Tuesday, April 26, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၁ဝ)

သွေးညှီနံ့ကို ရလိုက်ကြသော တောကောင်ကြီးများသည် ခင်မောင်အေးတို့ မိသားစု နေထိုင်ခဲ့ကြသည့် တဲအိမ်စုတွေရှိရာကို ရောက်လာကြသည်၊ ခင်မောင်အေးထွက်ပြေးသော အခါ ကျားတကောင်က ခင်မောင်အေး နောက်သို့လိုက်သည်၊ ခင်မောင်အေးသည် ပြေးရင်းလွှားရင်း ချောက်တခုထဲကို လိမ့်ကျ သွားသော အခါမှ ကျားရန်က လွတ်သွားသည် မောပန်းလွန်းခြင်း လိမ့်ကျခြင်းတို့ကြောင့် ခင်မောင်အေး သတိလစ် သွားခြင်းကို အိပ်ပျော်သွားသည်ဟု ပြောလိုက်ခြင်းဖြစ်သည်။

    နံနက်လင်း၍ သူသတိရလာသောအခါ သူမည်သည့်နေရာကို ရောက်နေကြောင်း မသိတော့ချေ၊ သူ့ မိဘတွေ နှင့်အတူ နေထိုင်ခဲ့သည့် တဲစုဆီကိုလဲ မပြန်တတ်တော့၊ မည်မျှလောက် ဝေးကွာခဲ့ပြီကိုလဲ မသိ တော့၊ ချောက်အတွင်းမှ တွေ့ရသည့် စမ်းချောင်းလေးမှ ရေကိုသောက်ပြီး တောင်စောင်းပေါ်ကို တက်လာ ခဲ့သည်။
    တောင်စောင်းတနေရာဝယ် သစ်ပင်မြင့်ကြီး တပင်ပေါ်မှငှက်တွေစားသောက်ပြီး ပြစ်ချထားသော သစ်သီးအကြွေတွေကို ဆာဆာဖြင့် ကောက်စားလိုက်သည်။

    သို့ဖြင့်ပင် ခြေဦးတည့်ရာ သွားနေရင်းမှ တွေ့သည့် သစ်သီးသစ်ရွက်ကို အဆာပြေစာူးလိုက်၊ တောကောင် တွေနှင့် တွေ့သည့်အခါ သစ်ပင်ထက်ကို တက်ပြေးလိုက်၊ မျောက်လို ယုံလို အကောင်ငယ် များနှင့်တွေ့သည့်အခါ လက်လှမ်းမှီရာ သစ်ကိုင်းများ ကျောက်ခဲများဖြင့် ကောက်ပေါက်လိုက်ဖြင့် အလုပ်က လူကို သင်လာခဲ့သော ခင်မောင်အေးသည် သစ်ပင်အတက်အဆင်းအပြေးအလွှားတွေမှာ လျှင်မြန် ကျင်လည် လာသည်၊ အပြစ်အခတ်မှာလဲ လက်မှန်းတည့်ပြီး ထိုလိုသည့်နေရာကို မလွဲတန်းမှန်အောင် ပြစ်နိုင် လာသည်၊ တယောက်ထဲ နေရသောအခါ ကိုယ့ိကုယ်ကို အားကိုးသော စိတ်ဖြင့် သတ္တိရှိ ရဲရင့် လာသည်၊တောထဲတောင်ထဲမှာ ယဉ်ပါးလာသောအခါ တောကြွမ်းသည်နှင့်အမျှ တောကောင်ကြီးများလို ငယ်စဉ် ကလို အရမ်းမဲ့ ကြောက်လန့်ခြင်းမဖြစ်တော့ချေ။

    ယခုဆိုလျှင်ခင်မောင်အေး၏ အသက်သည် ဆယ့်ရှစ်နှစ်အရွယ်ကို ရောက်နေလေပြီ၊ တောထဲ တောင်ထဲမှာ သဘာဝ လေ့ကျင့်ခန်း အမြဲယူနေရသည်ဖြစ်ရာ ခင်ောမင်အေး၏ ကိုယ်လုံးကိုယ်ထည်သည် ကျစ်လစ် ထွားကျိုင်းကာ ယောကျာ်းပြီသပြီး အားခွန်ဗလ ပြည့်ဝသည့် လူတယောက်ဖြစ်နေသည်။

