Sunday, April 17, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၂)

    'ထားပါတော့လေ၊ ဒီဆတ်အကြောင်း ကျွန်တော်လဲ သိပြီးသားဘဲ၊ ဟိုလူစင်စစ် ဟုတ်မဟုတ် ငြင်းနေကြ တဲ့ အကြောင်း ပြန်ကြရအောင် ခင်ဗျားတို့နှစ်ယောက် ဘယ်သူက စမြင်ကြတာလဲ။
    ကိုမြင့်ညိုက စကားကိုပြန်ကောက်ပြီး မေးပြီးသား မေးခွန်းကို ဒုတိယအကြိမ်မေး လိုက်သည်။
    'ကျွန်တော်တို့ နှစ်ယောက်လုံး ခြုံကြီးလှုပ်သလိုလို မြင်လို့ကြည့်လိုက်တော့ ပြိုင်တူ မြင်လိုက်ကြတာ ဘဲဆရာ'
    'ဟုတ်ပါတယ် ဆရာ အတူတူမြင်လိုက်ကြတာပါ'

    'အ၀တ်ဝတ်ထားတယ်ဆိုတာရော သေချာရဲ့လား'
    'ကျွန်တော်ကြည့်ရတာတော့ မသဲကွဲပါဘူး'
    ကိုထွန်းအံ့ကပြောသည်။
    'အမွေးအမှင်တော့မဟုတ်ဘူးဆရာ သေချာတယ်၊ ကျွန်တော်တော့ အ၀တ်ဝတ်ထားတယ်လို့ထင်တာဘဲ'
    ကိုဘသော်ဖြေသည်။
    'မျက်နှာကရော လူဝံတွေ မျောက်ဝံတွေလို မျက်နှာမျိုးလား
    ကိုမြင့်ညိုကမေးသည်။

    ထိုမေးခွန်းကိုမူ၊ ကိုဘသော်နှင့် ကိုထွန်းအံ့တို့သည် တယောက်ပြောစကားကို တယောက်မငြင်းဘဲ မျက်နှာ ပေါ်တွင် မည်သည့် အမွေးအမှင်မှ မရှိဘဲ ဖြူစင်ချောမောသော မျက်နှာသာဖြစ်ကြောင်းကို တညီတညာ ထဲပြောကြသည်။
    'ယောက်ျားမျက်နှာလား မိန်းမမျက်နှာလား'
    ကိုမြင့်ညို က စေ့စပ်စွာမေးပြန်သည်။
    'မိန်းမမျက်နှာလို့ ကျွန်တော်ထင်တာဘဲ'
    ကိုထွန်းအံ့ကဖြေသည်။
    'ဟုတ်တယ် ယောက်ျားမျက်နှာတော့မဟုတ်ဘူး၊ မျက်ခုံးမျက်လုံး တော်တော်လှသား'
    ကိုဘသော် ထောက်ခံသည်။

    'တွေ့ခဲ့တဲ့နေရာကို ခင်ဗျားတို့မှတ်မိကြလား'
    'မှတ်မိပါတယ်ဆရာ'
    'သေသေချာချာမှတ်လာခဲ့ပါတယ်'
    ကိုမြင့်ညိုသည် စဉ်းစားသလိုတွေနေသည်။
    ရွှေသတ္တုကြောကြီးတွေ့ခဲ့ပါသည်ဟု သတင်းပေးသော မုဆိုးကြီးသည် ဤနေရာရောက်၍ နောက်တနေ့ ပန့်သကူ ဆတ်ကြီးကို ထမ်းပြန်လာသည့်အချိန်ကစပြီး ဖျားနေခဲ့သဖြင့် သတ္တုရွှေကြောကြီးကို ရှာဖွေရေး ဆိုင်း ထားခဲ့ရသည်။

