Monday, April 11, 2011

ကကြီးရေက (ဆရာပါရဂူ)

ကကြီးရေက
ဆရာပါရဂူ အမှတ်တရ ကလျာ မှာ ပါတဲ့ ဆောင်းပါးလေး ကို တင်ပေးလိုက်ပါတယ်

ကျွန်ုပ်တို့ ကလေးသူငယ် သုံးယောက်သည် အတူတကွကြီးပြင်းလာခဲ့ကြသည်။ ကျွန်ုပ်၏ အခြားအဖော် နှစ်ယောက် သည် ကျွန်ုပ်ထက် အသက် ၂ နှစ်ကြီးသည်။ သူတို့နှစ်ယောက် ကျူရှင်ဆရာဆီမှာ စာသင်နေချိန် ၌ ကျွန်ုပ်လည်း စာစသင်သည်။ သို့သော်လည်း ထိုအချိန်က ဘာစာသင်ခဲ့ရသည်ဆိုသည်ကို ယခု သတိမရတော့။

သတိရနေတာတစ်ခုတော့ ရှိသည်။ '' မိုးရွာသည်။ သစ်ရွက်လှုပ်သည်'' ကို ဖတ်ရခြင်းဖြစ်သည်။ ထိုအချိန်၌ ကျွန်ုပ်သည် 'ကရ' ၊ 'ခလ' အစရှိသော မုန်တိုင်းက လွတ်မြောက်ပြီး ကမ်းကပ်လာလေပြီ။ ထိုနေ့ရက်တွင် ''မိုးရွာသည်၊သစ်ရွက်လှုပ်သည်''ကို ဖတ်ရခြင်းဖြစ်သည်။ ယင်းဖတ်စာသည် ကျွန်ုပ်၏ ဘဝ၌ ''အာဒိကဝိ'' အဦးဆုံးကဗျာ ဆရာ၏ ကဗျာဖြစ်နေသည်။ ထိုနေ့ရက်က ဝမ်းမြေက်ဝမ်းသာ ဖြစ်ခဲ့ရသည်ကို ယနေ့ ပြန်ပြောင်း သတိရသောအခါ၌လည်း ကဗျာ၌ ကာရန်မည်မျှ အရေးကြီးသည်ဆိုသည်ကို နားလည်သဘော ပေါက်လာသည်။  

ကာရန်ကြောင့်ပင် ကဗျာအဆုံးသတ်သွားသည်။ သို့သော်လည်း ကာရန် ကြောင့်ပင် ကဗျာ အဆုံး မသတ်နိုင် ဖြစ်နေသည်။ ကဗျာရွတ်ဆိုခြင်း နိဂုန်းချုပ်မသွားပေ။ ကာရန်ကို အကြောင်းပြုလျက် နားနှင့် စိတ်နှလုံး သည် ဆက်လက်ကစားနေသည်။ ယင်းသို့အားဖြင့် ကျွန်ုပ်၏အမှတ်သညာထဲတွင် ထပ်ခါထပ်ခါ မိုးရွာ နေသည်။ သစ်ရွက်လှုပ်နေသည်။

ကလေးသူငယ်အရွယ်က ဖြစ်ပျက်ခဲ့သော အခြားအဖြစ်အပျက်တစ်ခုလည်း ကျွန်ုပ်၏ စိတ်နှလုံး ထဲတွင် ခိုင်မြဲစွာ စွဲနေသည်။
ကျွန်ုပ်တို့အိမ်၌ ကေလာဆ်နာထ် အမည်ရှိ ငွေကိုင်စာရေးကြီးတစ်ယောက်ရှိသည်။ ထိုငွေကိုင် စာရေးကြီး သည် ကျွန်ုပ်တို့ အိမ်၌ နေသည်မှာကြာပြီဖြစ်၍ အိမ်သားတစ်ယောက်လိုဖြစ် နေသည်။ ပျော်လည်း ပျော်တတ် သည်။ အကျီစားလည်း သန်သည်။ လူကြီးလူငယ်အရွေး မည်သူမဆို သူ၏အပြောင် အစ ခံရသည်။ မိသားစု အသိုင်းအဝိုင်းထဲ ရောက်လာသည့် သမက်အသစ်များနှင့် တခြားလူသစ်များမှာမူ သူစလို့ ပြောင်လို့ အကောင်းဆုံး ၊ သူချောက်ချအခံရဆုံး ဖြစ်နေကြသည်။

သူကွယ်လွန်သွားပြီးသည့် နောက်၌ပင် သူ၏ အပြောင်အနောက်ဝါသနာသည် သူ့ကိုစွန့်ခွာမသွားဟု ကျွန်ုပ် တို့ သံသယဝင်နေကြသည်။ တစ်ချိန် ကျွန်ုပ်၏ ဆရာသမားများသည်''ပလန်းချက်''၏ အကူအညီဖြင့် တမလွန် လောကနှင့် အဆက်အသွယ်ရဖို့ ကြိုးစားကြသည်။ တစ်နေ့သ၌ ခဲတံခြစ်သွားသော အရာတွင် ကေလာဆ် ၏ အမည်ပေါ်လာသည်။ ထိုအခါ ကေလာဆ်ကို ''ခင်ဗျား ရောက်နေတဲ့ ဘဝမှာ ဘယ်လို နေရ စားရ သလဲ''ဟုမေးကြသည်။'သေပြီးတဲ့နောက်မှကျုပ်သိရတာကို  ခင်ဗျားတို့က ဖြတ်လမ်းက သိချင်လို့ ဘာရမလဲ '' ဟူသောအဖြေပေါ်လာသည်။

ထိုကေလာဆ်သည် ကျွန်ုပ်ငယ်ငယ်က ကျွန်ုပ်ပျော်ရွှ့င်လာအောင် သူကိုယ်တိုင် ကာရန်ဖြင့် ဖွဲ့ထားသော ကဗျာရှည်ကြီး တစ်ပုဒ် ရွတ်ပြသည်။ ကဗျာတွင်ပါသော ဇာတ်လိုက်မှာ ကျွန်ုပ်ဖြစ်သည်။ ကဗျာ၌ ဇာတ်လိုက် မင်းသမီး ရောက်လာ ကို မျှော်လင့်ချက်ကြီးစွာဖြင့် ဇာတ်လိုက်မင်းသား စောင့်မျှော်နေ ပုံကို ထိထိမိမိ ဖွဲ့ဆိုထားသည်။ တစ်လောကလုံး စွဲမက်လောက်သည့်ဇာတ်လိုက် မင်းသမီးသည် အနာဂတ်၏ ရင်ခွင် ကို တောက်ပြောင်ဝင်းလက်စေသော အချောဆုံး အလှဆုံး ရုပ်ဆင်းအင်္ဂါရှိသူဖြစ်သည်။ ကဗျာ နားထောင်စဉ် ဇာတ်လိုက်မင်းသမီး၏ ပုံသဏ္ဍာန်ကို ကျွနု်ပ်စွဲလမ်းသွားသည်။

သတို့သမီး၏ ခြေဆုံးခေါင်းဆုံး ဆင်ပြင်ထားသော ရတနာတန်ဆာ စာရင်းနှင့် မကြုံစဖူး လက်ထပ် မင်္ဂလာအခမ်းအနား ၏ ခမ်းနားပုံ ဖွဲ့ဆိုထားသည်ကိုကြားရသည့် အခါ သမ္ဘာရင့် ဝါရင့်လူကြီးသူမ များ သည်ပင် စိတ်လှုပ်ရှားသွားနိုင်သည်။ သူငယ်၏ စိတ်နှလုံးကို ထိခိုက်စေပြီး မျက်စိရှေ့မှောက် ထူးခြား ဆန်းကြယ်သောအံ့သြဖွယ်ရုပ်ပုံသွင်ပြင် ပေါ်လာခြင်း၏ မူရင်းအကြောင်းမှာမူ ခပ်မြန်မြန် ခပ်သွက်သွက် အဆက် မပြတ် ရွတ်ဆိုသွားသော စကားလုံးအလှများနှင့် ကာရန်လှိုင်းများဖြစ်သည်။

