Tuesday, April 26, 2011

ယုဒါ ၏ လိုင်စင်ရ၏မရ၏

လိုင်စင်ရ၏ မရ၏
စာရေးသူ - ယုဒါ

ခုတလော ဘာမဟုတ်သည့် ကိစ္စလေးတွေနှင့်ပင် မပြေမလည်ဖြစ်နေသည်။ ကတောက်ကဆ စကားများ ဖူးသည် မရှိသော အမေနှင့်ပင် အချေအတင် ပြောနေရပြီ ဆိုတော့ သူ့ကိုယ်သူ သံသယပင် ၀င်လာ မိတော့၏။ သူ့မှာ စိတ်ကျရောဂါ ၀င်လေပြီလား၊ အလိုလိုနေရင်း ဘ၀င်မကျ ဖြစ်နေတာကို ရောဂါ လက္ခဏာ တစ်ခုဟု  သတ်မှတ်နိုင်သည် မဟုတ်လား။ အလုပ်ထဲမှာလည်း အလုပ်မှာမို့၊ လမ်းပေါ်မှာလည်း လမ်းမှာ မို့ အဆင်မပြေမှုတွေက ကြီးကြီးငယ်ငယ် တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်စွာ လှည့်ပတ်ဖြစ်နေသည်။ ပြဿနာကြောင့် အဆင်မပြေမှုတွေဖြစ်ရတာလား။ အဆင်မပြေ မှုတွေကပဲ ပြဿနာကို ခေါ်ဆောင် လာ တာလား။ ကျိုးကြောင်းဆက်နွယ်မှုတွေကိုပင် သူခေါင်းရှုပ်ခံ စဉ်းစားမနေ ချင်တော့။

အဓိက တရားခံကတော့ အမေဒေါ်မျိုးချစ်၏ အမျိုးတွေနှင့် ကင်းကင်း မနေနိုင်သော စိတ်ကြောင့်ဟုပင် သူထင်သည်။ ဒါကို သူကဗြောင်ကျကျ ဖွင့်ပြောမိတော့ အမေစိတ် ဆိုးသည်။”ကိုယ့်အမျိုးမှ ကိုယ်မချစ်တတ်ရင် ငါ လူမဟုတ်ဘူး ဖြစ်သွားမှာပေါ့” ဟု ဟူသော စကားကို ဒေါနှင့်၊ မောနှင့် အမေဆိုလေသည်။ ”အမေ့အမျိုးတွေက အမေ့ကို ချစ်ကြတာကိုး” ဟု သူခနိုးခနဲ့ပြောတော့ အမေပို၍ ဒေါသထွက်လေသည်။ တကယ်တော့ ယောက်ျားတန်မဲ့ မိန်းမလို မိန်းမရ စကားတွေကို သူမပြောတတ်ခဲ့။ ထစ်ခနဲဆို အမေက ဆွေရေး မျိုးရေး ကြုံလျှင် ဒုက္ခခံလွန်း၍ စိတ်ချဉ်ပေါက်ကာ သူပြောလိုက်မိခြင်း ဖြစ်၏။ ကိုယ့်မှာလည်း ကိုယ့်ဒုက္ခ နှင့် ကိုယ်ပဲမို့ မသိလိုက်မသိဘာသာ နေလို့ရသည့် ကိစ္စဆိုလျှင် အသာငြိမ် နေလို့ရလျက် အမေ က နေရာတကာ ပါချင်သည်။

တူမလင်နောက်လိုက်သည့် ကိစ္စလည်း အမေပါသည်။ လင်ညီအစ်မ၏ မောင်ဖြစ်သူ အရက်ကိစ္စလည်း အမေ ပါသည်။ ဘကြီး၏ မရီးဖြစ်သူ ဆေးရုံတက်တော့လည်း အမေပါသည်။ အရင်ကတော့ အမေ ဘာပဲ လုပ်လုပ် သူစိတ်ကြည်လင်နေသည်မို့ အမေ့ကို လူမှုဝန်ထမ်းဌာနမှာ အလုပ်ခန့်ထားပေးရမှာပင်ဟုပင် သူ စနောက် တတ်ခဲ့သည်။ အမေစိတ် ချမ်းသာသည်ဆိုလျှင် သူလည်းပျော်သည်ပင်။ အမေက စိတ်ဆင်းရဲ ပါတယ်ဟူသော စကားကိုဆိုလျက်ပင် ဆွေရေးမျိုးရေးနှင့် လူမှုရေးကိစ္စတွေကို ပျော်ပျော်ကြီး ထမ်းဆောင် နေတတ်သူဖြစ်၏။ ခုလည်းကြည့်၊ အမေနှင့် အဖေတူ အမေကွဲအစ်ကိုဖြစ်သူ အသည်း ကင်ဆာနှင့် ဆေးရုံ တင်ထားရသည် ဆိုသည့် သတင်းကိုကြားပြီး အမေပျာယာ ခတ်နေ ခြင်းဖြစ်သည်။

”ဦးကြီးက အရက်ကြိုက်တာကိုး။ ရောဂါရတော့မှာပေါ့” ဟု ပြောတော့ အသည်းရောဂါဖြစ်တိုင်း အရက် သောက် လို့ မဟုတ်ပါဘူးတော်” ဟု ဆင်ခြေပေးသည်။ ပြီးတော့ ” ဘာပဲဖြစ်ဖြစ် သူ့ကျေးဇူးတွေ အများကြီး ရှိတယ်။ အမေ့အပေါ်မှာ မိထွေးကပါတဲ့ သမီးရယ်လို့ မခွဲခြားဘဲ ကောင်းသမျှတော့ ပြန်ကြည့်ရမှာပဲ” ဟု ဆိုလေ၏။ အမေဘာများတတ်နိုင်သနည်း။ ဆေးရုံပေါ်မှာလဲ သွားပြုစုပေးဖို့တော့ လိုမည်မထင်။ ဦးကြီးမှာ တစ်အိမ်တည်း နေ မိသားစုဝင်တွေ ရှိသည်ပင်။ အမေဆိုလိုတာက ငွေရေးကြေးရေးကူညီ ပေးဖို့ဖြစ်၏။ ကိုယ့်မိသားစု တောင် အနိုင်နိုင် ဖြစ်နေသည့် အချိန်မျိုးမှာ အမေ ဘယ်ကရသည့် ငွေနှင့် ကူညီဖို့ စိတ်ကူး ထားသနည်း။

အမေ့စကားကို ကြားရတော့ သူအံ့သြသွားသည်။ ပြီးတော့ စိတ်ဆိုးမိသည်။ သူဘယ်လိုပင်ပြောပြော အမေက သူ့နားမှာ နားကပ်ကိုဖြုတ်လျက် စကားတွေ အဆက်မပြတ်ပြောလျက်နေသည်။ ”မင်းအဖေ ပြန် မလာခင် မြန်မြန်သွား၊ အပေါင်ဆိုင်တွေက လည်း ခြောက်နာရီမထိုးခင်ပိတ်တာ။ ဒါစိန်နားကပ်ဆိုပေမယ့် ရွှေဖိုးပဲ ရမှာ။ တစ်သိန်း လောက်တော့ ရလိမ်းမယ်။ အမေက ညစာစားဖို့လည်း ဘာမှ မလုပ်ရသေးလို့။ သားဘဲ အမြန်သွားလိုက်ပါ။ မင်းအဖေပြန်လာရင် စကားထပ်ပြောနေရလိမ့်မယ်။ သွား... သွား မြန်မြန် သွားလိုက်”
    ”အမေကလည်း ကျွန်တော်မသွားချင်ပါဘူး။ တစ်ခါမှလည်း မသွားဖူးဘူး”ဟု ငြင်းတော့ အမေက သူ့ကိုပင် တစ်ပြန် စိတ်ဆိုးသည်။ ”မသွားဖူးရင် သွားဖူးတယ်ရှိအောင် သွားကြည့်လိုက်ပေါ့။ မင်းထက် ဒုက္ခဆင်းရဲ ရောက်နေ တဲ့ လူတွေဘယ်လောက်များနေတယ် ဆိုတာ သိရအောင်ပေါ့။

