Wednesday, April 27, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၁၁)

ညာမေတင်က ဦးခေါင်း ခါလိုက်ပြီးပြောလိုက်သည်။
“ငါလဲ အဖေနဲ့ အမေကိုသတ်တဲ့ အကောင်တွေဖြစ်မလားလို့ သေသေချာချာ ကြည့်တယ်၊ ဟို အကောင်တွေ မဟုတ်ဘူး၊ အခု ငါတွေ့ခဲ့ရတဲ့ အကောင်တွေက ငါ့ကိုမြင်တော့ သစ်ပင်တွေလိုဘဲ ဟောဒီလိုနေပြီး ကြည့်နေကြတယ်၊ ငါ့ကို သတ်ချင်ရင် သူတို့ ဒီလိုနေမလား၊ သူတို့ လက်ချောင်းတွေ မပြတ်ဘူး၊ အားလုံး ရှိတယ်”
ညာမေတင်က ကိုထွန်းအံ့နှင့် ကိုဘသော်တို့ မလှုပ်မယှက်ငြိမ်သက်စွာ ရပ်နေသည့်ဟန်အ တိုင်း ရပ်ပြ သည်။

“အေး.... နောက်ကို ဒီနေရာကို မသွားနဲ့တော့၊ ရေလိုချင်ရင် တို့အခုနေတဲ့ ဂူ ဟိုဘက်ချောက် ထဲမှာ ရေတွေ့ ခဲ့တယ်၊ အဲဒီနေရာကို ငါဘဲသွားပြီး ခပ်မယ်၊ နင်ဘယ်ကိုမှ မသွားနဲ့ သွားရင် ငါသေ မယ် သိလား”
ခင်မောင်အေး က ညာမေတင်ကို မခွဲနိုင်သည့်အလျှောက် စိတ်ပူစွာပြောသည်။
“အေးပါဟယ်”
ညာမေတင်က ခင်မောင်အေး စိတ်ကြေနပ်အောင် ပြောလိုက်သည်။

ခင်မောင်အေး စိတ်ပူသည်ကို သိသော ညာမေတင်ကလဲ တောင်ကမ္ဘားယံအောက်ကို မဆင်း တော့ဘဲ ကမ္ဘားယံထိပ်ပေါ်မှာသာ နေလိုက်သည်။ သူ အလွန်နှစ်သက်သည့် ပန်းဖြူကြီးတွေ ပွင့်နေပြီ ဖြစ်သော ပန်းပင်ကြီး အောက်မှာသာ ပျော်ပျော်ရွှင်ရွှင် သွားနေတတ်သည်။ ပန်းပင်ကြီးရှိသည့် နေရာ သည် သူတို့ နေထိုင်သည့် ဂူနှင့် အလွန်အမင်းဝေးကွာခြင်းမရှိချေ။ အော်ခေါ်လျှင်ကြားနိုင်သည့်နေရာ ဖြစ်သည့်အပြင် ပန်းပင် အောက်မှာ ထိုင်နေသော ညာမေတင်ကို ဂူအပြင်ဘက်က ခင်မောင်အေးက ထွက်ကြည့်လျှင် မြင်နိုင်သော နေရာဖြစ်သည်။

ကိုမြင့်ညိုက ကမ္ဘားယံပေါ်ကိုတက်လာသည့်နေ့က ခင်မောင်အေးက တောထဲကရလာသည့် သားကောင် တကောင်၏ သားရေတချပ်ကို အနံ့အသက်ကင်းအောင် ဂူဝတွင်ကျောက်တုံးချွန်ချွန်တခု ဖြင့် ခြစ်နေသည်။ သေနေသော သားကောင်ကိုတွေ့လျှင် ခင်မောင်အေးက သန်မာသော သူ့လက်များ ဖြင့် ချွန်ထက်သော ကျောက်တုံး ကို ဓားလက်နက်သဖွယ်သုံးပြီး သားရေကို ခွာယူလာခဲ့တတ်သည်။ သားရေမှာ ကပ်ပါလာသော ပုတ်နေသည့် အသားအစအနများ အညစ်အကြေးများကို သန့်ရှင်းအောင် သူလုပ်တတ် သလို လုပ်ပြီး ချောက်သွေ့အောင် ကိုယ်ပေါ်မှာ ၀တ်ဆင်၍ရအောင် သူ့နည်းသူ့ဟန်ဖြင့် ပြုပြင်သည်။