    ခင်မောင်အေးက သူ့စကားကို ဆက်ပြောလိုက်၏။
    'ငါလဲ တယောက်ထဲနေထိုင်ရင်း တောထဲကို လှည့်ပတ်သွားရင်း နင်တို့ကိုမြင်ဘူးတယ်'
    'ဟင်…ငါ့ကို နင်မြင်ဘူးတယ်'
    ညာမေတင် က အံ့အောဟန်ဖြင့် မေးသည်။

    'အေး…မြင်ဘူးတယ်၊ နင့်အဖေနှင့် အမေနဲ့ နင်ကမတူဘူးဆိုကိုလဲ ငါမြင်တယ်၊ ဒါပေမဲ့ ငါ့ကိုမြင်ရင် နင့်အဖေနဲ့အမေက ရန်မူမှာစိုးလို့ နင်တိုကမင်ြအောင် ငါမနေဘူး၊ နင်တို့မမြင်အောင်သာ နင်တို့ကို ငါ ကြည့်ခဲ့တာ'
    'ငါ့အဖေနဲ့အမေကို နင်ကြောက်လို့လား'
    ညာမေတင်အမေးကို ခင်မောင်အေးက ဦးခေါင်းခါပြလိုက်သည်။

    'မကြောက်ပါဘူး၊ ဘာကြောင့်ကြောက်ရမှာလဲ၊ ကျောက်ခဲကြီးကြီးနဲ့ တခါလောက် ကောက်ပေါက် လိုက်ရင် ထိသွားမှာဘဲ၊ ဒါပေမဲ့ နင့်အဖေ အမေကိုထိရင် နင်ကပါငါ့ကို သတ်မှာပေါ့၊ အဲဒီတော့ နင့်ကိုပါ ကျောက်ခဲ နဲ့ ပေါက်ရမယ်၊ နင့်ကို ငါကျောက်ခနဲ့ မပေါက်ချင်ဘူး၊ နင်ကငါ့လိုဘဲ တူတယ်လေ'
    'ဒါမေမဲ့ နင့်မှာ မျက်နှာတခုလုံး အမွှေးတွေအားကြီးဘဲ၊ ငါ့မျက်နှာ နင့်လိုအမွေးတွေမရှိဘူး'    ညာမေတင် စကားကြောင့် ခင်မောင်အေးကရယ်လိုက်သည်။
    'အေးဟဲ့၊ နင့်မှာမရှိဘူးနော်'
    'နင်ပြောအုံး၊ ငါ့အဖေနဲ့အမေကို ဟိုသတ္တ၀ါတွေသတ်နေတာကို နင်သိလို့ ရောက်လာတာလား'

    'မသိဘူးငါကနင်တို့နေတဲ့ အသိုက်နားမှာ နင်တို့လဲ လာကြည့်တော့မရှိဘူး၊ နင်တို့အပြန်ကို စောင့်ကြည့်မယ် နေတာဘဲ၊ တော်တော်ကြာ မလာတော့ နင်တို့ခြေရာကိုကြည့်ပြီးလိုက်လာတာ၊ နင်အော်လိုက် တဲ့ အသံကိုလဲ ကြားရော နင်တို့မှာ ရန်သူတွေကနေပြီလို့ ငါသိပြီလေ၊ ဒါကြောင့် ဟိုသတ္တ၀ါ တွေမမြင်အောင် ခြုံကွယ်ကြီး ကျောက်ခဲနဲ့ပေါက်တာ ငါက တောတိုးသာသိပ်ကောင်းတာ ငါကလေ သစ်ပင်ခြုံတွေ မလှုပ်အောင် အသာလေးနေရာပြောင်းနိုင်တယ်၊ ဒါကြောင့် ဟိုသတ္တ၀ါတွေက ငါဘယ်နေရာ က နေပြီးကျောက်ခဲနဲ့ ပေါက်တယ်ဆိုတာကို သူတို့မသိကြာဘူးပေါ့'
    ညာမေတင်က ဘာမှမပြောဘဲ နှုတ်ဆိတ်စွာဖြင့် သူ့ကျေးရှင် လူဝံကြီးမောင်နှံကို မြင်ယောင်ကာ မျက်ရည်တွေ ၀ိုင်းလာသည်။ ထိုသို့ ညာမေတင်ငိုတော့မည့်အသွင်ကို မြင်လိုက်သော ခင်မောင်အေးက ကဗျာကသီ စိတ်ပြောင်းအောင် စကားဆက်လိုက်၏။

