ဒရိုင်ဘာကလည်း ကားကို အရှိန်လျှော့ရုံမျှသာ လျှော့လိုက်ရာမှ သင်္ကာမကင်းရှိသည်နှင့် ဆက်လက်၍ အပြင်း မောင်းလိုက်သည်။ ဤတွင်ကား "ဟေ့ ရပ်လိုက် ရပ်ဆို မရပ်ဘူးလား ..." ဟု ထန်မာသော အသံကြီ များနှင့်အတူ သေနတ်သံ တဒိုင်းဒိုင်းပါ ဆက်လက်၍ ထွက်ပေါ်လာတော့ သည်။ ထိုသည်နှင့် တပြိုင်နက် ကားရှေ့ခန်း မှ အားကနဲ အသံစူးစူး တသံကို ကြားလိုက်ရပြီး သည်တွင်ကား ကားသည် ရုတ်တရက် ရပ်တံ့သွားလေသည်။
မူလက နှစ်ယောက်မျှသာ ထင်ရသော်လည်း ပုန်းကွယ်နေရာများမှ စုပေါင်း ထွက်ပေါ်လာကြသည် တွင်မူ ခြောက် ယောက်မျှ ရှိနေသော ထိုလူစုမှာလည်း ကားဆီသို့ အပြေးအလွှားပင် ၀ိုင်းဝန်းလာ ကြလေ၏။
"ခွေးမသားတွေ သေချင်လို့ ရပ်မပေးတာလားဟ ... ဟေ"
ခေါင်းဆောင် ဖြစ်ဟန်ရှိသူမှာ သေနတ်ကြီး တရွယ်ရွယ်နှင့် ဆဲရေး တိုင်းထွာနေလေ၏။
"ကျွန်တော်က ခရီးသည်ထင်လို့ ကျွန်တော့ကားမှာ လိုက်စရာ နေစရာ မရှိတာနဲ့ ရပ်မပေး တာပါဗျာ"
"အေး ... အခုတော့ ခရီးသည် မဟုတ်ဘူး နင့်အဖေတွေဆိုတာ သိပြီမှုတ်လား ... အကုန်အောက် ကို ဆင်း ... ပါသမျှ ပေး မြန်မြန် လုပ်ကြစမ်း ..."
အောင်နိုင်တို့ ကားနောက်ခန်းမှ ကမန်းကတန်း ဆင်းလာကြသည်တွင်ကား ... လက်ပြင်ညွန့်ကို ဖောက်ထွင်း သွားသော သေနတ်ဒဏ်ရာ တချက်ဖြင့် ကားစက်ခန်းထဲမှာ ခွေလျက်သား လဲနေသော မောင်မောင်လွင် ကို စိတ်မချမ်းမြေ့စဘွယ် မြင်တွေ့ရလေသည်။ သို့တိုင်အောင် သူ့အားမည်သူမျှ ကူညီဖေးမနိုင်ခြင်း မရှိသေး ... လက်ကိုင်ပုဝါနှင့် ဖောင်တိန်မျှ မကျန်င်္ရအောင် ပါသမျှသော ပစ္စည်းများကို စုဆောင်း ပေးအပ် နေရပြန်လေသည်။
ရထားပေါ်မှာတုန်းက အောင်နိုင် ကိုယ်တိုင် ၀တ်ဆင်ပေးခဲ့သော ဆန်နီ့ လက်စွပ်ကလေးကိုပင် အောင်နိုင် ကိုယ်တိုင် ချွတ်ယူပြီး ပေးအပ်လိုက်ရသည်။
ဒဏ်ရာ ဖြင့် လဲနေသော မောင်မောင်လွင်မှာပင် ချမ်းသာရာ မရရှာ၊ အိတ်ထဲတွင် ပါသမျှသော ငွေစက္ကူ များနှင့် အကြွေမျှ မကျန်ရအောင် နှိုက်ယူနေသည့်ပြင် ၀တ်ဆင်ထားသော နာရီနှင့် လက်စွပ်ကို ချွတ်ယူမည် ပြုနေပြန်၍ အရိပ်အကဲသိသော အောင်နိုင်ကပင် ဖြေဆေးသက်သာ ထူမကာ ချွတ်ယူ ပေးလိုက် ရသေးသည်။
ကားမောင်းသူမှာလည်း မသက်သာလှ။ သူတို့အလိုရှိသော ဆီပုံးများနှင့် ဆေးအိတ်အချို့ကို ကားပေါ်မှ သယ်ချ ပေးနေရသည်။ သူတို့အလိုရှိသမျှ ကျေနပ်အောင် ယူငင်ပြီးတော့မှသာ "နောက်တခါ ပစ္စည်းများ များ စုပြီး လာခဲ့အုံးဟေ့" ဟူသော အမှာစကားနှင့်အတူ ထွက်သွားကြ သည်။ သည်တော့မှ အောင်နိုင်သည် စိတ်မကောင်းကြီးစွာနှင့် မောင်မောင်လွင်အား ဖြည်းဖြည်းညှင်းညှင်းထူမကာ ကားနောက်ပိုင်းသို့ ပွေ့တင် လိုက်ရသည်။
