ထို့ကြောင့် တခါတရံ လူဝံကြီးမောင်နှံ အစာရှာထွက်၍ ကြာသည့်အခါများမှာ ညာမေတင်သည် အသိုက် ထဲက ထွက်လာခဲ့သည် အနားမှာ ရှိနေသော သစ်ပင်တစ်ပင်၏ ခွဆုံ အခေါင်းထဲက ပုံးအောင်းနေခြင်းဖြင့် လူဝံကြီးမောင်နှံကို ကြည်စယ်တတ်သည်။
အသိုက်ကို ပြန်ရောက်၍ ညာမေတင်ကို မတွေ့သောအခါ လူဝံကြီးမောင်နှံသည် ရှာဖွေလာသော အစားအစာတွေကို ပြစ်ချခါ ညာမေတင်ကို အရေးတကြီး ရှာဖွေကြသည်။ သူတို့ဘာသာဘာဝ ဟစ်ကြွေး ကြသည်၊ လူဝံမကြီးကား လူသားမိခင်သဘွယ် သူ့ရင်ကို သူထုခါ လူသားမိခင်သဘွယ် ငိုကြွေးသည့် သဏ္ဍာန်ဖြင့် ကြေကြေကွဲကွဲ အသံပြုသည် လူဝံကြီးကား ဆောင့်ကြောင့်ထိုင်ခါ ငေးမှိုင်နေ တော့သည်။
ထိုအခါမှ ညာမေတင်သည် လူဝံကြီးမောင်နှံ ဟစ်ကြွေးသည့်အသံအတိုင်း ဟစ်ကြွေးကာ သစ်ခေါင်းထဲက ရယ်ရယ်မောမော ထွက်လာတတ်သည်၊ လူဝံကြီး မောင်နှံကား ၀မ်းသာအားရဖြင့် သူ့ထံ အပြေးအလွှား ရောက်လာကြသည်၊ တယောက်တလဲ ပိုက်ပွေ့ခါ ဘာတွေပြောမှန်းမသိဘဲ အသက်ပင် မရှူဘဲ ပြောကြ သည်၊ လူတို့ဘာသာဖြင့် ဆိုပါလျှင်…..
'သမီးလေးရယ် ဘာကြောင့် ပုန်းနေရတာလဲကွယ်၊ အမေတို့ အဖေတို့မှာ သမီးလေးကိုသာ ပြန်မတွေ့ ရင် ရင်ကွဲပြီး သေရတော့မယ်နော်'
ဟူ၍ ပြောကြမည်ဖြစ်သည်။
လူဝံကြီးမောင်နှံဖြစ်ပုံကို မြင်ရသော ညာမေင်သည် စိတ်ထဲမျာ များစွာ သနားသွားသည်၊ ထို့ကြောင့်…….
'နောင်ကို ဘယ်တော့မှ အဖေနဲ့အမေကို စိတ်မကောင်းအောင် မလုပ်တော့ပါဘူး'
ဟုမျက်ရည်လည်လည်ဖြင့် ပြောခါ လူဝံမကြီး၏ ရင်ခွင်ထဲသို့ ဦးခေါင်းကို နှစ်မြှုပ်လိုက်သည်၊ ညာမေတင်သည် မိဘနှစ်ပါးနှင့်ရော ကြီးကြီးမေနှင့်ရော နေထိုင်စဉ် က သူ့ကိုယ်သူ တင်တင်ဟု သုံးနှုံးခဲ့သည်၊ ယခုမူ ထိုအသုံးအနှုံးကို မေ့ခဲ့လေပြီ၊ လူဝံကြီးမောင်နှံနှင့် စကားပြောသည့် အခါတိုင်း လူဝံကြီး မောင်နှံနားလည်သည် မလည်သည်ကို သူသတိမပြုတော့၊ သူပြောချင်သလိုသာ ပြောနေတော့သည်။
ညာမေတင် အသက်လေးနှစ်သာ ရှိနေသည့် အချိန်က ကျောင်းကို မပို့သေးသော်လဲ အိမ်မှာပင် မိခင်နှင့် ဘခင် အားလပ်သည့် အခါတိုင်း ရုပ်ပုံလေးတွေကို ပြပြီး စာသင်ပေးခဲ့သဖြင့် အင်္ဂလိပ် အက္ခရာ အေဘီစီ စသည်တို့ကို မှတ်မိခဲ့ အလွတ်ရခဲ့သည်၊ ဗမာ အက္ခရာ ဗျည်းသုံးဆယ့်သုံးလုံးကိုလဲ အလွတ်ရခဲ့သည်၊ မှတ်မိ ခဲ့သည်၊ ခလေး ကဗျာလေးတွေကိုလဲ နှုတ်တိုက်ရခဲ့သည်၊ ယခု တောထဲရောက်နေသောအခါ ပျင်းသည့် အခါတိုင်း အေဘီစီကို၎င်း ကဗျားလေးတွေကို၎င်း သီချင်းဆိုသလို ဆိုနေတတ်သောကြောင့် ယခုထက်တိုင် မမေ့သေးဘဲ နှုတ်တိုက်ရနေသေးသည်။
