"အေးပေါ့ကွယ် ... ဖြစ်မိပြီဟာ ဘယ်သူ့မှ အနာတရ မဖြစ်ရင် ၀မ်းသာရသေးတယ်၊ ဒါနဲ့ နေပါအုံး ... မောင်မောင်လွင် က ဘာကိစ္စနဲ့ ဘယ်ကိုသွားတာလဲ"
"ကိုယ်ရေးကိုယ်တာ ကိစ္စဘဲ ဖြစ်ပါလိမ့်မယ် ဖေဖေ၊ ကိုကိုလွင် ပါလို့ လိုက်သွားတာ၊ အပြန်တော့ အေးတို့ အိမ်လဲ ၀င်ပါလိမ့်အုံးမယ် ..."
"သြော် ... သြော် ... ကဲ သွားစို့ သမီး ..."
အေးကတော့ သူ့ဖခင်ခေါ်ပါမှပင် မျက်နှာကလေး ပိုမဲ့လာ ပြန်တော့သည်။ ပြီးတော့ ... "သမီးမှာ ခိုက်မိ သွားသေးတယ် ဖေဖေရဲ့" ဟု ပြန်ပြောရင်းနှင့် ပေါင်ဖြူဖြူကလေးကို လှစ်ပြလိုက်သည်၊ မွေးညှင်းအနု ကလေးတွေ ခပ်ရှိန်းရှိန်းနှင့် အကြောစိမ်းကလေးတွေ သန်းနေသော ပေါင်သား ၀င်းဝင်းကလေးတွင် ဘယ်လို လုပ်ပြီး ဘာနှင့် ထိခိုက်သွားမိသည် မသိ၊ လက်ကလေးတစ်ဆစ် လောက် အစင်းကြောင်းကြီး ထင်ပြီး အရေပြား လန်ကာနီရဲနေသည်။
ဤဒဏ်ရာမှာ မိမိဒဏ်ရာနှင့် စာလျှင် ဘာမျှ မဖြစ်စလောက် ဖြစ်သည်ကိုတော့ အောင်နိုင် သိပေသည်။ သို့ရာတွင် သုခရိပ်မြုံဘက်တွင် ကြင်နာယုယမှု အပြည့်အစုံနှင့် ကြီးပြင်းလာသော အေး၏ အသားကလေး ထွေးထွေး အိအိမှာ ဒုက္ခပေါင်းစုံနှင့် ကျွမ်းဝင် ရင်းနှီးလာရသည့် မိမိ၏ ခန္ဓာကိုယ်လို ပေပေတေတေ နေနိုင်စွမ်း ရှိလိမ့်မည် မဟုတ်သည်ကို တွေးမိပြီး သက်ညှာ ခွင့လွှတ် လိုက်ရသည်။ သို့ကြောင့်လည်း ...
"အိမ်ထဲ ရောက်မှ ဇမ်းဘတ်လိမ်းတာပေါ့ သမီးရယ် ... ဒီလိုဘဲ ဖြေးဖြေး လျှောက်ကြရအောင် မောင်အောင်နိုင် ရေ ကူပါအုံးကွာ ..."ဟု ဦးဖေတင်က အကူအညီ တောင်းလိုက်သည့်အခါမှာ နှောင့်နှေးခြင်း မရှိဘဲ သွက်လက်စွာ အကူအညီ ပေးလိုက်သည်။
သူသည် ဦးဖေတင်နှင့်အတူ အေးကို လက်မောင်းအိုးကလေး တဖက်မှကိုင်ကာ အိမ်ဝအရောက် ဖေးကူ ပေးလိုက် ရ၏။ လဲပြိုဖိတ်စင်နေသော ပစ္စည်းများကိုလည်း အားလုံး ကုန်အောင် သယ်ပိုး ပေးရ၏။
သူ့ဘ၀ ၏ မှီတွယ်ရာဖြစ်သော ဆိုက်ကားကလေးကိုပင် ဤကိစ္စတွေ အားလုံးကုန် ပြီးမှသာ ကြည့်ရှု နိုင်ခဲ့သည်။ ကံအားလျော်စွာ သူ့ဆိုက်ကားကလေးကို မပျက်မယွင်း တွေ့ရတော့မှလည်း သူ့မှာ ဟင်းချ နိုင်ခဲ့သည်။