"အင်း ခေတ်ကြီးများ တယ်ဆိုးသကိုဗျာ၊ ကိုယ့်ကုန် ကိုယ်တင်ပြီး ကိုယ့်ကား ကိုယ်မောင်းနေရပေ တဲ့လဲ လွတ်လွတ် လပ်လပ် မစားသာသေးဘူး၊ ကျွန်တော့်မလဲ ကားကို အလကားလဲ မထားနိုင်၊ သူများနဲ့လဲ လွှဲမထားနိုင် လို့ စွန့်စားပြီး ကိုယ်တိုင်လဲ မောင်းနေရတာ၊ ဘေးရန်မကင်းမှန်းလဲ သိပါရဲ့၊ ဒီအထဲပုံးတွေ ပါသွား တာကတော့ ဆိုးသဗျာ ... ကျွန်တော့်ပစ္စည်းလဲမှုတ်ဖူး၊ တောင်ငူက မိတ်ဆွေတယောက် တင်ပေး လိုက်တာ"
ကားသမားမှာလည်း ကားစက်ကို ပြန်နှိုးရင်းနှင့် ခြူသံပါအောင် ညည်းညူ၍ နေလေသည်။ အောင်နိုင်မှာ သူ့ရှပ်အင်္ကျီကို ချွတ်ကာ မောင်မောင်လွင့်ဒဏ်ရာကို ခပ်တင်းတင်း စည်းနှောင်ပေး ထားရလေ၏။ မောင်မောင်လွင် မှာတော့ နာကျင်စွာ တွန့်လိမ် ရှုံ့မဲ့နေရသည့် အထဲမှာပင် မျက်ရည်တွေ တွေ ကျနေ တော့ပေသည်။
"ကျွန်တော့်မှာ ခံနေရတာထက် အိမ်ကလူတွေ စိတ်ပူနေကြမှာကို သနားမိပါတယ်ဗျာ ... ဒီခလေး အတွက် ကလဲ"
"အို ... ဒါတွေကို ဘာမှ ပူမနေနဲ့ ကိုမောင်မောင်လွင်၊ ကျွန်တော် တယောက်လုံး ရှိပါသေးတယ်ဗျာ ... အားတင်း စမ်းပါ"
အောင်နိုင်က စိတ်ပါလက်ပါ အားပေးသမှု ပြုရလေ၏။ သို့ရာတွင် လမ်းတလျှောက်လုံး၌ မောင်မောင်လွင် မှာ သတိများပင် လစ်သည့်အခါ လစ်နေခဲ့ပေသည်။ ဆန်နီကလေး တရှုပ်ရှုပ် ငိုနေပြန်၍လည်း ချော့မော့ ရသည်မှာ အမောပင် ဖြစ်နေတော့သည်။
မောင်မောင်လွင်အား ညောင်လေးပင်ဆေးရုံတွင် တင်ထားကာ အခြေအနေကို မေးမြန်းကြည့် တော့လည်း အားရ နိုင် စဖွယ် မရှိလှပေ။ ဒဏ်ရာမှာ အတော်ပြင်းထန်ပြီး သွေးလွန်နေသဖြင့် စိုးရိမ် ရကြောင်း တော်တော် နှင့် ခရီးဆက်လက်၍ သွားရန်မဖြစ်နိုင်ကြောင်းကို သိရသည်။
"အားမငယ်ပါနဲ့ ကိုမောင်မောင်လွင် ... ကျွန်တော့်မှာ ငွေ ရှိပါသေးတယ်"
အောင်နိုင် သည် သူ့ဘောင်းဘီခါးပတ်ချုပ်ရိုးထဲမှာ လျှို့ဝှက်စွာ ထည့်သွင်းလာခဲ့သော ရာတန်စက္ကူ များကို ထုတ်ယူ ၍ ပြကာ အားပေးရလေသည်။
သူ့ကိုယ်မှာလည်း ရှပ်အင်္ကျီအသစ်၊ ပလေကပ် လုံချည်အသစ်နှင့် ဖြစ်နေ၏။ ခုတင် နံဘေးက ဆေးရုံသုံး ဘီရိုကလေးပေါ်မှာလည်း မောင်မောင်လွင့်အတွက် ရွယ်စူးဝယ်ယူလာဟန် ရှိသော သပျက်သီးခိုင်များနှင့် ဟောလစ်ဘူး၊ နို့ဆီ၊ သကြား စသည်တို့ကို ဝေေ၀ဆာဆာပင် မြင်တွေ့ရ သည်။
ဆေးရုံမှ ပြုစုကူမှုပေးခြင်းဖြင့် မကြာမီကလေးမှ ပြန်လည် သတိရလာကာ မောင်မောင်လွင် ကတော့ အိပ်င်္ရာ ခုတ်ငထက်မှာ ခပ်မတ်မတ်မှီကာ လှဲနေရရင်းမှ နွမ်းလျ ဖြော့တော့စွာ ပြုံးယောင် ပြုလိုက် လေသည်။
"ကျေးဇူးတင်ပါတယ် ကိုထူးရယ် ... ဒါပေမဲ့ ဒီငွေစက္ကူတွေ ကျွန်တော့် အသက်ကိုတော့ ကယ်နိုင် မယ် မဟုတ် တော့ပါဘူး၊ ကျွန်တော့် အိမ်ကိုသာ တဆိတ်လောက်"
အားနည်း လှသော လေသံ မဆတ်တဆတ်မျှဖြင့် ကိုမောင်မောင်လွင်က တောင်းပန်သလို ပြောနေတော့မှ ...
