"ကိုမြင့်ပြန်မှဘဲ အညို ရေဒီယိုကလဲ ဒီနေ့ညပိုင်းမှာ လေပြင်း တိုက်နိုင်ဘွယ် ရှိတယ်လို့ သတိပေးထား တယ်"
"ဟုတ်ပါရဲ့ အညို့တပည့်လေးတွေ အိမ်ကတောင် ဒီနေ့ည ဘုရားဖူးဖိတ်ထားတာ ကားအကြို လွှတ် လိမ့်မယ် ထင်တယ် ... ဆရာဘုရားဆီကလဲ သွားဘို့ အခွင့်ရပြီးသားဘဲ ဒါပေတဲ့ ... မိုးဆင် လေဆင် ကြည့်ပြီး သွားသင့်မှ သွားတော့မယ် ..."
"ကြည့်အုံးပေါ့ အညို လေနဲ့ မိုးက စိတ်ချတာမှုတ်ဘူး ကိုမြင့်သွားမယ်နော် ..."
ကိုတင်မြင့်က ပြောပြောဆိုဆိုနှင့် ဆင်းသွားသည်။ အချိန်မှာ မှောင်စပြုနေ၏။ မိုးနှင့်လေကြောင့် လည်း ပို၍ မှောင်နေသည်။ ကားထွက်သွားသည်ကို မျက်စိတဆုံးလောက် ကြည့်နေပြီး၊ အညို သည် ဖွင့်ထားသော ခေါက်တံခါးကို ပိတ်လိုက်သည်။ လေက အားနှင့်ဝင်ကာ တွန်းကန် နေသော ကြောင့် တံခါးမှာ လွယ်လွယ် နှင့် ပိတ်မရတော့ပေ။ အညိုသည် လေအားနှင့် အပြိုင်လုကာ တံခါး ပိတ်ရန်ကို ခဲခဲယဉ်းယဉ်း ဖြစ်နေ၏။
"ဟဲ့ ... မီးတွေလဲ ဖွင့်မရပါလား လျှပ်စစ်လိုင်းတွေ ပျက်ပြန်ပြီ ထင်တယ် တံခါးကလဲ ပိတ်လို့ မရဘူးလား ဒါလောက် လေအား ကောင်းနေရင် လေထွက်ပေါက်ရအောင် ဖွင့်ထားတာဘဲ ကောင်းတယ်အညို မပိတ်နဲ့ မပိတ်နဲ့ ..."
"ဖွားလေးဘုရားက မီးခလုတ်ကို ဖွင့်ရာမှ အညို့ကိုပါ တဆက်တည်း လှမ်းအော်ပြောကာ ရေနံဆီ မီးခွက်ငယ်ကို ရှာဖွေပြီး မီးထွန်းညှိရန် ကြိုးစားနေသည်။ လေက အားသန်လွန်းနေသောကြောင့် ဖွားလေး မှာလည်း မီးခြစ်ပင် ခြစ်၍ မရနိုင်ပေ။
ဖွားလေးဘုရားနှင့် အညိုသည် ဘာမျှ မလုပ်ကြတော့ဘဲ အမှောင်ထဲမှာ စိတ်ပျက် လက်လျှော့စွာ ထိုင်နေ လိုက်ကြလေ၏။
အတန်ငယ်ကြာလျှင် သူတို့ဇရပ်ကလေးထဲသို့ မိုးရေအစွတ်စွတ်နှင့် သီလရှင်ကြီးတပါး ပြေးတက် ခိုဝင် လာလေ သည်။
"မသုခလား"
ဖွားလေးဘုရားက လှမ်းမေးသည်။
"တင်ပါဘုရာ့ တပည့်တော် မြို့ထဲက ပြန်လာတာ ကျောင်းတံခါးပိတ်ချိန်ကို မှီရုံကလေးရှိတယ် ဘတ်စ်ကား က ဆင်းပြီး ... ဒီလမ်းကြားထဲ အ၀င်မှာ ထီးဆောင်းလို့ကို မရဘူး။ လေရော မိုးရော အရမ်းဖြစ်နေတာဘဲ တပည့်တော် တို့နဲ့ ဘယ်သိပ်ဝေးမလဲ ... နောက်နားက ဘတ်စ်ကား တမှတ် တိုင်အလွန်မှာလေ ... အဲဒီမှာလဲ ညောင်ပင်ကြီး လဲကျပြီး ကားတစင်းနဲ့ လူတယောက်ကို ပိသွား သတဲ့ သေမလား ရှင်မလား မသိဘူး မိုးထဲ လေထဲမှာ လူတွေကို ၀ိုင်းဝိုင်းလည်လို့ဘဲ ..."
ဆရာလေး ဒေါ်သုခသည် သူမြို့ထဲမှာ ကြုံတွေ့ခဲ့သမျှကိုပါ တွတ်တွတ် တွတ်တွတ် ဆက်ပြောနေ၏။
"အ၀တ်ရေစိုတွေ လဲထားလိုက်ပါအုံးလား မသုခ ..."
ဖွားလေးဘုရား က အမှောင်ထဲမှာပင် ခါးဝတ်နှင့် အင်္ကျီတွေ ကိုယ်ရုံတွေကို စမ်းယူရှာဖွေပေး၍ ဆရာလေး ဒေါ်သုခ က စမ်းရမ်းပြီး လဲဝတ်နေသည်။
အညို တယောက်ကတော့ သည်နောက်ပိုင်း အဖြစ်အပျက်တွေကို ဘာတခုမျှ နားလည် သိရှိ နိုင်စွမ်း မရှိ တော့ပေ။
ကားတစီးနဲ့ လူတယော် သစ်ပင်ပိလို့တဲ့ ဟူသော အသံတခုတည်းကသာ သူ၏ ရင်ကို လှုပ်ခါ ဆွဲမွှေ့ လိုက် သလို ဖြစ်သွားသည်။
"ဘုရား ... ဘုရား ... ကိုမြင့်များ ဖြစ်နေလေမလား ..."
သည်စိုးရိမ်မှု နှင့် အတူ ရင်သည် တဒိန်းဒိန်း လှိုက်ခုန်၍ နေ၏။
"ကိုမြင့် မဟုတ်ပါစေနဲ့ လွဲပါ ဖယ်ပါစေ ... အို ဘယ်သူဘဲဖြစ်ဖြစ် ချမ်းသာပါစေ ... ချမ်းသာပါစေ ... ကိုမြင့်လဲ မဟုတ် ပါစေနဲ့ ..."
အညိုသည် စိတ်ထဲမှ ထပ်ကာ ထပ်ကာ ဆုတောင်းမေတ္တာ ပို့နေရလေ၏။ မိုးရောလေပါ ငြိမ်သက် သွားပြီး ဆရာလေး ဒေါ်သုခပြန်ရန် နှုတ်ဆက် သွားသည်ကိုပင် ခေါင်းညိတ်ရုံမျှ ညိတ်ပြလိုက်နိုင် သည်။
သည်ည အဖို့ မီးဖွင့်မရတော့၍ ဖွားလေးဘုရားက မီးခွက်ကလေး ထွန်းညှိကာ ဖွင့်ထားသော တံခါး ကို ပိတ်လိုက်သည်။ ပြီးလျှင် ညဘုရားဝတ်တက်ရန် မသွားကြတော့ဘဲ ဇရပ်မှာပင် ဘုရားရှိခိုး မေတ္တာပို့ပြီး အိပ်ရာဝင် ကြ၏။ သို့တိုင်အောင်လည်း သည်ည အဖို့မှာ အညိုကောင်းကောင်း မအိပ် နိုင်ခဲ့ပေ။
"မပြောကောင်း မဆိုသာ ကိုမြင့်သာ တခုခု ဖြစ်တယ်ဆိုရင်တော့ မနက်မိုးလင်းရင် ဆရာဘုရားဆီ သတင်း ရောက်လာ မှာပါဘဲ ..."
သည်အတွေးနှင့် မှေးငိုက်စပြုလာစဉ်မှာပင် ဆရာဘုရား၏ ကျောင်းကြီးမှ တုံးခေါက်သံ ထွက်ပေါ် လာ၏။ နံနက် ၄နာရီ ထိုးပေပြီ ...။
အညိုသည် ပြုမြဲဝတ်တိုင်း အာရုံဆွမ်းချက်ရန် အိပ်ရာမှ လူးလဲထကာ မီးခွက်ကလေးထွန်း မျက်နှာ သစ်ပြီး မီးဖိုခန်း ၀င်ခဲ့သည်။
သံဇကာ ကြောင်အိမ်ထဲတွင် မနေ့ညနေက မစောရီတို့ ဇရပ်မှ လာပေးထားသော အုန်းသီးခြမ်း တခြမ်းကို တွေ့ရ လျှင် အညိုသည် သည်နေ့အရုဏ်ဆွမ်းအတွက် သာကူကျိုလိုက်ရန် သတိရလေ ၏။ သို့နှငက့် အသင့် ရှိနေသော သာကူဆံနှင့် သကြားများကို ထုတ်ယူကာ သာကူကျိုလေသည်။
သာကူအိုးကျလျှင် အညိုသည် မျက်နှာကို သနပ်ခါးရေကျဲကလေး ပွတ်လူးလိုက်ကာ အညိုနှင့် အနက်ကွက် မုဒုံ တဘက်ကလေး တထည်ကို ခြုံလိုက်ပြီး ဖွားလေးဘုရားကို သွားနှိုးသည်။
ဖွားလေးဘုရား အိပ်ရာထ မျက်နှာသစ်ပြီးလျှင် အညိုတို့ မြေအဖွားသည် ပန်းကန်နှစ်လုံးနှင့် ခပ်ယူ လာသည်။
ထိုအခိုက်တွင် ဂျစ်ကားတစ်စီးသည် အညိုတို့ ဇရပ်ရှေ့တွင် ဝေါကနဲ ထိုးရပ်လာ၏။
"အောင်မလေး အညိုရယ်၊ အခုမှဘဲ ရင်အေးသွားရတယ်"
ထိုအသံနှင့် အတူ ကားပေါ်မှာ ပြာပြာလောင်လောင် ပြေးဆင်းလာသော ကိုတင်မြင့်ကို တွေ့ရတော့မှ အညို့ မျက်နှာ ကလေးမှာ ၀င်းပသွားလေသည်။
"အို ... အို ... ကိုမြင့် ရယ်၊ အညိုဖြင့် စိတ်ပူလိုက်ရတာ တညလုံးကို အိပ်မပျော်နိုင်ခဲ့ဘူး"
အညိုက တုန်တုန်ရီရီ မောမောပန်းပန်း လေသံကလေးနှင့် ဆီးပြောရင်း လက်ထဲမှ သာကူပန်းကန် နှစ်လုံး ကို ချထားလိုက်ရာ သာကူအနည်းငယ်ပင် ဖိတ်စဉ်သွားလေသည်။
"ဟင် ... အညို့ဟာကလဲ ပြောင်းပြန်ကြီးပါလား၊ စိတ်ပူစရာ တွေ့ရတာကဖြင့် ကိုမြင့်ပါ၊ အညို့ အတွက်လေ ... စိတ်ပူ လွန်းလို့ ကားကို စက်ကုန်ဖွင့်ပြီး ပြေးလာခဲ့ရတာ ခင်ဗျာ့"
"ဟော အဲဒါကိုကော အညိုက ဘယ်လို နားလည်ရမှာပါလိမ့် ..."
"ဒီလို ... ဒီလို အညိုရေ၊ မနက်က မိုးလင်းလင်းချင်း သတင်းစာ ကောက်ကြည့်လိုက်တော့ အညိုတို့ ကျောင်းနဲ့ မနီးမဝေးမှာ မနေ့ညနေက လေပြင်းတိုက်ပြီး ညောင်ပင်ကြီးလဲကျလို့ သုံးဘီး ကားတစ်စင်းကို ပိသွားသတဲ့၊ ဒရိုင်ဘာမှာ ဒဏ်ရာ နဲနဲသာရပြီး ခရီးသည် ဒေါ်ခင်ညို ဆိုတာ ဒဏ်ရာ ပြင်းထန်စွာ ရရှိ သွားသတဲ့၊ ဒီသတင်းကို တွေ့တွေ့ချင်း မနေ့က ဘုရားဖူး ဖိတ်ထား တာကို အညိုသွားမလိုလိုပြောတာ သတိရပြီး၊ အညိုများဘဲ ဖြစ်နေရော့သလားလို့ စိတ်ပူလွန်းလို့ ကားကို အပြင်းမောင်းပြီး ပြေးလာရတာ၊ အိမ်က လူတွေတောင် ဘယ့်သူ့ကိုမှ မပြောခဲ့မိဘူး"
"အင်း ... အညို့နာမည်က ဒေါ်ခင်ညိုမှ မဟုတ်ဘဲနဲ့ကို ..."
"သိနိုင်ပါဘူးဗျာ ... သတင်းစာ တွေက တိတိကျကျ ဟုတ်ချင်မှ ဟုတ်တတ်တာဆိုတော့ ... ကဲ ပြောစမ်း ပါအုံး၊ အညိုကကော ကိုမြင့်အတွက် ဘာများ စိတ်ပူစရာ ရှိနေတာမို့လဲ ..."
"ဒီလို ကိုမြင့်ရဲ့" အညိုက ရယ်သံ အစ်အစ်ကလေးနှင့် စ ပြောလိုက်သည်။
"မနေ့ညနေက ကိုမြင့် ပြန်သွားပြီးစ သာသာလောက်မှာပေါ့။ မြို့ထဲက ပြန်လာတဲ့ ဆရာလေး ဒေါ်သုခက ပြောတာ။ အမှန်ကတော့ အခု ကိုမြင့်တွေ့ခဲ့တဲ့ သတင်းဘဲ ဖြစ်ပါလိမ့်မယ်။ ဒါပေတဲ့ သူက ဘတ်စ်ကား ပေါ်က နားစွန့်နားဖျား မြင်ခဲ့ရတာတော့ ဒီလို ပြောပါတယ်။ ကားတစင်းနဲ့ လူတယောက် သစ်ပင် ပိလို့ ဒဏ်ရာ အပြင်းအထန် ရသွားတယ်၊ သေမလား ရှင်မလားဘဲတဲ့။ အဲဒါ ... အဲဒါ ... ကိုမြင့်များ ဖြစ်နေမလားလို့ အညို က စိတ်ပူရတာပေါ့ ..."
"မင်းတို့ဟာတွေကလဲကွယ် ... တလောကလုံးမှာ မင်းတို့နှစ်ယောက်ထဲ ရှိတာ လိုက်လို့ဘဲ၊ စိတ်ပူ တတ်ကြ တာ တွေက လွန်လွန်းတယ် ..."
ဖွားလေးဘုရားက ရိုးရိုးကြီးနှင့် တဲ့တိုးပြောချလိုက်သောအခါ ကိုတင်မြင့်ရော အညိုပါ ရှက်သွေး များ ဖြန်းကနဲ ကြွကာ မျက်လွှာချပြီး ငြိမ်သက်သွားကြသည်။
"ကဲ ကဲ ... ရင်အေး သွားအောင် သာကူကလေး သောက်လိုက်ကြပါအုံးလား၊ အညိုက နောက်တခွက် သွားယူ ချည်အုံးကွယ် ..."
ဖွားလေးဘုရား က သည်လို ထပ်ပြော ပြန်မှသာ အညိုနှင့် ကိုတင်မြင့်မှာ ခေါင်းမော်လာရဲ ကြတော့ လေသည်။

(၃)
"မိုးကဖြင့် ပွဲတော်ရက်ကို ဖျက်လိမ့်ဦးမယ် ထင်တယ်ကွဲ့"
ညို့ဆိုင်းနေသော မိုးသားတိမ်လိပ်ကြီးများနှင့် တဖွဲဖွဲကျနေသော မိုးရေ မိုးစက်များကို မော်ကြည့်ကာ ဖွားလေး ဘုရား က ပူပူပင်ပင် ပြောနေသည်။
အညိုသည် သူ့တပည့်ကလေးများ ခြံမှ ခူးပေးလိုက်သော သစ္စာပန်းများကို အရွက်ချွေကာ ဘုရားပန်း လဲနေရာမှ သက်ပြင်းတချက်ကို ရှိုက်ချလိုက်လေ၏။ သူ့စိတ်ထဲမှာ ပန်းအမျိုးမျိုးတွေကို ဆောင်ယူပေး လာတတ်သော ကိုတင်မြင့်အား သတိရနေသည်။
တန်ဆောင်တိုင်ပွဲတော်ရက် နီးကပ်လာသည်မျှစ၍ ကိုတင်မြင့် မလာသည်မှာ တပတ်ခန့် ရှိသွားခဲ့ ပေပြီ။ ကိုတင်မြင့် မလာသည်မှာ လူကြီးမိဖတို့၏ ဆန္ဒအတိုင်း နေ့ကောင်းရက်သာအခါတော် ရွေးထားခြင်းကို မလွန်ဆန်သာ ဘဲ မင်္ဂလာကိစ္စ အ၀၀တို့ကို စီစဉ်ဆောင်ရွက်နေခြင်းကြောင့် ဖြစ်ကြောင်းကိုလည်း အညို သိရှိ ထားပေသည်။
အညိုနှင့် ကိုတင်မြင့်တို့ နောက်ဆုံး တွေ့ရသောနေ့မှာ ညီမလေး တင်တင်စိုး လိုက်ပါလာပြီး၊ ၁၂နာရီခွဲပွဲ ရုပ်ရှင်ကြည့်ရန် လာခေါ်သွားကြသော နေဖြစ်ပေသည်။ ထိုနေ့ကတွင်မှ အညိုသည် ကိုတင်မြင့်၏ ဇနီးလောင်း ဖြစ်သော ၀င်းဝင်း၏ ဓာတ်ပုံကိုလည်း တွေ့မြင်ခဲ့ရလေ၏။ ရိုးရိုးယဉ်ယဉ် ကလေးနှင့် ချစ်စရာ ကောင်းသော မိန်းကလေးတဦးပင် ဖြစ်သည်။ အသက်မှာ ၂၅ - ၂၆ ထက် ကျော်လွန်သေးဟန် မတူပေ။
"သြော် ... သူတို့ဘ၀ဖြင့် မိနဲ့ ဖနဲ့၊ ရွှေနဲ့ ငွေနဲ့၊ ဂုဏ်နဲ့ ဒြပ်နဲ့၊ ပညာနဲ့ ပြည့်စုံ ကြွယ်ဝကြပါတယ်၊ အားလုံးကုန် ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ ..."
အညိုက မေတ္တာပို့သဆုတောင်း နေလေသည်။ မိုးမှာ တဖွဲဖွဲ ရွာစွေနေဆဲပင် ဖြစ်လေ၏။
"အညိုရေ ... ဘုရားပန်းကပ်ရင်းနဲ့ ဆွမ်းတော်ပါ တပါထဲ ကပ်လိုက်တော့ကွယ် ...။ နောက်ပြီးရင် ဆွမ်းကို ၀င်သလောက် စားပြီး ဖွားလေးဘုရား အိပ်နေတော့မယ်"
"ဘာဖြစ်လို့လဲ ဖွားလေးဘုရားရဲ့၊ ခုမှ ၁၀နာရီခွဲသာသာ ကလေး ရှိပါသေးတယ်"
သီလရှင်များမှာ ဆွမ်းကို နေမွန်းမတည့်မီ၊ ၁၁နာရီခွဲလောက်မှ စားတတ်သော ထုံးစံရှိသည်မို့ အညိုက ပြောလိုက်ခြင်း ဖြစ်သည်။
"ဘာမှ မဖြစ်ပါဘူးကွယ် ...၊ မိုးက တစိမ့်စိမ့် အေးနေတော့ ဖွားလေးအိပ်ချင်နေလို့ပါ ..."
"ဒါဖြင့်လဲ စားတာပေါ့ ဖွားလေးရယ်၊ အညို ဟင်းပူပူနွှေးပြီး ဆွမ်းတော်တင်လိုက်ပါအုံးမယ်"
မြေးအဖွား နှစ်ယောက်သည် နေ့လည်စာကို စောစော စားလိုက်ကြပြီးလျှင် ဖွားလေးဘုရားက အခန်းထဲ ၀င်ကာ စောင်ခြုံပြီး ကွေးတော့သည်။
အညိုမှာ ဘာလုပ်ရ မလိုလိုနှင့် တယောက်တည်း ယောင်ချာချာ ဖြစ်နေ၏။ မြို့ထဲကို မသွားဖြစ် တာကြာပြီမို့ ၀တ္ထုမဂ္ဂဇင်း ဖတ်ရန်လည်း အသစ်မရှိပေ။
တံစက်မြိတ်မှကျနေသော မိုးရေမိုးစက်များကို အတန်ကြာငေးကြည့်နေပြီးနောက် အညိုသည် အလုပ်မရှိ အလုပ် ရှာတာ စာအုပ်စင်ကလေးပေါ်မှ မဖတ်ရတာကြာပြီဖြစ်သော ကျမ်းစာအုပ်များကို ဟိုပြောင်း သည်ရွှေ့ လုပ်နေမိလေ၏။
"ဖွားလေးဘုရားကော အညို ..."
ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိလှသည့်အထဲမှ သူ၏နောက်ပါးမှ ကပ်ကာ သည်အသံကို ကြားရသောအခါ အညိုသည် ဖျတ်ကနဲ လန့်တုန်သွားကာ "အိုအမေ့" ဟု ယောင်ရမ်းဆိုမြည်မိလေ၏။ ပြီးတော့မှ အသံလာရာသို့ လှည့်ကြည့် လိုက်ရာ သူ လုံးဝ မြှော်လင့် မထားမိသော ကိုတင်မြင့်ပင် ဖြစ်နေ တော့လေသည်။
"တော်တော် လန့်သွားသလား အညို ..."
"ဟွန်း ... ကိုမြင့်က အသံမှ ပြုမလာဘဲနဲ့ကို၊ ကားကော ဘယ်မှာ ရပ်ထားခဲ့သလဲ၊ ကားသံတောင် အညို မကြား မိခဲ့ဘူး"
"ကားမပါဘူး အညို ...၊ ကား ၀ပ်ရှော့မှာ အပ်ထားရလို့ ဘတ်စ်နဲ့ဘဲ လာခဲ့တာ ..."
"ကိစ္စတော့ မထူးတထူးဘဲ ဆိုပါတော့၊ မင်္ဂလာ ဖိတ်စာလဲ ပေးရင်း အညို့ကိုလဲ ကိစ္စတစ်ခု အတွက် တောင်းပန်ချင် လို့ပါ"
"ဟင် ... အညို့ ကို တောင်းပန်ရမယ်မလား၊ ဘာကိစ္စမို့ပါလိမ့်၊ ပြောပါအုံး ကိုမြင့်ရယ် ..."
အညိုက သင်ဖြူးတချပ်ကို ခင်းပေးလိုက်သော်လည်း ကိုတင်မြင့်သည် သင်ဖြူးကို ရှောင်နင်းကာ အိမ်ရှေ့ဝရံတာ သို့ ထွက်ခွာသွားပြန်လေသည်။
ဝရံတာတွေင် ဖြန့်လှမ်းထားခဲ့သော သူ၏ မိုးကာအင်္ကျီအတွင်းအိတ်တွင် ထည့်ယူလာသော မင်္ဂလာ ဖိတ်စာအိတ် နှင့် ကပ်ပြား ဗူးကလေးတခုကို ထုတ်ယူပြီး ပြန်ဝင်လာခဲ့သည်။
ပြီးတော့မှပင် အညို ခင်းပေးထားသော သင်ဖြူးပေါ်မှာ ထိုင်ချလိုက်လေ၏။
"ကဲ ... ကိုမြင့် ကို စိတ်ချမ်းသာစေချင်တယ် ဆိုရင်တော့ ဒါလေးကို လက်ခံပါလို့ တောင်းပန်ချင်တာ ပါဘဲ အညို"
ကိုတင်မြင့်က မင်္ဂလာဖိတ်စာကို သင်ဖြူးပေါ်မှာပင် ချထားကာ ကပ်ပြားဗူးငယ်ကလေးကို အညို့ထံ ကမ်းပေး လိုက်သည်။ အညိုက ရုတ်တရက် လှမ်းမယူဘဲ စူးစမ်းလိုဟန်ရှိသော မျက်လုံး ညို့ညို့ကြီးများဖြင့် ကိုတင်မြင့် ကို စိုက်ကြည့်နေသည်။
"ကိုမြင့် ကို စိတ်ဆင်းရဲတာ မြင်ချင်ရင်တော့ မယူနဲ့လေ အညို ..."
ကိုတင်မြင့်ကို ၀မ်းနည်းသံကြီးနှင့် ထပ်မံပြောလိုက်တော့ အညိုက မျက်လုံးကလေး ညှိုးကျသွားသည်။
သို့ရာတွင် သည်မျက်နှာထားကို ကိုတင်မြင့်အား မြင်ပေဟန် မရှိဘဲ၊ ချက်ခြင်းပင် ပြုံးယောင်ပြုကာ ကိုတင်မြင့် လက်က ကပ်ပြားဗူးကလေးကို လှမ်းယူလိုက်သည်။
"ဘာတွေများပါလိမ့် ကိုမြင့်ရယ် ... အညို ကြည့်မယ်နော်"
အညို က ရွှင်ရွှင်ကြည်ကြည်ကလေး ပြောကာ ကပ်ပြားဗူးငယ်ကို ဖွင့်လိုကသ်ည။ ပုလဲငယ် ရှစ်လုံးကို ရွှေဖြင့် နှစ်တန်းစီ ခြယ်ထားသော ဆံထိုးကလေးမှာ ကတ္တီပါ အနက်ပေါ် ကြွရွ ၀င်းအိနေ လေ၏။
"ဟင် ... အဖိုးတန် ပစ္စည်းပါလား ကိုမြင့်ရယ်၊ တကယ်တော့ မင်္ဂလာဆောင်ရမဲ့ လူကိုသာ အညိုက လက်ဖွဲ့ ရမှာတော့ ပြောင်းပြန်ကြီးပါလား ..."
အညိုက အားတုံ့အားနာ လေသံကလေးနှင့် ခပ်တိုးတိုးပြောရာမှ တစုံတခုကို တွေးမိသွားဟန်ဖြင့် ငိုမဲ့မဲ့ ကလေး ဖြစ်သွားလေ၏။
"ဒါဟာ ကိုမြင့်က အညို့ကို ဘယ်တော့မှ သီလရှင် မ၀တ်နိုင်ဘူးလို့ ဆုံးဖြတ်ပေးတဲ့ အထိမ်းအမှတ် များလား ဟင် ... အညိုကို ရှင်းရှင်းပြောစမ်းပါ ကိုမြင့်ရယ် ..."
"အလိုလေး အညိုရယ် ... ကိုမြင့်ကတော့ ဒီထိအောင် အတွေးမပေါက်မိရပါလား၊ ဒီလို တွေးဖို့ ဆိုတာကို အခု အညို ပြောမှဘဲ သတိရပါတယ်။ ကိုမြင့်လေ အညို့အတွက် အမြတ်တနိုး သုံးစွဲ နိုင်တဲ့ အသုံးအဆောင် တခု ဖြစ်ဖို့ရယ်၊ အရှည် တည်တံ့နိုင်တဲ့ ပစ္စည်းတခု ဖြစ်ဖို့ရယ်ကိုဘဲ ဦးစား ပေး ရွေးချယ်ခဲ့မိတာပါ။ နောင်ခါမှ အညို မနှစ်သက်ရင် လွှင့်လို့ဘဲပစ်ပစ်ပေါ့၊ အခုတော့ဖြင့် ကိုမြင့်ရဲ့ စေတနာကို ထောက်ထားတဲ့သဘောနဲ့ လက်ခံ ထားလိုက်ပါတော့နော် ..."
အညိုက ခေါင်းကလေးကို ညိတ်သည်ဆိုရုံမျှ ညိတ်ပြကာ ဘာမျှ ပြန်မပြောတော့ဘဲ တွေတွေ ကလေး ငေးနေတော့လေသည်။
မိုးမှာ တစိမ့်စိမ့်စွေဖွဲ၍ နေဆဲပင် ဖြစ်လေ၏။
ဆက်ရန်
.

No comments:
Post a Comment