Monday, April 25, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၁ဝ)

"ခင်ဗျား အောက်မဆင်း ရင် ကျနော့် ရဲ့ ပစ္စည်း လေးတွေ တဆိတ်ကြည့်ထားပါဗျာ 

ပန်ချာပီ အမျိုးသားကြီးသည် ဗမာသံပီသစွာနှင့် အောင်နိုင်အား မှာကြားနေလေသည်။ အောင်နိုင်က ပြုံး၍ ခေါင်းညိတ် လိုက်ရ၏။ မောင်မောင်လွင်နှင့် ခလေးငယ်ကတော့ ခလေးငယ်က အိုက်သည်ဆို၍ ရေချိုးခန်းမှာ ရေ၀င်ချိုးနေကြသည်။
ရေချိုးပြီး၍ ပြန်ထွက်လာသောအခါတွင်ကား ... ခလေးငယ်က ဘူတာထဲကို ဆင်ကြည့်ချင်သည်ဟု ပူဆာ ပြန်လေသည်။ မောင်မောင်လွင်သည် ခလေးကို လက်ဆွဲ၍ အောင်နိုင် ရှေ့သို့ လျှောက်လာခဲ့ပြန်ကာ "ခင်ဗျား အောက်မဆင်းဘူးလား" ဟု မေးနေပြန်သည်။

မနေသာတော့သော အောင်နိုင်မှာလည်း ... "ကျွန်တော် အောက်သို့ မဆင်းပါဘူးခင်ဗျား ... ခင်ဗျားတို့ ဆင်းရင် ပစ္စည်းတွေ ကျွန်တော် ကြည့်ထားလိုက်ပါ့မယ်" ဟု ပြောရတော့ပေသည်။
သူ့လက်ထဲတွင် ပိုက်ဆံမရှိ၍ကား မဟုတ်ပေ။ ဖြစ်သလိုနှင့် ရောင့်ရဲနိုင်စွမ်းသော သူ၏ဓလေ့ထုံးစံအတိုင်း သာ ပြီးစလွယ် လုပ်လိုက်ခြင်း ဖြစ်လေ၏။

အောင်နိုင်သည် သူတို့မြို့မှ ထွက်ခွာလာပြီးနောက် မြန်မာပြည် အထက်ပိုင်းဘက်သို့ လွှင့်လာခဲ့လေသည်။ အလုပ်ကို တွေ့မရှောင် လုပ်တတ်သူမို့လည်း သူ၏ တ၀မ်းတခါးအတွက် စိုးရိမ်စရာ မရှိခဲ့ချေ။
တမြို့မှ တမြို့သို့ ကူးပြောင်းကာ သွားရင်းလာရင်းနှင့် ကားပြင် ကားမောင်းလည်း ကောင်းကောင်းတတ်ခဲ့ပြီ ဖြစ်ကာ ရှမ်းပြည်နှင့် မိတ္ထီလာ မန္တလေးမြို့များတခွင်တွင် ကုန်စိမ်းကားကြီးများကိုလည်း မောင်းခဲ့ဘူးသည်။ မန္တလေးမြို့မှ တရုတ်ကုန်တိုက်ကြီး တတိုက်တွင် ပေသီးတွက်ကာ ကုန်ချိန်ရောင်းရာ၌လည်း ကောင်းကောင်းကြီး ကျွမ်းကျင်ခဲ့၏။ ဆေးတိုက်ကြီးတတိုက်မှ ဆေးများကို အသံချဲ့စက်နှင့် ဓာတ်ပြားဖွင့် ကာ ကားဖြင့် လှည့်ရောင်းရဲသည့် နယ်လှည့်ကိုယ်စားသည်လည်း လုပ်ခဲ့ဘူးသည်။ ယခုသော် သူ့လက်ထဲ မှာ ငွေထောင့်ကိုးရာမျှ ရှိနေ၏။