"မဟုတ်တာ ကိုမောင်မောင်လွင်ရယ် ... ခင်ဗျားအနေနဲ့ ဒါလောက် ပက်ပက်စက်စက် မဖြစ်နိုင်ပါ ဘူး၊ အိမ်ကို အကြောင်း ကြားချင်ရင်လဲ ကျွန်တော် အကြောင်းကြားပေးပါ့မယ် ... လိပ်စာသာ ပြော"
"အိမ်ကို ဆိုရင်တော့ သံကြိုးရိုက်မှဘဲ ... ဖြစ်လိမ့်မယ် ထင်တယ် ... ဖုံး ဖုံးကတော့ ကျွန်တော်တို့ အိမ်မှာ မရှိသေးဘူး ... ကျွန်တော့် မေမေအိမ်မှာ ရှိတယ်"
"စိတ်ချပါဗျာ ... ကျွန်တော် လုပ်ပေးပါ့မယ် ... သံကြိုးရော ဖုန်းရော"
အောင်နိုင် သည် မောင်မောင်လွင့်ထံမှ လိပ်စာများကို ယူဆောင်ကာ ကိုယ်တိုင်ကိုယ်ကျပင် သွားရောက် ဆောင်ရွက် ရပြန်လေ၏။ ထိတ်လန့် အားငယ်စရာတွေကိုချည်း တွေ့ကြုံနေရသော ဆန်နီကလေးမှာလည်း မျက်နှာ ကလေး ငယ်ငယ်၊ မျက်ရည်ကလေးလည်လည်နှင့် အောင်နိုင်ကို သာ မခွာတမ်း ကပ်တွယ်၍ နေတော့ရာ အောင်နိုင်မှာ ထိုဒုက္ခသည် တူဝရီးကို သနားကရုဏာ ပိုကာ တတ်စွမ်းနိုင်သမျှ ပြုစု စောင့်ရှောက် နေရလေသည်။ "ဒီသတင်းကိုကြားရင် အေးတယောက် ဘယ်လောက် စိတ်ဒုက္ခ ရောက်လိုက်မလဲ ..." ဟု တွေးလိုက်တော့လည်း သူ့ရင်ထဲမှာ မသက်မသာ ရှိလှပေသည်။
ညအချိန် ရောက်ပြန်တော့လည်း ဆရာမကြီးတဦးထံမှ အိပ်ရာခင်းနှင့် စောင် ခေါင်းအုံးများကို ခေတ္တ ယူငင်ကာ မောင်မောင်လွင့် ခုတင်အောက်နားမှာ ခင်းကျင်းပြီး ဆန်နီကို ချော့မော့ သိပ်ထား ရသည်။ သူကိုယ်တိုင် မှာ မောင်မောင်လွင်မှာ အားရှိပါစေတော့ဟု ခုတင်ဘေးမှာ ကုလားထိုင် တလုံးနှင့် ထိုင်ကာ မအိပ် ဘဲ စောင့်နေသည်။
"တရေးလောက် အိပ်လိုက်ပါအုံးလား ကိုထူးရယ် ... ခင်ဗျားမလဲ ဆွမ်းခံရင်းငှက်သင့် ဆိုတာမျိုးလို ကျွန်တော်တို့ကြောင့် ဒုက္ခရောက်လှပါပြီ ..."
"ဟာ ... ဒါလောက်ကလေးများ ကျွန်တော်က ဒုက္ခမထင်ပါဘူးဗျာ၊ ကျွန်တော့်အတွက် ဘာမှ မစိုးရိမ်ပါနဲ့၊ ခင်ဗျားသာ နေသာရဲ့လား ဟင် ..."