တကယ်ဆိုတော့လည်း ဤဆိုက်ကားကလေးတစင်းကို ပိုင်ဆိုင်ဘို့ရာပင် အောင်နိုင်သည် သူ့ချွေးစက်နှင့် သူ့စိတ် ဇွဲထိုး (၃)နှစ်လုံးလုံး အရင်းတည်ခဲ့ရသည် မဟုတ်ပါလား။ ဤသည်ကပင် အေးတို့နှင့် မည်မျှ ခြားနားခြင်း ရှိနေသည်ကို နှိုင်းဆစရာပင် ဖြစ်နေပေသေးသည်။ မတူဆိုမှ မတူ လိုက်သည့် ဖြစ်ခြင်း ကလည်း ဘ၀၊ ၀ တည်ကြတည်းပကပင် ဖြစ်သည်။
အေးသည် ၅-နှစ်သမီးအရွယ်မှာပင် အထိန်းအယတို့၏ အစောင့်အရှောက်ဖြင့် ကျောင်းကို ရောက်လာခဲ့ သော်လည်း မိဘမဲ့ ဘ၀ဖြင့် ညပ်ညပ်သတ်သတ် ကြီးပြင်းလာရသော အောင်နိုင် မှာတော့ ၁၂နှစ်ရွယ်မှသာ စာသင်ခန်း သို့ ကပ်လာနိုင်ခဲ့သည်။
ဤလို အေးထက် အသက်အတော်အတန် ကြီးရင့်ရသဖြင့် အေးကို အစစအရာရာ ရှေ့ဆောင် လမ်းပြ ကူညီ နိုင်ခြင်း ကြောင့်လည်း အေး၏ ခင်မင်သမှုကို သူရယူနိုင်ခြင်း ဖြစ်သည်။
သို့ရာတွင် အေးမိခင် ဆုံးပါး ကွယ်လွန်ပြီးသည့်နောက်ပိုင်း (ဘုရင်ခံခေတ်) လောက်တွင် အေးကို ရန်ကုန်ကျောင်းသို့ ပို့အပ်ထားလိုက်သည့် အချိန်တွင်ဖြင့် အောင်နိုင်သည် ထောက်ပံ့သူများက မတတ်နိုင် တော့ပါဘူး ဆိုခြင်းကြောင့် စာတတ်ပါသည်ဆိုရုံမျှနှင့် ကျောင်းထွက်ခဲ့ရပေပြီ။
သည်နောက်ပိုင်းမှာ အောင်နိုင်သည် ကျေးလက်ပိုင်မှ ဆွေတစ မျိုးတစတော်သူတို့ထံတွင် ကပ်ရပ် ကာ နွားကျောင်းသားအဖြစ်နှင့်၎င်း၊ ဘုန်းကြီးကျောင်းသားအဖြစ်နှင့်၎င်း ကျင်လည်ခဲ့ရသည်။
အေးနှင့်လည်း မြို့တက်လာ၍ ကြုံကြိုက်သည့်အခါလောက်မှသာ တွေ့နိုင်တော့လေသည်။
လွန်ခဲ့သည့် ၃နှစ်လောက်တွင်မူ အေးတို့အိမ်နှင့် ကပ်လျက်သား အိမ်မှ ဦးရွှေဘဆိုသူ ဆိုက်ကား ပိုင်ရှင် တဦးနှင့် ဆက်သွယ်မိကာ ဆိုက်ကားအငှါးနင်းသမားဘ၀ဖြင့် အောင်နိုင် မြို့ပြန် ရောက်လာ သည်။
ဤအချိန်တွင်တော့ အောင်နိုင်သည် လက်လှမ်းမှီရာ စာပေများကို လေ့လာဖတ်ရှုတတ်သော အကျင့်တမျိုး စွဲကပ် လာရုံမက မိမိဘ၀ အခြေအနေကို စိတ်နာလေတိုင်း ခံပြင်းလေတိုင်းမှာ ကြီးပွားတိုးတက်ချင်စိတ်များ ပြင်းထန်လာသည်။
