သည်တော့မှပင်လည်း ဆရာဝန်ကြီး ပြုံးရွှင်လာကာ ...
"ကဲ ... အခြေအနေ ကောင်းလာပါပြီ ဒေါ်ဒေါ်တို့အားလုံးဘဲ ကျွန်တော့်အိမ်လိုက်ပြီး ညစာ သုံးဆောင်ကြပါခင်ဗျာ" ဟု ဖိတ်ခေါ်လိုက်လေသည်။
အားလုံးမှာပင် စားချင်စိတ် မရှိကြသော်လည်း ဖိတ်ခေါ်ခြင်းကို အားနာသမှုဖြင့် ၀တ်ကြေတန်ကြေ လိုက်ပါ စားသောက် ကြရပေသည်။
အေးတယောက်သာလျှင် ...
"၀မ်းနည်းပါတယ် ... ကျမ စားကို စားနိုင်မှာ မဟုတ်လို့ပါ" ဟု ဇွတ်အတင်း ငြင်းဆိုကာ ကျန်ရစ်နေ သဖြင့် ဧည့်ဝတ် ကျေပွန်ရှာသော ဆရာဝန်ကတော် ကိုယ်တိုင်မှာပင် သူ့အတွက် နို့ဖန်တခွက်နှင့် မုန့်များ သွားပို့ ပေးရလေ၏။
ညပိုင်းတွင်လည်း အေးနှင့် ဒေါ်နှင်းက သူတို့စောင့်ကြည့် နေပါမည်ဟု ပြောဆိုပြန်လေသည်။
ဆရာဝန်က လူနာ ညစောင့် အလုပ်မှာ အမျိုးသမီးများနှင့် မသင့်လျော်ပါကြောင်း၊ တကယ်ဆိုတော့ ညလှည့် ဆရာမများ အသင့် ရှိနေကြသည်မို့ ယောက်ျားသားများပင်လျှင် အပင်ပန်းခံ၍ စောင့်နေကြသည်မှာ အပို သက်သက်သာ ဖြစ်ကြောင်း၊ သို့ရာတွင် လူနာရှင်များ အနေနှင့် စောင့်ကြည့်ရာမှ စိတ်ကျေနပ် မည် ဆိုလျှင်မူ နာရီပိုင်းနှင့် အလှည့်ကျသာ စောင့်ကြည့် စေလိုပါကြောင်း ဖြောင်းဖျ ပြောဆို ရလေသည်။ ဆေးရုံနှင့် အိမ်မှာ အချိန်မရွေး သွားရောက်နိုင် သည်မို့ ဆရာဝန်ကြီး ပြောဆိုသည်မှာ လျော်ကန် သော ပြောဆိုခြင်းလည်း ဖြစ်ပေသည်။
သို့ဖြင့် အေးနှင့် ဒေါ်နှင်းမှာ သူတို့အတွက် ဆရာဝန်ကတော် ပေးထားသော အခန်းမှာပင် အိပ်စက်ရန် ပြင်ဆင် ကြရလေသည်။
ထိုအချိန်တိုင်အောင်ပင် ဦးဖေတင်နှင့် အောင်နိုင်တို့ကတော့ လူမမာ အနီးမှာ ရှိနေကြသေးသည်။ ဆန်နီကလေးမှာလည်း စောစောက အေးနှင့် သူ့ဖွားဖွားချော့ခေါ်သည်ကိုပင် မရဘဲ အောင်နိုင်နှင့် ကပ်တွယ် ကျန်ရစ်ခဲ့သည်။
"ကျွန်တော်ဘဲ စောင့်လိုက်ပါမယ် ဦးရယ် ... ဦး သွားအိပ်ချည်ပါ ..."
ဦးဖေတင်နှင့် အောင်နိုင်က အမှတ်မထင်ပင် အချီအချ ပြောဆို နေမိကြ၏။ ထိုစကားကို ကြားရ၍ ထူးခြားလာသူကတော့ မောင်မောင်လွင်ပင် ဖြစ်ပေသည်။ သူသည် ...