တခါတရံတော့လည်း တယောက်ကိုတယောက် ငဲ့ညှာ ကြင်နာသော စကားကလေးများကို ခွန်းတုံ့ ခွန်းလှယ် ဆိုမိကြ သည်။
နံနက်ပိုင်း ဆေးထည့်ဆေးထိုး ပြီးသည်၌မူ အောင်နိုင်သည် သပျက်သီးကလေးများကို အခွံနွှာကာ တလုံး ချင်း ခွံ့ပေးနေ၏။ မောင်မောင်လွင်ကတော့ သပျက်သီးကလေးများကို ဖြေးလှေးစွာ ၀ါးနေရင်းမှ စိတ်ပျက် အားလျော့ စကားများကို ပြောဆို၍ လာပြန်သည်။
"ကျွန်တော် ဒီနေ့ ပိုဆိုးလာတယ်ထင်တာဘဲဗျာ၊ ကျွန်တော် သေသွားရင် ဆန်နီကိုတော့ အိမ် အရောက်ပို့ပေးပါ ကိုထူးရယ်" ဟု မှာကြားနေရုံမက "ကျွန်တော့် အိမ်က တယောက်ယောက် လိုက်လာ ကြရင် ကောင်းမှာ၊ ဘယ်သူမှလဲ မလာကြဘူးလားဟင်" ဟူ၍ မြှော်လင့်တမ်းတနေပေ သည်။
နေမွန်းတည့်လောက်တွင်ကား တချက် တချက်တွင် မြှော်လင့်ချက် အရိပ်အယောင် မကင်းသေး သလို အပေါက်ဝ ဆီသို့ မျက်လုံးလည်ကာ မျှော်ကြည့်နေသေးသော်လည်း စိတ်ပျက် အားလျော့ သွားတော့ ဟန်ဖြင့် စကားတခွန်းမျှ ပြောဆိုခြင်း မပြုတော့ပေ။
အောင်နိုင်မှာလည်း မောင်မောင်လွင့်အတွက် မနေသာနိုင်သလို အပေါက်ဝမှာထွက်ကာ မကြာခဏ ဆိုသလို ရောယောင် ကြည့်မျှော်နေမိသည်။ ကြည့်မည်လို့သာ ကြည့်မျှော်နေရသော် လည်း ရန်ကုန်မှ လိုက်လာ သူသည် ဦးဖေတင်သော်၎င်း၊ အေးသော်၎င်း မဖြစ်ပါစေနှင့်ဟု ဆုတောင်းမိရသေး၏။ အေး ကိုတော့ ခရီးလမ်းမသာယာသော ထိုအချိန်မျိုးတွင် လိုက်လာလိမ့် မည်ဟူ၍လည်း သိပ်ကြီး မထင်စား မိခဲ့ပေ။
သို့ရာတွင် ဆေးရုံအပေါက်ဝမှာ မယောင်မလည် ရပ်ကာ ကြည့်မျှော်လိုက်မိသည့် နောက်ဆုံး တကြိမ်မှာမူ ဆေးရုံရှေ့ ထိုးရပ်လာသော အမိုးချထားသည့် လင့်ရိုဗာ ကားကလေးတစ်စင်းကို သူတွေ့လိုက်ရသည်။ ပြီးတော့ ကားပေါ်မှ ရှေးဦး ဆင်းလာသူမှာ ဦးဖေတင်၊ ထိုနောက် အသက်၆၀ရွယ် အမေအိုတယောက်၊ ထိုနောက် ကတော့ အေး ...။
အောင်နိုင် မှာ တခဏတော့ မှင်သက်မိသလို ကြောင်ရပ်နေသည်။ ဦးဖေတင့်တို့ လူစုမှာ ကွန်ပေါင်ဒါ ဘဦးအား မောင်မောင်လွင်ရှိရာ အခန်းနှင့် အခြေအနေကို မေးနေကြသလားဟု၊ လက်ပြခြေပြဖြင့် စကား အနည်းငယ် ပြောနေကြသေးသည်။ ပြီးတော့မှ ဆေးရုံရှိရာသို့ ခပ်သုတ်သုတ် လျှောက်လာကြ၏။ အနာဆွေး အနာမြုံကို တုတ်နှင့် မဆွလိုတော့ပြီ ဖြစ်သော အောင်နိုင်မှာ ဤလူစုကို ရှောင်လွှဲ သွားရန် မှ တပါး နည်းလမ်း မရှိတော့လေပြီ။
သို့ရာတွင် သူသည် မောင်မောင်လွင်အား စိတ်ဖြေစရာကို စတင်ဦးပေးလိုသေးသည်နှင့် အခန်းထဲ သို့ ကမန်း ကတန်း ပြန်ဝင်လာခဲ့သည်။
"ကိုမောင်မောင်လွင် ရေ ... ဦးဖေတင်တို့ လာနေကြပြီ၊ အေး လဲ ပါလာတယ်၊ နောက်တယောက် ကိုတော့ ကျွန်တော် မသိဘူး၊ ခင်ဗျား အမေ ထင်တာဘဲ"
"ဟင် ... ခင်ဗျား ... ခင်ဗျား ... အေးတို့ကို သိ ... သိ ... သလားထင် ..."