    ဤနေရာသည် မြင့်မားလှသည့် ကူမွန်တောင်တန်းကြီး၏ တောင်ခြေတနေရာဖြစ်ပြီး တောကြီးလှသည်၊ ရှေကကို နှစ်ရက်ခရီးဆက်သွားလျှင် တွေ့ခဲ့ရသည့် ရွှေသတ္တုကြောကြီးရှိသည့် နေရာကိုရောက်ရန် တောင်တလုံး မျှသာ ကျော်ရတော့မည်ဟု မုဆိုးကြီးက ပြောထားသည်။
    ရွှေသတ္တုတွေ ထါက်သည်ဟု သတင်းရသော ဤနေရာတ၀ိုက်တွင် ရိုင်းစိုင်းသော လူတမျိုးရှိနေသလား၊ သူတို့စုံမက်မြတ်နိုးရာ ရွှေကြောကြီးကို လာရောက်ရှာဖွေသူများအား စုံစမ်း ထောက်လှမ်းသည့် သူ ဖြစ်နေမလား၊ မုဆိုးကြီးဖျားနေသည်မှာလဲ တော်တော်ပြင်းပြန်း ထန်ထန် ဖျားနေခြင်းဖြစ်ရာ ရက်သတ္တ တပါတ် လောက်ဖြင့် သန်သန်စွမ်းစွမ်း ခရီးထွက်နိုင်မည်မဟုတ်၊ လမ်းပြမပါဘဲ ဆင်ကန်းတောတိုးသွား၍ မဖြစ်သည့် ကိစ္စလဲ မဟုတ်။

    ဤမျှလောက် နက်ခေါင်သည့် တောတောင်ကြီးအတွင်းမှာ ကိုထွန်းအံ့နှင့် ကိုဘသော်တို့ တွေ့ လာခဲ့သည့် လူလိုလို သတ္တ၀ါသည် မည်သည့်အရာမျိုးပေနည်း၊ အကောင်းလား အဆိုးအလား။
    ကိုမြင့်ညိုတွေးနေရာမှ ဘာမှန်းမသိရသည့် ထိုသတ္တ၀ါတွေလာခဲ့သည်ဆိုသော နေရာကို သူကိုယ်တိုင် သွားရောက် ကြည့်ရှုစူးစမ်းရန် စိတ်ဆုံးဖြတ်လိုက်သည်။
    'ဘာမှန်းမသိရဘဲနဲ့ လူတွေအများကြီး ခေါ်သွားလို့မဖြစ်သေးဘူး'
    ကိုမြင့်ညိုစိတ်ကူးရင်း သူ့တကိုယ်တည်းရှိနေသလို တီးတိုးပြောလိုက်သောအခါ ကိုဘသော် နှင့် ကိုထွန်းအံ့ တို့က ချက်ပြုတ်နေရာမှ သူတို့ဆရာကို ပြိုင်တူမော့ကြည့် လိုက်ကြသည်။
    'ဆရာဘာပြောလိုက်တာပါလဲ' တယောက်ကမေးသည်။

    ထိုအခါမှ ကိုမြင့်ညိုသည် သူပြောလိုက်သည့် စကားကို သတိရသွားသည်။
    'ခင်ဗျားတို့ လူလိုလိုမျောက်လိုလို သတ္တ၀ါတွေ့လာခဲ့တဲ့နေရာကို ကျွန်တော်ကိုယ်တိုင် သွားကြည့် ချင်တယ်၊ စခန်းမှာက မုဆိုးကြီးကလဲ တော်တော်ပြင်းပြင်းထန်ထန်ဖျားနေတယ် ဟုတ်လား၊ သူ့ကိုပြုစုဘို့ သူ ခေါ်လာ တဲ့ တပည့်ရှိနေပြီဆိုပေမဲ့ သူ့တပည့်တယောက်ထဲနဲ့ ထားခဲ့လို့မသင့်ဘူး၊ ဘေးဆီးရန်ကာ လူအပို ထားခဲ့ မှ သင့်မယ်၊ ဒီတော့….'
    ကိုမြင့်ညိုကစကားဖြတ်ပြီး သူ့တပည့်ကျော် နှစ်ယေက်ကို ကြည့်လိုက်သည်။