ခင်မောင်အေးက သားရေကို ပြုပြင်နေစဉ်မှာ ညာမေတင်က ပင်လုံးကျွတ်ပွင့်နေသည့် ပန်းပင် ကြီးရှိရာကို သွားလိုစိတ်ရှိနေကြောင်း ခင်မောင်အေးက ရိပ်မိသည့်အတွက် ညာမေတင်ကို ပန်းပင်ကြီး ရှိရာသို့ သွားစေသည်။ ထိုကြောင့် ညာမေတင်က သူချစ်သော ပန်းပွင့်အဖြူကြီးတွေ ပင်လုံးကျွတ်ပွင့် နေရာ ပန်းပင်ကြီးအောက်မှာ အေးဆေးစွာရပ်ပြီး ပန်းတွေကို ကြည့်နေစဉ်မှာ ကိုမြင့်ညိုတို့က တွေ့ လိုက်ရခြင်းဖြစ်သည်။

ခင်မောင်အေးသည် သားရေကို ပြုပြင်နေသော်လဲ ညာမေတင်ကို မျက်ခြေပြတ်မခံချေ။ ခင် ခင်မောင်အေး ရှိနေသော နေရာသည် ဂူအ၀မှာဖြစ်သော်လဲ ကြီးမားသော သစ်ပင်ကြီးတွေအုပ်လိုက် ပေါက်နေသော ကြောင့် ဂူရှိရာကို ပန်းပင်ကြီးရှိနေရာက ကြည့်လျှင် မတွေ့ရချေ။ သို့သော် ခင်မောင် အေးက သူရှိနေရာက ကြည့်လျှင်မူ ပန်းပင်ကြီးရှိသည့်နေရာကို မြင်နိုင်သည်။ ပန်းပင်ကြီးရှိနေရာနှင့် ဂူ ရှိနေရာသည် တခေါ်လောက်ကွာဝေးသည်။

ညာမေတင်က ပန်းပင်ကြီးအောက်မှာ ရောက်နေစဉ် ကိုမြင့်ညိုတို့က ကမ္ဘားယံပေါ်ကို တက် လာခြင်း ဖြစ်သည်။ ကိုမြင့်ညိုတို့ရောက်နေသည်ကို ညာမေတင်က မသိလိုက်၊ ပန်းပွင့်တွေကို စိတ်ဝင် စားနေခိုက် ဖြစ်သောကြောင့် မသိလိုက်ခြင်းဖြစ်သည်။

ထိုအခိုက်မှာ ခင်မောင်အေးကလဲ သူ့သားရေကို ပြုပြင်ခြင်းအလုပ်ကို ရပ်ဆိုင်းလိုက်ပြီး ညာ မေတင်ရှိရာကို လာခဲ့သည်။ မျက်စေ့လျှင်သော ခင်မောင်အေးသည် ကမ္ဘားယံထိပ် သစ်ပင်ကြီး အောက် မြစ်ပျဉ်းကြားတွင် ၀ပ် နေကြသော ကိုမြင့်ညိုတို့ကို မြင်လိုက်၏။

ခင်မောင်အေးမြင်လိုက်သည်က အကောင်အထည် သိသာစွာမြင်ခြင်းမဟုတ်၊ မြစ်ပျဉ်းကြား တွင် ဘာကောင်လေး တွေမှန်းမသိ၊ မဲမဲလုံးလုံးသဏ္ဍာန်ကိုသာ တွေ့လိုက်ခြင်းဖြစ်သည်။ သို့သော် ညာ မေတင် က စမ်းချောင်းမှာ တွေ့ခဲ့ရသည့်သတ္တ၀ါနှစ်ကောင်အကြောင်း ပြောခဲ့သည်ကို ချက်ခြင်းသတိရ လိုက်သည်။
“မခင်မေ တွေ့လာခဲ့တဲ့ သတ္တ၀ါတွေများ ဖြစ်နေမလား”