သို့ကြောင့်လည်း တနေ့တနေ့မှာ ဆိုက်ကားပိုင်ရှင်အျွှက် ငွေနှစ်ကျပ် ပေးသွင်းပြီး၍ ပိုသမျှ ကလေးထဲမှ သုံးနှစ်လုံးလုံး ချစ်ချစ်ချုပ်ချုပ် ကုတ်ကုတ်ကတ်ကတ် စုဆောင်းကာ သူ့ဘ၀ထဲမှာ သူ့ပစ္စည်းပါရယ်လို့ တခုတည်း ထည်းသာ လက်ညွှန်ပြစရာ ဖြစ်ရှိလာခဲ့သော ဤဆိုက်ကား တပတ်ရစ်ကလေးကို ပိုင်ဆိုင် လာရခြင်း ဖြစ်ပေသည်။
ဤသည်မှာပင် ဖြူးဖြူးဖြောင့်ဖြောင့် မဟုတ်လိုက်ရသေး။ အောင်နိုင် ဆိုက်ကား အငှါားနင်းသမား ဘ၀မှာ အိမ်နောက်ဘေး အစွန်းကလေးတွင် နေထိုင်ရန် ကြည်ဖြူ ခွင့်ပြုခဲ့သော ဦးရွှေဘ လင်မယားက ယခုလို သူ့ ဆိုက်ကား သူနင်းပြီး အိမ်ရှင် ခိုရန်ကိုတော့ မကြည်မဖြူ ဖြစ်လာသည်။
ဤကဲ့သို့ ခွေး အဘခေါ်စရာမရှိ ဆိုသလို ဖြစ်နေရတုန်းမှာ အောင်နိုင်ဖြစ်ထွေကို အိမ်နီးချင်းပြီပြီ မြင်တွေ့ နေရသော အေးအဖေ ဦးဖေတင်က ခေါ်ယူကာ သူတို့ကားရုံကလေးထဲမှာ နေရာချထား လိုက်ခြင်း ဖြစ်သည်။
အေးဖခင် ကို စက်ပိုင်ရှင် လူချမ်းသာတဦးအတွက်တော့ ဤမျှလောက် ကူညီရခြင်းမှာ ဘာမျှမဖြစ် လောက် ဟု ဆိုချင် ဆိုနိုင်သည်။
ဆိုက်ကား ကလေးတစင်း ကို ပိုင်မိသည်နှင့် မကာမိအောင် အိမ်လခပေးနေရတော့မလို ဖြစ်နေသော အောင်နိုင် အဖို့မှာဖြင့် ဤမျှ အကူအညီရခြင်းကိုပင် ကြီးစွာသော အထောက်အပံ့ကြီး တခုလို ကျေးဇူးတင်၍ မဆုံးနိုင် ပါချေ။
ယခုပင်လည်း အောင်နိုင်သည် ဆိုက်ကားကလေးကို တယုတယ တွန်းယူရင်းနှင့် ဤအကြောင်းများ ကို တစိမ့်စိမ့် ပြန်လည် တွေးတောနေမိပေသေးသည်။
ပြီးတော့ ဤနေ့အဖို့ ဆိုက်ကားကို နောက်ထပ် ပြန်မနင်းတော့ရန်လည်း သူဆုံးဖြတ်မိသည်။
ယခု လို အခြေအနေမျိုးမှာ လောဘကြီးနေ၍တော့ မဖြစ်ဘူး၊ သူဆိုက်ကားဆက်နင်းမိ၍ ခြေထောက်အနာ ပိုဆိုး လာလျှင် ဤတနေ့အတွက် ဆိုက်ကားနင်းခ ရသည်နှင့် မမျှအောင် နောက်ထပ် မထွက် မနင်းနိုင်ဘဲ ပျက်ကွက် ရမည့် နေ့ရက်တွေ များလာမည်ကို သူစိုးရိမ်၍ ဖြစ်သည်။
သို့ကြောင့် ခပ်အေးအေးပင် ကားရုံသို့ ပြန်သွားလိုက်ကာ သူ့အနာကို သွေးတိတ်အောင် ရေနှင့် အေးပြီး ဂွမ်းစ ခံကာ အ၀တ်နှင့် စည်းထားလိုက်သည်။
သို့ရာတွင် ထိုစဉ်ခါများက သိပ်နာရကောင်းမှန်းမသိသော ခြေထောက်အနာမှာ ညအိပ်ရာဝင်ချိန် ရောက်မှ အကြောင်းပြ လာတော့လေသည်။
ခြေထောက်ကြီး မှာ ယောင်ကိုင်း၍လာကာ တစစ်စစ်နှင့် နာကျင် ကိုက်ခဲ၍ နေလေ၏။
တမှေးဆို တမှေးမျှပင် အိပ်မရနိုင်ဘဲ တလူးလူးတလွန့်လွန့် ညည်းညူနေရသော အောင်နိုင်မှာ သူ့အနားမှာ တရှုးရှုး ဟောက်အိပ်နေသော ဒရိုင်ဘာ ကိုစိုးကြီးကိုပင် မနာလိုချင်သလို ဖြစ်လာရ လေသည်။
နံနက် မိုးလင်းတော့လည်း သူသည် မျက်နှာသစ်ဘို့ကိုပင် အနိုင်နိုင် ကြိုးစားယူရသေးသည်။
ဤအချိန်တွင်မှ တရေးနိုးလာဟန်ရှိသော ကိုစိုးကြီးမှာလည်း သူ့အတွက် ဘာအကူအညီမျှမရ "ဟယ် .. ငါ့အကောင် ဒုက္ခိတ ဖြစ်နေပါပကော ချီးမှဘဲ၊ ငါ့ဖြင့် အိပ်ကောင်းလိုက်တာ တရေးဆို တရေးမှ မနိုးဘူးဟ" ဟု ပြုံးစိစိကြီးနှင့် ပေါ့တီး ပေါ့စ ပြောလိုက်ပြီးတော့သာ မျက်နှာကို ကမန်းကတန်းသစ်ပြီး ဆေးပေါ့လိပ် တတို ကို ဆွဲထွက်သွားတော့သည်။
တကယ်ဆိုတော့ သူ့ခမြာမှာလည်း အလုပ် အားရှာသည်တော့ မဟုတ်ပါ။ ဤသည်ဆိုလျှင်ပင် ဦးဖေတင်၏ အလုပ် က များသည်အတွက် ကားနှင့် ထွက်ခွာသွားရပေပြီ။
အောင်နိုင် တယောက်သည်သာ ငွေဝင်လမ်း အဘယ်မျှ ပိဦးမည်ကို မတွေးခေါ်နိုင်တိုင်း စိတ်ပျက် လက်ပျက် နှင့် ထိုင်နေမိသည်။
အနာကို ရေနွေးဖတ်နှင့် ဆေးကြောရမည်ကိုပင် သတိရှိလျက် မလုပ်ချင်သေး၍ ပုဆိုးဟောင်း တထည်နှင့် ပြီးစလွယ် ပတ်ဖုံးပြီး ထိုင်နေလိုက်သည်။
ပူပင်ကြောင့်ကျမှု ကင်းစင်လှစွာသော အေးတယောက်လည်း ဤအချိန်မှာပင် အကြော့သား အမော့သား ဖီးလိမ်း ပြင်ဆင်ရာ ရောက်လာခဲ့လေသည်။
"ဘာဖြစ်လို့လဲဟင် ကိုအောင်နိုင်၊ အေးကဖြင့် အိပ်ရာထ နေမြင့်လို့ ဆိုက်ကား ထွက်သွားပြီး အောက်မေ့ တာ၊ ကိုစိုးကြီးက ရှိတယ်ပြောမှ လာခဲ့ရတယ်၊ မနေ့တုန်းက ဆိုက်ကားခ ပေးဘို့ အေး မေ့နေတာလဲ စိတ်မဆိုး နဲ့ သိလား ... ရော့ ..."