    'ဆရာသဘောကျသလိုသာ စီစဉ်ပါဆရာ'
    'ဆရာက ကျွန်တော်တို့နှစ်ယောက်လုံး လိုက်ခဲ့ဆိုရင်လဲ လိုက်ခဲ့ပါမယ်၊ ကျွန်တော်တို့နှစ်ယောက်လုံးမှာ ဆရာ့ ကျေးဇူး တွေ အများကြီးရှိပါတယ်၊ ဆရာဘယ်ကိုသွားသွား ကျွန်တော်တို့လိုက်မှာပါ'
    တပည့်ကျော်နှစ်ယောက်လုံးက ကြည်ဖြူစွပြောကြသည်။

    လူဆိုးသူဆိုးတွေရန်ကြောင့် သူတို့နေသည့် တောရွာလေးပျက်သောအခါ အများနှင့်ရောယောင်ပြီး ရန်ကုန် ကို ပြေးလာကြသော်လဲ မလုပ်တတ်မကိုင်တတ်ဖြင့် နေရေးစားေ၇း အခက်အခဲဖြစ်နေကြ၏ ဘုန်းတော်ကြီးကြီး ကျောင်းမှာ မှီခိုနေထိုင်ကြသော ကိုဘသော်နှင့် ကိုထွန်းအံ့ကို ဘုန်းတော်ကြီး ကျောင်း သို့ တရားနာလာသော ကိုမြင့်ညို ဘခင်က ကံအားလျော်စွာ တွေ့လိုက်ရသည်။

    သနားသောအားဖြင့် ငွေကြေးအထိုက်အလျှောက်ထောက်ပံ့ခဲ့ပြီး သားဖြစ်သူကို ပြောပြသောအခါ ကိုမြင့်ညိုက သူ့ရုံးတွင်လိုနေမည့် မင်းစေနေရာမှာ အလုပ်ပေးထားခဲ့သည်၊ ထိုအချက်ကိုရည်ပြီး နှစ်ယောက် လုံး က ကျေးဇူးရှိသည်ဟု ပြောကြခြင်းဖြစ်သည်။
    'ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော်ပြောချင်တာကလဲ အဲဒီအတိုင်းပါပဲ၊ ခင်ဗျားတို့နှစ်ယောက် လုပ်နိုင် ပါ့မလား လို့ပါ'
    'ဘယ်တော့သွားမှာလဲ ဆရာ'
    ကိုမြင့်ညို၏ ၀ါသနာကို ရိပ်စားမိသော တပည့်ကျော် နှစ်ယောက်က မေးသည်။

    'ခင်ဗျားတို့လိုက်မယ်ဆိုရင်တော့ နက်ဖန်သွားမယ်'
    'ကျွန်တော်တို့ အသင့်ဖြစ်ရပါစေမယ်ဆရာ'
    'လိုလိုမယ်မယ် လက်နက်တော့ ပြည့်စုံအောင် ယူခဲ့မှဖြစ်မယ်ထင်ပါတယ်ဆရာ'
    စိတ်ပါလက်ပါပြောနေကြသော တပည့်ကျော်နှစ်ယောက်ကိုကြည့်ပြီး ကိုမြင့်ညိုသည် စူးစမ်းရမည့်ကိစ္စအတွက် အားတက်သွားသည်။
    ဆရာတပည့်သုံးယောက် ထွက်လာခဲ့ကြသည်မှာ လက်နက်ပြည့်စုံရုံမျှသာမဟုတ်၊ ကိုမြင့်ညိုသည် လိုလို မယ်မယ် မှန်ပြောင်းတခုနှင့်ကင်မရာတလုံးကိုပါ ဖလင်ပြည့်စုံစွာ ထည့်ပြီးယူလာခဲ့သည်၊ သုံးယောက်စလုံး စကားလုံးဝ မပြောကြဘဲ ခြေသံကို လုံအောင် ဂရုစိုက်နင်းပြီး ၀ဲယာ တောင်မြောက် အထူး သတိထားကြည့်ရှုပြီး မျက်စေ့ရောနားပါ အစွမ်းကုန်ဖွင့်လာခဲ့ကြသည်။

    'ဟောဟိုစမ်းချောင်းလေးဘေးက ခြုံကြီးဘဲဆရာ'
    ကိုဘသော် လေသံလေးဖြင့် ကိုမြင့်ညို ကြားသာရုံတိုးတိတ်စွာပြောလိုက်သည်။
    ကိုမြင့်ညိုက ကိုဘသော်ပြသည့် နေရာကို မျှော်ကြည့်လိုက်သည်။

    တော်တော်မြင့်မတ်သည့် ကျောက်သားကမ္ဘားယံ ဘေးမှာ ရစ်ခွေပြီးစီးနေသည့် စမ်းချောင်းလေးသည် မှန်သားကဲ့သို့ ကြည်လင်သည့်ရေက တသွင်သွင်စီးနေသည်၊ ရေအနက်က သုံးပေမျှသာ ရှိပေသည်၊ စမ်းချောင်း ကမ်းတလျှောက် တွင်မူ ခတ္တာပင်လို အပင်တွေက ထူထပ်စွာရှိနေပြီး ထိုအပင်တွေက အဆုပ်လိုက် အခိုင်လိုက် ပွင့်နေသော ပန်းတွေမှာ နီရဲသော ပိုးကတ္တီပါနှင့်တူသည့် နီလွင် တောက်ပသည့် အရောင်ဖြင့် စမ်းချောင်းကမ်းပါးတလျှောက်လုံး ရဲရဲတောက်နေသည်မှာ ကြည့်မညီးနိုင်အောင်ပင် လှပ လွန်းသည်။

    တပင်ပျံကူး တပင်ကျူး၍ မြူးထူးဟစ်ကြွေးသော ကျေးငှက်လေးတို့၏ အသံမှာ မြိုင်ယံတောင်သေလာ ဟေမာတကြော တွင် လွမ်းမောဆွတ်လွတ်ဘွယ် ကောင်းလှပေသည်၊ မှိုင်းညှို့စိမ်းစိုသည့် သစ်ပင်ကြီး တို့သည် လေအသိမ်းမှာ တယိမ်းနွဲ့နွဲ့ဖြင့် သစ်ကိုင်းချင်း သစ်ရွက်ချင်း ထိခိုက်သည့် အသံသည် ညှင်းညံစွာ တိုက်ခပ်လာသော လေပြေ၀ယ် ကျေးငှက်လေးတို့၏ အသံဖြင့် ရောသောအခါ ငြိမ်းငြောင်းသာယာသော သီချင်းသံ လို ဂီတသံ လို နားထောင်၍ မငြီးနိုင်အောင်ပင် ရှိတော့သည်။

    သို့သော် ထိုအလှ အပ ထိုသာယာကြည်နူးဘွယ် ထိုရှုမျှော်ခင်းတို့ကို ကိုမြင့်ညိုနှင့် တပည့်ကျော် နှစ်ယောက်တို့စိတ်မ၀င်စားနိုင်ကြပေ၊ သူတို့သုံးယောက်သည် မနေ့က တွေ့ခဲ့ရသည့် လူလိုလို မျောက် လိုလို ယောကျာ်းမှန်း မိန်းမမှန်း မသိခဲ့နိုင်သော သတ္တ၀ါကို စိတ်ဇောကြီးစွာဖြင့် ရှာဖွေနေကြသည်။
    'ဘယ်မှာလဲ၊ ဘာမှလဲ မတွေ့ပါလား'
    ဟူသောအဓိပ္ပါယ်ဖြင့် ကိုမြင့်ညိုက တပည့်ကျော်နှစ်ယောက်ကို ကြည့်လိုက်သည်၊ တပည့်ကျော် နှစ်ယောက် ကလဲ စိတ်မကြေနပ်သည့် အသွင်ဖြင့် မနေ့က သူတို့မြင်ခဲ့သည့် ခြုံကြီးကိုသာ သဲသဲမဲမဲ ကြည့်နေ ကြသည်။

    ထိုခြုံကြီးထဲမှာ ရှိနိုးနိုးဖြင့် ခြုံကြီးကို ၀ိုင်းထားပြီး ရှာကြည့်ချင်နေကြသည်၊ ထိုအကြံကို ကိုမြင့်ညိုက အနား ကပ်ပြီး လေသံဖြင့် ပြော့သည်။
    'ခင်ဗျားတို့ အတွက် လွှဲနေကြပြီ၊ မနေ့က ဒီနေရာမှာ တွေ့ခဲ့ကြတယ်ဆိုရင် ဒီသတ္တ၀ါက ဒီနေရာမှာ ဘယ်နေတော့မှာလဲ၊ ငါတို့နေရာကို ရန်သူသိသွားပြီးဆိုတဲ့ အမှတ်သညာနဲ့ တခြားကို ရွေ့သွားပြီပေါ့၊ ဒါကြောင့်သာ အခုကျွန်တော်တို့ လာတော့ ဘာမှမတွေ့ရတာပေါ့၊ မကြေနပ်ရင် ကြည့်ကြလေ'