သစ်ပင်အောက် မြေပြင်ကို ဆင်းသည့်အခါ မြေပြင် ပြောင်ပြောင်လေး တွေ့လျှငသ် သစ်ကိုင်းချောက်လေး တခုဖြင့် သူမှတ်မိနေသေးသည့် အင်္ဂလိပ် အက္ခရာ မြန်မာအက္ခရာတွေကို ရေးခြစ်နေတတ်သည်၊ တခါတရံ မိခင်ကြီး သင်ပေးခဲ့သော တောခြေမှာ ရွှေယုံနက်ကယ် ထိပ်ကွက်နှင့်လေး… သည်လယ်နှင့်သည်ရေ များပေရဲ့လေး၊ လောင်းယူခဲ့ဟေ့…လှေယူခဲ့ စိန်ပင်ဦးကို ကူးစို့ရဲ့လေး…'
ဟူသော ရှေးရိုးကဗျာလေးကို အော်ဆိုနေတတ်သည်။ ထိုအခါ လူဝံကြီးမောင်နှံသည် သူတို့ချစ်သော သမီးလေး၏ အသံကိုကြား၍ မငြီးသည့် အသွင် မျက်လုံးတွေကို မှေးခါ နားစိုက်ထောင်နေတတ်သည်။
သို့သော် သူ့နာမည် ညာမေတင်ဆိုသည်ကိုမူ သူမေ့နေခဲ့လေပြီ။ မိဘနှစ်ပါးနှင့် ကြီးကြီးမေ နာမည် ကိုကား လုံးဝမမှတ်မိတော့။
လူဝံကြီးမောင်နှံက ရှာဖွေကျွေးမွေးနေသည်ကို အေးအေးလူလူ စားနေရသော်လဲ လူသားသာလျှင် ဖြစ်သော ညာမေတင်သည် တခါတရံများစွာ ပျင်းရိငြီးငွေ့မိသည်၊ တခါတရံ မှိုင်နေတတ်သော ညာမေတင် ကိုကြည့်ပြီး လူဝံကြီးမောင်နှံသည် ညာမေတင် ငြီးငွေ့နေကြောင်း ရိပ်မိဟန်တူသည်။ သူတို့ပါ မှိုင်နေ တတ်သည်၊ ညာမေတင်ကို အလိုလိုက်သောအားဖြင့် ညာမေတင် သစ်ပင်အောက် ဆင်းပြီး ကစားနေသည့် အခါမှာ လွှတ်ပေးထားလိုက်ပြီး သူတို့မောင်နှံက ညာမေတင်ကို တောရိုင်းတိရိစ္ဆာန်တွေ ဘေးက ကင်းအောင် စောင့်ကြည့်နေကြသည်၊ ညာမေတင် ပြန်ချင်သည့်အခါမှ သူတို့က နောက်က လိုက်လာ ကြသည်။
တောထဲမှာ အကြောင်းအမျိုးမျိုးတို့ကြောင့် သေဆုံးခဲ့ရသည့် တောကောင်တွေ၏ သားရေတွေကို ၀တ်နေသော ညာမေတင်သည် တခါတရံ ကျားရေ၊ တခါတရံ ကျားသစ်ရေ၊ တခါတရံ ၀က်ဝံရေ၊ တခါတရံ ကြီးမားလှသည့် စပါးကြီးမြွေရေတွေကိုပင် ၀တ်ရုံထားသော ညာမေတင်ကား မည်သည့် တောကောင်၏ အရေကို ၀တ်ရုံသည်ကိုပင် ဖြစ်စေ ကြက်သရေရှိမြဲ၊ ချစ်စရာကောင်းမြဲ ၀င်းပသော အသားအရေဖြင့် တောကြီးပျော်မယ် လေးကား တောရိပ်တောင်ရိပ်ကြောင့် စိုပြေလန်းဆန်းခါ လူသားတစုံတယောက်က တွေ့ခဲ့ပါလျှင် တောစောင့်ရှင်မ ပင် ဖြစ်လေသလားဟု အထင်မှားလောက်စရာ ရုပ်ရည်မျိုးဖြစ်နေသည်။