ခင်မောင်အေးက တွေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ နှစ်ဦးတည်းနေသည့် ဤနေရာမှာ အခြားသတ္တ၀ါတွေ ရောက်လာခြင်း၊ ညာမေတင်ကို တွေ့မြင်သွားခြင်းတို့ကိုမူ ခင်မောင်အေးသည် လုံး ၀မနှစ်မျို့နိုင်ချေ။ ထို့ကြောင့် သစ်ပင်ကို ကွယ်ကာ ညာမေတင် ပြန်လာစေရန် အချက်ပေးသံကို ပြု လိုက်သည်။
ညာမေတင် သည် ကိုမြင့်ညိုတို့ကို မမြင်ရသေးသည့်အလျောက် စိတ်လက်အေးချမ်းစွာ ပန်းပွင့် တွေကို ကြည့်ပြီး ပျော်ရွှင်ကြည်နူးနေစဉ် ခင်မောင်အေး၏အချက်ပေးသံကြောင့် နောက်ဖက်ကို လှည့် ကြည့်လိုက် သည်။

“နင့်နောက်က သစ်ပင်ကြီးအောက်မှာ သတ္တ၀ါတစုကို တွေ့တယ်”
ပြန်ရောက်လာသော ညာမေတင်ကို ခင်မောင်အေးက ဆီးကြိုလက်တွဲပြီး ပြောလိုက်သည်။
“ဘယ်လို သတ္တ၀ါတွေလဲ။ ငါလှည့်ကြည့်လိုက်တော့လဲ ဘာမှမတွေ့ဘူးလေ”
ညာမေတင် က ပြန်ပြောသည်။

“ဘယ်လိုသတ္တ၀ါတွေလို့ မသိဘူးဟဲ့၊ သစ်ပင်ရင်းမှာ မဲမဲလုံးလုံးတွေ တွေ့ရတာဘဲ၊ အသက် တော့ရှိတယ်၊ သူတို့ လှုပ်တာကို ငါမြင်လိုက်တယ်၊ ဒါကြောင့် နင့်ကိုလှမ်းအသံပေးလိုက်တာ၊ နောက် ကို ဒီပန်းပင်ကြီးနားကို မသွားပါနဲ့တော့ဟယ်၊ ဟိုစမ်းချောင်းနားမှာ နင်တွေ့လာခဲ့တဲ့သတ္တ၀ါတွေနဲ့ သူတို့ အတူတူ လားမသိဘူး”
ခင်မောင်အေးက စိတ်မချသည့်အတွက် ပြောသည်၊ ညာမေတင်သည် စဉ်းစားသလို တွေနေ ရာမှ
“စမ်းချောင်းနားမှာ ငါတွေ့လာခဲ့တဲ့အကောင်တွေက ငါ့အဖေနဲ့ အမေကို သတ်သွားကြတဲ့ အကောင် တွေမဟုတ်ဘူး၊ အဲဒီလိုဆိုရင်တော့ ငါတို့ကို ဘာမှမလုပ်ဘူးထင်တယ်၊ နေပါအုံး သူတို့ရှိနေ ကြသေးလား”

ညာမေတင်က ပြောပြောဆိုဆိုဖြင့် သစ်ပင်အုပ်ကြီးကို ကွယ်ပြီး ချောင်းကြည့်လိုက်သည်။ ခင် မောင်အေးကလဲ ညာမေတင်နည်းတူ ချောင်းကြည့်လိုက်သည်။ သို့သော် သူမြင်ခဲ့သည့်သစ်ပင်ကြီး အ ရင်းတွင် ဘာမှမရှိတော့ချေ။
“ဟဲ့ မရှိတော့ဘူး”
ခင်မောင်အေးက ပြောလိုက်သောအခါ...
“အေး... ငါတို့ကို သတ်မဲ့အကောင်တွေဆိုရင် ငါတို့ရှိတဲ့ဆီကို လိုက်လာကြမှာပေါ့၊ ငါတို့ကို မသတ်တဲ့ အကောင်တွေ ဖြစ်လို့သာ ပြန်ပြေးကြတာပေါ့”
ညာမေတင် က ပြောပြီး...

“ခင်မောင်အေးရယ် နင်မြင်လိုက်တဲ့အကောင် မဲမဲလုံးလုံးလေးတွေဆိုတာ ဘယ်လိုနေလဲ။ ငါ လိုက်ကြည့်လိုက်အုံးမယ်”
ဟု ပြောကာ ငြင်သာပေါ့ပါးသော ခြေလှမ်းများဖြင့် ညာမေတင်က သစ်ပင်တွေခြုံတွေကိုကွယ် ပြီး ကမ္ဘားယံ ထိပ် ဆီသို့ ထွက်သွားသည်။ ထိုအခါ ခင်မောင်အေးကလဲ မနေသာတော့ဘဲ ညာမေတင် ကို အလိုလိုက်ခါ နောက်က လိုက်လာခဲ့ရသည်။

ကမ္ဘားယံထိပ်သို့ ညာမေတင်ရောက်သည့်အချိန်တွင်မူ ကိုမြင့်ညိုတို့သုံးယောက်လုံး ကမ္ဘားယံ အောက်ခြေ သို့ ရောက်နေကြလေပြီ၊ ကိုထွန်းအံ့နှင့် ကိုဘသော်တို့က ရှေ့မှခြေလှမ်းကြဲကြဲဖြင့် ထွက် သွားနေခိုက် ကိုမြင့်ညို က ကမ္ဘားထိပ်သို့ မှန်ပြောင်းဖြင့် ပြန်ကြည့်လိုက်မိသောအခါတွင် ညာမေတင်က လဲ ကမ္ဘားထိပ် သို့ရောက်လာပြီး ကိုမြင့်ညိုတို့ကို ငုံ့ကြည့်လိုက်သည့်အခိုက်နှင့် ဆုံလိုက်သည်။
ကိုမြင့်ညို ကင်မရာထုတ်ချိန်လိုက်သည်ကို ညာမေတင်နောက်မှကပ်ပါလာသော ခင်မောင်အေးက မြင် လိုက်သည်။ ခင်မောင်အေး မြင်သလို ညာမေတင်ကလဲမြင်ပါသည်။ သို့သော် ညာမေတင် သည် ကိုမြင့်ညို ကို ကြောက်သည့်စိတ်မျိုး မုန်းသည့်စိတ်မျိုး မရှိချေ။ ထိုကြောင့် ရဲတင်းစွာပင် ငုံ့ကြည့် လိုက်သည်။ ခင်မောင်အေး က ညာမေတင်ကို လျှင်မြန်စွာဆွဲလိုက်သည့်အတွက် ကိုမြင့်ညိုသည် လျှင် မြန်စွာ ပျောက်ကွယ် သွားသော ညာမေတင်ကို ဓာတ်ပုံရိုက်မမှီနိုင်အောင်ပင် ဖြစ်သွားသည်။

“ခင်မောင်အေးရယ်၊ ဟို ဘာကြီးမှန်းမသိတဲ့မျက်လုံးလိုဟာကြီးမျိုးနဲ့ အကောင်ကို ငါ့စိတ်ထဲ မှာ ချစ်နေတယ်”
ကင်မရာကို ဘာမှန်းမသိသည့် ညာမေတင်က သူပြောတတ်သလို စကားဖြင့် ပြောသောအခါ ခင်မောင်အေး မျက်လုံးပြူး သွားသည်။
“ဟင်... နင်က ဟိုသတ္တ၀ါကောင်ကို ချစ်တယ်၊ ငါ့ကို မချစ်တော့ဘူးလား”
“အိုး... နင့်ကို ချစ်တာမျိုးလို ချစ်တာမဟုတ်ဘူး၊ ဟို... ငါ့အဖေနဲ့ အမေကို ချစ်တာမျိုးချစ်တာ”
“နင် အစက အဲဒီလိုပြောပါတော့လား၊ ငါ့စိတ်ထဲမှာ ငိုချင်သွားတာဘဲ”

ခင်မောင်အေးက သက်ပြင်းချပြီးပြောသည်။
ညာမေတင်က ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
“ဘာဖြစ်လို့ နင်က ငိုချင်သွားရတာလဲ”
“နင် ငါ့ကို မချစ်တော့ဘဲ ဟိုသတ္တ၀ါတွေကို ချစ်ပြီးလိုက်သွားရင် ငါ သေချင်သေမှာ”

ခင်မောင်အေးသည် သူ့မျက်မှာပေါ်မှာ ရှုပ်နေသော နှုတ်ခမ်းမွေး မုတ်ဆိပ်မွေး ပါးသိုင်းမွေး တွေကို လက်ဖြင့်စမ်းရင်း ၀မ်းနည်းသံဖြင့် ပြောသည်။ ခင်မောင်အေး၏မျက်နှာသည် ထိုနှုတ်ခမ်းမွေး မုတ်ဆိပ်မွေး ပါးသိုင်းမွေး တွေက မျက်နှာတခုလုံးကိုဖုံးနေအောင် ရှည်လျားနေသဖြင့် မျက်လုံးနေရာနှင့် နှာခေါင်း နေရာသာ အသားဟူ၍ပေါ်နေသည်။ ဆံပင်တွေ ကမူ ခါးထိအောင်ပင်ရှည်ကာ ဦးခေါင်းနှင့် ကျောတပြင်လုံး ကို ဖုံးနေသည်။ ရှည်လျားသော လက်သည်းတွေကို တခါတရံပါးစပ်ဖြင့် ကိုက်ဖဲ့ထား သောကြောင့် မညီမညာ ဖြစ်နေသည်။ ကိုယ်ပေါ်မှာဝတ်ထားသည်က အမွေးပါသော တောကောင်၏ သားရေ ဖြစ်သော ကြောင့် ခင်မောင်အေး၏ရုပ်သွင်သည် တောရိုင်းလူဝံတကောင်လိုဖြစ်နေသည်။

သို့သော် ခင်မောင်အေး၏အသားအရေကမူ ညာမေတင်လိုပင် ဖြူစင်သည်။ ညာမေတင်က ခင်မောင်အေး ၏ မျက်နှာ ကို ကြင်ကြင်နာနာကြည့်ခါ....
“မသေပါနဲ့ဟယ်၊ ငါကလဲ နင့်ကိုသိပ်ချစ်တယ်၊ နင့်ကို ဘယ်တော့မှမခွဲဘူး၊ ဒါပေမဲ့ ဟို ငါ့အဖေ အမေလို ချစ်တယ် ဆိုတဲ့ သတ္တ၀ါကို ငါသေသေချာချာကြည့်ချင်သေးတယ်၊ သူတို့ ဘယ်နေရာမှာ နေကြလဲ မသိဘူး”
ဟု ပြောသော အခါ ခင်မောင်အေးက စိတ်ကြေနပ်ကာ မျက်နှာကြည်သွားသည်။

“သူတို့ နေတဲ့နေရာကို ငါသိတယ်”
ခင်မောင်အေးက ပြောလိုက်သည်။ အမှန်ပင် ကိုမြင့်ညိုတို့ရောက်လာပြီး စခန်းချသည့်နေ့ ကပင် ခင်မောင်အေး က သိနေခဲ့သည်။ အနားကပ်ကြည့်ရှုခြင်း မဟုတ်၍ ဘာကောင်တွေမှန်းမသိသော်လဲ ကိုမြင့်ညို တို့ နေထိုင်သည့်တဲနှင့် ချက်ပြုတ်သည့်မီးခိုးကို မြင်ရခြင်းဖြင့် ထိုနေရာမှာ သတ္တ၀ါတမျိုး ရောက်နေကြပြီ ဟု နားလည်ခဲ့သည်၊ ထိုကြောင့် အစာရှာ သွားရာမှာ ညာမေတင်ကို မလိုက်စေဘဲ သူ တယောက်ထဲ ထွက်ရှာသည့်နေ့ကျကာမှ ညာမေတင်ကို စမ်းချောင်းမှာ ရေခပ်ခိုင်းခဲ့မိသည်။ စမ်း ချောင်းရှိသည့် နေရာနှင့် ကိုမြင့်ညိုတို့ စခန်းချသည့်နေရာမှာ တော်တော်ပင် ကွာဝေးသောကြောင့် စမ်း ချောင်းနေရာ ကို ကိုမြင့်ညိုတို့ရောက်မည်မဟုတ်ဟု ထင်ကာ ခိုင်းခဲ့မိခြင်းဖြစ်သည်။

ထိုသို့ ခိုင်းခဲ့မိခြင်းကြောင့် ညာမေတင်ကို ကိုထွန်းအံ့နှင့် ကိုဘသောတို့က ကြုံတောင့်ကြုံခဲ တွေ့သွား ကြခြင်း ဖြစ်သည်။
“သိရင် လိုက်ပြပါလား ခင်မောင်အေးရယ်”
ညာမေတင်က ပြောသောအခါ ခင်မောင်အေးသည် ညာမေတင်ကို အလွန်အမင်းချစ်လွန်း သောကြောင့် ညာမေတင် ဆန္ဒ ကို မငြင်းဘဲ...
“အေး.. သူတို့အနားကို သွားလို့ကောင်းတဲ့နေ့ ငါလိုက်ပြမယ်” ဟု ပြောသည်။

