အခန်း(၄)
ဂျိန်း
ဂျိန်း
မထင်မရှား ဂျိန်း၊
ရွက်ကြမ်းရေကျို ဂျိန်း၊
ဂျိန်းက သည်ဘ၀မျိုးကို ဘယ်တော့မှ အရောက်ခံမည့် မိန်းကလေးမျိုး မဟုတ်။
သိတတ်သည့် အရွယ်မှစ၍ ဂျိန်းဆိုသည့် နာမည်ကို ဂျိန်းဂရက်(ခ်ျ) မုန်းခဲ့၏။ နာမည်ကြီး ကို က ရိုးစင်း လွန်းသည်။ ငြိမ်လွန်းသည်။ နာမည်နှင့်လူ တခြားစီ ဖြစ်နေ၏။
မွေးစာရင်း တွင် ပါနေ၍ ဂျိန်းဟု ခေါ်ခံနေရသော်ငြားလည်း သည်နာမည်နှင့် သူ လုံးဝမလိုက်ဟု ဂျိန်းက ထုတ် ပြောသည်။ လေးတန်း ရောက်တော့ နာမည်ကို စာလုံး အမျိုးမျိုး ပေါင်းကြည့်သည်။
ဂျိန်းနီ၊ ဂျေးနီ၊ ဂျန်နေး၊ ဂျာနီ၊ ဂျိုင်း သူနှင့် ဟပ်မိသည့် နာမည်ကို ဂျိန်း လိုက်ရှာသည်။ ထူးဆန်ရ မည်။ သိပ်သည်း ရမည်။ ကဗျာဆန်ရမည်။ လူတိုင်းနားတွင် ငြိစေမည့် နာမည်မျိုး ဖြစ်ရမည်။
အိုင် နေရာတွင် အေ အစားထိုးကြည့်သည်။ ၀ိုင်နှင့် လဲကြည့်သည်။ ရံခါတွင် စိတ်ကူးပေါက်ပြီး အီး ထပ်ဖြည့် သည်။ ဟိုဟာဖြည့်၊ သည်ဟာဖြုတ် လုပ်ကြည့်သည်။
သာမန် ဂျိန်း မဟုတ်ကြောင်း ကမ္ဘာကို ပြနိုင်မည့် နာမည်ကို ရှာပုံတော် ဖွင့်နေခြင်း ဖြစ်လေသည်။
နာမည် တစ်ခုပြောင်းတိုင်း လက်မှတ်ပါ ပြောင်းထိုးကြည့်သည်။ ဧရာမ စာလုံးကြီးတွေနှင့် ထိုးကြည့်သည်။ သေးသေးမှုန်မှုန် စာလုံးကလေးများနှင့် ထိုးကြည့်သည်။ လက်မှတ်ကို စာလုံး ကြီးကြီးနှင့် စပြီး နောက်က ပုရွက်ဆိတ် ခေါင်း လောက် စာလုံးကလေးများဖြင့် ကပ်ရေးသည်။
နောက်ဆုံး ခပ်စောင်းစောင်းနှင့် ရဲရဲတင်းတင်း ဆွဲထားသည့် လက်မှတ်ကို ရွေးလိုက်သည်။ ကတိုက်ကရိုက် ရေးခြစ် လိုက်သည့် လက်မှတ်မျိုး။ "ကျွန်မမှာ လုပ်စရာတွေ အများကြီး၊ လက်မှတ် ကို လှပအောင် ထိုး နေချိန် မရှိဘူး" ဟု ပြောနေသည့်ဟန်။ အိုင်ပေါ်တွင် ၀လုံးသေးလေးကလေး တော့ တင်ထား၏။ တီကို ကန့်လန့်ဖြတ်မျဉ်း ကို အရှည်ကြီး ဆွဲသည်။
ကိုင်သည့်ဖောင်တိန်ကလည်း နစ်သွား အမျိုးမျိုး၊ စိတ်ကူးတစ်မျိုးပေါ်တိုင်း ဖောင်တိန်ပြောင်းကိုင် သည်။ သုံးသည့် မင်ကလည်း အရောင်စုံ၊ စိတ်လှုပ်ရှားမှုအလိုက် အရောင်ပြောင်းသုံး၏။
ဂျိန်း သည် သိတတ်သည့်အရွယ်မှစ၍ ထိပ်ဆုံးရောက်ဖို့ ဆုံးဖြတ်ထားသည့် မိန်းကလေးမျိုး ဖြစ်သည်။ နာမည်ကျော် စာရေးဆရာမ ဖြစ်ချင်ဖြစ်၊ မဖြစ်လျှင် ရုပ်ရှင်မင်းသမီးတော့ အနည်းဆုံး ဖြစ်ရမည်။ စူးစမ်း လေ့လာခြင်း၊ အသစ်အဆန်းကို ရှာဖွေခြင်း၊ ထုံးတမ်းစဉ်လာ လမ်းရိုးဟောင်းမှ ခွဲထွက်ပြီး ကမ္ဘာသစ် ရှာဖွေခြင်း တို့မှာ ဂျိန်းအတွက် အသက်ရှူသည့်ကိစ္စလို သာမန်မျှသာ ဖြစ်လေ သည်။ ထို့ကြောင့် နောင်တွင် သူ့ကို လူတွေ့ မေးမြန်းသူ သတင်းထောက်များအား "ကျွန်မက နိုင်ငံကျော် တစ်ယောက်ဖြစ်လာသလို ဆိုးတဲ့နေရာ မှာလည်း နာမည်ကျော်လေ၊ ကျွန်မအတွက် အချစ်ကိစ္စဟာ သာမန်ပဲ" ဟု ကြေညာ သေး သည်။
ဂျိန်းသည် အရပ်အမောင်းကောင်းပြီး ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်လုံးကိုယ်ပေါက် ပိုင်ရှင် ဖြစ်၏။ အညိုရောင် ဆံပင် တွေကို ဖြစ်ကတတ်ဆန်း ထားသည်။ မျက်လုံးရောင်က အညိုလိုလို ထင်ရ သော်လည်း စိတ်လှုပ်ရှား တိုင်း အရောင်ပြောင်းသွားတတ်ပြီး ပြာသည့်အခါ ပြာ၍ စိမ်းသည့်အခါ စိမ်းလာသည်။ နှုတ်ခမ်းက ခပ်ထူထူ အသံ က ခပ်ပြာပြာ။