အောင်နိုင်မှာ အလျင်စလို အရေးတကြီး နိုင်လွန်း၍ မှားမိသည်ကို လွန်ပြီးမှသာ သိနိုင်ပေတော့၏။ သို့ရာတွင် သူ့မှာ ဖြေရှင်းနေရန် အချိန် မရှိတော့ပေ။ ဆေးရုံနောက်ဖေးမှ နေပြီးတော့သာ သုတ်သီး သုတ်ပျာ ပြေးထွက်ခဲ့ရသည်။ ဤတွင်လည်း "ဦးဦး ဘယ်သွားမှာလဲ" ဟူသော အသံကို ကြားရမှာ ပင် အခက်ကြုံ နေရပြန်လေသည်။
တကယ်ဆိုတော့ သူ့နောက်ပါးမှာ အမြဲမကွာ လိုက်ပါနေသော ဆန်နီကလေးအား မွန်မွန်ထူထူ ဖြစ်နေ ရသော ဤအခိုက်အတန့်တွင် မေ့ထားမိခြင်း ဖြစ်ပေသည်။
"ဦးဦး နောက်ကို မလိုက်ခဲ့နဲ့ ဆန်နီ ... သွား သွား အခန်းထဲကို ပြန်သွား ဟိုမှာ မင့်မေမေ အေးတို့ လာ နေတယ်၊ ခုန ကားနဲ့လာတာ မတွေ့ဘူးလား"
"ဘယ်က မေမေ အေးလဲ ဆန်နီ မသိပါဘူး"
"သြော် မင်းအန်ကယ်လ် မိန်းမလေ ... ပြီးတော့ မင့်ဖွားဖွားလဲ ပါလာသေးတယ် မှုတ်လား သွား သွား ... "
"ဟင့် အင်း ... ဖွားဖွားကိုလဲ ဆန်နီ မမှတ်မိပါဘူး"
"မမှတ်မိပေမယ့် မင့်ဖွားဖွားဘဲကွဲ့၊ အန်ကယ်လ်ကလဲ မင်းကို ခေါ်ချင်ခေါ်နေအုံးမှာ ..."
"ဒါဖြင့် ဦးဦးလဲ လိုက်ခဲ့ပေါ့ ..."
"ဦးဦးက သွားစရာ ရှိသေးတယ်"
"သွားစရာရှိရင် ဆန်နီလဲ လိုက်မှာပေါ့"
အောင်နိုင် မှာ ထောင့်ချိုး တချိုးသို့ ၀င်ကွယ်လိုက်ပြီး ... ကလေးကို သနားစိတ်တဖက်နှင့် စိတ်အိုက် နေရပြန် လေသည်။
အောင်နိုင်နှင့် ခလေးတို့ ဤသို့ ဖြစ်ပျက်နေကြချိန်တွင် ... အေး တယောက်ကတော့ မောင်မောင်လွင့် ခုတင် နဘေးမှာ ဒူးထောက်ထိုင်ချကာ ရင်ပတ်ပေါ်တွင် လက်တင်ပြီး ရှိုက်နေ တော့လေသည်။ မောင်မောင်လွင် ကလည်း လမ်းခရီး မသာယာလှသည့်အထဲမှပင် လိုက်ဖြစ် အောင် လိုက်လာကြသော မိခင်ဖြစ်သူ နှင့် အေးကို ကြည့်ကာ ၀မ်းနည်းဝမ်းသာ စိတ်ထိခိုက်ပြီး ဘာစကားမျှ မပြောနိုင်အောင် ဖြစ် နေသည်။
"ခလေးကော ဟင် ခလေးမပါဘူးလား"
မောင်မောင်လွင့် မိခင်ဒေါ်နှင်းက သားသားအဖြစ်ကို ကြည့်ကာ မျက်ရည်ကို လက်တဖက်ဖြင့် သုတ်ရင်းနှင့် ခလေး ကို သတိရပြီး မေးရသည်။
"ပါတယ် မေမေ .. အနီးအနားမှာဘဲ ရှိ ရှိပါလိမ့်မယ် ...၊ ကိုထူးလဲ သိပ်ကျေးဇူးတင်စရာ ကောင်းပါတယ်၊ သူ့ ကို အေး သိလား ရှာစမ်းပါအုံး"
မောင်မောင်လွင်က လေသံတိုးတိုးနှင့် အားစိုက်ပြီး ပြောနေရာ အနီးရှိ ဆရာမကလေးတဦးကပါ "ဟုတ်ပါရဲ့ရှင် ... ကိုထူးကလဲ သိပ်ကို ဂရုစိုက်ရှာတာပါ၊ ညကလဲ တညလုံး မအိပ်ရှာဘူး ..." ဟု ၀င်ပြော လိုက်သည်။
ဦးဖေတင် မှာ ကိုထူးဆိုသူကို မသိသည်တိုင် ၀တ္တရား ရှိနေသေးသည်မို့ "ဟုတ်ကဲ့ ဆရာမရယ် ... အဲဒီခလေး နဲ့ ကိုထူးကို တွေ့ချင်ပါတယ်၊ သူတို့ ဘယ်သွားနေကြပါလိမ့်" ဟု ပြောရသည်။
"အနီးအနားမှာဘဲ ရှိမှာပေါ့ ... ကျမနောက်လိုက်ခဲ့ပါ ...၊ ကျမ ရှာပေးပါ့မယ် ..."