”ဆင်းရဲဒုက္ခ ရောက်တဲ့သူတွေ တွေ့ဖို့ အတွက်နဲ့တော့ အပေါင်ဆိုင်သွားစရာမလိုပါ ဘူးဗျာ။ သူက ပေကတ်ကတ် လုပ်နေတော့ အမေပို၍ စိတ်ဆိုးလေသည်။
”မင်းမသွားပေးလည်း ငါ့ဘာသာသွားမှာပဲ။ မင်းငါ့သားဖြစ်နေပြီး ဒီလောက် လက်ပေါက်ကတ်တာ အံ့သြ တယ်။ ကဲနေတော့၊ မင်းအဖေပြန်ရောက်ရင် ပြောချင်သလိုသာ ပြောလိုက်တော့။
အမေက ဆေးလက်စ ဆန်ဇလုံကို ပစ်ချကာ အပြင်သွားရန် လုပ်သည်။ စိတ်မြန်လက်မြန်ရှိသော အမေ့ကို သူအလျော့ ပေးလိုက်ရသည်။ တကယ်တော့ အပေါင်ဆိုင်တွေကို သူစိတ်မ၀င်စားခဲ့ဖူးချေ။ အပေါင်ဆိုင် ဆိုသည့်စကားကို အမေ့ထံမှ မကြာခဏဆိုသလို ကြားရတတ်ပေမယ့် သူနှင့်မဆိုင်သလိုပင် သဘောထား ခဲ့သည်။ လိုအပ်လျှင် အပေါင်ဆိုင်သွားရမည့်အလုပ်က အမေ တစ်ဦးတည်း၏ အလုပ်ဖြစ်သလိုလိုပင် နေတတ် ခဲ့သည်။ အမေကလည်း ခုတစ်ကြိမ်မှလွဲလျှင် သူ့ကို ဘယ်တုန်းကမှ အပေါင်ဆိုင်သို့ မလွှတ်ဘူးပေ။ သူ့ကို ရုံးပြင်ကနားမှာ အလုပ်လုပ်နေသော ဝန်ထမ်းတစ်ယောက်အဖြစ် အလေးထားကာ ရပ်ကွက်ထဲမှာ လက်တို လက်တောင်း အလုပ်ခိုင်းလေ့မရှိပေ။

အဖေ့မိတ်ဆွေ စာအုပ်ထုတ်ဝေသူ တစ်ယောက်နှင့် ပတ်သက်၍ ဂျာနယ်တိုက်တစ်ခု၌ အလုပ်လုပ်နေသော သားဖြစ်သူကို အမေက အရာရှိကြီးတစ်ယောက်နှယ် ထင်မှတ် ဟန်ရှိသည်။ ဒါကြောင့်လည်း ရပ်ကွက်ထဲမှာ သူနှင့် ရင်းနှီးကျွမ်းဝင်သူ သိပ်မရှိလှ။ မိုးလင်းက မိုးချုပ် အလုပ်ခွင်နှင့် လမ်းပေါ်မှာသာ သူအချိန်ကုန် တတ်သည်။ အိမ်အသုံးစရိတ်ကိစ္စက အမေနှင့်သာ ဆိုင်သလိုလို အားလုံးက ထင်မှတ်ထားကြသည်။ အချိန် တန်လျှင် အဖေ၊ သူနှင့် ညီမလေးကရသည့် လစာအပ်ပြီး လိုသမျှ ပြန်တောင်းသုံးသူတွေဖြစ်သည်။ အမေက ကြည်ကြည်ဖြူဖြူမပေးနိုင်လျှင် သူတို့တွေ ပူညံညံဖြစ်ကြရသည်။

လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးပဲဖိုး ချန်၍အပ်မှန်း အမေသိသော်လည်း သားသမီးတွေ ပြန်တောင်းတိုင်း အမေ ရှာဖွေ ပေးတတ်သည်သာ။ ဒီတော့ အမေသည် ရပ်ကွက်ထဲမှာ မိန်းမတွေ တတ်အပ်သည့်ပညာတွေကို သူများတွေ နည်းတူတတ်မြောက်နေပေလိမ့်မည်။ ပြက္ခဒိန်၏ နေရာတော်တော်များများ၌ အတိုးသတ်ရန်၊ ပစ္စည်းယူရန်ဟု ထင်ထင်ပေါ်ပေါ်ရေး ထားသော စာများကိုလည်းကောင်း၊ လျှို့ဝှက် သင်္ကေတ များကိုလည်းကောင်း အမေမှတ်သား ထားတတ်လေသည်။ သို့ပေမယ့် အမေသည် ဘယ်သောအခါမှ သူနှင့် ညီမလေး ကို အရေးပေါ် ငွေမရှာခိုင်းတတ်ပေ။ ဒီတစ်ခါတော့ အမေ့မှာ အချိန်မရလွန်း၍သာ ဖြစ်လိမ့်မည် ဟု တွေးလျက် အမေလိုအပ်နေသည့် အရေးပေါ် ကိစ္စအတွက် သူအိမ်မှ ထွက်လာရတော့သည်။

လိုင်းကားစီးသွားရသည့်အခါတိုင်း ထိုင်စရာနေရာရလျှင် လမ်းဘေးတစ်ဖက်တစ် ချက်ရှိ ဆိုင်းဘုတ်များကို မျက်လုံး မညောင်းမချင်း လျှောင်ဖတ်နေတတ်သော အကျင့်သူ့မှာ ရှိသည်။ ထိုဆိုင်းဘုတ်များထဲတွင် လိုင်စင်ရ၊ သို့မဟုတ် အမိန့်ရ အပေါင်ဆိုင်ဟူသော ဆိုင်းဘုတ်များနှင့် ရွှေတိုးသုံးကျပ်ဟုရေးထားသော ဆိုင်းဘုတ် များကို သူတွေ့ဖူးသည်။ ပေါ်လာသောအာရုံတွေကို ပြန်လည်စုစည်းရင်း သူသွားရမည့် နေရာတစ်ခု ကို ရွေးချယ်ကြည့် မိသည်။ ရုတ်တရက် ဘယ်ကိုသွားရမှန်းမသိ။ အမေကလည်း ဘယ်ကို သွားဟု နေရာ မသတ်မှတ်ပေးလိုက်။ အဓိက ကငွေရလာဖို့သာ ဖြစ်သည်ထင်ပါသည်။ ကားပေါ်မှာ တုန်း ကတော့ နေရာအတော်များများမှာ အပေါင်ဆိုင်တွေ တွေ့ခဲ့ဖူးသလိုပင်။တကယ်တမ်း အပေါင်ဆိုင်တစ်ခုဆီ ဦးတည် သွားရမည်ဆိုသောအခါ သူ ဇဝေဇ၀ါနိုင်စွာ ယောင်ချာချာ ဖြစ်နေသည်။ ပြီးတော့ သူ့စိတ်ထဲမှာ မလုံမခြုံဖြစ်ကာ ရှက်နေသလိုလိုပင်။

ကားစီးပြီးသွားရမှာလား၊ လမ်းလျှောက်ပြီးသွားရမှာလားပင် သူရေရေရာရာပင် မသိ။ လှမ်းနေကျ သူ့ခြေလှမ်း တွေက ကားမှတ်တိုင်ရှိရာ လမ်းဘက်သို့သာ အလိုလိုနေရင်း ဦးတည်လျှောက်နေလေသည်။ လက်ထဲ မှာတော့ အမေပေးလိုက်သော နားကပ်လေးထည့် ထားသည့် သူ့ကိုင်နေကျ သားရေတု  ခေါက်အိတ် လေးပါလာသည်။ လမ်းဘေးဝဲယာကို ဟိုဟိုဒီဒီကြည့်ရင်းလျှောက်နေမိတော့ သူ့ရှေ့မှာ ခပ်သုတ်သုတ် လမ်းလျှောက်နေသော စတီးချိုင့်တစ်လုံးကိုင်ထားသည့် ကောင်လေး တစ်ယောက် ကို တွေ့ရသည်။ သူတို့လမ်းထဲက မူလတန်းကျောင်းသားဖြစ်သည်။ ညနေမိုးချုပ်ခါနီး ဒီကောင်လေး ဘယ်သွားမှာပါလိမ့် ဟုတွေးနေမိ၏။ ကောင်ကလေး သူ့ခြေလှမ်းတွေကို အရှိန်မြှင့်၍ လျှောက်လိုက်မိ၏။ မြန်လိုက်တဲ့ ကောင်လေး။