၁၉၄၁ခုနှစ်တွင် မွေးပြီး လူဦးရေ တစ်သန်းမျှ မပြည့်သော စစ်ပြီးခေတ်၏ စိန့်လူးဝစ် မြို့ကလေးတွင် ကြီးပြင်း ခဲ့သည်။ စိုက်ပျိုးရေးနှင့် စက်မှုလက်မှုမြို့ကလေး ဖြစ်၏။ အဖေက မီးရထား ကန်ထရိုက်၊ အမေက သာမန် အိမ်ရှင်မ၊ အမေ့အမေ အဘွားကတော့ အချစ်ဝတ္ထုတွေ ရေးဖူးသည်။ အဘွားသည် မာဂရက်မစ်ရှယ် ကို အားကျသော်လည်း ချစ်ဖို့ကောင်းသော ခပ်ချာချာ လင်ယောက်ျားနှင့် ကလေးတွေ အတွက် ငွေရဖို့ကို ဦးတည်ခဲ့ရသဖြင့် လေရူးသုန်သုန်လို ၀တ္ထုမျိုး ကို မရေးနိုင်ရှာခဲ့။ ဂျိန်းက သူ့တွင် အဘွား ၏ မျိုးဆက်သွေး ပါသည်ဟု အခိုင်အမာ ယုံကြည်ထား ၏။
"ကျွန်မက စာပေ မျိုးရိုး ရှိခဲ့တယ်လေ" ဟု ဂျိန်းက ခပ်ကြွားကြွားကလေး ပြောလေ့ရှိသည်။ အသေးစိတ် ကလေး များကိုတော့ ချောမွေ့ပြေပြစ်အောင် တန်ဆာဆင် ပြောတတ်၏။
လူတွေ အာရုံစိုက်အောင် လုပ်နည်းကို ကလေးဘ၀ကတည်းက ဂျိန်း သိခဲ့၏။ လေးနှစ်သမီးအရွယ် က အဖြစ် အပျက် ကို ဂျိန်းက သတင်းထောက်များအား ပြန်ပြောပြသည်။
မောင်ကလေး ရောဘတ် ကို မေမေ မွေးပြီး ဆေးရုံက ဆင်းလာသည့်နေ့။ ဦးလေးတွေ အဒေါ်တွေ၊ အိမ်နီးနားချင်း တွေအားလုံး စုပြုံပြီး နီတာရဲကလေးအနားမှာ အဖြစ်တွေ သည်းနေကြတယ်လေ။
"အဲဒီမြင်ကွင်း ကို ကြည့်ပြီး ကျွန်မမှာ အပြင်းအထန် ပြိုင်ရမည့်သူ ပေါ်လာပြီလို့ သဘောပေါက် လိုက်တယ်၊ ဘယ်သူမှ ကျွန်မကို လှည့်မကြည့်ကြတော့ဘူးလေ၊ သည်အတိုင်း နံရံကို မှီပြီး ကျွန်မ ငေးကြည့် နေရမှာလား၊ သူတို့နဲ့ အတူသွားရောပြီး ပေါက်စကလေးကို စိတ်ဝင်စားဟန်နဲ့ မြှူတယ်၊ ဒါလည်း ကျွန်မကို ဘယ်သူမှ သတိထားမိကြဟန် မတူဘူး၊ ဘယ်ရမလဲ၊ တစ်ခုခုလုပ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
"ထပြေးပြီး ထမင်းစား စားပွဲပေါ် ခုန်တတ်လိုက်တယ်။ ပြီးတော့ လှည့်ပတ်ကတယ်၊ ဘယ်သူမှ လှည့်မကြည့် ကြသေးဘူး၊ နီတာရဲကလေးဆီမှာပဲ သူတို့အာရုံ ရောက်နေကြတယ်၊ စကတ်ကလေး ၀ဲနေအောင် ကျွန်မ က တယ်၊ အကြောင်းမထူးဘူး၊ ဒါနဲ့ ကျွန်မ ရှေ့ကတစ်ဆင့် တက်ဖို့ ပြင်လိုက် တယ်၊ အဲဒီလိုဆော့ရင် တစ်အိမ်သား လုံး ၀ိုင်းရယ် နေကျလေ။
"စားပွဲပေါ်မှာ ကင်းမြီးကောက် ပစ်ထောင်လိုက်တယ်၊ စကတ်က ကျွန်မ မျက်နှာပေါ် ကျလာတာ ပေါ့ ။ ထင်တဲ့ အတိုင်းပဲ အားလုံး ခေါင်းထောင်လာကြတယ်။ မေမေက ကျွန်မကို ဆူတယ်၊ ခြေထောက်ပြန်ချဖို့ ပြောတယ်၊ ဒါပေမယ့် မေမေ့ မျက်နှာက ပြုံးလို့၊ အဖေရော ဦးလေး အဒေါ်တွေ ရာ ၀ိုင်းရယ်ကြတယ်။ အဘွား ကတော့ ဗျစ်တောက်ဗျစ်တောက် ပြောရင်း ရယ်နေတယ်။ အားလုံး ရဲ့ အာရုံကို ကျွန်မ အဲဒီနည်းနဲ့ စုစည်း နိုင်ခဲ့တယ်လေ။
"အဲဒီအရွယ်ကစပြီး လူတွေ ဂရုစိုက်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မ သိခဲ့တာ။ ကျွန်မမှာ ခုလို ဖြစ် လာအောင် လေးနှစ်သမီးကတည်းက ခရီးစခဲ့တာ ရှင့်"
ဂျိန်းသည် တစ်ပြိုင်တည်းတွင် မောင်လုပ်သူ ရောဘတ်အတွက် အစ်မကြီး အမိအရာ အဖြစ်လည်း ရပ်တည် ပေးနိုင်ခဲ့လေသည်။
"ဂျိန်း က တစ်ခါတလေ ထင်ရာ စိုင်းပေမယ့်၊ ကျွန်တော်ကို ထိခိုက်အောင်တော့ တစ်ခါဖူးမှ မလုပ်ခဲ့ ဖူးဘူး" ဟု ရောဘတ်က ပြောတတ်သည်။
စိန့်လူးဝစ် ငယ်ဘ၀အကြောင်းကို သတင်းထောက်များအား ဖောက်သည်ချသေး၏။ အတန်းထဲတွင် ထိပ်ဆုံး က ချည်းနေသည်။ သောင်းကျန်းသည့်နေရာတွင်လည်း ထိပ်က။
မိန်းကလေးများတွင် ရင်သားများ ရှိသည်ဆိုသည်ကို သိသည်နှင့် ကစားစရာ အရုပ်ကလေး၏ ရင်ဘတ်တွင် စက္ကူ တွေ ထိုးထည့်သည်။ ကျောင်းစာကြည့်တိုက်တွင် ရှာဖွေဖတ်ရှုရင်း ယောက်ျား ကလေးများတွင် ပါသည့် အစိတ်အပိုင်းများအကြောင်းကို အတန်းဖော် ကောင်မလေးများနှင့်အတူ အဓိပ္ပာယ် ဖွင့်ဆိုသည်။ လေ့လာ စူးစမ်းသည်။
အမေက မထိရ၊ မကိုင်ရဟု တားမြစ်ထားသည့် မိန်းကလေးများ ခန္ဓာကိုယ်မှ အစိတ်အပိုင်းများ အကြောင်း ကို လည်း ရှစ်နှစ်သမီးအရွယ်တွင် ဂျိန်းနားလည်နေပြီ။
သူသိထားသမျှကို အေမီတို့ ၀ီလ်မာတို့အား ဂျိန်းက လက်ချာရိုက်သည်။ သိပ္ပံ ပညာရှင်ဆန်သည့် မျက်မှန် ထူထူ နှင့် ၀ီလ်မာက ယောက်ျားကလေးများ၏ အစိတ်အပိုင်းတစ်မျိုးသည် စိတ်လှုပ်ရှား လာလျှင် ပုံသဏ္ဍာန် ပြောင်းလာကြောင်း ကြားပြီး မယုံကြည်နိုင်စွာဖြင့် "နင် အဲလောက် သိရင်လဲ ဘယ်လိုအခါမှာ ကောင်လေး တွေ စိတ်ပြောင်းတယ်၊ ဘာကြောင့် စိတ်ပြောင်းတယ်ဆိုတာ ပြောလေ" ဟု စောဒက တက် သည်။ အေမီကလေးကတော့ မျက်လုံး ကလေး ကလယ်ကလယ်နှင့် အကြောင်သား နားထောင် နေတတ် ၏။
"နင်တို့ ငါတို့ကြောင့်ပေါ့ဟဲ့"
အောင်မြင်သည့် လေသံဖြင့် ဂျိန်းက ဆက်ရှင်းပြသည်။
"ငါတို့ မိန်းကလေးတွေဟာ ယောက်ျားလေးတွေကို အရူးဖြစ်အောင် လုပ်လို့ ရတယ် မှတ်ထား၊ တို့က သူ တို့ထက် ဆွဲအား ကောင်းတယ် သိလား"
မိန်းမသားတို့၏ စွမ်းပကားကို ဆယ့်နှစ်နှစ်သမီးအရွယ်တွင် ဂျိန်း သုတေသန လုပ်ခွင့် ကြုံခဲ့သည်။ သည်တုန်းက ဂီနီရူဘယ်လ်က ဆယ့်လေးနှစ်၊ မေလ ညနေ ကျောင်းဆင်းချိန်တွင် ဖြစ်သည်။
ညနေစာ စားချိန်နှင့် ကျောင်းစာလုပ်ချိန်လည်း မရောက်သေး။ အမေက မီးဖိုချောင်တွင် အလုပ်ရှုပ် နေသည်။ အဖေက အလုပ်မှ ပြန်မရောက်သေး၊ ကလေးတွေ အားလုံး အိမ်ပြင်တွင် ထွက်ဆော့ နေကြ၏။ ဂီနိ တို့ အိမ်ရှေ့ မြက်ခင်းပေါ်တွင် ဂျိန်း နှင့် ဂီနီ နှစ်ယောက်တည်း ရှိနေကြသည်။
အသားရောင်ဖျော့ဖျော့ ဆံပင်နက်နက်နှင့် ဂီနီ၏ပုံစံက အဲလ်ဗစ်ပရက်စလေနှင့် တူသလိုလို။ ဆယ့်လေးနှစ် သားအရွယ် ဂီနီသည် ကားမျိုးစုံအကြောင်းကို ကောင်းကောင်းကျွမ်းနေပြီ၊ အိမ်နှင့် မဝေးသည့် အက်ဆို ကုမ္ပဏီ တွင် ကျောင်းအားရက်တိုင်း သူ အလုပ်ဝင်လုပ်၏။ အလုပ်ဆင်းသည့် နေ့များတွင် ဆီချေးပေ နေသည့် ဂျင်းဘောင်းဘီ နှင့် ခပ်ကြွားကြွားကလေး ပျော်နေတတ်သူ။
ဂီနီက စက်သံကို နားစွင့်ကြည့်ရုံဖြင့် လှည့်မကြည့်ဘဲ ကားအမျိုးအစားကို ခွဲနိုင်သည်ဟု သူငယ်ချင်းတွေကို ကြွေးကြော် ထား၏။ လမ်းကို ကျောခိုင်း၊ မျက်စိကို ပိတ်ထားပြီး ဖြတ်မောင်း သွားသည့် ကားအမျိုးအစား ကိုရော ကား၏ မော်ဒယ်လ်ကိုပါ ဂီနိ ခွဲခြားနိုင်၏။ ယောက်ျားလေး တွေ အားလုံး ဂီနီကို အထင်ကြီး ကြသော်လည်း မိန်းကလေးတွေက သိပ် စိတ်မ၀င်စားကြ။
နှစ်အိမ်ကျော်တွင် နေသည် ဂျိန်းတစ်ယောက်ကမူ ဂီနီ၏ အရည်အချင်းကို သဘောကျသည်။ ကားအမည် ဖော်တမ်း ကစားပွဲ တွင် ဂျိန်းက အမြဲတမ်း မေးပေးရသည်။ သည်ကစားနည်းကို ဂီနီ အကြိုက်ဆုံး။ သူ့ကို ကူညီသည့် အတွက် ဂီနီက ဂျိန်းကို သူ၏ စက်ဘီးပေးစီးသည်။
ရာသီဥတု သာယာလွန်းနေသဖြင့် သည်နေ့ ခါတိုင်းလို မဟုတ်ဘဲ။ ဂီနီက မြက်ခင်းပြင်ပေါ်တွင် စန့်စန့်ကြီး မျက်စိ မှိတ် ထားသည်။ ဂျိန်းကက ခါတိုင်းလို ကားစကားထာဝှက်နေ၏။ လမ်းဘက်ကို မျက်နှာမူထိုင်လျက်။
ကား တစ်စင်း ဖြတ်မောင်းသွားသည်။
ဂျိန်းက "ကဲ အဲဒါ ဘာကားလဲ"
"ဒေါ့ခ်ျ၊ လေးဆယ့်ခုနစ်မော်ဒယ်လ်"
မှန်သည် မှားသည်ကို ဂျိန်းချက်ချင်း မတုံ့ပြန်သဖြင့် ဂီနီ ဇဝေဇ၀ါ ဖြစ်ပြီး သူ့အဖြေ ကို ပြင်ပြော သည်။
"ဒါဖြင့် ချက်ပလက် ကွာ"
ဂျိန်း ဘာမှ မတုံ့ပြန်။ ကားတွေကို ဂျိန်း လှမ်းမကြည့်တော့၊ မြက်ခင်းစိမ်းစိမ်းပေါ်တွင် ပက်လက်လှန် လဲလျောင်း နေသည့် ဂီနီကိုသာ ငုံ့ကြည့်နေ၏။ ဤတွင် မိန်းကလေးများ၏ ခွန်အား ကို စမ်းသပ်ဖို့ ဂျိန်း ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။ ဂီနီက သူ့အဖြေကို အတည်ပြုပေးခြင်း မရှိသည့် အတွက် ဒေါပွလာပြီ။
"ဟေး ဂျိန်း၊ ပြောလေ"
ဘာကားဖြတ်မောင်းသွားမှန်း ဂျိန်း မသိလိုက်။ သူ့အာုံက ဂီနီ၏ ခန္ဓာကိုယ် တစ်နေရာတွင်သာ စူးစိုက်နေ၏။
"အဲ အဲ နင် ပထမ ပြောတာ မှန်တယ်ဟ"
"ဒါဆို ဒေါ့ခ်ျ မှန်တာပေါ့၊ ဘာလို့နင် ချက်ချင်း မပြောတာလဲ"
သူ အမှတ်လျော့သွားရခြင်းအတွက် ဂီနီ မကျေမနပ် ဖြစ်နေသည်။ ဂျိန်းက တောင်းပန်တော့ ဂီနီက ဟောက်သည်။ နောက်ကားတစ်စီး လာပြန်၏။ သည်တစ်ခါ ဂီနီ အထူးအာရုံစိုက် နားထောင်၏။ အမှား အယွင်း အဖြစ်မခံနိုင်ဘူးလေ။
"ရှူး အသာနေ" ဟု ဂျိန်းကို အသံမပြုဖို့ သူ တားလိုက်သေး၏"
သည်ကားသံ "ဗျုစ်" အစစ်၊ သိပ်သေချာသည်။ သို့သော် သူ ဖြေချိန်မရလိုက်တော့
"ဖယ် ဖယ် နင်ဘာလုပ်တာလဲ ဂျိန်း"
ဂျိန်းလက်ကို အတင်းဖယ်ပြီး ဂီနီ ထပြေးတော့သည်။ သူ့အိမ်ဆီသို့ တကျိုးတည်း လစ်ပြီး မီးဖိုဆောင် တံခါးဝ တွင် ပျောက်ကွယ်သွားတော့၏။ ညပိုင်းတွင် တီဗွီ ကြည့်ဖို့ ဂျိန်းတို့ အိမ်သို့ ဂီနီ ရောက်လာသည်။ ခပ်မှောင်မှောင် ဧည့်ခန်းထဲတွင် ဂျိန်း ကျိတ်ပြုံးနေ၏။ မိမိ အောင်မြင်သွားပြီ ဖြစ်ကြောင်းလည်း ကောင်း ကောင်း နားလည်လိုက်သည်။
အခန်း(၅)
ဂျိန်း
၁၉၅၉ ခုနှစ်။
ဂျိန်း
၁၉၅၉ ခုနှစ်။
"ဒါဟာ စာပေ မဟုတ်ဘူး၊ လက်နှိပ်စက်စာလုံးတွေပဲ"
ဟစ်ပီစာရေးဆရာ ဂျက်ကီရောစ်၏ စာအုပ်ကို ဝေဖန်ရေးဆရာ ထရူးမင်းက ပုတ်ခတ် ဝေဖန်သည်။
၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်ထိ လေးနှစ်ကာလသည် မစ်ဇိုရီ တက္ကသိုလ်တွင် ဂျိန်းကျင်လည်ခဲ့သော နှစ်များ ဖြစ်လေ သည်။ သမားရိုးကျ လမ်းရိုးလမ်းဟောင်း လိုက်မလား၊ သစ်လွင်သည့် ဟစ်ပီ လောကထဲ ၀င်မလား ဟူ သည့် လမ်းနှစ်သွယ်ကို ရွေးချယ်ရမည့်ကာလ၊ လမ်းရိုးလမ်းဟောင်းတွေ စည်းရိုးလှလှ နှင့် အိမ်များ ရှိသည်။ စားကောင်းသောက်ဖွယ်တွေ ရှိသည်။ အိုက်စင်ဟောင်ဝါ ရှိသည်။ ကျေးလက်ဆန်သည့် ပုံသေ လှုပ်ရှားမှု များ ရှိသည်။ လုံလုံခြုံခြုံ ရေကူးဝတ်စုံနှင့် မီးခိုးရောင် ဖလန်နယ်ဝတ်စုံများ ရှိသည်။ ပြီးတော့ ပက်ဘွန်း နှင့် ဒက်ဘီဂန်းတို့၏ တေးသံများ ရှိသည်။ စနေညနေပိုင်း သတင်းစာ ရှိသည်။
"အဲဒါတွေက လူဖျင်းတွေအတွက်ပဲ" ဟု ဂျိန်းက မှတ်ချက်ချသည်။
ဟစ်ပီတို့လောကသည် တောက်ပရွှန်းလက်၏။ အန္တရာယ်ပြွမ်း၏။ စိတ်လှုပ်ရှားစရာ ကောင်း၏။ ဟစ်ပီတို့၏ ဌာနချုပ်မှာ အရှေ့ကမ်းခြေ၊ ဂရင်းဝစ်ခ်ျရွာတွင် ရှိသည်။ အရောင်အသွေးစုံလှသည့် အရက်ဆိုင်များ၊ ကော်ဖီဆိုင် များတွင် နရီသွက် တေးသံများ လွှမ်းနေ၏။ စမ်းသပ် ကပြသည့် အပျော်တမ်း ခေတ်ဆန်းက ဇာတ်ရုံများ ရှိ၏။ လမ်းသစ်ရှာနေသည့် ပန်းချီပြခန်းများ ရှိ၏။ ဆန်ဖရန်စစ္စကိုသည် အနောက်ကမ်းခြေ၏ ဟစ်ပီမြို့တော် ဖြစ်သည်။
အနောက်ကမ်းခြေမှ ကဗျာဆရာများက အရှေ့ပိုင်းမှ လေးကြောင်းစပ်ကာရန် ကဗျာပုံစံကို လက်တွန့် နေချိန် တွင် အရှေ့ပိုင်းမှ ခြေညှပ်ဖိနပ်စီး၊ မုတ်ဆိတ်ဆံရှည် စာရေးဆရာများက စာပေကို ဟန်သစ်ဖြင့် မီးရှူး မီးပန်း လွှတ်နေကြပြီ။
သို့သော် အရှေ့နှင့် အနောက်ကမ်းခြေ နှစ်ခုစလုံးမှ ဟစ်ပီတို့သည် ဆေးခြောက်စွဲလမ်းမှု၊ စစ်ဆန့်ကျင်မှု ဘုံဝါဒ စနစ် ယုံကြည်မှု၊ အချစ်ကို မျှဝေခံစားမှု၊ အသည်းပုံကို မေတ္တာသင်္ကေတ အဖြစ် သတ်မှတ်မှုတို့တွင် တူညီ ကြလေသည်။ ထိုအရာအားလုံး ရေနွေးကရားတစ်ခုတည်းတွင် ရောမွှေဆူပွက်နေခြင်းပင်လျှင် ဟစ်ပီ တို့ ၏ အဘိဓမ္မာတရား ဖြစ်လေသည်။
ကာလဒေသ ပယောဂအပြင် အသက်အရွယ်နှင့် ပင်ကိုအရည်အသွေးကြောင့် ဂျိန်းသည် လမ်းသစ် ထွင်သူများဘက်သို့ ပါသွားလေတော့သည်။ သို့သော် တောသူတောသားများ ၀တ်သည့် ၀တ်ရုံကြီးကို ဘိုသီ ဘတ်သီ မ၀တ်။ ဖက်ရှင်သစ်ဖြစ်သည့် ဧရာမ ငွေနားကွင်းကြီးများကို နားမှာ မဆင်။ ဆံပင်ကိုတော့ အလေ့ကျ ပေါက်နေသည့် ချုံပုတ်တစ်ခုလို မဖြီးမသင်ဘဲ လွှတ်ထားလိုက် သည်။
"နင့် ကြည့်ရတာ ပေါက်လွှတ်ပဲစားနဲ့ တူလိုက်တာဟာ" ဟု ဗိုင်းကောင်းကျောက်ဖိ အေမီက ဝေဖန်သည်။
"နင့် မှာ ဘီး မရှိဘူးလား" ဟု ၀ီလ်မာက မေးတတ်သည်။
ဝီလ်မာ ၏ စဉ်းစားရာ ကင်းမဲ့ပုံကို မတုံ့ပြန်တော့ဘဲ
"ငါက ဒီလိုနေရတာကို အရသာ တွေ့တယ်" ဟုပဲ ပြန်ပြောလိုက်သည်။
ဟစ်ပီ လောကသည် ဂျိန်း စိတ်ဝင်စားခြင်းမှာ အချစ်ကိစ္စတွင် အတားအဆီးမရှိ ပွင့်လင်းခြင်း ကြောင့်လည်း ဖြစ်သည်။ နောက်တစ်ချက်မှာ သူတို့သည် စာရေးဆရာ များကို အလေးထား လေးစားသူများ ဖြစ်ကြောင်း ကြားဖူး ထား၍ ဖြစ်၏။
တစ်ခုတော့ ရှိသည်။ ဟစ်ပီအုပ်စု တော်တော်များများသည် အားလုံး ယောက်ျားတွေချည်း ဖြစ်နေ ခြင်းအတွက် ဂျိန်း သဘောမတွေ့။ သူတို့အားလုံးကို ခွဲခွဲခြားခြား မြင်၍မရ။ အားလုံး တစ်ပုံစံတည်း လိုလို ဖြစ်နေ၏။
စွဲမက်စရာ ကောင်း၏။ အားကောင်းမောင်သန်း ယောက်ျားပီသ၏။ ခေတ်ပေါ်အားဆေးများ မှီဝဲပြီး အရက် ခိုး ဝေနေသည့် သူတို့၏ စိတ်ဓာတ်များသည် စိတ်လှုပ်ရှားစရာ ကောင်း၏။ ရင်ခုန်စရာ ကောင်း၏။ သို့သော် ဂျိန်း ၏ အတွေ့အကြုံအရ သူတို့ ဖန်ဆင်းသည့် ယောက်ျားဇာတ်ကောင်များ ၏ ခွန်အားသည် အရှိထက် ပိုလွန်း နေ၏။
ဂျိန်း က မိန်းမ ဂျက်ကီရုစ် မဖြစ်လို၊ အမေရိကန် ဖရန်စီဆာဂန်သာ ဖြစ်ချင်၏။
"ပြင်သစ်မှာ သူကျော်ကြားသလို ကိုယ်ကျော်ကြားချင်တယ်၊ ငယ်ရွယ် နုပျိုရမယ်၊ စွဲမက်စရာ ကောင်းရမယ်" ဟု သူ့ အိပ်မက်များအကြောင်းကို ၀ီလ်မာအား ဖွင့်ပြောဖူးသည်။
နောက်ဆုံးနှစ် ရောက်တော့ ပြင်သစ်ဝတ္ထု နှစ်ပုဒ်ကို နှိုင်းယှဉ်စစ်တမ်းထုတ်သည့် စာတမ်းတစ်ခု ရေး တင်သည်။ ရနေကျအတိုင်း အဆင့် "အေ"ရသည်။ ရသစာပေပိုင်းတွင် ၀တ္ထုတစ်ပုဒ် ရေးတင် သည်။ ဇာတ်လမ်း မှာ အဖေ၏ ချစ်သူ မိန်းကလေး ကို မတော်တဆ သတ်မိသည့် ကောလိပ် ကျောင်းသူ တစ်ယောက်အကြောင်းဖြစ်သည်။ ခရစ္စမတ်ရက်တွင် စကိတ်စီးထွက်ကြရာမှ ဇာတ် လမ်းစထား၏။
ဇာတ်လမ်းကျော`ရိုးက သူလေ့လာနေသည့် ပြင်သစ်ဝတ္ထုတစ်ပုဒ်မှ ခပ်တည်တည် ခိုးချထားခြင်း ဖြစ်သည်။ ၀တ္ထု နာမည်ကိုလည်း ပြင်သစ်ဝတ္ထုအတိုင်း "နှုတ်ဆက်အနမ်း" ပေးထား၏။ ဥရောပ ရှုထောင့်မှ လိင်ကိစ္စ အမြင် ကို ရဲရဲတွေး ရဲရဲရေးထားခြင်းဖြစ်၏။
" အကျင့်ပျက်စာပေမျိုးပဲ၊ အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်က သူ့သမီးထက် ငယ်တဲ့ မိန်းကလေး တစ်ယောက် နဲ့ အတူတူ အိပ်သတဲ့ "
ရသစာပေ သင်တန်းကို ပို့ချသည့် ဆရာမ လူစီပီယာဆင်က ဤသို့ ကောင်းချီးပေးပြီး အင်္ဂလိပ် စာဌာနမှူး လီယိုနယ်ဆင်ဒါဆင် ထံသို့ ဂျိန်း၏ ၀တ္ထုကို တင်ပြသည်။
အမျိုးသမီးရေးရာဌာနမှူး အက်စ်သာရောက်ဒ်ထံသို့ ဆင်ဒါဆင်က " လူစီပြောသလောက် မဟုတ်ပါ" ဟူ သည့် မှတ်ချက်ဖြင့် ဆက်တင်သည်။ ကြမ်းသည့် အခန်းများကိုတော့ ပါမောက္ခ ဆင်ဒါဆင် စိတ်ပျက် သည်။
သည် ၀တ္ထုအတွက် ဂျိန်း ကျောင်းထုတ်ခံရလုမတက် ဂယက်ရိုက်သွားသည်။ ကျောင်းသားရေးရာ ဌာန ကရော၊ ဌာနမှူးများကပါ ၀ိုင်းကန့်ကွက်သည်။ မဖတ်သင့်သည် စာပေအမျိုးအစားအဖြစ် ၀ိုင်း အော်ကြသည်။ တက္ကသိုလ်ပရိဝုဏ်တွင် ဂျိန်း နာမည်ကြီးသွားပြီ။
" သမီး နာမည် ကျော်သွားပြီ မေမေ "
ဂျိန်း က အမေ့ကို ၀မ်းသာအားရ ပြောသည်။
"ဟုတ်လား၊ သမီး ၀တ္ထု အဲဒီလောက် ကောင်းလို့လား "
"ကောင်းတာပေါ့ မေမေရဲ့၊ သမီးလိုချင်တာ အဲဒီလို ဂယက်မျိုးပဲ "
လူတွေ အာရုံစိုက်လာအောင် လုပ်နိုင်သည့်စွမ်းအား မိမိတွင် ရှိနေဆဲ ဖြစ်ကြောင်း သက်သေထူနိုင်ခဲ့၍ ဂျိန်း ၀မ်းသာမဆုံးဖြစ်နေသည်။
နာမည်ကျော် စာရေးဆရာမဖြစ်ဖို့ ဂျိန်းအိပ်မက်ေူတွ ဆက်မက်နေဆဲ။ တစ်ပြိုင်တည်းတွင် ပျံကျပုံစံ နေတတ်သည့် နာမည်ကျော် စာရေးဆရာတစ်ယောက်၏ ချစ်သူဖြစ်ရရင် ဘယ်လိုနေမလဲဟု ဂျိန်း တွေးပြီး ရင်ခုန်ကြည့်သည်။ စင်စစ် ဂျိန်းကျင်လည်နေရသည့် နေ့စဉ်ဘ၀က အမေရိကန် အနောက် အလယ်ပိုင်း ပုံစံဖြစ်သည်။ ရှေးရိုးဆန်ဆန် အေးအေးငြိမ်ငြိမ်၊ ဟစ်ပီတွေ ဆေးခြောက်နှင့်ဂီတသစ် တွင် အသားကျ နေသလို၊ ဂျိန်းကလည်း မိရိုးဖလာ အစဉ်အလာတွင် ကျင့်သားရပြီးသား။
လည်ဆွဲတန်ဆာ၊ လက်ဝတ်ရတနာများကို ဂျိန်း မက်မောခဲ့၏။ ဇာထိုးပန်းထိုး အဆင်တန်ဆာများကို ၀ါသနာ ပါခဲ့၏။ သည်ဘ၀မျိုးကို ကျောခိုင်းပြီး ဟစ်ပီလောကကို မျက်နှာမူခဲ့ ခြင်းဖြစ်လေသည်။
၁၉၅၀ ပြည့်နှစ်များနှင့် ခြောက်ဆယ်ပြည့်နှစ် တစ်ဝိုက်တွင် နယူးယောက်သည်၊ အတိအကျ ပြော ရလျှင် ဂရင်း ၀စ်ခ်ျရွာအုပ်စုသည် ဟစ်ပီဌာနချုပ် ဖြစ်လာပြီး တစ်ကမ္ဘာလုံးက အာရုံစိုက်ရသည့် ဒေသ ဖြစ်လာ သည်။
ဆန်ဖရန်စစ္စကိုကို ဂျိန်း သိပ် စိတ်မ၀င်စားပါ။ နယူးယောက်နှင့်စာလျှင် ဆန်ဖရန်စစ္စကိုသည် ဇနပုဒ်မျှသာ ဖြစ်လေသည်။ ဆန်ဖရန်စစ္စကိုလောက်ကို အထင်ကြီးလျှင် ဂျိန်းတစ်ယောက် စိန့်လူး ၀စ်စ်မှ ထွက်လာ ဖြစ်မည် မဟုတ်ပါချေ။ အချိန်တည်းဟူသော ကဗျာရှည်ကြီးသည် တစ်ပိုဒ်ပြီး တစ် ပိုဒ် တရွေ့ရွေ့ ရှေ့တိုး နေချိန်တွင် ဂျိန်းသည် မိန်းမသားဖြစ်ရခြင်းအတွက် ကျေနပ်ကြည်နူးချက် ရှိ၏။
ဘာသာရေးကို တစ်ဖက်က ကိုင်းရှိုင်း၏။ သို့သော် ခြေသလုံးမွေးရိတ်သည်။ မျက်ခုံးမွေးနှုတ်သည်။ ညစာ စားပြီး လျှင် စားနေကျ အချိုပွဲများကို ရှောင်သည်။ မအိပ်ခင် ဆံပင်ကို ပုံသွင်းသည်။ ဖက်ရှင် မဂ္ဂင်ဇင်းများ အညွှန်း အတိုင်းလိုက်နာ ကျင့်သုံးသည်။ အားပျော့ အမြှုပ်ငြိမ်ဘီယာ အပါအ၀င် ဆေးရည်မျိုးစုံကို အသုံးပြု သော်လည်း ဆံပင်တွေက လှလှပပ ဖြစ်မလာ။ ဆံပင်ကို ကြိုးကြိုးစားစား ပုံသွင်းပြီး အတွဲနှင့် အပြင် ထွက်သည်။ တစ်ခါတွင် ခေါင်းပေါ်တွင် ၀ါးစည်းပြေသလို ပြိုကျသဖြင့် အရှက်တကွဲ ဖြစ်ခဲ့ရဖူး၏။
ဆံပင် ကို ထိန်းမနိုင် သိမ်းမရ ဖြစ်နေသလို ဂျိန်းသည် သူ့ခနဓာကိုယ်ကိုလည်း မထိန်းနိုင် မသိမ်း နိုင် ဖြစ်လာ ၏။ အချိုပွဲကို ဘယ်လောက်ပဲ ရှောင်ရှောင်၊ ကော်ဖီနှင့် ထောပတ်ကို ဘယ်လောက် လျှော့လျှော့ တင်သားတွေက ကျစ်ကျစ်လျစ်လျစ် ဖြစ်မလာ၊ ခါးအောက်တွင် ဘောလုံးကြီးနှစ်လုံး ကပ်ထားသလို စိတ်ထဲ ထင်လာ၏။
ကယ်လ်ဗင်ရေးသည့် စာအုပ်ထဲ က အလေးချိန် လျှော့နည်းအတိုင်း၊ အာဟာရနှင့် တိုက်ပွဲဝင်ပြန် ၏။ ဗိုက် မ၀တော့ နုံးနုံးခွေခွေ ဖြစ်လာ၏။ စိတ်တိုလာ၏။ ထို့ကြောင့် ဆီဦးထောပတ်တွေ ဖိစားရ ပြန်၏။
ဤသို့ဖြင့် ဂျိန်းသည် ဘယ်လိုမှ ညှိ၍မရသော အစွန်းနှစ်ဖက်ကြားတွင် ထွက်ပေါက်မရှိ ပိတ်မိနေ၏။ ကောင်းကောင်း စားလျှင် နေလို့ထိုင်လို့ ကောင်း၏။ သို့သော် လူက ကောက်ညှင်း ထုပ်လို ဖြစ်လာ။ မစားလျှင် ခန္ဒာ ကိုယ်က ကြည့်ပျော်ရှုပျော်ဖြစ်လာ၏။ သို့သော် ရွှင်လန်းကျန်း မာခြင်းမရှိတော့။
ကြာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ကုန်လာသည်။ ဆံပင်နှင့် တင်ပါးကို မကျေမနပ် ဖြစ်နေရာမှ ပေါင်တံ တွေက မတရား တုတ်လာ၏။ ငါးရံ့ကိုယ်ကလေး ဘယ်ရောက်သွားပြီလဲ။
အများနည်းတူ ကွင်းထဲတွင် အားကစား လှုပ်ရှားမှု၌ ဂျိန်းဘယ်တော့မှ ရက်ပျက်သည် မရှိ၊ လုပ်ပြီဆိုလျှင် သူများ ထက် ပိုရမှ ကျေနပ်သည့် ဂျိန်းဖြစ်သဖြင့် အများတကာထက် အပင်ပန်းခံ ကစား၏။
တွဲလိုက်သည့် အတွဲတွေကလည်း မရေမတွက်နိုင်တော့။ ဟောတစ်ယောက် ဟောတစ်ယောက် အချစ်သည် မိမိအတွက် အာဟာရတစ်မျိုးဖြစ်ကြောင်း ဂျိန်းက ပွင့်ပွင့်လင်းလင်း ကြေညာထား၏။ နောက် တစ်ယောက် မတွေ့မချင်း လက်ရှိ ချစ်သူကို မက်မက်မောမော ချစ်တတ်၏။ သည်အတွက်လည်း တက္ကသိုလ် ပရပုဏ်တွင် ဂျိန်းနာမည်ကျော်နေပြီ။ ဂျိန်း ပျော်ပါသည်။
"အချစ်ပန်းဦးကို တယုတယ ထိန်းသိမ်းတယ်ဆိုတာ မနူးမနပ်ကလေးတွေလုပ်တဲ့ အလုပ်ပါ။ ဂျိန်းက အချစ် မှာ ယစ်မူးချစ်တော့ အဲဒါက တစ်ယောက်တည်းဆီမှ မရနိုင်ဘူးလေ" ဟု အသံ အက်တက်ကလေးဖြင့် ဂျိန်း ပြောလေ့ ရှိ၏။
အချစ်သည် အရာတိုင်းကို ရှင်သန်စေသည်ဟု အချစ်သည်းသူ ဂျိန်းက ဆိုပြန်လေသည်။ ငါးဆယ်ခုနှစ် များသည် ကောလိပ်ကျောင်းသူတို့ ဗိုင်းကောင်းကျောက်ဖိ ရှိသေးသည့် ကာလ ဖြစ်၏။ ဂျိန်းသည် အချစ်ကိစ္စ တွင် ခေတ်ကို တော်လှန်သူ သူပုန်မကလေး တစ်ယောက် ဖြစ်၏။ သို့သော်လည်း နောက်ဆုံးနှစ် များတွင် အတည်တကျ ဖြစ်ဖို့အကြောင်း ဖန်လာလေတော့သည်။
ဂျိန်း နှင့် ငြိတွယ်လာသူမှာ စိန့်လူးဝစ်ဆေးတက္ကသိုလ်မှ ဘွဲ့ရပြီးစ ကန်ဒရစ် ဖြစ်သည်။ မွေးချင်း ငါးယောက် တွင် နစ်က တတိယ၊ ဆံပင်နက်နက်နှင့် အရာရာကို အလေးအနက် ထားတတ်သူ လူငယ်တစ်ယောက် ဖြစ်သည်။
ရုပ်ရည်ချောမောပြီး အနာဂတ်ကို ပုံသေတွက်ထားသည့် ရည်ရွယ်ချက် မြင့်မားသူမျိုး ဖြစ်၏။ မိန်းမ ယူမည်။ အိမ်ထောင်စု တစ်ခုကို ဖူဖူလုံလုံ နေရအောင် တည်ဆောက်မည်။ အလုပ်ကို ကြိုးစား လုပ်မည်။ ရည်မှန်းချက် ပန်းတိုင် ကို အရောက်သွားမည်။ ကြိုးစားမှု၏ အသီးအပွင့်များ ပျော်ရွှင်မှုများကို မိသားစုနှင့် အတူ မျှဝေခံစားမည်။ သူတို့နှစ်ယောက် ပြဇာတ်ရုံထဲတွင် ဆုံကြခြင်း ဖြစ်သည်။ "အင်နီဖရန့်၏ ဒိုင်ယာရီ" က ဇာတ်ကို နစ်က ညီမ၀မ်းကွဲတစ်ယောက်နှင့်အတူ လာကြည့်သည်။ ထိုမိန်းကလေးက ဂျိန်းနှင့် တစ်တန်း တည်း ကျောင်းသူ။ ဂျိန်းက ထုံးစံအတိုင်း နောက်ဆုံးအတွဲနှင့် ကဇာတ်လာကြည့်ခြင်း ဖြစ်၏။ မုတ်ဆိတ်မွေး အရှည်စား နှင့် တက္ကသိုလ် အသံလွှင့် အစီအစဉ်မှ ဂီတသတင်း ကြေညာသူ။
နစ်က ဂျိန်းကို ၀င်လာကတည်းက သတိထားမိ၏။ စင်စစ် ဂျိန်းကို လူတိုင်း သတိထားမိကြမည် မုချ။ ကိုယ်လုံး ကိုယ်ပေါက် တောင့်တောင့်၊ ဆံပင် မသေမသပ်နှင့်။ ၀တ်စားထားပုံက အီတလီ ရုပ်ရှင်မင်းသမီး နှင့် နင်လား ငါလား။
"အဲ ဒါဘယ်သူလဲကွ" နစ်က ညီမ လုပ်သူကို မေးသည်။
"ကျောင်းမှာ အကဲဆုံးပေါ့။ ကံကောင်းလို့ ကျောင်းထုတ်မခံရတာ၊ အပြာရောင် လွှမ်းတဲ့ ၀တ္ထုတွေ ရေးပြီး ရသစာပေ ပါလို့ ကြွေးကြော်နေတဲ့ မအ၀ှါလေ"
အပြာရောင်လွှမ်းတဲ့ ၀တ္ထုတွေရေးတဲ့ မိန်းကလေးတဲ့။ နစ်အတွက် အရမ်း ထူးဆန်းနေသည်။ ညီမ လုပ်သူကို အတင်း မိတ်ဆက်ခိုင်းသည်။
ရုပ်ရှင်ထဲတွင် အာရုံစိုက်နေသည့် ညီမလုပ်သူက
"ဘာလဲ နာချင်လို့လား" ဟု သတိပေးသည်။ သို့သော် မြင်မြင်ချင်း ရင်ခုန်နေသူ နစ်က ညီမ လုပ်သူ၏ သတိပေး စကား ကို လုံးဝ အမှု့မထားခဲ့ပေ။
ဆက်ရန်
.
1 comment:
wow jane is very interesting, isn't it?
Post a Comment