    'နင့်နာမည် ဘယ်လိုခေါ်လဲ'
    ညာမေတင်က ဦးခေါင်းခါပြသည်။
    'မသိတော့ဘူး၊ နင့်နာမည်ရော'
    'ငါ့နာမည် ခင်ောမင်အေး၊ ငါ့အဖေနာမည်က ကိုထွန်းဇင်၊ ငါ့အမေနာမည်က မခင်မေတဲ့'
    'နင်သိတယ်နော်'

    'အေး ငါ့အဖေနဲ့ အမေက အဲဒီနာမည် သုံးခုကို မမေ့ရဘူးလို့ ခဏခဏ ဆိုခိုင်းနေလို့ အခုထက်ထိ ငါသတိရနေတယ်၊ ငါတယောက်ထဲ နေတော့လဲ ဒီလိုဘဲဆိုနေတာကိုး'
    ထိုအခါ ညာမေတင်သည် သူမှတ်မိထားသည့် အင်္ဂလိပ် အက္ခရာမြန်အက္ခရာတွေကို မြေကြီးပေါ်မှာ သစ်ကိုင်းချောက်ကလေးတစ်ခုဖြင့် ရေးချစ်ပြသည်။
    'ခင်မောင်အေး နင်သိသလား'
    ဟုမေးသည်။

    ခင်မောင်အေးက ဦးခေါင်းခါပြသည်၊ အမှန်မှာ ခင်မောင်အေးသည် ကျောင်းနေခဲ့ဘူးသည်၊ ထိုအက္ခရာတွေကို သင်ခါစအချိန်မှာ ယခုလိုဘ၀မျိုးကို ရောက်လာခဲ့သည့်အတွက် မသိတော့ချေ၊ ညာမေတင်ကမူ အလေ့အကျင့်လုပ်နေခဲ့သောကြောင့် မှတ်မိနေခြင်းဖြစ်သည်။
    'ကဲပါဟယ် ဒါတွေနောက်တော့ ငါလဲ ဒီလိုဘဲ မြေကြီးပေါ်မှာ သစ်ကိုင်းချောက်နဲ့ နင့်လိုဘဲ တတ်အောင်လုပ်မယ် အခုတော့ နင်လဲဆာရောပေါ့၊ ငါလဲ ဆာနေပြီ၊ တို့စားစရာရှိတာ စားလိုက်ကြရအောင်'

    ခင်မောင်အေးက ညာမေတင်ကို လက်ဆွဲထူပေးရင်း ပြောသည်။ ညာမေတင် အလိုက်သင့် ထိုင်ရာက ထရင်း…
    'ငါ့အဖေဆီကရလိုက်တ့ ဟောဒါတွေကို မပျောက်အောင် ထားရမယ်၊ နောက်ပြီး ဟိုသတ္တ၀ါမျိုးတွေ တွေ့ရင် သေသေချာချာကြည့်၊ လက်ချောင်းပြတ်နေတာတွေ့ရင် ငါ့အဖေနဲ့ အမေကို သတ်တဲ့ အကောင် ဘဲ'