ယနေ့လူဝံကြီးမောင်နှံသည် ညာမေတင်ကို ခေါ်ခါတောထဲသို့ အတော်ဝေးဝေး ရောက်သည် တိုင်အောင် လှည့်လည် ပြသကြသည်၊ ထိုနေ့မှာညာမေတင် ၀က်ဝံအရေကို ၀တ်ရုံထားသည် ထို့ကြောင့် အမှတ်မဲ့ ကြည့်လိုက်လျှင် လူဝံ သားအမိ သုံးကောင်ဟု ထင်စရာဖြစ်နေသည်။
ညာမေတင်သည် သူ့ဦးခေငါ်းမှာ နက်မှောင်ရှည်လျားသော ဆံပင်တွေကို ရှင်းလဲမရှင်းတတ်၊ ရှင်းစရာလည်းမရှိ၊ ထို့ကြောင့် နွယ်ကြိုးသေးသေး တချောင်းဖြင့် ချည်ပြီး ဦးခေါင်းထက်တွင် ဖြစ်သလို စုထုံး ထားလိုက်သည်။
ထိုအချိန်မှာ ညာမေတင်အသက်သည် ဆယ့်ခုနှစ်နစ် အရွယ်သို့ ရောက်နေလေပြီ။
တောရိုင်းတိရစ္ဆာန်တွေနှင့် တွေ့လျှင် လူဝံကြီး မောင်နှံ၏ သင်ကြားပေးမှုကြောင့် ကျင်လည်စွာ ရှောင်တိမ်းတတ်သည်၊ သစ်ပင်အတက်အဆင်း အကူးအသန်းနွယ်တန်းခိုရာမှာ တောမျောက်တွေကပင် အရှုံးပေးရလောက်အောင် ကျွမ်းကျင်နေသည် ခန္ဓာကိုယ်သည် အလိုလို လေ့ကျင့်ပြီးသား လိုဖြစ်နေသောကြောင့် ညာမေတင်၏ ကိုယ်လုံးကိုယ်ပေါက်သည် ကျစ်လစ် ဖြောင့်ဖြူးပြီး အချိုးအဆစ်ကျန လှပ တောင့်တင်း နေသည်၊ လျှင်မြန်ဖြတ်လတ်သည်နှင့်အမျှ ယောက်ျားကြီးတယောက်နီးနီးသန်စွမ်းသော အားအင် ရှိနေသည်။
လူဝံကြီးမိခင်နှင့် ဘခင်နှစ်ယောက်အကြားမှာ လမ်းလျှောက်လာခဲ့သောညာမေတင်သည် လွန်စွာပျော်နေသည်၊ တောတောင် သစ်ပင်တွေကို မြင်ရသော်ငြားလဲ မည်သည့် သစ်ပင်မည်သည့် အသီးအပွင့် မည်သည့်ပန်းဟူ၍ မသိတော့ချေ။ လှပသော ပန်းပွင့်တွေကို တွေ့လျှင် ခူးဆွတ်ပြီး ဦးခေါင်းထက်ရှိ ရှုပ်ထွေးနေသော ဆံပင်ထသြို့ ထိုးစိုက်လိုက်တတ်သည်။ သစ်သီးသစ်ရွက် သစ်ဥမြင်လျှင် အမျိုးအမည် ကို မသိသော်လဲ စားကောင်းသည် မစားကောင်းသည်ကိုမူ လူဝံကြီး မောင်နှံ၏ ပညာပေးမှု ကြောင့် ကျွမ်းကျင်စွာ ခွဲခြားတတ်နေသည်။
ဤမျှလောက်ဝေးဝေးလံလံကို တခါမှမသွားခဲ့ဖူးသော ညာမေတင်သည် အထူးပင် ရွှင်လန်း ၀မ်းမြောက်စွာဖြင့် သူ ပြောချင်ရာတွေကို လူဝံကြီးမောင်နှံကို ပြောလိုက်၊ လှပသောပန်းပွင့်တွေကိုမြင် လျှင် အားရပါးရ ခူးပြီး သူ့ဦးခေါင်းထက်က ရှုပ်ပွနေသော ဆံထုံးထဲသို့ ထိုးစိုက်လိုက်ဖြင့် အပျော်ကြီး ပျော်နေရှာသည်။
ညာမေတင်က ပျော်ရွှင်စွာဖြင့် ခြေလှမ်းသွက်သွက်လှမ်းသွားနေသမျှ လူဝံကြီးမောင်နှံကလဲ တားဆီးခြင်း မပြုဘဲ ညာမေတင်ကို အလိုလိုက်ကာ သဘောမျိုးဖြင့် တကောက်ကောက်လိုက်နေကြ သည်။