သို့တိုင်အောင် ဖြစ်ခဲ့ဘူးသော ဖြစ်ရပ်များကြောင့် ဘ၀လူစား၊ ငွေကိုမခင်မင်ချင်တော့သာ သူ့အဖို့မှာ ပိုလို့လျှင်  ရှိနေပေမင့် ငွေစုဆောင်းရခြင်းကို အဓိပ္ပာယ် ရှိသည်။  မောင်မောင်လွင်နှင့် ရထားတွဲတတွဲထဲမှာ ဆုံမိနေခြင်းလည်း ဖြစ်သည်။
ထိုးမုန့်စားပြီးလျှင်ကား လက်ဆေးရန် နှုတ်ကျင်းရန် ရေချိုးခန်းသို့ ၀င်လာခဲ့ရသည်။ ထိုခဏမှပင် အောင်နိုင် သည် ရေပိုက်ကို ဖွင့်ကာ  လက်ဆေးရင်းနှင့် အံ့အားသင့်စရာကို တွေ့ရပြန်လေ၏။ ကြွေခွက်နှုတ်ခမ်းပေါ် မှာ ခလေးဝတ် စိန်ခြယ်မြလက်စွပ်ကလေးတကွင်းမှာ အထင်းသား ဖြစ်နေတော့ပေသည်။ သို့နှင့် ဒါဟာ ဟိုခလေးရဲ့  လက်စွပ်ကလေး ဖြစ်မှာပါဘဲဟု တွေးတောရင်း ကောက်ယူကာ အိတ်ထဲမှာ အသေအချာ ထည့်သိမ်း ထားလိုက်ရသည်။

ခဏနေလျှင် ပန်ချာပီကြီး ပြန်ရောက်လာကာ အိပ်စင်ပေါ် တက်အိပ်နေတော့သော်လည်း မြှော်လင့်နေ သော မောင်မောင်လွင်တို့ကား တော်တော်နှင့် ပြန်ရောက်မလာကြသေးပေ။ သူပင်လျှင် ညောင်းညာလာ တော့၍ ပန်ချာပီကြီး အိပ်စင်အောက်မှ နေရာကို ယူကာ အိပ်ရန် ပြင်ဆင်နေတော့မှ မောင်မောင်လွင်တို့ ပြန် ရောက်လာကြသည်။
"ကျွန်တော်ဖြင့် စောင့်လိုက်ရတာဗျာ၊ ဒီမှာ ခလေး လက်စွပ်ကလေး ရေချိုးခန်းထဲက တွေ့ထားလို့"

"ဟာ ဟုတ်လား၊ ကြည့်စမ်းပါအုံး၊ မင်း တော်တော် ဒုက္ခပေးပါလား ဆန်နီရာ၊ သူ့ဟာသူချွတ်ထားတာကို ကျွန်တော် မသိဘူးဗျ၊ ဆန်ပြုတ်သောက်ကြရင်း မမြင်လိုမေးတော့မှ လမ်းမှာဘဲ ကျပျောက်သလိုလိုနဲ့ ရှာလိုက် ရတာဗျာ၊ ကဲ သွား သွား ဆန်နီ မင့်ဦးဦး ပြန်ပေးလို့သာရတာ ကျေးဇူးတင်ပါတယ် ပြောပြီး ကန်တော့လိုက်"
အောင်နိုင်က ခရီရောက်မဆိုက်ပင် လက်စွပ်ကလေးကို ထုတ်ပြလိုက်တော့မှ မောင်မောင်လွင်က အံ့သြ ၀မ်းသာ အောင်နိုင်ကို ပြန်ပြောရင်းနှင့် ခလေးကို ခပ်သာသာ တွန်းလွှတ်နေသည်။ လက်ညှိုးကလေး ပါးစပ် ကိုက်ကာ ၀မ်းသာသလိုလို ရှက်သလိုလိုနှင့် တရွေ့ရွေ့ ကလေးလာနေသော ဆန်နီမှာလည်း အောင်နိုင့် အပါးကို ရောက်သည်နှင့် ... "ဦးဦးကို ကျေးဇူးတင်ပါတယ်" ဟု မပွင့်တပွင့် ပြောကာ ဒူးတုပ်ကလေး ထိုင်ပြီး ကန်တော့လိုက်သည်။