"မောင်အောင်နိုင်" ဟု ခေါ်သံကြားမိသည်နှင့် တပြိုင်နက်ပင် မှိန်းနေရာမှ မျက်စိကို ဖျတ်ခနဲ ဖွင့်လှန်းပြီး ကြည့်လေ သည်။ ပြီးတော့ အံ့အားသင့်ဟန်ဖြစ်သွားရာမှ လူးလဲထတော့မယောင်ပင် ခေါင်းကို ကြွထောင် လာသေး သည်။ သို့ရာတွင် အားမရှိသည်မို့ ပြန်လည်ပြော့ခွေ၍ ကျသွားပြန် လေ၏။
ထိုအချင်းအရာကို မြင်လိုက်ရသော အောင်နိုင်မှာ ခုတင်အနီးသို့ ခြေလှမ်းကြဲကြီးများဖြင့် တိုးကပ် သွားကာ မောင်မောင်လွင့် လက်တဖက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရသည်။
"ကျွန်တော်ဟာ ကိုထူးဘဲဖြစ်ဖြစ် အောင်နိုင်ဘဲဖြစ်ဖြစ် ခင်ဗျားရဲ့သစ္စာ အရှိဆုံး မိတ်ဆွေတယောက်ပါ ... ကိုမောင်မောင်လွင် ..."
မောင်မောင်လွင်သည် အောင်နိုင်အား ပြန်လည်စူးစိုက် ကြည့်ရှုနေလေ၏။ ပြီးတော့မှ ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်လိုက်ပြီး ...
"ခင်ဗျား ဟာ လေးစားထိုက်တဲ့ မိတ်ဆွေပါဘဲ ကိုအောင်နိုင်" ဟု အားယူ၍ ပြောလိုက်ကာ သူ၏ အားမရှိ လှသော လက်ချောင်းများဖြင့် အောင်နိုင်၏ လက်ကို ပြန်လည်၍ ဖျစ်ညှစ်ဆုပ်ကိုင် လိုက်လေသည်။
လူငယ်နှစ်ဦး တို့၏ သန့်ရှင်း စင်ကြယ်သော မေတ္တာဓာတ်နဲ့ တွေ့မြင်သိရှိရသော ဦးဖေတင်မှာတော့ ၀မ်းသာ ၀မ်းနည်းကြီး ဖြစ်နေရလေသည်။
ထိုအခိုက်မှာ သူ့ဆန္ဒကို ထုတ်ဖော် ပူဆာလာသူကတော့ ဆန်နီ ဖြစ်လေ၏။
"အိပ်ချင်လှပြီ ဦးဦး ..." ဟု ဆိုကာ အောင်နိုင့်လက်ကို ခေါ်နေတော့လေသည်။
"ကဲပါ မောင်အောင်နိုင်ရယ် ... ခလေးလဲ ကောင်းကောင်း အိပ်ရအောင် သွားအိပ်ချေစမ်းပါ ..."
ဦးဖေတင် ကပါ ထပ်မံတိုက်တွန်းနေသည်တွင်တော့ အောင်နိုင်သည် ထပ်မံ၍ မငြင်းဆန်သာတော့ ဘဲ ဆန်နီ ကို ပွေ့ချီကာ ထွက်ခဲ့ရတော့ပေသည်။
ဆရာဝန်ကြီး အိမ်ရောက်၍ အခန်းနှစ်ခန်း၏ အလယ်မှ နေရာလွတ်တွင် ပြင်ပေးထားသော ခုတင်ပေါ်၌ ဆန်နီကို ချသိပ်နေသည့်အချိန်တွင်ကား တဖက်ခန်းမှ ဘုရားရှိခိုးနေသော အေး၏ အသံခပ်တိုးတိုး ကြား နေရလေသည်။ အောင်နိုင်မှာ အိမ်ထောင်ရှင်အဖြစ်နှင့် တည်ငြိမ်စွာ ပြောင်းလဲနေသော အေး၏ အမူအရာများကို နှစ်လို ကျေနပ်မိလေ၏။ ပြီးတော့ သူနှင့် တိုက်တိုက် ဆိုင်ဆိုင် ပြန်လည် ဆုံတွေ့ လာရခြင်း ကိုလည်း အဆိုးအကောင်း မဝေခွဲနိုင်အောင် ဖြစ်နေရလေ သည်။
"ဘုရားမလို့ သားလေး မြန်မြန် ကျန်းမာပါစေဘုရား၊ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုအားလုံးအတွက် သားလေးဒဏ်ရာ မြန်မြန် ပျောက်ပါစေ ..."