    ညာမေတင်က အကြိတ်အခဲကြီးသော အသံဖြင့် ပြောလိုက်သောအခါ ခင်မောင်အေးက တွေခနဲ ဖြစ်သွားသည်။ ထို့နောက်…
    'အေးငါ့ဘကြီးမသေခင်လေးမှာ ပြောခဲ့တာလဲ ဒီအကောင်တွေဘဲ ထင်တယ်၊ ဒါဖြင့် နင့်အမေနဲ့အ ဖေကို သတ်တဲ့ သတ္တ၀ါဆိုတာ ငါ့အဖေနဲ့အမေငါ့ဘကြီးကို သတ်သွားတဲ့ သတ္တ၀ါတွေပဲထင်တယ်'

    ဟုစဉ်းစဉ်းစားစားပြောလိုက်သည်။
    'အေးပေါ့ဟယ်၊ နောက်တခါ သင်းတို့ တောထဲကို လာစမ်းပါစေ၊ တောက်….'
    ညာမေတင်သည် နာကျည်းစွာပြောရင်း တောက်ခေါက်လိုက်သည်။

    ခင်မောင်အေးကို ညာမေတင်က ခင်မောင်အေးဟ]ုခေါ်သော်လဲ ညာမေတင်ကိုမူ ခင်မောင်အေးက နာမည်မသိသောကြောင့် သူ့အမေနာမည်ကို အမှတ်ရစေရန် မခင်မေဟု ခေါ်နေသည်။
    လူသားစစ်စစ်ဖြစ်လျက်နှင့် ဆန်းကျယ်သော ကံကြမ္မာကြောင့် လူသူမနီးသည့် တောကြီးနက်ခေါင် တောင်ညို တောင်တန်း စိမ့်စမ်းဟေမ၀ါထဲကို ရောက်နေကြရပြီး ကံတရား၏ ဖန်တီးမှုကြောင့် ကံတူ အကျိုးပေး နှစ်ယောက်သည် အတူတကွနေထိုင်ကြရမည့် အဖြစ်က ဖန်တီးလာခဲ့သည်။

    လူသားနှစ်ယောက် ပြန်လည် တွေ့ဆုံကြသောအခါ အဖော်မရှိသည့်အတါက် လူစကားကို ကြာမြင့်စွာ မပြောမဆိုခဲ့ကြရသည့် သူတို့နှစ်ယောက်သည် စကားဆက်မပြတ် ပြောကြရာမှ လူစကားကို ထစ်ထစ် ငေါ့ငေါ့ မဖြစ်ကြတော့ဘဲ ရေရေလည်လည် ပြောတတ်ဆိုတတ်လာကြသည်။
    ညာမေတင်နှင့် မိခင်ဘခင် လူဝံကြီးတို့နေထိုင်ခဲ့သည့် နေရာကို ခင်မောင်အေးက လုံးဝ မသွားစေ တော့ဘဲ ညာမေတင် မေ့ပျောက်နိုင်သလောက် မေ့ပျောက်အောင် ကြိုးစားနေသည်၊ ညာမေတင် ထိုသို့ မေ့ပျောက် သွားမှသာ လျှင် စိတ်သက်သာရာ ရပေမည်။ သို့မဟုတ်က မိဘ လူဝံကြီး မောင်နှံကို တလွမ်းလွမ်း တဆွေးဆွေးဖြင့် စိတ်ထိခိုက်နေမည်ကို ခင်မောင်အေးက စိုးရိမ်သည်။ ထို့ကြောင့် သူနေထိုင် သည့်နေရာသို့ ညာမေတင် ကိုခေါ်လာခဲ့သည်။

ခင်မောင်အေး နေထိုင်သည့်နေရာသည် တောင်ကမ္ဘားယံတခု၏ထိပ်ပေါ်ရှိ ကျောက်ဂူလေးတ ခုထဲမှာ ဖြစ်သည်။ ခင်မောင်အေးသည် သူတယောက်ထဲနေစဉ်က သစ်ပင်မြင့်ကြီးအထက်မှာ တခါတ ရံတက် နေတတ် သော်လဲ ညာမေတင်ရောက်လာပြီးမှ သစ်ပင်မြင့်ကြီးထက်သို့ မတက်တော့ဘဲ ကျောက်ဂူ ထဲမှာသာ နေထိုင်ခဲ့ကြသည်။ ညာမေတင်၏မိခင်ဘခင် လူဝံကြီးမောင်နှံနည်းတူ ခင်မောင် အေး ရှာဖွေ ထားသည့် တောကောင်တွေ၏သားရေတွေက သူတို့နှစ်ယောက်အဘို့ ၀တ်ဆင်ရန် ကောင်းစွာ လုံလောက် နေသည်။

