Sunday, April 24, 2011

ခင်ဆွေဦး ၏ စာရေးဆရာ

 စာရေးဆရာ
စာရေးသူ - ခင်ဆွေဦး
(၁)
    ရာသီဥတုက မှုန်ပျပျ၊ ယခုလို တပို့တွဲလဆန်းရက်မှာ အအေးဆုံး ဆိုရမတတ်ပင်။ ယနေ့ချိန်ခါ ရှာဖွေလို့ မရနိုင်သော 'ဆောင်တော်ကူး' ပန်းတွေဖွေးဖွေးလှုပ် ပွင့်နေကြသည်။ လမ်းဘေး လူနေတိုက်တာ အိမ်များရှေ့ စင်ထိုးထားသော နေရာ၊ မြို့စွန်ခြံတွေ၊ တံခါးဝတန်းထိုး ထားသောနေရာတွေမှာ ၊ ဈေးတွေမှာ ဆောင်တော်ကူးရနံ့ မွှေးကြိုင်သင်းပျံ့နေသည်။ ဒီဇင်ဘာလကုန်မှာ ပွင့်နေရာ ရာသီလက်ကျန် ပန်းများအနက် ခွာညိုပန်းတွေလည်း ပွင့်ဆဲပင်။

    အရှေ့ပိုင်း ရေကျော်နှင့် ပုဇွန်တောင်အနီး နှစ်ထပ်တိုက်အိုကြီးနေအိမ်တွင် နိုင်ငံရေးလောက စာပေလောက ၊ လောကဝန်းကျင် နှစ်ဌာနတွင် ထင်ရှားကျော်ကြားလှသော ဆရာကြီး ဦးဘကျော် (ယခင် သခင်ဘကျော်) ထောင်မကျဖူးသော်လည်း ကိုလိုနီအုပ်ချုပ်ရေး အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်သဖြင့် တက္ကသိုလ် ကျောင်းသားလောက၊ နိုင်ငံရေးလောကတို့တွင် သခင်ဗဟိန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ကျောင်းသား ခေါင်းဆောင်အဖြစ် ကျဆုံးခဲ့သော ကိုအောင်ကျော်တို့ လေးစားကြည်ညိုသော ဆရာကြီး ဖြစ်သည်။ ဆရာကြီး၏ နိုင်ငံရေးလုံးချင်းဝတ္ထုများ၊ ရဲခေါင်ကြီး ဆောင်းပါးများ ထင်ရှားခဲ့တော ဧကန်ပင်။

    ဆရာကြီး၏ ပါရမီဖြည့်ဘက်ဇနီးဒေါ်ရီရီ နှင့် သမီးနှစ်ယောက် ခင်မေကျော်၊အိအိကျော်တို့နှင့်တကွ တပည့်တပန်း များဆွေမျိုးနီးဝေးတို့ ထိုအရှေ့ပိုင်း ချစ်တီးပိုင်ဆိုင်သော တိုက်ဟောင်းကြီးတွင် နေခဲ့ကြတာ မှတ်မိ သူများ မှတ်မိကြပါလိမ့်မည်။
    သမီးအကြီး ခင်မေကျော် ၁၀-တန်းရောက်သောနှစ်တွင် မေးခဲ့သော မေးခွန်းတစ်ခု ရှိခဲ့ဖူးသည်။
    ''မေမေ ဒုတိယကမ္ဘာစစ် အင်္ဂလိပ်အစိုးရစစ်ပြေးခါနီးဖေ့ဖေ့ကို သေနတ်နှင့်ပစ်သတ်ဖို့ သေမိန့် ပေးခဲ့တာဆို''