အေးသည် ပြောပြောဆိုဆို ခေါက်ထားသော ကျပ်တန် တရွက်နှင့် အောင်နိုင့် မျက်နှာ တည့်တည့် ကို အနီးမှ ကပ်ပြီး ပစ်ပေါက်ပေးလိုက်ကာ တခစ်ခစ် ရယ်နေတော့လေ၏။
အောင်နိုင်ကတော့ စိတ်ထဲမှာ ခံပြင်းသလိုလို ရှိသွားသည်နှင့်အမျှ မျက်နှာထားတင်းတင်းနှင့် ပြန်ကြည့် လိုက်မိသည်။
"သူများ စိတ်ရှုပ်နေရတုန်းက လာမရှုပ်စမ်းနဲ့အေး ... ဒီဆိုက်ကားခကို ယူရအောင်လဲ ကိုယ် နွား မဟုတ်သေးပါဘူး၊ ရော့ ... ပြန်ယူသွား" ဟူ၍လည်း အောင့်သက်သက်လေသံမျိုးဖြင့် ပြောဆိုကာ ကျပ်တန် ကလေး နှင့် အေးကို ပြန်ပေါက်လိုက်မိသေးသည်။
"အဟင့် ... အဟင့် ... သူများကလဲ သူ့ကို နွားမဆိုရဘဲနဲ့ ... သက်သက် ရန်လုပ်တယ်"
အောင်နိုင့်စကားနှင့် မျက်နှာထားအတွက် ၀မ်းနည်းသွားဟန်တူသော အေးမှာ မျက်ရည်များပင် ရစ်ဝဲ၍ လာခဲ့သည်။
အောင်နိုင် ကတော့ ဒါကို နည်းနည်းမှပင် မသနားနိုင်သည့်အပြင် အနည်းငယ် စိတ်ဆိုးချင်သလိုလို ရှိသွား မိသည်။
သို့နှင့် စိတ်လိုက်မာန်ပါ အမှတ်မဲ့ မေ့ထားခဲ့သော အနာက အကြောင်းပြလေတော့မှ ...
"အလာလာ ... ကျွတ် ကျွတ် ..." ဟု အော်မြည်ကာ ရှုံ့မဲ့မဲ့ဖြင့် ပြန်ထိုင်ရလေ၏။
"ဟာ ... ဘာဖြစ်လို့လဲ ကိုအောင်နိုင် ..."
ဤလိုတော့လည်း အေးမှာ စိုးစိုးရိမ်ရိမ် ရှိရ ကောင်းမှန်း အသိတတ်သားပင် ဖြစ်သည်။
စူထားသော သူ့နှုတ်ခမ်းကလေးမှာ ပွင့်ဟ၍လာကာ မျက်လုံးကလေးပင် အ၀ိုင်းသား ဖြစ်နေရှာ သည်။ အောင်နိုင့် စိတ် မှာလည်း ပြေလျော့သွားခဲ့ရလေ၏။
သို့ရာတွင် သူသည် ဘာကြောင့်များ အေးအပေါ် ဟန်ဆောင်ချင်မိသည် မဆိုနိုင်။
"မနေ့က ဆိုက်ကားမှောက်လို့ ခိုက်မိသွားတာပေါ့" ဟု စိတ်ဆိုးတ၀က် အသံမျိုးနှင့်ပင် ပြောထုတ် လိုက်မိသေးသည်။
"ဟင် ... တကယ် ... မနေ့ကတော့ ဘာမှ မဖြစ်ဘဲနဲ့ ..."
အေးကတော့ သံသယမကင်းဟန်မျိုးနှင့်ပင် ပြန်မေးလိုက်သည်။
သိုရာတွင် အောင်နိုင်ကတော့ ဒါကို သိပ်ဂရုမစိုက်နိုင်တော့ပေ။ လက်နှစ်ဖက်ကို နောက်မှာ ထောက်ကာ သူ့အိပ်ရာကလေးဆီသို့သာ ဖင်ရွှေ့ဖင်ရွှေ့နှင့် သွားနေလိုက်မိသည်။
ဤအချိန်တွင်မှ ပတ်ဖုံးထားသော ပုဆိုးဟောင်းမှာလည်း လုံးဝပြေလျောကာ ယောင်ကိုင်းနေသော ခြေထောက်အနာကြီးကို အေးက မြင်ခွင့်ရသွားခြင်းလည်း ဖြစ်သည်။
"ဟယ် ... အမယ်လေး ယောင်နေလိုက်တာကြီးကလဲ နဲပါဘူးလား ကိုအောင်နိုင်ရယ် ... ဘယ့်နှယ် လုပ်အုံး မလဲဟင် ... ဘာလုပ်ပေးရမလဲ ဟင် ..."
အေး သည် ဆပ်ပြာသည် ပစ္စည်းပျောက်သလို ပျာယာခတ်၍ လာပြန်လေ၏။
အောင်နိုင်ကတော့ တိတ်တိတ်သာ နေမြဲနေလိုက်ရင်းမှ အိပ်ရာထဲမှသာ အသာအယာ လှဲချလိုက် ရသည်။
အေးသည် အောင်နိုင့် အိပ်ရာနံဘေးမှ ဒူးထောက်ကလေးထိုင်ကာ မျက်နှာသေကလေးနှင့် ကြည့် နေပြန်လေသည်။ အောင်နိုင်က သည်တော့မှ ကြင်နာစွာ ပြုံးပြလိုက်ရသည်။
"ကိစ္စ မရှိပါဘူး အေးရာ ... မနေ့က ကျောက်ခဲ အချွန်ကြီး စူးသွားတာ တော်တော်ကြာ ပျောက်သွားမှာပေါ့ ..."
"ဒါနဲ့တောင် ဘာမှမပြောဘဲ နေနိုင်လှချည်လား ဟင် ... ကြည့်ပါအုံး ... အေးကိုလဲ တွဲပို့ရ၊ ပစ္စည်းတွေလဲ သည်ပို့ရနဲ့ အေးဖြင့် လုံးလုံး မသိလိုက်ဖူး၊ ဒီမှာကြည့်စ်း၊ အေး အနာတော့ ပျောက်သွားပြီ ..."
အေးက ပြောပြောဆိုဆိုနှင့် ဒူးကလေးတဖက် အသာကြွ ... ထမီကလေးကို အနည်းငယ် မပြီး သူ၏ မဖြစ်လောက် ဒဏ်ရာကလေးကို ပြနေပြန်သည်။ တခုခုနှင့် ချစ်မိထားဟန် ရှိသော အစင်းကြောင်းကြီးမှာ အပေါ်ယံ အရေပြားကလေးတွေ ထင်ပြီး ညိုနေသည်။
"အင်း ... ဒါကလေးတွေ ကွာသွားရင် အကောင်းပကတိ ဖြစ်သွားတော့မှာပေါ့"
အောင်နိုင်က ခပ်တိုးတိုး ပြန်ပြောလိုက်ရသည်။ သူ့ဘ၀တခုလုံးကို အဖတ်ဆည်မရအောင် နစ်မြုပ် သွားစေနိုင်သည့် မုန်းတိုင်းကြီးတခုသည် ထိုစဉ်ခါမှာပင် အစပျိုး၍ လာလေပြီ၊ အောင်နိုင် ခမြာ မသိနိုင် ရှာသေး။
လူတယောက်ယောက် တက်လာသည်ကို အသက် အသံမကြားရဘဲနှင့် အလိုလိုသိလာသော အသိဖြင့် လှမ်းကြည့်လိုက်မိရာ ခြေကို ဖွနင်းပြီး တံခါးဝနားမှာ အသာကလေး ရပ်လာသော ကိုစိုးကြီးကို တွေ့ရသည်။
သူ့မျက်လုံး ပေမှေးကလေးထဲမှ အေးကို ကြည့်နေလိုက်သည်မှာလည်း အခိုးအလျှံတွေ ထွက်နေ ရော့သလား ဟု ထင်နိုင်လောက်သည်။
အောင်နိုင် မှာလည်း ဤအကြည့်မျိုးကို နည်းနည်းမှ မသက်သာနိုင်အောင် ဖြစ်နေရသည်။
ဘေးတိုက် တစောင်းကလေး ထိုင်နေရှာသော အေးကတော့ ဤအဖြစ်ကို နည်းနည်းမှ ရိပ်မိနိုင် ရှာဟန် မတူပေ။ ထမီကလေးကို အသာပြန်ဖုံး၍ ကိုစိုးကြီးကိုပင် ပြုံးကြည့်လိုက်ကာ "ဖေဖေပါ ပြန်ရောက်ပလား ကိုစိုးကြီး ..." ဟု မေးနေလိုက်သေးသည်။ ကိုစိုးကြီးက သွားဖြည်းကြီးနှင့် ခေါင်းညိတ်ပြလိုက်တော့မှသာ အေးသည် သုတ်သီး သုတ်ပြာနှင့် အိမ်ဆီကို ထွက်ပြေးသွားလေ၏။
"ဟီး .. တယ်နိပ်ပါလားဟေ့ ... ကောင်မလေး မင်းဆီ ဘာလာလုပ်တာတုန်း" ဟု ကိုစိုးကြီးက အောက်ကလိအာ အသံကြီးနှင့် မေးနေပြန်သည်။
"ဟာဗျာ ခင်ဗျားကြီးကလဲ ..."
"ဘာ ခင်ဗျားကြီးကလဲကွ ...၊ ကောင်မလေး ဒီနေရာကို မလာစဖူး လာနေတာ အကြောင်းထူး တော့ ရှိရမှာဘဲ၊ ဟီး ... လှလိုက် ၀လိုက်တာကလဲ အိရောဟေ့ ... ငယ်ရုပ်တောင် မနည်း ဖမ်းယူရ တယ်၊ ဘာလဲ ပူပြင်းစွာ ပကာသနတွေနဲ့ ဂူတွင်းမှာ အနာ ..."
ဤအခါတွင်တော့ ပါးစပ်ပုပ်ကြီးမှ ထွက်လာနေသည်ဟုသာ ဆိုလိုက်ချင်စရာ ကောင်းတော့သာ သိမ်သိမ် ဖျင်းဖျင်း စကားရပ်များကို အောင်နိုင်က အောင့်အည်း သည်းခံနိုင်ရန် မစွမ်းတော့ပေ။
"တော်စမ်းပါဗျာ မတော်မတရားတွေ ..." ဟူ၍သာ ကြားဖြတ်၍ အော်ဟစ်ပစ်လိုက်မိသည်။
ပြီးတော့မှသာ "လူကြီးနှင့် လူငယ်ကို မတော်သေးပါဘူးလေ" ဟု စိတ်ကို ချုပ်တည်းလိုက်ကာ မနေ့က ဖြစ်ပျက်ကြပုံများ၊ အေးနှင့် ငယ်စဉ်ကပင် ခင်မင်ကြပုံများကို ဆက်လက် ပြောပြနေရပြန် သည်။
သို့သော် စကားဆုံးအောင်ဖြင့် မပြောရပါချေ။ ထိုခဏအတွင်းမှာပင် လက်ထဲမှာ ဆေးတပုလင်း ကိုင်ပြီး အေး ပြန်ရောက်လာသောကြောင့် ဖြစ်လေသည်။
"ဖေဖေ က ဇင်းဘတ်ထက် တင်ချာကကောင်းလိမ့်မယ်ဆိုလို့ တင်ချာဘဲ ယူလာရတယ် ကိုအောင်နိုင် ... ဖေဖေ လဲ တော်တော်ကြာကြာ လာကြည့်လိမ့်အုံးမယ်၊ မှန်း ဆေးထည့်ရအောင် နော် ..."
အေးသည် ပြောပြောဆိုဆိုနှင့်ပင် အောင်နိုင့် ခြေထောက်ကို ခပ်ဖြည်းဖြည်း လှမ်းကိုင်လိုက်လေ၏။
အောင်နိုင်မှာ အားနာသမှုနှင့် အေး လက်ကလေးကို အသာအယာ တွန်းဖယ်လိုက်ရသည်။
"နေပါစေ အေးရယ် ... ဒုက္ခရှာလို့ဘဲ ... ကိုယ့်ဖာသာကိုယ် လုပ်ပါ့မယ် ..." ဟူ၍လည်း ကမန်းကတန်း ဆိုသလို ပင် ပြောရသည်။
သို့ရာတွင် အေးကလည်း သူ့လက်ကို ခပ်ဆတ်ဆတ်ပုတ်ပြီး ဖယ်ထုတ် လိုက်ပြန်လေ၏။
ပြီးတော့မှ မျက်စောင်းကလေး မသိမသာ ချိတ်လိုက်ရင်းကပင် မျက်နှာတည် မျက်နှာထားနှင့် ပတ်တီးကို ဖြည့်နေတော့ရာ အောင်နိုင်မှာ အမကြီးကို မလွန်ဆန်ဝံ့သည့် မောင်ငယ်ကလေးလို အသာကလေး ငြိမ် နေရလေ၏။
အေးမှာ တင်ချာပုလင်းထဲကို ဂွမ်းစကလေး မထိတထိ တခါတို့လိုက်ရင်း ... "စပ်လာဟင် ..." တခါ မေးလိုက်ရင်းဖြင့် ဘယ်လိုဖြစ်နေမှန်မးကို မသိတော့ပေ။ အရသာထူးတခုခုကို ခံစားနေရသလိုလို ကြက်သီးမွှေးညွှင်းထအောင် စိမ့်မြလာသလိုလိုနှင့် အေး၏ ကိုယ်နံ့ကလေးကို မသိမသာ ရှုရှိုက် ရင်းကပင် အေးက မေးတိုင်းမေးတိုင်းမှာ ခေါင်းရမ်း ပြရေသည်။
"အဟင်း ... ဟင်း ... ကဲလေ ... ကဲ ကဲ ..."
နောက်ဆုံး တကြိမ်တွင်တော့ အေးသည် ဟက်တက် ကွဲနေသော အနာအကွဲအကြောင်းထဲသို့ တင်ချာရည် အတော်များများ ညှစ်ချလိုက်ပြီး အောင်နိုင့်မျက်နှာကို စိုက်ကြည့်နေပြန်သည်။
အောင်နိုင်မှာ အနာထဲသို့ စူးကနဲ စပ်ဝင်သွားသည်ကို သိရုံသာ သိလိုက်မိကာ တွန့်ရုံကလေးမျှ မတွန့်လိုက်မိပေ။ သူသည် ဘာ့ကြောင့်ရယ်မသိနိုင်ဘဲနှင့်ပင် ရင်ထဲမှာ နွေးထွေး သိမ့်လှုပ်နေခြင်း တခု ကိုသာ ခံစားမှု အသိရှိတော့သလို ဖြစ်နေရလေသည်။
သို့ကြောင့်လည်း ပြုံးကြည့်နေသော အေးမျက်နှာကလေးကိုသာ အပြုံးချင်းဆုံးကာ ငုံ့စိုက်ကြည့်နေ မိ လေ၏။
"အာဂ သတ္တိခဲပါလားဗျို့"
အတန်ကြာသွားတော့မှ အေးက အလျင် မျက်လွှာကလေး ချပစ်လိုက်ကာ တကယ်အံ့သြဟန်နှင့် ချီးမွမ်း စကား ဆိုနေလိုက်လေသည်။
ဤအချိန်မှာ အနှောက်အယှက် ဖြစ်လာသည်ကိုတော့ ကိုစိုးကြီးပင် ဖြစ်သည်။ သူသည် သီချင်း အလိုက် တခုကို တရွှီရွှီ လေချွန်ပြီး အောင်နိုင်တို့ ထံသို့ ကွက်ကြည့်ကွက်ကြည့်နှင့် လှောင်သလို သရော်သလို လုပ်နေခြင်း ဖြစ်ေ၏။
အသက်လေးဆယ်မျှ ရှိနေသာ သူ့အရွယ်ကြီးဖြင့် ဤလို ကလေးကလား လုပ်နေခြင်းကို အေးက မသိလိုက် မသိဖာသာ ဖြစ်နေခဲ့သော်လည်း၊ အောင်နိုင့်အနေနှင့် မနှစ်မြို့နိုင်အောင်လည်း ဖြစ်နေရ သည်။
ဆက်ရန်
.

No comments:
Post a Comment