သစ်သီးရှာ၊ ပျားရည်ရှာ၊ သစ်သီးနှင့် ပျားရည်ကိုလဲ စားသောက်ကြရသည်။ ကျား၊ ကျားသစ် စ သည်တို့ ကိုက်သတ်ထားပြီး စားမကုန်သည့်အသားတွေထဲက လတ်လတ်ဆတ်ဆတ် တွေ့လျှင် နှစ် ယောက်သား ကျောက်ဂူ ရှိရာသို့ သယ်ယူလာခဲ့ကြသည်၊ တောမီးလောင်ရာက ရထားလိုက်သည့် မီးကို ခင်မောင်အေးက အဆက်ပြတ် မခံဘဲ မွေးထားသည်မှာ ကြာမြင့်ခဲ့ပြီ၊ ထိုမီးဖြင့် အသားကို ကင်စားကြ သည်။

ဘာသာဘာဝ နှစ်ယောက်သားအလိုက်အထိုက် နေထိုင်ကြရင်းကပင် သဘာဝအသိတရား ကြောင့် ခင်မောင်အေး နှင့် ညာမေတင်တို့သည် တယောက်ကိုတယောက် မခွဲနိုင်အောင် ချစ်ခင်မြတ်နိုး သည့် ဘ၀သို့ ရောက်နေခဲ့ကြလေပြီ။
တောထဲ တောင်ထဲမှာ လည်ပတ်သွားလာကြည့်ရှုလိုက်၊ သစ်ပင်တွေပေါ် တက်လိုက်၊ နွယ် တန်းခိုစီးလိုက်၊ မြေကြီး ပေါ်မှာ စာလုံးအက္ခရာတွေ ရေးခြစ်လိုက်ဖြင့် ညာမေတင်နှင့် ခင်မောင်အေးတို့ သည် သူတို့ဘ၀ကို သူတို့ ပျော်နေကြရှာသည်။ တယောက်ကို တယောက် ချစ်လိုက်ကြသည်မှာ အ သက်နှင့်ထပ်တူ ဖြစ်နေ ကြသည်။

“မခင်မေရယ်၊ တောထဲ တောင်ထဲမှာ ဒို့နှစ်ယောက် တယောက်ကိုတယောက် အသံပေးခေါ် ချင်ရင် လူလိုမခေါ်နဲ့၊ မတော်တဆ ရန်သူတွေကြားသွားရင် မကောင်းဘူး”
“လူလို မခေါ်ရင် ဘယ်လိုခေါ်မလဲ ခင်မောင်အေးရဲ့”
“မနေ့က ဟောဟိုသစ်ပင်ပေါ်က ငှက်ကြီးတစ်ကောက် အော်လိုက်တဲ့အသံကို ကြားတယ်မ  ဟုတ်လား၊ အဲဒီ ငှက်ကြီးတွေကို သတိထားကြည့်လိုက်စမ်း၊ တကောင်က အော်ပြီး အသံပေးလိုက်ရင် တကောင်က ဘယ်နေရာ ရောက်ရောက်၊ ချက်ချင်း ပြန်ပြေးလာတတ်တယ်၊ နင် သတိထားမိလား”

ခင်မောင်အေးက ပြောသောအခါ ညာမေတင်က...
“အေး... သတိထားမိတယ်”
ဟုဖြေသည်။
“အဲဒီ ငှက်အသံအတိုင်း တို့အချက်ပေးရအောင်၊ နင်က ပန်းဆိုရင် အင်မတန်ကြိုက်တယ်၊ ပန်း ခူးရင်းအဝေးကြီးကို ရောက်နေရင် ငါက ရှာမတွေ့တော့ စိတ်ပူမိရော၊ ဒါကြောင့် အဲဒီ ငှက်အော်သံအ တိုင်း အော်လိုက် ရင် နင် မြန်မြန်ပြန်ပြေးလာခဲ့”
“အောင်မယ် ငါ့ကိုသာ ပြောနေ၊ နင်ရော တခါတလေ ဟိုရေသွားခပ်မယ်ဆိုပြီး တော်တော်နဲ့ ပြန်မလာဘူး၊ ငါလဲ စိတ်ပူတာဘဲ”
တယောက်နှင့်တယောက် ချစ်တုံ့တင်ပြောဆိုကြပြီး ငှက်အော်သံအတိုင်း တယောက်နှင့်တ ယောက် အချက်ပေးရန် သဘောတူလိုက်ကြသည်။

နှစ်ယောက်လုံး တောထဲတောင်ထဲမှာ နှစ်ပေါင်းကြာမြင့်စွာ နေထိုင်လာခဲ့သူများဖြစ်၍ တော တိရစ္ဆာန် တွေ၏အသံကို နားယဉ်ပြီးသား နားရည်ဝပြီးသား လေယူလေသိမ်းကို မှတ်မိထားပြီးသား ဖြစ် ကြရာ သူတို့ အချက်ပေးမည် ဖြစ်သော ငှက်အော်သံကို တုပအော်မြည်ရန်မှာ ခက်ခဲသော အလုပ်မ  ဟုတ်ရကား နှစ်ရက် လောက် လေ့ကျင့်လိုက်ရုံမျှဖြင့် ခင်မောင်အေးနှင့် ညာမေတင်တို့သည် တကယ် ငှက်အစစ် အော်မြည်သည့် အသံအတိုင်းအော်မြည်နိုင်ခဲ့ကြသည်။

သူတို့နှစ်ယောက် အခြေချနေထိုင်သော တောင်ကမ္ဘားယံထိပ်နေရာသည် သစ်ပင်အနေအ ထား ကျောက်ဂူအနေအထား စသည်တို့ကလဲ များစွာ အနေအထားသင့်သည်။ သစ်ပင်စသည်တို့ကလဲ များစွာ အနေအထား သင့်သည်။ သစ်ပင်တောင်ကမ်းတို့ကို မျောက်ရှုံးအောင်ပင် အတက်အဆင်း ကျင် လည်ပြီး သူတွေ ဖြစ်ကြရာ ရေလိုချင်လျှင် သူတို့နေထိုင်သည့် ကျောက်တောင်ကမ္ဘားယံထက်က မျောက်တွေလို လျှင်မြန် ကျင်လည်စွာ တွယ်ဆင်းလိုက်ခြင်းဖြင့် ကမ္ဘားယံ အောက်ခြေမှာရှိနေသော စမ်းချောင်းလေးမှ အေးမြကြည်လင် သော ရေကို လွယ်ကူစွာရနိုင်ကြသည်။

သို့ဖြင့် တနေ့တွင် ခင်မောင်အေးက စားသောက်စရာအရှာအဖွေ ထွက်သွားသည်၊ ယခင်က စားသောက်စရာ သွားရှာလျှင် နှစ်ယောက်အတူ သွားကြသည်ကများသည်၊ ယနေ့မှ ခင်မောင်အေးက ဝေးဝေးကို မသွား သူချက်ချင်းပြန်လာမည်၊ နေရစ်ခဲ့ပြီး ရေခပ်ထားလိုက်ပါဟု မှာကြားခဲ့သောကြောင့် ညာမေတင်က နေရစ်ခဲ့သည်။

ရေခပ်သည့်ပစ္စည်းအဖြစ် ခွက်ကြီးလိုဖြစ်နေသည့် သစ်ခြောက်ခွံကြီးကို ညာမေတင်က ယူပြီး ကမ္ဘားယံကို မျောက်တကောင်လို လျှောဆင်းလိုက်သည်၊ စမ်းချောင်းကမ်းပါးသို့ရောက်သောအခါ ရေ ခပ်ပြီး ကမ္ဘားယံ ပေါ်သို့ ပြန်တက်မည့်ဆဲဆဲတွင် သူ့မိဘလူဝံကြီးမောင်နှံကို သတ်သွားသည့်သတ္တ၀ါလို အကောင်နှစ်ကောင် ကို တွေ့လိုက်ရသောကြောင့် ကမ္ဘားယံပေါ်သို့ ချက်ချင်း မတက်သေးဘဲ သေချာ အောင် ကြည့်လိုက်သည်။

ထိုသတ္တ၀ါနှစ်ကောင်သည် သူ့မိဘလူဝံကြီးမောင်နှံကို သတ်သွားသည့်သတ္တ၀ါမျိုး ဖြစ်မည်ဆို သော်လဲ တူရုံသာ တူသည်။ သတ်သွာသည့်သတ္တ၀ါတွေမဟုတ်ကြောင်းကို သေသေချာချာကြည့်သော အခါ သိရသည်။ ညာမေတင်သည် ထိုနှစ်ကောင်၏ လက်ချောင်းကိုကြည့်၍ ရန်သူမဟုတ်ဟု ယူဆ လိုက်၏။

သူ့မိဘလူဝံကြီးမောင်နှံကို သတ်သွားသည့် သတ္တ၀ါတွေသည် မိုးပေါ်ကအသံကြီးမျိုး မြည် အောင် လုပ်တတ်ကြသည်။ ယခု သူတွေ့ရသောသတ္တ၀ါတွေသ်ည ထိုသို့လုပ်တတ်ကြလေသလား၊ ထို သို့ လုပ်တတ်ကြလျှင် သူ့မိဘတွေကို သတ်သွားသည့်သတ္တ၀ါအမျိုးအစားဖြစ်ပေလိမ့်မည်ဟူသော အတွေးဖြင့် ခြုံကြီးတခု ကိုကွယ်ပြီး ကြည့်နေစဉ်မှာ ကိုထွန်းအံ့နှင့် ကိုဘသော်တို့က ကြုံတောင့်ကြုံခဲ မြင်လိုက်ရခြင်း ဖြစ်သည်။

သတ်ချင်ဖြတ်ချင်သည့် စိတ်ရှိသူတွေမဟုတ်ကြသောကြောင့် သူတို့မြင်ရသည့် ညာမေတင်ကို ရန်သူလိုကြည့်ခြင်း မဟုတ်ဘဲ အံ့သြသည့်စိတ်ဖြင့်သာ ကြည့်နေကြခြင်းဖြစ်ရာ သူတို့၏ရန်မူလိုသည့် အသွင်သဏ္ဍာန် ကင်းမဲ့သည့် မျက်နှာထားကို ညာမေတင်က သူ့စိတ်ထဲက အလိုလိုသိသောအသိဖြင့် အေးဆေးစွာကြည့်နေလိုက်သည်။ ထိုနောက် နေရာဒေသကျွမ်းကျင်ပြီးသူဖြစ်သည့်အလျောက် ကို ထွန်းအံ့ နှင့် ကိုဘသော်တို့မသိသော နေရာမှ ကမ္ဘားယံပေါ်သို့ ပြန်တက်လာခဲ့သည်။

ထိုအကြောင်းကို ညာမေတင်က ခင်မောင်အေးကို ပြန်ပြောပြသည်။
“ဟင် နင့်ကို သူတို့မြင်သွားကြပြီပေါ့”
“အေး... မြင်သွားတယ်”
ညာမေတင် အဖြေကြောင့် ခင်မောင်အေးသည် မျက်လုံးပြူးသွားသည်။

“ဘာမှမလုပ်ဘူးလား၊ နင့်အဖေနဲ့ နင့်အမေကို သတ်သလို နင့်ကိုမသတ်လိုက်ကြဘူး နော်”
ခင်မောင်အေးက ကံကောင်းလို့ဟဲ့ ဟူသော သဘောမျိုး ပြောလိုက်သည်။

ဆက်ရန်
.

No comments: