နောင်နှစ် အတန်အကြာသောအခါ ဒစ္စနေး အပျော်စီး စက်ယန္တရားတည်ဆောက်ရေး အတိုင်ပင်ခံ တစ်ဦး အနေဖြင့် ကျွန်တော်သည် ဒစ္စရေးဝေါ့လ်၏ အုပ်ချုပ်ရေးပိုင်းမှ အရာရှိများနှင့် စကားစမြည်ပြောဖြစ်ခဲ့သည်။ ထိုသို့ စကားပြောဖြစ်တိုင်း ကျွန်တော်သည် အခွင့်ပေါ်သမျှ ထိုဆားနှင့် ငရုတ်ကောင်းဘူး ဖြစ်ရပ်ကို ၄င်း တို့အား ပြောပြခဲ့သည်။
ကျွန်တော်လက်ဆောင်ပစ္စည်း အရောင်းဆိုင်ထဲမှ ၀န်ထမ်းများသည် ကျွန်တော့်အစ်မနှင့် ကျွန်တော်အား ဒစ္စနေး အပေါ် အားရကျေနပ်စေအောင် ပြုပေးခဲ့ကြကြောင်း၊ ထိုသို့ပြုပေးလိုက်သော အားဖြင့် ကျွန်တော့် မိဘ များသည် ဒစ္စရေးဝေါ့ကို ဒစ္စရေးအဖွဲ့အစည်းကြီး တစ်ခုလုံးကို အားရကျေနပ်ဖြစ်စေခဲ့ကြောင်းများ ပြောပြ ပါသည်။
ကျွန်တော့်မိဘများသည် ဒစ္စရေးဝေါ့လ်သို့ သူတို့၏ ဗော်လံတီယာလုပ်ငန်းနှင့် ခွဲမရသော အစိတ်အပိုင်း တစ်ရပ် အနေဖြင့် သွားကြလေ့ရှိသည်။ သူတို့တွင် လူ ၂၂ယောက်စီးနိုင်သော ဘတ်စ်ကားတစ်စီးရှိရာ အင်္ဂလိပ်စာ ကို ဒုတိယဘာသာအဖြစ် သင်ယူကြသည့် ကျောင်းသားများအား မေရာလန်မှသည် ဒစ္စနေး ဥယျာဉ် သို့တိုင် တင်ဆောင်သွားလေ့ရှိသည်။ ကျွန်တော့်ဖခင်သည် ဒါဇင်နှင့်ချီသောကလေးများအတွက် လက်မှတ်များ ဝယ်၍ ဒစ္စနေးဝေါ့လ်သို့ သွားခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်မျှ ရှိပြီဖြစ်သည်။ ထိုခရီးအများစု တွင် ကျွန်တော်လည်းလိုက်ပါလေ့ရှိသည်။
ချုပ်၍ပြောရသော် ထိုလွန်ခဲ့သော အနှစ်၂၀ အချိန်မှစ၍ ဒစ္စနေးဝေါ့လ်တွင် ဝင်ခွင့်လက်မှတ်၊ အစားအစာ နှင့် အမှတ်တရပစ္စည်းများနှင့် အခြားအရပ်ရပ်တို့အတွက် ကျွန်တော့်ဖခင် သုံးစွဲခဲ့သည်မှာ ဒေါ်လာ ၁၀၀၀၀၀ မကရှိပေပြီ။
ကျွန်တော်က ဤဖြစ်ရပ်ကို ယနေ့ခေတ် ဒစ္စနေးမှ အမှုဆောင်အရာရှိများကို ပြောပြသည့်အခါ သူတို့အား ဤမေးခွန်း ကို မေးကြည့်ခြင်းဖြင့် ကျွန်တော့်စကားကို အဆုံးသတ်လေ့ရှိသည်။ ခင်ဗျားတို့ စတိုးဆိုင် တစ်ခု ကို ကွဲနေတဲ့ဆားနှင့် ငရုတ်ကောင်းဘူးကလေးနဲ့ ကလေးတစ်ယောက်ကို လွှတ်လိုက်မယ်ဆိုပါစို့၊ ခင်ဗျားတို့ မူဝါဒ တွေက ဝန်ထမ်းအလုပ်သမားတွေကို ပစ္စည်းသစ်နဲ့လဲပေးဖို့ ခွင့်ပြုနိုင်ပါ့မလား ထိုအခါ အမှုဆောင် အရာရှိများက ကျွန်တော့်မေးခွန်းကြောင့် နေမထိ ထိုင်မသာဖြစ်သွားကြ သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ် ပေးရမည့်အဖြေကို သိထားသောကြောင့်ပင်။ သူတို့ပေးမည့် အဖြေကား ပေးမယ်မထင်ဘူးဗျ ဖြစ်ပါလိမ့်မည်။
ထိုသို့ဖြစ်ရသည်မှာလည်း သူတို့၏ စာရင်းအင်း တွက်ချက်ပုံစနစ်တွင် ၁၀ ဒေါ်လာတန် ဆားနှင့် ငရုတ်ကောင်း ဘူးကလေး က ဒေါ်လာ ၁၀၀၀၀၀ ရရှိနိုင်သည်ကို တွက်ချက်ပုံ ဘယ်နေရာမှ မပါရှိ သောကြောင့်ပင်။ ထို့ကြောင့် ယနေ့အချိန်တွင် ကလေးတစ်ယောက်သည် ကံမကောင်းနိုင် တော့ဘဲ စတိုးဆိုင် ထဲမှ လက်ဗလာဖြင့် ထွက်ခွာလာရလိမ့်မည်ကိုသာ တွေးမြင်ကြည့်နိုင်ပေသည်။
ကျွန်တော် ပြောလိုသည်ကား အရှုံးအမြတ်ကို တွက်ချက်ပုံတွင် တစ်နည်းတည်းသာမက ရှိပါသည်။ အဖွဲ့အစည်း များသည် အဆင့်တိုင်း အဆင့်တိုင်း၌ ကရုဏာတရားရှိနိုင်သလို ရှိလည်းရှိသင့်သည် ဟူ၍ ဖြစ်ပါ၏။ ကျွန်တော့်မိခင်၏ ရင်ထဲတွင် ထိုဒေါ်လာ ၁၀၀၀၀၀တန် ဆားနှင့် ငရုတ်ကောင်းဘူးလေး ရှိနေဆဲ ဖြစ်ပါသည်။ ဒစ္စနေးဝေါ့လ်က ဆိုင်ဝန်ထမ်းများ ထိုပစ္စည်းကလေးကို အသစ်လဲပေးလိုက်သည့်နေ့သည် ကျွန်တော့် မိသားစုအဖို့ ပျော်စရာ နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။ ထို့အတူ ဒစ္စနေးဝေါ့လ်အတွက်လည်း မင်္ဂလာနေ့ မဟုတ်ခဲ့ပါသလော။

အခန်း ၅၁
မတန်သောအလုပ်ဟူ၍ မရှိ
မတန်သောအလုပ်ဟူ၍ မရှိ
ယနေ့ခေတ် လူငယ်များအတွင်း၌ ရပိုင်ခွင့်စိတ်ဓာတ်သည် တစ်နေ့တခြား တိုးလာလျက်ရှိကြောင်း မှတ်တမ်း မှတ်ရာ များဖြင့် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ကျွန်တော်၏ စာသင်ခန်းများတွင်လည်း ဤအချက် ကို ကျွန်တော်အသေအချာ တွေ့မြင်ပြီးသား ဖြစ်သည်။
ဘွဲ့ယူမည့်ကျောင်းသားကြီး အများအပြားသည် သူတို့၏ တီထွင်မှု ဥာဏ်ရည်ဥာဏ်စွမ်းကြောင့် သူတို့ကို ငှားရမ်း ခန့် ထားသင့်သည် ဟူသော အမှတ်သညာမျိုး ရှိနေကြသည်။ များလှစွာသော သူတို့သည် အောက်ခြေမှ စပြီး လုပ်ကိုင်ရမည်ဆိုလျှင် အလွန်စိတ်မချမ်းမသာ ဖြစ်ကြသည်။
ကျွန်တော်ကတော့ မင်းတို့စာရွေးခန်းမှာ အလုပ်လုပ်ရတာမျိုးကို ဝမ်းသာပျော်ရွှင်ဖြစ်ထိုက် တယ်ကွ၊ မင်းတို့ အဲဒီနေရာ ရောက်သွားတဲ့အခါ လုပ်ရမှာက စာရွေးတဲ့နေရာမှာ တကယ့်ကို အတော်ဆုံးဖြစ်အောင် လုပ်ဖို့ကွ ဟုကျွန်တော့်တပည့်များကို အမြဲတမ်း အကြံပေးလေ့ရှိသည်။
ကျွန်တော်က စာရွေးတာမတော်ဘူးလေ၊ ဘာကြောင့်တုံးဆိုတော့ အဲဒီအလုပ်က ကျွန်တော်နဲ့မှ မတန်တာပဲ ဟူသော စကားမျိုးကို မည်သူမျှ ကြားလိုမည်မဟုတ်ပါ။ ကျွန်တော်တို့နှင့် မတန်သော အလုပ်ဟူ၍ ဘာအလုပ်မှ မရှိပါ။ အကယ်၍ သင်သည် စာကို မရွေးတတ်ဘူး (သို့မဟုတ် စာရွေးတာကိုတော့ လုပ်မည် မဟုတ်) ဟု ဆိုပါလျှင် သင်လုပ်သော ဘာရှိသည်ဟူ၍ ဘယ်မှာသက်သေပြပါမည်နည်း။