    ''အေးပေါ့၊ နိုင်ငံရေးသမား တချို့လာပါတယ်။ စာရေးဆရာထဲ ဒီးဒုတ်ဦးဘချိုလည်းပါရဲ့။ သမီးတို့ ဖေဖေကိုတစ်နေရာရှောင်ခိုင်းပြီး ဦးဘကျော်တစ်ယောက်တိုက်ကြီးမြို့မှာ စစ်ပြေးရင်း ဝမ်းရောဂါနှင့် ကွယ်လွန်ပြီ ကြေညာခဲ့ကြရတယ် သမီးရဲ့''
    'ဘာဖြစ်လို့ ဖေ့ဖေ့ကို ဒါလောက်အငြိုးကြီး ရတာလဲဟင်''
    'ငြိုးပြီလားသမီးရယ် ၊ သမီးဖေဖေ ကလောင်ဝှက်နာမည်နဲ့ ရေးခဲ့တဲ့ 'မကြောက်ကြနဲ့' ဆောင်းပါး ကြောင့် စုံထောက်ပုလိပ်တွေ တကောက်ကောက် အလိုက်ခံရတယ် သမီးရဲ့''
    'ဖမ်းမလို့လားဟင်'

    'အေးပေါ့လက်ဆုပ်လက်ကိုင် တစ်ခုခုတွေ့ရင် ဖမ်းမှာပေါ့'
    'ခု လွတ်လပ်ရေးရတော့ကော ဖေဖေ အန္တရာယ် ကင်းသွားပြီပေါ့နော်'
    ''အန္တရာယ် ကင်းပေမဲ့ ဆင်းရဲခြင်းကတော့ မလွတ်ကင်းသေးဘူး သမီးရဲ့''
    'ဟင်ဘာဖြစ်လို့'
    ''အပြောရတော့ ခက်တယ် သမီးရဲ့ ၊ သမီးဖေဖေ ဘဝ အမြဲတမ်း ပေးဆပ်နေရတာပဲကွယ်''

    ခင်မေကျော် တက္ကသိုလ်ရောက်သောနှစ်တွင် သူ့ဖေဖေဘဝ နားလည်သထက်နားလည်လာသည်။ ခင်မေကျော်၊ စာနယ်ဇင်းအသင်း၊နေ့ကျောင်းသားအသင်း၊ ကျောင်းသားသမဂ္ဂဝင်တော့ စာရေးဆရာ ဘဝ ကို နားလည်လာခဲ့သည်။ ဗြိတိသျှကောင်စီအသင်း (B.C) မှာဌားဖတ်ရသော စာရေးဆရာအော်စကာဝိုင်း (Oscar Wilde) ဘဝ၊ အမေရိကန်စာကြည့်သင်း (USIS) မှဌားဖတ်သော ဂျက်လန်ဒန် (Jack Landon) ၏ ဘဝတို့မှာ ဦးဘကျော်၏ဘဝနှင့် အတူတူပါပဲလား တွေးမိသည်။ မက်ဆီကို တော်လှန်းရေးနှင့် ပက်သက်၍ တော်လှန်ရေး အင်အားစုမှ ရပ်တည်ခဲ့သော ဂျက်လန်ဒန်လူမူဘဝ ကွယ်လွန်သည်အထိ အဆင်းရဲကြီး ဆင်းရဲ ရှာသည်။ အော်စကာသည်လည်း ထိုနည်းလည်းကောင်း၊ ဆရာဗန်းမော်တင်အောင်၏ အော်စကာဝိုင်း မှာဘယ်မျှ ဆင်းရဲသလဲ၊ ဆောင်းတွင်းဆို ခေါင်းစွပ်တစ်ခုကို နေ့အခါ ခြေစွပ်၊ ညအခါ ခေါင်းစွပ် အဖြစ် အသုံးပြုခဲ့ရရှာသည်။
    The stocking for the day,
    The cap for the night

(၂)

    ဦးဘကျော်လုံးချင်းဝတ္ထု စာမူခတွေအများကြီး ရရှိလာသောအခါ ကြေးငွေပြည့်စုံသည့်အခါ  ပြည့်စုံ သော်လည်း ဖဲသမားအိတ်လိုငွေကြေးပြတ်သည့်အခါ ခဏ ခဏ။ ဆရာကြီး ဗန်းမော်တင်အောင်သည်လည်း ချမ်းသာ တစ်ခဏ၊ ဆင်းရဲခြင်းတစ်ဘဝတာ ကွယ်လွန်ခဲ့ရရှာသည်။