အမှတ်မထင် လာခဲ့ကြရာမှ သူတို့မိသားစုသုံးယောက်သည် အသိုက်ရှိနေသည့် သစ်ပင်ကြီး နှင့် တော်တော်ပင် ဝေးကွာလှမ်းသည့်နေရာသို့ ရောက်နေကြလေပြီ။
သူတို့ မိသားစု သုံးယောက်လုံး သတိပြုလိုက်မိသည်ကား သူတို့သည် တခုသော တောင်ခြေ သို့ ရောက်နေသည်။ တောင်ခြေ ဆင်ခြေလျောတွင် လူသွားလမ်းယောင်ယောင်လေးကို တွေ့လိုက်ရ သောအခါ လူဝံကြီးမောင်နှံသည် ညာမေတင်လက်ပြိုင်တူဆွဲခါ ခြေလှမ်းတုန့်လိုက်ကြသည်။ ညာမေ တင်ကလဲ မေ့မေ့လျော့လျော့ ပျော်ပျော်ရွှင်ရွှင်သွားနေရာမှ ကိုယ်ရှိန်သပ်ခါ လူဝံကြီးမောင်နှံမျက်နှာကို မော့ကြည့် လိုက်သည်။
တောရိုင်းတိရစ္ဆာန်တွေ၏သဘာဝအသိကြောင့် လူဝံကြီးမောင်နှံက ရပ်ဆိုင်းလိုက်သော်လဲ၊ လူ သားသာလျှင်ဖြစ်သော ညာမေတင်ကား ဘာမှန်းမသိချေ။ ခပ်လှမ်းလှမ်း တောင်ခြေတနေရာ သစ်ပင် အထက် မှ တလူလူတက်နေသည့် ပြာလဲ့သောမီးခိုးတန်းကို လူဝံကြီးမောင်နှံက လက်ညှိုးညွှန်ခါ ညာ မေတင်ကို တယောက်တဘက်ဆွဲကြပြီး နောက်ကြောင်းကိုလျှင်မြန်စွာ ပြန်လှည့်လိုက်ကြသည်။
လူတွေနှင့်နီးနေပြီ။ ဘေးအန္တရာယ်ရှိချင် ရှိလာနိုင်သည်ဟူသော သဘောမျိုးဖြစ်သည်ကို ညာ မေတင် နားလည်လိုက်သည်။ ထို့ကြောင့် လူဝံကြီးမောင်နှံနှင့်အတူ လျှင်မြန်စွာ ခြေဦးလှည့်လိုက်၏။ သို့သာ် သူတို့နောက်ကျသွားလေပြီ။
မိုးတွေရွာလာသည့်အခါမှာ မိုးကောင်းကင်ပေါ်က မြည်ဟီးသည့် အသံကြီးမျိုးလိုလို ညာမေတင် ထင်လိုက်သော အသံကြီးမျိုး တချက်ကြားလိုက်ရပြီး လူဝံအထီးကြီးသည် အသံနက်ကြီြး့ဖင့် အော်ခါ အသံ ထွက်ပေါ်လာရာဆီသို့ တဟုန်ထိုးခုန်လွှားသွားလိုက်သည်။
လူဝံအထီးကြီး ခုန်လွှားရာသို့ လူဝံအမကြီးကပါ လျှင်မြန်စွာ ပြေးလိုက်သွားသည်။ ညာမေတင် သည် အံ့အား သင့်ခါ ကြောင်ကြည့်နေစဉ်တွင် သူတို့မိသားစု မူလက ရပ်နေခဲ့သည့်နေရာအနီး ကြီးမား သော ခြုံကြီးတခု အတွင်းမှ တစုံတဦးသောသတ္တ၀ါနှင့် လူဝံအထီးကြီးသည် သဲသဲမဲမဲ သတ်ပုတ်နေ တော့သည်။ ရန်သူသတ္တ၀ါသည် တကောင်ထဲမဟုတ်၊ လေးကောင်တောင်ဖြစ်သည်။ သုံးကောင်သော သတ္တ၀ါတွေနှင့် လူဝံကြီးမောင်နှံတို့ သတ်ပုတ်နေကြစဉ်မှာ ညာမေတင်သည် သူ့မိဘလူဝံကြီးမောင်နှံ ကို ကူညီမည်ဟူသော စိတ်ဖြင့် သူ့လက်တကမ်းအကွာမှ ရှိနေသော သစ်ပင်ပေါ်က ကျိုးကျနေသည့် သစ်ကိုင်းတခုကို လျှင်မြန်စွာ ကောက်ယူ လိုက်သည်။ သို့သော် ညာမေတင် သစ်ကိုင်းကိုကောက်ယူ လိုက်ပြီးသည့်အခါတွင်မူ သူ့မိဘတွေ နှင့် သတ်ပုတ်နေသည့်သတ္တ၀ါမျိုး တကောင်သော သတ္တ၀ါသည် သူ့အနားရောက်နေလေပြီ။