ဆရာမကလေးက ရှေ့မှ ထွက်သွားသောအခါ ဦးဖေတင်က နောက်မှ လိုက်ခဲ့ရ၏။ ဆရာမကလေး ကလည်း အောင်နိုင်တို့ ရှိရာဘက်သို့ပင် တန်းတန်းမတ်မတ် လျှောက်လာမိခဲ့လျက်သား ဖြစ်နေ သည်။
"ဟောဒီမှာ ကိုထူး ... ရှင်တို့ကို တွေ့ချင်လို့တဲ့၊ လူမမာကလဲ မေးနေပြီ ..."
ခလေးကို ချော့မော့စွာ ခွာထုတ်နေရသော အောင်နိုင်မှာ နောက်ကျောဘက်မှ အသံကြား၍ လှည့်ကြည့် မိသည်နှင့် တပြိုင်နက် ဆရာမနောက်ပါးမှ ကပ်လာသော ဦးဖေတင်ကိုပါ မရှောင်လွှဲ သာအောင် တွေ့နေတော့လေသည်။ သူသည် ခေါင်းကို တွင်တွင်ငုံ့ကာ မလှုပ်မယှက်ကြီးသာ ဖြစ်နေမိလေသည်။
"မောင်အောင်နိုင် ... လက်စသတ်တော့ မောင်အောင်နိုင် ပါလားကွယ်"
ဆရာမကလေးမှာ သူ့အလုပ်ရှိရာသို့ ဆက်လက် ထွက်ခွာသွားသော်လည်း၊ ဦးဖေတင်ကတော့ အောင်နိုင်ကို မှတ်မိသည်နှင့်တပြိုင်နက် အံ့သြ ၀မ်းသာလေသံမျိုးဖြင့် ပြောထုတ်လိုက်သည်။ အောင်နိုင်က ခေါင်းကိုသာ တဖြည်းဖြည်း ပြန်မော်လာ၏။
"ဟုတ်ကဲ့ဦး ... ကျွန်တော်တို့ ရထားပေါ်မှာ တွေလာကြတာပါ ..."
"အင်း မောင်မောင်လွင်က ကိုထူးဆိုတော့ ဦးက ဒီပြင်လူမှတ်တာ ကြုံရပလေကွယ် ... ကဲ လာ လာ ... မင်းနဲ့ခလေးကို မောင်မောင်လွင်ကလဲ မေးနေရှာတယ်"
"ကျွန်တော် မလိုက်ပါရစေနဲ့တော့လား ဦး ..."
"မင်း ဒီလိုတော့ မလုပ်သင့်ဘူးထင်တယ် မောင်အောင်နိုင်"
ဦးဖေတင် က ဤသို့ ပြောနေပြန်တော့လည်း အောင်နိုင်သည် ဖြစ်ချင်တာဖြစ်ဟု ဇွတ်မှိတ်ကာသာ နောက်ပါးမှ ခပ်ကုတ်ကုတ်လိုက်ပါလာရပြန်လေ၏။ ဆန်နီကတော့ အောင်နိုင်လက်ကိုသာ မလွှတ်တမ်း တွယ်ဖက် လိုက်ပါနေသည်။
"သားသား ... ဒီမှာ မင့်ဖွားဖွားနဲ့ အန်တီလေ၊ အေး ... ကိုထူးကို သိတယ်မှုတ်လား ... ကျေးဇူး တင်ကြောင်း ပြောပါ အုံးကွယ် ..."
မောင်မောင်လွင်က စကားကို ဖြေးဆေးနှေးကန်စွာ ပြောဆိုနေသည့်အချိန်တွင် သူ့ခါးကို လက်ကလေး နှစ်ဖက်ဖြင့် ယှက်သိုင်းတွယ်ဖက်ကာ ရပ်နေသော ဆန်နီကလေးကို ငုံ့စိုက်ကြည့် သလိုလိုနှင့် ခေါင်းကြီး အောက်စိုက်ထားသော အောင်နိုင်အား အေးသည် အံ့သြထိခိုက်လှသော စိတ်ဝေတနာမျိုးဖြင့် တခဏတာ မျှ တွေတွေငေးငေး စိုက်ကြည့်နေမိသည်။ ပြီးတော့မှ ခေါင်းကို အသာအယာ ပြန်ငုံ့သွားကာ "ဟုတ်ကဲ့ ကျေးဇူးတင် ပါတင်ရှင်" ဟု တုန်ခိုက်သော အသံခပ်တိုးတိုး ဖြင့် ပြောလိုက်သည်။
"ဆန်နီ ... ဖွားဖွားဆီကိုလာ ..."
ဒေါ်နှင်းက ဆန်နီ့လက်ကလေးကို လှမ်းဆွဲလိုက်၏။ ဆန်နီသည် ဘာ့ကြောင့်ရယ်မသိဘဲ သူ့လက်ကလေးကို ပြန်ရန်ကာ မျက်နှာကို အောင်နိုင်ကိုယ်မှာ အတင်းတပ်ထားလိုက်လေသည်။
"ကျွန်တော် တို့ ဆရာဝန်ကြီးကို သွားတွေ့ဘို့ လိုလိမ့်အုံးမယ် ထင်တယ်"
ဦးဖေတင် ဒေါ်နှင်းကို ကြည့်၍ ပြောလေသည်။
"ဟုတ်တယ် ရန်ကုန်ကို ချင်ခြင်းခေါ်မသွားနိုင်သေးဘူးဆိုရင်လဲ ဒီမှာ နေရေးထိုင်ရေးကို ကြည့် စီစဉ် ရအုံးမှာဘဲ"
ဒေါ်နှင်းက ပြန်ပြောလိုက်ပြီးသောအခါတွင် ဦးဖေတင်နှင့် ဒေါ်နှင်းသည် အခန်းတွင်းမှ ထွက်သွား ကြလေ၏။ အောင်နိုင်ကတော့ ဆန်နီ့ခေါင်းကို လက်ဖြင့်ပွတ်ကာ အဓိပ္ပာယ်မရှိ မက်မောနေမိ သည်။
"လမ်းခရီး အတွက် စိတ်မချရဘူးဆိုတာလဲ သိပါတယ် ဒါပေမဲ့ ... အေးလိုက်လာတာကို ကိုကိုလွင် သိပ် ၀မ်းသာတာဘဲ"
မောင်မောင်လွင်က ခုတင်ဘေးတွင် တင်ပလွှဲကလေး လဲထိုင်နေသော အေး၏ လက်ကလေး တဖက်ကို ပွတ်သပ် ဆုပ်နေကာ အားအင်ဖြောင့်တော့သော လေသံ တိုးတိုးကလေးနှင့် ပြေးဆိုနေ သည်။
"အို ... လမ်းခရီးမှာ ဘာဘဲဖြစ်နေနေ ကိုကိုလွင်တယောက် ဒုက္ခရောက်နေတာကို အေးရောက် အောင် လာရ မှာဘဲပေါ့"
အေးကလည်း ခိုင်မာပြတ်သား၍ တည်ငြိမ်လှသော အသံဖြင့် ပြန်လည် ပြောဆိုက်လိုက်ရင်းနှင့် နဖူးစပ်သို့ ၀ဲကျ နေသာ မောင်မောင်လွင်၏ ဆံပင်များကို အသာအယာ သိမ်းတင်ပေးလိုက်သည်။ မောင်မောင်လွင်မှာ ကျေနပ် နှစ်သိမ့်သယောင်ဖြင့် မျက်ကလေး ၀င်းကြည်လာသည်တိုင် အသကို ဖုတ်လှိုက် ဖုတ်လှိုက် ရှုပြီး မောဟိုက် နေပြန်လေသည်။
အောင်နိုင်သည် ဘာကိုမျှ ရည်ရွယ်မြှော်ခေါ်နိုင်ခြင်း မရှိဘဲ ထိုပင် အခန်းထဲမှာ ထွက်လာခဲ့မိပြန်၏။ ဆန်နီ ကလည်း သူ့လက်ကို မလွှတ်တမ်းဆွဲကာ လိုက်ပါလာသည်။
ဟိုကွေ့ သည်လျှောက်နှင့် တော်တော်ကလေး လျှောက်လာမိသောအခါ သူနှင့် မျက်မှန်းတန်းမိ နေသော ဆရာမလေး နှင့် မျက်နှာချင်းဆိုင် သွားတိုးနေသဖြင့် အောင်နိုင်က ပြလိုက်ရသည်။
"ဘယ့်နှယ်လဲ သူ့အိမ်သားတွေ ရောက်လာလို့ ရှင်တို့လူနာတော်တော် အားရှိသွားပြီး ထင်တယ်"
ဆရာမကလေးသည် ဖော်ရွေစွာ မေးမြန်းနေ၏။ သို့ရာတွင် အောင်နိုင်ထံမှ စကားမပြန်ရမီမှာပင် "ဆရာမ ... ဆရာမ" အရေးတကြီး လှမ်းခေါ်လိုက်သော အသံကို ကြားကြရလေသည်။
အသံလာရာ ဆီသို့ ကြည့်မိကြစဉ်မှာပင် နွမ်းဟိက်ညှိုးငယ်စွာ ရောက်ရှိလာသော အေးကို တွေ့ရ လေ၏။
"ကိုကိုလွင် သတိလစ်နေလို့ ..."
အေးသည် အောင်နိုင်အား ဖျတ်ကနဲကြည့်ပြီးမှ ဆရာမကလေးဆီသို့ မျက်နှာလွှဲကာ ဘယ်သူ့ကို ပြောသလို မပြတ် မသား ပြောနေလေသည်။
"ဆရာဝန်ကြီးကို သွားခေါ်မှထင်တယ်" ဟု ဆရာမကလေးက ပြော၏။
"အေးပြန်သွားလေ ... ကိုယ်သွားခေါ်လိုက်ပါ့မယ်"
အောင်နိုင် ကတော့ စိုးရိမ်ကြီးစွာဖြင့် အေးကိုပင် တိုက်ရိုက် ပြောပစ်လိုက်မိကာ ရေးကြီးသုတ်ပျာ တွယ်ကပ် ထားသော ဆန်နီကလေးမှာပင် ကသိကအောက်နှင့် အပြေးအလွှား ပါသွားရရှာ၏။
ထိုအချိန်မှာ ဦးဖေတင်နှင့် ဒေါ်နှင်းတို့ကတော့ ဆရာကြီးနှင့် စကားလက်ဆုံကျနေဆဲပင် ရှိသေး သည်။
"ဒေါ်ဒေါ်တို့ ကျွန်တော်တို့ကသာ တခါတလေ တွေ့ရမို့ မမှတ်မိကြတာပါ၊ ဗိုလ်ကြီးမောင်မောင်တင် ဟာ ကျွန်တော် နဲ့ တော်တော်ခင်တဲ့ မိတ်ဆွေပါဘဲ ဒေါ်ဒေါ် .. သူမေရီနဲ့ လက်ထပ်တော့တောင် ကျွန်တော် ရောက်လာ ပါသေးတယ်။ အခုတော့ မေရီဝင်း ဆုံးရှာပြီကိုးနော်၊ အင်း ... ကျွန်တော် သူငယ်ချင်းလဲ တော်တော် ဒုက္ခတွေ့ရတာဘဲကိုး၊ ကိုမောင်မောင်လွင်တော့ ကျွန်တော့် အစက မသိဘူး ခင်ဗျာ့"
"မသိဆို သားနှစ်ယောက်က အတော် အသက်ကွာကြတာကိုးကွဲ့ မောင်မောင်တင် ဆေးကောလိပ် မှာ ဖိုင်နယ် တက်တဲ့နှစ်မှ သားအငယ်က အတင်တာတက်ရုံ ရှိသေးတာကိုး ..."
"သြော် ... သြော် ... ဒါကြောင့်ဘဲ မသိတာ ဖြစ်ပါလိမ့်မယ် သူ့အတွက်တော့ စိတ်ချပါ ဒေါ်ဒေါ် ကျွန်တော့် သူငယ်ချင်းရဲ့ ညီတယောက် ဖြစ်နေတယ်ဆိုတာကိုက ကံကောင်းထောက်မ လိုက်တဲ့ တိုက်ဆိုင်မှု တခုပါ ဘဲ ဒေါ်ဒေါ်တို့လဲ ... ကျွန်တော့ အိမ်မှာဘဲ တည်းခိုကြတာပေါ့ခင်ဗျာ"
ဆရာဝန်ကြီးသည် စိတ်ပါ လက်ပါ လှိုက်လှိုက်လှဲလှဲပင် အားပေးသမှု ပြုနေရုံမျှမက ဆရာဝန်ကြီး ကတော်ကို သွားခေါ်ကာပင် မိတ်ဆက်ပေးနေ ပြန်လေသည်။
ထိုအခိုက်တွင်မှ အောင်နိုင်တို့ သုတ်သီးသုတ်ပျာ ၀င်ရောက်လာကာ လူမမာ အခြေအနေကို ပြောပြ ရလေသည်။
ဆရာဝန်ကြီးသည် လူမမာရှင်များနှင့်အတူတကွပင် ချက်ခြင်းလိုက်ပါ လာခဲ့လေ၏။ လက်ထောက် ဆရာဝန်တစ်ဦးနှင့်ဆရာမကြီးတဦးမှာလည်း အသင့် ရောက်ရှိလာကြသည်။
ဆရာဝန်ကြီးသည် အပြင်ဆေးတိုက်မှ လိုအပ်သော ဆေးအချို့ကို ၀ယ်ယူရန်အတွက် ဆေးစာ ကောက်ရေး ကာ ဆရာမကြီးမှတဆင့် ဆေးရုံအလုပ်သမားတဦးအား စေလွှတ်ခိုင်းလိုက်လေသည်။
ဆရာဝန် ဆရာမများ၏ ဂရုတစိုက် ပြုစု ကုသပေးမှုဖြင့် မောင်မောင်လွင် သတိပြန်လည်လာသည့် အချိန်မှာကား မှောင်စပျိုးနေပြီ ဖြစ်လေ၏။
ဆက်ရန်
.

No comments:
Post a Comment