    ဦးဘကျော်၏ လူမူဘဝ ပုဂ္ဂိုလ်ရေးဘဝကို ခင်မေကျော် မကြာမကြာ တွေ့ဖူးသည်။ ဦးဘကျော်၏ ဇာတိ၊ ဂုဏ်၊မာန၊အခြေခံ၊ အရက်သောက်သော အမှု မှ လွဲ၍ တခြား ဘာအကုသိုလ်အမှုမှ မပြုခဲ့။ ဇနီးဒေါ်ရီရီနှင့် ၁၉-နှစ် တိုင်တိုင် ပေါင်းသင်းလာခဲ့ပြီး နာမည်ကျော်ကြားလှသော အရှိန်အဝါနှင့် မယားအငယ်အနှောင်း မယူ။ ဦးဘကျော် မှာ သူ၏ ထူးချွန်သော ပညာနှင့် လုပ်ကျွေးခဲ့သည်။ သမီးကြီး (၁၇)နှစ် မက်ထရစ် အတန်း မှာ သင်ကြားနေပြီ။ သမီးငယ်လည်း ကွန်ဗင့်မှာ ပညာသင်ကြားနေသည်။
မိန်းမတစ်ဦးတည်း သစ္စာရှိရှိ ပေါင်းသင်းလာ ခဲ့သည်မှာ ၁၉-နှစ် ရှိခဲ့ပြီ။

    နဂါးနီ ဆင်းရဲသားဝါဒကို လက်တွေ့ကျင့်သုံးသည်။ ဘဝတူ အချင်းချင်း သနားကြင်နာသည်။ အရွယ် မရောက် သေးသဖြင့် အသက်၁၄-နှစ်ရွယ် သမီးငယ် အိအိကျော်သည် ဖခင်နောက် တကောက်ကောက် ပုစိုးစ ဆွဲလို့ လိုက်နေကျ။ ဥပမာတစ်ခု အိအိကျော်သည် လက်ထဲ ဘဲဥတွေ ၇-လုံးခန့်မျှ စက္ကူအိတ်ထဲ ထည့်ဆွဲ ကိုင်လျက် အိမ်ကိုပြန်ပြေးလာသည်။
    ''မေမေ ရော့ ဘဲဥတွေ''
    ''ဟဲ့ ဘာလုပ်ဖို့''
    ''ဘဲဥချည်ရည် ချက်ထားတဲ့''
    ''ဘယ်က ဘဲဥတွေလဲ၊ပြုတ်ပြီးသား ဘဲဥတွေ ပါလား''

    ''ဖေဖေဆိုက်ကားသမားတွေ နဲ့ ဘဲဥဖောက်တန်း ကစားတာ နိုင်လို့''
    ''ဟင် ဟုတ်လား''
    ''ဟုတ်တယ် နိုင်တာ မှ အလုံး ၂၀ အများကြီး''
    ''နေပါဦး အိအိ၊ အဲဒီ ဘဲဥတွေရော''
    ''ဆိုက်ကားဆရာ တွေကို ဝေပစ်ခဲ့ပြီ။ခု သမီးယူလာတာ အိမ်စားဖို့''
    ''ဟုတ်တယ် ဖေဖေက ဆိုက်ကားသမား အခေါ်ရဘူး၊ ဆိုက်ကားဆရာ ခေါ်ရမယ်တဲ့၊ သမီးကို သင်ပေးတာ''
    ''အလိုတော်''

    ''ဟုတ်တယ် စာရေးဆရာ၊ ကျောင်းဆရာ၊ ဆိုက်ကားဆရာ၊ စက်ပြင်ဆရာ အားလုံး သူ့နေရာနဲ့သူ ဆရာ ချည်း ပဲတဲ့''
    အိအိကျော်က ချက်ချက်စွာ ဖြေသည်။အိအိကျော်က ခင်မေကျော်လို အိမ်ထဲကုပ်မနေ။ လမ်းဗိုဖြစ်သည်။ ဘောင်းဘီတို အမြဲဝတ်တာမို့ အရပ်ထဲ ကလေးတွေက 'ကိုကိုကျော်' ဟုခေါ်သည်။ အိအိကျော် ဖခင် ဦးဘကျော် က သမီးငယ်ကို ပေါက်ကျော် ခေါ်သတတ်၊ ဟိုတယ်စားသောက်ဆိုက်မှ ဝီစကီပုလင်း ဝယ်ရဲ သလို ဘုံဆိုင်မှ အရက်ဖြူလည်းဝယ်ရဲသည်။ ကြက်ရိုး၊ ကြက်ဆီဘူးသုပ် တစ်ပွဲ ဝယ်ခိုင်းလျှင် သူ့အတွက် ဝယ်ရမည်။ ပိုက်ဆံတောင်းသွားသည်။ ထမင်းနှင့် စားမည်ဆိုလျှင် အစ်မခင်မေကျော်က
    ''ငါမစားရဘူးလားဟင်''
    ''ရော့လေ မမ စားစား''ဟု သဒ္ဓါကြည်ဖြူစွာ ဝေမျှရှာသည်။

    အတူနေ အစ်ကိုတစ်ဝမ်းကွဲနှင့် ဦးလေးတွေက ခင်မေကျော်ကို 'ငို့ဘ....ငို့ဘ' ခေါ်ကြသည်။ ငို့ဘမှာ ဦးဘကျော် ၏ ဝတ္ထုထဲမှ ဝေါဟာရ အသုံးအနှုန်းဖြစ်သည်။
    ''ငို့ဘ...ငါ့ဘို့''
    ''ငါ့ဘို့'' ဆိုသော စကားလုံးကိုတော့ ခင်မေကျော် 'ဆဲ'သလို နာသည်။ ပေတံတစ်ချောင်းနှင့် ဦးလေးတွေ၊ အစ်ကိုတွေကိုလိုက်ရိုက်သည်။ သူတိုကကို အင်္ဂလိပ်စာသင်ပေးသော အသက်အကြီးဆုံး ဦးလေးက ဒီ့ထက် ပိုဆိုးသည်။ ''Ultra Opportunist'' (အလွန်အကျွံ အခွင့်အရေးသမား) ဟုပြောဆိုနောက်ပြောင်သည်။ ခင်မေကျော် က ဝမ်းပန်းတနည်း ငိုသည်ကို ဖေဖေ ဦးဘကျော်က-''ကလေးကို မစကြနဲ့၊ စိတ်ဓာတ်ပျက်ပြား အောင် မစကြနဲ့''

    ဦးဘကျော် လှမ်းအော်လျှင် မီးကိုရေနှင့် သတ်သလို အားလုံး ငြိမ်သွားကြသည်။ ကလေးစိတ်ပညာအရ ကလေးကို မခံချင်အောင် စလိုက်၊နောက်လိုက်လုပ်လျှင် စိတ်ကိုဆွရာရောက်ပြီး ရံဖန်ရံခါ ဘာမဟုတ်တာ လေးနှင့် ပုံမှန်ပုံစံ (Normal) မဖြစ်တော့ဘဲ ပုံစပျက်လာ (Abnormal) ဖြစ်လာတတ်သည်။ သမီးနှစ်ယောက် သာမက ဦးဘကျော်အိမ်မှာနေသူများ စနစ်တကျ ကြီးပြင်းလာကြသည် ဆိုသည်။ အိမ်သားတွေအားလုံး ဆွေမျိုး အနီးအဝေး အခိုင်းအစေ တပည့်ပါမကျန် သာတူညီမျှ ဟင်းနှစ်တုံးဆိုလျှင် နှစ်တုံးစီ။ မုန့်တစ်ခု တစ်ခုစီ၊ ဌက်ပျောသီးကအစ ဒူးရင်းသီး ဝယ်လာလျှင်လည်း ခြင်းလိုက်ဝယ်ကာ တစ်ဦးကို သုံးမြွာ၊ လေးမြွာ ကအစ ဝေခြမ်းရေးလုပ်သည်။ ဦးဘကျော်အိမ် အိမ်သား(၁၈) ယောက်ခန့် ရှိသည်။ မရှိအတူတူ ရှိအတူတူ အေးအတူ ပူအမျှ။

    မြန်မာပြည် လွတ်လပ်ရေး မရမီ အိန္ဒိယ အမျိုးသားခေါင်းဆောင် မဟတ္တမဂန္ဒီနှင့် နေရူးတို့အကြောင်း ဟောပြောပွဲပေါင်းများစွာတွင် ထည့်သွင်းဟောလေ့ရှိသည်။ ဦးဘကျော်၏ ဟောပြောပွဲနားထောင်သူများ တစ်ခဲနက် အားပေးတတ်သည်။ ren-uneiation အစွမ်းကုန် စွန့်လွှတ်ခြင်းဆိုသော ဂန္ဒီနှင့် နေရူးတို့၏ ဆောင်ရွက်မူများ၊ဖိလစ်ပိုင် သူရဲကောင်း ဂျိုဆေ ရီဇော်၊ ချက်ကိုဆလိုဗေးရီးယား တော်လှန်ရေးသမား ဖူးဂျစ် စသည်တို့သည်လည်း ဦးဘကျော်၏ စံဇာတ်ဆောင်များဖြစ်သည်။
(၃)

    လူအဖြစ် သို့မဟုတ် ပုဂ္ဂိုလ်ရေး ဦးဘကျော်၏ စရိုက် တစ်ကိုယ်တော် အကူအညီပေးမူများသည် စိတ်ဝင်စားစရာ ကောင်းသည်ဟု လမ်းထဲ အိမ်နီးချင်းများ ပြောဆိုကြသည်။ နေရှိန်ပြင်းသော နေ့တစ်နေ့ မုန့်စိမ်ပေါင်း ရောင်းသော အဒေါ်ကြီးတစ်ဦး တစ်ကိုယ်လုံး ချွေးများစီးကျကာ ခေါက်တုံ့ခေါက်ပြန် လျှောက်လာရင်း မုန့်စိမ်းပေါင်း သည်ကိုလှမ်းခေါ်ဝယ်သည်။ ''မုန့်စိမ်းပေါင်း တွေ ရောင်းဖို့ ကျန်ပါသေး သလား''

''ဟုတ်ပါတယ် တူတော်မောင်ရယ် ဒီနေ့စထွက်လာကတည်းက အဝယ်နှေးကြတာကွယ်။ အဒေါ့် ကံပါပဲ၊ ငွေတိုး ပိုက်ဆံနဲ့ ရင်းလာရတာ သားရယ်'' မုန့်စိမ်းေ ပါင်းသည် မျက်ရည်တွေဝဲနေသည်။ ''ဒီမုန့် ငွေ ဘယ်လောက်ရင်း ရသလဲ'' ''သုံးရာကြီးများတောင်ပါကွယ်''
    ဟိုစဉ်က သုံးရာဖြစ်သည်။ ဦးဘကျော်က မုန့်စိမ်းပေါင်းတစ်ဗန်းလုံး ဝယ်ယူလိုက်သည်။ ပြီးနောက် လမ်းထဲ မှ ကလေးများကို ဝေလိုက်ပြီး အိမ်နီးချင်းများကိုလည်း ဝေဌသည်။ မုန့်စိမ်းပေါင်းသည်မှာ သာဓု ခေါ် မဆုံးပြီ။ ဦးဘကျော်မှာ ကြုံရင် ကြုံသလို ဒီလို ဒါနမျိုး မကြာမကြာ ပြုသည်။

    လူတင်မက ဦးဘကျော် အမြဲတမ်း အစာကျွေးလေ့ရှိသော ကျီးများသည်ပင် ယဉ်ပါးကာ ဦးဘကျော် ပခုံးအောက်နား၊ ဝရန်တာတန်းပေါ် ရောက်လာကြသည်။ တစ်ခါတစ်ရံ ဦးဘကျော်လက်ဝါးထဲ ထည့်ကျွေး တာကို ကျီးတွေ နှုတ်သီးနှင့် ထိုးကာထိုးကာ နှိုက်စားကြသည်။ အရပ်ထဲရှိ လူများအံ့သြမဆုံးနိုင်။ ဦးဘကျော် မေတ္တာဓာတ် ကြီးမားကြောင်း ဆွမ်းခံကြွလာကြသော ဦးပဉ္ဇင်းများ မိန့်သွားကြသည်။ လူတစ်ဦး၏ ထူးခြားသော စရိုက်သည် စိတ်ဝင်စားဖို့ပင် ကောင်းနေသေးသည်။

    တစ်နေ့သ၌ ဘုန်းကြီးကျောင်း ဦးဘကျော်တို့ အိမ်နောက်ဘက်မှာ ဆွမ်းစားချိန် တုံးမောင်း ခေါက်သံ နှင့်အတူ ဦးဘကျော်အပြင်က ပြန်လာသည်။ ဒေါ်ရီရီသည် ဦးဘကျော်ခန္ဓာကိုယ်မှ အနံ့တစ်မျိုးရသဖြင့် နှာခေါင်း ရှုံ့ပွရှုံ့ပွ နှင့် အသက်ရှူနေသည်။ ''ဟင် ဘာစော်ကြီးလဲ မသိဘူး နံတယ်'' ဦးဘကျော် ဒေါ်ရီရီ အားပြုံးစိစိ လှမ်းကြည့်ပြီး...

    ''ရီရီ ငါအလှူအိမ်က ပြန်လာတာ၊ ဘာအရက်မှ မသောက်ရသေးဘူး'' ''အရက်နံ့ မဟုတ်ပါဘူးတော်၊ အနံ့က အောက်သိုးသိုးနဲ့ ရေမချိုးရသေးတဲ့လူရဲ့ ချွေးပုပ်နံ့'' ''ငါအပြင်မထွက်ခင် ရေချိုးသွားတာလေ'' ဒေါ်ရီရီက ခင်ပွန်းကို လှမ်းကြည့်တော့မှ ထူးဆန်းအံ့သြသလို.. ''ဟောတော့၊ ရှင်ပုဆိုးအသစ် ဘယ် ချွတ်ခဲ့သလဲ'' ''ဘယ်ချွတ်ခဲ့ရမလဲ ရှင်မရဲ့'' ဒေါ်ရီရီကို အကြောင်ရိုက် ဖြေသည်။ ''ရှင်ဝတ်သွားတာ ပိုးတွဲ ပုဆိုး အသစ်လေး ခရမ်းရောင်အသစ်ကြီးဝတ်သွားတာ မဟုတ်လား''

ဒီတော့မှ ဦးဘကျော်က ရယ်မောကာ-
"ငါ့မိန်းမ obserevant ဖြစ်သားပဲ၊ အမြင်သန်သာပဲ"
"အို ..... ဘာအမြင်သန်ရမလဲ၊ ဒါလောက် ဟောင်းနွမ်းရုံမက ဆွေးရိနေတဲ့ ပုဆိုးနဲ့ လဲခဲ့ပြီ မဟုန်လား"
"အေး ...  ငါ့ဆိုက်ကားနင်းပို့တဲ့ မောင်လှတင်နဲ့ လဲခဲ့တာ။ သူ့ပုဆိုးက ရိဆွေးနေတော့ မကြာခင် ဟိုပေါ် ဒီပေါ် ဖြစ်တော့မယ်"
"အံ့ပါရှင်၊ အံ့ပါ့၊ သူ့ကို အိမ်ခေါ်လာပြီး ပုဆိုးတစ်ထည်ထည်နဲ့ လဲရောပေါ့။ ခုဟာ ပိုးတွဲမုဆိုးအသစ်နဲ့ လဲ ရတယ်လို့"
သူ့ကို နောက်တစ်ဦးခေါ်တော့ ဘယ်စောင့်နိုင်မလဲကွာ၊ လဲခဲ့ပြီပဲ၊ ပြောမနေပါနဲ့တော့"

ဒေါ်ရီရီလည်း ဘာမှ ဆက်မပြောတော့ပေ။ ဒေါ်ရီရီလည်း ဘာမှ ဆက်မပြောတော့ပေ။ ဒေါ်ရီရီသည် ရေစစ် ပုဆိုးဟောင်း တစ်ထည် ယူလာပြီး ဦးဘကျော်အား သူ့ကိုယ်ပေါ်က ပုဆိုးကို အမြန်လဲခိုင်းသည်။ ပုဆိုးဟောင်းကို ကြမ်းပေါ်မှ ကောင်ယူပြီး နောက်ဖေးလမ်းကြားထဲ လွှင့်ပစ်လိုက်သည်။ နောက်သူ့လက်ကို ဆပ်ပြာ နှင့် ဆေးနေလေသည်။ ဦးဘကျော်က သူ့ဇနီး ကို လှမ်းကြည့်ပြီး ...
"အ၀တ် ဆိုတာ ဆပ်ပြာနဲ့ လျှော်နိုင်မှ သန့်ရှင်းတာ ရှင်မရဲ့"
"ရှင်ပြော မှလားတော်"

"ဆပ်ပြာ ... မ၀ယ်နိုင်တဲ့လူတွေ အကြောင်း ပြောနေတာလေ"
"ငါ့မှာ တပည့်တွေ ကန်တော့ထားတဲ့ ပုဆိုးတွေ အများကြီး ရှိပါသေးတယ်။ ပြီးတော့ ငါသေသွားရင်း ညည်း တို့ မငတ်ရစ်ပါဘူး။ ငါ့စာမူတွေ အများကြီး ကျန်ရစ်တာပဲ။ ပြီးတော့ ... "
"ငါ ၅၃ နှစ်ပြည့်တော့မယ်။ ဆရာကြီး ပီမိုးနင်းဟာ ၅၂ နှစ်မှာ သေသွားတယ်မဟုတ်လား"
"စာရေးဆရာကြီး ပီမိုးနင်း အသက် ၅၃-နှစ်မှာ ကွယ်လွန်တာပါရှင်။ ကျွန်မကောင်းကောင်း မှတ်မိပါတယ်။"

"ရှင်မ အဲဒီ ၅၃ နှစ်က အသက်ထွက်တာလေ။ ပီိမိုးနင်းသေတာက ၅၂-နှစ်။ ဘာပြုလို့လဲဆိုတော့ ပီမိုးနင်း ဟာ အသက် ၅၂ နှစ်မှာ လက်တွေ တုန်လို့ စာလုံးလုံးမရေးနိုင်ရှာတော့ဘူး"
"ဟင် ဟုတ်လား ရှင်၊ စိတ်မကောင်းစရာပဲ၊ နှမြောလိုက်တာနော်"
"အဲဒါ ပြောချင်တာပေါ့။ စာရေးဆရာတစ်ယောက်ဟာ စာမရေးနိုင်တဲ့ တစ်နေ့သေတာနဲ့ အတူတူပဲ"
"အို ... ကို က မာမာသန်သန်ကြီး ရေးနိုင်တဲ့ဟာပဲ၊ ကိုက ဘာလို့ သေရမှာလဲ"
"ရီရေ မှတ်ထားနော်၊ ဒီစကား၊ ငှက်တွေဟာ ပျံရင်းသေတယ်။ လူတွေဟာကြံရင်း သေသတဲ့"

ဘုန်းကြီးတုံးမောင်းခေါက်သံ အရုဏ်ကျင်း အလင်းရောင်ချိန် ၀ါခေါင်လ မိုးလယ်လ မုတ်သုန်လေပြင်းတိုက် ခတ်လာသဖြင့် သရက်ပင်မှ သရက်သီးရွှမ်းပြင်း တွေပါ ကြွေကျကုန်သည်။ မှုန်ပြာပြာကောင်းကင်ပေါ်မှ ကြယ်တစ်ပွင့် ကြွေလေပြီ။ ဆရာကြီး ဦးဘကျော် ရန်ကုန်ဆေးရုံကြီးတွင် ဦးနှောက်သွေးကြောပြတ် ဆုံး ရှာပြီတဲ့။ နံနက်အလင်းရောက်ချိန် သတင်းစာတွေထဲ သတင်းပါလာသည်။

မြန်မာပြည် မျိုးချစ်စာရေးဆရာကြီး ကွယ်လွန်ရှာပြီ။ တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်း ထမ်းရွက်သူမို့ နှမြော တသမိကြသည်။ အသက် (၅၃) နှစ်အရွယ် အသေစောသဖြင့် နှမြောဖို့် ကောင်းလှသည်။ ဆရာကြီး ဦးဘကျော် သည် လုံးချင်း ၆၀ ကျော်၊ ၀တ္ထုတိုပေါင်း ၁၀၀၀ ကျော်၊ ဆောင်းပါးပေါင်း ၂၀၀၀ နီးပါး ရေးသား ခဲ့သည်။ သူ့တွင် ဇနီးဒေါ်ရီရီ၊ ဆယ်ကျော်သက်သမီးလေးများ ခင်မေကျော်နှင့် အိအိကျော် ကျန်ရစ်သည်။ ကိုလိုနီ ဆန့်ကျင်ရေးဘ၀မှာ ကလောင်တစ်ချောင်းနှင့် တိုက်ပွဲဝင်ခဲ့သည်။ တိုင်းပြည်အတွက် သေသည် အထိ တာဝန်ကျေပွန်ခဲ့သော ဆရာကြီး ဦးဘကျော် ကို မမေ့ကြပါရန် ပန်ကြားနှိုးဆော်ပါသည်။

ရေဒီယိုမှ သတင်းအဆက်မပြတ် လွှင့်ဆဲ။ တာမွေသင်္ချိုင်းသို့ အသုဘပို့သော ကားတန်းရှည်ကြီးမှာ များပြား လှသည့်အပြင် ထူးခြားစွာ ဆိုက်ကားတန်းရှည်မှာ ချီတက်ပြီး ဦးဘကျော်ကို အလေးပြုကြသည်။ များပြား လှစွာသော ဆိုက်ကားဆရာတွေ အသုဘပို့ရင်း မျက်ရည်တွေ ငုံ့သုတ်လျက် ကြေကွဲဝမ်းနည်းနေ ကြသည်။
ကောင်းကင်တွင် ပျံသန်းနေကြသော ကျီးကန်းများ ဘာမှမသိရှာကြ။ သူတို့ကျေးဇူးရှင်ဆရာကြီးဆိုတာ ဘယ်သူ ရှင်းပြနိုင်မည်နည်း။ ပိုးတွဲပုဆိုး ၀တ်ထားသော ဆိုက်ကားဆရာကတော့ နောက်ဆုံးပိတ်ပို့သော ဆိုက်ကားပေါ် မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဖြည်းညင်းစွာ လိုက်ပါလာတော့သည်။

စာရေးသူ - ခင်ဆွေဦး
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း ၂ဝ၁၁ မေလ
.

4 comments:

တီချမ်း said...

သူများရေးတာတွေပဲ တင်နေတော့မှာလား ဦးရွှေဇင်

မဝင်းမြင့် ဆိုလို့ ရေပြာအိုင်တွေ ကော တင်ပါလားဟင်
ငယ်ငယ်က ဘတ်ဘူးတာ ကြိုက်တယ်

မလာတာလဲကြာပြီ ဟင်းတွေအများကြီး ချက်ထားတယ် လာလည်အုံး

Angelhlaing(May everybody be happy and healthy! said...

မမရေ စာကောင်းလေးတွေ ရှာဖွေတင်ပေးလို့ ကျေးဇူးပါမမ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဦးဘကျော်လို လူမျိုးက လေးစားဖို့ကောင်းတယ်နော်
ဒီလိုလူမျိုးတွေ ရှားနေပြီလို့လည်း ပြောရမယ်ထင်တယ် အစ်မရေ...
စာလေးက ဖတ်လို့ကောင်းလိုက်တာ
ကျေးဇူးတင်ပါတယ် အစ်မရေ..
အစ်မလဲ ပျော်ရွှင်ပါစေနော်။

Anonymous said...

We need more U Ba Kyaws especially in Myanmar today.
Gyidaw