ညာမေတင် အနားကို မကပ်ဘဲ ကျင်လည်စွာ ကြိုးကွင်းပြစ်တမ်းလိုက်သောအခါ ညာမေတင် သည် လက်နှစ်ဘက်ပါကြိုးဖြင့် တုတ်ထားပြီးသလို ဖြစ်နေသောကြောင့် အလွန်အမင်းဒေါသထွက်ခြင်း ဖြစ်လာသည်။ အားကုန်ရုန်းကန်ရင်း လူဝံကြီးမောင်နှံနှင့် သူ အပြန်အလှန် အော်နေကြအသံမျိုးအ တိုင်း ဒေါသတကြီး ကျယ်လောင်စွာ အော်လိုက်သည်။
ညာမေတင် အော်လိုက်သည့်အချိန်တွင်ကား စောစောက ညာမေတင် ကြားလိုက်ရသည့် မိုး ကောင်းကင်က မြည်ဟီးသည့်အသံကြီးမျိုး မြည်ဟီးခါ၊ ညာမေတင်၏ကျေးဇူးရှင် လူဝံကြီးမောင်နှံကား ရင်ခွင်တပြင်လုံး သွေးတွေရဲရဲယိုစီးခါ မြေပြင်ပေါ်တွင် လူးလှိမ့်နေကြရှာသည်။
သတ္တ၀ါနှစ်ကောင်သည် ဒါဏ်ရာရထားသည့်အသွင်ဖြင့် ရှုံ့မဲ့ငြီးငြူခါ လူးလှိမ့်နေသော လူဝံကြီး မောင်နှံ နှင့် ခပ်လှမ်းလှမ်းမှာ ထိုင်နေကြသည်။
တကောင်သော သတ္တ၀ါကား ညာမေတင်ကို မနိုင်မနင်းဖြစ်နေသော သူ့အဖေါ်ကိုကူရန် ပြေး လာနေသည်။
ကြိုးကွင်းစွပ် ဘမ်းထားခြင်းကိုခံနေရသော ညာမေတင်သည် သတ္တ၀ါနှစ်ကောင်၏လက်မှ မည်သို့ လွတ်နိုင် ပါမည်နည်း။
"လူဝံအမလေးဟ၊ လူအတိုင်းဘဲ၊ မသေစေနဲ့၊ အရှင်ရအောင်ဖမ်း"
ဒါဏ်ရာဖြင့် ထိုင်နေသော သတ္တ၀ါနှစ်ကောင်အနက် တကောင်သောသတ္တ၀ါက အော်ပြော လိုက်သည်။ သူတို့ပြောသည့်လူစကားကို ညာမေတင် နားလည်လိုက်သည်။ ထိုသတ္တ၀ါတွေသည် လူ တွေဖြစ်ကြောင်း ညာမေတင် သိလိုက်လေပြီ၊ သို့သော် သူချစ်သော ကျေးဇူးရှင် လူဝံကြီးမောင်နှံကို ရန် ပြုသော သူများ ဖြစ်သောကြောင့် ညာမေတင်သည် သူလိုလူအချင်းချင်းဟူသော စိတ်မျိုးမထားနိုင်ဘဲ စက်ဆုတ်ရွံရှာ မုန်းတီး စွာဖြင့် အဖမ်းမခံဘဲ ခြေဖြင့်ကန်ခြင်း ဦးခေါင်းဖြင့်တိုက်ခြင်း ပါးစပ်ဖြင့်ကိုက် ခြင်း စသည်ဖြင့် ခုခံ နေသည်။ သန်စွမ်းသော ညာမေတင်ကို ရုတ်တရက် ဖမ်းမရနိုင်အောင်ဖြစ်နေကြ သည်။
ဆက်ရန်
.

1 comment:
အင်း လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲ ဖြစ်ဖြစ် သံယောဇဉ်
ဖြစ်သွားရင် မလွယ်ဘူးနော်... သံယောဇဉ်..
သံယောဇဉ်..(လေးဖြူ မဟုတ်ပါ...:P)
Post a Comment