အောင်နိုင်က လက်ကလေးကို ဆွဲထူလိုက်ပြီး ဘယ်ဘက်လက်သူကြွယ်ကလေးမှာ လက်စွပ်ကို ပြန်ဝတ် ပေးလိုက်သည်။ ပြီးပြန်တော့လည်း ခလေးငယ်သည် တော်တော်နှင့် ပြန်ထွက်မသွားဘဲ အောင်နိုင်၏ ဒူးနှစ်လုံး ကြားထဲမှာ ကနွဲ့ကယ မှီကပ်ကာ ရပ်နေရင်းနှင့် ...
"ဦးဦးက ဘယ်သွားမလို့လဲ" ဟု မေးနေပြန်သည်။

"ဦးဦးက ရန်ကုန်သွားမလို့ကွဲ့ ... ခလေးတို့ကကော ..."
"ဆန်နီတို့လဲ ရန်ကုန်သွားမလို့ဘဲ၊ မနေ့ထဲက မေမြို့က လာခဲ့တာ၊ ဦးဦးကကော ဘယ်မှနေသလဲဟင် ... ရန်ကုန်မှာဘဲလား ..."
"မဟုတ်ပါဘူး ခလေးရယ် ... ဦးဦးက ရန်ကုန်ကလဲ မှုတ်ဘူး၊ ဘယ်မြို့မှာမှလဲ မနေဘူး၊ ဗမာပြည် တပြည်လုံး အကုန် ကိုယ့်အိမ်မှတ်ပါ၊ ကိုယ့်ယာမှတ်ပါဆိုတာ ဦးဦးပေါ့ ..."
အသိအကျွမ်း ဖြစ်ရမည်စိုး၍ ရှောင်ဖယ်နေခဲ့ရာမှ မသိချင် မနေရအောင် ဖြစ်လာတော့လည်း ဘာကြောင့် ရယ်လို့မသိ၊ အောင်နိုင်က စကားကို ရွှန်းရွှန်းဝေေ၀ပင် ပြောနေမိသည်။
"ဒီလိုဆိုရင်တော့ သားသား ဦးဦးက နယ်လှည့်ကိုယ်စားလှယ် ထင်တယ်ဟေ့" ဟု မောင်မောင်လွင်ပင် ရယ်ရယ်မောမောနှင့် သူတို့ဆီမှာ လျှောက်လာနေပြန်သည်။
"ဟဲ ... ခင်ဗျားက လူထဲခတ် တော်တော်ကောင်းပါလား ... ကျွန်တော် ရောင်းတဲ့ဆေးတွေ ၀ယ်စားဘူးပြီ ထင်တယ်"

အောင်နိုင်လည်း သူနောက်ဆုံး လုပ်ခဲ့သော ဆေးကုမ္ပဏီ မှ ဆေးနာမည်ကိုပါ ဆက်ပြောလိုက်ရ၏။ ပြီးတော့ "ဆန်နီ့ မာမီကော လိုက်မလာဘူးလား" ဟု သူအလွန်သိချင်နေသော စကားတခွန်းကိုပါ ခလေး ဦးခေါင်း ဆီသို့ မျက်နှာကို ငုံ့ကပ်ပြီး မေးလိုက်ရသည်။
"ဆန်နီမှာ မေမေ မရှိတော့ဘူး ဦးဦးရဲ့၊ မေမေသေတာ တလလောက် ရှိသွားပြီး"
အောင်နိုင်သည် အေးမျက်နှာကလေးကို ကွက်ကနဲ ပြေးမြင်မိကာ ဘုရား မတမိအောင် မနည်းကြိုးစားပြီး၊ ထိန်းချုပ်ရလေ၏။