ကျွန်တော်၏ ETC ကျောင်းသားများကို ကုမ္ပဏီများက အလုပ်သင်အဖြစ် သို့မဟုတ် ပထမဦးဆုံး အလုပ် အဖြစ် ငှားရမ်းသွားသည့်အခါ ကျွန်တော်တို့က တပည့်များလုပ်ကိုင်ဆောင်ရွက် ပုံနှင့် ပတ်သက်၍ ကျွန်တော် တို့ကို ပြန်လည် အသိပေးပါဦးဟု ပြောရသည်။ အလုပ်ရှင်များသည် တပည့်များ၏အရည်အချင်း သို့မဟုတ် ၄င်းတို့၏ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တို့နှင့် ပက်သက်၍ မကောင်းပြောစရာ မရှိသလောက် ဖြစ်သည်။ သို့ရာတွင် သူတို့အကြောင်း မကောင်းသောတုံ့ပြန်ချက် ရသည်ဆိုလျှင် ထိုမကောင်းသည့် အချက်မှာ သူတို့ခန့်ထားလိုက်သည့် အလုပ်သမားသစ်များသည် သူတို့ လုပ်ရသည့် အလုပ်က သူတို့နှင့်မတန်ဟု အထင်ရောက်ကြကြောင်း ဖြစ်နေတတ်သည်။ သို့မဟုတ်လျှင်လည်း ၄င်း တို့သည် အခြားရုံးများကိုပဲ မျက်စိကျနေကြောင်း ဖြစ်နေတတ်သည်။
ကျွန်တော် ၁၅ နှစ်သားအရွယ်က သစ်သီးခြံတစ်ခုမှာ အလုပ်လုပ်ရာ စထရောဘယ်ရီ ပင်များကို ပေါင်းပေါက် ပေးရသည်။ ကျွန်တော်နှင့် အလုပ်အတူတူလုပ်ကြသူ အများစုမှာ နေ့အလုပ်သမား များဖြစ်ကြသည်။ ကျောင်းဆရာနှစ်ယောက်လည်း ထိုခြံတွင် အလုပ်လာလုပ် ကြသည်။ နွေရာသီအတွက် အပိုဝင်ငွေ ရရန်ဖြစ်သည်။ ကျွန်တော်က ကျွန်တော့်ဖခင်အား လုပ်ရသည့်အလုပ်မှာ ထိုကျောင်းဆရာ များနှင့်မတန် (ထိုအလုပ်သည် ကျွန်တော်နှင့်လည်းမတန်ဟူ သဘောမျိုးရစေရန် ဖြစ်မည် ထင်ပါသည်။) ဟူ၍ ပြောသည့်အခါ ကျွန်တော့်ဖခင်သည် ကျွန်တော့်အား တစ်သက်စာ မှတ်မိလိုက်အောင် ပြစ်တင် ဆုံးမ ပါသည်။ စားပွဲမှာထိုင်လျက် ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံး နှင့် လူ့မလိုင်တစ်ယောက်အဖြစ် သက်သက် သာသာ နေနေခြင်း ထက် ကြိုးစားပမ်းစား လုပ်ကိုင်ရင်း ကမ္ဘာတွင် အကောင်းဆုံး မြောင်းတူးသမား ဖြစ်ရတာမျိုး ကို သူပို၍ သဘောကျကြောင်း ဖေဖေကပြောပါသည်။
ထို့ကြောင့် ကျွန်တော်သည် ထိုစထရောဘယ်ရီခြံသို့ ပြန်သွားခဲ့ပါသည်။ ထိုအလုပ်ကိုကား ယနေ့တိုင် သဘော မကျပါ။ သို့ရာတွင် ကျွန်တော့်ဖခင်၏ စကားကို နားမှ ကြားခဲ့ပြီးနောက် ကျွန်တော်သည် ကျွန်တော့်၏ စိတ်သဘောထားကို စောင့်ကြည့်ကာ ယခင်ကထက် ကြိုးစားစွာ ပေါက်ပြားကို ပေါက်ခဲ့ ရပါသည်။
အခန်း ၅၂
ကိုယ်ရောက်နေသော နေရာကို သိပါ
ကိုယ်ရောက်နေသော နေရာကို သိပါ
ကဲ၊ ပါမောက္ခလေး၊ ကျုပ်တို့အတွက် ဘာတွေများ လုပ်ပေးနိုင်သတုန်း
အသက် ၂၇ နှစ်အရွယ် မက်ဖောလီဆိုသူ အပျော်စီး စက်ယန္တရားများ တည်ဆောက်သူ အင်ဂျင်နီယာက ကျွန်တော် အား နှုတ်ဆက်လိုက်ခြင်း ဖြစ်ပါ၏။ ဖောလီသည် ကျွန်တော်၏ သုတေသန ခွင့်ကာလအတွင်း ကျွန်တော် ဒစ္စနေး မှာ ရှိနေခိုက် ကျွန်တော်အား ကူညီစောင့်ရှောက်ပေးရန် တာဝန်အပေးခံထားရသူ ဖြစ်ပါသည်။
ကျွန်တော်သည် ပညာရေးဆိုင်ရာ ဘွဲ့လက်မှတ်တွေ ဘာမှ အဓိပ္ပာယ်မရှိသောနေရာသို့ ရောက်ရှိ နေခြင်းဖြစ်သည်။ နိုင်ငံရပ်ခြား တိုင်းတပါးတွင် သူ့နိုင်ငံသုံး ငွေကြေးနှင့် ပတ်သက်၍ ဘယ်လိုလုပ်ရပါ့ဟု နည်းရှာ နေရသော ခရီးသည်တစ်ဦး ဖြစ်နေလေသည်။
ဤအတွေ့အကြုံကို ကျွန်တော့်တပည့်များအား နှစ်ပေါင်းများစွာ ကြာအောင်ပြောပြလာ ခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် ဤအတွေ့အကြုံမှ အရေးကြီးသော သင်ခန်းစာကို ရရှိသောကြောင့် ဖြစ်သည်။
ကျွန်တော်သည် ကလေးဘဝတည်းက အိပ်မက်မက်ခဲ့သော အပျော်စီး စက်ယန္တရားတည် ဆောက်သည့်် အင်ဂျင်နီယာ ဖြစ်လိုမှု ဆန္ဒ ပြည့်ဝသည်ကတော့မှန်ပါ၏။ သို့ရာတွင် ကျွန်တော်၏ ပညာရပ်ဆိုင်ရာ သုတေသန ခန်းတွင် အာဏာအရှိဆုံးသူ တစ်ဦးအဖြစ်မှ အကြမ်းပတမ်း နိုင်လှသော ရေကန်ထဲသို့ ရောက်လာသော အူကြောင်ကြောင် ဘဲတစ်ကောင် အဖြစ်သို့ ပြောင်းလာခဲ့ ရခြင်းဖြစ်သည်။
ဟန်လျှင်ဟန် မဟန်လျှင်ခံ၊ ဟုတ်လျှင်ဟုတ် မဟုတ်လျှင် ပြုတ်မည့် ဤယဉ်ကျေးမှုတွင် ကျွန်တော်၏ ချည့်နဲ့ သော နည်းများနှင့် ဘယ်လိုတော်အောင် လုပ်ရပါမည်နည်းဟု စဉ်းစားကြည့်ရသည်။
ထိုစဉ်က ကျွန်တော်သည် အက်ပကော့မှာ စမ်းသပ် စစ်ဆေးခံနေရသည့် အာလာဒင် ဗာချုယက် ရီယက်လတီ ဆွဲဆောင်မှု အလုပ်တွင် လုပ်ခဲ့သည်။ အပျော်စီးယန္တရားများ တည်ဆောက်သူ အင်ဂျင်နီယာ များက ဧည့်သည်များအား သူတို့ဖန်တီးထားသော ယန္တရားများကို စီးရတာ ဘယ့်နှယ်လဲ၊ မူးဝေတာများ ရှိသလား၊ ဘယ်ရောက်၍ ရောက်မှန်းမသိ ဘာလုပ်၍ လုပ်ရမှန်းမသိ ဆိုတာမျိုး ဖြစ်သလား၊ အော့ချင် အန်ချင် သလား စသည်ဖြင့် မေးမြန်းသည့် အင်တာဗျုးများတွင် ကျွန်တော်လည်း ပါဝင်မေးမြန်းသည်။
ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်တစ်ချို့က ကျွန်တော်သည် လက်တွေ့ဘဝမှာ သုံး၍မရနိုင်သည့် ပညာရေး ဆိုင်ရာ တန်ဖိုးများကို အသုံးပြုလွန်းသည်ဟု ဆိုကြသည်။ သူတို့က ကျွန်တော်သည် စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များ အပေါ်တွင် စူးစိုက်လွန်းသည်ဟုလည်း ပြောကြသည်။ ပြဿနာများကို ချဉ်းကပ်ရာတွင် စိတ်ခံစားမှုထက် သိပ္ပနည်းကျ ဖြစ်ကို ဖြစ်ရမည်ဟူသော သဘောမျိုးက များနေကြောင်း လည်း ထောက်ပြကြသည်။ တက္ကသိုလ်ပညာမှ ပညာ(ဟူသော ကျွန်တော်)နှင့် ဖျော်ဖြေရေးသာ (ဟူသောသူတို့) တို့ထိပ်တိုက်တိုးကြခြင်းပါတည်း။ နောက်ဆုံးတော့ ကျွန်တော်သည် အပျော်စီး ယန္တရားများကို စီးသည့်အခါ အလေးချိန်ကို တစ်မျိုးပြောင်းလိုက်ခြင်းဖြင့် ဧည့်သည်တစ်ယောက်လျှင် အချိန် စက္ကန့် ၂၀ သက်သာသွားမည့်နည်းကို စဉ်းစားပြလိုက်သည့်အခါ ကျွန်တော့်အပေါ် သံသယဝင်နေကြသည့် ထိုအပျော်စီးယန္တရား တည်ဆောက်သူ အင်ဂျင်နီယာများသည် ကျွန်တော့်ကို ကြိုက်သွားကြလေသည်။
ကျွန်တော်ဤဖြစ်ရပ်ကို ပြောပြနေသည်မှာ ယဉ်ကျေးမှုတစ်ခုမှ အခြားတစ်ခုသို့ ဖြတ်သန်း ရသည့် အခါမျိုး တွင် (ကျွန်တော့် တပည့်များ၏ သာဓကနှင့် ပြောရသော် ကျောင်းမှ အလုပ်ခွင်သို့ ပထမဦးဆုံး ကူးခြင်းမျိုးဖြစ်သည်။) အခြားသူများ၏ စိတ်ခံစားမှုကို သိနားလည်ရန် ဘယ်မျှ လိုကြောင်းကို အလေးထား ပြောလို၍ဖြစ်ပါသည်။
ကျွန်တော်၏ သုတေသနခွင့်ကာလ ကုန်ဆုံးသွားသည့်အခါ ဒစ္စနေး အပျော်စီးယန္တရား တည်ဆောက်မှု ဌာနက ကျွန်တော့်အား အချိန်ပြည့် အလုပ်တစ်ခုကို ပေးပါသည်။ ကျွန်တော်အချိန်အတော်ကြာကြာ စဉ်းစားကြည့်ပြီးနောက် လက်မခံလိုက်တော့ပါ။ စာသင်ပြ ပေးရသည့် အလုပ်က အားကောင်းလွန်းနေ၏။ သို့ရာတွင် ကျွန်တော်သည် တက္ကသိုလ် ပညာရေးပိုင်းနှင့် ဖျော်ဖြေ ရေးလုပ်ငန်းနှစ်ခုစလုံးတွင်ပါ ကိုယ့်နေရာ ဘယ်မှာရှိသည်ကို သိထားပြီး သူဖြစ်သောကြောင့် ဒစ္စနေးသည် ကျွန်တော် သူတို့ဆီမှာ ဆက်လက် ပါဝင်နေစေမည့်နည်းကို တွေ့သွားသည်။ ကျွန်တော်သည် သီတင်းတစ်ပတ်လျှင် တစ်ခေါက် သူတို့ဆီသို့ သွားပေးရသော အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သွားသည်။ ကျွန်တော်သည် ထိုအလုပ်ကို ၁၀ နှစ်တာမျှ ပျော်ရွှင်စွာ လုပ်ကိုင်ခဲ့ပေသည်။
သင်လည်း ယဉ်ကျေးမှုနှစ်ခုအကြားမှာ ခြေချနိုင်မည့် အခြေအနေမျိုးကို တွေ့ပါက တစ်ခါတစ်ရံ၌ ထိုလောက နှစ်ခုစလုံး တွင်ပင် အကောင်းဆုံး အဆင့်မျိုးကို ရရှိနိုင်ပါပေသည်။
ဆက်ရန်
.
1 comment:
မမရေ... အဆက် မျှော်နေမယ်နော်။ အနော်။
Post a Comment