ညာမေတင်သည် မျက်နှာလေးရွှင်သွားသည်။
“ခင်မောင်အေးရယ်၊ နင်လေ ငါကဘာပြောပြော အလိုလိုက်တယ်နော် ငါပျော်တယ်”
ညာမေတင် ပျော်သည်ဆိုသောအခါ ခင်မောင်အေးပါ ပျော်ရသည်။ ထို့ကြောင့်.... “ပျော်ရင် ဒို့ သီချင်း ဆိုမယ်” ဟု ပြောသည်။

“အေး... နင့်ကို ငါသင်ပေးတဲ့ သီချင်းဘဲဆိုမယ်”
ညာမေတင်က ပြောသောအခါ ခင်မောင်အေးသည် ကြည်ကြည်နူးနူးရယ်ပြီး....
“အဲဒီသီချင်းတခုဘဲ ဒို့ဆိုတတ်တယ်ဟုတ်လား၊ နင်က တခြား ဘာဆိုတတ်သေးလို့လဲ” ဟု မေးသောအခါ ညာမေတင် က ခင်မောင်အေးစကားကို ပြန်မချေဘဲ။

“ပျိုလေးတို့ငန်းဦး ယုံကူးလို့ပြေး ကြည့်လိုက်ကြဟေ... တောခြေမှာ ရွှေယုန်နက်ကယ် ထိပ် ကွက်နှင့်လေး”
ဟုဆိုကာ ထိုင်နေရာက ထပြေးလေသည်။
ခင်မောင်အေးသည် ညာမေတင် နောက်ကိုပြေးလိုက်ရင်း....
“သည်လယ်နှင့် သည်ရေများပေရဲ့လား... လောင်းယူခဲ့ဟေး၊ လှေယူခဲ့ စိတ်ပင်ဦးကို ကူးစို့ရဲ့ လေး”
ဟုဆိုကာ ညာမေတင်ကို လိုက်ဖမ်းသည်။

နှစ်ယောက်စလုံးက အပြေးအလွှား အခုန်အပျံ သစ်ပင်တက်နွယ်တန်းခိုစသည့် အလုပ်တွေမှာ ကျွမ်းကျင် ပြီးသားဖြစ်ရာ တယောက်ကို တယောက်အရှုံးမပေးဘဲ၊ တယောက်ကပြေး တယောက်က ဖမ်းဖြင့် လိုက်တမ်း ပြေးတမ်း ကစားနေကြရသည်မှာ ညာမေတင်နှင့် ခင်မောင်အေးတို့၏ပျော်ရွှင်ကြည် နူးမူသည် မည်သည့် စီးစိမ်ချမ်းသာ နှင့်မျှ မလဲနိုင်အောင် ဖြစ်နေသည်။

ခင်မောင်အေးနှင့် ညာမေတင်တို့သည် တခါတရံ တောတောင်အနှံ့လျှောက်သွားရင် နယ်ကျွံ ကာ တောအပြင်ဘက်သို့ ရောက်သွားတတ်ကြသည်။ ထိုအခါ တောပြစ်မုဆိုးများနှင့် တောရိုင်းတိရစ္ဆာန် တကောင်လို့ မြင်နေရသော မုဆိုးက ရန်မူရန်ပြင်ဆင်သည်။ လက်ထဲက သေနတ်ဖြင့်သော်၎င်း၊ ဒူး လေးဖြင့်သော်၎င်း ချိန်လိုက်သောအခါ ဘေးရန်ကိုအလိုလိုသိသော သဘာဝစိတ်ဖြင့် ခင်မောင်အေးနှင့် ညာမေတင် တို့သည် ကြင်လည်လျှင်မြန်စွာ တောတိုး ကိုယ်ရောင်ဖျောက်လိုက်ကြသည်။ ထိုသည့် နောက်တွင်ကား သူတို့နှစ်ယောက်သည် တောတောင်၏ပြင်ပဘက်သို့ မထွက်ကြတော့ချေ။ တော တောင်ထူရာ အရပ်ကိုသာ လှည့်ပတ်သွားလာပြီး ပျော်ရွှင်စွာ နေထိုင်ကြတော့သည်။

ဆက်ရန်
.

No comments: