကို မိမိသာလျှင် ပိုင်ဆိုင်လိုပါသည်ဟု ဇွတ်တိုး ဆုံးဖြတ် လိုက်မည်ဆိုပါလျှင်လည်း ကတိတလုံးကို လေးစားရမည်ဖြစ်သော ဦးဖေတင်အနေနှင့် လိုက်လျော ရမည်ပင်ဖြစ်ပေသည်။
သို့ရာတွင် ယနေ့ နံနက်ပိုင်းကတွင်မှ ဤနှုတ်ကတိထက် ပိုမို ခိုင်လုံစွာ လူကြီးလူကောင်း ပရိသယ်အချို့ တို့၏ ရှေ့မှာ ၀န်ခံကတိပြုကာ စေ့စပ်ကြောင်းလမ်းခြင်းကို ပယ်ဖျက်လိုက်ရမည့်အတွက်ကတော့ မည်သို့ ရှိပေ လိမ့်မည်နည်း။ နက်ဖြန် ထုတ်မည့် သတင်းစာကြီးများမှာ သတင်းအဖြစ်နှင့် တိုင်းကျော် ပြည်သိ ပါလာ ဦးမည့် ကိစ္စကလည်း ရှိနေပေသေးသည်။
ဤနေရာတွင် မိမိတဦးတည်းက ရှောင်ဖယ်ပေးလိုက်မည်ဆိုလျှင်တော့ အသိရခက်လေသည့် အေး တယောက် မှတပါး အားလုံးကုန် ပြေလည်ကျေနပ်မှုရစရာအကြောင်းရှိသည်။ ပြောလို့သာ ပြောရပေမဲ့ မောင်မောင်လွင်အား စေ့စပ်မှုကို သဘောတူညီခဲ့သည်အထိ လိုက်လျောခဲ့ပြီးသော အေးတယောက် ကလည်း အကြီးအကျယ် မကျေမချမ်းဖြစ်စရာ အကြောင်းတော့မမြင်။
ထိုခဏမှာ လောဆော်လာသူကတော့ ဒေါ်ဒေါ်စောပင်ဖြစ်လေ၏။
" ကျမပြောပါရစေ အကိုကြီး၊ နောက်ပိုင်းမှာ ဘယ်လိုဘယ်ပုံ စီမံကြမယ်ဆိုတာထက် အခု လောလောဆယ် မှာ အေးကို သွားခေါ်ထားဘို့က ပိုပြီး အရေးကြီးပါတယ်၊ ခု အနေမှာ သူနှိုးလာလို့ တယောက်ထဲ လုပ်ချင်ရာ တွေကို တဇွတ်ထိုးလုပ်နေရင်လဲ ပိုပြီးခက်ပါလိမ့်မယ်၊ နို့ပြီး မြို့စွန်ကြီးမှာ မလုံမခြုံ နဲ့ဆိုတော့ စိတ်ချစရာလဲ မကောင်းသေးဘူး"
မှန်တော့လည်း မှန်သည်။ ဤအိမ်သို့ အောင်နိုင်ရောက်ရှိနေသည်မှာပင် နာရီဝက်နီးပါးမျှ ရှိနေပြီဖြစ်ပေ၏။ အောင်နိုင် လည်း သည်တော့မှ ယတိပြတ် ဆုံးဖြတ်လိုက်ဟန်ဖြင့် သူ့လက်ထဲမှ စာရွက်စာခေါက်ကလေးကို စားပွဲပေါ် သို့ ဖတ်ကနဲပစ်တင်လိုက်ပြီး ဦးဖေတင်ကို လှမ်းပြောလိုက်သည်။
" ကျွန်တော် သွားပါတော့မယ်ဦး"
" သြော် ... အင်း ... ဘယ်လိုလဲ မောင်အောင်နိုင် ... "
ဦးဖေတင် က ဇဝေဇ၀ါနှင့် ပြန်မေးရ၏။
" ဘယ်ရယ်လို့ မပြောတတ်ပါဘူး၊ အဝေးကြီးကိုပေါ့ ဦး "
သည်တခါတော့ လှိုက်လှိုက်လှဲလှဲနှင့် ကြေကွဲစွာ ထွက်ပေါ်လာသော အောင်နိုင်၏ အသံကြောင့် မောင်နှမ နှစ်ယောက်သား မှာပင် ငိုင်ကျသွားကြသည်။ ပြီးမှ ဦးဖေတင်က တစုံတခုကို သတိရသလို "ခဏနေအုံး မောင်အောင်နိုင်" ဟု ဆိုကာ သူ့အခန်းရှိရာဘက်သို့ အပြေးကလေး ၀င်ရောက်သွားလေ၏။
" မောင်အောင်နိုင့်အတွက် ဦးတကယ်ဘဲ စိတ်မကောင်းမိပါဘူးကွယ် ... အများကြီးလဲ ကျေးဇူးတင် ပါတယ်...၊ ဒါကလေးတော့... "
ဦးဖေတင်သည် ထူထဲသော ငွေစက္ကူ အထပ်ကြီး တထပ်ကို ခပ်ဝေးဝေးကပင် ကမ်းလင့်လာလေ၏။ အောင်နိုင် မှာ ဤတွင်မှ အကြီးအကျယ် ပိုမို၍ စိတ်ထိခိုက်သွားတော့ကာ စကားတလုံးမျှ ပြန်လည်ပြောဆို နိုင်ခြင်း မရှိတော့ဘဲ၊ ခေါင်းကိုသာ တွင်တွင်ရမ်းခါမိသည်။
ပြီးတော့ ဦးခေါင်းငိုက်စိုက်ချကာ လေးလံလှသော ခြေလှမ်းများဖြင့် တလှမ်းချင်း ထွက်ခွာလာခဲ့လေ၏။
စကားလုံးပေါင်း မြောက်မြားစွာဖြင့် ငြင်းပယ်နိုင်သည်ထက် ထိရောက်နက်နဲလှသော အောင်နိုင်၏ ပြုမူပုံ ကြောင့် ငွေစက္ကူ တထပ်ကြီးနှင့် အငိုင်သား ကျန်ရစ်တော့သော ဦးဖေတင်မှာလည်း ...
"စိတ်ကောင်း ရှိသလောက် အကြောင်းဆိုးရှာတဲ့ သူငယ်ပါကွယ်" ဟူ၍သာ ညည်းညည်းနိုင်တော့လေသည်။ ဒေါ်ဒေါ်စော တယောက်ကတော့ ရင်နင့်စဖွယ် ဤအဖြစ်ကြောင့် လိမ့်ဆင်းလာသော မျက်ရည်စများကိုပင် တို့ သုတ်ခြင်း မပြုခဲ့နိုင်တော့ပေ။
ဤအချိန်မှာ ခြံဝင်းအပြင်သို့ပင် ထွက်မိနေပြီဖြစ်သော အောင်နိုင် တယောက်ကတော့ သံယောဇဉ်အမျှင် မဖြတ်နိုင်သေးဟန်ဖြင့် အိမ်ကြီးဆီသို့ တချက်မျှ ပြန်လည်မျှော်ရှုမိသေးသည်။ ဤအိမ်ကြီး၏ ဧကရီ ဘုရင် မကလေး တဆူဖြစ်သော အေး၏ မျက်နှာကလေးက ထွက်ကနဲပေါ်လာပြန်ကာ သည်တကြိမ်မှာ ယခု တသက်တာ အဖို့တွင် ဤအိမ်ကြီးကိုလည်းကောင်း၊ ဤနယ်မြေကိုလည်းကောင်း အေးကိုလည်းကောင်း နောက်ဆုံးအကြိမ်အဖြစ်နှင့် အပြီးအပိုင်ခွဲခွာသွားရခြင်းဖြစ်ကြောင်းကို အသိ ၀င်လာတော့သည်တွင်မူ သူ့ အသဲနှလုံး ကို ပြုန်းပြုန်းချေပြီးမှ ထွက်ပေါ်လာဟန်ရှိသော မျက်ရည်စများဖြင့် သူ့မျက်လုံးအိမ်တွင် ရစ်ဝဲ စိမ့်စိုခဲ့ရပြန်လေသည်။
စိတ်ကို အနိုင်နိုင်တင်းကာ ချာကနဲ လှည့်ထွက်လိုက်တော့သည်တွင်ကား ထက်ကောင်းကင်တွင် ကြဲကြဲ တောက်ရှိနေသော ကြယ်ကလေး ဖြိုးဖြိုးဖြောက်ဖြောက်မှတပါး အမှောင်ထုကသာ သူ့အား ဆီးကြို ကမ်းလင့် ၍ နေပေသည်။ ဘယ်ဝယ်ဘယ်ဆီ ရည်ရွယ်မြှော်ခေါ်နိုင်ခြင်း မရှိသော အောင်နိုင် တယောက် သည်လည်း ထိုအမှောင်ထူထဲမှာပင် တရိပ်ရိပ်တိုးဝင် ပျောက်ကွယ်၍ သွားရတော့ပါပြီ။
တကယ် ဆိုတော့လည်း လူမှန်းသိလာကတည်းက အရှုံးကို ရင်ဆိုင်ခဲ့ရသော အောင်နိုင်သည် ယခုတဖန် အရှုံး တရပ် ကို ထပ်ဆင့်၍ ရင်ဆိုင်ရပြန်ခြင်းပင် မဟုတ်ပါလား။
-------------------------------------
မန္တလေးတက္ကသိုလ် အစုန်ရထားကြီးသည် တ၀ုန်းဝုန်း တဂျုံးဂျုံး ပြေးလွှားလျှက် ရှိလေသည်။
အားမနာတမ်းသာ ပြောရမည်ဆိုလျှင်ဖြင့် ဤခရီးသည် လုပ်ငန်းကြီး၏ မထုံတတ်တေး ရှိလှသော ဟန်အမူအရာ နှင့် ပစ္စလက်ခတ် ၀တ်ဆင်ထားပုံများမှာ မီးရထား အထက်တန်းတွဲနှင့် တူတန် ဟပ်စပ်ခြင်း မရှိဟု ဆိုနိုင်လောက်သည်။
အသက်မှာ ၃၀-မျှ ထက်ကျော်လွန်ဟန် မရှိသေးသော်လည်း နှုတ်ခမ်းမွှေးရေးရေးနှင့် ရှည်လျား ပွယောင်း လျက် ရှိသောကြောင့် ရင့်ချော်ချော် ညှင်းဆိုးဆိုး ဖြစ်နေရုံမျှမက ဟောင်းနွမ်းသော တာကီဘောင်းဘီပွကြီး နှင့် ပေါ်ပလပ်ရှပ်လက်ရှည်ကို ရိုးမားဘိနပ်ဂွညှပ်တရံနှင့် တွဲဖက် ၀တ်ဆင်ထားသောကြောင့်လည်း တောထဲမှာ အနေကြာလာသည့်တောတွင်း တယောက် နေရာမှားပြီး ရောက်လာဟန်တူရဲ့ဟု ထင်မြင်ချက် ပေးစရာ ကောင်းနေသည်။
ဤအထက်တန်း တွဲတတွဲလုံးတွင် ထိုခရီးသည်လုဝ်ကြီး အထက်တန်းကျကျ ၀တ်ဆင်ထားသော ပန်ချာပီ အမျိုးသားတယောက်၊ ညီအမဟု ခန့်မှန်းရသော အသက်လေးဆယ်ခန့် အရွယ် သမီးကြီးနှစ်ယောက်နှင့် အနောက်တိုင်း ၀တ်စုံကို ဆင်ယင်ထားသည့် အသက်၃၀-ခန့် မွန်ရည်သားနားသော ဗမာလူရွယ် တယောက်၊ ထိုဗမာလူရွယ်နှင့် မည်သို့ တော်စပ်သည်မသိသော ခုနစ်နှစ်ရွယ် ခလေးတယောက်တို့ ပါလာကြရာ၊ သူသည် လမ်းတလျှောက်လုံးတွင် ခလေးငယ်အား တယုတယ ပြောဆို ပြုစုလာခြင်းဖြင့် အလုပ်ရှုပ် လျက် ရှိသလို အမျိုးသမီးကြီး နှစ်ဦးမှာလည်း သူတို့ချင်းအတော် စကား အလွမ်း သင့်ကြလေသည်။ တဦးတည်းသော ပန်ချာပီ အမျိုးသားကြီး အင်္ဂလိပ်သတင်းစာတစောင်ကို အဖော် လုပ် လာခြင်း ဖြင့် အဆင်ပြေလျက် ရှိနေ၏။
မတုန်မလှုပ် ကျောက်ရုပ်ဟု ဆိုရတော့မလောက် တယောက်က ငေါင်းစင်းစင်းနှင့် ငေးငိုင်လာသူကား အထက် ဖော်ပြပါ ခရီးသည်တယောက်တည်းသာ ဖြစ်ပေ၏။
အမှန်စင်စစ်သော်ကား တပါးသူတို့ မသိမမြင်နိုင်လေသည့် ထိုခရီးသည် လုင်ကြီး၏ အတွင်းစိတ်သန္တာန်မှာ အပြင်ယံ ကိုယ်နေကိုယ်ထား နှင့် လုံးလုံးကြီး ဆန့်ကျင်ကာ ဘလောင်ဆူလျက် ရှိနေပေသည်။ မန္တလေး ဘူတာကြီး မှ နေ၍ ဤအထက်တန်း မီးရထားတွဲပေါ်သို့ တက်လိုက်မိကာ သူက မှတ်မိ၍၊ သူ့ မှတ်မိသိရှိပုံ မရသော အနောက်တိုင်းဝတ်စုံနှင့် ဗမာလူငယ် မြင်လိုက်မိသည့်အချိန်မှစတင်ပြီး သူ့စိတ်တွေသည် ဘလောင်ဆူ လာခြင်းလည်း ဖြစ်ပေ၏။
"ကြုံတတ်လေခြင်း ... ကြုံတတ်လေခြင်း" ဟူသော အတွင်းကျိတ် ညည်းထွားမှုနှင့်အတူ လွန်လေပြီးသော (၂)နှစ် ခန့် ကဖြစ်ကြောင်း ကုန်စင်တွေမှာလည်း စိတ်အာရုံတွင် အစီအစဉ်ပေါ်လာကြ ကုန်လေသည်။
ဤကဲ့သို့ သူစိတ်အာရုံ ကျက်စားမိသမျှကိုသာ အခြားတပါးသူများပါ သိမြင်နိုင်စွမ်း ရှိကြမည်ဆိုပါလျှင်လည်း ဤမှ အစ ယခုအထိသော အကြောင်းအရာများကိုသာ ရုပ်ကားသဘွယ် စိတ်ဝင်စားစရာ တွေ့မြင် လိုက်လိမ့်မည် ဖြစ်ရာ ထိုခရီးသည်ကြီး၏ အမည်မှာ "အောင်နိုင်" ဟူ၍တော့ ရိပ်မိဟန် ကောင်းပေပြီ။
မီးရထားကြီးသည် သူ၏၀တ္တရားကို ကျေပွန်စွာငြဖ့် တဘူတာပြီး တဘူတာ ဆိုက်ကပ်ရန်နားကာ ဆက်လက် ပြေးအားလျက် ရှိပေသည်။ ရှည်လျားလှသော သူ၏ဖြစ်စဉ် ဖြစ်ရပ်များကို အတွေးစက်ဝန်း ဖြန့်ကာ တွေးတော လာခဲ့သော ခရီးသည် လုလင်ကြီး "အောင်နိုင်" သည် ဟင်း ... ဟူသော သက်ပြင်းရှိုက် သံနှင့် အတူ အသက်ဝင်လာသလို လူးလွန့်လှုပ်ရှား လိုက်တော့သည်တွင်ကား ... မီးရထားကြီးသည် သာစည် ဘူတာ သို့ပင် ဆိုက်ကပ် ရပ်နားမိပြီ ဖြစ်နေသည်။
ဤဘူတာတွင် ခရီးသည်တို့ နံနက်စာ စားကြသည် ဖြစ်ရာ ပန်ချာပီ အမျိုးသားကြီးနှင့် အမျိုးသမီးကြီး နှစ်ယောက် မှာ ရထားတွဲပေါ်မှာ ဆင်းသွားကြလေ၏။
"သား သားတော့ လမ်းတလျှောက်လုံး မုန့်တွေ စားလာတာ ဆာတော့မှာ မဟုတ်ပါဘူး ထမင်း မစားပါနဲ့ တော့ကွယ် ကော်ဖီနဲ့ မုန့်ဘဲ တော်ရောပေါ့ ဟုတ်လား"
အနောက်တိုင်းဝတ်စုံနှင့် လူရွယ်သည် ကော်ဖီနှင့် မုန့်များကို မှာယူကာ ခလေးငယ်အား တယုတယ တိုက်ကျွေးရင်း နှင့် သူကိုယ်တိုင်ပါ စားသောက်နေလေ၏။
သူတို့နှင့် ခပ်လှမ်းလှမ်း ထိုင်ခုံမှ အောင်နိုင်ကတော့ ထိုစကားအတွက် အတော့ကြီး အံ့အားသင့်သွားရလေ သည်။ "ဟင် ... ကိုမောင်မောင်လွင် ... ကိုမောင်မောင်လွင် သူ အေး နဲ့ လက်မထပ်ဖြစ်ဘူးလား လက်ထပ် တယ် ဆိုရင်လဲ အေး ရဲ့သားဟာ ဒါလောက်ကြီးကြီး ဖြစ်နိုင်ပါ့မလား ... ငါလူမှားနေတာတော့ မဟုတ် နိုင်ပါဘူးလေ ..." ဟု အတွေးရ ခက်နေပြန်သည်။
"ဟို ဦးဦးက ဘာမှလဲ မစားဘူးနော်"
ခလေးငယ်က သူ့ထံမှ လက်ညှိုးကလေး ရွယ်ပြလိုက်ကာ စကားတောင်းနေပြန်၏။ မောင်မောင်လွင်က သူ့ ကို လှမ်းကြည့်ကာ ပြုံးပြလိုက်သည်နှင့် သူကပါ ပြန်လည် ပြုံးပြလိုက်ရလေသည်။ ပြီးတော့ အထက်လွှာ မှ လူကုန်တန် ပြီပြီ တော်ရုံတန်ရုံ လူစားကို အဖက်လုပ်လိမ့်မည် မထင်ခဲ့သော မောင်မောင်လွင့်ထံမှ ဤမျှ ဖော်ရွေသော အပြုံးကို ရရှိခြင်းအတွက် ကျေနပ်သိယောင် ရှိမိသည်တိုင် ... စကားဆက်စပ်ကာ အသိဖွဲ့ ရမည်ကို လိုလားနိုင်ခြင်း မရှိသည်နှင့် ရိုင်းရုံမကလို့ ဘယ်လိုဘဲထင်ထင်ဟု စိတ်ပိုင်းဖြတ်ကာ တဖက်သို့ လှည့်နေလိုက်သည်။ သူ့ဝမ်းထဲမှာ အနည်းငယ် ဟာသလို ရှိနေသော်လည်း ... ဘာကိုမျှ စားချင်စိတ် မရှိ သည် နှင့် မစားဘဲပင် ဇွတ်ပေ၍ နေလိုက်သည်။
ပျဉ်းမနား ဘူတာသို့ ညအိပ်ရန် ရပ်နားလိုက်သည်တွင်ကား အမျိုးသမီးကြီးနှစ်ယောက်မှာ လိုရာ ခရီးဆုံးသို့ ရောက်ဟန်နှင့် သူတို့ပစ္စည်းများကို သယ်ပိုးပြီး ဆင်းသွားကြလေသည်။
ဆက်ရန်
.
2 comments:
စိန်စိန်ရဲ့ ဗြဲရှပ်မဏ္ဍပ်ပါတီအကြောင်းဝတ္ထုတို့ စာရေးဆရာကြီးကို မြို့ကစာဝါသနာရှင်တွေ ဧည့်ခံတာတို့ တင်ပါအုံးအမရေ။ ခရီးဝင်္ကပါလဲကြိုက်တယ်။
ကျနော်မှာ ခရီးဝင်္ကပါ စာအုပ်တော့ ရှိတယ် တခြားစာအုပ်တွေက ရှာမရဘူး ရရင်တော့ တင်ပေးပါမယ်ဗျာ
Post a Comment