ကလေးသူငယ်အရွယ်က စာပေရသ ခံစားမှုနှင့် ပတ်သက်သော ယင်းအဖြစ်အပျက်နှစ်ခုသည် ယခု ထက်တိုင် ကျွန်ုပ်၏ အမှတ်သညာထဲက ပျောက်မသွားပေ။ နောက်တစ်ခုလည်း ရှိသေးသည်။ ''မိုးတဖျောက် ဖျောက် ရွာနေသည်။ မြစ်ရေကြီးလာသည်'' ဟူသော ကျေးလက်ကဗျာသည် မိမိ ကလေးဘဝ ၏ ''မေဃဒူတ'' ဂန္ထဝင် ကဗျာသဖွယ် ဖြစ်နေသည်။
ထို့နောက် မိမိ အမှတ်သညာထဲတွင် ပေါ်လာသော အကြောင်းအရာမှာ ကျောင်းစတက်ခြင်းဖြစ်သည်။ တစ်နေ့သ၌ ကျွန်ုပ်၏ အစ်ကိုနှင့် ကျွန်ုပ်အစ်မကြီး၏သား ''ဆတျပရဆတ်'' တို့ ကျောင်းစတက်ကြသည်။ ကျွန်ုပ်၏တူ ''ဆတျ'' သည် ကျွန်ုပ်ထက် အသက်အနည်းငယ်ကြီးသည်။ ကျွန်ုပ်ကိုမူ ကျောင်းထားဖို့ အရွယ် မရောက်သေး    ဟု ယူဆထားကြသည်။

အော်ငိုရုံမှတစ်ပါး မိမိလည်းကျောင်းသွားလို့ရပြီဟု ကိုယ့်အရည်အချင်းကိုပြ၍ ရသည့် တခြားနည်း ရှာမတွေ့ပေ။  ကျွန်ုပ်သည် ရထားလုံးလည်း တစ်ခါမှ မစီးဖူးသေးပေ။ အိမ်အပြင်ကိုပင် တစ်ခါမှ မထွက်ဖူး သေးပေ။ ထို့ကြောင့် ဆတျပရဆတ်က သူ၏ကျောင်းတက်ဖို့ သွားပုံစွန့်စားခန်းကို ပုံကြီးချဲ့ပြီး နေ့စဉ် ရက်ဆက် မြိန်ရေရှက်ရေ ပြောပြနေသောအခါ ကျွန်ုပ်အိမ်ထဲတွင် ရပ်မနေချင်တော့ပေ။ အိမ်အပြင်ဘက် ထွက်ချင် လာသည်။ ကျွန်ုပ်၏ ကျူရှင်ဆရာတစ်ယောက်သည် ကျွန်ုပ်ကို ခပ်သွက်သွက်ကလေးရိုက်ပြီး တန်ဖိုး ရှိလှသော ညွှန်ကြားချက်ဖြင့် ကျွန်ုပ်၏ အထင်မှားအမြင်မှားကို ပယ်ဖျောက်ပစ်လိုက်သည်။

''မင်းအခု ကျောင်းတက်ချင်လို့ ငိုတယ်နော်၊ နောက်ကျတော့ ကျောင်းမတက်ချင်တဲ့အတွက် အခုထက်ပိုပြီး ငိုရ လိမ့်မယ်'' ကျွန်ုပ်သည် ထိုကျူရှင်ဆရာ၏ အမည်နာမကိုလည်း မမှတ်မိတော့ပေ။ သူ့ပုံသဏ္ဍာန်နှင့် စရိုက်လက္ခဏာ ကိုလည်း သတိမရတော့ပေ။ သို့ရာတွင် သူ၏ လေးနက်သော ညွှန်ကြားချက်နှင့် ထိုထက်ပင် လေးနက်သော အရိုက်အနှက်မှာမူ ယခုထက်တိုင် ကျွန်ုပ်၏ အမှတ်သညာထဲက ပျောက် မသွားပေ။ မိမိ၏ ဘဝတစ်လျှောက်လုံး၌ ယင်းထက်မှန်ကန်သော အနာဂတ် ဟောကိန်းကို ကျွန်ုပ်တစ်ခါမှ မကြား ရတော့ပေ။

ငိုကြီးချက်မ လုပ်သောကြောင့် အရွယ်မရောက်ခင်ပင် ကျွန်ုပ်ကို ''အိုရီယန်တလ်ဆီမင်နရီ'' ကျောင်း သို့ ပို့ လိုက်ကြသည်။ ထိုကျောင်း၌ ဘာစာတွေသင်ခဲ့ရသည်ကို မမှတ်မိတော့ပေ။  သို့ရာတွင် ထိုကျောင်း၌ ကျောင်းသား များအား ဒဏ်ပေးသည့် နည်းတစ်နည်းကိုမူ ယခုထက်တိုင် သတိရနေသည်။ မိမိသင်ခန်းစာ ကို ဖတ်မပြတတ်သော ကျောင်းသားကို ခုံပေါ်မှာ အရပ်ခိုင်းပြီး လက်မောင်းနှစ်ဖက်ကို ရှေ့ဘက်ဆန့်တန်း အထား ခိုင်းသည်။ ထို့နောက်လက်ဝါးနှစ်ဖက်ပေါ်၌ အတန်းထဲက ကျောက်သင်ပုန်း အများအပြားကို တစ်ချက်ပြီး တစ်ချက် ထပ်တင်ထားသည်။ ယင်းနည်းကို အသုံးပြုခြင်းအားဖြင့် စာမည်မျှကျက်၍ ရသည် မရသည်ကိုမူ စိတ္တဗေဒ ပညာရှင်များ အငြင်းအခုံလုပ်ရမည့် အရာဖြစ်သည်။

ယင်းသို့အားဖြင့် ကျွန်ုပ်သည် အရွယ်မရောက်ခင်ကပင် ကျောင်းတက်ရသည်။ အစေခံများ၏ အုပ်ချုပ်မူ့ အောက်တွင်အစပျိုးခဲ့ရသော စာအုပ်များကို အခြေခံပြီးလျှင် ကျောင်းတွင်လည်း စာစသင်ရသည်။ ယင်းစာအုပ် များထဲတွင် ဗင်္ဂါလီဘာသာ ပြန်ထားသော စာဏကျနီတိဂါထာနှင့် ကိတ္တိဝါသ၏ ''ရာမာယဏ'' သည် အဓိက စာအုပ်များဖြစ်သည်။ ''ရာမာယဏ'' သင်စဉ်က ရုပ်ပုံလွှာသည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ပြတ်ပြတ် သားသား ပေါ်လွင်နေသည်။

ထိုနေ့က မိုးအုံ့နေသလားမသိပေ။ အပြင်ဘက်က အိမ်ရှိ လမ်းအစပ်က ဝရန်တာတွင် ကျွန်ုပ် ကစား နေသည်။ ဆတျပရဆတ် အဘယ်ကြောင့် ကျွန်ုပ်ကို ခြောက်လှန့်သည့် အနေဖြင့် '' ပုလိပ်'' 'ပုလိပ်' ဟု အော်သည် ကို သတိမရတော့ပေ။  ပုလိပ်နှင့်ပက်သက်ပြီး ကျွနု်ပ် အကြမ်းဖျဉ်း ယူဆထားချက်ရှိသည်။ အပြစ် ကျူးလွန်သူ တစ်ယောက်ကို ပုလိပ်လက်အပ်သည်ဟု သိထားသည်။

ကြောက်စရာသွားကြီးများဖြင့် သားကောင်ကို ကိုက်ချီပြီး ရေနက်ထဲ ပျောက်ကွယ်သွားသော သတ္တဝါကဲ့သို့ ကံဆိုးသူတစ်ယောက်ယောက်ကို ဖမ်းပြီး ရဲဌာန အချုပ်ခန်းထဲ ထည့်ခြင်းသည် ပုလိပ်၏ ဥာဉ်ဖြစ်သည်။ ယင်းတင်းကျပ်သော အုပ်ချုပ်မူအောက်က လွတ်မြောက်ဖို့ လမ်းမမြင်သော အပြစ်မဲ့ ကလေးသူငယ်သည် အိမ်အတွင်းခန်း ထဲ ဝင်ပြေးရုံ မှတစ်ပါး တခြားနည်းလမ်း ကြည့်မမြင်တော့၍ အိမ်အတွင်းခန်းထဲ ဝင်ပြေးသည်။ မိမိနောက်က ပုလိပ်လိုက်လာသည်ဟုလည်း ထင်နေသည်။ ကျွန်ုပ် အမေ့ကို အကျိုး အကြောင်း ပြောပြသော်လည်း အမေသည် ဘာမှမမူသလို လုပ်နေသည်။ သို့သော်လည်း ကျွန်ုပ် အပြင် မထွက်ရဲ တော့ပေ။ အမေ၏အရီး ဖြစ်သည့် အဘွားအိုသည် '' ကိတ္တဝါသ''၏ ရာမာယဏ စာအုပ် ကို ဖတ်လေ့ ရှိသည်။ အနားစုပ်နေပြီ ဖြစ်သည့် ''ရာမာယဏ'' စာအုပ်အဟောင်းကို ယူပြီး ကျွန်ုပ်အမေ့အခန်း တံခါးဝ သွားထိုင်ပြီး ဖတ်နေသည်။

အိမ်၏ ရှေ့ဘက်က ပတ်ပတ်လည်ရံထားသော လေးထောင့်ဝရန်တာရှိသည်။ ယင်းဝရန်တာတွင် မိုးတိမ် လွှမ်းနေသော ခပ်မှိန်မှိန် ဆည်းဆာရောင်ဖြာကျနေသည်။ ''ရာမာယဏ'' တွင်ပါသော ကရုဏာ အပြည့်ရှိသည့် အဖွဲ့တစ်ဖွဲ့ ဖတ်ရသည့်အတွက် ကျွန်ုပ် မျက်ရည်ကျနေသည်ကို တွေ့ရသောအဖွားသည် ကျွန်ုပ် ၏ လက်ထဲက ''ရာမာယဏ'' စာအုပ်ကို လုယူသွားသည်။

စာရေးသူ - ပါရဂူ
ကလျာ-ဧပြီလ-၂ဝ၁၁
.

4 comments:

ahphyulay said...

အင်း...
တစ်ပုဒ်လုံးမှာ
ဖတ်ပြီး မပြီးခဲ့ တာက ..
ကာရံကြောင့် ပင် ကဗျာ အဆုံးသတ်သွားတာနဲ့ 
ကာရံ ကြောင့် ပင် ကဗျာ အဆုံးမသတ်သွားတာ
ဆိုတဲ့  အရေး လေးပါ..။
စဉ်းစားနိုင်သလောက်လည်း မပြီးနိုင်တော့ တာ...။

ချစ်ကြည်အေး said...

အမဇင်ရေ ဆရာပါရဂူစာလေး တခုတ်တရလာဖတ်တယ် အမရေ ဆရာကြီးကို နှမျောလိုက်တာနော်....

Angelhlaing(May everybody be happy and healthy! said...

မမရေ အမှတ်တရ ပြန်လည်တင်ပြ ပေးလို့ကျေးဇူးပါမမရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ။

An Asian Tour Operator said...

ဆရာကြီးကွယ်လွန် သွားတာဟာ စာပေလောက အတွက် အင်မတန်ကြီး မားတဲ့ ဆုံးရှုံးမှု့ တခု ပါ။ ကျနော်ဆရာကြီး နဲ့ နောက်ဆုံး တွေ့ခဲ့တာ လွန်ခဲ့တဲ့ ၅ နှစ်ကျော် လောက်ကပေါ့။
....တို့ အတွက် မင်္ဂလာလက်ဖွဲ့ ၅၀၀၀ ကျပ်
ပါရဂူ

ဆိုတဲ့ စာအိပ်ကလေး အခုထိ သိမ်းထားသေးတယ်။