    ကိုမြင့်ညို့က လေသံဖြင့်ပင် ပြန်ပြောသည်။ ကိုမြင့်ညိုပြောသည့်အတိုင်းပင်၊ သူတို့သုံးယောက် ခြုံကြီး ရှိရာသို့ တိတ်ဆိတ်စွာ ချည်းကပ်ပြီး ကြည့်ကြသည်၊ ခြုံကြီးထဲမှာ ဘာမှမတွေ့ရချေ၊ မတွေ့ရသည်သာ မဟုတ်၊ သတ္တ၀ါတစုံးတဦးနေထိုင်သွားသည့် ခြုံမျိုးမဟုတ်ကြောင်းကိုပါ သေချာစွာ တွေ့မြင်ကြရသည်။
    'တောက်၊ ဘယ်လိုက်ရှာရပါ့မလဲ၊ ဆရာကို လက်တွေ့ပြချင်ကာမှ သဲလွန်စမရှိအောင် ဖြစ်ရတယ်'

    'ဒီစမ်းချောင်းမှာ ရေလာသောက်ရင်း တို့နဲ့တွေ့ရတာဖြစ်ရမယ်'
    ကိုထွန်းအံ့နှင့် ကိုဘသော်တို့ နှစ်ယောက် မကြေမနပ်ဖြင့် တယောက်တခွန်း ပြောနေကြသည်ကို ကိုမြင့်ညို က တိတ်ဆိတ်စွာနားထောင်နေသည်၊ အတန်ကြာသောအခါမှ
    'စမ်းချောင်းဘေးက ကျောက်ကမ္ဘားယံပေါ်ကို တက်ကြည့်ချင်တယ်၊ ခင်ဗျားတို့ ပြောတဲ့ သတ္တ၀ါကို မတွေ့ ရင်တောင်မှ ဒီကျောက်မျိုးဟာ ဘာလဲဆိုတာ လောက်တော့ ဗဟုသုတ ရကောင်းပါရဲ့'

    ဟုကျောက်ကမ္ဘားယံကြီးကို မော့ကြည့်ရင်း ပြောလိုက်သည်။
    'ဆရာ့သဘောပါ၊ တက်ကြည့်ရင်ကြည့်လေ၊ ကျွန်တော်တို့ လိုက်ခဲ့ပါ့မယ်'
    'တက်ကြည့်ပါဆရာ၊ အ ချိန်စောပါသေးတယ်၊ စခန်းကိုပြန်ဘို့အချိန်လောက်ပါတယ်'
    ကိုထွန်းအံ့ နှင့် ကိုဘသော်က တိုက်တွန်းသည်။

    'ခင်ဗျားတို့ စကားမပြောကြနဲ့နော်၊ ခြေသံလုံအောင် နင်းကြ၊ နားနဲ့မျက်စေ့လဲ သတိထားဖွင့်ကြ'
    ကိုမြင့်ညိုက ပြောပြီး ကျောက်တောင် ကမ္ဘားယံကို စတင်တက်သည်။
    တပည့်ကျော်နှစ်ယောက်က ဆရာမှာသည့်အတိုင်း အထူးဂရုစိုက်ခါ လိုက်လာကြသည်။

    ကျောက်တောင် ကမ္ဘားယံသည် အပေါ်ရောက်သောအခါ ကျောက်မြေဟူ၍မရှိဘဲ ရိုးရိုးမြေသားလို ဖြစ်နေပြီး သစ်ပင်တွေ စိမ်းစိုညိုမှိုင်းအုံ့ဆိုင်းစွဖြင့် အေးချမ်းဆိတ်ငြိမ်စွာ သာယာသော တောင်ထိပ်တစ်ခုဖြစ်နေကြောင်း တွေ့ရသည်။

    ဆရာတပည့်ကျော်သုံးယောက်သည် သစ်ပင်ကြီးတစ်ပင်ကို အကာအကွယ်ယူပြီး တောင်မြောက် ၀ဲယာ ကို ကြည့်လိုက်သောအခါ သူတို့ရှိနေရာနှင့် ပေတရာကျော်ကျော်အကွာတွင် ထူးဆန်းလှပသော ပန်းပင်ကြီး တပင်ကို တွေ့ရသည်၊ လူတရပ်ကျော်ကျော်မျှ မြင့်သော ပန်းပင်ကြီးသည် အရွက်ဟူ၍ လုံးဝ မရှိဘဲ ခြောက်လက်မှ မြင့်သောပန်းပင်ကြီးသည် အရွက်ဟူ၍ လုံးဝမရှိဘဲ ခြောက်လက်မ နှင်းဆီပန်းပွင့် အရွယ်ဟု ခန့်မှန်းရသည်။ ပန်းပွင့်ကြီးတွေ တပင်လုံး ညွှတ်နေအောင် ပွင့်နေသည်။

    ပန်းပွင့်အရောင်မှာ နှင်းခဲတမျှ ဆွတ်ဆွတ်ဖြူနေသည်ဖြစ်ရာ နှင်းခဲတောင်ငယ်လေး လိုပင်ဖြစ်နေသည်။ ဖြူဖွေး သော ထိုပန်းပင်ကြီး၏ အောက်တွင်မူ လူလိုလို သဏ္ဍာန်တခုရပ်နေသည်ကို တွေ့ရသည်။
    'ဟော……….ဟိုမှာ ဆရာ…….'
    ဟူသော ဆိုလိုချက်ဖြင့် ကိုထွန်းအံ့နှင့် ကိုဘသော်တို့က အသံမထွက်ဘဲ ကိုမြင့်ညို၏ လက်မောင်းကို နှစ်ယောက် ပြိုင်ဆွဲလိုက်ကြသည်။
    သူတို့မပြမှီကပင် ထိုသဏ္ဍာန်ကို ကိုမြင့်ညိုမြင်ပြီးဖြစ်သည်၊ သုံးယောက်လုံးသည် သူတို့ အကာအကွယ် ယူထားသည့် ကြီးမားသော သစ်ပင်ကြီးအရင်း မြစ်ပျဉ်းကြီးများ အကြေားမှာ ပု နေအောင် ၀ပ်ချ လိုက်ကြသည်။

    ထိုသဏ္ဍာန်သည် သူတို့ရှိရာ ဘက်ကို ကျောခိုင်းထားသည်ကြောင့် မျက်နှာကိုမမြင် ရချေ၊ သို့သော် ကိုယ်လုံးကိုယ်ထည်အချိုးအစားကို ကြည့်ရခြင်းဖြင့် ယောကျာ်းတယောက် အချိုးအစားမျိုး မဟုတ်ဘဲ မိန်းမ တယောက် အချိုးအစားမျိုးဖြစ်နေသည်၊ ဦးခေါင်းထက်မှ ဖြန့်ချထားသော ဆံပင်တွေသည် ဒူးကောက်ကွေး ထိအောင် ရှည်လျားသည် ကို တွေ့ရသည်။
    ကိုမြင့်ညိုက မှန်ပြောင်းဖြင့် ကြည့်သည်၊ ဓာတ်ပုံရိုက်ယူလိုက်သည်၊ သို့သော် နောက်ကျောခိုင်းလျက်ပုံသာဖြစ်သောကြောင့် မျက်နှာလှည့်လာမည်ကို ကင်မရာချိန်လျက် စောင့်နေသည်၊ ကိုမြင့်ညို ၏ ကင်မရာသည် အဝေး၇ိုက်မှန်တပ်ထားသည်ကြောင့် ပေတရာကျော်အကွာမျှကို ပြတ်သား ကြင်လင်စွာ ရိုက်ယူနိုင်သော  အင်အားရှိနေသည်။

    ထိုအခိုက် ထိုသဏ္ဍာန် မျက်နှာမူ ထားရာတူရှုရှိ သစ်ပင်ကြီးဆီမှ ငှက်တကောင်၏ သာယာစွာ မြည်ကြွေး ဟစ်အော်လိုက်သော အသံကို ကြားလိုက်ကြရသည်။ ထိုငှက်အော်သံကို ကြားလိုက်သည်နှင့် တပြိုင်နက် ပန်းပင်ကြီး အောက်မှာ ရပ်နေသော လူသဏ္ဍာန်သည် ကိုမြင့်ညိုတို့ ရှိရာသို့ ချာကနဲ လှည့်ကြည့် လိုက်သည်။
    ဤအခွင့်အရေးမျိုးကို ချောင်းနေသော ကိုမြင့်ညိုက လက်လွတ်မခံဘဲ ချိန်သားကိုက်စွာ ချိန်ထားသော ကင်မရာ ဖြင့် လျင်မြန်စွာ ရိုက်ယူလိုက်သည်။

    ထိုသဏ္ဍာန်သည် သစ်ပင်ကြီးအောက်မှာပုန်းကွယ်နေကြသော ကိုမြင့်ညိုတို့ လူစုကို မြင်သွား လေသလား၊ မမြင်ရဘဲနှင့် သံသယ ဖြစ်သွားလေသလားဆိုသည်ကိုမူ ကိုမြင့်ညိုတို့ သေချာစွာ မပြော နိုင်သော်လဲ ကိုမြင့်ညိုတို့ သုံးယောက်လုံး အံ့အားသင့်သွားစေသော အသံကို ပြုလိုက်သည်၊ ထိုအသံသည် ယခုတင်ကပင် ကိုမြင့်ညိုတို့ ကြားလိုက်ကြရသည့် သာယာသော ငှက်အော်သံ လို အသံမျိုး သစ်ပင်အောက် မှ တွေ့ရသည့် သဏ္ဍာန်က ပြန်လှန်အသံပြု လိုက်ခြင်းပင် ဖြစ်သည်။

    ထိုအခါမှ ကိုမြင့်ညိုတို့ ကြားခ့ကြသည့် ငှက်အော်သံလို အသံသည် တကယ်ငှက်စစ်စစ် မဟုတ်ဘဲ လူစင်စစ် ဖြစ်လေသလား မဖြစ်ဘူးလား ခွဲခြားမရသော ဤထူးဆန်းသည့် သဏ္ဍာန်မျိုးက အချက်ပေးသည့် အသံဖြစ်ကြောင်း စဉ်းစားခါအံ့အားသင့်သွားကြခြင်းဖြစ်သည်။

ပန်းပင်ကြီးအောက်မှာ ရှိနေသော လူလားမျောက်ဝံလား ခွဲခြားမရသော သဏ္ဍာန်သည် ထိုသို့ သာယာသော အသံကို အပြန်အလှန်ပြုလိုက်ပြီးသည်နှင့် တပြိုင်နက် အသံနှင့်အတူ လျှင်မြန်စွာ ပန်းပင်ကြီး အောက်မှ ခုန်လွှားထွက်လိုက်သည်။ ထိုနောက် သူ့ကို အချက်ပေးခဲ့သည့် ငှက်အော်သံလို အသံ ထွက်ပေါ်လာရာ သစ်ပင်အုပ်အုပ် ဆိုင်းဆိုင်းကြီးအောက်သို့ ပြေးဝင် ပျောက်ကွယ်သွားလေသည်။

ထိုသဏ္ဍာန်လှုပ်ရှားမှု အားလုံးကို ကိုမြင့်ညိုသည် မှန်ပြောင်းဖြင့် မျက်ခြေပြတ်မခံဘဲ သေချာစွာ ကြည့်ထား လိုက်သည်။

ဆက်ရန်
.

2 comments:

သဒ္ဓါလှိုင်း said...

မမရွှေစင်
မင်္ဂလာရှိသော နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအပ်သော ဆန္ဒတွေ ပြည့်ဝပါစေ.။

ချစ်တဲ့
ညီမသဒ္ဓါ

Unknown said...

Thanks alot for sharing interesting story!