သူ့ရှေ့မှ ဗြုန်းခနဲပျောက်သွားသောကောင်ကလေးကို ရှာဖွေကြည့်မိရင်း လူစည်ကား နေသည့် ခြံဝင်း အတွင်း မျက်လုံးရောက်သွားမိပြန်သည်။ မကြာခဏ ဖြတ်သွားနေကျ နေရာဖြစ်လျက် သူသတိမထား မိခဲ့သော ခြံဝင်းထဲမှာ ကောင်လေးကို လှမ်းမြင်လိုက်ရတော့ သူစိတ်ဝင်စားသွားမိသည်။ ခြံဝင်းထဲက ထွက်လာ သူများကို  အကဲခတ်ကြည့်မိတော့ သူအဖြေတစ်ခုရသွား၏။ ဒါအပေါင်ဆိုင်တစ်ခု ဖြစ်လိမ့်မည် သို့ဆိုလျှင် သူဝင်သွားရမည့် နေရာပေါ့။ သူ့ခြေလှမ်းတွေကပင် မ၀ံ့မရဲနှင့် ရှိုးတိုးရှန့်တန့်ဖြစ်နေသည်။ နောင်တော့ သူ့ရှေ့မှ အသီးသီး ထွက်ခွာသူများကို ငေးမောရင်း Black Board တစ်ခု၌ ရွှေတိုးသုံးကျပ်ဟု မြေဖြူ နှင့် ရေးထားသောဆိုင်ထဲသို့ သူဝင်လာခဲ့မိတော့သည်။

အပေါင်ဆိုင်ဆိုတာ လူဒီလောက်စည်ကားသည့်နေရာမှန်း သူမသိခဲ့။ ပိုက်ဆံအိတ် ထဲက နားကပ်လေးကို ထုတ်ယူရင်း သူ့ရှေ့မှာ တန်းစီစောင့်နေကြသူတွေကို လိုက်ငေးနေမိ၏။ အပေါင်ဆိုင်ကောင်တာ၏ ရှေ့၌ ချထားသည့် မှန်ဘီရိုသို့ အကြည့်ရောက်စဉ် ရွှေဒုံးရောင်းသည်ဟူသော စာတမ်းကို သူဖတ်လိုက်မိ၏။ မှန်ဗီရို ထဲက ပစ္စည်းတွေက အပေါင်ဆုံးရွှေထည်တွေဖြစ်မှာပေါ့။ ကြည့်စမ်း။ ဒီဆိုင်လေးတစ်ခုတည်းမှာတင် အတိုးသုံးကျပ် နှင့် ပေါင်နှံခဲ့ပြီး ပစ္စည်းပြန်မရွှေးနိုင်သူတွေ များပြားလှချည်လား။ အမေကရော ဒီပစ္စည်းကို ဘယ်နှလ အကြာမှာ ပြန်ရွေးနိုင်မှာတဲ့လဲ။
ဟောဟိုက အ၀တ်တွေကရော ပြန်ရောင်းသည့် အပေါင်ဆုံးအထည်တွေပဲပေါ့။ ခြံဝင်းအတွင်း တန်းထိုး၍ ချိတ် ထားသော အ၀တ်အထည်တွေက အရောင်အသွေးစုံ၊ ဒီဇိုင်းစုံဖြစ်သည်။

ကောင်တာနောက်ဘက် အခန်းကျယ်အတွင်းမှာတော့ အတန်းလိုက်စီထား သော စက်ဘီးများ။ ဘုရား... ဘုရား။ စက်ဘီးအရောင်းပြခန်း၊ သို့မဟုတ် စက်ဘီးပင်ရင်း အရောင်းဆိုင်ဟုပင် ထင်ရလောက်အောင် များပြား လှသည့် စက်ဘီးတွေကို မြင်တော့ သူအံ့မခန်းဖြစ်သွားရသည်။ ရပ်ကွက်ထဲမှာ စက်ဘီးစီးသူတွေမှ ရှိပါသေးရဲ့လား။ ညနေစောင်း သူအလုပ်မှ ပြန်လာတိုင်း နယ်မြို့လေးတစ်မြို့နှင့် ခပ်ဆင်ဆင်တူသော မြို့သစ်လေးမှ စက်ဘီးများကို ရှောင်တိမ်းရတာလည်း မနည်းလှပါဘူးနော်။သူတို့ ဘယ်အချိန်ကများ ဟော့ဒီ စက်ဘီးတွေကို ဒီမှာ လာထားသွားကြတာပါလိမ့်။

စက်ဘီးများ၊ အပ်ချုပ်စက်ခေါင်းများ၊ လျှပ်စစ်ထမင်းပေါင်းအိုးများ၊ စတီးချိုင့်များအပြင် အမည်စုံ အိမ်သုံး ပစ္စည်း များနှင့် အ၀တ်အထည်များကို သူ့နေရာနှင့်သူ အစီအရီခင်းကျင်းထား သည်ကို သူရင်သပ် ရှုမောကြည့်နေမိ၏။ သူတစ်ခါမှ မရောက်ခဲ့ဘူးသော နေရာသို့ သူ့ထက်အရင် စောစီးစွာ ရောင်နှင့် နေကြသူတွေ များပြားလှချည်လား။ သူတို့လိုအပ်၍ ၀ယ်ယူထားခဲ့သော ပစ္စည်းမျိုးစုံကို ထို့ထက်ပို၍ လိုအပ် သော တစ်စုံတစ်ရာနှင့် အချိုးအစား မညီမျှစွာ လဲလှယ်ရန် ဤနေရာသို့ သူတို့ ရောက်ရှိခဲ့ရခြင်း ဖြစ်လိမ့် မည်။

ဟောဟိုမှာ ကလေးတစ်ယောက်။ သူကရော ဘာပစ္စည်းနှင့် အလဲအလှယ်လုပ်မှာ တဲ့လဲ။  အသက် ဆယ်နှစ် ၀န်းကျင် ကောင်မလေးတစ်ယောက်၊ သူ့ရှေ့မှ အပေါင်ဆိုင်ဝန်ထမ်း အမျိုးသမီးနှင့် စကား ပြော နေသံကို သူနားစွင့်ကြည့်နေမိ၏။ အမျိုးသမီးကြီးက ကောင်မလေးထိုးပေးသော ပါတိတ်လုံချည်နှင့် ညိုဖျော့ဖျော့အင်္ကျီကို ဘယ်ပြန်ညာပြန်ပြန် ကြည့်ပြန်ကြည့်၍ ငါးရာပဲပေးလို့ရမယ်ဟု ဆိုလေသည်။ ကွန်ကရစ် ခင်း ဆိုင်ကြမ်းပြင်ကိုသာ တစိုက်မတ်မတ်ငုံ့ကြည့်နေသော မိန်းကလေး၏ မှိန်ဖျော့ဖျော့ မျက်လုံး လေး တွေကို သူစိတ်မကောင်းခြင်းကြီးစွာမြင်ရ၏။ ”တစ်ထောင်လောက်ပေးလို့မရဘူးလားဟင်” မိန်းကလေး ငယ် ၏ တောင်းပန်စကား။

”ဟင့်အင်း မရဘူး” ဆိုင်ဝန်ထမ်းအမျိုးသမီး၏ ငြင်းပယ်မှုနှင့် စကားသံက ပုံမှန်လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခု ကို ပေါ့ပေါ့ပါးပါးလုပ်နေသလို ဘာမှထူးခြားမှုမရှိ။ သနားစဖွယ်မျက်နှာငယ်လေးနှင့် ကောင်လေး၏ လှုပ်ရှား ဟန်က ဘက်ထရီအား လုံးဝမရှိတော့သည့်။ ကစားစရာစက်ရုပ်တစ်ခုပမာ လေးလံတုံဆိုင်းစွာ ပြိုလဲ သွား မလိုလို။ ကြံရာမရ စဉ်းစားရခက်စွာ နွမ်းလျညှိုးငယ်နေသော မျက်နှာထားက ရင်မောဖွယ်ရာ။

ကြည့်စမ်း... သူ့အသက်ဘယ်လောက်ရှိပြီမို့ ဒီလိုတာဝန်တွေကို ဖြေရှင်းပေးနေရတာ တဲ့လဲ။ ငွေတစ်ထောင် ရရင်ရော ဒီကောင်မလေးက ဘာပြဿနာတွေကို ဖြေရှင်းနိုင်မှာမို့လဲ။ ဒါက သူ့အလုပ်မဟုတ်ပါ ။ ကောင်မလေး ၏ အလုပ်သာဖြစ်ပါသည်။ သူ့လက်ထဲမှာကိုင်ထား သည့် အမေ့နားကပ်လေးကို အပေါင်ဆိုင် ကောင်တာ ပေါ်သို့ လှမ်းတင်ရင်း ”တစ်သိန်းလို ချင်တယ်” ဟု အလျင်စလို ပြောလိုက်မိ၏။ ပြီးတော့ သူ့ရှပ်အင်္ကျီ အိတ်ကပ်တွင်း ကမန်းကတန်းလက်နှိုက်ကြည့်လိုက်မိ၏။ သူ့လက်ထဲမှာ တစ်ထောင်တန် သုံးရွက်နှင့် ငါးရာတန်တစ်ရွက်ပါလာသည်။ ဒီနေ့ကားငှားစီးရန်အတွက် အလုပ်ရှင်မှပေးလိုက်သော ကျပ်ငွေ သုံးထောင်ဖြစ်သည်။ အမေ့ကိုမပေးဘဲ ဒိုင်လျှိုလေးနှင့် သိမ်းဆည်းထားသည့် ငွေဖြစ်သည်။

နိုင်ငံခြားဖြစ် ရှပ်အင်္ကျီတစ်ထည် သူလိုချင်နေသည်မှာ ကြာခဲ့ပြီ။  သူဝတ်စားဆင် နေကျ ရှပ်အင်္ကျီဖြူလေး တွေက ဝါရောင်သမ်းကာ မှိန်ဖျော့နေလေပြီ။  ဖြစ်နိုင်လျှင် နာမည် ကြီးတံဆိပ်အဖြူရောင် ရှပ်လက်ရှည် တစ်ထည် ဝယ်ချင်သည်။  တစ်ခါတစ်ရံ သူ သွားလာ လှုပ်ရှားရသည့် နေရာတွင် အဖြူရောင် ရှပ်အင်္ကျီ သန့်သန့်လေးတွေ ဝတ်သွားဖို့လိုအပ် သည်။  သူ့မှာ အင်္ကျီဝတ်စရာ များများစားစား မရှိ။  လူမှာအဝတ် တောင်းမှာ အကွပ် ဆိုသော ဆိုရိုးက တချို့နေရာတွေမှာ တော်တော်စကားပြောလေသည်။  အမေကတော့ သူ့မှာ ရှိသမျှ အဝတ်အစားတွေကို ဆပ်ပြာနံ့သင်းနေအောင်ပင် ဂရုစိုက် လျှော်ဖွပ်ပေး တတ်ပါသည်။  သို့ပေမယ့် အချို့သော အဝတ်အထည် အသားအနားတွေက ရေနှင့် မိုးကြောင့် လျှော်လေ ညစ်လေ၊ ဖွပ်လေ ဝါလေ ဖြစ်နေသည်လားမသိ။  သားသမီးတွေ ဝေယျာဝစ္စကိစ္စကို ယခုထက်ထိ မငြိုမငြင် လုပ်ကိုင် ပေးနေသော အမေ့ကို သူ ဆရာသိပ်မ လုပ်ချင်။  အမေ့ကို ပြောပြန်လျှင်လည်း သူ့အင်္ကျီတွေ စုတ်ပြဲသွားဖို့ သာ ရှိတော့သည်။

စင်စစ် သူ့မှာသာမဟုတ် မိန်းကလေးဖြစ်သော ညီမလေးမှာပင် အဝတ်အစား တောက်တောက် ပြောင်ပြောင် ရှိသည်မဟုတ်။  ဒါတွေကို သူသိသလို အမေလည်း သိလိမ့် မည်ပင်။ ဒါပေမဲ့ ဝတ်ရေးထက် စားရေး က ပိုအရေးကြီးသည်ဆိုတာ အားလုံးနားလည်ကြ သည်။  ဒီလိုအချိန်မျိုးမှာ နာမည်ကြီးတံဆိပ် နိုင်ငံခြား ဖြစ် အင်္ကျီ လိုချင်သည့် ကိစ္စကို စကားလုပ်ပြောမနေသင့်။  အပိုဝင်ငွေလေးတွေ စုထားပြီး သူ့ဘာသာ ဝယ်ဝတ်ဖို့ စိတ်ကူးထားသည်။  ခု သူ့လက်ထဲမှာ ငွေကျပ် သုံးထောင်ရှိပြီ။  သူ လိုချင်သည့် အင်္ကျီ ဝယ်နိုင်ဖို့ လေးပုံတစ်ပုံ ဝန်ကျင်ခန့် ပိုင်ဆိုင်ထားပြီ။  ခုတော့။

ငွေငါးရာကျပ်ကို ဆုပ်ကိုင်ကာ လောကကြီးကို ရင်ဆိုင်ဖို့ သတ္တိမွေးဟန်ရှိသော ကောင်မလေးက သူ့ကို နားမလည် နိုင်သော မျက်လုံးများဖြင့် ငေးမော့ကြည့်လာသည်။
"ညီမလေး က ငွေတစ်ထောင် လိုချင်တာ မဟုတ်လား။ အစ်ကိုက သုံးထောင်ပေးလိုက် မယ်။  ညီမလေး တို့မိသားစု လိုအပ်တာ တစ်ခုခုအတွက် သုံးလိုက်ပေါ့။  ယူလေ ကလေး ရဲ့။  ဒါ အစ်ကိုက လိမ္မာတဲ့ ကလေး မို့ စေတနာနဲ့ ကူညီလိုက်တာ။ ယူလိုက်"

ကောင်မလေးက သူထိုးပေးနေသော ငွေစက္ကူတွေကို မဝံ့မရဲ လှမ်းယူရင်း--
"ကျေးဇူးတင်ပါတယ်နော်" ဟု တိုးတိမ်စွာ ဆိုလေသည်။  ဆံပင်ဆိုးဆေး ဆိုစရာမလိုပဲ နီကျင်ကျင် ဖြစ်နေသော ကလေးမလေး၏ ခေါင်းကို သူတစ်ချက်ပွတ်သပ်၍ ကံကောင်းပါ စေကွယ်ဟု ဆုတောင်း လိုက်မိသည်။  သူပေးလိုက်သော ငွေသုံးထောင်ကို ကိုင်လျှက် ပြေးထွက်သွားသော ကောင်မလေး၏ ပျော်ရွှင်မှုများ သူ့တစ်ကိုယ်လုံးမှာ စီးမျှောပျော်ဝင် သွားသည်။  အမေ့အတွက် ငွေတစ်သိန်းယူ၍ အိမ်ပြန် လာသော သူ့ခြေလှမ်းတွေက ည နေခင်းနှင့်အတူ ရွေ့လျားနေသလို ပေါ့ပါးနေသည်။

တကယ်တော့ သူက အလှူအတန်း ဝါသနာပါလှသူ မဟုတ်ပေ။ 'မရှိလို့မလှူ၊ မလှူလို့ မရှိ' ဆိုသော စကားကို အမေ့ထံမှ မကြာခဏကြားဖူးနေလျက် 'အူမတောင့်မှ သီလစောင့် နိုင်တော့မှာပေါ့' ဟူသော ဆိုရိုး ကို သူက ပြန်ပြောတတ်သူ ဖြစ်သည်။  အဆင် မပြေမှုတွေက ကုသိုလ် အလုပ်တွေကို တားဆီးရုံမက နိစ္ဓဓူဝ အကုသိုလ် နှင့် သိမ်ဖျင်း သေးနုပ်သော အတွေးစတွေ ပြန့်ပွားလို့ကိုပင် အားပေးအားမြှောက် ပြုတတ် လေသည် မဟုတ်ပါလား။  မရှိသည့်ကြားက ကုပ်ကတ်ဖဲ့ရွဲ့၍ ပေးတတ် လှူတတ်သော အမေ့သား မပီသ သည့် သူ့ကိုယ်သူ တစ်ခါတစ်ရံတော့လည်း ငါ ဘယ်လိုလူလဲ ဟူသော မေးခွန်းကို ပြန်မေးကြည့်မိပါသည်။  ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို ဝေဖန်ဆန်းစစ်ဖို့ သတိရသေးသည် ဆိုလျှင်ပဲ တော်ပြီပေါ့။