ဒေါ်နှင်း၏ ဆုတောင်းမေတ္တာ ပို့သံကို ကြားရရာတွင်ကား အောင်နိုင်မှာ မောင်မောင်လွင်အတွက် စိုးရိမ်စိတ် ၀င်လာမိပြန်တာ ... "ဟုတ်ပါတယ် ဒီလိုသဘောထားပြည့်တဲ့ ပညာတတ် လူငယ်တဦး ဟာ မဆုံးရှုံးသင့် သေးပါဘူး၊ အမြန်ဆုံး ကျန်းမာလာပါစေဗျာ" ဟူ၍ပင် ကူညီဆုတောင်းမိရပြန် သည်။ မနေ့က တည မအိပ် ရသည့်ဒဏ်နှင့် စိတ်ပန်းလူနွမ်း ဖြစ်ခဲ့ရသည့် ဒဏ်များကြောင့် မျက်ခွံ များလေးလံသာတော့ကာ မကြာမီ အတွင်းမှာ အိပ်ပျော်ခြင်းသို့ ရောက်ရှိသွားလေသည်။
ဘယ်အချိန်ရှိပြီဟူ၍တော့ မသိ၊ အောင်နိုင် နိုးလာသောအခါတွင်ကား အားနည်းသော အလင်းရောင် မှုန်မွှားမွှားကလေးကိုပင် တွေ့မြင်နေရပြီ ဖြစ်ပေသည်။ တအိမ်လုံးမှာလည်း တိတ်ဆိတ်လျက်ပင် ရှိ နေသည်။
အောင်နိုင်သည် ဦးဖေတင်အား အိပ်စေကာ လူနာတလှည့် သွားစောင့်ရန်ကို သတိရသည်နှင့် လူးလဲကာ ထရ လေ၏။ ပြီးတော့ ခုတင်ဘေးမှ မီးခလုတ်ကို စမ်းဖွင့်လိုက်ကာ အိပ်မောကျနေဆဲ ပင် ဖြစ်သော ဆန်နီကလေးအား စောင်ကို ပြင်ခြုံပေးလိုက်ပြီးနောက် ခြေကိုဖွဖွနင်းကာ တံခါးဆီ သို့ လျှောက်လာခဲ့သည်။ ထို့နောက် တံခါးအနီးမှ ဖိနပ်ကို ခြေထောက်မှာစွပ်ကာ တံခါးမင်းတုံးကို ဆွဲဖွင့်မည်ပြုသည်တွင်မူ တံခါးမှာ တစုံ တယောက် ဖွင့်ထွက်သွားပြီး၍ စေ့ရုံစေ့ထားကြောင်းကို တွေ့ရှိရပြန်လေသည်။ အောင်နိုင်မှာ ထိတ်ကနဲ ပင် ဖြစ်သွားရကာ ဆေးရုံဆီသို့ သုတ်သုတ်ပျာပျာ ထွက်လာရတော့သည်။
မကြာမီ ထောင့်ချိုးတခုမှာ ပွင့်ချည်မှိတ်ချည် လက်နှိပ်ဓာတ်မီးရောင်တခုနှင့်အတူ လူတယောက် သည် သူ့ရှေ့တူရူမှ လာလျက်ရှိသည်ကို တွေ့ရလေ၏။ ခပ်လှမ်းလှမ်းဆီသို့ ရောက်သောအခါ ထိုသူက အောင်နိုင့် ကိုယ်ပေါ်သို့ ဓာတ်မီးရောင်ကို တည့်တည့်မတ်မတ်ပင် တချက်ထိုးကြည့်လိုက် ကာ "သြ ... ခင်ဗျာလား" ဟု အသံပြု လိုက်သည်။ အောင်နိုင်လည်း ဆရာဝန်ကြီးအသံကို ချက်ခြင်း မှတ်မိသွားလေ၏။
"ဘယ့်နှယ်လဲ ဒေါက်တာ အရေးကြီးသလား ..." ဟု မေးလိုက်ရသည်။
"အရေးကြီး တော့တဲ့အချိန်ကို ရောက်ပါပြီဗျာ၊ ၀မ်းနည်းစရာပါဘဲ ..."
ဆရာဝန်ကြီး က ခေါင်းကို ရမ်းခါ၍ ပြလိုက်သည်။
"သူ့အမေ တွေ သိကြပြီသား ..."
"အားလုံး ဆေးရုံမှာ ရောက်ကုန်ကြပါပြီဗျာ ... မိုးလဲ လင်းတော့မှဘဲ၊ သုံးနာရီ ထိုးသွားပြီ ..."
အောင်နိုင် သည် သူအသိနောက်ကျခြင်းအတွက် စိတ်မကောင်းသလို ဖြစ်ကာ ဆရာဝန်ကြီးကိုမျှ စကား ဆက်ပြောနိုင်ခြင်း မရှိတော့ဘဲ ဆေးရုံဆီသို့သာ လေးကန်သော ခြေလှမ်းများဖြင့် လှမ်းထွက် ခဲ့ရသည်။
ယနေ့ နံနက်လည်း နေအတော်မြင့်မှပင် အောင်နိုင် အိပ်ရာမှ နိုးလာသည်။ ဤအိမ်၊ ဤနေရာကို ရောက်ရှိ သည်မှစ၍ ညညတွင် အတွေးလွန်ကာ အိပ်မပျော်တတ်သော အကျင့်တခုကို ရရှိနေကာ ဤလိုပင် အိပ်ရာထ နေမြင့်ရသည့် ရက်ပေါင်းမှာ များပေပြီ။
အောင်နိုင် သည် မျက်နှာသုတ်ပုဝါကို လည်မှာ ပတ်ကာ ရေချိုးခန်းရှိရာသို့ ထွက်လာခဲ့သည်။ မီးဖိုဆောင်ကို ဖြတ်ကျော်မိလျှင်ကား အေးသည် ဆန်နီးအား ကော်ဖီနှင့် မုန့်များကို တိုက်ကျွေး နေသည်ကို တွေ့ရသည်။ အိမ်ဖော် လင်မယားနှစ်ယောက်မှာလည်း သူတို့အနီးတွင် ချက်ပြုတ် ဘွယ်ရာများကို စီမံနေကြ၏။
အောင်နိုင် ၀င်လာသောအခါ အေးက မျက်လုံးတချက် လှန်ကြည့်ရုံသာ ကြည့်လိုက်သည်။
သူ့ဘက်သို့ နောက်ကျောပေးကာ စားသောက်စရာများတွင် အာရုံပြုလျက်ရှိသော ဆန်နီကလေး ကတော့ သူဝင်သည်ကို မမြင်တွေ့ရှာပေ။
မျက်နှာသစ်ပြီး၍ အောင်နိုင် ပြန်ထွက်လာသောအခါတွင်လည်း အေးသည် စောစောကလိုပင် တချက်မျှသာ မျက်လွှာပင့် ကြည့်လိုက်သည်။
အောင်နိုင် အလယ်ခန်းသို့ ရောက်လာသည်တွင်မူ အိမ်ဖော်အမျိုးသမီးသည် လဘက်ရည်လင်ပန်း ကို သယ် ယူကာ သူ့ကို ဖြတ်ကျော်ပြီး အိမ်ရှေ့ခန်းသို့ ထွက်သွားလေသည်။ ပါးလွှာကာ မိုးပြာရောင် ခန်းဆီး ကလေး ကို ထိုအမျိုးသမီးက ကိုယ်စောင်းတိုက်ကာ ဖယ်ရှားလိုက်သည့် တခဏတွင်မူ အပြင်ဖက်တွင် သတင်းစာ ဖတ်နေသော ဦးဖေတင်ကို တွေ့မြင်ရလေသည်။
အခါတိုင်းဆိုလျှင်တော့ အောင်နိုင်သည် ယခုလို နံနက်ပိုင်းတွင် ဆင်ဝင်ခန်းသို့ ထွက်ကာ ဦးဖေတင်နှင့်အတူ လဘက်ရည်သောက်ရင်း စကားပြောနေလေ့ ရှိသည်။ သို့နှင့်သူ့အတွက် ပေးထားသော အခန်း ထဲသို့ ပြန်ဝင်ခဲ့ကာ ညောင်လေးပင်တုန်းကမူ ၀ယ်ယူထားခဲ့ရသော သူ့အ၀တ် အထည်ကလေး များကို လွယ်အိတ်တလုံးဖြင့် စုဆောင်းထည့်သိုနေရလေသည်။
ယနေ့မှာ မောင်မောင်လွင် ကွယ်လွန်ပြီးနောက် ရက်ပေါင်း ၂၀မျှပင် ကြာညောင်းခဲ့ပြီ ဖြစ်လေ၏။
မောင်မောင်လွင်၏ ရုပ်ကလပ်တွင် ညောင်လေးပင်မှ ပြန်လည် ယူဆောင်ခဲ့သည်မှအစ ဂူသွင်း မြှုပ်နှံ့ကာ ရက်လည်ဆွမ်းသွတ်ပြီးသည်အထိ ကိစ္စအ၀၀တို့ကိုလည်း သူပင်လျှင် ကိုယ်ဖိ ရင်ဖိ ကူညီပေးခဲ့ရသည်။
နောက်ပိုင်း တွင်တော့လည်း ဆန်နီကလေးက သူ့ဆိုသူမှဆိုသလို တန်းတန်းစွဲ ဖြစ်နေခြင်းကို ငဲ့ညှာ ကာပင် သူနေခဲ့ရသည်။
ဤအတွင်းမှာ အေးတယောက်ကလည်း သူ၏ပူပင်သောကများကို တတ်နိုင်သလောက် ဖြေဆည် ကာ ဆန်နီ၏ ခင်မင်မှုကို မရအရ ကြိုးပမ်းရှာပါပေသည်။
ဒေါ်နှင်းမှာလည်း ယောက်မခဆိုပေမည့် အေးအပေါ်တွင် သမီးရင်းတမျှ ချစ်ခင်ကြင်နာမှုရှိကာ အင်မတန် သဘောထားပြည့်ဝကြောင်းကို တွေ့ရှိရပေသည်။
သူသည် သူ၏ မြေးကလေး ဆန်နီကိုပင် သူ့အိမ်သို့ အတင်းအကြပ် ခေါ်ဆောင်သွားခြင်း မပြခဲ့ဘဲ အေး အတွက် စိတ်ဖြေစရာ ရစိမ့်ခြင်းငှါ အေးတို့ထံမှာပင် ထားစေခဲ့သည်။
ယခုတော့ ဆန်နီသည် အေးအား မေမေအေး ဟူ၍ပင် ခေါ်စမှတ်ပြုကာ ခင်တွယ်လာပြီ ဖြစ်ပေ သည်။ အေးထံ မှာ သွားရောက်အိပ်စက်သည်မှာပင် ၄-၅ ညမျှ ရှိပြီ ဖြစ်ပေ၏။
ဤသို့ဆိုလျှင် ဤအိမ်ထက်မှာ သူဘာ့ကြောင့် ဆက်လက် နေထိုင် ရတော့ပေမည်နည်း။ ပြီးတော့ အေးကိုယ်တိုင်ကလည်း ယနေ့ထိအောင် သူ့အား စကားတခွန်းတပါဒမျှ ပြောခဲ့လေ့သည် မဟုတ် သေးပေ။
ဦးဖေတင် က သူ့အား မချွင်းမချိန် ပြောပြခဲ့သည်မို့ သိရှိရသည်မှာလည်း ဟိုလွန်ခဲ့သော (၂)နှစ်ကျော်က သူ့တို့ မြို့ကလေးမှ အောင်နိုင် ထွက်ခွာသွားခဲ့သည့် ညတွင် ဦးဖေတင်တို့သည် အေးအား မြို့စွန် အိမ်ကလေးမှ သွားရောက်ခေါ်ငင်ခဲ့သည်။
အိပ်ရာမှ နိုးနှင့်နေသော အေးသည် အောင်နိုင်ကို မတွေ့၍ အိပ်ခန်းပတ်လည်တွင် ရှာဖွေကာ ဇဝေဇ၀ါ ဖြစ်ရှိနေဆဲတွင် ဦးဖေတင်တို့ မောင်နှမကို တွေ့ရသောအခါ အောင်နိုင်က သွားရောက် တောင်းပန်ကာ ပြောကြားခဲ့သည်မို့ သဘော ညီမျှကာ လာရောက် ခေါ်ငင်ကြခြင်းဖြစ်သည်ဟူ၍ပင် ပထမဦးစွာ အထင် ရှိလေသည်။
နောက် သူထင်သလို မဟုတ်မှန် သိရသောအခါတွင်ကား အေးသည် သည်းထန်စွာ ငိုကြွေးခဲ့လေ ၏။ နောက် တွင်ကား အောင်နိုင်၏ အမည်ကို စကားစပ်၍ပင် အသုံးမပြုခဲ့တော့ပေ။
လူကြီး တွေလည်း အခြေအနေကိုကြည့်ကာ မောင်မောင်လွင်နှင့် လက်ထပ်ရေးကိစ္စကို အချိန်ဆွဲ ခြင်း မပြုတော့ ဘဲ အမြန်စီမံခဲ့ရသည်။
မောင်မောင်လွင်တယောက်ကိုတော့ အေးသည် သူဖြစ်သမျှကို ပြန်လည် ပြောပြခဲ့သည်ကို ဦးဖေတင်က ထင်လေသည်။
မောင်မောင်လွင် ကလည်း သည်ကိစ္စနှင့် ပတ်သက်၍ အေးအပေါ်မှာ သဘောထားပြောင်းနိုင်ရှာပုံ မရပါဟု ဆိုသည်။
သည်လို နှင့် လက်ထပ်ပေးပြီး၍ မကြာလှမီမှာတော့ ဒေါ်ဒေါ်စောတယောက် လူကြီးရောဂါနှင့် ဆုံးရှာ ပြန်လေသည်။
ထိုအခါတွင်တော့ ဦးဖေတင်သည် သူပိုင်ဆန်စက်ကြီးနှင့်တကွ တိုက်တာ ခြံမြေအားလုံးကို ရောင်းချကာ ရန်ကုန် သို့ လိုက်လာပြီး သမီးထွေးနှင့် သမက်ပါ ခေါ်ယူလျက် အိုးသစ်အိမ်သစ် တည်ထောင်ခဲ့ရသည်ဟု ပြောပြ လေသည်။
ဤကဲ့သို့ အခြေအနေ အတည်တကျ ဖြစ်ရှိလာကြပြီးမှ ယခုတဖန် ကိုမောင်မောင်လွင် တယောက် ဆုံးပါးသွားပြန်သည်မှာလည်း ၀မ်းနည်းစဘွယ်ပင် ဖြစ်ပေသည်။ ယခုအချိန်တွင် တိုင်အောင် အေး တယောက် က သူ့အပေါ်မှာ မကြေချမ်းနိုင်ဟန်မှာလည်း သိသာလှသည်။ တကယ်ဆိုတော့ သူလုပ်ခဲ့သည့် အလုပ် မှာလည်း သိသာလှသည်။ တကယ်ဆိုတော့ သူလုပ်ခဲ့သည့် အလုပ်မှာ လည်း မိန်းမသားတဦး ဖက်ကနေ ကြည့်လျှင် ခွင့်လွှတ်ချင်စရာ ကောင်းသည်တော့ မဟုတ်။
အောင်နိုင်က အရာအားလုံးအတွက် အဆင်မပြေလှစွာ ဖန်တီးလာသော ကံကြမ္မာအပေါ်တွင်သာ ပုံချပြီး စိတ်ဖြေလိုက်ရသည်။ ထိုအခိုက်မှာ "သြော် ... မောင်အောင်နိုင် အိပ်ရာထ မထသေးဘူး မှတ်လို့" ဟူသောအသံကို အခန်းဝဆီမှ ကြားလိုက်ရသည်။ ဦးဖေတင်သည် ခါတိုင်းလို လဘက်ရည် သောက်ရန် အောင်နိုင် ရောက်ရှိမလာခြင်းအတွက် လာရောက် ကြည့်ရှုခြင်းပင် ဖြစ် ပေသည်။ အောင်နိုင်က "အခုဘဲ လာခဲ့ ပါမယ်ဦး ... ကျွန်တော်သွားဘို့ ပြင်ဆင်နေရတာနဲ့ ..." ဟု ပြန်ပြောလိုက်ရသည်။
"ဒီတခါတော့ ... မင်း ဘယ်ကိုမှ သွားဘို့ မလိုတော့ဘူးထင်တယ် မောင်အောင်နိုင် ..."
ဦးဖေတင်ထံမှ ထိုစကားကို ကြားရသည်တွင်တော့ အောင်နိုင်အတော် အံ့အားသင့်သွားမိသည်။ ဦးဖေတင် ဘာကို ရည်စူး၍ ပြောသည်ကိုလည်း သဘောမပေါက်နိုင်အောင် ရှိရလေ၏။ ဦးဖေတင် ကတော့ မပြုံးမရယ် နှင့် ထိုစကား တခွန်းကို ပြောပြီးလျှင် ပြီးခြင်းပင် အိမ်နောက်ခန်းသို့ လှည့်ထွက်သွားသည်။
မီးဖိုဆောင်ထဲတွင် စားသောက်ပြီးစီးသွားပြီဖြစ်သော ဆန်နီအား လက်သုတ်ပုဝါ တထည်ဖြင့် ပါးစပ်ကို သုတ်ပေးနေသော အေးကို တွေ့ရတော့မှ ဦးဖေတင်က ရပ်တန့်နိုင်သည်။
"မောင်အောင်နိုင် သွားတော့မလို့တဲ့ သမီး ... သမီးအနေနှင့် ကျေးဇူးတင်စကားလေး ဘာလေး ပြောပြီး ထားထားသင့်သေး ဘယ်လို့ ဖေဖေ ထင်တယ်"
ဦးဖေတင် အေး ကိုလည်း ထိုမျှပင် ပြောဆိုခဲ့ကာ အိမ်ရှေ့ခန်းသို့ တိုက်ရိုက် ပြန်ထွက်သွားလေ သည်။
အေးသည် သူ့ဖခင်စကားကို ကြားရလျှင် နှုတ်ခမ်းသားကို သွားကလေးဖြင့် ဖိကိုက်ကာ တွေဝေ သွားလေ၏။ မျက်လုံးအိမ်တွင် မျက်ရည်ဥတို့ ယီးလေးခိုကာ ရင်ထဲမှာ တလှပ်လှပ် ဖြစ်လာခြင်း မှာလည်း ဘယ်လိုဝေဒနာ ရယ်လို့မသိ၊ "သွားတော့မလို့တဲ့ သွားတော့မလို့တဲ့ ..." အနာဟောင်းကို ဆွပေးသည်နှင့် တူလှသော သည်စကားလုံးကိုလည်း နားခါးလှပါဘိသည်။ ဒေါသထွက်လှသည်။ ဘယ်လိုများ ကျေးဇူးတင်စကားကို ပြောထွက်နိုင်ပါမည်နည်း။ ဘာ့ကြောင့်ကော တားဆီးထားရဦး မှာပါနည်း။
အေးတယောက်က စိတ်မတည်မငြိမ် ဖြစ်နေရဆဲတွင် ဆန်နီကတော့ သူ့ဦးဦး၏ အခန်းသို့ တဒိုင်းဒိုင်းနှင့် ပြေးထွက်သွားလေပြီ။ မကြာမီ ... ရှိုက်ကြီးတငင် ငိုချလိုက်သော ဆန်နီ၏အသံကို ကြားရ၏။ အေးက ထိတ်လန့်သလိုဖြစ်ကာ ခြေလှမ်းခပ်ကြဲကြဲနှင့် လိုက်ပါသွားမိသည်။ အခန်းဝမှ မရွံ့မရဲ လှမ်းကြည့် လိုက်မိလျှင် "မသွားရဘူး မသွားရဘူး ... ဦးဦး မသွားရဘူး" ဟု ထွန့်ထွန့်လူးမျှ အော်ဟစ်ကာ အပေါက်ဝသို့ နောက်ကျောပေးထားသော အောင်နိုင် ခြေနှစ်ချောင်းကို သိုင်းဖက် ထားသည့် ဆန်နီအား တွေ့မြင်ရသည်။
"ဦးဦး မသွားလို့ မဖြစ်ဘူး ဆန်နီ မင့်မေမေအေးက ဦးဦးကို သိပ်မုန်းနေတာ"
စနက်တံနှင့် တူလှသော သည်စကားလုံးကတော့ အေး ကိုယ်ထဲမှ လျှို့ဝှက်ချက်တခုကို လျင်မြန်စွာ ထိမှန် ပေါက်ကွဲသွားစေပုံ ရပေသည်။ အေးသည် သူ့ကိုယ်ကိုမျှ သတိမထားနိုင်မီမှာ ပင် အခန်းထဲသို့ ပြေးဝင်မိပြီး ဖြစ်သွားသည်။
"ဘယ်သူက ဘယ်သူ့ကို မုန်းတာလဲဟင် ... ဘယ်သူက ဘယ်သူ့ကို မုန်းတာလဲ ဟင် ..."
အေးသည် ပါးစပ်မှ ဤသို့ ရွတ်ဆိုကာ အောင်နိုင် ရင်ပတ်ကြီးကို သူ့လက်သီးဆုပ် နှစ်ဖက်ဖြင့် တ၀ုန်းဝုန်းထုနှက်၍လည်း နေလေ၏။
ဤမျှဖြင့် အောင်နိုင်တယောက်က နားလည်မှု ရှိနိုင်ပါလေသေသည်။ သူသည် အေးက ထုရိုက်နေ သမျှကို မတုန်းမလှုပ်နှင့် ပေတေပြီး နေလေသည်။
အေး တယောက် မောသလောက်ရှိသွားတော့မှ အေး၏ လက်သီးဆုပ်ကလေး နှစ်ခုကို သူ့လက်များ ဖြင့် ညင်သာစွာ ဆုပ်ကိုင် လှမ်းယူလိုက်လေ၏။
ပြီးတော့ အေးကို မည်သို့မျှ မဆိုဘဲ ဆန်နီကလေးကိုသာ ပြော၍ ပြောလိုက်သည်။
"ဦး ဦး မသွားတော့ပါဘူး ဆန်နီ ... ဦး ဦး မင်းတို့ကို တသက်လုံး မခွဲတော့ပါဘးကွယ် ..."
ပြီးပါပြီ
.

No comments:
Post a Comment