Wednesday, April 27, 2011

စိန်စိန် ၏ ထိုသူတစ်ဦး၏ စုံဆယ်ဖြာ

ထိုသူတစ်ဦး၏ စုံဆယ်ဖြာ
စာရေးသူ - စိန်စိန်

ဗြဲရှပ်မဏ္ဍပ်ပါတီ ခရိုင်ဥက္ကဋ္ဌကြီး ဦးပိန်ညောင်မှာ အင်မတန်မှ ဦးနှောက်ခြောက်စရာ ကောင်းသော အခက်အခဲကြီး တစ်ရပ် အတွက်၊ ဘေးကျပ်နကျပ် ဖြစ်နေရှာလေသည်။
သို့ရာတွင် ဦးပိန်ညောင်မှာ အရူးလည်းမဟုတ်၊ နွားလည်းမဟုတ်ရသည်မှာတော့ အမှန်ပင်ဖြစ်သည်။ သူ၏ ဖြူဖြူ သွယ်သွယ် တည်တည်ခန့်ခန့်ရှိနေသော ဥပဓိရုပ်နှင့် ဗြဲရှပ်မဏ္ဍပ် ဥက္ကဋ္ဌကြီးဆိုသော ဂုဏ်ပုဒ်ကို ဖက်စပ် မိနေသည်ကပင် နွာနှင့်အရူဟု ဘယ်လိုမှမဆိုရက်စရာ။

ပြီးတော့ သူသည် သည်ထက်ပို၍ စိတ်ချနိုင်လောက်သော သက်သေအထောက်အထားများကို လည်း ဗြင်းခနဲ ဗြင်းခနဲ ဆွဲထုတ်ကာ လက်တွေ့အားဖြင့် အခိုင်အလုတင်ပြနိုင်သူ ဖြစ်လေ၏။ သို့ကြောင့်လည်း သူက “ကျုပ်တို့ဟာ နွားလည်မဟုတ်ဘူး အရူးလည်းမဟုတ်ဘူး” ဟု စကားဟောင်းကို ပဲတင်ထပ်ကာ အောင်အောင် မြင်မြင် ဟစ် ကြွေးနိုင်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ သည်တစ်ခါမှာတော့ သူစိတ်အညစ်ကြီး ညစ်ရပေပြီ။ ဤအခက်အခဲကို သူဘယ်လို ဖြေရှင်းပေးရမည်ပင် မသိ။ ဆဖြူငုတ်ကလေးများ ထိုးထိုးထောင်ထောင် ရောနှောက်နေသည် သူ၏ က တုံး ဆတောက် ကလေးမှာပင် ကုတ်ဖွရလွန်း ၍ ဖရိုဖရဲဖြစ်နေရရှာသည်။

သည်နေရာတွင် အကယ်တိတာ ဇနီးသည် ဒေါ်ဖက်တီ၏ ၀မ်းကြာတိုက်မှ လူလားမြောက်ပြီးသော သာ ရွှေဥတစ်ယောက်ကို အောက်တိုမက်တစ်နည်းဖြင့် ဒါရိုက်ဟစ်ဖွားမြင် ပေးလိုက်နိုင်မည်ဆိုပါလျှင်လည်း သည်ပြဿနာ မှာ အကောင်တကာ့ ကောင်းဆုသောနည်းဖြင့် ဖြေရှင်းသွားနိုင်ပေမည်။ ယခုသော...
ဦးပိန်ညောင် ခမျာမှာ အကြံရလိုရငြားဖြင့် ကုလားထိုက်ကို စာပွဲနားမှဆွဲရွှေ့သွားကာ ပြတင်းပေါက်တွင် မေးထောက်၍ ထိုင် ရင်း မိုးတစိမ့်စိမ့်ရွာနေသည် အပြင်လောကဓာတ်ကြီးကို အငေးသားကြည့် နေမိ လေသည်။

ထိုခဏတွင် “ကြ...ကြ” ဟု ဆွဲဆွဲငင်ငင် အော်လိုက်သည်နှင့်အတူ ကြံတောင့်ကြီးကို ခေါင်းပေါ် ရွက်လာ သည့် ဈေးသည်မ ကြီးတစ်ယောက်ကို မြင်တွေ့လိုက်ရလေရာ သူ့စိတ်တွင်းမှာ ထောင်းခနဲ ဒေါပွ သွားလေ၏။ “မကြံနိုင်ဘူးဟဲ၊ မကြံတတ်လို့ ဟဲ့” ဟူ၍သာ ကုန်း၍ကုန်း၍ ဟစ်လိုက်ချင်တော့်သည်။

(၂)

ဦးပိန်ညောင်တစ်ယောက် အခက်ပွေရခြင်း၏ အစမှာ သူ၏သားကြီး သြရသဖြစ်သောစီနီယာ ပိန်ညောင်ကို တက္ကသိုလ် ကျောင်းတော်ကြီးသို့ ပိုလွှတ်မိရာမှ ဖြစ်ပါသည်ဟုဆိုပါလျှင်လည်း မှားနိုင်မည်မဟုတ်ပေ။

သည်အရင် ခေတ်ကောင်စဉ်ကဆိုလျှင်ဖြင့် ဦးပိန်ညောင်နှင့် ဇနီးသည် မစ္စက်ပိန်ညောင်ခေါ် ဒေါ်ဖက်တီ ခေါ် ဒေါ်ဘုတ်ဆုံ တို့မှာ ထမင်းကြမ်းခဲကို ယပ်မခတ်သော်လည်း ငါးပိဖုတ်ငရုတ်သီး စပ်စပ်ကလေးနှင့် မြှုပ်ကာ၊ လက်ဖက်ရည်ကြမ်းခါးခါး ပူ ပူနှင့်ရူးရူးမြည်အောင်သောက်နေရလျှင် တင်းတိမ်နိုင်စွမ်းသော ပကတိ မောင်လူအေး နှင့် ခင်သန်းမြင့် (အဲလေ ဟုတ်ပါဘူး) မောင်လူအေး နှင့် မအေးသာကြီးများပင် ဆိုနိုင် လောက်ပါသည်။

သို့ရာတွင် အမိအဖများ သိတော်မူကြသည့်အတိုင် ဆန်ကောတွင် ဆီးဖြူလုံးကဲ့သို့ ဆိုသော တစ်ဘောင် တော်ကြီး အရ လူအပေါင်းတို့ယောက်ယက် ဆန်နေကြရသည့် သမယကြီးတွင် သူတို့မှာလည်း ထာဝစဉ် ရပ်တည်၍ မနေနိုင်ကြရှာ။

အင်္ဂလိပ်ပြေး၍ ဂျပန်မ၀င်မီမှာ မြို့လူထုတွေ တောရပ်မှီခိုကြရပြီးနောက်၊ ဂျပန်ရောက်၍ အနည်းငယ် အနည် ထိုင်စ ပြုပြီးဖြစ် သော ကာလမှာ မြိုပြန်ဝင်ကြရသောအခါကပင် အဆိုပါ ဦးပိန်ညောင် တို့ တစ်တွေ လည်း ရွာတန့်ရှည်ကြီးမှသည် ဖာတစ်တန် အထုပ်တစ်ဖက်ထမ်းကာ မြို့လူထုနှင့် အတူ ရောနှော ပါလာ ခဲ့ကြရသည်။