"ဟုတ်ပါတယ်ခင်ဗျာ ... ကျွန်တော့် အကိုလဲတော်တော် ဒုက္ခရောက်ရှာတာ၊ ကျွန်တော့်မရီးဆုံးသွားတော့ တပ်မတော်မှာ ဗိုလ်ကြီးတာဝန်တစ်ဖက် ဒီခလေးကတဘက်နဲ့ ခက်နေတော့တာပေါ့၊ ကျွန်တော်တို့ကသာ သားသမီး မထွန်းကားလို့တ နေတာမို့ ကျွန်တော့် မစ္စက်ကလဲ ဒီခလေးကို သူမွေးချင်လှပါချည်ရဲ့ ဆိုတာနဲ့ သွားခေါ်ခဲ့ရတာ"
မောင်မောင်လွင်က ရှင်းပြလေတော့မှသာ သူစိတ်အနည်းငယ် ပေါ့ပါးသွားသည်။ ပြီးတော့ မောင်မောင်လွင် မှာ နိုင်ငံခြားရေးရုံးမှာ အထက်တန်း အရာရှိတယောက် ဖြစ်ကြောင်းကိုပါ စကားစပ်မိကာ သိရှိရလေ၏။

"သြော် အေး အေး ... အခုဆိုရင်တော့ အိမ်ထောင်ရှင်မကြီးတဦးအနေနဲ့ အသားကျပြီး ပျော်မွေ့နေလေပြီ လား၊ အောင်နိုင်တကောင်ကို သတိမှ ရပါသေးရဲ့လား ... မထူးတော့ပြီဖြစ်တဲ့ ဒီအကြောင်းတွေကို ငါဘာလို့ တွေးချင်နေရပါလိမ့်"
ဘယ်လို့ဘဲပြောပြော ထိုနေ့ညမှာ အောင်နိုင် ကောင်းစွာ အိပ်ပျော်နိုင်ခြင်း မရှိတော့ပေ။ ပေတသောင်း ကျော်မျှ ရှည်သော ဖလင်ကော်ပြား ဇာတ်ထုပ်ရှည်ကြီးကို တွေ့လေရာ နေရာမှ ကောက်ဆက်ထားသလို လွန်ခဲ့ပြီးသော ဖြစ်ရပ်များကိုသာ ဟိုတကွက် သည်တကွက်နှင့် ကဘောက်တိ ကဘောက်ချာ ဖြစ်အောင် ပြန်လည် ထင်တွေးနေမိသည်။

"ဦးဦး နာမယ်က ဘယ်သူလဲဟင် ဟို အန်ကယ်လ် ဖေဖေ့အမည်ကတော့ ဦးမောင်မောင်လွင်တဲ့"
နောက်တနေ့ မီးရထား ဆက်ထွက်လာ၍ တောင်ငူဘူတာရောက်သည်တွင်မူ မောင်မောင်လွင် သည် လဘက်ရည်ပွဲ တပွဲကို ယူလိုက်ကာ "မင့်ဦးဦးကို သွားခေါ်ချည်သားသား" ဟုဆိုလိုက်သည် နှင့် ဆန်နီသည် အောင်နိုင်၏လက်ကို ဆွဲခေါ်ရင်း နာမည်ကို မေးနေတော့လေသည်။

"ဦးဦးနာမယ်လား ဦးဦးနာမယ်က သိပ်ထူးတယ်၊ ငထူးတဲ့"
"ဟင်... ဦးဦးကလဲ ကောင်းကောင်း ပြောစမ်းပါ"
"ကောင်းကောင်း ဘဲပြောတာပါ၊ ဦးဦးနာမယ်ဖိုးထူး"
"ဟင့် အင်... ဒီနာမယ်ကြီးကကောင်းလဲကောင်းဘူး၊ နာမယ်ကောင်းကောင်းလေးတခု ပြင်လိုက်ပါ အုံးလားဟင်..."

"လာဗျာ... ကိုထူး လဘက်ရည်တွေအေးကုန်မယ်၊ ဒီသောကြာ သားကို စကားအဖက်လုပ်ပြောနေ ရင် ဆုံးတော့မှာ မဟုတ်ဘူး... "
မောင်မောင်လွင်က ဆန်နီနှင့် အောင်နိုင်တို့ တယောက်ကပြန် ပြောနေသည့်ကြားမှဖြတ်၍ ခေါ်လိုက် တော့သည်တွင်ကား သူ့နာမည်ကိုပြောရန် ၀န်လေးနေသဖြင့် ကရော် ကမည်လုပ်နေ သောအောင်နိုင်မှာ ဖိုးထူး ဟူသော နာမည် အသစ်တမျိုး ရသွားတော့ပြန်လေသည်။
'အင်း... အခုအခိုက်အတန့်တော့ ဒီနာမယ်ဘဲ ကောင်းပါတယ်လေ...သူတို့ ဘာသိတာ မှတ်လို့။ ရန်ကုန် ရောက်ရင်လဲ...တလမ်းစီခွဲရတော့မှာ" ဟုတွေးမိသောအခါတွင် အောင်နိုင်ကလည်း ဘာမျှ အထူးအထွေ ပြန်မပြောဘဲ နေလိုက်လေသည်။

လဘက်ရည်နှင့်မုန့်များစားသောက်ပြီးကြသောအခါ ဆန်နီ ပူဆာသမျှသော လိမ္မော်သီး၊ ဘယာ ကြော်၊ ချော့ကလက်၊ သကြာလုံး စသည် တို့ကို အောင်နိုင်က တခါဝယ်ပေးလိုက်ပြန်သည်။ ဆန်နီ သည် စကား များကို ဟိုရောက်သည်ရောက်ပြောဆိုကာ အောင်နိုင်အပါးမှ မခွဲဘဲ ရှိနေပြန်လေ၏။ ဘူတာ ထသွားတာ ဆိုက်ကပ်တိုင်းမှာ ဘူတာ အမည်ကို မေးနေ၍လည်း... 'ညောင်ခြေထောက်' 'ဇေယျဝတီ' ' ဖြူး'... စသော ဘူတာနာမည်များကို အောင်နိုင်က ပြောလာခဲ့ရသည်။
သို့ရာတွင် မထင်မမှတ်နှင့်ကျရောက်လာတတ်သော အန္တရာယ် မည်သူသည် ကြိုတင်မြှော်မြင် နိုင် ပါအံ့နည်း။

မကြာမီ ၀ုန်း...ကနဲ ပေါက်ကွဲသံကြီးတသံကို ပြင်းထန်စွာကြားလိုက်ရပြီးနောက် မီးရထားသည် လည်း သိမ့်လှုပ်ကာ ရုတ်တရက် ရပ်တန့်သွားတော့လေသည်။ ထိုသည်နှင့် မရှေးမနှောင်းမှာပင် သေနတ်သံ များမှာ ပေါက်ပေါက်ဖောက်သလို အဆက်မပြတ် ဆူညံစွာ ထွက်ပေါ်လာပြန်ေ၏။
မောင်မောင်လွင်ကတော့ "သားသားနဲ့ကိုထူး ၀ပ်နေ၀ပ်နေ" ဆိုကာ သူကိုယ်တိုင်မှာပင် ဆိုဖာ ကြားမှာ ၀ပ်နေလေသည်။ ပန်ချာပီ အမျိုးသားကြီးသာလျှင် ရထားအပြင်သို့ ထွက်ကြည့်နေသည်။
၄၅ - မိနစ်ခန့်မျှကြာကာ တဖြည်းဖြည်းနှင့် သေနတ်သံများ လုံးဝရပ်စဲသွားတော့မှသာ ရှေ့ပြေး စစ်ရထားကို မိုင်းဗုံးထိကာ တိုက်ပွဲဖြစ်ပွားကြောင်း၊ ရထားလမ်းမှာ အတော်ပျက်စီးသွား၍ မနက် ဖြန် ရထား ထွက်နိုင်လိမ့်မည် မဟုတ်ကြောင်းများကို ကြားသိရလေသည်။

"ဟင်... ကျွန်တော်တော့ြ့ဖူးကိုသာ နောက်ကြောင်းပြန်သွားလိုက်ချင်တာဘဲဗျာ" ဟု မောင်မောင် လွင်က ညည်းလိုက်၏။
"မဟုတ်တာဗျာ... ဖြစ်နိုင်ချေရှိရင် ပဲနွယ်ကုန်းရောက်အောင် သွားတာကမှ ကောင်းသေးတယ်၊ ဟိုမှာ ကျွန်တော့် အသိလဲရှိတယ်" ဟုအောင်နိုင်က ကန့်ကွက်သည်။
"မဟုတ်သေးပါဘူးဗျာ...ရှေ့ခရီးက သာချင်မှ သာအုံးမယ်၊ လာခဲ့တဲ့ နောက်ကြောင်းလမ်းကတော့ စိတ်ချရ ပြီးသား မဟုတ်လားဗျ... "
"အင်း... ဘယ်ဘက်ဘဲသွားသွား ငါးမိုင်ထက်တော့ မအောက်ဘူးဗျာ့၊ ကျွန်တော်တို့အနေနဲ့ အရေးမကြီး ပေမဲ့ ဒီလောက်နေပူကြီးထဲမှာ ခလေးတဖက်နဲ့ဆိုတော့ ခက်သေးတယ်၊ ကညွှတ်ကွင်း လောက် ဆိုရင်တောင် မလွယ်လှသေးဘူး"

တကယ်ပင် ပြောသလောက်မလွယ်သည်မို့လည်း အောင်နိုင်ရော မောင်မောင်လွင်ပါ မလှုပ်သာ နိုင်အောင် ဖြစ်နေကြသည်။
အခြား ခရီးသည်တွေမှာလည်း ကိုယ့်ခရီးစဉ်ကိုယ် စီစဉ်ထားကာ တလှုပ်လှုပ်တရွရွ ဖြစ်နေကြ သည်။ အများအားဖြင့်တော့ မဝေးလှသော ညောင်ပင်သာရွာသို့သာ မရအရ လှည်းငှားပြီး ပြောင်းရွှေ့ကြသူတွေ များနေသည်။

"ကဲ... ကိုမောင်မောင်လွင်... ကျွန်တော်တို့လဲ တဖြည်းဖြည်းလျှောက်ကြရင် ညောင်ပင်သာတော့ ရောက်နိုင်ကောင်းပါရဲ့... သွားကြရအောင်"
"ကောင်းသားဘဲ ကိုထူး...သွားကြမယ်၊ ဆန်နီကလဲ လူမာကြီးဘဲကွာ၊ တဖြည်းဖြည်းလျှောက်လိုက် ခဲ့နော်... သားသား"
မောင်မောင်လွင်က အောင်နိုင်၏အကြံကို သဘောတူလက်လိုက်ပြီးနောက် ဆန်နီ၏ပါးကလေး တဖက်ကို ဖျစ်ကိုင်ပြီး အားပေးလိုက်သည်။
ဆန်နီက "သားသား သွားနိုင်ပါတယ် အန်ကယ်ရာ၊ ဖေဖေနဲ့ တခါတခါ လမ်းလျှောက်သွားရင် ဒီ့ထက် ဝေးဝေးတောင် ရောက်သေးတယ်" ဟု ပြန်ပြောလိုက်လျှင်ပင် ထွက်ခွာသွားရန် စီစဉ်ရ သည်။
အောင်နိုင်မှာ ရှမ်းလွယ်အိတ် အကြီးစားကြီးတလုံးနှင့် အိပ်ရာလိပ်တလိပ်သာ ပါရှိသော်လည်း မောင်မောင်လွင်တို့မှာတော့ သားရေလက်ဆွဲ သေတ္တာကြီးနှစ်လုံးနှင့် လွယ်အိပ်တလုံး အိပ်ရာလိပ် တလိပ် ပါ ပါရှိနေသည်။

အောင်နိုင်သည် လွယ်အိတ်ကို ပခုံးမှာလွယ် သူ့အိပ်ရာလိပ်နှင့် မောင်မောင်လွင်တို့ သေတ္တာကြီးကို လက်တဖက် ဆီမှ ကိုင်ဆွဲရင် ထွက်ရလေ၏။ မောင်မောင်လွင်မှာလည်း အောင်နိုင်ကဲ့သို့ လွယ်အိတ်သို့  ပခုံးမှာ သိုင်းလွယ်ပြီး လက်ဆွဲသေတ္တာတဖက် အိပ်ရာလိပ်တဖက် ဆွဲကိုင်လာရ သည်။ ဆန်နီမှာတော့ ဦးထုပ် ကလေး ကို ဆောင်းကာ သူတို့နောက်ပါးမှ တလှုပ်လှုပ် လိုက်ပါလာ ရှာသည်။
ညောင်ပင်သာသို့ ရောက်သည်တွင်ကား သူတို့ကိုယ်မှာ ချွေးတဖြိုင်ဖြိုင် ရွှဲလျက် ရှိပေပြီ။ တရွာလုံးလိုလို မီးရထား ခရီးသည်တွေနှင့်  ဒင်းကြမ်းပြည့် ဖြစ်နေတော့သည်ကို တွေ့ရသည်တွင် "ခက်တယ်ဗျာ ... ဒီရွာမှာတောင် စိတ်ချရပါမလား မသိဘူး။ ကျွန်တော် ဖြစ်တဲ့နည်းသာ ခရီးဆက် ချင်တော့တယ်" မောင်မောင်လွင်က ညည်းလေသည်။

"အောင်နိုင်ကတော့ "ဖြစ်သလိုပေါ့ဗျာ" ဟု ခပ်အေးအေး အမူအရာနှင့်ပင်ဆိုကာ သူတို့အား ၀င်ရောက် တည်းခိုနိုင်ပါသည်ဟု ဖိတ်ခေါ်နေသော နီးရာအိမ်တအိမ်သို့ ၀င်ရောက်သွားတော့သည် နှင့် မောင်မောင်လွင်တို့ တူဝရီးပါ လိုက်ပါသွားရတော့သည်။
"ဆန်နီရေ ... မောနေပြီလားကွ၊  လာ ... လာ ... ဦးဦးအိတ်ထဲမှာ မင်းမုန့်တွေ ပါလာသေးတယ်"
အောင်နိုင်သည် နထင်မှ ချွေးစီးကြောင်းတွေကျကာ နေရောင်ကြောင့် မျက်နှာကလေးနီနေတော့ သော ဆန်နီ ကလေးအား သူ့ပေါင်ပေါ်သို့ ခေါ်တင်လိုက်ကာ လွယ်အိတ်ထဲမှာ ပါသေးသော လိမ္မော်သီးနှင့် ဘယာကြော် များကို ထုတ်ယူပြီး တယုတယ ကျွေးမွေးနေပြန်သည်။

မောင်မောင်လွင်ကတော့ သူ့အနေနှင့် ဘယ်အခါကမျှ ဤမျှထိ စိတ်ပန်းလူပန်း ဆင်းရဲဒုက္ခ မကြုံရ ဘူးသူပြီပြီ ဟန်လုပ်ကာ တင်းရေသည့် အထဲမှာပင် မျက်နှာညှိုးလျက် ရှိနေသည်။ သူတို့ တည်းခို အိပ်စက် ရမည်ဖြစ်သော မလုံမခြုံ မသန့်မပြန့် တဲအိမ်ကုတ်ကလေးကို ကြည့်မြင်ရသည်မှာပင် အတော်စိတ်ပျက် လက်ပျက် ရှိလေ၏။ တော်တော်နေတော့ "ခဏနေအုံးဗျာ" ဆိုကာ ထွက်သွား ပြန်လေသည်။

ဤမျှ ဆင်းရဲ ဒုက္ခလောက်ကို အမှု မထားချင်တော့သော အောင်နိုင်ကတော့ အိမ်ရှင်များအား ကျေးဇူးတင် စကားပြောကာ သူ့အိပ်ရာလိပ်ကို အိမ်ရှေ့ အပြင်ခန်းမှာ ဖြန့်ခင်းလိုက်လျှင် ဆန်နီ ကလေးနှင့်အတူ လဲလျောင်း နေလိုက်တော့သည်။ အချိန်အတော်ကြီး ကြာသွားသည်တွင်ကား ... မောင်မောင်လွင်သည် သုတ်သီး သုတ်ပျာ ပြန်ရောက်လာလေ၏။
"ကိုထူးရေ ... ဆန်နီရေ ... ထ ထ ဟိုမှာ ညောင်လေးပင်သွားမယ့် ကုန်ကားကြီးတစီးတွေ့လို့ တောင်းပန်ပြီး ရပ်ခိုင်း ထားခဲ့ရတယ် ... ဒီနေ့အဖို့ ညောင်လေးပင်တော့ ရောက်နိုင်ပါသေးတယ်"
သို့ဖြင့် အောင်နိုင်တို့သည် အိပ်ရာလိပ်ကို ပြန်လည် ထုပ်ပိုးကာ အိမ်ရှင်များကို နှုတ်ဆက်ပြီး ခရီးတထောက် ဆက်ရပြန်လေ၏။

"ဆန်နီရေ ... ဒို့တော့ ဇိမ်ဘဲဟေ့ ဒီအပေါ်မှာ အိပ်လိုက်မှာဘဲ ..."
အောင်နိုင်က ကားနောက်ခန်းကို တွယ်တက် လိုက်ကာ ... ပစ္စည်းကလေးများကို နေရာချထားရင်း နှင့် ဆန်နီ ကို လှမ်းပြောလိုက်သည်။
"ဟာဗျာ ... ခင်ဗျားတို့ကသာ ဇိမ်နေတယ် အနံ့အသက်က မကောင်းဘူး"

မောင်မောင်လွင်က မျက်နှာကို ရှုံ့ပြီး ဒရိုင်ဘာ မကြည်အောင် ခပ်တိုးတိုး ညည်းလိုက်သည်။ ကားပေါ်က ကုန်များမှာ ဆေးရွက်ကြီး အိတ်များ သနပ်ဖက်ပိုများ ဆီပုံး အနည်းငယ်နှင့် ကြက်သွန် များဖြစ်ရာ အမိုးသို့ ထိလု နီးနီးမို့ ငုံ့ထိုင်မည်ပင် ခက်ခဲလှသောကြောင့်လည်း တောင်နိုင်က အိပ်လိုက်မည်ဟု ပြောနေခြင်း ဖြစ်သည်။ အနံ့အသက်များကလည်း မောင်မောင်လွင် ပြောမည် ဆိုက ပြောစရာပင် ဖြစ်နေ၏။

"ဒီလိုဆိုလဲ ခင်ဗျားတို့ ဒရိုင်ဘာခန်းကို လိုက်လေဗျာ ... ဟု အောင်နိုင်က ပြောရသည်။
"လာ ... သား သား ဒို့ရှေ့ခန်းသွားကြမယ် ..."
"ဟင့်အင်း ... သားသား အိပ်ချင်တယ် ဦးဦးနဲ့ဘဲ နေရမယ် ..."

ဆန်နီသည် မောင်မောင်လွင် ခေါ်သည်ကို မလိုက်ဘဲ အောင်နိုင်နှင့်ပင် အိပ်၍ ကျန်ခဲ့သည်။ အချိန်မှာ ညနေ ၃နာရီခွဲမျှ ရှိသေးရာ ညောင်လေးပင်သို့ မိုးမချုပ်မီ ရောက်နိုင်သည်ဟု ကားသမားက ပြောလေသည်။ သို့ရာတွင် လမ်းဘေးတဖက်တချက်ဆီမှ လူနှစ်ယောက် ထွက်လာ ကြကာ ကားကို လက်ပြ တားနေကြလေ၏။

ဆက်ရန်
.

No comments: