ညာမေတင် သည် ရန်သူနှစ်ယောက်ကို ဂရုစိုက်ခုခံနေရသည်ကြောင့် လူဝံကြီးမောင်နှံကို မကြည့်နိုင်ဘဲဖြစ်နေခိုက် မှာ လူဝံအမကြီး၏အော်သံကို ကြားလိုက်ရသည်။ လူဝံအမကြီး၏အော်သံ သည် ညာမေတင် ပုန်းနေသည့် အခါ များမှာ ညာမေတင်ကို တမ်းတအော်ဟစ်သည့် ကြေကွဲသော အော်သံကြီးဖြစ်သည်။
ညာမေတင်ကလဲ မိခင်လူဝံမကြီးအား သူတို့အသံနှင့်အလားတူ အသံမျိုးကို ပြန်ပေးလိုက် သည်။ လူဝံ အမကြီး ထံမှ နောက်ထပ်ဘာအသံမှ မထွက်လာတော့ချေ။ ညာမေတင်သည် လူဝံကြီး မောင်နှံကို မကြည့်အား ဘဲ ရုန်းရင်းကန်ရင်း ခုခံရင်းဖြင့် လူဝံအတိုင်း ဒေါသကြီးစွာ အသံကုန် အော် လိုက်ပြန်သည်။
ထိုအခိုက် သူ့ကိုဖမ်းရန် ကျိုးစားနေသော လူနှစ်ယောက်သည် မည်သည့်နေရာက ပြစ်လိုက် မှန်း မသိရသော ကျောက်ခဲကြီးကြီးတလုံးစီ ဦးခေါင်းကို လာမှန်လိုက်သည်။ ဟက်တက်ကွဲသွားသော ဦးခေါင်းမှ သွေးတွေ ဖြာကျလာသည်။ လူနှစ်ယောက်သည် ဦးခေါင်းဒါဏ်ရာကို လက်ဖြင့်အုပ်ခါ ညာမေ တင်ကို လက်လွှတ် လိုက်ပြီး တောင်မြောက်ဝဲယာ ကြည့်နေစဉ်မှာ နောက်ထပ်ကျောက်ခဲနှစ်လုံးသည် ထိုင်နေသော လူနှစ်ယောက် ဦးခေါင်းကို ထိမှန်လိုက်ပြန်သည်။ ထိုလူနှစ်ယောက်ဦးခေါင်းသည်လဲ ဟက်တက်ကွဲခါ သွေးတွေ ကျလာသည်။
ထို့နောက် ကျောက်ခဲတွေ ဆက်တိုက်ထွက်လာသောအခါ လူလေးယောက်သည် ညာမေတင် ကို ဖမ်းရန် အရေး ဘေးဖယ်ထားလိုက်ပြီး သူတို့လေးယောက် ပူးကပ်ခါ သူတို့လက်ထဲမှာ ရှိနေသော တုတ်ချောင်းလို ရှည်မျောမျော အရာတွေနှင့် ကျောက်ခဲထွက်ပေါ်လာရာဘက်ကို ချိန်ထားပြီး စောင့် ကြည့်နေကြသည်။
သို့သော် သူတို့ စောင့်ကြည့်နေသည့်ဘက်က ကျောက်ခဲမလာဘဲ သူတို့မကြည့်သည့်ဘက်က ထွက်လာပြီး သူတို့ဦးခေါင်းတွေကို နောက်တချက်စီ ကွဲစေပြန်သည်။
"ပြေးကြစို့ ပြေးကြစို့ လူဝံမ ကို သတ်ပစ်ခဲ့"
စက်ဖြင့်လွှတ်သလို ကျောက်ခဲတွေသည် တလုံးပြီးတလုံးလျှင်မြန်စွာ ဆက်တိုက်လာနေသည်။ လာသမျှ ကျောက်ခဲ တွေသည် အလွတ်မရှိဘဲ လူလေးယောက်ကို ဦးခေါင်းကိုယ်လက်တွေမှာ နေရာ အနှံ့အပြားထိမှန်နေသည်။ ကျောက်ခဲလာသည့်ဘက်ကို သူတို့လက်ထဲက ရှည်မျောသည့်အရာများဖြင့် ချိန်ခါမည် သို့ လုပ်လိုက်သည်မသိ၊ ပြင်းထန်သော အသံကြီးများ မြည်ဟီးထွက်ပေါ်လာသည်။
လူလေးယောက်သည် ညာမေတင်ကို ပြစ်သတ်ခဲ့ရန် ပြေးရင်းရှောင်ရင်း ကြည့်လိုက်သည့်အခါ တွင်မူ ညာမေတင် သည် မည်သည့်အချိန်က ပျောက်ကွယ်သွားသည်မသိ၊ မတွေ့ရတော့ချေ။
သူတို့လက်ထဲက မြည်ဟီးသံကြီးထွက်လာသော အရာများဖြင့် ပြစ်ခတ်သော်လဲ တဘက်ရန် သူမှာ ထိမှန်ဟန်မတူဘဲ ဒီဘက်ကို သူတို့က ပြစ်လျှင် ကျောက်ခဲတွေက ဟိုဘက်ကရောက်လာပြီး ထိ မှန်လိုက်သည်။ ဟိုဘက်ကို လှည့်ပြစ်လိုက်လျှင် ကျောက်ခဲတွေက မထင်သည့်ဘက်က ရောက်လာပြီး မှန်လိုက်သည်။ ရန်သူသည် နေရာရွေ့ပြီး ပြစ်ခတ်နေသလားဟု အကဲခတ်သော်လဲ တောတိုးသံ လှုပ် ရှားသံ ဟူ၍ မကြား မမြင်ရချေ။ ထိုကြောင့် ပြေးရန် တယောက်က သတိပေးအော်လိုက်ခြင်းဖြစ်သည်။
ပြေးရမည့်အတူတူ ညာမေတင်ကို ပြစ်သတ်ခဲ့ရန် ကြည့်လိုက်ကြသည်။
သို့သော် ညာမေတင်ကို မတွေ့ရတော့ချေ။
ညာမေတင်ကား ကျောက်ခဲတွေ အဆက်မပြတ်ရောက်လာ၍ ရန်သူလေးယောက် အရှုးမီးဝိုင်း ဖြစ်နေစဉ် ကပင် တောကျွမ်းပြီးသူပြီပြီ အနီးရှိ လျှိုမြှောင်လေးထဲသို့ လျှောဆင်းပြီး ကမ္ဘားယံလိုဏ် ခေါင်းကလေး တခု ထဲမှာ ပုန်းနေလိုက်ပြီး ဖြစ်သည်။ ပုန်းနေလျက်က သူ့ကိုယ်ကို စွပ်ထားလျက်ပင် ရှိ နေသေးသော ကြိုးကွင်းကို ခဲယဉ်းစွာ ကျိုးစားဖြီနေသည်။ ကြိုးကွင်းက ခိုင်မြဲလွန်းသောကြောင့် ချွေးဒီး ဒီးကျအောင် ကျိုးစား နေရသည်။ ကြိုးကို ဖြေနေရင်းမှာလဲ သူ့မိဘလူဝံကြီးမောင်နှံအတွက် စိတ်ထဲမှာ ပူပန် သောက ကြီးစွာဖြစ်နေသည်။ သို့သော် လူဝံကြီးမောင်နှံကို ကူညီရန်မှာ သူ့ကိုယ်က အနှောင်အဖွဲ့ တွေ လွတ်မှဖြစ်မည်။ ကြိုးတုတ်ထားလျက်နှင့် ရန်သူအမြင် ခံသွားနေပါက ရန်သူလက်သို့ အဆင်သင့် ထိုးအပ် လိုက်သလိုဖြစ်မည်ကိုလဲ စဉ်းစားမိသည်။ ထိုကြောင့် လူဝံကြီးမောင်နှံအတွက် ပူပန်သောက ဖြစ်လျက်နှင့် ကိုယ်ထင် မပြရဲသေးဘဲ သူ့ကိုယ်မှာ နှောင်ဖွဲ့ထားသည့် ကြိုးကွင်းကိုသာ ကျိုးစားဖြေနေ သည်။
ထိုအခိုက် လူဝံကြီးမောင်နှံက ညာမေတင်ကို ရှာမတွေ့သည့်အခါ အသံပေးခေါ်သည် အသံ မျိုးကို ကြားရသည်။ သို့သော် အသံကား သူချစ်သော လူဝံကြီးမောင်နှံ၏အသံတော့ မဟုတ်ချေ။
ရန်သူ လေးယောက်သည် ဤအသံမျိုး မည်သည့်နည်းနှင့်မျှ မြည်တတ်မည်မဟုတ်ကြောင်းကို မူ ညာမေတင် စဉ်းစားမိသည်။ ရန်သူတွေနှင့် သတ်ပုတ်နေစဉ်က အကောင်အထည် မမြင်ရဘဲနှင့် သူတို့ ဘက်က ကူညီသော မမြင်ရသည့် မိတ်ဆွေကို ပြန်တွေးမိသည်။
"ထိုအကောင် ဖြစ်နေရော့သလား"
ညာမေတင်က တွေးရင်း ဖြေမရသေးသည့် ကြိုးကွင်းတန်းလန်းနှင့်ပင် လျှိုမြှောင်လေး နှုတ် ခမ်းပေါ်သို့ ငြင်သာစွာတတ်ပြီး ချောင်းကြည့်လိုက်သည်။ သူ့မိဘသဘွယ်ဖြစ်သော ကျေးဇူးရှင် လူဝံ ကြီးနှစ်ကောင် အနားမှာ သူတို့လို ပုံသဏ္ဍာန်မျိုး ဆင်ဆင်တူသော သတ္တ၀ါတကောင်သည် သူ့သခင်လူ ၀ံကြီးကို ကြင်ကြင် နာနာ ပွေ့ပိုက် ထားသည်ကို တွေ့လိုက်ရသည်။
ရန်သူတွေကိုမူ တယောက်မှ မမြင်ရတော့ချေ။
အကူအညီပေးသည့်မိတ်ဆွေဖြစ်ဟန်တူသော ထိုသတ္တ၀ါသည် လူဝံအထီးကြီးကို ကြင်နာစွာ ပွေ့ထားရင်း က တောင်မြောက်ဝဲယာကို ကြည့်လိုက်၊ စောစောက ညာမေတင်ကြားခဲ့ရသည့်အသံမျိုး ကို ပြုလိုက်သည်။
ညာမေတင်သည် ရန်သူကင်းရှင်းပြီကို တွေ့ရသောအခါ လျှိုမြှောင်လေးထဲက ထွက်လာ သည်။ ထိုအခိုက် သူ့ဘခင် လူဝံထီးကြီးသည် ညာမေတင်ကို လှမ်းမြင်လိုက်သောအခါ ကြေကြေကွဲကွဲ အသံပြု လိုက် ရှာသည်။
ကြိုးကွင်းစွပ်ထားလျက်ပင် ဖြစ်နေသော ညာမေတင်က အပြေးလေးရောက်သွားသည်။
ဘခင်လူဝံကြီးနှင့် မိခင်လူဝံမကြီးကို ကြည့်လိုက်သည်။ မိခင် လူဝံမကြီးကား သေနေလေပြီ၊ ဘခင်လူဝံကြီး သည်လဲ ရင်အုံတအုံလုံး ပွင့်လုနီးပါး ဒဏ်ရာကြီးမှ သွေးတွေအိုင်ထွန်းအောင် ထွက်နေ သည်။
"အဖေ... အမေ... အောင်မယ်လေး ငါဘယ်လိုလုပ်ရမလဲ"
ညာမေတင်သည် လှိုက်လှဲစွာအော်ဟစ်ငိုကြွေးရင်း မိခင်လူဝံမကြီး၏ရင်ခွင်ပေါ်သို့ မျက်နှာကို မှောက်ချလိုက်သည်။ လက်နှစ်ဘက်ကား မိခင်နှင့် ဘခင်ကို ပွေ့ပိုက်လိုသော်ငြားလဲ ကြိုးကွင်းကြီးက တုပ်ထားလျက် ပင် ရှိနေသေးသည်။
"ဟယ်... နင် ငါ့လိုဘဲ လူစကားပြောတတ်တယ်"
ဘာမှန်းမသိသည့် ထိုသတ္တ၀ါက တအံ့အသြေ ပြောလိုက်သည်။ ညာမေတင်သည် ထိုသတ္တ၀ါ ကို ကြည့်လိုက်သောအခါမှ သူ့လိုပင် တောကောင်တကောင်၏သားရေကို ၀တ်ထားသည့် ညာမေတင် လို ရှင်းရှင်း လင်းလင်းမရှိချေ။ ဦးခေါင်းက အမွေးအမှင်တွေနှင့် နှုတ်ခမ်းပါးတွေ မေးစေ့တွေမှာ ရှိနေ သော အမွေးအမှင် တွေက တဆက်တည်း ဖြစ်ခါ တမျက်နှာလုံးရှုပ်နေသည်ကို တွေ့ရသည်။
သူမည်သူဖြစ်ကြောင်း ညာမေတင်က မေးမြန်းနေရန် မစဉ်းစားအား၊ သူလို လူစကားတတ်သူ တယောက် ဖြစ်ကြောင်း သိလိုက်လျှင်.
"ငါ့ကို ချည်ထားတဲ့ ကြိုးတွေကို မြန်မြန်ဖြီစမ်း"
ဟု အရေးတကြီး ခိုင်းလိုက်သည်။
ထိုလူကလဲ ဘာမှပြန်မမေးဘဲ ညာမေတင်ခိုင်းသည့်အတိုင်း လက်ပြန်ကြိုး တုတ်ထားသလို ဖြစ်နေသော ကြိုးကိုဖြေပေးလိုက်သည်။ ကြိုးပြေသွားသည်နှင့်တပြိုင်နက် ညာမေတင်သည် အသက် ငွေ့ငွေ့သာ ရှိတော့သော ဘခင်လူဝံကြီးကို ပွေ့ယူလိုက်သည်။ ဘခင်လူဝံကြီးသည် ညာမေတင်ကို ကြည့်ကာ မျက်ရည် တွေတွေကျရင်း သူ့လက်ထဲမှာ ဆုပ်ထားသော အရာတစ်ခုကို ညာမေတင်အား ပေးလိုက်သည်။ ညာမေတင် က ယူကြည့်လိုက်၏။
ထိုအရာကား ညာမေတင်တို့လက်မှာ ရှိနေသည့်လက်ချောင်းမျိုးနှစ်ချောင်းဖြစ်ပြီး သတ်ပုတ် လုံးထွေး နေစဉ် ရန်သူ၏လက်ချောင်းနှစ်ချောင်းကို လူဝံကြီးက ကိုက်ဖြတ်ထားလိုက်ခြင်းဖြစ်ကြောင်း ညာမေတင် သဘောပေါက်လိုက်သည်။
ဘခင် လူဝံကြီးသည် လက်ချောင်းပြတ်ကို လက်နှင့်ပြပြီး သူတို့ဘာသာစကားဖြင့် မပြီမသ တခွန်းမျှ မြည်လိုက်ပြီး သေဆုံးသွားလေတော့သည်။
"အဖေရေ.... အမေရေ..... ငါဘယ်လို နေရမလဲ"
ညာမေတင်သည် မိခင်လူဝံမကြီးကို တလှည့် ဘခင်လူဝံကြီးကို တလှည့် ပွေ့ဘက်လိုက်၊ လူဝံ ကြီးနှစ်ကောင် ၏ ရင်ခွင်ကို ဦးခေါင်းဖြင့် ခွေ့လိုက်၊ နှုတ်မှ ပူဆွေးကြေကွဲစွာတမ်းတပြောဆိုလိုက်ခြင်း ဖြင့် အူသည်း ပြတ်လုမျှ ငိုကြွေးရှာတော့သည်။
သူတို့ကို ကူညီသောလူသည် ညာမေတင်ကို သနားကြင်နာစွာ ကြည့်နေသည်။ ညာမေတင် တော်တော် ကြာအောင် ငိုကြွေးပြီးသော အခါမှ ထိုလူက
"တော်ပါတော့ဟယ်၊ ငါလဲ စိတ်မကောင်းပါဘူး၊ ငါလဲ အော်လိုက်တဲ့အသံကို ကြားတယ်ဆို ချက်ခြင်း လာပြီး ဟိုသတ္တ၀ါတွေကို ကျောက်ခဲနဲ့ပေါက်တာဘဲ၊ နင့်အဖေနဲ့ အမေကို သူတို့သတ်လိုက် ကြတယ်လေ"
ထိုလူက ပြောသည်၊ ညာမေတင်က ငိုရှိုက်ရင်းနားထောင်နေသည်။ ထိုနောက် အဖေနဲ့ အမေ ကို ငါဘယ်လိုလုပ်ရမလဲ၊ ဒီအတိုင်း မထားခဲ့ချင်ဘူး၊ ယူသွားဘို့ကလဲ ငါတယောက်ထဲမနိုင်ဘူး ဟု တွေးကာ သီးထန်စွာ ငိုလိုက်ပြန်သည်။
“အဖေ အမေအသိုက်ထဲမှာ ငါတယောက်ထဲ နေရတော့မယ်၊ အမေ့ဗိုက်ထဲမှာ ငါမအိပ်ရ တော့ဘူးလား၊ အဖေ ရဲ့ ငါ့ကိုအမွေးပွပွသားရေတွေရှာပေးပါအုံး၊ ငါတယောက်ထဲ နေရတော့မယ်”
ညာမေတင်သည် သူပြောတတ်သလို စကားဖြင့် ပြောဆိုငိုကြွေးနေသည်။ မိတ်ဆွေလူသည် ညာမေတင်ကို ကြင်နာစွာပြောလိုက်သည်။
“နင့်အဖေနဲ့ အမေကို မြေကြီးထဲမှာ မြုပ်ဖို့ဆိုတာတော့ ငါမလုပ်တတ်ဘူး၊ ဟောကို မြေကြီးအ ကွဲထဲကိုထည့်၊ နောက်ပြီး တို့နှစ်ယောက်သစ်ကိုင်းချောက်တွေရှာပြီး သေသေချာချာဖုံးထားရအောင်၊ ဒီအတိုင်း ထားခဲ့ရင် တောကောင် တွေ လာစားကြလိမ့်မယ်”
ညာမေတင်သည် သူ့သဘောအတိုင်းမှာလဲ ဤအတိုင်းပင် စိတ်ကူးမိပါသည်။ ကြေကွဲလှိုက်လှဲ စွာ ငိုနေရာမှ ညာမေတင် က ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ထိုနေရာသည် သူတို့မိသားစုနေထိုင်ခဲ့သည့်နေရာလို သစ်ပင်ထူထပ်ခြင်းမရှိသောကြောင့် ကောင်းကင် ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ကောင်းကင်တွင် နေမင်းကြီးသည် ဦးခေါင်းပေါ်မှာ မရှိတော့ ဘဲ သူ ၀င်သွား တော့မည့် ဘက်ကို တော်တော်လေး တိမ်းနေပြီကို တွေ့ရသည်။
“အမေနဲ့ အဖေကို နင်ပြောသလိုဘဲ ထားရအောင်၊ င့ါကို ၀ိုင်းချီပေးပါနော်”
ညာမေတင်က ဖြိုင်ဖြိုင်ကျသော မျက်ရည်များနှင့် ငိုရှိုက်ရင်းပြောလိုက်သည်။
“အေးပါ၊ ကဲ မြန်မြန်ထားရအောင်၊ တော်ကြာ နေ၀င်သွားရင် တို့ ပြန်ဘို့မကောင်းဘူး ဖြစ်နေ မယ်”
ထိုလူကလဲ ပြောပြောဆိုဆိုဖြင့် မိခင်လူဝံမကြီးကို အရင်ချီလိုက်သည်။
မိခင်လူဝံမကြီး၏နံပါးတဖက်တွင်မူ ဘခင်လူဝံကြီး၏ရင်ဝမှာ ရရှိသည့်ဒဏ်ရာကြီးမျိုးမှ သွေး တွေ အိုင်ထွန်း နေသည်ကို တွေ့ရသည်။
“အမေ... အဖေ”
ညာမေတင်သည် အသံကုန်ဟစ်အော်လိုက်သည်။
“အမေနဲ့ အဖေကို သတ်သွားတဲ့ ရန်သူတွေကို နောက်တခါ ငါနဲ့တွေ့ပါစေ၊ ငါ့အဖေနဲ့ အမေ အတွက် နင် တို့ကို ဗိုက်ပေါက်အောင် ပြန်လုပ်မယ်ဟဲ့”
မိဘအတွက် လက်စားချေမည်ဟူသော စကားကို အဓိပ္ပာယ်ပေါ်အောင် မပြောတတ်ရှာသော ညာမေတင်သည် လူပြောတတ်သရွေ့စကားဖြင့် နာကျည်းလေးနက်စွာ အသံကုန်ဟစ်ပြီး ပြောလိုက် သည်။ ထို့နောက် ဘခင်လူဝံကြီးပေးသွားသည့် လက်ချောင်းပြတ်ကို ညာမေတင်သည် နွယ်ကြိုးလေး တချောင်းဖြင့် သေချာစွာ ချည်နှောင်ထားလိုက်သည်။
ထို့နောက် မိတ်ဆွေလူနှင့်အတူ မိခင်နှင့် ဘခင်တို့ကို နှစ်ယောက်သား ယုယကြင်နာစွာ ချီပွေ့ ခါ မြေကြီး အကွဲနေရာ သို့ ယူလာခဲ့ကြသည်။ ထိုနေရာကား ကြီးမားသောသစ်ပင်ကြီးတပင် လဲသွား သောအခါ အမြစ်ပါ ကျွတ်သွားသဖြင့် တွင်းကြီးဖြစ်နေသော နေရာဖြစ်သည်။
ဆက်ရန်
.

No comments:
Post a Comment