သူက အဆင်မပြေမှု တစ်ခုခုရှိပြီ ဆိုတာနှင့် မျက်နှာထားပြောင်းကာ မီးခိုးကြွက် လျှောက် ပြဿနာ ရှာတတ်သူ တစ်ယောက်တော့ မဟုတ်။  တချို့လူတွေက ကိုယ်ပြဿ နာကို သူ့ပြဿနာဖြစ်အောင် လုပ်တတ်ကြသေး၏။  လူပီသသူတွေက ကိုယ်ပြဿနာ ကိုယ်ရှင်းနိုင်ကြပြီး ထို့ထက်ပို၍ လူ့ကျင့်ဝတ်ကို စောင့်သိတတ်သူတွေက လက်လှမ်းမီ သမျှ ပတ်ဝန်ကျင်မှ ပြဿနာတွေကိုပင် ကူညီဖြေရှင်း တတ်ကြ လေသည်။  အနည်းဆုံး တော့ သူလည်းလူပီသသူ တစ်ယောက်ဖြစ်ချင်သည်။

ဖြစ်နိုင်လျှင်တော့ သူတကာတွေ၏ မပြေလည်မှုတွေကိုလည်း ဖြေရှင်းပေးလိုပါ သည်။  ခုပဲကြည့်စမ်း။  သူ့မျက်စိ ရှေ့မှာ သူ့ထက်ပို၍ ဒုက္ခရောက်နေသူတွေကို သူက ဒီအတိုင်း လက်ပိုက်ကြည့်နေရသည်။  အသက် အရွယ် နှင့် မလိုက် ဘဝတာဝန်ကို ယူနေရ သော ကလေးမလေးတစ်ယောက်လောက်ကိုသာ ငွေသုံးထောင် ပေး၍ ကူညီနိုင်ခဲ့သည်။  တကယ်တော့ ဒါသည်ပင် သူ့အတွက် စွန့်စွန့်စားစား အလှူကြီးတစ်ခု ဖြစ်သည်။  သူလိုချင်သည့်ပစ္စည်းတစ်ခု ရဖို့ ဝေးသည်ထက် ဝေးသွားသော အခြေအနေ တစ်ခုကို သိလျက်နဲ့ သူ စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။  မိနစ်ပိုင်းမျှသော အချိန်ပိုင်းလေးမှာ ဖြစ်ခဲ့သည့် စိတ် တိုက်ပွဲ က ပြင်းထန်လှသည်။

အဆုံးသတ် မှာတော့ သူကစိတ်ကို ယတိပြတ်ပိုင်ဖြတ်နိုင်ခဲ့သည်။  နိုင်ငံခြားဖြစ် အင်္ကျီမဝတ်ရတော့ သူ ဘာဖြစ်သွား မည်နည်း။  ပြောပလောက်အောင် နစ်နာဆုံးရှုံးသွား စေမည့် အကြောင်း မရှိ။  ကောင်မလေး အတွက်တော့ သူ ပေးလိုက်သည့် ငွေသုံးထောင် က အပြောင်းအလဲ တစ်ခုဖြစ်စေလောက်အောင် ကြီးကျယ် ခမ်းနား ပေလိမ့်မည်။  သူ့မျက် စိအောက်မှာ တွေ့မြင်နေရသော ဘဝများစွာ၏ သုညတွေရှေ့မှာ ဂဏန်း တစ်လုံးလောက် ပင်ဖြစ်စေ သူ ကျေနပ်ချင်ပါသည်။

ဘာပဲဖြစ်ဖြစ် ကျေနပ်ခဲ့ပါသည်။  သူ တောင့်သလိုချင်နေသော အဝတ်အစားသစ် မဝယ်နိုင် တော့သည်ကိုလည်း တစ်စုံတစ်ရာ စိတ်ခံစားမှု ဖြစ်မနေခဲ့။  သူ့စိတ်တွေ အထူးပင် ပေါ့ပါးကြည်လင် နေသေးသည်။  အိမ်ပြန်ရောက်ရောက်ချင်း အမေ့အတွက် ငွေတစ် သိန်းပေးကာ ငွေသုံးထောင် အလှူ လုပ်ခဲ့ကြောင်း ပြောပြတော့ အမေက မျက်လုံးမျက်ဆံ ပြူးလျှက် အံ့သြဟန်ပြလေသည်။  ပြီးတော့မှ အလွန် တစ်ရာ ပြုံးကြည်သာသော မျက်နှာ ဖြင့် 'ဒါမှ အမေ့သားပေါ့' ဟူသော စကားကို နှစ်ထောင်းအားရစွာ ဆိုလေ သည်။

အလုပ်သွားရန် မနက်စောစော နှိုးဖို့အမေ့ကို ပြောထားသော်နည်း အမေ မနှိုးခင် သူနှိုးနှင့်သည်။  သူတို့ ရပ်ကွက်ထဲသို့ မနက်တိုင်းပဲပြုတ်လာရောင်းသော ဈေးသည်၏ 'နေတိုး' ဟူသော အသံက သူ့အတွက် နာရီ နှိုးစက်တစ်လုံး လိုပင်။  ပဲပြုတ်ကို ဘယ်လို ကြောင့် နေတိုးဟု အသံထွက်အောင် သံပြတ်နှင့် အော်ရောင်း သည်တော့ မသိ။  သူသိ တာဖြင့် ထိုပဲပြုတ်သည်မသည် မင်းသားနေတိုး မပေါ်ခင်ကတည်းက ထိုအသံ နှင့်ပင် ပဲပြုတ်အော်ရောင်းနေခဲ့သူ ဖြစ်သည်။  အမေကတော့ မင်းနားက ကြားတာပါ။  အမေ ကတော့ ဖဲဖိုးလို့ပဲ ကြားတယ် ဟု ဆိုသေး၏။  အမေနှင့်သူ ဘယ်လိုပင် ကြားသည် ဖြစ်စေ သူတို့ တစ်ရပ်ကွက်လုံးက ထိုအသံကြာရုံနှင့် ပဲပြုတ်သည်လာပြီဟု သိကြလေ သည်။

သူကတော့ နေတိုးလာရုံဖြင့် အိပ်ရာမှ မထတတ်ပေ။  ထိုအသံကို နား ထောင်းပြီး နာရီဝက်လောက် အိပ်ရာထဲ နှပ်နေပြီး အမေနှိုးမှ ထတတ်သူဖြစ်၏။  ဒီနေ့တော့ အိပ်ရာထဲ နှပ်နေရန် အချိန်မရှိ။  အချိန်ရှိခိုက် လုံ့လစိုက်မှ ဖြစ်ပေ မည်။  မနက်ခုနစ်နာရီ အလုပ်ထဲ အရောက်လာခဲ့ဖို့ သူ့အလုပ်ရှင်က မှာထားခဲ့သည်။  ထိုမှတစ်ဆင့် တစ်နေရာရာသို့ သူ ဆက်သွားရမည်ဖြစ်သည်။  သူ ကမန်းကတန်းမျက်နှာသစ်ကာ အဝတ်အစားလဲ၍ ကားမှတ်တိုင်ဆီ အပြေးအ လွှား ထွက်လာခဲ့၏။  ထုံးစံ အတိုင်း အိပ်ရာထပြီး မကြာခင် အသံပေးတတ်သော ဗိုက်က ဆန္ဒပြလာပြီ ဖြစ်၏။  အမေပြင်ကျွေးမည့် နံနက်စာ ကို စောင့်စားနေဖို့ အချိန်သူ့မှာမရှိ။  မနက်စောစာကို သူ ဖြစ်သလိုပင် စားလေ့ရှိသည်။  ဒါကြောင့်ပဲ လား မသိ။  အဆာခံ၍ အချိန်လွန်မှ စားတတ်သော အကျင့်ကြောင့် ခုတလော လေထိုး လေအောင့် ရောဂါ ရလာသည်။

ဆရာဝန်ကြီးများနှင့် တွေ့ဆုံမေးမြန်းခန်းတွေ လုပ်နေရသူတစ်ယောက် အနေဖြင့် မိမိကိုယ်မိမိ ကျန်းမာရေး စောင့်ရှောက်မှု ရှိသင့်သည်ဆိုတာတော့ သူသိ ပါသည်။  သို့ပေမယ့် ထုံးစံအတိုင်း သူ့မှာ ဆင်ခြေ တွေသာ များနေလေသည်။  ခုပဲကြည့်၊ ထိုဆင်ခြေတွေကြောင့်ပင် လှမ်းနေသည့် ခြေလှမ်းတွေ ယိုင်နဲ့လုနီးပါး ဟန်ချက်ပျက်ကာ သူ့ဝမ်းဗိုက်က ဒုက္ခပေးနေလေပြီ။  အစာတစ်ခုခုပေးဖို့ လိုအပ် နေပြီပေါ့။  လိုင်းကားစီးပြီးမှ စားရမည်ဆိုလျှင် ဒီ့ထက် ပိုဆိုးလာနိုင်သည်။  လွယ် လွယ်ကူကူ ဘာများရနိုင်သနည်း။  သူ လမ်းဘေး ဝဲယာ ကို ဟိုဟိုဒီဒီ ငဲ့စောင်းကြည့် မိစဉ်.....

" အစ်ကိုကြီး "
သူ့နောက်ဆီမှ ကြားလိုက်ရသော အသံတစ်ခုနှင့် ထပ်တူနီးပါး ရောက်လာသော ခြေလှမ်းအစုံ။  သူ ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ဒန်လင်ဗန်းတစ်ခုကို ခေါင်းပေါ် ရွက်ထားသည့် ကောင်မလေး တစ်ယောက်ကို တွေ့ရသည်။  သနပ်ခါးပိန်းကြား လူးထားသည့် ကောင်မလေးက လင်ဗန်းကို ကိုင်မရင်း
"သမီး ရောင်း တဲ့ မုန့်လေးပေးချင်လို့၊ အစ်ကိုကြီး ဟိုလမ်းကြားထဲက ထွက်လာကတည်းက သမီး လှမ်းမြင် လိုက်လို့ ပြေးလိုက်လာတာ"
"သြော်.... ညည်းကိုး၊ အစ်ကို့ကို အဝေးက မြင်တာတောင် မှတ်မိတယ် လား"

"အစ်ကိုအရပ်က အရှည်ကြီးဆိုတော့ သမီး ပိုမှတ်မိတာပေါ့။  အဲဒီနေ့က စပြီး သမီးတို့ အစ်ကိုကြီးကို နေ့တိုင်းပဲ ကျေးဇူးတင်နေတာ။ အစ်ကိုကြီပေးတဲ့ ပိုက်ဆံနဲ့ အမေ့ကို ဆေးသွားလိုက်တယ်။  နောက်ရက် ကျတော့ အမေပဲပြုတ် နိုင်ပြန်ရောပဲ။  သမီးအမေက ပဲပြုတ်ရောင်းတယ်။  သမီးက ပဲပြုတ်ရယ်၊ ဟောဒီနံ ပြား တွေရယ် တွဲရောင်းတာ။  အဲဒီနေ့ကလေ အစ်ကိုကြီးနဲ့သာ မတွေ့ရင် အမေ သေမလားပဲ။  အမေ ဖျားနေတာ သုံးလေးရက်တောင် ရှိနေပြီဆိုတော့ ဈေးလည်း မရောင်းနိုင်၊ သမီးရော အဘွားရော စိတ်ညစ် နေကြတဲ့ အချိန်ပေါ့ အစ်ကိုကြီးရဲ့"

ကောင်မလေးတစ်ယောက် နံပြားတစ်ချပ်ကို ကတ်ကြေးဖြင့် ကျင်လည်စွာ လှီးဖြတ်ရင်း စကားတွေ ရွှန်းရွှန်းဝေ အောင် ပြောနေပုံကို သူငေးကြည့်နေမိသည်။  ဘာရယ်မဟုတ် သူ ကူညီဖူးခဲ့တဲ့ ကောင်မလေး တစ်ယောက်ဟာ ဘဝတာဝန်တွေ ကို အသက်အရွယ်နဲ့မလိုက် လူပီသစွာ ထမ်းရွက်နိုင်သူလေးပေါ့။  ကောင်မလေး က သူပေးခဲ့သည့် ငွေသုံးထောင်အတွက် ကျေးဇူးတင်ကြောင်းတွေ တခုတ်တရ ပြော နေတော့ သူ့ရင်ထဲမှာ ပီတိတစ်ဖန် ထပ်ဖြစ်လာရသည်တော့ အမှန်။

ကောင်မလေးရယ်၊ တကယ်တော့ ငါဟာ မင်းထင်သလောက် အလှူအ တန်း၊ အပေးအကမ်း ရက်ရောစွာ သဒ္ဓါတရားကောင်းလှသူ တစ်ယောက်တော့ မဟုတ်ပါဘူး။  ဒါပေမဲ့ မင်းအပေါ် အဲဒီနေ့က ထားခဲ့တဲ့ စေတနာကတော့ အမှန်တ ကယ်ပဲ စစ်မှန်ခဲ့ပါတယ်။

ကောင်မလေးကျွေးသော ပဲနံပြားတစ်ချပ်ကို စားလိုက်ရ၍ ခွန်အားတွေ ရုတ်ချည်းတိုးလားသလိုပင် ခံစား လိုက်ရသည်။  လိုင်းကားစီးဖို့ စောင့်နေသော ခရီးသည်များကို အစုအဝေးလိုက် မြင်ရတော့လည်း ခါတိုင်း လို စိတ်ပျက်လက် ပျက် မဖြစ်မိ။  လူတွေကလည်း သူ့ကို ပြိုင်ဘက်တစ်ယောက် ထပ်မံရောက်ရှိလာ သလိုသဘောထားဟန် မရှိ။  အချိန်ကိုက် ထိုးဆိုက်လာသည့် ကားတစ်စီးပေါ်သို့ သူ အလွယ်တကူပင် တက်နိုင်ခဲ့သည်။  အဆင်ပြေချင်တော့လည်း ကားပေါ်မှာ ထိုင်စရာနေရာတစ်ခုပင် ရခဲ့ပါသေးသည်။  ဒီနေ့ အဖို့တော့ သူ အစစ အရာရာ အ ဆင်ပြေလိမ့်မည် ထင်ပါသည်။

သူ့စိတ်တွေ အထူးပင် ကြည်လင်လန်းဆန်းနေခဲ့သည်။  မနက်ခင်းပိုင်း အ လုပ်ဝင်ကာစဆိုတော့ လူတွေ ဆီက ရသော ရနံ့တွေသည်ပင် လတ်ဆတ်နေသေး ၏။  ပြီးတော့ လူတိုင်းလိုလိုကပင် သူ့ကို အရေးတယူ ပြုံးပြနေသလိုလို ခံစားလိုက် ရ၏။  ရွှင်ပျနေသော မျက်နှာထားကြောင့် သူတွေက သူ့ကို အသိအမှတ်ပြု နှုတ် ဆက်နေခြင်းလား။  ယခင်နေ့တွေကရော သူ့မျက်နှာမျာ အပြုံးမရှိခဲ့ဘူးလား။  ဖြစ် နိုင်ပါသည်။  သူသိသလောက် သူ မပြုံးရယ်မိသည်မှာ ကြာပြီ။  မနက်မိုးလင်းက မိုးချုပ် အလုပ်အတွက် ကားပေါ်မှာ၊ လမ်းပေါ် မှာသာ အချိန်ကုန်နေရ၍ လူတွေကို ပြုံးပြနှုတ်ဆက်ဖို့ အချိန်ပင် သူ သတိမရခဲ့။  သူ့ထက်ငါ အရင် ဦးအောင် နေရာရဖို့ သာ ကြိုးစားနေခဲ့သည် ထင်ပါသည်။

ခုတော့ ပီတိလေးတစ်ခုကို ခံစာမိရင်း အလိုလိုနေရင်းပင် သူကျေနပ်လို့နေ သည်။  ဒါကြောင့်လည်း သူ့မျက်နှာ မှာ အပြုံးရိပ်ထင်နေခြင်း ဖြစ်လိမ့်မည်။  အံ့သြ စရာတော့ ကောင်း၏။  ထိုအပြုံးလေး တစ်ချက်သည် လူတကာကို ကူးစက်ခံစားစေလျက် သူ့ကိုလည်း တစ်ဖန် ပျော်ရွှင်စေပြန်သည်။  လူတွေကို ပြုံး ပြဖို့ အရင်က သူ ဘာကြောင့်မေ့လျော့ နေခဲ့ပါလိမ့်။  ခုတော့ စိတ်လက်ကြည်သာ အပြုံးရိပ်ထင်နေသည့် သူ့ မျက်နှာကြောင့် လူတွေက စတင်နှုတ်ခွန်းဆက်ကြခြင်း ဖြစ်လိမ့်မည်။

လမ်းပေါ်မှာ၊ ကားပေါ်မှာပြီးတော့ အလုပ်ခွင်ထဲ ရောက်နေသည်အထိ စိတ်နှလုံးရွှင်လန်းနေသော သူ့ကို လူတွေက ခါတိုင်းထက် ပိုဂရုစိုက်ကြသည်ကို သူ အမှန်တကယ် ခံစားနိုင်ခဲ့ပြီ။  အလုပ်စားပွဲမှာ ထိုင်ထိုင်ချင်း....
"ကောင်လေး ဘော့စ် ခေါ်နေတယ်"
ဟု လာခေါ်တော့ သူ စိတ်လက်ပေါ့ပါးစွာပင် ထွက်လာခဲ့သည်။ 'ဘာတွေ ခိုင်းဦး မှာလဲ၊ ဘာပြဿနာတွေ ထပ်တိုးဦး မှာလဲ'  ဟု သူ စဉ်းစားမနေတော့။  ခိုင်းခိုင်း သူ့ ဘက်က စိတ်ပါလက်ပါ လုပ်ပေးဖို့သာ အဆင်သင့် ဖြစ်နေလေသည်။

    "Good Morning"
    "Morning ဆရာ"
"လာ ထိုင်ပါဦး၊ မနေ့က မိုးချုပ်သွားတာနဲ့ မပြောလိုက်ရဘူး"
"ဘာကိစ္စ ရှိလို့လဲ၊ ပြောပါ ဆရာ"

"အလုပ်ကိစ္စ မဟုတ်ပါဘူး။  ဒီမှာ မင်းအတွက် ဆရာ ဝယ်ထားတာ၊ မင်း ဘော်ဒီနဲ့ ကိုက်မယ်ထင်တာပဲ။ ရှပ် အင်္ကျီ အဖြူလေးတွေ။  မင်းလည်း ဟိုပြေးဒီ ပြေးနဲ့ သွားရတာ များပြီ။ အဖြူလေးတွေဆိုတော့ အပူလည်း သက်သာတယ်။  လူကြီးတွေနဲ့ တွေ့ရတာလည်း အဆင်ပြေတာပေါ့ကွာ။  မင်းအတွက် လက်ဆောင် ပေါ့။"

သူ့အလုပ်ရှင်သူဌေးကို အံ့အားသင့်စွာဖြင့် ပြန်ကြည့်မိတော့ သူဌေးက သူ့ ကိုပြုံး၍ ကြည့်နေ၏။  သူဌေးက သူ့ကို စတင်နှုတ်ဆက်ခဲ့၏။  ပြီးတော့ တစ်ခါမှ မပေးခဲ့ဖူးသည့် လက်ဆောင်ပဏ္ဏာတွေပင် ပေးလိုက် သေး၏။  ဒီနေ့ အထူးအဆန်းတွေချည်းပဲ ဖြစ်နေခဲ့ပါလား။
"ကျေးဇူးတင်ပါတယ် ဆရာ"
"မလိုပါဘူးကွာ။  အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာလည်း တကယ်တော့ အပြန်အလှန် ကျေးဇူး ရှိသူ တွေပါပဲ။  မင်း အနစ်နာခံ လုပ်ပေးနေတာတွေ ငါ သိပါ တယ်ကွာ။  ရှေ့လာမယ့်လကစပြီး လစာတိုးပေးဖို့ ငါတို့  စီစဉ်ထားတယ်။"

သူ့အလုပ်ရှင် သူဌေး ဘာစိတ်ကူးပေါက်သွားသည်တော့ သူ မသိ။  သူသိတာက သူ ဌေးမျက်နှာ ကြည်သာ နေသလို သူ့မျက်နှာလည်း ရွှင်ပျနေမှာ သေချာခြင်းပင် ဖြစ်၏။  သူ လုံးဝ မျှော်လင့်မထားခဲ့သော လက်ဆောင် ကို သူ့အလုပ်ရှင်ထံမှ ရခဲ့သည့်အတွက် သူ အံ့သြနေမိ သည်။  သူဌေးရှေ့က ထွက်လာတော့ သူ့ခြေလှမ်း တွေပင် ကြမ်းခင်းနှင့် မထိသလို ဖြစ်နေ၏။  လက်ဆောင်ရလာသည့် အဖြူရောင် ရှပ်အင်္ကျီ၏ တံဆိပ် ကို ကြည့်လိုက်တော့ ပို၍ပင် ရင်ခုန် သွားရသည်။  ကြည့်စမ်း..... ဘယ်လောက် ပျော်စရာ ကောင်းလိုက် တဲ့ အဖြစ်အပျက်လေးလဲ ဆိုတာ။
ချက်ချင်း ဆိုသလို သူ သတိရလိုက်မိသူက အမေဖြစ်သည်။  အမေသိရင် ဘယ် လောက်များ ပျော်သွား လိုက်လေမလဲ။  ပြီးတော့ ပါးစပ်ကြီးတစ်ခုလုံးနှင့် အားရပါးရ စကားတွေ ကို အမေပြောပေလိမ့်ဦးမည်။ 

"အမေပြောသားပဲ မဟုတ်လားသားရဲ့။  စေတနာသာ အဓိကလို့။  စေတနာအရင်း ခံတဲ့ စိတ်တစ်ခုနဲ့သာ အလုပ်လုပ်။  အကျိုးပေးချိန်တန်ရင် ပေးကိုပေးမှာပဲ။  စိတ်ကောင်း စေ တနာကောင်းထားတယ်။  သူတစ်ဖက်သား ကို ကူညီတယ်ဆိုတဲ့ အလုပ်ကို လူချမ်းသာတွေမှ သာ လုပ်နိုင်တာလို့ တချို့က ထင်နေ ကြတာ။  တကယ်တော့ မဟုတ်ပါဘူး သားရယ်။  အတိုင်းအတာ၊ အချိုးအဆချင်းတော့ မတူနိုင်ဘူး ပေါ့ကွယ်။  လူချမ်းသာတွေမှ လုပ်နိုင်မယ့် အကူအညီမျိုးကို အမေတို့ လုပ်မပေးနိုင်တာလည်း ရှိတယ်။  ဒါပေမယ့် ရပ်ကွက်ထဲမှာ အမေ လုပ်နိုင်တဲ့ ပရဟိတ အလုပ်မျိုးတွေကို ဒေါ်လာသန်းချီ ချမ်းသာတဲ့ သူဌေးကြီး တွေ မလုပ်နိုင် တာလည်းရှိနေသေးတာပါပဲ။ ဖြစ်သင့်တာကတော့ လူတိုင်းလူတိုင်း စိတ်ကောင်လေးတစ်ခု မွေးပြီး ကိုယ်နဲ့ နီးစပ်ရာ ပတ်ဝန်းကျင်အပေါ် စေတနာ ကောင်းထားဖို့ တတ်စွမ်းသမျှ ကူညီ တတ်ဖို့ပါပဲ။  ပတ်ဝန်းကျင်ကို ဘယ်တော့မှ မဲ့မကြည့်နဲ့။  ဖြူစင်တဲ့ အပြုံးလေး တစ်ခု နဲ့ သာ ကြည့်။ ကိုယ့်အတွက် အပြုံးတွေပဲ ပြန်ရလိမ့်မယ်။  ဒါကိုတော့ အမေ့သားယုံကြည်ပါကွယ် "

သနပ်ခါးရေကျဲ လိမ်းထားသော အမေ့မျက်နှာက လှသည် မဟုတ်သော်ငြား ကြည်လင်ငြိမ်ချမ်းသော အပြုံး တွေကြောင့် ကျက်သရေရှိစွာ ကြည့်ကောင်းနေသည်။  ဒါက အမေ၏စိတ်ထားကြောင့် ဖြစ်ပေလိမ့်မည်။  ရပ်ကွက် ထဲ မှာ သူ့အမေ ဒေါ်မြရင်ကို မသိသူဟူ၍ မရှိသလောက် ဖြစ်နေတာက အမေ၏ လူတကာအပေါ် စေတနာ ထား ကူညီ တတ်သော အလေ့အထကြောင့်သာ ဖြစ်သည်။  အမေ့ဆီက အမွေကောင်းတွေကို သူရယူ နိုင်ပါလျက် ဘာကြောင့် ယူရကောင်းမှန်း မသိခဲ့သနည်း။

ကိုယ့်ဘဝ တစ်ခုတည်း အတွက် မျှော်လင့်ကာ အလုပ်လုပ်နေသူဖြစ်လျက် တစ် လောကလုံးက လူတွေကို လုပ်ကျွေး နေရသလို မချိမဆံ့လေးပင်သော မျက်နှာထားမျိုးဖြင့် သူ နေတတ်ခဲ့သည်။  လူတွေ ရယ်မော နေသည်ကို မြင်ရလျှင်ပင် အမြဲလိုလို ညစ်နေသော အခံစိတ်ဖြင့် အလကားပေါ့ပေါ့နေ ပေါ့ပေါ့စား လူတွေဟု အထင်သေး တတ်ခဲ့သည်။  သူ့ ကိုယ်သူသာ အစဉ်ထာဝရ တိုးတက်အောင် ကြိုးစားနေသည့် သူရဲကောင်း ကြီးပမာ အထင် ရောက်ခဲ့သည်။  တကယ်တော့ လူ့ဘဝသက်တမ်းတိုတိုလေးမှာ သူ သက်တမ်းစေ့နီးပါး နေရမည် ဆိုလျှင်ပင် သုံးပုံတစ်ပုံကျော် ကာလတစ်ခုကို ဖြတ်သန်းပြီးပြီမို့ အချိန်တွေ အတော်ကြီး လျှော့ပါး သွားခဲ့ပြီ။

သို့ဆိုလျှင် ကုန်ဆုံးခဲ့သော ဘဝ၏ သုံးချိုးတစ်ချိုး ကာလတွေမှာ လူတွေကောင်း ကျိုးအတွက် သူ ဘာတွေလုပ်ပေးခဲ့ဖူးသနည်း။  သူ့ပတ်ဝန်းကျင်က လူဘယ်နှစ်ယောက် လောက်ကိုများ မည်သို့သော စိတ် ချမ်းသာမှုမျိုး ပေးခဲ့ဖူးသနည်း။  လူတစ်ယောက်၏ ဘဝ ပြောင်းလဲစေလောက်သည့် အကူအညီမျိုးကိုရော သူ ပေးခဲ့ဖူးပြီလား။  သူ့ကြောင့် စိတ် ချမ်းသာပျော်ရွှင် သွားခဲ့ရပါသည်ဆိုသော လူရော ဘယ်နှစ်ယောက်ရှိပြီတဲ့ လဲ။

"ကိုယ့်ကြောင့် လူတစ်ဖက်သား စိတ်ချမ်းသာရတယ်ဆိုရင် သိပ်ကောင်းတာပေါ့ သားရယ်။  ဒါ့ထက် ပိုပြီး ကိုယ့်ကြောင့် လူတစ်ယောက်ရဲ့ဘဝ တိုးတက် ပြောင်းလဲသွား တယ်ဆိုရင် အကောင်းဆုံး ကုသိုလ် တစ်ခု ပဲပေါ့။  ဘယ်နေရာရောက်ရောက် ကိုယ်နဲ့နီးစပ် သမျှ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ကောင်း စေတနာ ကောင်းနဲ့ ကူညီလုပ်ကိုင်ပေးပါ သား ရယ်။  ဒါဆို သားဘဝ ဘယ်တော့မှ မနိမ့်ကျပါဘူး။"

အမေ့စကားတွေကို ပြန်ကြားယောင်နေမိလျက် အတွေးစတွေကို ဆန့်ထုတ်ကြည့် မိတော့ အလိုလိုပင် သူ ပြုံးနိုင်လာလေသည်။  သူက ငွေကုန်ခံ၍ ဝယ်သူစရာမလိုသော အပြုံးတွေကို အလကားပေးဖို့ပင် နှမြောတွန့်တို နေခဲ့သူပါလား။  ဒီနေ့တော့ သူဘာ ကြောင့် လူတွေအပေါ် ရယ်ရယ်မောမော ဆက်ဆံ နေခဲ့ပါလိမ့်။  သူ့စိတ်အခံဓာတ်ကိုက ကြည်လင်နေခဲ့သည် ထင်ပါသည်။  တကယ်တော့ အဲဒီ အကြည်ဓာတ် လေး တစ်ခုကို မွေးယူကြည့်ဖို့ သူ မေ့လျော့နေခဲ့ခြင်းသာ ဖြစ်သည်။

ဟုတ်တယ်။  ဒီနေ့ကစပြီး လူတွေကို အပြုံးနဲ့ကြည့်ဖို့ သူ မမေ့မလျော့ ကြိုးစား တော့မယ်။  တကယ်လို့များ သူ ပြုံးပြတဲ့အခါ လူတွေက....။

စာရေးသူ - ယုဒါ
ရုပ်ရှင်တေးကဗျာ ၂ဝ၁၁ မေလ
.

6 comments:

Anonymous said...

ဒီစာလေးဖတ်ရင်းနဲ့ အကြည်ဓာတ်လေး ခံစားရတယ် မမ။ကျေးဇူးပါ။
အနော်။

ma yu said...

ယုဒါစာတွေကိုကြိုက်ပြီးသား။ အမြဲစိမ်းသစ်တောဆိုတဲ့ စာလေးလဲကောင်းတယ်။ ဖတ်ပြီးတစုံတရာရသွားခဲ့လို့  ယုါးကိုရော မရွှေစင်ကိုရော ကျေးဖူးအထူးတင်ရပါတယ်။

Mon Petit Avatar said...

It gives me something, teaches me something, and I learn something, thank you!

Angelhlaing(May everybody be happy and healthy! said...

မမရေ ဖတ်နေရင်းနဲ့တောင် ဘယ်လိုလေးလဲမသိ ကြည်နူးမှုလား တစ်ခုခုပဲ မပြောပြတက်ဘူး..
အစဉ် တစ်စိုက် စာပေကောင်းလေးတွေ စုစည်းတင်ပြ ပေးလို့ ကျေးဇူးပါမမရေ...
ကောင်းသောနေ့လေးဖြစ်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ခါတစ်ခါကျတော့လည်း စိတ်ဖိစီးမှု သိပ်များတဲ့အခါ ပြုံးဖို့မေ့နေသလို မပြုံးနိုင်တာမျိုးလည်း ဖြစ်ရပါသေးတယ်။ အထူးသဖြင့် ညီမအတွက်တော့ ခုချိန်ဟာ အဆိုးဆုံးပါ။
ခွန်အားပေးတဲ့ စာကောင်းလေးအတွက် ကျေးဇူးပါ အစ်မရေ

Chit said...

ဖတ်ရင်းနဲ့ ပြုံးနေမိတယ်...မမရေ...

စာပေကောင်းလေးတွေတင်ပေးလို့ ကျေးဇူးပါနော်