သူတို့သည်လို ရွှေ့ပြောင်းလာကြရခြင်း၏ အကြောင်းရင်းကိုတော့ ဦးပိန်ညောင်တို့က နိုင်လွန် ၀တ်ထားသည် ထက် လုံးခြုံ အောင် လျှို့ဝှက်ထားကြသည်။ သို့သော် ပြောရဆိုခွင့်ရှိသော သို့မဟုတ် အနီစပ် ဆုံးသော ဌာန တို့မှ ပေါက်ကြားလာသော သတင်းတစ်ရပ်အရဆိုလျှင်တော့၊ သူတို့တွင် ပြည်တော်သာ အုန်းသီးလောက်မက ကိုကိုကြီး၊ ကိုကိုလေးကျွန်းက အုန်းသီး ချောချောလောက်ရှိသော အထုပ် တစ်ထုပ် ကို တစ်ညလျှင် တစ်ဆယ့်သုံးကြိမ်လောက် ထထစမ်းနေရသည်မှာ အိပ်ပျက်လွန်း သောကြောင့် ဟု ဆိုလေသည်။

ထိုအဆိုကို ရွာတန်ရှည်ကြီ မီမလောင်မီက (ဦးပိန်ညောင်တို့ အဘိုးလက်ထက်မှာ ဆောက်လုပ်ခဲ့သည်) အုန်း လေးဖက်ချ သွပ်မိုးအိမ်ကြီးကို မြင်ဖူးလိုက်သော လူအပေါင်းတို့ကလည်း ကောင်းကောင်းကြီး ထောက်ခံ ချက်  ပေးကြသည်။

သို့နှင့် သူတို့တစ်တွေသည် မြို့ထဲမှာ အိမ်မကြီးမငယ် တစ်လုံးကိုငှားရမ်းကာ အိမ်နံဘေးတွင် အေးကျင်း ကောင်းကောင်း တူပြီး မြို့လူထုများနည်းတူ ဗုံးရှောင်ရခြင်းအတတ်ကိုလည်းကောင်း၊ “ယောဒေါရှိ” နှင့် “အာရိကတော” တို့ကို သံယောင်သံ ဖမ်းအားဖြင့်လည်းကောင်း တတ်မြောက်လာကြကာ သားသမီး များကို ပင်လျှင် မြို့ကျောင်းမှာ အပ်နှံထားနိုင်သောအခြေသို့ ရောက်ခဲ့ရလေသည်။

(၃)

သို့ပေမဲ့ ထိုအခါသမယမှာ ဦးပိန်ညောင်ရော (ထိုစဉ်က ဒေါ်ဖက်တီးမခေါ်ဆိုသေးသည့်) ဒေါ်ဘုတ်ဆုံပါ ထမင်းကို ကောင်း ကောင်းမစားနိုင်ကြပေ။ ဟင်... မကောင်း၍ မဟုတ်ပါ။ ဆိုခဲပြီးသည်အတိုင်း ငါးပိနှင့်သာ အဖော် လုပ်ရမည်ဆိုလျှင် (ဂျပန် ခေတ်မို လက်ဖက်ရည်ကြမ်းစစ်စစ်မသောက်ရ၍) ဒန့်ကျွဲစေနှင့် ထိကရုံးရွက် တွေကိုပဲ ရေနွေးပူပူမှာ ခပ်သောက်ရပါစေ၊ သူတို့လျှာအတွက် ကိစ္စမရှိရှိရိုးအမှန်ဖြစ်သည်။ သူတို့ အတွက် ကိစ္စရှိနေသည်မှာတော့ ဟိုးကိုကိုကျွန်းက အုန်းသီးလောက် အထုပ်ကြောင်သာဖြစ်လေ၏။
ဟိသစ္စ မှန်လှသည်။ ထိုအခါက တစ်စုံတစ်ယောက်သောသူသည် ဟိုရုပ်ရှင်ကားထဲမှ ကိုယ်ပျောက်ဆေးကို ခေတ္တ မျှ ငှားယူသုံးစွဲနိုင်၍ ညအခါ ဦးပိန်ညောင်တို့ နေအိမ်ကို ချဉ်းကပ်ကြည့်ရှုနိုင်စွမ်း ရှိသည်ဆိုပါစို့။

မျက်တွင်းအနည်းငယ် ချောင်ကျနေသော်လည်း ဆင်ပိန်ကျွဲလောက်တော့ ရှိနေသေးသော ဒေါ် ဘုတ်ဆုံကြီး က ကြုလှီ ဖျော့တော့ နေရှာသည် ဦးပိန်ညောင်၏ အနီးသို့ကပ်ကာ လေသံသဲသဲကလေးဖြင့် “ရော့ နေတာ ကွမ်းသီးလုံးလောက် တောင် မကတော့ဘူးတော်ရဲ့” ဟု စိတ်မချမ်းမြေ့စွာနှင့် ဆိုပေမည်။ သည်အခါမှာ ဦးပိန်ညောင်ကလည်း
“အေး လက်သီးဆုပ်လောက်သာ ရော့သွားရင်တော့ ခက်ရချည့်ကွာ” ဟု ဆီမန်းမန်းသလိုနှင့် မသက် မသာကြီး ဆိုလိုက်လိမ့် မည်ပြီးတော့ သက်ပြင်းရှည်ကြီးတွေကို ပြိုင်တူချလိုက်ကာ မှိုင်ပုံတော်ကြီးနှင့် မှိုင်နေ ကြတော့ သည်မှာ ကြည်ရှုရသူကိုပါ သူတို့၏စိတ်မချမ်းသာ ရောဂါကြီးကူးစက်ပြီး ကပ်ပါမလာခဲ့လျှင် ကျေးဇူးတင် လောက်သည်။

သို့ကလို တပိန်ပိန်တလိမ်လိမ်နှင့်ပင် နေမင်းရောင်ခေတ်ဆိုးကြီးကို  ကျော်လွန်လားခဲ့ရပြီးနောက်မှ အများ လူထု နှင့် အတူ လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံတော်သားအဖြစ်ကို ခံယူကြရသည်။ ဤအခါ၌မူ သူတို့ ၏ (ပြည်တော်သာ အုန်း သီးအငယ်စားလောက်သာ ရှိတော့သော) အထုပ်ကို ဦးပိန်ညောင်ကိုယ်တိုင် မျက်စိ မှိတ်ကာ အံကြိတ်ကာထက်ခြမ်းခွဲလိုက် လေတော့၏။
ပြီးတော့ ထိုအုန်းသီးတစ်ခြမ်းနှင့်မျှတသော ဆိုင်ခန်းမကြီးမငယ်တစ်ခုကို ဈေးနားခပ်နီးနီးမှာ ဖွင့်လေသည်။ စားသောက် နေ ထိုင်ကြသည်မှာတော့ ရှေးကနည်းအတိုင်း...။

(၄)

ဦးပိန်ညောင်၏ ကြရည်ဖန်ရည်ကပဲ စွမ်းလို့လား၊ ဘ၀သံသရာ အဆက်ဆက်မှ ကံတရားကပင် ထမ်းပိုး သလား တော့ မဆိုနိုင်၊ သူတို့တွင် ဖြစ်ရှိနေသော ဆိုင်ခန်းအပြင် မကြာမီ သူတို့၏ အုန်းသီး လောက်ကြီး မှာလည်း ကိုကိုကျွန်း မှ တစ်လုံးစာ လောက်ပင် ပြန်ပြည့်သွားလေ၏။ သည်အခါမှပင် သူတို့တစ်တွေလည်း ငါးသန် သေးနုပ် ရေလုံးပြုတ်ဆိုတာကို စားရကောင်း မှန်း သိသွားကြသည်။
ပြီးတော့ထူးခြားချက်များ စတင်လာခဲ့ပုမှာယင် အခိုက်အတန့်အတွင်းမှာပင် (နောင်အခါတွင် စီနီယာ ပိန်ညောင် ဟု တွင်သော) သူတို့၏သားကြီး သြရသသည် တက္ကသိုလ်ဝင် စာမေးပွဲကြီးကို အောင်မြင် သွားခြင်း ဖြစ်၏။

ထိုအခါတွင် ဦးပိန်ညောင်ကိုယ်တိုင် သစ်ပင်ပေါ်တက်မကြည့်ရဘဲနှင့် အမြင်ကျယ်လာပြီဖြစ်သည်ပင် အများ ကလည်း တိုက် တွန်းကြသည်နှင့် ထိုသာကြီး သြရသကို တက္ကသိုလ်ကျောင်းတော်ကြီးသို့ ပို့လိုက်ကြသည်။ ထိုသားကြီး၏ အောက်မှ “အေးမေသူဇာ” နှင့် “ထွေးမေဖြူပြာ” တို့မှာ တော၏သမီးမှ ဆင်းသက် ဆက်နွှယ် လာကြသည်မို့ နာမည်ရင်းမဟုတ်တန်ရာ သည်ကိုတော့ စာရှုသူတို့ တွေးထင်ပြီး ဖြစ်တန်ရာ သည်။ မှန်လည်းမှန်ပါ၏။ ယခုလောလောဆယ်မှာ တက္ကသိုလ်စော် နံလှ ပြီဖြစ်သော ခေတ်၏သမီးများ ဖြစ်ပေသမို သာ သူတို့၏ရှိရင်စွဲ မအေး၊ မထွေးများအပေါ်မှာ မေသူဇာ မေဖြူပြာ တို့ဖြင့် ကွန့် လိုက် လွန့်လိုက်ကြခြင်း ဖြစ်ပါသည်။

ပြီးတော့ သည်မျှနှင့်မတန် “ကျွန်မတို့ အမေကိုလည်း ၀လွန်းလို့ ဒေါ်ဘုတ်ဆုံခေါ်နေကြတာတဲ့ရှင်၊ ဟိုလှည်း လုပ်လို့စီးဆို တဲ့ သီးချင်းများကိုများ တွေးမိရင်း သိပ်စိတ်ဆိုးဖို့ ကောင်းတာပဲရှင်၊ ယဉ်ကျေးမှု နာလည် တဲ့ မြို့အရပ်မှာဆိုရင်တော့ ဒေါ်ဖက်တီးလို့ပဲ ခေါ်ကြမှာပေါ့နော်” ဟူ၍လည်း သူတို့၏ နှုတ်စလျှာစ ကလေးများကို ပြကြသေးသည်။ ထို့ကြောင့် အလိုက် သိသူအချို့က စတင်ခေါ်ဝေါ်သမှုဖြင့် ဒေါ်ဘုတ်ဆုံ ကိုယ်တိုင်မှာပင် ဒေါ်ဖက်တီးဖြစ်လာပြန်၏။

သည်အထဲမှာ မိဘများက ကြာသပတေးသားမို့ နေ့သင်နံသင့် ယူ၍လည်းကောင်း၊ ၀သန်ဦးမှာ ရွှင်မြူး ကြသည် ဖားအော်သံ ကလေးများကို နာခံကာ မွေဖွားခဲ့ရသူမို့လည်းကောင်း “မောင်ဖာ” ဟု မှည့်ခေါ် ထားခဲ့ လေသည့် တက္ကသိုလ်ကျောင်းတော် သားကြီးကလည်း-
“အဖေ ရာ ကျွန်တော်ကို ဒီနာမည်ကြီး မှည့်မယ့်အစား ငဘတို့ ဖိုးလုံးတို့ မှည့်ထားတာကမှ ဘ၀နဲ့ နီးစပ်ဦးမှာ” ဟု ညည်း တွားသမှုပြုလာခဲ့ပြန်သည်။ ကြာတော့ ဦးပိန်ညောင်မှာပင် နားအကြားရ ကပ် လာလေ တော့၏။

“ဟို လျှာရှည်တတ်တဲ့ မိန်းမသားတွေက ရှိပါစေ၊ ဒီကောင်ကပါဘာဖြစ်ရပြန်တာလဲ၊ မင်းမှာ ဒီနာမည်နဲ့ပဲ တက္ကသိုလ် ကျောင်းတောင်ရောက်ရပြီမဟုတ်လား၊ ငါတို့တော့ ဘယ်တော့မှ မပြင်ဘူးဟေ့၊ ဒီပိန်ညောင် နဲ့ပဲ အုန်းသီး နှစ်လုံးစာ လောက် ထုပ်နေရတာ” ဟု အော်ငေါက်မိရာ
“ကျွန်တော် က နည်မည် လှမလှ ရွေ့နေတာ မဟုတ်ပါဘူးဗျ၊ ဘ၀နဲ့ မနီးစပ်လို့ ပြောနေတာပါ၊ အဖေ့ နာမည်မျိုး ဆိုလည်း အရေးမကြီးပါဘူး၊ စီနီယာ ပိန်ညောင်ပဲ ခေါ်ကြပါစေပေါ့” ဟု သူကိုယ်သူ ဇွတ်အတင်း ကင်းပွန်း တပ်လိုက်ပြန်သည်။

သို့နှင့် သားအထွေးဆုံး မောင်ခွေးပုမှာပင် လက်ဖက်မကျွေးရ၊ ဘိသိတ်မသွန်းရပါဘဲနှင့် ဂျူနီယာ ပိန်ညောင် ဘ၀ သို့ အလို လိုရောက်ရှိလာရခြင်း ဖြစ်လေ၏။
မည်သို့ပင်ဖြစ်စေ ဦးပိန်ညောင်မှာတော့ စီနီယာ ပိန်ညောင်တစ်ယောက် ၀ိဇ္ဇာမဓိုရ်ရ မီကပင် “စိမ့်ကြီး မြိုင်ကြီး” ပါတီနှင့် ပေါင်းကာ မြေလျှိုးသွားလေတော့၏။ ဦးပိန်ညောင် မျှော်မှန်းထားသည် အုန်းသီးခိုင်ကြီး မှာလည်း အပင်ရင်းပါ ပြုတ်ထွက်ကာ လေထမှာ လွင်စဉ် ပျောက်ကွယ်သွားရလေပြီး။

(၅)

“လူကြီးမင်း ဦးပိန်ညောင်ခင်ဗျား၊ ကျွန်တော်တို့ရဲ့ ဗြဲရှပ်မဏ္ဍပ်အဖွဲ့ကြီးအတွက် ရန်ပုံငွေများ ကောက်ခံ နေပါတယ်။ ခပ်များ များထည့်ဝင်တော်မူပါ ခင်ဗျာ့”
ဧရာမ ငွေဖလားကြီးကို ရင်ခွင်မှာပိုက်ကာ သည်လူစုတစ်တွေ အိမ်ပေါ်ကိုတက်လာစမှာဖြင့် ဦးပိန်ညောင် မှာ မကောင်းတတ် လွန်း၍သာ ရောယောင်သွေးသောက် ပြုံးလိုက်ရသေးသည်။
“ဟဲ....ဟဲ...ဟဲ...ထည့်ရတာပခင်ဗျာ”
ပြီးတော့လည်း သူသည် မချိသွားဖြဲကလေးနှင့်ပင် အခန်းထဲသို့ ထလာခဲ့ရ၏။ ထို့နောက် စွန့်ခြင်းကြီး ငါးပါး အနေနှင့် အားတင်းလိုက်ကာ ၅ ပြားစေ့ ငါးစေ့တိတိကို ယူထွက်လာခဲ့ပြီး စက္ကူတွေချည်း အထပ်လိုက်ရှိနေသော ငွေဖလားကြီးထဲကို ဟန်ပါပါ ကြဲထည့်လိုက်သည်။

ဤတွင်...
“ဘာလဲ ခင်ဗျာက ကျုပ်တို့ရဲ့ ဗြဲရှပ်မဏ္ဍပ်ကြီးကို စော်ကားတာပေါ့လေ” ဟူသော ခြေင်္သေဟောက် သည်နှင့်တူစွာသော အသံကြီးကိုကြားရတော့သည့်အပြင်....
“ဟွန်း...ဟွန်း... သားတော်မောင်တစ်ယောက်လုံးက စိမ်းကြီးမြိုင်ကြီးပါတီထဲမှာ ဆိုတော့လည့် ကျုပ်တို့ရဲ့ ဗြဲရှပ်မဏ္ဍပ် ကို မခန့်လေးစားပြုဝံ့ပေမေပေါ့ဗျာ” ဟူသော မိုခြိမ်းသည်နှင့်တူစွာ အသံကြီးကိုလည်း ထပ်မံ၍ ကြားရ ပြန်လေ၏။

ဦးပိန်ညောင် တစ်ယောက်မှာတော့ ထိုခြင်္သေဟောက်သံ၊ မိုးခြိမ်းသံများ၏အလယ်မှာ ဇက်ကလေး ပုဝင် နေရရှာသည်။ သူတို့တစ်တွေ ခပ်ဆောင်ဆောင် ဆင်းထွက်သွားကြသည်ကိုလည်း ဘာစကားမျှ မဆိုလိုက်နိုင်။ ထိုနေ့ညတစ်ညလုံးမှာ လည်း ကောင်းစွာ အိပ်မပျော်နိုင်ခဲ့တော့ပေ။ သည်တစ်ခါ အိပ်မပျော် နိုင်သည် မှာမှ ယခင်တောမှာနေစဉ်... ကိုကိုကျွန်းက အုန်းသီးခန့်ကို ထထစမ်းနေရသည်ထက် ပိုဆိုးသည်။ ထိုစဉ် က စိတ်မလုံနိုင်တိုင်း ထိုအုန်းသီးခန့်ကို တစ်နေရာမှာ တစ်နေ ရာရွှေ့ပြောင်းထားနိုင်သေးသည်။ ယခုတော့ သူ့ရင်ထဲ အသည်းထဲ ကလီဇာထဲကကို ဖြစ်ရှိလာသောအကြောက်ထုပ်။

ဒီအကြောက်ထုပ်ကိုဖြင့် သူ ဘယ်နေရာမရွှေ့ပြောင်းနိုင်။ လုံခြုံရာလည်းမရှိ။ စစ်အတွင်းက ဒက်-ဒက်-၀ုန်း-၀ုန်း-၀ုန်း တို့ကမှ အေးကျင်ကောင်ကောင်တွင် ခိုကိုးရာရှိသေးသည်။ ယခုတော့ ခြင်္သေဟောက်သံနှင့် မိုးခြိမ်းသံကြီး များက သူ့နားထဲမှာ ပဲတင်ထပ်နေတော့သလိုပင်။ သည်အကြောက်ထုပ်ကြီးကလည်း သူ့ရင်ထဲ မှာ ကန်လန့်ကြီးခံနေသည်။ မအောင့်နိုင်၊ မခံသာနိုင်ဖြစ်လာတော့သည့် နောက်ဆုံးတွင်ကား... “အုန်းသီး တစ်လုံးစာ လောက်ဖြင့် ကုန်ချင်ကုန်သွားပါစေ၊ သည်အ ကြောက်ထုပ်ကြီးကိုတော့ ရှင်းပစ်လေ မှ”  ဟူ၍သာ စိတ်မသက်မသာကြီးအကြားမှ ဆုံးဖြတ်ချက် ချရရှာတော့သည်။

ဤအကြံကို ဒေါ်ဖက်တီးသို့ တိုင်ပင်လေသောအခါ၌လည်း သူလိုပင် အကြောက်ထုပ်ကြီးကို မထွေးနိုင် မအန်နိုင် ဖြစ်နရရှာ သည်။ ဒေါ်ဖက်တီးကလည်း နှမြောတုန်ခိုက်စွာသော အကြားမှပင် သဘောတူညီမှု ပေးလေသည်။ သို့နှင့် နံနက်မိုးသောက် အလင်းသို့ရောက်လာသည်တွင်မူ ဦးပိန်ညောင်သည် (သူတို့ အုန်းသီးထဲမှ ထွက်လာဟန်ရှိသည့်) အထုပ်ခပ်ကြီးကြီး တစ်ထုပ်ကို ကိုင်စွဲကာ ခြင်္သေ့ဟောက်သံနှင့် မိုးခြိမ်းသံကြီးများ ရှိရသို့ ၀ပ်တွားပန်ထွာရရှာလေတော့၏။

“ဟဲ...ဟဲ...ဟဲ လူကြီးမင်းတို့ကလည်း ဟဲ...ဟဲ...ကျွန်တော် မနေ့က ကျီစားတာကို ဟဲ...ဟဲ တကယ် မမှတ်ပါနဲ့ ခင်ဗျာ ဟဲ...ဟဲ...ဟဲ...။ တကယ်ဆိုတော့ ကျွန်တော်သား ဖြစ်ရတာလဲ ဟဲဟဲ ကျွန်တော်နဲ့ မဆိုင် ပါဘူးဗျာ။ ကျွန်တော်ကဆိုရင် လည်း ဟဲ...ဟဲ...ခင်ဗျားတို့ရဲ့ ဗြဲရှပ်ဏ္ဍပ် အဖွဲ့တော်ကြီးကလွဲရင် အဟဲ... ဘာကိုမှ သဘောကျတဲကောင် မဟုတ်ပါဘူးဗျ ဟဲ...ဟဲ”
ဦးပိန်ညောင်က သူတတ်သမျှ မှတ်သမျှသော အန္တရာယ်ကင်းဂါထာတော်ကြီးကို ရွတ်ဖတ်ပြီးတော့မှ သူ ယူလာခဲ့ သော အထုပ်ခပ်ကြီးကြီကို ကိုယ်ထိလက်ရောက် ထည်ဝင်လှူဒါန်းလိုက်သည်။ ရုတ်တရက်သော် ခြင်္သေ့ ဟောက်သံကြီး နှင့် မိုးခြိမ်း သံကြီးတို့၏ မျက်လုံးအစုံ တို့မှာ ပုစွန်မျက်လုံးများပမာပင် ပြူးထွက် လာကြ သေးသည်။ ပြီးတော့မှ ကပျာကသီ ဣနြေ္ဒဆည် ပစ်လိုက်ကြကာ သူတို့၏ မျက်နှာများကို သကာရည် ခပ်ထူထူကြီး လူးပြလိုက်ကြလေသည်။

“အဟဲ...ဟဲ ဦးပိန်ညောင်ကို ကျွန်တော်တို့ ချီးကျူးပါတယ်ဗျာ၊ ဒီမြို့ထဲ ဒီခရိုင်ထဲမှာဖြင့် ခင်ဗျာလောက် ရက်ရော နိုင် သူ ရှာမှရှားပါပဲ”
သည်တစ်ခါတော့ မိုးခြိမ်းသံကြီးနှင့် ခြင်္သေ့ဟောက်သံကြီးများမှ ထူးခြားစွာ ဖားအကြီးစားများ၏ အသံကဲ့သို့ ပြောင်းလဲ သွား ကြလေ၏။ ဦးပိန်ညောင်ကလည်း “ငါတို့၏ အကြောက်ထုပ်ကြီးမှာ လိုသည်ထက်ပို၍ ကြီးနေခြင်း ပေလား” ဟူ၍ သံသယဖြစ်မိသလိုလို ရှိလေသည်။ သို့ပေမဲ့ ယခုလို ဖားအကြီးစားမယား၏ အော်သံ မျိုး ကိုတော့ သူ၏ ကလီစာထဲကပါ သဘောကျ လက်ခံချင်သေးသလိုလို။
သည်လိုနှင့် မကြာမြင့်သော ကာလအတွင်းမှာ ဗြဲရှပ်မဏ္ဍပ်အဖွဲ့တော်ကြီးဖြင့် တစ်ကြိမ်နှစ်ကြိမ် ထပ်မံ ဆက်သွယ် ရပြန်သည် တွင်မူ မတော်တဆ မိုးခြိမ်းသံ ခြင်္သေ့ဟောက်သံကြီးများကို ကြားရလေဦး မည်လား ဟု ကြိုကြိုတင်တင်စိုးရိမ် စိတ်မချရှိလာ ပြန်ခြင်းနှင့် ဖားကြီးကြီး အသံကလေးမျိုးကို အူထဲအသည့်ထဲက လက်ခံလို ပြန်ခြင်းတို့ဖြင့် ရောထွေးကာ ဦးပိန်ညောင်က ရှေးနည်းတူရက်ရောလိုက်ရပြန်သည်။

“ဦးပိန်ညောင် ခင်ဗျား ကျွန်တော်များရဲ့ အဖွဲ့တော်ကြီးမှာ အမှုဆောင်တစ်နေရာ လက်ခံတော်မူပါ”
တဖြည်းဖြည်း နှင့် ဖာကြီးကြီးငယ်ငယ်တို့၏ အသံများသည် တိုးတက်သည်ထက် တိုးတက်လာကြလေ၏။ ဦးပိန်ညောင် က လည်း “အင်... ငါနောက်ဖက်မှာ ရာဇပလ္လင် ကပ်ပါနေတာ ငါ စောစောက မသိရပါကလား” ဟု ဘ၀ဂ် ကို လှမ်းမြင်နေသော စိတ်ဖြင့် လက်ခခေါင်းညိတ်ပစ်လိုက်သည်။ ဒေါ်ဘုတ်ဆုံးခေါ် ဒေါ်ဖက်တီး ကတော့ သူတို့မှာ အုန်းသီး တစ်လုံးလောက်နီးနီး လျော့နည်းသွားရခြင်းကို မရွှင်လန်းနိုင်သောစိတ်ဖြင့် မျက်စောင်း ထိုး၍ နှုတ်ခမ်းစူလေသည်။

သို့သော် သို့သော ထိုမျက်စောင်းထိုးခြင်း နှုတ်ခမ်းစူခြင်းတို့မှ အပြုံးပန်းတွေ တစ်ပွေ့ကြီး တစ်ပွေ့ကြီး ထွက်လာလောက် အောင်ပင် ဦးပိန်ညောင်က စွမ်းရည်သတ္တိပြနိုင်ခဲ့လေသည်။ သူသည် သိပ်မကြာသော ကာလအတွင်းအတွင်းမှာ ခရိုင်ဥက္ကဋ္ဌ ကြီး အဆင်အတန်ကိုလည်း တက်လှမ်းနိုင်ခဲ့၏။ ပြီးတော့ ဟို သာဝမာသဗျ အသင်း ဖြန့်ကြဲရေးဌာနနှင့် ပွေ့သတ်အဖွဲ့စ သည်တို့မှာ ဒိုးလိုမွှေလိုက်နိုင်ရုံမျှမက ကြီးကျယ် မြင့်မား လှစွာသော ပုဂံငကျွဲ၊ ငမို့ ငုံ့ တို့နှင့်ပင်လျှင် ဆက်သွယ်ပေါင်းသင်း မိသွားသည်။

ခပ်တိုတို ပြောရမည်ဆိုလျှင်တော့ သူသည် တစ်လုံးစာလောက် ဖြန့်ဖြူး ဆက်သ လိုက်လျှင် (အုန်းသီး ပြောတာပါနော်) နှစ်လုံး စာမက အစာပြန်ရနိုင်သည်ဆိုသော “နှစ်ထပ်ကိန်းရင်းနှင့်တိုးသည်” ဖော်မြူလာကြီး ကိုပင်လျှင် ရရှိသွားပြီး ဖြစ်ပေသတည်း။ သို့ကြောင့် အပြုံးပန်းတွေ တစ်ရုလုံးပွင့်ပြီးနေသော ဒေါ်ဖက်တီး မှာပင် ရှေ့သွားနောက်လိုက် ညီမျှစွာ အဖွဲ့တော်ကြီးထဲမှာ ပါဝင်ထမ်းရွက်ဖော် ရလာ ခဲ့တော့သည်။

သည်အခါတွင် (အခြေအနေရ) လက်ဖက်ရည်ကြမ်းပူပူနှင့် ငါးပိဖုတ် ငရုတ်စပ်စပ်တို့သည်လည်းကောင်း၊ ငါးသန်သေးနုပ် တို့သည်လည်းကောင်း၊ ဝေးရာသို့ ရှဲကြလေ၏။ သူတို့နေရာမှာ ပင်လယ်ငါးမျိုးစုံ တို့သာမက သူတို့၏ ဖော်မြူလာထဲတွင် ပါရှိဟန်တူသော ရေခဲသေတ္တာကြီးနှင့် ပုလင်းမျိုးစုံ ဗီရိုကြီးတို့ပါ ရောက်ရှိ လာကြသည်။
ယခင် အငှားနေအိမ်မှ ပြောင်းရွှေ့ပြီးကာ ကိုယ်ပိုင်တိုက်အိမ်ကြီးကလည်း အကြီးကြီး၊ စားပွဲသောက်ပွဲ စည်းဝေး ဧည့်ခံပွဲကြီး တွေ ကျင်းပလိုက်ကြသည်မှာလည်း ဂရီး ဂရီုး။ သူတို့ပိုင်နှင့် သူတစ်ပါးပိုင် မော်တော်ကား အခံကားကြီးများကလည်း တ၀ီးဝီး။ အဲဟိုဈေးနားမှာ မမှတ်မိ လောက်အောင် တိုးချဲ့ကြီးထွားနေသည် ဆိုင်ခန်းကြီးကိုထား၍၊ ရွှေမြို့တော်ထဲမှာပင် ကိုယ်စားလှယ် များနှင့် လုပ်ကိုင် နေသော လုပ်ငန်းကြီးများကလည်း တဟီးဟီး။

အီး... တယ်ပြီးတော့ နိပ်လှစွာသော ဗြဲရှပ်မဏ္ဍပ်ကြီး၏ အာနိသင်များပါပေတကား။

(၆)

အင်မတန်မှ သာယာဖြောင့်ဖြူးနေသည့် အခြေအနေထဲတွင် ဦးပိန်ညောင်သည် ရင်ထဲမှာ တဒိတ်ဒိတ်နှင့် တစ်စုံ တစ်စုံသော အရာကို မျက်ခြည်မပြတ် ကြည်နေရပြန်လေ၏။ တခြားတော့ မဟုတ်ပါ။ ၀မ်းလျား မှောက် နေရာမှ ခေါင်းထောင်လာသော ဟို ဘယ်လက်ရုံးတပ်ပေါင်းစုံကြီးကြောင့် ပါပေတည်း။
အကယ်၍သာလျှင် ထိုဘယ်လက်ရုံးတပ်ပေါင်စုကြီးသည် ဗြဲရှပ်မဏ္ဍပ်ကြီးကို ကျော်လွန်အောင် ထခုန် လိုက်မည် ဆိုပါက...။

ဦးပိန်ညောင် သည် သူ၏အုန်းသီးကြီးများနှင့် ဖော်မြူလာကြီးအား ထိခိုက်ခံရမည်ကို အစိုးရိမ်ဆုံးဖြစ်လေ၏။ ပြီးတော့ သည်ဘယ်လက်ရုံးထဲမှ ခြင်္သေ့ဟောက်သံ၊ မိုးခြိမ်းသံမျိုးကို သံတူပြုတတ်သူတွေရှိမှဖြင့် ဟူ၍လည်း တွေးရွံ့မိသည်။

ဘယ်လက်ရုံးကြီးမှာလည်း ထောင်ထလာသော သူ၏ဦးခေါင်းကို ဟိုဟိုသည်သည် လှုပ်ရှားစပြုလာ၏။ ကြာလျှင် ထမခုန်ပါ ဘူးဟု မဆိုနိုင်၊ ဟုတ်သည် “သီဟိုဠ် လက်ဖက်သစ်” “ဗလာ ဗချာ” လို အဖွဲ့အစည်းမျိုး ဆိုလျှင် တော့ဘာမှ မထောင်းတာ။ ယောက်ဖ ၀မ်းကွဲတစ်ယောက်နှင့် နှမသုံးဝမ်းကွဲလောက်မှ မွေးစားသည့် တူတော်မောင်တစ်ယောက်ကို လိုလိုမည်မည် ခြေ စောင့်လက်စောင့် သဘောလောက် ထည့်သွင်း ထားရုံနှင့် ကိစ္စပြီးနိုင်သည်။ ဤအလားအလာအများကြီးရှိသော ဘယ်လက်ရုံး ကြီးမျိုးကို လျစ်လျူရှု နေ၍တော့ မဖြစ်။

သို့ကြောင့် ဆယ်တန်းတွင် တဖုတ်ဖုတ်လိမ်လဲနေသော သူသားအငယ် ဂျူနီယာပိန်ညောင်အား ကျောင်းမှ ထွက် ပေးလိုက်ကာ ဤဘယ်လက်ရုံးထဲသို့ဝင်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်စေရလေသည်။ မှတ်ချက်=  သူတို့သားအမိ သားအဖ ချင်းမှာပင် စကားဟဟ မပြောကြ။

ဤအချိန်တွင် အေးမေသူဇာ၊ ထွေးမေဖြူပြာတို့မှာလည်း တက္ကသိုလ်သို့ ရောက်ရှိကုန်ကြလေရာ ဥက္ကဋ္ဌကြီး ဦးပိန်ညောင်က စီနီယာ ပိန်ညောင်ကဲ့သို့ စိမ့်ကြီးမြိုင်ကြီး၊ ပါတီနှင့်ပေါင်းကာ မြေမလျှိုးကြရန်နှင့် ကျောင်းတော် ၏ အဖွဲ့အစည်းတစ်ခုစီမှာ တော့ ကိုယ်ကြိုက်နှစ်သက်ရာမှာ တစ်ဖွဲ့စီခွဲ၍ ပါဝင်ကြရန်ကို သြ၀ါဒ ပေး၍ လွှတ်လိုက်သည်။ သူ ဖခင်ကျွေးသော ပင်လယ် ငါးကို ဖန်တစ်ရာတေအောင် စားဖူးကြသည် သမီး နှစ်ယောက် ကလည်း ဤသြ၀ါဒအတိုင်းပင် တစ်သဝေမတိမ်း လိုက်နာကြ သည်။ (အကယ်၍ သည်သမီး နှစ်ယောက် ကျောင်းမှထွက်လာကြလျှင်လည်း အလုပ်ကိုလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အမျိုးသမီး အသင်းအဖွဲ့ကြီးနှစ်ဖွဲ့ မှာ တစ်ယောက်စီခွဲ၍ ပါဝင်ကြစေရန်ကိုတော့ ဦးပိန်ညောင်က ရည်စူးပြီး ဖြစ်သည်။)

ဤလိုနှင့် သူတို့တတွေ အတော်ကြီးနေသားကျသွားပြီးသည်၏။ နောက်ပိုင်းတွင် ရုတ်ရုတ် ရုတ်ရုတ် နှင့်ဖြစ်ကာ သူတို့၏ ဗြဲရှပ်မဏ္ဍပ်ကြီးမှာ ဟက်တက်ကြီး ကွဲ၍သွားပြန်လေ၏။ ကွဲပုံကလည်း အတော်ယဉ်သည်။ တစ်ဖက်ဖက်ကို ပြိုကွဲသွားပုံမျိုး တော့မဟုတ်၊ တစ်ဖက်တွင် “စင်ကြယ်သော ဗြဲရှပ်မဏ္ဍပ်ကြီး” ဟူ၍ တစ်ဆောင်ပေါ်လာသည်နှင့်အတူ အခြားသောတဖက်မှ လည်း “နိစ္စဓူဝ ဗြဲရှပ်မဏ္ဍပ်ကြီး” ဟူ၍ တသီး တခြား ပေါ်လာသည်။

ဦးပိန်ညောင်တို့ကာ မဖြုန်းရေးချမဖြုန်း။ သူနိုင်ငါနိုင်အကဲခတ်ရ အလွန်ခက်နေသော ကြားကာလ ၏ အချိန် အတွင်းမှာပင် မဖြုန်။ ဦးပိန်ညောင်က စင်ကြယ်ဗြဲရှပ်မှာ ပါဝင်၍ ဒေါ်ဖက်တီးက နိစ္စဓူဝ ဗြဲရှပ်တွင် ပါဝင်လိုက်ခြင်းဖြင့် သည်ပြဿနာကို လွယ်လွယ်ကလေးနှင့် ဖြေရှင်းလိုက်ကြသည်။ ရွ့ပ်ရွပ်ချွံချွံလည်း စွမ်းဆောင် ပြကြ၏။
ဦးပိန်ညောင် က အသံချဲ့စက်တပ်ဆင်ထားသည့် ကားကြီးဖြင့် မြို့ထဲသို့ လှည့်ကာ ဒေါ်ဖက်တီးတို့ နိစ္စဓူဝ ဗြဲရှပ် ၏ ညောင်မြစ်ကြီးကိုတူပြီး ပုတ်သင်ဥတွေကို ဖော်ပြလိုက်သောအခါ ဒေါ်ဖက်တီးကလည်း အလားတူ ကားတစ်စီးဖြင့် လှည့်၍ ဦးပိန်ညောင်တို့၏ စင်ကြယ်ဗြဲရှပ်မှ ဘုရားဖူးရင် တူးထားကြသည့် လိပ်ဥတွေကို အကုန် ဖော် လေသည်။

မြို့လူထုတွေ မှာ အလွန်လျှင်အကဲခတ်ရ ခက်ကုန်ကြလေ၏။ အချို့လူများကတော့ သူတို့၏ ပြင်ပ အပြု အမူ ကို သံသယရှိ၍ အိမ်တွင်းရေးရာ နေထိုင်ကြပုံများကို အကဲခတ်ကြည့်ကြလေသည်။
သို့ရာတွင် ဥက္ကဋ္ဌကြီးပင် လုပ်နေသေးသော ဦးပိန်ညောင်မှာ ဒါလောက်ကိုဖြင့် ကွက်ကျော် မြင်တတ် ပါသေး၏။ ဒေါ်ဖက်တီး နှင့်သူတို့ သားအဖသည် တစ်ယောက်ကိုတစ်ယောက် လုံးဝ စကားမပြောဘဲ နှင့် လည်း နေကြသည်။ ဆူပူစောင့်မဲ၍လည်း နေချင်နေသည်။ ဒါကတော့ “ချစ်ရမှာခက်တယ်” ဇာတ်လမ်းကြီး ကို ခင်းပြနေခြင်းဖြစ်လေ၏။ ရံခါတော့လည်း “လမ်းစပေါ်ပြီ” ပြဇာတ်ကြီးကို အစမ်းတိုက်ကြည့် နေကြကြောင်း ဖြင့် ကြည်ကြည်သာသာ ရယ်ရယ်မောမောပင် တွေ့ရတတ်သည်။ မျာသော အားဖြင့်တော့ မြို့မိမြို့ဖ များ နှစ်သက်ပုံ ရသော “ချစ်ရမှာ ခက်တယ်” ကိုပင် နာနာဖိ၍ သရုပ်ဆောင်ကြလေသတည်း။

ဒါကြောင့်ပင်လည်း ဦးပိန်ညောင်က လက်သီးလက်ရုံးတန်းတဲ့ကာ သူတို့သည် နွားကြီးလည်းမဟုတ်၊ အရူးကြီး လည်း မဟုတ်ရပါသည့်အကြောင်းကို ပဲ့တင်ထပ်ကာ ကြွေးကြော်နိုင်ခြင်း ဖြစ်လေ၏။ တစ်ပုံစီနွှဲ၍ တစ်နည်းစီ ဆင်နေကြသော ဒေါ်ဖက်တီးနှင့် သူ၏သားသမီးများကို ဗြင်းခနဲ ဗြင်းခနဲ ဆွဲထုတ်ကာ သက်သေခံ အခိုင်အမာနှင့်လည်း ပြနိုင်အားပေသည်။
အခက်တကာ အခက်ဆုံး မှာ ယခုမှာသာ စတင်လေ၏။ ထိုအခက်အခဲမှာလည်း ကာလအတန်ကြာက စကား မပြောဘဲ၊ ယခုမှ သာ စကားတစ်လုံးစပြောကာ မျက်နှာချင်းဆိုင် နိုင်ကြတော့သော သူတို့သားအဖ ၏ ဆွေးနွေးပွဲမှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်လေသည်။

“ကျွန်တော် တို့ရဲ့ ဘယ်လက်ရုံး တပ်ပေါင်းစုကြီးလည်း အဖေတို့ရဲ့ ဗြဲရှပ်မဏ္ဍပ်လမ်းစဉ်ကိုများ လိုက်ချင် လာပြီလား မသိဘူး အဖေရေ၊ အတွင်းမှာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ ဖြစ်နေကြတယ်။ လက်လယ်တပ်ဦးပါတီ နဲ့လည်း အတော်သဘောကွဲလွဲနေကြ တယ် အဖေရဲ့”
“ဟေ ဒါ ဘာခက်သလဲကွဲ၊ ဘယ်ဖက်က အင်အားသာမယ်ဆိုတာကို စောင့်ကြည့်အကဲခတ်နေရုံပေါ့”
“ဒါလည်း မလွယ်လှဘူး အဖေရဲ့၊ လက်လယ်တပ်ဦး ဘက်မှာ လက်သူ ကြွယ်ပါတီနဲ့ လက်ညှိုလက်မ လက်သန်း ပါတီတွေ ကပါပါနေကြပြီ၊ တစ်ဖက်မှာလည်း လက်ဖျံလက်မောင်းနဲ့ လက်ဝါးအုပ်စုကြီးတွေ ရှိနေကြတယ်”

“သြော်... ဒါဖြင့် အင်အားမျှနေပုံပေါ့၊ စောင့်ကြည့်ဦးလေကွာ”
ဒါက ပထမအကြိမ်ဖြစ်သည်။ ဒုတိယအကြိမ်သို့ နောက်ထပ်ဆိုက်ရောက်လာပြန်၏။
“အဖေရေ... လက်လယ်တပ်ဦးကိစ္စတော့ အေးသလောက်ရှိသွားပြီ။ ဟို တစ်တောင်ဆစ်ပါတီနဲ့ လက်ဝါး ပါတီက ခေါင်း ဆောင်ကြီးချင်းစကားများနေကြပြန်ပြီးဗျ။ ပြီးတော့ လက်မောင်းရင်းအဖွဲ့နဲ့ လက်ကောက်ဝတ် အုပ်စုတို့ချင်းလည်း သိပ်မတည်ကြဘူးတဲ့။ အဲဒါ ဘယ်လမ်းစဉ်းလိုက်ရမယ်ဆိုတာ ကြိုတင် စဉ်းစား ထားပါဦး”

သည်တစ်ခါတော့ ဦးပိန်ညောင်မှာ အတော်ပင် အခက်အခဲကြီးတွေ့ရရှာသည်။ “အင်... ဒါလောက်ဖြစ်လာရင်တော့ ကွဲများ ကွဲဦးတော့မှာလား”
သည်ပြဿနာကိုဖြင့် လွယ်လွယ်နှင့်ဖြေရှင်းနိုင်ပုံမပေါ်၊ စားပွဲဆီမှရွှေ့ပြောင်းကာ ပြတင်းပေါက်မှာ မေးထောက်၍ စဉ်းစား သော်လည်း အဖြေမထွက်သေး။သူကိုစောင့်ချိတ်သလို “ကြ...ကြ” ဟု အော် သွားသော ကြသည်မကြီးကိုပင် ဒေါပွမိရသေးသည်။ “ကြနိုင်ဘူး ဟဲ့၊ မကြတတ်လို့ဟဲ့” ဟူ၍သာ ကုန်း၍ ကုန်း၍ ဟစ်လိုက်ချင်တော့၏။

သည်လိုနှင့် ကြာသည်ထက် ကြာသွားတော့မှ သူ့ဦးနှောက်၏ချောင်ကြားထဲမှာ ခိုကပ်နေသော သိပ်မလတ်ဆတ် တော့သည့် အကြကလေးတစ်ခုကို ရသွားသည်။ သည်တော့မှပဲ
“ဟေး...ဂျူနီယာ ပိန်ညောင်ရေ လာစမ်းပါဦးဟ” ဟု လှမ်းခေါ်လိုက်ရသည်။ သားတော်မောင်မှာလည်း သူ ဖခင်ကြီး ကို လေး စားစွာ အနီးသို့ကပ်လာလေ၏။
“အခု လောလောဆယ်မှာတော့ ဒီလိုလုပ်ဦး လေကွာ၊ တကယ်လို့ ကွဲကြပြီဆိုရင် ဘယ်ဖက်ကိုပဲဖြစ်ဖြစ် ကြိုက်ရာ တစ်ခုခု ကို လိုက်လိုက်တာက ကိစ္စမရှိပါဘူး။ ပြီး ခဏနေတော့မှ ကျွန်တော် မှားပါကြောင်းဆိုတာ ကြေညာပြီး တစ်ဖက်ကို ပြောင်းယူလိုက်တာပေါ့။ ဒီလို မကြာခဏပြောင်းနေရင်းမှာပဲ သူတို့ရဲ့ အကယ့် အင်အားအမှန် တွေလည်း ပေါ်လာလိမ့်မပေါ့ ကွာ၊ ဒီတော့မှပဲ ဒို့သားအဖတွေတွေလည်း သာကူ ကျိုသောက် ကြသေးတာပေါ့”

“အင်း...အဖေကပြောတာ အလွယ်သား၊ ဒါပေတဲ့ ဒီဘယ်လက်ရုံး တပ်ပေါင်းစုက အဖေတို့ရဲ့ ဗြဲရှပ် မဏ္ဍပ်ကြီး လို ကွဲလိုက် စေလိုက်နဲ့ ဟိုကပ်ဒီကပ်လုပ်လို့ လွယ်မယ်မထင်ဘူးဗျ။ ဒီပြင်နည်းကလေးများ မရှိတော့ဘူးလား သိပ်ခက်တာပဲ”

ဂျူနီယာ ပိန်ညောင်က ညည်းညည်းတွားတွားနှင့် ထွက်သွားသောအခါ ဦးပိန်ညောင်မှာလည်း သူခေါင်းက ဘဲမြီး ကလေး ကို ထပ်မ၍ ကုတ်ဖွမိပြန်သည်။
ဤနေရာ တွင် ဒေါ်ဖက်တီး၏ ၀မ်းကြာတိုက်မှ လူလားမြောက်ပြီးသော သားရွှေဥ တစ်ယောက်ကို အော်တိုမက်တစ် နည်းဖြင့် ဒါရိုက်ဟစ် ဖွားမြင်ပေးလိုက်နိုင်မည်ဆိုလျှင်လည်း သည်ပြဿနာမှာ အကောင် တကာ့ အကောင်းဆုံးနည်းဖြင့် ဖြေရှင်းသွား နိုင်ပေမည်။

ယခုတော့ ဦးပိန်ညောင်မှာ ဘေးကျပ်နံကျပ် နှင့် အခက်တကာ အခက်ဆုံး ဖြစ်နေရသည်မို့ ဒေါ်ဖက်တီး တစ်ယောက် ဤလို မဖွားမြင့်နိုင်သေးသည့်ကြားကာလမှာ ဤဘယ်လက်ရုံးတပ်ပေါင်းစုကြီး ကွဲအက်တော် မမူပါမည့် အကြောင်း ကိုသာ စုံဆယ်ဖြာဖြင့် ပန်ထွာဦးတင်လျက် နေရရှာပါလေသတည်း။

ပြီးပါပြီ
ရှုမဝ ဧပြီ ၁၉၅၉
.
စိန်စိန် ၏ ရှုမဝမဂ္ဂဇင်းဝတ္ထုတိုများ ဖတ်ချင်လျှင် http://www.sagarwarmyae.net တွင်ဖတ်ရှု့ နိုင် ပါသည်။
.

3 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ စာကောင်းလေး ဖတ်သွားတယ်နော်.....
ကောင်းသောနေ့လေးဖြစ်ပါစေ။

Bo said...

Thanks a lot Ama :)

သဒ္ဓါလှိုင်း said...

မင်္ဂလာပါမမရွှေစင်..
လာလည်ပါတယ်.။ ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေ..။

ချစ်တဲ့
ညီမသဒ္ဓါ